Home

တူညီသော ချစ်ခြင်းတစ်စုံ

လူတိုင်းလူတိုင်းမှာတော့ စိတ်မကြည်မသာ ဖြစ်တဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်၊ စိတ်ဓာတ်ကျတဲ့အချိန်တွေ၊  ၀မ်းနည်း နာကျင်နေတဲ့အချိန်တွေ တစ်ခါမဟုတ် တစ်ခါတော့ ရှိတတ်ကြမှာဘဲနော်.. အဲဒီအချိန်တွေကို ဘယ်လိုများ ကျော်ဖြတ်ကြပါသလဲ.. လူတစ်ယောက်နဲ့တစ်ယောက် ကျော်ဖြတ်ပုံ၊ ရင်ဆိုင်ကြပုံချင်းတော့ တူကြမယ် မထင်ပါဘူး။ တစ်ချို့ကျတော့ စိတ်ဓာတ်ကျရင် ၀မ်းနည်းနာကျင်ရင် ငိုကြွေးကြတယ်.. အချို့က မိမိမိတ်ဆွေ၊ မိဘဆွေမျိုးတွေဆီ ရင်ဖွင့် ပြောပြကြတယ်.. အချို့ကျတော့လည်း စိတ်ခွန်အားဖြစ်မဲ့စာတွေ၊ စိတ်ကို တည်ငြိမ်စေမဲ့ အဆုံးအမ တရားစာတွေ ဖတ်ကြတယ်.. တရားထိုင်ကြတယ်..  တစ်ချို့ကျတော့ သီချင်းတွေ အော်ဟစ် သီဆို တတ်ကြပါတယ်.. ဒါက တစ်ယောက်နဲ့တစ်ယောက် စိတ်ညစ်နွမ်းချိန်ကို ရင်ဆိုင် ဖြတ်သန်းပုံချင်း မတူညီတာကို ပြောပြချင်တာပါ..
ကျွန်မစိတ်ညစ်ရင်၊ စိတ်မကြည်မသာဖြစ်ရင် အေးချမ်းဆိတ်ငြိမ်တဲ့ ရှုခင်းတွေ တစ်မျှော်တစ်ခေါ်ကြီးကို ငေးမောလို့ရနိုင်မဲ့ ၊ အချိန်အကြာကြီး ကိုယ့်စိတ်အာရုံတွေကို အဆုံးမရှိ လွတ်ပေးလိုက်လို့ရတဲ့ နေရာမျိုးမှာ ထိုင်နေရတာကို သဘောကျ နှစ်သက်မိတယ်.. ဒီအချိန်မှာ ဖုန်းတွေကို ပိတ်ချင်ပိတ်ထားမယ်.. ပြင်ပ အဆက်အသွယ်တွေ အကုန်ဖြတ်တောက်လို့ ကိုယ်မသိ၊ ကိုယ်မရင်းနှီးတဲ့ မျက်စိတစ်ဆုံးမြင်နေရတဲ့ တောင်တန်းကြီးတွေပေါ်ကို ကျော်ဖြတ်ပြီး  အဝေးဆုံးထိ စိတ်ကို ဖြန့်ကျက်လို့ ခရီးနှင်ရတာက ကျွန်မရဲ့ စိတ်အာရုံကို ပြန်လည် လန်းဆန်းလာအောင်၊ စိတ်တွေ ပြန်လည်တည်ငြိမ်လာအောင်  ကုစားတဲ့နည်းတစ်မျိုးပါဘဲ.. အဲဒီချိန်မျိုးမှာ အိမ်ထဲမှာ နေနေတာထက်စာရင် အိမ်ပြင်ပကိုထွက်ပြီး လန်းဆန်း သန့်စင်တဲ့ လေပြေရဲ့ အပွေ့အဖက်ကို ခံယူလို့ ကြည်လင်လှပတဲ့ ရှုခင်းလေးတွေကို ကြည့်လိုက်ပြီ ဆိုရင် ကိုယ့်မှာ ရှိနေတဲ့ သောကစိတ်တွေ အနည်းနဲ့အများတော့ အေးချမ်းသွားတတ်ပါတယ်..

ဒီညနေလဲ တစ်စုံတစ်ရာသော အကြောင်းကြောင့် နောက်ကျိညစ်နွမ်းနေတဲ့၊ ၀မ်းနည်းပင်ပန်းနေတဲ့ စိတ်အာရုံတွေကို ဆေးကြောဖို့ ကျွန်မထိုင်နေကျ နေရာလေးတစ်ခုဖြစ်တဲ့ မြစ်ဆိပ်ကမ်းဘေးက တာရိုးလေးကို ထွက်လာခဲ့မိပါတယ်.. တာရိုးလေးက မြစ်ရေမကျော်အောင် မြေဖို့ထားတဲ့ နေရာပေမဲ့ ကားသွားလို့ရတဲ့ အထိ လမ်းအကျယ်ရှိပြီးတော့ တာရိုးတစ်လျှောက်ကိုလည်း အုတ်တံတိုင်း ကာထားပါတယ်.. အုတ်တံတိုင်းဆိုပေမဲ့လို့ အလုံပိတ်တံတိုင်းမျိုး မဟုတ်ဘဲ အကွက်ကျဲကျဲ ကာထားတဲ့ အရံအတားသဘောမျိုးပါဘဲ.. တံတိုင်းနဲ့ကပ်ရပ်မှာ ထိုင်စရာ ကွန်ကရိ ခုံကလေးများ ခပ်ကျဲကျဲ ရှိနေပြီး တာရိုးပေါ်က လမ်းကလေးကတော့ ကတ္တရာ ခင်းထားတဲ့ လမ်းကလေးလဲ ဖြစ်ပါတယ်..  အရိပ်ရ အပင်တွေကို အရွယ်ညီညီ စီရီလှပစွာ လမ်းဘေးဝဲယာ စိုက်ပျိုးထားပါတယ်.. သစ်ရွက်စိမ်းတို့ရဲ့ ရနံ့ကလည်း စိတ်ကိုလတ်ဆတ် ကြည်မြစေနိုင်တယ် မဟုတ်ပါလား…  တာရိုးအောက်ကို ဆင်းလိုက်တာနဲ့ စိမ်းလန်းစိုပြေနေတဲ့ မြက်ခင်းပြင်ကျယ်ကြီးနဲ့အတူ ပြုပြင်ထားတဲ့ အရွယ်မျိုးစုံ၊ အပင်မျိုးစုံတို့ကို စံနစ်တကျ စိုက်ပျိုးထိန်းသိမ်းထားတဲ့ အပန်းဖြေစရာနေရာ ရှိပါတယ်.. ပန်းခြံလို့ခေါ်ချင်ပေမဲ့ အပွင့်ပွင့်တဲ့ ပန်းပင်ဆိုလို့ စက္ကူပန်းပင်ကလွဲလို့ ကျန်တာအားလုံးက စိမ်းစိမ်းစိုစို အရွက်ဖားဖား အပင်ကြီး၊ အပင်လတ်တွေ ဖြစ်တာကြောင့် ပန်းခြံလို့လဲ ခေါ်ဖို့ခက်ပါတယ်.. မြို့နေလူထု အပန်းဖြေနားနေစရာ ဆိုတာကမှ ပိုပြီး လိုက်ဖက်ပါတယ်..

အဲဒီနေရာမှာတော့ သစ်ပင်ကြီးတွေရဲ့အောက်မှာ သဘာဝ ကျောက်တုံးကြီးတွေနဲ့ ပြုလုပ်ထားတဲ့စားပွဲကြီးတွေ၊ လူတွေထိုင်စရာ ကျောက်ခုံတွေ ရှိပါတယ်.. နေ့ခင်း နေ့လည်ဆိုရင် အနားယူသူများ၊ မင်္ဂလာဆောင် အလှဓာတ်ပုံရိုက်ကြသူများ၊ ပျော်ပွဲစားထွက်သူများ ရှိနေတတ်ပြီး ညနေခင်းဆိုရင်တော့ လမ်းလျှောက်လာသူများ၊ ကားနဲ့လာပြီး မိသားစုလိုက် အပန်းဖြေ လေကောင်း လေသန့် ရှုကြသူများနဲ့ မြက်ခင်းပြင်ကြီးမှာရော တာရိုးတစ်လျှောက်မှာပါ စည်ကားလှပါတယ်.. အစားအသောက်ရောင်းချတဲ့ ဆိုင်ကလေးများလည်း ရှိနေတာကြောင့် အပန်းဖြေလာသူများအတွက် အဆင်ပြေလှပါတယ်. ကျွန်မကတော့ မြစ်ပြင်ကို ဖြတ်သန်းပြီး တိုက်ခတ်လာတတ်တဲ့ လေပြေနုနု အေးအေး လေးတွေရယ် ဟိုးအဝေးမှာ အဆုံးမရှိ မြင်နေရတဲ့ တောင်ပြာတန်းကြီးတွေရဲ့ ညှို့ယူဆွဲဆောင်နိုင်လွန်းတဲ့ အလှအပရယ်ကြောင့် ဒီနေရာလေးကို သဘောကျမိတာပါဘဲ.. တွေးချင်တိုင်းတွေး၊ ငေးချင်တိုင်းငေးလို့ ကောင်းတဲ့ နေရာလေးတစ်ခုဘဲ မဟုတ်လား။ခုလဲ တံတိုင်းနားက ထိုင်ခုံတစ်ခုပေါ်ထိုင်ပြီး ဟိုးဝေးဝေးက ဆင့်ကာဆင့်ကာ စီရီလှပစွာ ရှိနေတဲ့ ပြာရီမှိုင်းမှိုင်း တောင်တံတိုင်းတွေကို ကျော်ဖြတ်လို့ ကျွန်မရဲ့စိတ်တွေ ရွက်လွှင့်ချင်တိုင်း လွှင့်သွားနေတဲ့အချိန်မှာ အနီးနားမှာ ကပ်ပြီး ပေါ်လာတဲ့ အသံတစ်ခုကြောင့် စိတ်နဲ့ကိုယ် ပြန်တွဲမိရက်သား ဖြစ်သွားပါတယ်.. ဒီလို စိတ်တွေ ရွက်လွှင့်သွားလိုက်မိတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ သတိမထားလိုက်မိပေမဲ့ မြစ်ပြင်က လေအေးကြောင့် အင်္ကျီလက်တိုဝတ်ထားတဲ့ လက်တစ်လျှောက်လုံးတော့ အေးစက်နေခဲ့ပါပြီ။ အသံကြားရာကို လှည့်ကြည့်လိုက်တော့ လမ်းလျှောက်နေကြတဲ့ အသက် ၇၀ကျော် ၈၀နီးပါး အဖိုးအဖွားစုံတွဲတစ်တွဲ။ အဖိုးအိုက တောင်ဝှေးလေးကို တစ်ဘက်က ကိုင်ထားရင်း လက်တစ်ဘက်က အဖွားအိုရဲ့ လက်ကလေးတွေကို ဖေးမတွဲကူလို့.. အဖွားအိုရဲ့ လက်တွေကလဲ အဖိုးရဲ့ လက်ပေါ်မှာ မြဲမြံခိုင်မာလို့.. ကြည့်ရတာနဲ့တင် ကြည်နူးစရာ ကောင်းနေပြီ.. ကြားလိုက်ရတဲ့ အဖိုးအိုရဲ့ အကြင်နာမေတ္တာအပြည့်နဲ့ အသံကရော ကျွန်မအာရုံတွေကို ဆွဲယူသွားခဲ့တာဘဲမဟုတ်လား.. အဖိုးအိုက အဖွားကို ပြောတဲ့စကားက “အဖွားကြီးရေ.. မောနေပြီလား.. ဖြေးဖြေးလျှောက်နော်.. ထိုင်စရာနေရာ တွေ့ရင် ခနလောက်နားရအောင်.. ရေရော ဆာနေပြီလား.. ထိုင်မဲ့နေရာကျရင် အိတ်ထဲက ရေတိုက်မယ်နော်” တဲ့.. အဖွားကို ကြည့်ရတာ အနည်းငယ်တော့ မောပန်းနေပုံရပါတယ်..
တာရိုးတစ်လျှောက် ကျွန်မကြည့်လိုက်တော့ လူတွေက အတော်များနေတယ်.. ပြီးတော့ ထိုင်ဖို့လုပ်ပေးထားတဲ့ ခုံတွေကလဲ နေရာလွတ်မကျန်တော့အောင် လူတွေအပြည့် ရှိနေပါတယ်.. အထူးသဖြင့်တော့ ငယ်ငယ်ရွယ်ရွယ် စုံတွဲကလေးတွေက ပိုမိုများပြားပါတယ်.. ဒီတော့ မနေနိုင်တဲ့ကျွန်မက ကိုယ်လက်ရှိ ထိုင်နေတဲ့ ကွန်ကရိခုံကလေးကနေ ထလိုက်ပြီး “အဖိုးနဲ့အဖွား ဒီမှာ ခနလောက်နားပါလား.. ကျွန်မ ဒီဘေးက အုတ်တံတိုင်းပေါ် ထိုင်လိုက်မယ်လေ” လို့ ဖိတ်ခေါ်လိုက်ပါတယ်.. အုတ်တံတိုင်းရဲ့ အမြင့်က ခါးလောက်ရှိတာမို့ အဖိုးအဖွားတို့အတွက် အဆင်မပြေနိုင်ပေမဲ့ ကျွန်မအတွက်တော့ ထိုင်လို့ အဆင်ပြေတာကြောင့် ခုံနေရာလေး ဖယ်ပေးပြီး အနီးနားက အုတ်တံတိုင်းပေါ် တက်ထိုင်လိုက်ပါတယ်..

ခုံကလေးပေါ် ထိုင်လိုက်တဲ့ အဖိုးအဖွားတို့ကိုကြည့်ရင်း ဘာရယ်မသိတဲ့ ခံစားချက်လေးတွေနဲ့ စိတ်ဝင်တစား ငေးကြည့်နေမိပါတယ်.. အဖိုးအိုက သူလွယ်လာတဲ့ အိတ်ကလေးထဲက ရေဘူးလေးတစ်ခုကို ထုတ်လိုက်ပြီး အဖွားကို တိုက်ပါတယ်.. ဒါပေမဲ့ အဖွားက ငြင်းလိုက်ပြီး အဖိုးကို အရင်သောက်ပါလို့ ပြောလိုက်တော့ အဖိုးအိုက ခပ်ပြုံးပြုံးလေးနဲ့ ရေကို မော့သောက်လိုက်ပြီး အဖွားဘက်ကို ပြန်ပေးလိုက်တော့မှ အဖွားအိုက ရေကို ဖြေးဖြေးလေး မော့သောက်ပါတယ်.. အဖွားရေသောက်နေတုန်းမှာ အဖိုးအိုက အိတ်ထဲက နောက်ထပ် ပစ္စည်းလေးတစ်ခုကို ဆွဲထုတ်လိုက်ပြန်တယ်.. သူ့လက်ထဲ ပါလာတာက လက်ကိုင်ပုဝါလေး တစ်ထည်.. အဲဒီလက်ကိုင်ပုဝါလေးနဲ့ ချွေးစို့နေတဲ့ အဖွားရဲ့ နဖူးနဲ့ လည်ပင်းတို့ကို သာသာဖွဖွလေး သုတ်ပေးနေပါတယ်.. အိုး သိပ်ကို ရိုမန်တစ်ဆန်လှတဲ့ ကြည်နူးဖွယ် မြင်ကွင်းကလေးပါဘဲလား..အဖိုးကိုကြည့်ရတာ သူ့အပြုအမူတွေအတွက် ရှက်ကိုးရှက်ကန်းဖြစ်ဟန် ဘာမှ မတွေ့ရသလို ဒီလိုလုပ်ပေးနေတာဟာလည်း သူ့အတွက် ဘာမှမထူးဆန်းသလို အမြဲလုပ်နေကျ အလုပ်တစ်ခုကို လုပ်နေတဲ့ပုံစံမျိုးနဲ့..  သက်တောင့်သက်သာ စေတနာ မေတ္တာအပြည့်နဲ့ပါဘဲ.. အဖွားအိုကရော.. သူ့မျက်နှာပေါ်လည်း အဖိုးကို ချစ်ခင်မြတ်နိုးခြင်း၊ အားကိုးယုံကြည်ခြင်းတွေအပြည့်နဲ့ အဖိုးခုလို လုပ်ပေးနေတာကို ကြည်နူးနှစ်သက်နေတဲ့ အပြုံးကလေးနဲ့အတူ မျက်နှာလေးက အသက်အရွယ်ကြောင့် အိုမင်းရင့်ရော်နေပေမဲ့လို့ ချစ်ခြင်း မေတ္တာရဲ့ ရောင်ပြန်ဟပ်မှုကြောင့် ရွှန်းစိုလင်းလက်လို့ပါဘဲ…

ရေသောက်ပြီး ရေဘူးလေးကို အဖိုးကိုပြန်ပေးလိုက်တဲ့ အဖွားဟာ လက်ကိုင်ပုဝါကို ပြန်ဆွဲယူလို့ အဖိုးအိုကို ယုယကြင်နာစွာနဲ့ တစ်လှည့် ပြန်သုတ်ပေးနေပါတယ်.. ပြီးသွားတော့မှ တစ်ယောက်တည်းထိုင်နေတဲ့ ကျွန်မဘက်ကို လှည့်ကြည့်ပြီး “သမီးက တစ်ယောက်တည်းလား.. အဖော်မပါဘူးလား” လို့ မေးလာပါတယ်.. ကျွန်မလဲ “အဖိုးနဲ့အဖွားတို့လို ပျော်စရာအဖော် မရှိဘူးလေ” လို့ ရယ်ရွှင်ပြပြနဲ့ နောက်တောက်တောက်လေး ပြန်ဖြေလိုက်ပါတယ်.. သူတို့ ၂ယောက်ကို ကြည့်ပြီး ကျွန်မရဲ့ စိတ်ထဲမှာ ရင်းရင်းနှီးနှီးကို ခံစားနေမိပြီး ရွှင်ရွှင်မြူးမြူးလေး ဖြစ်နေခဲ့တာကြောင့်ပါ။ အဖိုးအဖွားတို့က ကျွန်မရဲ့စကားကို ခပ်ဟက်ဟက်လေး ရယ်မော လိုက်ကြပါတယ်.. အဖိုးနဲ့အဖွားကို စိတ်ထဲကနေ မေးခွန်းလေးတွေ မေးကြည့်ချင်လာတာကြောင့် စကားစလိုက်မိပါပြီ..

“အဖွားတို့ကို ကြည့်ရတာ အရမ်းကြည်နူးစရာ၊ အားကျစရာကောင်းတယ်နော်..  အိမ်ထောင်သက် ဘယ်လောက်ကြာပြီလဲဟင်”

ကျွန်မရဲ့အမေးကို အဖွားက ပြုံးပြုံးကလေးနဲ့ “အဖွားတို့က ငယ်လင်ငယ်မယားတွေ သမီးရဲ့ .. အဖွား ၁၆နှစ် သမီးရဲ့အဖိုး အသက် ၂၀မှာ အိမ်ထောင်ကျတာ ဆိုတော့ အခု အဖွားက ၇၆၊ အင်း နှစ် ၆၀ရှိပြီပေါ့သမီးရယ်.. ” လို့ပြန်ဖြေပါတယ်..

“သားသမီးတွေရော ဘယ်နှယောက်ရှိလဲ” လို့မေးတော့ “သား၂ယောက် သမီး၎ယောက်ရှိတယ် သမီးရေ.. အားလုံး အိမ်ထောင်ကျလို့ အဖွားတို့မှာ မြေးတွေချည်း ၂၀ကျော်နေပြီ… အဲ မြစ်တွေတောင် တစ်ချို့အိမ်ထောင်ကျသူ ကျနေပြီလေ” လို့ပြန်ပြောပါတယ်.. အဖွားရဲ့အသံက အရမ်းကို နုညံ့ သိမ်မွေ့တာပါဘဲ.. လေသံလေးကလဲ ချိုချိုအေးအေးလေးနဲ့ .. ကြည့်ရတာ သူ့တစ်သက်မှာ ကြမ်းကြမ်းတမ်းတမ်း စကားတို့ကိုပင် ဆိုခဲ့ဖူးပုံမပေါ်ပါ..

“အဖွားတို့ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခင်ကြတာဘဲနော်.. အဖွားတို့အိမ်ထောင်သက်မှာ ရန်တစ်ခါမှ မဖြစ်ဖူးဘူးလား” လို့ မေးမိတော့ အဖိုးက ပြန်ဖြေပါတယ်.. “သူက စိတ်သဘောအရမ်းနုညံ့တယ် သမီးရဲ့.. အဖိုးကတော့ စိတ်နည်းနည်းဆတ်တယ်.. ဒါပေမဲ့ အဖိုးစိတ်ဆိုးမယ်ပြင်ရင် သူက အရင်အလျှော့ပေးလိုက်တော့ ဘယ်တော့မှ ရန်ဖြစ်စကားများတဲ့အဆင့်ကို မရောက်ပါဘူးကွယ်… ”

“သူကလဲ အဖွားအပေါ် ညှာတာတာကိုးသမီးရဲ့.. အဖွားကို စကားကြမ်းကြမ်းတောင် မပြောခဲ့ဖူးတော့ ရန်ဖြစ်တယ်ဆိုတာလည်း ဘယ်ရှိတော့မှာလဲ.. အဓိက ကတော့ နားလည်မှုပေါ့သမီးရယ်.. အဖိုးက အဖွားအပေါ် အမြဲတမ်း နားလည်မှုပေးခဲ့တယ်.. အိမ်ထောင်ဦးစီး ယောက်ျားကောင်းပီသစွာနဲ့ အဖွားကို ဖေးဖေးမမ ကြင်ကြင်နာနာ ရှိတယ်.. အဖွားတို့ မိန်းမတွေရဲ့ စိတ်က ကိုယ့်ယောက်ျားကို အားကိုးတွယ်တာ တတ်တဲ့ စိတ်မျိုးရှိတယ်လေ.. ယောက်ျားလုပ်သူက ကောင်းနေရင် မိန်းမတွေကလဲ အိမ်ထောင်ရှင်မ ကောင်း ပီသဖို့ ဘယ်ဝန်လေးတော့မလဲ သမီးရယ်…  ကိုယ်ချစ်လို့ ထူထောင်ထားတဲ့အိမ်ထောင်ရေးကို တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ ရိုးမြေကျတဲ့အထိ ဖြတ်သန်းချင်တာလေ.. သမီးအဖိုးကလဲ ဒီလိုစိတ်မျိုးဘဲရှိပါတယ်.. ဒီတော့ အဖွားတို့က မချမ်းသာပေမဲ့ ဘ၀ကို နားလည်မှုလေးတွေနဲ့ တည်ဆောက်ကြတော့ စိတ်အေးချမ်းတယ် သမီးရဲ့”  အဖွားရဲ့ လေသံအေးအေးလေးက သူ့ရဲ့စိတ်လေးလိုပါဘဲ အေးချမ်းလိုက်တာနော်… သူတို့ပြောတဲ့စကားတွေဟာ အမှန်ဖြစ်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိလောက်အောင် ကျွန်မရင်ထဲက ယုံကြည်မိပါတယ်.. သူတို့ရဲ့ စိတ်သဏ္ဍာန်တွေက  သူတို့ရဲ့ အပြုအမူ ပေါ်မှာတင်မက မျက်နှာပေါ်မှာပါ ဖော်ပြနေသားဘဲလေ..

“အဖွားတို့အိမ်ထောင်ရေးက သိပ်စိတ်ချမ်းသာစရာ ကောင်းတာဘဲနော် .. အားကျဖို့ကောင်းလိုက်တာ.. အဖိုးရဲ့ နားလည်မှုကို ရထားတဲ့ အဖွားက ကံကောင်းသလို အလျှော့ပေးတတ်တဲ့ အဖွားကို ရတာလဲ အဖိုး ကံကောင်းတာပါဘဲနော်.. ”

ကျွန်မက ပြောလိုက်တော့ အဖွားက ကျွန်မကို ရင်းနှီးခင်မင်စိတ်ကြောင့် ထင်ပါရဲ့.. မေးခွန်းလေးတစ်ခု ပြန်မေးပါတယ်..  “ဒီလိုဆို သမီးကရော သမီးရရှိထားတဲ့အချစ်က ဘယ်လိုအချစ်မျိုးလဲ.. နားလည်မှုပေးတဲ့အချစ်လား.. အလျှော့ပေးတဲ့ အချစ်မျိုးလား၊ အဲဒီအချစ်မှာ သမီးကိုယ်တိုင်ကရော စိတ်ချမ်းမြေ့မှု ရရဲ့လား” တဲ့

ကျွန်မကသာ မေးခွန်းတွေ တောက်လျှောက်မေးလာခဲ့ပေမဲ့ ပြန်မေးလိုက်တဲ့ အဖွားရဲ့ မေးခွန်းမှာ ကျွန်မနှုတ်တွေ ဆွံ့အလို့သွားခဲ့ပါတယ်.. ပြန်ဖြေစရာစကား ရှာမရတာနဲ့ဘဲ  ခပ်ပြုံးပြုံးလေးသာ လုပ်နေလိုက်မိပါတော့တယ်… စိတ်ထဲက တီးတိုးလေး ပြောနေမိတာက  “သမီးလဲ အဖွားလို ကံကောင်းချင်ပါတယ်.. အချစ်မှာ သာယာချမ်းမြေ့ချင်တာပါဘဲ အဖွားရယ်..  ဒါပေမဲ့…….”

“ကဲ… သမီးရေ.. မမှောင်ခင် အဖိုးတို့ ပြန်လိုက်ဦးမယ်.. ညနေတိုင်း အဖိုးတို့က လမ်းလာလာလျှောက်တယ်လေ.. ဟိုးနားလေးက အိမ်မှာနေတယ်သမီးရေ. ရောက်ရင် ၀င်လာလည်နော်.. သမီးအဖွားက ခုချိန်ထိ အဖိုးကို ဟင်းချက်ကျွေးတုန်း.. သူက ဟင်းချက်သိပ်ကောင်းတာသမီးရဲ့… လာလည်ရင် သမီးကို အဖွားလက်ရာနဲ့ ထမင်းကျွေးမယ်နော်.. ”

အဖိုးက ပြောပြောဆိုဆို တောင်ဝှေးကိုကောက်လို့ အရင်ထလိုက်ပြီး  လက်ကလေး ကမ်းလိုက်ကာ အဖွားထနိုင်အောင် ကြင်ကြင်နာနာလေး တွဲထူလိုက်ပါတယ်.. အတွဲခံရတဲ့အဖွားရဲ့ လက်ကလေးတွေကလည်း အဖိုးရဲ့ လက်တွေကို အားကိုးတကြီး ဆုပ်ကိုင်လို့..

“သမီးလဲ တစ်ယောက်တည်း ဆိုတော့ မမှောင်ခင်ပြန်နော်.. အကြာကြီးမထိုင်နဲ့ မြစ်ပြင်ကလာတဲ့လေက အေးတော့ အအေးမိမယ်.. ဒီဘက်ရောက်ဖြစ်ရင် အဖွားတို့ဆီလဲ လာလည်နော်” လို့ အသံအေးအေးလေးနဲ့ အဖွားက သံယောဇဉ်ကြီးတတ်စွာ ၀င်ပြောလိုက်ပါတယ်..

တစ်ယောက်လက် တစ်ယောက်တွဲပြီး တစ်ရွေ့ရွေ့ ဝေးကွာသွားတဲ့ အဖိုးနဲ့ အဖွားကိုကြည့်ပြီး ခံစားချက်တစ်မျိုးကြောင့် မျက်ရည်စတစ်ချို့ မျက်ဝန်း အိမ်မှာ ရစ်ဝဲ လာမိပါတယ်.. ကြည်နူးမှုကြောင့် ကျတဲ့မျက်ရည်လား.. ဘာအတွက်ကြောင့် ကျတဲ့ မျက်ရည်လဲ ဆိုတာကိုတော့ ကျွန်မကိုယ်တိုင်တောင် ဝေခွဲဖို့ ခက်လှပေမဲ့ နားလည်စာနာမှု၊ အလျှော့ပေးသိတတ်မှု၊ ချစ်ခင်ကြင်နာမှု စသည်တို့ဖြင့် ယှက်ဖွဲ့ထားတဲ့ အဖိုးအိုနဲ့ အဖွားအိုတို့ရဲ့ လေးစား အားကျဖွယ် တူညီသော ချစ်ခြင်း မျိုးကိုတော့ လိုချင် မက်မော လှပါတယ်လေ။ အချစ်ဆိုတာ တစ်ဦးနဲ့တစ်ဦး စာနာနားလည်မှု၊ ဖေးမကူညီမှု၊ မြတ်နိုးတွယ်တာမှု၊ လေးစား ချစ်ခင်မှုတွေနဲ့ တည်ဆောက် ထားမယ်ဆိုရင် သာယာလှပလို့ ပျော်ရွှင်ချမ်းမြေ့ဖွယ် ချစ်ခြင်းတစ်စုံ ဖြစ်လာမှာတော့ သေချာသားဘဲ မဟုတ်ပါလားနော်။

ကွာရှင်းပြတ်စဲခြင်း

 ထမင်းစားခန်းမှာ ညစာပြင်ဆင်နေတဲ့ ကေသီကိုကြည့်ပြီး ကျွန်တော့်ရဲ့ စိတ်အစဉ်က ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်တာကာလရဲ့ တစ်ခုသော နေ့လေးတစ်နေ့ကို ပြန်တွေးတော သတိရလိုက်မိပါတယ်..  အဲဒီနေ့က ကျွန်တော့်တို့၂ယောက်ရဲ့ မင်္ဂလာဦးနေ့။ကျွန်တော်နဲ့ ကေသီကို သယ်ဆောင်လာတဲ့ မင်္ဂလာကားဟာ ကျွန်တော်တို့ ၂ယောက်နေထိုင်မဲ့ တစ်ထပ်တိုက်ပုလေးရှေ့မှာ ရပ်လိုက်တယ်ဆိုရင်ဘဲ ကျွန်တော်ဟာ ကေသီကို ကျွန်တော့်လက်တွေနဲ့ ပွေ့ချီပြီး ခြံဝင်းကလေးကနေ အိမ်ထဲကို ၀င်လာခဲ့ပါတယ်.. အဲဒီချိန်တုန်းက ကေသီရဲ့ မျက်နှာဟာ ကြည်နူးတဲ့ အလှဆုံးအပြုံးလေးနဲ့အတူ ရှက်သွေးတွေဖြာလို့ သိပ်ကို ချစ်စရာကောင်းနေခဲ့တယ်.. ကျွန်တော်ဟာလည်း ကမ္ဘာမှာ အပျော်ဆုံး သတို့သားတစ်ယောက် ဖြစ်ခဲ့တာပါဘဲ။အဲဒီနေ့တွေဟာ ကျွန်တော်တို့အတွက် မမေ့နိုင်အောင် ပျော်ဖို့ကောင်းတဲ့ ကြည်နူးဖွယ်ရက်စွဲတွေ ဖြစ်ခဲ့ပါတယ်.. ကျွန်တော်တို့ အိမ်ထောင်ရေးဟာလည်း သန့်စင်ကြည်လင်နေတဲ့ ရေခွက်ထဲက ရေလိုပါဘဲ.. ကြည်ကြည်လင်လင်နဲ့ စိတ်ချမ်းသာဖို့ သိပ်ကောင်းပြီး တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာနဲ့ ချစ်ချစ်ခင်ခင် ရှိခဲ့ကြပါတယ်..  သူငယ်ချင်းတွေကြားမှာ အားကျစရာ အိမ်ထောင်လေးတစ်ခုကို ကျွန်တော်တို့ တည်ဆောက်နိုင်ခဲ့ကြတယ်..  အိမ်ထောင်သက် ၂နှစ်လောက်အကြာ သားတစ်ယောက် ရလာပြီးနောက်မှာတော့ ကျွန်တော့် စီးပွားရေးလုပ်ငန်းတွေ အောင်မြင်လာခဲ့တယ်.. ပိုင်ဆိုင်မှုတွေ တစ်ဖြေးဖြေး တိုးပွားလာသလို အလုပ်တွေလဲ များလာတယ်.. ကေသီကလည်း ရုံးတစ်ရုံးမှာ ၀န်ထမ်းဆိုတော့ မနက်တိုင်း အလုပ်သွားတာ ညနေမှ ပြန်ရောက်နိုင်တယ်.. ကျွန်တော်တို့ ၂ယောက်လုံး အိမ်ကနေ အတူတူထွက်ဖြစ်ကြပေမဲ့ အလုပ်ရှိရာအရပ်က တစ်ယောက်တစ်လမ်းစီမို့ ကေသီက ဘတ်စ်ကား စောင့်စီးပြီး ကျွန်တော်ကတော့ ကိုယ့်ကားနဲ့ကိုယ် ကုမ္ပဏီကို ထွက်သွားတတ်ပါတယ်။ကျွန်တော်တို့ သားလေးကိုတော့ သူ့ပညာရေးအတွက် မြို့ကြီးပေါ်က ဘော်ဒါတစ်ခုမှာ ကျောင်းအိပ်ကျောင်းစား သွားထားထားတဲ့အတွက် အိမ်မှာ မရှိပါဘူး..  ညနေဆို ကေသီက အိမ်ပြန်ရောက်တာ ပုံမှန်အချိန်ဖြစ်ပေမဲ့ အလုပ်များလွန်းတဲ့ ကျွန်တော့်အတွက်က ပုံမှန်အချိန်တိုင်း အိမ်ပြန်နိုင်ဖို့ မလွယ်တော့ဘူး။ လုပ်ငန်း အောင်မြင်လာတာနဲ့အမျှ အိမ်အတွက် အချိန်မပေးနိုင်တော့ဘဲ စီးပွားရေးမိတ်ဆွေတွေနဲ့ ဒင်နာသွားစားရတာတွေ၊ ဧည့်ခံ့ပွဲသွားရတာတွေနဲ့ တဖြေးဖြေး အိမ်ပြန်ချိန်ဟာ နောက်ကျကျလာတယ်.. ကေသီနဲ့ ကျွန်တော်တို့ မျက်နှာချင်းဆိုင် ဆုံတွေ့ချိန် နည်းလာတယ်.. ဒီလိုနဲ့ အိမ်ထောင်သက်တမ်း ကြာလာလေ ကျွန်တော်တို့ ၂ယောက်ကြားထဲက နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ကြင်နာမှုတွေဟာ ဒီရေကျသလို တစ်ဖြေးဖြေး ကျဆင်းလာတယ်.. အားကျစရာဖြစ်ခဲ့တဲ့ ကျွန်တော်တို့ ၂ယောက်ရဲ့ ချစ်ခြင်းဟာ  အေးစက်လာခဲ့တော့တယ်.. အိမ်ပြန်ချိန်နောက်ကျတတ်တဲ့ ကျွန်တော့်ကို ကေသီက ထူးထူးခြားခြား ဘာမှမေးလေ့မရှိဘဲ ဘာသိဘာသာ နေတတ်တယ်.. ကေသီက ကျွန်တော့်ကို ယုံကြည်လွန်းတာဘဲလား.. ဥပက္ခာပြုထားတာဘဲလား  သွေးအေးလွန်းတာဘဲလား ကျွန်တော် သေချာ မခန့်မှန်းနိုင်ခဲ့ဘူး။ ကေသီ ကျွန်တော့်ကို မချစ်တော့ဘူး ထင်ပါတယ်။
ဒီလိုနဲ့ ကျွန်တော်တို့၂ယောက်ရဲ့ အချစ်တွေ အေးခဲသွားချိန်မှာ ကျွန်တော့်ဘ၀ထဲကို ဂျူလီ ၀င်ရောက်လာခဲ့တယ်.. ဂျူလီဟာ တည်ငြိမ်နေတဲ့ ကျွန်တော့်ရဲ့ အိမ်ထောင်သည်ဘ၀ကို ယိမ်းယိုင်သွားဖို့ အစပျိုးလာပါတော့တယ်… ချစ်စရာကောင်းပြီး ငယ်ရွယ်ချောမောတဲ့ ဂျူလီဟာ ကုမ္ပဏီမှာ အလုပ်လုပ်ရင်း ကျွန်တော်နဲ့ သံယောဇဉ်ကြိုး သွယ်မိခဲ့ကြတာပါ။   ကေသီနဲ့ဆို အေးစက်ပြီးရင်ခုန်ဖို့ မေ့လျော့နေခဲ့တဲ့ ကျွန်တော့် နှလုံးသားဟာ ဂျူလီရဲ့ အချစ်ကြောင့် တစ်ဖန်ပြန်လည်ပြီး ရင်ခုန်တတ်ခဲ့ပါပြီ..  အချစ်ဆိုတာကို ပြန်ပြီး ခံစားတတ်လာပါတယ်။ ဂျူလီကလည်း သိပ်ကို ကြင်နာတတ်သလို၊ အယုအယကလဲ သိပ်ကောင်းပါတယ်.. စကားကိုလဲ ချိုအီနေအောင် ပြောတတ်တော့ ကျွန်တော့်စိတ်အာရုံအားလုံး ဂျူလီ့အပေါ် ပုံကျသွားခဲ့တာပါဘဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


တစ်ရက်မှာ တိုက်ခန်းက ၀ရံတာလေးမှာ ထွက်ရပ်ပြီး ကျွန်တော် အတွေးနက်နေတုန်း ဂျူလီက ကျွန်တော့်ရဲ့ အနောက်ကနေ သိုင်းဖက်လိုက်ပါတယ်..  ဒီတိုက်ခန်းဟာ ဂျူလီအတွက် ကျွန်တော် ၀ယ်ထားပေးတဲ့တိုက်ခန်းပါ။ ဂျူလီက “ကိုက အရမ်းချောတာဘဲ.. မိန်းခလေးတစ်ယောက်ရဲ့ နှလုံးသားကို ကောင်းကောင်းကြီး ဆွဲဆောင်ထားနိုင်စွမ်း ရှိတဲ့သူဘဲနော်.. ဒါကြောင့်လဲ ဂျူလီက ကို့ကို သိပ်ချစ်မိတာပေါ့”  လို့ တိုးတိုးလေးနဲ့ ကပ်ချွဲပြီးပြောလိုက်တော့ သူ့ရဲ့ စကားလုံးတွေက ကျွန်တော့်ဇနီး ကေသီကို ရုတ်တရက် အမှတ်ရသွားစေခဲ့ပါတယ်..  ကေသီနဲ့ကျွန်တော် အိမ်ထောင်ဦးကာလတုန်းကလည်း ကေသီက ကျွန်တော့်ကို “ မောင်ဟာ မိန်းခလေးတွေအတွက် အတော့်ကို ဆွဲဆောင်အားကောင်းတဲ့သူ.. ကေသီတော့ စိတ်မချ ဖြစ်နေရဦးတော့မယ်”  လို့ ပြောခဲ့ဖူးပါတယ်.. ဒီစကားကို ပြန်သတိရမိတော့ ကေသီကို သစ္စာဖောက်မိတာ နောင်တရမိသလို ဖြစ်သွားရပါတယ်.. ဒါပေမဲ့ အေးစက်နေတဲ့ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးဟာ ပြန်လည်နွေးထွေးလာဖို့လဲ မျှော်လင့်ချက် မရှိတော့ပါဘူး… ကျွန်တော်ကိုယ်တိုင်လည်း ငယ်ရွယ်လှပပြီး တီတီတာတာ ပြောတတ်တဲ့ ဂျူလီကို ချစ်နေမိပြီပဲလေ။ကျွန်တော် ဂျူလီနဲ့ မျက်နှာခြင်းဆိုင် ရပ်လိုက်ပြီး “ဂျူလီ.. တိုက်ခန်းအတွက် လိုအပ်တဲ့ ပရိဘောဂတွေ သွားဝယ်မယ်ဆို.. သွားလေ.. ကိုယ် အလုပ်ရှိသေးလို့ ကုမ္ပဏီကို ပြန်သွားလိုက်ဦးမယ်..”  ကျွန်တော့် စကားကို ကြားတော့ ဂျူလီရဲ့ မျက်နှာ ညှိုးသွားပါတယ်.. ပရိဘောဂဆိုင်ကို ကျွန်တော်တို့၂ယောက် အတူ သွားကြမယ်လို့ သူ့ကို ကတိပေးထားခဲ့တာကြောင့် ၂ယောက် အတူတူ သွားလိမ့်မယ်လို့ ဂျူလီက မျှော်လင့်ထားတာပါ။ မကြာခင်မှာ ကေသီ့ကို ကျွန်တော်နဲ့ ဂျူလီအကြောင်း ဖွင့်ပြောပြီး တရားဝင် ကွာရှင်းမယ်.. ပြီးရင် ဂျူလီနဲ့အတူတူ နေကြမယ် ဆိုပြီး ကျွန်တော်တို့ စီစဉ်ထားခဲ့ကြပေမဲ့ ခက်နေတာက တကယ်တမ်း ကျွန်တော် ကေသီကို ကွာရှင်းစကား စပြောဖို့ဆိုတာ ခက်ခဲလွန်းလှပါတယ်.. ဘယ်လောက်ဘဲ တတ်နိုင်သလောက် ငြင်ငြင်သာသာ ဖြစ်အောင် ပြောပြော ကေသီအတွက်တော့ အပြင်းအထန် နာကျင်ခံစားရမှာပါဘဲ.. ကျွန်တော်တို့ ၂ယောက်ရဲ့ ကြားမှာ ဟိုးအရင် အိမ်ထောင်ဦးဘ၀ကလို ရင်ခုန်လှိုက်မောစွာနဲ့ ပူနွေးတဲ့ အချစ်မျိုး မရှိကြတော့တာကလွဲလို့ ကေသီဟာ ကျွန်တော့်အတွက်  သိပ်ကို ကောင်းတဲ့ ဇနီးတစ်ယောက်ပါ။
ကျွန်တော်ကြိုက်တတ်တဲ့ မနက်စာကို ကျွန်တော်မထခင်  သူတစ်ယောက်တည်း စောစောထပြီး အမြဲတမ်း ပြင်ဆင်ထားတတ်သလို ညနေလဲ ရုံးကနေလဲ အချိန်မှန် ပြန်ရောက်ပြီး ဘယ်လောက်တောင် အလုပ်ပင်ပန်းသည်ဖြစ်စေ မနားနိုင်ဘဲ ကျွန်တော်တို့ ၂ယောက်အတွက် ညစာကို ကျွန်တော်စားသည်ဖြစ်စေ၊ မစားဖြစ်သည်ဖြစ်စေ ပြင်ဆင်ချက်ပြုတ်ပါတယ်.. ကျွန်တော်ကတော့ စောစောပြန်ရောက်တဲ့ နေ့မှာတောင် သူ့ကို ကူဖော်မရဘဲ တီဗီရှေ့မှာထိုင်၊ တီဗီကြည့်ရင်း ကေသီချက်ပြုတ်ပြီးချိန်ထိ စောင့်နေတတ်ပါတယ်.. စားသောက်ပြီးတော့မှ တီဗီဆက်ကြည့်ရင်ကြည့်၊ မကြည့်ရင်လဲ ကွန်ပျူတာရှေ့မှာ အလုပ်များသလိုလိုနဲ့ ထိုင်နေပြီး ဂျူလီ့မျက်နှာလေးကို မှန်းဆကာ သူ့အကြောင်းလေးတွေ တွေးရင်း သူ့ကို သတိရနေတတ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကွာရှင်းစကားပြောဖို့တော့ ကျွန်တော့်နှုတ်က ထွက်ဖို့ ခက်ခဲလွန်းတာတော့ အမှန်ပါ။

ဒီကြားထဲမှာ ကျွန်တော် ကေသီကို နောက်သလိုလိုနဲ့ စကား စကြည့်ခဲ့ဖူးပါတယ်.. “ကေသီ တကယ်လို့များ မောင်တို့၂ယောက် ကွာရှင်းကြမယ်ဆိုရင် ကေသီဘာလုပ်မလဲ ”လို့ ရယ်ရယ်မောမော လှမ်းပြောလိုက်ပါတယ်.. ကေသီက ကျွန်တော့ကို အချိန်တော်တော်လေးကြာအောင် စိုက်ပြီးကြည့်နေခဲ့ပါတယ်.. စကားတစ်ခွန်းမှတော့ ပြန်မပြောပါဘူး.. ဒါပေမဲ့ သူ့စိတ်ထဲမှာ ဒီစကားဟာ နောက်ပြောင်တဲ့စကား ဖြစ်လိမ့်မယ်လို့ဘဲ ယုံကြည်ပုံ ရပါတယ်.. ဒါနဲ့တောင် ကေသီ့မျက်ဝန်းလေးတွေ မှာ မျက်ရည်စတွေနဲ့ လက်ခနဲ ဖြစ်သွားပြီး မှုန်မှိုင်းသွားပါတယ်.. စကားတစ်ခွန်းမှတောင် ခွန်းတုံ့မပြန်နိုင်ပါဘူး.. ကျွန်တော် ကွာရှင်းမဲ့ကိစ္စကို အတည်သာပြောမယ်ဆိုရင် ကေသီဘယ်လောက်များ ခံစားရမှာပါလိမ့်။ ကေသီဘယ်လိုများ တုံ့ပြန်မယ်ဆိုတာ ကျွန်တော် မှန်းဆလို့တောင် မရပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၃)
တစ်ရက်မှာ ကေသီဟာ သူတို့ရုံးကိစ္စတစ်ခုနဲ့ အပြင်ထွက်လာရင်း ကျွန်တော့်ကုမ္ပဏီကို ရောက်လာပါတယ်.. ကံကောင်းတာက အဲဒီအချိန်မှာ ဂျူလီက အပြင်ထွက်သွားချိန် ဖြစ်နေပါတယ်..  ဒါပေမဲ့ ကေသီဟာ ကျွန်တော့်ဝန်ထမ်းတွေရဲ့ မျက်နှာပေါ်က စာနာသနားတဲ့ ဂရုဏာအရိပ်အယောင်တွေ၊ ဖွင့်ဟမပြောပေမဲ့ တစ်စုံတစ်ရာ ဖုံးကွယ်ထားပုံရတဲ့ စကားလုံးတွေဆီကနေ သင်္ကာမကင်းဖြစ်စရာ အရိပ်အယောင်တစ်ခုခုကို ရှာတွေ့သွားပုံ ရခဲ့ပါတယ်.. သူဟာ ၀န်ထမ်းတွေကို ညင်ညင်သာသာလေး ပြုံးပြပြီး စကားပြောနေခဲ့ပေမဲ့လို့ သူ့မျက်ဝန်းတွေမှာတော့ နာကျင်တဲ့ ခါးသီးမှုတစ်မျိုးကို ကျွန်တော်တွေ့လိုက်ပါတယ်.. ကျွန်တော် ကိုယ်တိုင်လည်း နာကျင်နေပုံရတဲ့ ကေသီမျက်ဝန်းတွေကိုကြည့်ပြီး ၀မ်းနည်းလာမိပါတယ်.. ကေသီကို ကျွန်တော်မချစ်တော့ပေမဲ့ ရက်စက်နိုင်တဲ့စိတ်လည်း ကျွန်တော့်မှာ မရှိပါဘူး။ ကေသီဟာ  ပြန်ခါနီးကျတော့ ကျွန်တော့်ကို ကြည့်သွားတဲ့ အကြည့်တွေထဲမှာ အဓိပ္ပါယ်တစ်ချို့ ပါဝင်တဲ့ အကြည့်တွေနဲ့ ကြည့်သွားခဲ့ပါတယ်.. နာကျင်ရိပ် တစ်ချို့နဲ့အတူ တောင်းပန်ရိပ်လေးတွေ စွက်နေခဲ့တယ်လို့ ကျွန်တော် ခံစားနားလည်မိလိုက်ပါတယ်။ဒီလိုနဲ့ ကွာရှင်းပြတ်စဲဖို့ ခုချိန်ထိ ပြတ်ပြတ်သားသား မလုပ်သေးဘဲ အချိန်ဆွဲနေတဲ့ ကျွန်တော့်ကို ဂျူလီကလည်း တစ်ချိန်လုံး ဖိအားတွေ ပေးလာနေပါပြီ။ ဒီတစ်ပတ်ထဲမှာဘဲ ကေသီကို ဖွင့်ပြောဖို့ ဂျူလီက ရာဇသံပေးပါတယ်.. ကျွန်တော်လည်း ပြတ်သားဖို့အချိန်တန်ပြီလို့ ဆုံးဖြတ်ပြီး ဒီတစ်ပတ်မှာ ပြောပါမယ်လို့ ဂျူလီကို ကတိပေးလိုက်ပါတော့တယ်.. ဖွင့်ပြောဖို့ ဆုံးဖြတ်ထားတဲ့ တစ်ရက်မှာတော့ ကေသီပြင်ဆင်ကျွေးမွေးတဲ့ ညနေစာကို စားသောက်ပြီးချိန်မှာ ကျွန်တော် သူ့လက်ကို အသာဆုပ်ကိုင်လိုက်ပြီး “ကေသီ မင်းကို မောင်ပြောစရာရှိတယ်..” လို့ စကားစ လိုက်ပါတယ်… ဒီအခါ ပန်းကန်သိမ်းဖို့ ပြင်နေတဲ့ ကေသီဟာ ထမင်းစားပွဲက ထိုင်ခုံမှာ ပြန်ထိုင်ချလိုက်ပြီး ကျွန်တော့်ကို ဘာမှ မမေး ၊ စကားလည်း တစ်ခွန်းမှ မဆိုဘဲ စားပွဲခင်းကိုသာ စိုက်ကြည့်နေပါတယ်.. သူ့မျက်ဝန်းတွေထဲက နာကျင်ရိပ်တွေကို ကျွန်တော် တွေ့မြင်လိုက်ရပြန်ပါပြီ။ ကျွန်တော် ဘာပြောမယ်ဆိုတာ ကေသီ ရိပ်များ ရိပ်မိနေမလား… စဉ်းစားရင်း ကျွန်တော်ပါးစပ်က ကွာရှင်းဖို့ကိစ္စကို ပြောထွက်ဖို့ ချက်ခြင်းဘဲ ၀န်လေးသွားရပြန်ပါပြီ..  ဒါပေမဲ့ ကျွန်တော် တွေဝေနေလို့ မဖြစ်တော့ဘူး ပြောကိုပြောမှ ဖြစ်တော့မယ်.. ဂျူလီကလဲ ကျွန်တော်နဲ့ အမြဲတမ်း အတူတူနေချင်လှပြီ.. ခုလိုတစ်ခါတစ်လေမှ တွေ့ရတဲ့ ဘ၀ကို သူမကျေနပ်နိုင်တော့ဘူး.. ကျွန်တော် ကေသီကို တရားဝင်ကွာရှင်းပြီး ဂျူလီနဲ့ဘဲ ဘ၀အသစ်ကို စတော့မယ်..  ဒီလိုတွေးမိလိုက်ပြီး အားပြန်တင်းရင်း ကေသီ့ကို ကျွန်တော် ပြောချလိုက်ပါတယ်..
“မောင့်ကို ကွာရှင်းခွင့်ပေးပါ ကေသီ.. မောင် မင်းနဲ့ ကွာရှင်းချင်တယ်.. ”

ကျွန်တော့်စကားကို ကြားတဲ့ ကေသီဟာ ထူးထူးခြားခြား တုန်လှုပ်ဟန်၊ အံ့သြဟန်လဲ မပြဘူး.. ဒါပေမဲ့ သူ့မျက်ဝန်းကနေတော့ မျက်ရည်တွေ စီးကျလာတယ်.. ပြီးတော့ ကြေကွဲ ဆို့နင့်နေတဲ့ အသံနဲ့ “အကြောင်းပြချက်က ဘာကြောင့်လဲမောင် .. မောင့်အပေါ် ဘာတွေများ တာဝန်မကျေလို့လဲ.. ကေသီ့ဘက်က မယားဝတ္တရား ပျက်ကွက်တာ ဘာများ ရှိခဲ့လို့လဲ… ” မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့ ကေသီ့မေးခွန်းတွေကို ပြန်ဖြေဖို့ ကျွန်တော် ဆွံ့အသွားပါတယ်.. ကျွန်တော်ထင်တာက ကျွန်တော့်စကားကို ကြားရင် ကေသီဟာ အော်ကြီးဟစ်ကျယ်  ရန်တွေ့မယ်.. ငိုယိုပြီး ကျွန်တော့်ကို ထုရိုက်မယ်၊ တွေ့ရာနဲ့ ကောက်ပေါက်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။ ဒီလိုမေးခွန်းမျိုးနဲ့ ရင်ဆိုင်ရမယ်လို့ တွေးထင်မထားခဲ့တာကြောင့် ကေသီကို ဘာပြန်ပြောရမှန်းမသိ ဖြစ်ခဲ့ရပါတယ်.. ကျွန်တော့်မျက်နှာကို မျက်ရည်တွေကြားကနေ အကြာကြီး စိုက်ကြည့်နေခဲ့ပြီး ကျွန်တော့်အဖြေကို ကေသီက စောင့်ဆိုင်းနေခဲ့တယ်.. ကျွန်တော့်ဆီက ဘာစကားသံမှ ထွက်မလာတဲ့အဆုံး “ကောင်းပြီလေ..  ကွာရှင်းဖို့ကို မောင့်ဘက်က တကယ် လိုလားနေတယ် ဆိုမှတော့ မောင့် စိတ်တိုင်းကျသာ ဆုံးဖြတ်ပါ…” လို့ ပြောပြီး ခါးခါးသီးသီး ရှိုက်သံတွေ၊ မျက်ရည်တွေနဲ့  ကေသီ ထမင်းစားခန်းထဲကနေ ပြေးထွက်သွားခဲ့ပါတယ်.. အဲဒီညက ကျွန်တော်တို့၂ယောက်ရဲ့ အိပ်ခန်းထဲကို ကေသီရောက်မလာပါဘူး.. အခန်းပိုတစ်ခုမှာ သူ့တစ်ယောက်တည်း သွားအိပ်ပုံရပါတယ်. ကေသီဟာ တစ်ညလုံး ငိုကြွေးနေမှာ သေချာပါတယ်.. အကြောင်းပြချက် မပေးပေမဲ့ ကေသီနားလည်မယ် ထင်ပါတယ်လေ. ကေသီနဲ့ပတ်သက်ရင် အေးစက်နေတဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေကို သူမြင်တွေ့နိုင်မှာပါ.. ခုချိန်မှာတော့ ကျွန်တော့ အသည်းနှလုံးက ဂျူလီအတွက်သာ ဖြစ်နေပါပြီ။ ဂျူလီဟာ ကျွန်တော့်ရင်ခုန်သံ မြန်အောင်ပြုစားနိုင်တဲ့ နတ်သမီးတစ်ပါးပါ။ ဂျူလီနဲ့ဆို ကျွန်တော် သိပ်ကိုပျော်မယ်ဆိုတာ ငြင်းစရာ မလိုပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၄)

နောက်ရက်ကစပြီး ကျွန်တော်ဟာ ကေသီနဲ့ ကွာရှင်းပြတ်စဲဖို့ကိစ္စကို စတင် ဆောင်ရွက်ပါတော့တယ်.. ကွာရှင်းစာချုပ်တစ်စောင် အကြမ်းရေးပြီး ကေသီ့ကို ကျွန်တော် ပြလိုက်တယ်.. စာချုပ်ထဲမှာ အခုလက်ရှိ ကျွန်တော်နဲ့ ကေသီနေတဲ့အိမ်ရယ်၊ ကျွန်တော်စီးနေတဲ့ကားရယ်၊ ကျွန်တော့် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ၃၀% ရယ်ကို ကေသီ့ကို ပိုင်ဆိုင်ခွင့်ပေးကြောင်း ထည့်ရေးထားတာပါ။ ကျွန်တော်ပြတဲ့ စာချုပ်အကြမ်းကို ကေသီက တစ်ချက်သာ ဖြတ်ခနဲကြည့်လိုက်ပြီး တစ်စစီ ဆွဲဆုတ်လိုက်ပြီးနောက်မှာ  ကျွန်တော့်ရှေ့မှာ ရှုံးပွဲချ ငိုကြွေးနေပါတယ်… ကြေကြေကွဲကွဲ ငိုကြွေးနေတဲ့ ကေသီကိုကြည့်ပြီး ကျွန်တော့ရင်ထဲမှာလဲ တစ်ဆစ်ဆစ်နဲ့ နာကျင်နေမိပါတယ်.. ဒါပေမဲ့ တစ်ခုခု နှစ်သိမ့်ဖို့ ကျွန်တော် မကြိုးစားချင်တော့ပါဘူး… စိတ်ရှိလက်ရှိ ငိုကြွေးလိုက်တာက သူ့ရင်ထဲမှာ ခံစားနေတာတွေ နည်းနည်းတော့ ဖြစ်ဖြစ် သက်သာသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်.. ခုလိုဆိုတော့ ဂျူလီအတွက်ကြောင့်  ၁၀နှစ်ကျော်ကြာအောင် ပေါင်းသင်းခဲ့တဲ့ မိန်းမတစ်ယောက်နဲ့ သူစိမ်းပြင်ပြင် ဖြစ်ရတော့မှာကို တွေးမိတော့ ကျွန်တော့်စိတ်ထဲမှာ ၀မ်းနည်းမိတာတော့ အမှန်ပါ။ ကွာရှင်းဖို့ စီစဉ်နေရပေမဲ့ ကိုယ့်ကိုယ်ကို အပြစ်ကျူးလွန်နေမိတယ်လို့ ကျွန်တော် ခံစားနေမိပါတယ်.. ဒါပေမဲ့ ကျွန်တော် နောက်ဆုတ်လို့လဲ မဖြစ်တော့ပါဘူး… ကေသီ့အပေါ် မတရားမှန်း ကျွန်တော်သိပေမဲ့ ဂျူလီရဲ့ အချစ်ကိုလည်း ကျွန်တော် မလွန်ဆန်နိုင်ဘူး…  ကျွန်တော်ဂျူလီနဲ့နေဖို့ ဆုံးဖြတ်ချက် ချပြီးသား ဖြစ်နေပါပြီ။

အဲဒီညမှာ ကေသီဟာ စာရေးစားပွဲပေါ်မှာထိုင်ပြီး တစ်စုံတစ်ခုကို ရေးနေတာ တွေ့ရပါတယ်.. ညတစ်ရေးနိုးလို့ ရေထသောက်ချိန်ထိလဲ အဲဒီစားပွဲမှာ သူရှိနေတုန်းပါ… ကျွန်တော် ပြန်အိပ်ပျော်သွားပြီးလို့  မိုးလင်းတော့ မနက်စာ စားချိန်မှာ ကေသီဟာ သူကိုယ်တိုင်ရေးထားတဲ့ ကွာရှင်းစာချုပ် အကြမ်းတစ်စောင်ကို လာပြပါတယ်.. သူ့စာချုပ်ထဲမှာ ကျွန်တော်နဲ့ ကွာရှင်းပြတ်စဲတဲ့အတွက် ဘယ်လိုရပိုင်ခွင့်မျိုးကိုမှ သူယူမှာမဟုတ်တဲ့အကြောင်း၊ ဒါပေမဲ့ ကျွန်တော်နဲ့ မကွာရှင်းခင် တစ်လတိတိ သူနဲ့အတူတူ ယခင်ကအတိုင်း ပုံမှန်အနေအထားမျိုး အတတ်နိုင်ဆုံး နေပေးဖို့ တောင်းဆိုထားပါတယ်.. သူ့အကြောင်းပြချက်က ကျွန်တော်တို့ ၂ယောက်ရဲ့ သားလေးဟာ နောက်၃ရက်လောက်ဆို နွေရာသီ ကျောင်းတစ်လပိတ်တာမို့ အိမ်ကိုပြန်လာတော့မှာ ဖြစ်ပါတယ်.. ကွာရှင်းတဲ့ကိစ္စကို သားရှေ့မှာ မဖြစ်စေချင်တာကြောင့် သားရှိနေတဲ့ ဒီတစ်လအချိန်အတွင်းမှာ ကျွန်တော်တို့၂ယောက် ပုံမှန်အတိုင်း နေပြချင်တယ်လို့ ကေသီက တောင်းဆိုတာပါ။ ကျိုးကြောင်း ဆီလျော်တဲ့ ကေသီရဲ့ တောင်းဆိုချက်ကို ကျွန်တော်လဲ လျောလျောရှူရှူ လက်ခံလိုက်ပါတယ်..

ကေသီက ကျွန်တော့်ကို “မောင်… ကေသီတို့ ၂ယောက်ရဲ့ မင်္ဂလာဦးရက်တုန်းက ကေသီ ဒီအိမ်ထဲကို ဘယ်လိုရောက်လာတယ်ဆိုတာ မောင်မှတ်မိသေးလား” လို့ နူးညံ့တဲ့ အသံလေးနဲ့ မေးလိုက်တဲ့ ကေသီ့မေးခွန်းက ကျွန်တော်တို့ ၂ယောက်ရဲ့ မင်္ဂလာဦးရက်ကို ပြန်အမှတ်ရ သွားစေခဲ့ပါတယ်.. “မောင်.. မှတ်မိပါတယ်”  လို့ ခေါင်းညိတ်ပြီး ပြန်ပြောလိုက်တော့ ကေသီက ဆက်ပြီးပြောပါတယ်.. “ မောင်က ကေသီ့ကို ပွေ့ချီပြီး ကားပေါ်ကနေ အိမ်ထဲ ခေါ်လာခဲ့တာလေ.. ဒီတော့ မောင့်ကို ကေသီတစ်ခု တောင်းဆိုချင်တာက မောင်နဲ့ မကွာရှင်းခင် အတူတူနေခွင့်ရတဲ့ ဒီတစ်လအတွင်းမှာ မောင်ရော ကေသီရော အလုပ်ကို သွားကြတဲ့ မနက်တိုင်း အိမ်ခန်းထဲကနေ ခြံဝင်းထိ မောင်က ကေသီ့ကို ပွေ့ချီသွားပေးပါ။ သားလေး ပြန်ရောက်တဲ့ နေ့ကစလို့ နောက် တစ်လတိတိ နေ့တိုင်း မပျက်မကွက် လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်.. ဒါလေးကို မောင် လိုက်လျောပေးနိုင်မလား ” ကေသီရဲ့ တောင်းဆိုစကားကို ကြားရတော့ ကျွန်တော် တွေဝေ တုံ့ဆိုင်းနေခြင်း မရှိဘဲ လိုက်လျောဖို့ သဘောတူလိုက်ပါတယ်.. ရက်ရက်စက်စက် ချန်ထားခြင်းခံရမဲ့ ကေသီအတွက် ဒီလောက်တော့ လိုက်လျောဖို့ ထိုက်တန်ပါတယ် လို့ ကျွန်တော် တွေးလိုက်မိပါတယ်။ ကေသီဟာ မင်္ဂလာဦးကာလတုန်းက ပျော်ရွှင်ခဲ့ရတဲ့ အဖြစ်တွေကို ပြန်သတိရပြီး အခု ကျွန်တော်တို့ ၂ယောက်ရဲ့ အိမ်ထောင်ရေးကို ပျော်ရွှင်စရာ အမှတ်တရတွေနဲ့သာ အဆုံးသတ်ချင်ပုံရပါတယ်..

ကျွန်တော်က ကေသီရဲ့ တောင်းဆိုချက်အကြောင်းကို ဂျူလီ့ကို ပြောပြပြီး တစ်လလောက် စောင့်ပေးဖို့ ပြောလိုက်တော့ ဂျူလီက မျက်နှာကို တစ်ချက်မဲ့လိုက်ပြီး အားရပါးရ ရယ်မောပါတယ်… ပြီးတော့ “ဒါ သက်သက်ညစ်တာ… ကို့မိန်းမက ဘာတွေ ပရိယာယ်ဆင်ဦးမလို့လဲ မသိဘူး.. သူဘာဘဲလုပ်လုပ်လေ နောက်ဆုံးတော့ ကွာရှင်းတာကိုဘဲ သူရမှာပါ” လို့ သူ့ကိုယ်သူ ယုံကြည်စွာနဲ့ အခိုင်အမာ ပြောလိုက်ပါတယ်.. ဂျူလီရဲ့ စကားက ကျွန်တော့်စိတ်ကို ကသိကအောက် ဖြစ်စေပြီး ကေသီအတွက် စိတ်မကောင်းဖြစ်မိပါတယ်.. တကယ်တမ်းတော့ ကျွန်တော် ကွာရှင်းချင်တယ် ဆိုပေမဲ့ ကေသီ့မှာ ဘာမှ အပြစ်မရှိရှာပါဘူး… ဂျူလီကို ချစ်မိတဲ့ အကြောင်းတစ်ခုတည်းနဲ့ ကေသီကို ကျွန်တော် ထားခဲ့ရမှာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅)

အရင်ကတည်းက ကေသီနဲ့ကျွန်တော်ဟာ မင်္ဂလာဦး ကာလတွေတုန်းကလို  နှစ်နှစ်ကာကာ၊ သည်းသည်းလှုပ် ဖြစ်မနေတော့ဘဲ အေးစက်စက် ဖြစ်နေခဲ့တာ ကြာပြီဆိုပေမဲလို့ ကွာရှင်းဖို့ကိစ္စ ဖွင့်ပြောလိုက်တဲ့နေ့ကစပြီး ကေသီနဲ့ကျွန်တော့်အကြားမှာ အရိပ်မဲကြီးတစ်ခု ခြားသွားသလို ခံစားလိုက်ရပါတယ်.. ကေသီရဲ့ မျက်နှာပေါ်မှာလည်း အပြုံးတစ်စကိုမှ မတွေ့ရတော့ဘဲ ၀မ်းနည်းကြေကွဲနေတဲ့ မျက်နှာကိုသာ တွေ့ရတော့တယ်.. တစ်ယောက်နဲ့တစ်ယောက် စကားပြောဖို့ကိုလည်း ရှောင်လွှဲနေခဲ့ကြတော့ တကယ့်ကို တစိမ်းပြင်ပြင် ဖြစ်သွားသလိုပါဘဲ..

ကျွန်တော်တို့ ၂ယောက် သဘောတူထားတဲ့ အတိုင်းပါဘဲ.. သားပြန်ရောက်လာတဲ့ ပထမဆုံးနေ့ ရုံးသွားချိန်မှာ ကေသီကို အခန်းထဲကနေ အိမ်ရှေ့ခြံဝင်း တံခါးပေါက်ထိ ကျွန်တော် ပွေ့ချီလာတော့ ၂ယောက်လုံး တောင့်တောင့်ကြီးတွေ ဖြစ်နေခဲ့ကြတယ်.. တစ်ယောက်နဲ့တစ်ယောက် ခုလို ကြင်ကြင်နာနာ၊ ယုယုယယ မနေဖြစ်ခဲ့တာ ကြာခဲ့ပြီ မဟုတ်လား..  ဘာမှ မသိရှာတဲ့ သားလေးကတော့ “ဟေး…  ဖေဖေက မေမေ့ကို ပွေ့ထားတယ်ကွ” လို့ အော်ဟစ်ပြီး ၀မ်းသာအားရ လက်ခုပ်လေးတီးရှာတယ်.. သားရဲ့ အသံက ကျွန်တော့် အသည်းနှလုံးကို ဖျစ်ညစ်လိုက်သလို ခံစားလိုက်ရပါတယ်.. အိမ်ရှေ့ခြံဝင်းထဲရောက်တော့ “ကွာရှင်းမဲ့ကိစ္စ သားလေးမသိပါစေနဲ့နော်” လို့ ကေသီက တိုးတိုးလေး ပြောလိုက်တော့ သူ့ကိုပွေ့ချီထားရက်နဲ့ ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီး “စိတ်ချပါကွာ” လို့ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ မသက်မသာ ခံစားနေရတာ အမှန်ပါဘဲ.. ခြံရှေ့ရောက်တော့ ကေသီကို ကျွန်တော် ချပေးလိုက်ပြီး ကားပေါ် မောင်းတက်ခဲ့လိုက်ပါတယ်.. ကေသီကတော့ ဘတ်စ်ကားဂိတ်ကို ထွက်ခွာသွားပါတယ်။

နောက်နေ့တွေမှာတော့ ပထမဆုံးနေ့ကလို  ခပ်တောင့်တောင့် ဖြစ်မနေကြတော့ဘဲ ကေသီ့ကို ပွေ့ချီရတာ သက်တောင့်သက်သာ ရှိလာတယ်..  ကေသီကလည်း ကျွန်တော်ရဲ့ လည်ပင်းကို ပြန်ပြီးသိုင်းဖက်လာတတ်တယ်.. ကေသီရဲ့ အင်္ကျီမှာ ဆွတ်ထားတဲ့ ရေမွှေးနံ့တောင် ကျွန်တော့ နှာဝမှာ အတိုင်းသား ရှုရှိုက်နေရတယ်.. အဲဒီရေမွှေးနံ့ကို ရလိုက်တော့မှ ကျွန်တော် ကေသီ့ကို ရေမွှေးပုလင်း မ၀ယ်ပေးဖြစ်တာ ဘယ်နှနှစ် ရှိသွားပြီလဲဆိုတာကို ပြန်စဉ်းစားတော့ ဘယ်လောက် ကြာသွားပြီဆိုတာ  မှတ်ကိုမမှတ်မိတော့..  ဟိုးယခင်တုန်းကတော့ ကေသီကြိုက်တတ်တဲ့ ရေမွှေးပုလင်းတွေတိုင်း ကျွန်တော် ၀ယ်ပေးခဲ့တာချည်းပါဘဲ..  တစ်အိမ်ထဲ နေကြပေမဲ့လို့ ကေသီနဲ့ပတ်သက်တဲ့ အကြောင်းတွေ ကျွန်တော် သတိမထားဖြစ်တာ ကြာခဲ့ပြီဘဲ။ သက်ပြင်းကိုဖွဖွ  ချလိုက်မိတော့ ကေသီက ကျွန်တော့် မျက်နှာကို မော့ကြည့်လာတယ်.. ကျွန်တော်လဲ ကေသီ့မျက်နှာကို ပြန်ငုံ့ကြည့်မိလိုက်ပြန်တယ်..  ဒီတော့မှ ကေသီ့မျက်နှာကို စေ့စေ့ မကြည့်ဖြစ်ခဲ့တာတောင် ကြာပြီဆိုတာကိုလည်း  သတိရသွားမိတော့တယ်.. အိုး ကေသီဟာ လွန်ခဲ့တဲ့ ၁၀နှစ် ကျွန်တော်တို့ မင်္ဂလာဦးချိန်တွေတုန်းကလို ငယ်ရွယ်နုပျိုတဲ့ မိန်းခလေးတစ်ယောက် မဟုတ်တော့ပါဘဲလား… သူ့မျက်နှာနဲ့ မျက်လုံးထောင့်တွေမှာ အရေးအကြောင်း တစ်ချို့ ထင်စပြုနေခဲ့ပြီ။ လှပတဲ့ ကေသီ့မျက်နှာက ရင့်ကျက်ခြင်းနဲ့အတူ ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့ အလှကို ထပ်ဆောင်းထားခဲ့ပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၆)

နောက်တစ်တစ်ပတ်လောက်မှာ့ ကေသီကို ကျွန်တော်ပွေ့ချီလိုက်တော့ ကေသီက “ညတုန်းက မိုးရွာထားတာ ခြံထဲက ကျောက်ပြားက ချောနေတယ်.. သတိထားနော်” လို့ တိုးတိုးလေး သတိပေးစကားကို ပြောလာတယ်.. ကျွန်တော့် ရင်ထဲမှာ နွေးကနဲ ခံစားလိုက်ရပြီး ကြည်ကြည်နူးနူး ပြုံးလိုက်တော့ ကေသီက မျက်နှာနီပြီး ခေါင်းကိုငုံ့သွားတယ်.. ကေသီ့ကို ပွေ့ထားရတဲ့ ကျွန်တော့်ရဲ့ ခံစားချက်ဟာ ပထမနေ့တုန်းကလို တာဝန်အရ လုပ်ရတာမျိုး မဟုတ်တော့ဘဲ တကယ့်ကို စိတ်ပါလက်ပါဖြစ်လာတယ်.. ဒါပေမဲ့ ဒီအကြောင်းတွေကို ဂျူလီကို ကျွန်တော်လုံးဝ မပြောမိဘူး… ဂျူလီရဲ့ “ဘာတွေထူးခြားသေးလဲ” ဆိုတဲ့ အမေးကို ဘာမှ “မထူးခြားပါဘူးကွာ” ဆိုပြီး ခပ်ပေါ့ပေါ့ အဖြေကိုသာ ပေးဖြစ်ခဲ့တယ်။

နောက်ရက်တွေမှာလည်း ကေသီဟာ ကျွန်တော်ရဲ့ အင်္ကျီကို  မီးပူတိုက်ပြီး ဘယ်ပေါ်မှာ တင်ထားတယ်.. ဘယ်ဘောင်းဘီနဲ့ ၀တ်သွား၊ ပြန်လာရင် ညနေအတွက် ဘယ်ဟိုတယ်မှာ သားလေးကြိုက်တာလေး ၀ယ်ခဲ့ပါ စသဖြင့် ပြောတတ်လာတယ်.. ညပြန်ရောက်ရင် သားရယ် ကေသီရယ်၊ ကျွန်တော်ရယ် ညစာအတူတူစားကြ၊ တီဗီကလာတဲ့ အစီအစဉ်တွေ ထိုင်ကြည့်ပြီး ရယ်မောကြနဲ့ ခါတိုင်း ဒီချိန်တွေမှာ ဂျူလီကို သတိရနေတတ်တဲ့ ကျွန်တော့်စိတ်တွေ မိသားစုပျော်ရွှင်မှုထဲ နှစ်မြုပ်လာတယ်.. ဂျူလီဟာ ကျွန်တော့် သတိရခြင်းတွေထဲမှာ မှုန်ဝါးဝါးဖြစ်လာခဲ့ပြီ။ ကေသီ့ကို ပွေ့ချီရတာလည်း တစ်ရက်ထက်တစ်ရက် ပိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်လာတယ်လို့ ကျွန်တော် ထင်လာခဲ့တယ်။

ရက် ၂၀လောက်ကြာတော့ မနက် ရုံးသွားကြဖို့ အ၀တ်လဲနေတဲ့ ကေသီ့ကို ပွေ့ချီဖို့စောင့်ရင်း ကျွန်တော်က “ကေသီ မင်းကို ပွေ့ရတာ အရင်ကထက်စာရင် ပိုပြီးပေါ့သွားသလိုဘဲ.. မောင်က  ပိုပြီး သန်မာလာလို့ ဖြစ်မယ်ထင်တယ်နော်” လို့ နောက်ပြီး ပြောလိုက်ပါတယ်.. ကေသီက အ၀တ်တွေ တစ်စုံပြီးတစ်စုံ ရွေးနေရင်း သူနဲ့တော်တဲ့ အင်္ကျီကို ရှာမတွေ့ဖြစ်နေဟန်နဲ့ သက်ပြင်းချလိုက်ပြီး “အင်္ကျီတွေလဲ တစ်နေ့တစ်နေ့ ပိုကြီးကုန်ပြီထင်တယ်.. ကျွန်မနဲ့ တော်တဲ့အင်္ကျီ ရှာမရတော့ဘူး.”. လို့ ငြီးတွားလိုက်တော့ ကျွန်တော်က ပြုံးလိုက်မိပါတယ်.. ဒါပေမဲ့ ကေသီ့ကို သေချာကြည့်လိုက်တော့မှ ကျွန်တော် သဘောပေါက်လိုက်မိ့ပြီ.. ကေသီဟာ တော်တော့်ကို ပိန်သွားခဲ့တာပါဘဲလား…. တကယ်တမ်းတော့  ကျွန်တော်က ပိုပြီးသန်မာလာလို့ မဟုတ်ဘဲ ကေသီကသာ ကျွန်တော်ပွေ့ကာစ အရင် နေ့တွေထက်စာရင် အများကြီး ပိန်သွားတာမို့ သူ့ဝတ်စုံတွေက သူနဲ့ မတော်တော့ဘဲ ကြီးနေခဲ့တာပါ။ ဘာမှ မဖြစ်သလို ဟန်ဆောင်ထားပေမဲ့ တကယ်တမ်းတော့ ကျွန်တော်နဲ့ ကွာရှင်းဖို့ကိစ္စဟာ ကေသီ့ရဲ့နှလုံးသားကို ပြင်းပြင်းထန်ထန် ထိုးနှက်ခံစားရပုံ ပေါ်ပါတယ်..  ကေသီ ဘယ်လောက်များ စိတ်ဆင်းရဲနေခဲ့ပါလိမ့်…

ပိန်သွားတဲ့ ကေသီ့ခန္ဓာကိုယ် သွယ်လျလျကိုကြည့်ပြီး ကျွန်တော့်ရင်ထဲမှာ  ၀မ်းနည်းခြင်းတွေ တစ်လှိုက်လှိုက် တက်လာပါတယ်.. ကျွန်တော် ကေသီ့ခေါင်းကလေးကို ကြင်နာစိတ်ကလေးနဲ့ လှမ်းကိုင်လိုက်ဖို့ လက်ရွယ်လိုက်တုန်းမှာ သားလေးက အခန်းထဲကို ရုတ်တရက် ရောက်လာပြီး “ဖေဖေ…. မေ့မေ့ကိုပွေ့ချီပြီး အလုပ်သွားဖို့ အချိန်ရောက်ပြီလေ” လို့ သတိပေးစကား ပြောလာပါတယ်.. သားလေးကြည့်ရတာ သူ့အဖေဟာ အမေဖြစ်သူကို ပွေ့ပြီး အလုပ်သွားတာကို အမြဲတမ်းတွေ့နေရမဲ့ မြင်ကွင်းလို့ ထင်မှတ်ထားပုံရပါတယ်.. ကေသီက သားလေးအနားကို တိုးကပ်သွားပြီး တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ပါတယ်.. ကျွန်တော် ဒီမြင်ကွင်းကို ကြည့်ဖို့ အင်အားမရှိတော့တာကြောင့် မျက်နှာလွဲပစ်လိုက်မိပါတော့တယ်.. နောက်ဆုံးအချိန်နားနီးလာမှ ဆုံးဖြတ်ပြီးသား ကျွန်တော့်စိတ်တွေ ပြန်ပြောင်းလာမှာကိုလဲ စိုးမိပါတယ်.. ခနကြာတော့ ကေသီ့ကိုယ်လေးကို ကျွန်တော် ပွေ့ချီလိုက်ပြီး အိပ်ခန်းကနေ ခြံဝင်းတံခါးထိ လျှောက်လာတဲ့အချိန်မှာ ခါတိုင်းလိုဘဲ ကေသီက ကျွန်တော့်လည်ပင်းကို သိုင်းဖက်ထားပါတယ်.. ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်တို့ မင်္ဂလာဦးနေ့ကို ပြန်သတိရနေမိပေမဲ့ ကေသီရဲ့ ခန္ဓာကိုယ်ကတော့ မင်္ဂလာဦး အချိန်တွေတုန်းကထက် ပိုပြီးပေါ့ပါးသွားခဲ့ပြီ။ ဒီအဖြစ်က ကျွန်တော်ကို ထိထိခိုက်ခိုက် ကြေကွဲ ၀မ်းနည်းစေပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၇)

ဒီနေ့ဟာ ကျွန်တော်တို့ ၂ယောက်ရဲ့ အိမ်ထောင်ရေး နောက်ဆုံးနေ့ပါဘဲ… ကျောင်းတွေပြန်ဖွင့်ပြီမို့ ညနေဆိုရင် သားလေးဟာ သူနေတဲ့ အဆောင်ကို ပြန်ရတော့မယ်.. ကျွန်တော်တို့၂ယောက်အတွက် နောက်ဆုံးနေ့မှန်းသိနေတော့ ကေသီ့ကိုပွေ့ချီထားတဲ့ ကျွန်တော့လက်တွေဟာ ခွန်အားမဲ့နေသလို ဖြစ်နေပြီး ခြေထောက်တွေကလည်း ခြေတစ်လှမ်းလှမ်းဖို့တောင် အနိုင်နိုင် ဖြစ်နေခဲ့မိတယ်.. ကျွန်တော့်လည်ပင်းကို သိုင်းဖက်ထားတဲ့ ကေသီရဲ့ လက်ဖျားလေးတွေဟာလည်း အေးစက်နေတာပါဘဲ.. တစ်ညလုံး ငိုကြွေးထားပုံရတဲ့  ကေသီရဲ့ မျက်ဝန်းတွေဟာလည်း နီရဲနေခဲ့တယ်.. သူ့ကိုပွေ့ချီလာတဲ့ လမ်းတစ်လျှောက်မှာ ကေသီကျွန်တော့်ကို ပြောလိုက်တဲ့စကားတစ်ခွန်းက “ကေသီစိတ်ထဲမှာ မင်္ဂလာဦးနေ့တုန်းကလိုဘဲ ကေသီတို့၂ယောက်လုံး အသက်ကြီးတဲ့အချိန်ထိ ကေသီ့ကို မောင့်လက်တွေနဲ့ အမြဲတမ်းပွေ့ချီလိမ့်မယ်လို့ ထင်ခဲ့မိတယ်” လို့ ကြေကြေကွဲကွဲ တုန်ရီဆို့နင့်တဲ့အသံနဲ့ ပြောလိုက်ပါတယ်.. ကျွန်တော် ကေသီ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး“ကေသီရယ် မောင်တို့ ၂ယောက်လုံးဟာ ခုလို အချစ်တွေ တဖြေးဖြေး လျော့ပါးလာတာကို သတိမမူမိခဲ့ကြဘူး.. စောစောကသာ သတိထားမိခဲ့ကြရင် သိပ်ကောင်းမှာဘဲ” လို့ပြောလိုက်မိပါတယ်.. ခြံရှေ့မှာ ကေသီရဲ့ ကိုယ်လေးကို ချလိုက်ပြီး ကျွန်တော် ကားတံခါးကိုတောင် သေချာမပိတ်နိုင်တော့ဘဲ ကားကို အလောတကြီး မောင်းထွက်လာခဲ့မိပါတော့တယ်..

ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော် ကြန့်ကြာလို့ မဖြစ်ဘူး.. ဒီတစ်ခါတော့ ဆုံးဖြတ်ချက်တွေ နှောင့်နှေးနေတာမျိုး မဖြစ်ချင်တော့ဘူး…  ကျွန်တော့်စိတ်တွေ ထပ်ပြီး ယိမ်းယိုင်သွားတာမျိုးလည်း အဖြစ်မခံနိုင်တော့ဘူး.. ကားကို ဂျူလီရဲ့ တိုက်ခန်းအောက်မှာ အသံမြည်အောင် ထိုးရပ်လိုက်ပြီး တိုက်ခန်း လှေကားထစ်တွေပေါ်ကို အပြေးကလေး တက်လာခဲ့မိပါတယ်.. ဂျူလီ့အခန်းရှေ့ရောက်လို့ တံခါးကိုခေါက်လိုက်တော့ ဂျူလီက ပြုံးချိုတဲ့ မျက်နှာလေးနဲ့ တံခါးလာဖွင့်ပေးတယ်.. ရောက်ရောက်ချင်း အခန်းထဲကို လှမ်းမ၀င်နိုင်ဘဲ ဂျူလီ့ကို အလောတကြီး ပြောချလိုက်မိတာက  “ဂျူလီ ကိုယ် ကေသီနဲ့ ကွာရှင်းဖို့ကိစ္စ မဖြစ်နိုင်တော့ဘူး” ကျွန်တော့်စကားကို ကြားလိုက်တဲ့ ဂျူလီဟာ အံ့သြသွားတဲ့ မျက်နှာနဲ့ “ဟင်.. ကို ဘာတွေပြောနေတာလဲ..နောက်နေတာလား.. ကြည့်စမ်းပါဦး  မျက်နှာလဲမကောင်းဘူး.. ကို ဖျားနေတာလား” ပြောပြောဆိုဆို ကျွန်တော့် နှဖူးကို သူ့လက်ကလေးနဲ့ လာစမ်းလိုက်ပါတယ်.. ကျွန်တော်က သူ့လက်ကို ဖယ်လိုက်ရင်း “ကိုယ်နောက်နေတာ မဟုတ်ဘူးဂျူလီ.. တကယ်ပြောနေတာ.. ဆောရီးပါဂျူလီ.. မင်းအတွက် ကိုယ်ဝမ်းနည်းပါတယ် ဆိုတာကလွဲလို့ တစ်ခြားလဲ ကိုယ်မပြောတတ်တော့ဘူး.. ကိုယ် ကေသီနဲ့ ကွာရှင်းဖို့ ဆိုတာ တကယ်ကို မလုပ်နိုင်တော့ဘူး… ကိုယ်နဲ့ ကေသီတို့ရဲ့ အိမ်ထောင်သည်ဘ၀ဟာ ပျင်းရိငြီးငွေ့စရာ ကောင်းခဲ့တာတော့ အမှန်ပါ။ အိမ်ထောင်သည် ဘ၀မှာ ဆက်လက်ရှိရမဲ့ အကြင်နာတွေ၊ ကရုဏာတွေ၊ ဂရုစိုက်နွေးထွေးမှုတွေကို ကိုယ်တို့ မေ့လျော့ခဲ့ကြတယ်.. တကယ်တမ်းတော့ တစ်ယောက်ရဲ့ ရင်ထဲမှာ တစ်ယောက်က မရှိကြတော့လို့ မဟုတ်ကြပါဘူး.. ဒါကို ကိုယ်တို့၂ယောက် ခွဲရတော့မယ်ဆိုမှ နားလည်လာတယ်.. တန်ဖိုးထားရမှန်း သိလာတယ်..  ကိုယ် ကေသီကို မထားခဲ့နိုင်တော့ဘူး.. ကိုယ် အသက်ကြီးတဲ့အထိ ကေသီဟာ ကိုယ့်ဘေးနားမှာ ရှိရမဲ့ သူဘဲဆိုတာ ကိုယ် ခွဲခြားနားလည်သွားပြီ။ ဒါကြောင့် မင်းအတွက် ၀မ်းနည်းပါတယ်လို့ဘဲ ကိုယ်ပြောပါရစေဂျူလီ… ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့”

ကျွန်တော့်ရဲ့ စကားဆုံးသွားတော့မှ ဂျူလီဟာ ကျွန်တော် အလေးအနက် ပြောနေတယ်ဆိုတာ သိသွားပုံရပါတယ်.. အိပ်ရာက ရုတ်တရက်နိုးလာတဲ့သူလို ယောင်ယောင်ကန်းကန်း ကျွန်တော့်ကို ကြည့်နေရာကနေ သူရဲ့ လက်တစ်ဖက် မြောက်တက်သွားတာကို ကျွန်တော် မြင်လိုက်ပါတယ်.. ဒါပေမဲ့ ရှောင်လွဲဖို့ မကြိုးစားတော့ပါဘူး.. ကျွန်တော့်အပြစ်အတွက် ဒီလောက်တော့ ထိုက်တန်ပါတယ်.. မရှောင်ဘဲ ငြိမ်နေတဲ့ ကျွန်တော့် ပါးပေါ် ဂျူလီရဲ့ လက်ဝါးက အရှိန်ပြင်းပြင်း ကျလာပါတယ်.. ကျွန်တော့်မျက်နှာ လည်ထွက်သွားပြီး နောက်ဘက်ကို ယိုင်သွားတဲ့အချိန်မှာ ဂျူလီဟာ အခန်းတံခါးကို ၀ုန်းခနဲ မြည်အောင် ဆောင့်ပိတ်လိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ အသံကို ကြားလိုက်ရပါတယ်.. ကျွန်တော်လဲ ဂျူလီရဲ့ ငိုသံတွေကို လစ်လျူရှု ကြောခိုင်းလိုက်ပြီး  အောက်ထပ်ကို ပြန်ဆင်းလို့ ကားပေါ်တက်ကာ ကုမ္ပဏီကိုဦးတည် မောင်းထွက်ခဲ့ပါတော့တယ်။

ကားမောင်းလာရင်း လမ်းမှာတွေ့တဲ့ ပန်းဆိုင်တစ်ဆိုင်မှာ ကားကိုရပ်ပြီး ကေသီကြိုက်တတ်တဲ့ နှင်းဆီအဖြူဆွတ်ဆွတ်တွေနဲ့ ပန်းစည်းလှလှလေးတစ်စည်း လုပ်ထားပေးထားဖို့နဲ့၊ ညနေ ရုံးဆင်းချိန်မှာ လာယူမဲ့အကြောင်းပြောပြီး အော်ဒါမှာလိုက်ပါတယ်.. ဆိုင်က ၀န်ထမ်းကောင်မလေးက ပန်းစည်းပေါ်ချိတ်မဲ့ ကဒ်ပြားမှာ ဘယ်လို အကြောင်းအရာမျိုးရေးမလဲလို့ လှမ်းမေးပြီးတော့ ကျွန်တော့်ကို စာရွက်အကြမ်းတစ်ရွက် လှမ်းပေးလိုက်ပါတယ်..  ကျွန်တော်က တစ်ချက်ပြုံးလိုက်ပြီး စာရွက်ပေါ်ချရေးလိုက်တာက “ မောင်တို့ ၂ယောက်လုံး အိုမင်းလာတဲ့အချိန်ထိ မောင် မင်းကို ပွေ့ချီသွားမှာပါ.” ဆိုတဲ့ စာသားလေးပါ။ ညနေရုံးဆင်းပြီး အိမ်ပြန်ရောက်လို့ ဒီပန်းစည်းလေးကို သူ့လက်ထဲ ထည့်လိုက်တဲ့အခါ ပန်းစည်းပေါ်က စာသားလေးကိုဖတ်လိုက်ရရင် ကေသီဘယ်လောက်များ ပျော်ရွှင်သွားမှာပါလိမ့်။ တွေးလိုက်မိတာနဲ့တင်  ကြည်နူးမှုလှိုင်းတွေ တစ်လိမ့်လိမ့်တက်လာပြီး ကျွန်တော့်ရင်ခုန်သံတွေကလည်း မင်္ဂလာဦးနေ့တုန်းကလို မြန်ဆန် နွေးထွေးလာပါတော့တယ်။


Love Stories Destiny မှ The Divorce ( Unknown Author)

လူတယောက်နဲ့ ဝက်တကောင် (မောင်သာရ) - နိဂုံးပိုင်း

 ကုသိုလ်များကောင်းချင်တော့ မုတ်ဆိတ်ပျားစွဲ ဆိုသလို ကြံကြံဖန်ဖန် ကျုပ်နဲ့ ခြံချင်းကပ်ရပ်အိမ်မှာ လူတယောက်နဲ့ ဝက်တကောင် ပြောင်းရောက်လာကြတယ်။ ဝတ္ထုတိုတပုဒ်ဖြစ်ဖို့ ကုန်ကြမ်းပေါ့။ လူကတော့ လူငယ်ပဲ ပြောပါတော့။ အကောင်ကထွားပြီး တရားလွန် ဝနေလို့သာကို …။ ဘာရှိအုံးမှာလဲ။ အလွန်ဆုံးရှိလှ သုံးဆယ်ကျော်စပေါ့။

သူတို့အနောက်တိုင်းထုံးစံက နောက်မှပြောင်းရောက်လာတဲ့ အိမ်နီးနားချင်းလူသစ်လဲပဲ ကြိုဆိုနှုတ်ဆက်တဲ့အနေနဲ့ စကားမရှိစကားရှာပြီး မိတ်ဖွဲ့စပ်စုလေ့ မရှိကြတော့၊ ကျုပ်လဲ ဖါသိဖါသာပဲ နေလိုက်ပါတယ်။ ဒါပေမယ့် သိတယ်မဟုတ်လား။ လူက ဗမာလဲဖြစ်ပြန် စာရေးဆရာလဲဖြစ်ပြန်ဆိုတော့ ပါးစပ်က ပိတ်နေနိုင်ပေမယ့် စိတ်က မနေနိုင်ဘူး။ မျက်စိက မနေနိုင်ဘူး။ စရိုက်က ခေါက်ရိုးကျိုးနေပြီလေ …။ ကွယ်ရာက မသိမသာ လေ့လာနေဖြစ်တာပေါ့။

လူက ကြည်ရပုံထောက်တော့ အမေရိကန်အဖြူပါ။ လက်တင်အမေရိကဘက်ကလာတဲ့ စပိန်စကားပြော hispanic အဖြူပုံ မပေါက်ပါဘူး။ ပြီး သူနဲ့ပါလာတဲ့ ဝက်ကလဲ နေ့စဉ်သန့်စင်ထားလို့ပဲလား၊ ကျုပ်တို့မြောက်ဖျားဒေသရဲ့ ဝင်ရိုးစွန်းရာသီဥတုကြောင့်ပဲလားတော့ မပြောတတ်ဘူး။ အဖြူပဲ။

သိတယ်နော် …၊ ကျုပ်တို့ ရှမ်းပြည်တောင်ပိုင်း ‘ကလော’ အတက်နားမှာတောင်မှ ‘ဝက်ဖြူတောင်’ ဆိုတာ ရှိတယ်မဟုတ်လား။

ပြီးတော့လဲ လူရော ဝက်ရောက ဘာတွေ ဘယ်လောက်ထိ အပြိုင်စားထားသောက်လားကြလေတယ် မပြောတတ်ဘူး။ သူတို့အိမ် အဝင်တံခါးပေါက်မှာ သူတို့ပြိုင်တူ ဝင်ထွက်လို့ မရကြဘူးရယ်။ လုဝင်ရင် တစ်နေကြရော။

ပြောရအုံးမယ်။ သည်အမေရိကားမှာက သူဌေးသူကြွယ်တွေစံရာ အိမ်ကြီးရခိုင် ခုနှစ်ဆောင်ပြိုင် mansion ကြီးတွေသာ မဟုတ်လို့ကတော့၊ သာမန်အိမ်တိုင်းမှာ လူတကိုယ်စာ ဝင်သာထွက်သာရုံ ခပ်ကျဉ်းကျဉ်း တံခါးပေါက်ကလေးတပေါက်ပဲ ရှိတတ်ကြတယ်။

အဲသည်မှာ … သံဇကာတံခါးတထပ်၊ သစ်သားတံခါးတထပ်နဲ့ ခြင်ယင်လဲလုံ၊ လေလဲ လုံရတယ်။ ပြီး တဖက်ဖွင့် တံခါးရွက်တရွက်ပဲ တပ်ကြလေ့ရှိတယ်။ အမြဲတမ်းလဲ ပိတ်ထားတတ်ကြတယ်။ မကျယ်ဘူးရယ်။ သည်တော့ သူတို့ ချမ်းလို့ အိမ်ထဲ အမြန်လုဝင်ချင်လို့မရဘူး။ တကောင်ပြီးမှ တယောက်၊ ဒါမှမဟုတ် တယောက်ပြီးမှ တကောင်ပဲ။

ကိုယ့်လူရဲ့ ခန္ဓာကိုယ်အတ္တဘောကြီးကိုလဲ ကြည့်အုံးလေ …။ အရပ်က ခြောက်ပေကျော် မိုးထိုးနေလို့သာ တော်တော့တယ်။ ကျုပ်ထက်ကို နှစ်ဆလောက် ဝနေတယ်ဆိုတော့၊ အနည်းကလေး ပေါင်ချိန် ၃၆၀ ရဲ့အထက်မှာပဲ ရှိမယ်။ နော့ … လမ်းလျှောက်ရင် ခြေထောက်မှ ရှေ့တည့်တည့် လှမ်းမလျှောက်နိုင်တော့ တာပဲ။

သူ့ခါးက ဝတ်နေကျ ဘောင်းဘီတွေကိုလဲ ကြည့်အုံးလေ။ သူများတကာတွေလို ကြယ်သီးတပ်၊ ဇစ်တပ်၊ ခါးပတ် ပတ် ဝတ်ရတာမျိုးမှ မဟုတ်တော့တာပဲ။ များသောအားဖြင့်က ကျောင်းထားခါစ ဘောင်းဘီမမြဲတတ်သေးတဲ့ အရွယ်တွေမှာလို ခါးရှုံ့မျှော့ကြိုးတပ် ပုခုံးသိုင်းကြိုးနဲ့ ဆွဲဝတ်နေရတော့တာလေ။

ဆောင်းတွင်းမှာသာ အပေါ်က အင်းကျီအထပ်ထပ် ဝတ်ထားလို့ မမြင်ရတာကို။ နွေရောက်တော့ T ရှပ်ပေါ်မှာက အတိုင်းသား။ ကျောဘက် စလွယ်သိုင်း y ကြိုးနဲ့။ ကျုပ် ကြံကြံဖန်ဖန် စဉ်းစားကြည့်မိတယ်။ စိတ်ကူးနဲ့ စမ်း ဝတ်ကြည့်တာပေါ့လေ …။ ကျုပ်တို့ရဲ့ ရခိုင်ပုဆို အနံကြီး ကွင်းကျယ်တထည်သာ ပေးဝတ်လိုက်ရရင် သူ့ခါးနဲ့ကတော့ အံကိုက် ခွခေါင်းအုံးစွပ်လို ဖြစ်သွားမယ် ထင်တယ်။

သိတယ်နော် …။ ကျုပ်တို့ ny ပြည်နယ်အနောက်မြောက်ပိုင်းရဲ့ နိုင်ငံကျော် ရာသီဥတုဆိုးဝါးမှုအကြောင်းကို။ သောင်းကျန်းသလား မမေးနဲ့။ အမေရိကန်ဇာတိ နိုင်ငံသားတွေတောင် လက်ဖျားခါတတ်ကြတဲ့ဒေသ။ တနှစ်မှာ ဆောင်းရာသီက အောက်တိုဘာကနေ မတ်လကုန်အထိ ခြောက်လလေ…။

ပြက္ခဒိန်အရမဟုတ်တဲ့ လက်တွေ့ရာသီပေါ့နော်။ သည်ခြောက်လေးထဲမှာလဲ များသောအားဖြင့်က နှင်းတွေဖုံးထားတဲ့အတွက် မြေကြီးမမြင်ရ မြက်မမြင်ရ၊ သစ်ပင်တွေမှာလဲ သက်ရွက်မမြင်ရ၊ အရိုးပြိုင်းပြိုင်း။ ပြီး နှင်းဖတ်နှင်းလွှာ တလှည့်၊ နှမ်းနှင်းမိုးတလှည့်၊ နှင်းမိုးသီးမိုးပေါက်တလှည့်၊ ရေခဲမိုးတလှည့်၊ နှင်းမုန်တိုင်းတလှည့်နဲ့ … နှင်းလွတ်တဲ့နေ့ရယ်လို့မှ ဟုတ်တိပတ်တိ မရှိတော့တာပဲ။

အဲ … ဆောင်းနေတာတိုကလေးတွေထဲမှာ တခါတခါ ကံအားလျော်စွာ နေကလေး ပွင့်လာလို့များ ခဏတဖြုတ် မြင်လိုက်ကြရရင် … အို လူတွေမှာ ပြုံးကြပျော်ကြလို့။ tv,radio မှာ ဒေသမိုးလေဝသဌာနကလဲ ၁၅ မိနစ်တကြိမ် လက်ပန်းပေါင်းခတ် ကျေညာသလေ …။ beautiful day ချင်းကို မိုးမွှန်လို့။ နေ့က လှမှ လှ၊ သာမှ သာ ဆိုပဲ။

ကျုပ် မှတ်မိသေးတယ်။ ကျုပ်တို့ငယ်ငယ်က တပိုင်းတစ လိုက်ဆိုခဲ့ကြဖူးတဲ့ အင်္ဂလိပ်သီချင်းလေ …။ you are my sunshine; my only sunshine; you never know dear; how much I love you; please don’t take my sunshine away … ဆိုတယ် မဟုတ်လား။ နေရောင်ကို ချစ်သူအဖြစ်နဲ့ တင်စားပြီး သုံးထားတာပေါ့။

ဘယ် ကျုပ် လိုက်လျောခံစားလို့ ရပါ့မလဲ။ ကျုပ်က ဗမာပြည်မှာမှ အဝါရောင် အပူပိုင်းဇုံရဲ့အလယ်ကောင် မန္တလေးမှာမွေးတဲ့ အညာသား။ ဖွတ်ကျား …။ ကြားရတာနဲ့ကို စိတ်ကုန်လိုက်တာ။ နေရောင်ကြီး သည်လောက် ခြစ်ခြစ်တောက် ပူနေတာကိုများ ‘ချစ်သူ’ တဲ့။ သီချင်းရေးဆရာ စိတ်မှနှံ့ရဲလား အောက်မေ့ခဲ့မိတယ်။
အခုတော့ ကျုပ် သဘောပေါက်ပါပြီ။ သူ့ရဲ့ ဥဒါဟရုဏ်ကလေးကိုလဲ ကျုပ် ခံစားလို့ရပါပြီ။

ပြောရအုံးမယ်။ အဲသည်တော့ ဆောင်း ဝင်ပြီတဲ့ဟေ့ဆိုရင် ကျုပ်တို့မှာတော့ ပရွက်ဆိတ်ထုံး နှလုံးမူပြီး ရိက္ခာဗူးတွေ ရိက္ခာခြောက်တွေ စုဆောင်းသိုလှောင် ကုန်ကြရပြီ။ ခါတိုင်းလို နို့ဆီတလုံး ဆပ်ပြာတခဲနဲ့ အပြင်ထွက်ဝယ်လို့ မဖြစ်တော့ဘူးလေ …။

လူတွေလဲ ကိုယ့်အိမ်ထဲကိုယ် ထောင်ကျကုန်ကြတာပေါ့။ အကြောင်းကြီးငယ် မရှိပဲ၊ ဘယ်သူမှ အိမ်ထဲကအိမ်ပြင် မထွက်ချင်ကြတော့ဘူး။ အဲ … ကျောင်းသားတွေ အလုပ်သမားတွေကတော့ မလွှဲမရှောင်သာ ထွက်ကြရတာပေါ့နော် …။ ဒါလည်း သူတို့သွားကြရတဲ့ ကားတွေ ရထားတွေထဲမှာနဲ့ ကျောင်း ရုံး အလုပ်ခွင် ဈေးဆိုင် စသည်တွေထဲမှာက အပူဓာတ် လွှတ်ပေးထားတော့ နွေးပါတယ်။

တခုတော့ ရှိတာပေါ့လေ …။ အပြင်ဘက် လမ်းပေါ်မှာ ခြေလျင်လျှောက်သွားရလာရမယ် ဆိုရင်တော့လဲ တမျိုးပေါ့။ ဝတ်ပေတော့ အနွေးထည် အမျိုးမျိုး အထပ်ထပ်။ သာမန် ဖလံထည် သိုးမွှေး သက္ကလပ် ဆိုတာတွေနဲ့ကတော့ မလုံတတ်ဘူး။ အရိုး ခိုက်တယ်။ ခွေးတွေ ကြောင်တွေတောင် မေးရိုက်တယ် ဆိုတဲ့ အချမ်းမျိုးရယ်။

အဲသည်တော့ ဒေသသုံး ကိုယ်ငွေ့ထိန်း thermos အသားကပ် အင်းကျီဘောင်းဘီတွေ အောက်ကခံ ဝတ်ကြရတယ်။ ပြီး နားရွက်အုပ် စွပ်၊ လက်အိတ်စွပ်၊ မျက်လုံးပဲ ဖေါ်တဲ့ ခေါင်းစွပ် ဝတ်၊ ကော်မျက်မှန်အဖြစ် တပ်၊ သိုးမွှေးထူခြေအိတ်ရှည်နဲ့ နှင်းတောတိုး သားရေဖိနပ်ရှည်စီး၊ နှင်းကာမိုးကာ ဒူးဖုံးအပေါ်အင်းကျီနဲ့ တကိုယ်လုံးကို အထပ်ထပ် ထုပ်ပြီးမှ အပြင်ထွက်ရတယ်။ ပြောပကော …။

ဒေသမိုးလေဝသဌာနကလဲ အပြတ် သတိပေးလှုံ့ဆော်နေတာပဲ။ အပြင်ဘက် ထွက်ကြရရင်လဲ ၁၅ မိနစ်ထက် ပိုကြာကြာ မနေဖို့၊ နှာဖျား နှုတ်ခမ်း နားရွက်တွေ ကြွေမကျရအောင် သတိထား ဖုံးအုပ်ဖို့၊ အအေးဒဏ်ကြောင့် အရေခွံတွေဖေါင်းပြီး မီးလောင်ဖုတွေလို ဖြစ်လာခဲ့ရင်လဲ နီးရာဆေးရုံဆေးခန်း အမြန်ပြေးဖို့ … စသဖြင့် စိုးရိမ်ကြီးစွာ ကျေညာနေတာပဲ။

ကျုပ် ပြောချင်တာက … ဒါ ကျုပ်ဝတ္ထုရဲ့ နောက်ခံပန်းချီကားပါ။ တရားလွန် အေးတယ်ပေါ့။ ကျုပ်တို့ ဗမာစာပေထဲက လက်ဝဲသုန္ဒရရဲ့ ‘မဲဇာတောင်ခြေ’ ချီရတု … သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်သည်းထန်၊ သွန်းချပြန်သော် … ဆိုတာကို သွား သတိရတယ်။ သည်မှာက ‘မဲဇာ’ထက် အဆပေါင်းများစွာ ပိုအေးတယ်။

သည်တော့ ကိုယ်ကို အနွေးထည်နဲ့ ကောက်ညှင်းဆိုင်းထုပ်လို့ ထုပ်၊ ပြီးမှ ပင်ဂွင်းငှက်လို လက်ကားယား ခြေကားယား လှုပ်လှုပ်လှုပ်လှုပ်နဲ့ မနိုင်တနိုင် လျှောက်ပြီးထွက်။ ဘာနဲ့တူသလဲဆိုတော့ အဝတ်ထုပ်အထုပ်ကြီး ရွေ့လာသလိုပေါ့။

အသိတယောက်နဲ့တယောက် လမ်းမှာတွေ့လို့လဲ ရုတ်တရက် ဘယ်မှတ်မိကြလိမ့်မလဲ။ ပြီးတော့ အသက်ရှူလိုက်တိုင်း တထောင်းထောင်းထွက်နေတဲ့ နှာငွေ့တွေက မျက်ခုံးမွှေးပေါ်မှာ မျက်မှန်ပေါ်မှာ တွယ်ကပ်ပြီး နှင်းဖတ်တွေ ဖြစ်ကုန်ကြရော။ သည်တော့ ရေးတေးတေးသာ မြင်ရတော့တာကလား။

အမှန်တော့ ဆောင်းတွင်းမှာ အပြင်ဘက် ခြေလျင်လျှောက်ထွက်ဖို့ဆိုတာ မလွယ်ဘူးရယ်။ သဲထဲ ခြေကျွံတာနဲ့ နှင်တွေ ရေခဲမှုံတွေထဲ ခြေကျွံတာကလဲ လုံးဝ မတူဘူး။ ပြန် အနုတ်ရ ခက်တာချင်း တူတယ်ထားအုံးတော့၊ သဲသဘာဝက ခြေထောက်မှာ ဖိနပ်မှာ ကပ်မပါလာဘူး။ နှင်းကတော့ ခြေနင်းရှည်တဖက်တဖက် အနည်း တပိဿာ နှစ်ပိဿာ ကပ်ပါလာတတ်တာ။

ပြီးတော့ သဲထဲမှာက ချော်လဲစရာ အကြောင်းမရှိဘူး။ နှင်းထုထဲမှာကတော့ အောက်ပိုင်းကခဲပြီး ရေခဲပြင် ဖြစ်နေရင် ကလေးလူကြီး အကုန်ချော်လဲတတ်ကြတာပဲ။ သည်လို ချော်လဲကြလို့ နှစ်စဉ် ကျိုးတဲ့လူ သေတဲ့လူတွေတောင် နိုင်ငံအနှံ့ဆိုရင် ထောင်ဂဏန်းနဲ့ချီ ရှိလိမ့်မယ်ထင်တယ်။

ပြီးတော့လဲ လူတိုင်းလူတိုင်းမှာ ဝတ်ထားကြရတဲ့အဝတ်တွေရဲ့ အလေးချိန်က ကိုယ့်ခန္ဓာကိုယ်အလေးချိန်ထက် ပိုရင်သာပိုမယ်၊ လျော့မယ်မထင်ဘူး။ သည်တော့ နှင်းထဲလျှောက်ရတာက ကိုယ့်ကိုယ်ကို ထမ်းသယ်သွားရသလို ဖြစ်နေတာလေ …။ ဘယ့်နှယ့် ဆယ်လှမ်း ဆယ့်ငါးလှမ်း လှမ်းလိုက်ရင်ပဲ အတွင်းထဲမှာက ချွေးစို့ချင်လာပြီ။ မောချင်လာပြီ။

ကိုယ့်လူ အိမ်နီးနားချင်းခမျာလဲ ကျုပ်လိုပဲ အပြင်ဘက် သိပ်မထွက်နိုင်ပါဘူး။ သူကမှ ကျုပ်ထက် ပိုဆိုးအုံးမယ်။ မတော် သူ့ခန္ဓာကြီးနဲ့များ နှင်းတွေထဲ ပစ်လဲလိုက်ရလို့ကတော့၊ ကိုယ့်ဘာသာကိုယ် ပြန်ထနိုင်ဖို့က ဘယ်လွယ်လိမ့်မလဲ။ ဘဲဥကို မှန်ပေါ် ပြန်ထောင်ရသလို နေမှာ …။

ခက်တာက သူ့မှာလဲ ကျုပ်လိုပဲ အိမ်ရှင်မ မရှိဘူး။

အရေးထဲ အိမ်ထဲမှာ ဝက်တကောင်ကလည်း ထည့် မွေးထားသေးတယ်။ လူစာရော ဝက်စာရော ဝယ်ဖို့ခြမ်းဖို့အတွက်က အနည်းဆုံး တပတ်အခါတော့ ဈေးသွားဖို့ လိုမှာပေါ့။ ပြီး သူလုပ်နေတဲ့ အလုပ်အတွက်ကလဲ သူများတကာလို့ တပတ်မှာ ငါးရက်ကတော့ ထွက်ရမှာပေါ့။ သူ ဘာလုပ်သလဲ။ သူ့အလုပ်က ဘယ်မှာလဲ။ ကျုပ် မသိဘူး။ ဒါပေမယ့် အလုပ်သွားဖို့ အပြင်ထွက်ဖို့ကတော့ သူ့မှာလဲ ကိုယ်ပိုင် မှန်လုံထရပ်ကား ရှိပါတယ်။

အဲ … ကားဆိုလို့ ပြောရအုံးမယ်။ သူ့ရဲ့အခြေအနေအရာ သူ့ကားကိုလဲ သူ့အိမ်နဲ့တွဲရက်က ကားဂိုဒေါင်ထဲမှာ ထည့်ထားရတယ်လေ။ သိတယ်နော် … သည်နိုင်ငံမှာက ကားကို ဂိုဒေါင်နဲ့ထားနိုင်တယ်။ ကားဂိုဒေါင် တွဲရက်ပါတဲ့ လုံးချင်းတထပ်တည်းအိမ် ငှားနေနိုင်တယ်ဆိုတာ နည်းတဲ့အဆင့်မဟုတ်ဘူး။

ဂိုဒေါင်ငှားခပါ ပေးရမှာဖြစ်တဲ့အတွက် အိမ်လခ ဈေးကြီးမယ်။ ပေးနိုင်ဖို့အတွက်ကလည်း ဝင်ငွေကောင်းရမယ်။
ဒါပေမယ့် ကိုယ့်လူရဲ့အခြေအနေက ကားထည့်ထားဖို့ ဂိုဒေါင်ပါမှကို ဖြစ်မယ်။ သူများတကာတွေလို ကားကို အိမ်ရှေ့လမ်းဘေး ရပ်ထားလို့မဖြစ်ဘူး။ ကားက အဖိုးတန်လို့ ကောင်းလှသစ်လှလို့ မဟုတ်ဘူး။ သူက သူ့ကိုယ်သူမှ အနိုင်နိုင်မဟုတ်လား။

ခုလို ဆောင်းတွင်းမှာ သူများတကာရဲ့ကားတွေလို အပြင်မှာရပ်ထားလိုက်လို့ … တညလောက်များ နှင်းကျများတာနဲ့ကြုံလိုက်ရင် သူ့အဖို့က ဘယ်လွယ်လိမ့်မလဲ။ တခါတလေ နှင်းက အကျများရင်း ထူရင်၊ နှင်းမုန်တိုင်းနဲ့ ကြုံရင် … တညဆို ဆိုသလောက် မနက်မိုးလင်းလို့ သွားစရာရှိရင် ကိုယ့်ဟာကိုယ် နှင်းထုအောက်က ပြန်တူးဖေါ်ယူရတတ်တာလေ …။ နှင်း ဆိုတာကလဲ မိုးလိုပဲပေါ့။ ကျချိန်ကန်သတ်ချက် ဘယ်ရှိမှာလဲ။ ပြီးတော့ တခါတရံ မိုးစွေသလို စွေတတ်တာမျိုးပဲ။


မနှစ်က ဒီဇင်ဘာ ခရစ်စမတ်အကြိုည၊ တနှစ်က နိုဝင်ဘာ ၁၀ ရက်နဲ့ ဇန်နဝါရီ ၁၁ ရက်တွေမှာကျတဲ့ နှင်းမုန်တိုင်းမျိုးတွေနဲ့သာ တိုးလိုက်ရလို့ကတော့၊ မြေပြင်ပေါ်မှာ အမြင့် ၇ ပေခွဲတို့၊ ၉ ပေတို့အထိ ရှိတာလေ။

ပြီးတော့လဲ ၀၆ ခုနှစ်ကဆိုရင် နှင်းက ၃၂ နာရီဆက်တိုက် တဖွဲဖွဲနဲ့ ကျနေတာ။ တချို့အိမ်တွေ ပြတင်းမှန်တံခါးတွေအထိ တက်ပိတာ။ တချို့အိမ်တွေ တံစက်မြိတ်ရေတံလျှောက်တွေ ပြုတ်ကျ၊ တချို့အိမ်တွေ အမိုးပြန့်တွေ ပြိုကျ၊ တချို့အိမ်တွေ လျှပ်စစ်တွေ ပြတ် အမှောင်ကျ၊ တချို့အိမ်တွေက ရေပိုက်တွေ ပေါက်ကွဲ ရေမရ၊ တချို့အိမ်တွေ အပူပေးဓာတ်ငွေ့ပိုက်တွေ ပျက်နဲ့ … လူထုကို အတော်ဒုက္ခရောက်လိုက်ကြတာ။

နယ်မြေအစိုးကလဲ အရေးပေါ်အခြေအနေ ကျေညာလို့ အကူအညီတွေ တောင်း။ ပတ်ဝန်းကျင်နဲ့ကလဲ လမ်းပန်းဆက်သွယ်ရေးတွေ အကုန်ပြတ်။ လေယာဉ်ကွင်းတွေကလဲ သုံးမရ။ ခရီးသည်တွေလဲ ထောင်နဲ့ချီ သောင်တင်။ သက်ကြီးရွယ်အိုတွေတချို့တောင် ခန္ဓာကြွေကုန်ကြရတယ်။ လေဘေး ရေဘေး ဒုက္ခလို နှင်းဘေးဒုက္ခ ဆိုရမှာပေါ့။

ကဲ သည်လိုအချိန်မျိုးမှာ ကိုယ့်လူရဲ့ကားသာ အပြင်လမ်းဘေးရပ်ထားလို့ကတော့ ဘယ်သူက ရေခဲထဲက ပြန်ဖေါ်ပေးမလဲ။ ပေါက်ပြားပေါက်ချွန်းတွေ ဂေါ်ပြားငန်းပြားတွေနဲ့ နှင်းထဲမှာ ပြန်ဖေါ်ထုတ်ရမှာလေ။ သည်အချိန်မှာ တောင်မင်းမြောက်မင်း မကယ်နိုင်၊ ကိုယ့်ဒုက္ခနဲ့ကိုယ် ဘယ်သူကမှလဲ လာမကူနိုင်ဘူး။ ငွေပေးခိုင်းလို့လဲ မရနိုင်ဘူး။ မှန်တယ်။ သူ့တွက်ကိန်းနဲ့ သူ။ ကားဂိုဒေါင်တွဲရက်ပါတဲ့ အိမ်ကို ရှာ ငှါးတာ မှန်တယ်။

ဒါတောင်မှ လက်တွေ့ကျတော့ ကိုယ့်လူ မသက်သာရှာပါဘူး။ ကားဂိုဒေါင်တံခါးဖွင့်ဖို့နဲ့ ဂိုဒေါင်ထဲကနေ ကားလမ်းပေါ်ရောက်တဲ့အထိ ကားမောင်းထွက်ဖို့က ဝါးတရိုက်သာသာလောက်ကတော့ နှင်းကော် လမ်းဖေါက်ရအုံးမှာပဲလေ။ ခက်တာက နှင်းထုရေခဲထုကို ရေပိုက်နဲ့ ဆေးပစ်လို့ကလဲ မရဘူး။

ပြီးတော့ များသောအားဖြင့် အခွေလိုက်ထားတဲ့ ရေပိုက်တွေထဲမှာက မြွေကိုအစာသွပ်ထားသလို ရေတွေက ခဲနေပြီ။ ဒါပေမယ့် သည်မှာက ကိုယ့်လူလိုသာ ပိုက်ဆံတက်နိုင်ရင် လူတကိုယ်တက်ထိုင်ပြီးမောင်းလို့ရတဲ့ နှင်းခုတ်စက်ကလေးတွေ ဝယ်လို့ရပါတယ်။

စစ်မြေပြင်ရှေ့တန်းမှာ မြောင်းရှည်ကတုတ်ကျင်းတူးသလို အလျားလိုက်တူးပြီး လမ်းလုပ်ရတာပေါ့။ အောက်ကပေါ်လာတဲ့ မြေကြီးနဲ့ကပ်ရက် ရေခဲပြင်ကိုလည်း မြန်မြန်အရည်ပျော်သွားအောင်နဲ့ ပြန်မခဲအောင် ချော်မလဲအောင် ဆားကြမ်းတွေ ပက်ဖြူးပေါ့။ အဲသည်လို လုပ်တာကိုပဲ ကားတကားစာ မောင်းထွက်နိုင်ဖို့က တနာရီလောက် ချွေးပြိုက်ပြိုက်ကျ သူ့ခမျာ လုပ်ရရှာတယ်။

အင်း … ကားလမ်းမတွေပေါ်ကတော့ စည်ပင်သာယာတို့၊ မီးသတ်တပ်ဖွဲ့တို့၊ နှင်းရှင်းတပ်ဖွဲ့တို့၊ အရေးပေါ်ယန္တားတပ်ဖွဲ့တို့၊ စေတနာ့ဝန်ထမ်းတပ်ဖွဲ့တို့၊ စစ်တပ်တို့က စုပေါင်းတာဝန်ယူကြတယ်လေ …။

သူတို့တတွေကတော့ ဧရာမ ကျွဲရိုင်းစက်တပ် ယာဉ်ကြီးတွေနဲ့ ၂၄ နာရီမနားတမ်း လှည့်ပတ်ရှင်းနေကြတာပေါ့။
အဲ … ကိုယ့်လူရဲ့အလုပ်ကလဲ ဘယ်မှာ ဘာလုပ်တယ်သာ မပြောတတ်တာ။ မနက်ပိုင်းတော့ အိမ်ကထွက်တာ မြင်ရတာပဲ။ သူများတကာကမှ စနေတနင်္ဂနွေ နားကြရသေးတယ်။ သူကတော့ တခါတရံမှ တနင်္ဂနွေလိုရက်မျိုးနဲ့ အခါကြီးရက်ကြီးတွေလိုရက်မျိုးမှာသာ အိမ်ကပ်တာ တွေ့ရတယ်။

မနက်ဖက်ဆိုရင် ကျုပ်အိပ်ရာကနိုးလို့ ရေနွေးအိုးတည်ရင်း ပြတင်းပေါက်ကနေ လှမ်းငုံ့ကြည့်လိုက်။ သူ့ကို ကားဂိုဒေါင်မှာ အပြင်ထွက်ဖို့ ပြင်နေတာ တွေ့ရပြီ။ အချိန်ကို မှန်လို့။ ညနေဘက်ကျတော့လဲ သူ့ဥစ္စာက အချိန်ပို အလုပ်ဆင်းရလို့ပဲလား၊ ဒါမှမဟုတ် သူ့အလုပ်နဲ့အိမ်က ဝေးနေလို့ပဲလား မပြေတတ်ဘူး။ များသောအားဖြင့် ဆောင်းတွင်းဆို မှောင်မှ မီးထွန်းချိန်ရောက်မှသာ ကားဆိုက်သံ ဂိုဒေါင်တံခါးပိတ်သံ ကြားရတာပဲ။

အင်း … အချိန်ပိုသာ လုပ်နေရလို့ကတော့၊ တပတ်ကို အလုပ်ချိန် အနည်းဆုံး နာရီ ၅၀ လောက်အထိ ရှိနိုင်တယ်။ သူ့ကားပုံပန်းအရ သူ့ကိုယ်ဝတ်စားထားပုံအရ သူတို့လို ကော်လာဖြူ ဉာဏအလုပ်သမားတွေ ရကြလေ့ရှိတဲ့ အနည်းဆုံး လုပ်ခ တနာရီ ၁၄ ဒေါ်လာနှုန်းနဲ့ပဲ တွက်ကြည့်အုံး။ အခွန်အကောက်မျိုးမျိုး နုတ်ပြီး၊ အာမခံကြေးတွေ ဘာညာကြေးတွေဖြတ်ပြီး တပတ်ဝင်ငွေ အသားတင် ဒေါ်လာ ၇၀၀ လောက် ရနိုင်တယ်။ ၆၀၀ ပဲထားအုံး။ တနှစ်ဝင်ငွေ သုံးသောင်းကျော် ရနိုင်တယ်။

ဖြစ်နိုင်တယ်။ သည်ဝင်ငွေမျိုးနဲ့မို့ သည်လိုအိမ်မျိုး ငှားနေနိုင်တာပေါ့။ ကျုပ်နေတဲ့အိမ်နဲ့က ဘာမှ မနှိုင်းယှဉ်သာဘူး။ သူ့အိမ်မှာက အိမ်ခန်းနှစ်ခန်း။ မြေပေါ်မှာ တထပ်တည်း။ လုံးချင်းအိမ်။ အိမ်ခန်းတွဲ မရှိဘူး။ ပြီး နောက်ဖေးဘက်မှာကလဲ မြေပိုကွက်လပ် တအိမ်စာလောက် ရှိသေးတယ်။ သီးသန့်ပါတီလုပ်ချင်ရင် လုပ်လို့ရအောင် ထားတဲ့သဘော။ ။

ကျုပ်က နှစ်ထပ်အိမ်။ အိပ်ခန်းတခန်း၊ ရေချိုးခန်းတခန်း၊ အိမ်ရှေ့ခန်းတခန်းနဲ့ မီးဖိုခန်းတခန်။ ဒါပဲ။ ကျုပ်က အပေါ်ထပ်မှာ နေတယ်။ အောက်ထပ်မှာက စုံတွဲတတွဲ နေတယ်။ ပြီး နောက်ဖေးပိုင်း မြေပိုမှာက နောက်တအိမ်။ နောက်အိမ်ငှား နှစ်ဦး။ ခြံဝင်းတဝင်းထဲမှာ အိမ်နှစ်လုံး။ လူငှား လေးဦး။ ကားထားစရာ နေရာပို မရှိဘူး။ ရှိသမျှကားတွေ အကုန် လမ်းမပေါ် စင်္ကြံနဲ့ကပ် ရပ်ထားကြ။ သိုက်သိုက်ဝန်းဝန်းပဲ။ ဒါပေမယ့် ရပ်ကွက်က သန့်တော့၊ လူတွေကလဲ မွန်ရည်ကြပါတယ်။ ကျုပ်တောင်မှ အဖိုးကြီးအို စာရေးဆရာ တယောက်တည်းနေမှာ ဆိုလို့ အိမ်ရှင်က ငှားတာရယ်။


ကျုပ်တွက်ရင် လွဲခဲပါတယ်။ နောက်ပိုင်း သူ့အိမ်ရှင်က လဆန်းပိုင်း အိမ်လခလာယူတဲ့ ကျုပ်တို့အိမ်ရှင်ကို ပါးစပ်ဖွာပြီး ကြွားတော့မှ ကျုပ်လဲ ကြားရတယ်။ သူ့အိမ်လခက တလ တထောင့်တရာတဲ့။ တရာက တိရစ္ဆာန်ပါ လက်ခံထားခ တဲ့။ တခြား ဂက်စ်မီတာခ၊ လျှပ်စစ်မီတာခ အိမ်ဖုံးကြေး ဆဲလ်ဖုံးကြေးနဲ့ အားလုံးပေါင်းလိုက်ရင် ထောင့်လေးငါးရာ ဘယ်ပြေးလွတ်လိမ့်မလဲ။ ဘယ် ကျုပ်အိမ်လခက ၄၅၀ ရယ်။ ထီးဝန်းနဲ့ မှိုဖြူ … ဘာမှမဆိုင်ဘူး။

ဒါတောင်နော် တခြားစားသုံးစရိတ်တွေ မပါသေးဘူး။ ခန့်မှန်းသာ ကြည့်တော့လေ။ လူစာသာမက ဝက်ကလဲရှိအုံးမှာ မဟုတ်လား။ ။ အဲ … ပြောဖို့ မေ့နေတယ်။ ကိုယ့်လူကသာ စက်ချလင် တာယာကြော်ငြာပုံလို လေထိုးရုပ်ကြီး ဖြစ်နေတာမဟုတ်ဘူး။ သူ့ဝက်ကလဲ နွေရာသီရောက်လို့ နောက်ဖေးဘက်မြက်ခင်းပေါ် ထွက် ဘောလုံးနဲ့ဆော့ကြတော့မှ သိရတယ်။ ဗိုက်က မြေကြီး ရှပ်တိုက်နေပြီ။

ဝက် ဆိုတဲ့သတ္တဝါရဲ့ သဘောကလဲ ကြားဖူးတယ်မဟုတ်လား။ စားခွက်ထဲမှာ အစာရှိနေလို့ကတော့ မအိပ်ပဲ မနားပဲ အစားနဲ့ပါးစပ် မပြတ် စားနေဝါးနေတဲ့အမျိုးလေ …။

ကျုပ်တို့တိုင်းပြည်မှာတော့ ဝက်မွေးတဲ့လူတချို့ကို တွေ့ဖူးပါရဲ့။ အရပ်ထဲက အိမ်နီးနားချင်းတွေကို သောက်ရေအိုးဟောင်းတွေ လိုက်ပို့ထားပြီး၊ တမင်းရည် ထမင်းကြမ်း စားကြွင်းစားကျန်နဲ့ ဟင်းသီးဟင်းရွက် အမှိုက်တွေ လွှင့်မပစ်ပဲ စုထည့်ပေးထားဖို့ တောင်းမယ်လေ …။

ပြီးတော့ ဈေးထဲသွား။ အမှိုက်ပုံမှာ ပစ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေထဲက နည်းနည်းလတ်သေးတာတွေ ရွေး ကောက်ယူ … အဲဒါတွေအားလုံး ရောမွှေ … ဖွဲနု နှမ်းဖက်ကလေး ပါလေကာဖြူးပြီး သစ်သားဇလားကြီးထဲထည့် ကျွေးကြတာပဲ။ သူ့လို တကူးတကန့် မြွေရေခွံအိတ်နဲ့ထည့်ရောင်းတဲ့ ဝက်စာကို ဝယ်ကျွေးတယ်လို့ရယ်လို့ မကြုံဘူး မကြားဘူးပေါင်။

အဲ … ကောင်ရေအများကြီးမွေးတဲ့ မွေးမြူရေးသမားတွေတော့ မပြောတတ်ဘူးပေါ့နော်။ ဈေးထဲက ကျုပ်တို့ဝယ်စားကြတဲ့ ဝက်သားဆိုတာကလဲ … သည်လို တနိုင်တပိုင် မွေးထားတတ်ကြတဲ့ ဝက်တွေသာ များတာပါပဲ။ ဝက်သတ်လိုင်စင်ရ တရုတ်တွေရဲ့ ကိုယ်စားလှယ်တွေက သည်လို အရပ်တကာ ရွာတကာ နယ်တကာ လျှောက်လှည့်ပြီး ဝယ်ကြတာပါပဲ။

အဲ … သည်အမေရိကားနိုင်ငံမှာတော့ ဘယ် ကျုပ်တို့လိုပုံစံနဲ့ မွေးလို့ရပါလိမ့်မလဲ။ တိရစ္ဆာန်ကိုတော့ မွေးထားပြီး အစာ ဝဝလင်လင် ကောင်းကောင်းမွန်မွန် မကျွေးပါဘူး၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အပုပ်အစပ် ပိုးထိုးလောက်ကိုက်တွေ ကောက်ကျွေးပါတယ်။ သန့်သန့်ရှင်းရှင်းလဲ မထားပါဘူး။ တိမွေးကုဆရာဝန်နဲ့လဲ စနစ်တကျမှတ်ပုံတင်လား အချိန်မှန် ဆေးဝါးကုသလားလဲ မလုပ်ပါဘူး … ဆိုတဲ့ တိရစ္ဆာန် နှိပ်စက်ညှဉ်းပမ်းမှု ကာကွယ်ရေးပုဒ်မတွေနဲ့ တရားစွဲခံလိုက်ရ အဖမ်းအချုပ်ခံလိုက်ရမယ့်အမျိုး။

တရားဝင် မှတ်ပုံတင်ပြီး အာမခံ ထားလိုက်လို့၊ လျော်ကြေးပေးလိုက်လို့၊ ဒဏ်ငွေဆောင်လိုက်လို့ …၊ အမှုက ပြီးပြတ်သွားရင် တော်ရဲ့။ အခန့်မသင့်လို့များ တိရစ္ဆာန်တကောင်ကောင်မှာ ကူးစက်ရောဂါ တစုံတရာ ရှာတွေ့သွားရင် … အဲဒါ သွားလေရော့ မီးခိုးမဆုံး မိုးမဆုံး။ ပိုင်ရှင် ထောင်ထဲအထိ ရောက်နိုင်တယ်။

ပြောရအုံးမယ်။ သည်အမေရိကားမှက တိရစ္ဆာန်မွေးမြူစောင့်ရှောက်ရေးနဲ့ပတ်သက်လို့ ဥပဒေစည်းကမ်းတွေ ရှိတယ်။ ပြီး နိုင်ငံတိုင်းမှာလိုပဲ s.p.c.a ဆိုတဲ့ တိရစ္ဆာန်နှပ်စက်ညှဉ်းပမ်းမှု ကာကွယ်ရေး ရဲတပ်ဖွဲ့ သီးသန့်ရှိတယ်။ တခြား မှုခင်းရဲတွေလို လက်နက်ကိုင် ယန္တရားတပ်ဖွဲ့ပဲ။ ရဲကားတွေ အချုပ်ကားတွေ တိရစ္ဆာန်နာတင်ကားတွေ သူနာပြုတွေနဲ့။

လမ်းကြို လမ်းကြားတွေကအစ အမြဲတမ်း ကင်းလှည့်နေကြတာ။ အဲ … မတော်လို့များ သနားကြင်နာတတ်တဲ့ တစုံတယောက်က သူတို့ကို လှမ်းဖုံးဆက်တိုင်ကြားလိုက်ရင် … ပိုင်ရှင်တော့ ရှင်းလေရော။ ဝလင်အောင် ကျွေးစရာ၊ ဆရာဝန်ပြ ဆေးကုသစရာ ပိုက်ဆံမတတ်နိုင်လို့ပါ … ဆိုတဲ့ လျှောက်လဲချက်လဲ လက်မခံဘူး။ အဲ နှိပ်စက်ညှဉ်းပမ်းမှုပဲ။ မတတ်နိုင်ရင် မွေးမထားနဲ့ပဲ။ သူတို့အဖွဲ့ကိုအကြောင်းကြားပြီး အပ်နှံရမယ်တဲ့။ ‘မုတ်ဆိတ်မွေးမနိုင်ပဲ ပဲကြီးဟင်း မသောက်နဲ့’ ဆိုသလိုပေါ့။ ပြတ်တယ်။

ဒါပေမယ့် ကျုပ်ရဲ့အိမ်နီးနားချင်းသူငယ်ကတော့ အဲလိုလူမျိုး မဟုတ်ပါဘူး။ သူ့ဝက်ကို သူ့သား သူ့ညီလို သဘောထားတာရယ်။ ပြီးတော့ တတ်နိုင်တယ်လေ …။ သူ့ဝက်ကို သူ့အိမ်ထဲက ကျုပ်တို့ခြံဘက်အခန်းမှာ သူကိုယ်တိုင်လိုပဲ သီးသန့်အခန်းနဲ့ ထားတာရယ်၊ ပြီး ညီအကိုနှစ်ယောက် ညစဉ်ညတိုင်း အိမ်ရှေ့ခန်းထဲမှာ ဘောလုံးလှိမ့်ကစားနေကြတာ မြင်နေရတာပဲ။ ဘောလုံးကတော့ တင်းနစ်ဘောလုံး ထင်ပါရဲ့။

တခါတရံ ကြမ်းပြင်ပေါ်မှာ နပမ်းလုံးနေလား နေကြရဲ့။ အဲသလို တနာရီလောက် ဆော့ကြပြီးမှ လူရောဝက်ရော ရေမိုးချိုးပြီး ညနေစာ စားကြတာပဲ။ လူကတော့ စားပြီး မီးပိတ် အိပ်နေမှာပေါ့။ ဝက်ကတော့ တညလုံး တဆွတ်ဆွတ်နဲ့ စားနေသံ ကြားရတာပဲ။

အမှန်ကတော့ နေ့ဘက် ကိုယ့်လူအလုပ်သွားနေတုန်း တနေကုန် အခန်းတံခါးပိတ် ထားခဲ့တယ်ထင်ပါရဲ့။ ပြီး ညနေပြန်လာမှ သူ့အတွက်ရော ဝက်အတွက်ရော စားစရာပြင်ဆင်မယ်။ ပြီး ဘောလုံးနဲ့ ဆော့ကြမယ်။ နောက် ရေချိုးကြမယ်။ ပြီးမှ တဝ စားကြမယ်။ ။ ကြာတော့ ဝက်ကလဲ သည်အချိန်စာရင်းကို သိနေပြီပေါ့။ သူ့သခင် ပြန်လာမှ၊ ဘောလုံးကစားပြီးမှ အစာစားရမယ်ဆိုတာလဲ နားလည်နေပြီပေါ့။

အဲ … နွေရာသီရောက်တော့ အိမ်နောက်ဖက်က မြက်ခင်းပြင်မှာ … ငယ် လတ် ကြီး ဘောလုံးသုံးလုံး လိမ့်နေကြတာ ကျုပ် အတိုင်းသား မြင်ရပါတယ်။ ကျုပ်တို့ မြို့တွေထဲက လမ်းလယ်ကောင်မှာ ကစားတတ်ကြတဲ့ ကလေးဘောလုံးပွဲတွေမှာလိုမျိုး … ပိုက်တပ် ဂိုးတိုင်းအသေးစားကလေးတွေ တဖက်တချက် နေရာချထားလို့။ လူကတော့ ခြေတောက်နဲ့ တို့ တို့ပြီး လှိမ့်တာပေါ့လေ…။

အဲ … ဝက်ကတော့ နှုတ်သီးနဲ့ ထိုးလိုက် ကလော်လိုက်လိုက်ပေါ့။ သူဖက်ကိုယ်ဖက် မရှိ၊ ကြုံရာဂိုးပေါက်ထဲရောက်အောင် လု သွင်းကြတာပဲ။ သူ့ဝက်ကိုသူ အစားနဲ့ မျှားပြီး လေ့ကျင့်ထားတယ်နဲ့ တူပါရဲ့။ ဝက်ကလည်း လည်လှပြီ။ ဂိုးပေါက်ထဲ ဝင်သွားပြီဆိုရင် ညီအကိုနှစ်ယောက်လုံး ပျော်တဲ့ပုံနဲ့ မြက်ခင်းပေါ် လှဲအိပ်ချလိုက်ကြပြီး လူးကြလှိမ့်ကြတော့တာပဲ။

ဗဟုသုတ ပြောရအုံးမယ်။ သည်အမေရိကားမှာ pet shaw ဆိုတဲ့ အိမ်မွေးတိရစ္ဆာန် ခွေးတို့ ကြောင်တို့ရဲ့ ‘အလှပြပွဲ’ ‘အလှပြိုင်ပွဲ’ … တို့၊ pet star ဆိုတဲ့ အိမ်မွေးတိရစ္ဆာန် ‘အလိမ္မာပြိုင်ပွဲ’ … တို့၊ pet cop ဆိုတဲ့ အိမ်မွေးတိရစ္ဆာန် … ‘ထောက်လှမ်းရေးပြပွဲ’ … တို့ ဆိုတာတွေ ရှိတယ်။ (သည်မှာ မိုင်းဗုံးရှာတဲ့ စစ်ခွေးတို့ … မူးယစ်ဆေးဝါးနဲ့ တရားခံပြေးကို အနံ့ခံရှာတဲ့ ရဲခွေးတို့ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိဘူး။)

ကျုပ် tv တွေထဲမှာ မြင်ဖူးတာတော့ ရေခဲသေတ္တာတို့ ကြောင်အိမ်တံခါးတို့ကို ဖွင့်တတ်တဲ့ ကြောင်တို့လို့ … ဓာတ်ကြိုးတို့ သစ်ကိုင်းတို့ပေါ် လျှောက်ပြီး ငှက်သိုက်တွေလိုက်ရှာ ငှက်ဥတွေ ခိုးဖောက်စားတတ်တဲ့ ရှဥ့်တို့လို … သစ်ကြားသီးတို့ သစ်ဧည့်သီးတို့ကို ကိုက်ချီယူလာပြီး ဓာတ်ကြိုးပေါ်နား လမ်းမပေါ်လွှတ်ချ၊ မော်တော်ကားက တက်ကျိတ်သွားတော့မှ ဆင်း အထဲက အဆံကို ကောက်စားတဲ့ ကျီးကန်းတို့လို … စုံလို့ပါပဲ။

အဲဒါကတော့ pet smart တဲ့။ အိမ်မှာ မွေးထားကြတဲ့ တိရစ္ဆာန်တွေရဲ့ ပြပွဲပြိုင်ပွဲတွေပဲ။ ပြည်နယ်တကာ မြို့တကာလှည့်ပြီး ပြပွဲပြိုင်ပွဲတွေလုပ် tv တွေရိုက်ပြီး ပြန်ရောင်းစားနေကြတာပဲ။

အဲသည်မှာ ကျုပ်ရဲ့အိမ်နီးနားချင်းသူငယ်က သူ့ဝက်နဲ့ပြိုင်ပွဲ ဝင်သတဲ့လေ …။ သည်နှစ် ဆန်းစက ohio ပြည်နယ် Cincinnati မြို့မှာလုပ်တဲ့ pet athlete တိရစ္ဆာန်အားကစားသမားပြပွဲပြိုင်ပွဲမှာ ကိုယ့်လူညီအကို သွားပြိုင်ခဲ့ကြတာ ပထမဆု ရခဲ့တယ်တဲ့။ မသေးဘူးနော်။ ပထမ က ဆုငွေ ဒေါ်လာနှစ်သောင်းငါးထောင်။ ကိုယ့်လူဟန်ကျလာတာပေါ့။ တိရစ္ဆာလဲ ချစ်တတ်၊ တိရစ္ဆာန် ကရိကထလဲ ခံနိုင်၊ အပင်ပန်းခံ လေ့ကျင်နိုင်တယ်လဲ ဆိုတော့ … တဖက်တလမ်းက ဝင်ငွေရတာပေါ့။

မသိပါဘူး။ ကျုပ်က ကိုယ့်လူ အပျော်တမ်း ဝါသနာပါလို့ မွေးထားတယ်ပဲ ထင်တာ။ စိတ်ထဲကလဲ ကျိတ်ပြီး ချီးမွမ်းနေမိတာ။ ဘာဟုတ်မှာလဲ …။ သူတို့ အမေရိကားမှာက ဒါလဲ အလုပ်တခုပဲကို။ ဒါကြောင့်လည်း နေရာတကာမှာ တိရစ္ဆာန်အလိမ္မာလေ့ကျင့်ရေးသင်တန်းတွေ ဖွင့်ထားကြတာကို။
မောင်သာရ

ရိုးရိုးကျင့် မြင့်မြင့်ကြံ

ကျနော်တို့ငယ်ငယ်က၊ ‘ရိုးရိုးကျင့် မြင့်မြင့်ကြံ’ ဆိုတဲ့ စကားကလေး၊ စာသင်ခန်းထဲမှာ ယဉ်ပါးခဲ့ရတယ်။ ရိုးရိုးသားသား ပြောဆိုနေထိုင် လုပ်ကိုင်၊ ဘဝတိုးတက်မြင့်မားအောင် ကြိုးစားကြံစည် … အဲဒီ အဓိပ္ပာယ်လေးတွေနဲ့ ဒီစကားလေးတွေက သိပ်ကိုလှခဲ့တယ်။

ကိုယ်တိုင်လည်း ဒီစကားလိုကျင့်နိုင်ရင် ကောင်းမှာပဲလို့ ငယ်စဉ်ထဲက တွေးမိ ပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင်က လူတွေကရော …

လောကထဲမှာ လှော်ရင်းခတ်ရင်းနဲ့ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ကြုံခဲ့ ကြရပါတယ်။ လူတိုင်းဟာ ကိုယ်ဖြတ်လျှောက်နေတဲ့ ခေတ်ကြီးရဲ့ ဘဝအတွေ့အကြုံပေါ်ကနေ ကိုယ်ပိုင်ဒဿနအမျိုးမျိုးကို ထုတ်ပြလာကြတယ်။

‘ရိုးရိုးကျင့်နေသမျှ ဘယ်တော့မှ မြင့်မြင့်ပျံနိုင်မှာ မဟုတ်’ တဲ့ … သိပ် ကြောက်စရာကောင်းတဲ့ အယူအဆတွေပါ။ တပြိုင်နက်တည်းမှာ ဒါဟာ ခေတ်ကို မီးမောင်းထိုးပြလိုက်တာပဲလို့ ကျနော်က ယူဆပါတယ်။

ဘာသာတရားရဲ့ အလိုအရ ဆုတ်ကပ်ကြီးထဲမှာရောက်နေတဲ့ ကျနော်တို့ ကမ္ဘာကြီးဟာ အဆိုးဘက်ကို ပိုပြီး တိမ်းစောင်းနေတယ်ဆိုတာကိုတော့ အားလုံး သဘောတူကြမှာပါ။

မကြာသေးခင်ကာလများဆီက မြန်မာပြည်မှာ အသင့်အတင့် စာပေသြဇာရှိတဲ့ ပုဂ္ဂိုလ်တဦးက သူ့ အယူအဆတရပ်ကို ရူးရူးမိုက်မိုက်ပဲ ချပြခဲ့တယ်။

‘နာမည်သေချင် သေပါစေ၊ လူ မသေပါစေနဲ့’ တဲ့။ လူ မသေသေးရင်၊ နာမည်ပြန်ကောင်းအောင် လုပ်လို့ရသတဲ့၊ လူသေရင် နာမည်ကောင်းအောင် လုပ်လို့မရတော့ဘူးဆိုပြီး တရားထောင်ခဲ့တယ်။

လူပြိန်းကြိုက်တဲ့ဒီစကားဟာ ဟုတ်သယောင်ယောင်နဲ့ အမှောင်အားပေး ဖြစ်ခဲ့သေးတယ်။ လူတိုင်းဟာ ပစ္စုပ္ပန်မှာ မှားချင်ရာမှားခွင့်ရှိတယ်။ ပြင်ချင်ရင် နောက်မှပြင်နိုင်တယ်ဆိုတဲ့သဘောပဲ။

သူခိုးကြီးမှ ဂေါပကဖြစ်ချင်တဲ့သူတွေကို ကျနော်တို့လူ့အဖွဲ့အစည်းက နေရာ ပေးသင့်ရဲ့လား။

ရိုးရိုးကျင့်ပါဆိုတဲ့ ရိုးသားတဲ့စကားလေးကိုပဲ ကိုယ်လိုရာဆွဲဆန့်ပြီး ‘ရိုးရိုးနေထိုင်ကျင့်ကြံတယ်ဆိုတာ ခေတ်မမီဘူး။ အစဉ်အလာဟောင်းကို ဖက်တွယ်သူတွေ’ စသဖြင့် ပြောသူတွေလည်း ကြုံဖူးပါတယ်။

တကယ်တော့ … ရိုးသားမှုဆိုတာ အမြဲတမ်း ခေတ်မီနေတာပါ။ ရိုးရိုးနေပါဆိုတာ … အဟောင်းကိုပဲ ဖက်တွယ်နေဖို့ လှုံ့ဆော်တာ မဟုတ်ပါဘူး။

ရိုးရိုးကျင့်ကြပါဆိုတဲ့ လှုံ့ဆော်မှုတွေကို တနပ်စားအဘိဓမ္မာတွေက လွှမ်းမိုးသွားခဲ့ရင် လောကကြီး မျက်နှာပျက်မှာပေါ့။

နောက်တခုက မြင့်မြင့်ကြံဆိုတဲ့ စကားလေးပါ။ လူတိုင်းဟာ မြင့်မြင့်မားမား ရည်မှန်းချက်ရှိသင့်တယ်။ ဘဝမြင့်မားတိုးတက်အောင် ကြံစည်ရမယ်ဆိုတာ အားကောင်းတဲ့တရားပါ။

ဒါပေမယ့် ဘယ်လို မြင့်မြင့်ကြံရမှာလဲ။

ကျနော်တို့ဟာ ဘာကိုပဲလုပ်လုပ် လက်ငင်းလက်တွေ့ကပေးတဲ့ အခြေအနေတွေ အပေါ်မှာပဲရပ်ပြီး ရှေ့ကိုသွားကြရတာပါ။ ဘယ်လို သဘောတရားမျိုးကမှ လက်ရှိအခြေအနေတွေပေါ်ကနေ ကင်းလွတ်ပြီး ခုန်ပျံကျော်လွှားပြီး သွားကြရတာမဟုတ်ပါဘူး။

အောက်သက်မကြေဘဲနဲ့ အလှမ်းကျယ် အလယ်လပ် စိတ်ဓာတ်မျိုးနဲ့ မြင့်မြင့်မားမား ကြံစည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မြင့်မြင့်ကြံစည်တယ်ဆိုတာ ကံကိုယုံပြီး ဆူးပုံနင်းရတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။

အချို့ကျနော့်မိတ်ဆွေတွေကို မြင်ခဲ့ဖူးပါတယ်။ စဉ်းစားရင် အကြီးကြီး၊ တွေးခေါ်ရင် အကြီးကြီး၊ သူများကိုလည်း ကြီးကြီးကျယ်ကျယ်လုပ်ဖို့ လှုံ့ဆော်ပါတယ်။

အချို့ (အရေအတွက် နည်းနည်းလေး) က ပြောတဲ့အတိုင်း ဖြစ်သွားကြတယ်။ အချို့ (အများစုကြီးက)တော့ ဒုံရင်းဒုံရင်းပဲ။ လူတိုင်းက ကြီးကြီးကျယ်ကျယ် မျှော်မှန်းခွင့်ရှိပါတယ် … ဒါပေမယ့် သေးသေးလေးတွေကို မကြေညက်ဘဲနဲ့၊ ပန်းတိုင်ဆီကို တိုက်ရိုက်မသွားသင့်ဘူး။ တဆင့်ပြီး တဆင့် စနစ်တကျ မသွားတတ်ရင် … ဘဝနဲ့ရင်းပြီး အကျနာတတ်တာကို တွေ့ခဲ့ဖူးပါတယ်။

အီဗရာဟင်လင်ကွန်းပဲ ဖြစ်ဖြစ်၊ ဒေဝူးပဲဖြစ်ဖြစ် ငယ်ငယ်ကတည်းက သူတို့ မျှော်လင့်တဲ့ နေရာကို ရောက်အောင်သွားခဲ့တယ်။

ဒါပေမယ့် စနစ်တကျ တဆင့်ပြီးတဆင့် မြင့်လာအောင် ဂရုစိုက်ခဲ့တယ်ဆိုတာကို တွေ့ရတယ်။ ဝမ်းစာပြည့်စုံခဲ့တဲ့သူမှ သမိုင်းမှာ နေရာရတတ်ကြတာပါ …။

တက်ကျမ်းတွေရဲ့လှုံ့ဆော်မှုအပေါ်မှာ ဘာသာပြန်မှားခဲ့တဲ့အခါ … ကြီးကြီး ကျယ်ကျယ်လုပ်ဖို့ စဉ်းစားရင်းနဲ့ နှစ်လုံးတိုက်ချဲသမားနဲ့ အလွဲသုံးစား လုပ်တဲ့သူတွေ တမိုးလုံး ဖျောက်ဆိပ် ဖြစ်လာတယ်။

လူအတော်များများဟာ အကြီးကျယ်ဆုံး ဖြစ်ချင်ကြသူတွေချည်းပါပဲ။ မိုဟာမက်အလီလည်း သူဟာ အကြီးကျယ်ဆုံးလို့ ကမ္ဘာတုန်အောင် အော်ခဲ့တယ်။ ကောင်းသော ကြီးကျယ်မှု၊ မြင့်မားမှုဖြစ်ဖို့ပါပဲ။

လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ်လိမ်ရမယ်ဆိုတဲ့ ဟစ်တလာ၊ သမိုင်းမှာ သူ ဘယ်နေရာရခဲ့သလဲ။

နောက် ဥပမာလွယ်လွယ်တခုက … အင်္ဂါဂြိုဟ်ဟာ ပန်းတိုင်ဖြစ်တယ်ဆိုပါစို့။ ဆိုက္ကားသမားက မီးပုံးပျံနဲ့ သွားပြီး သိပ္ပံပညာရှင်က ဒုံးပျံနဲ့ သွားပါလိမ့်မယ်။

ဘယ်သူက အကျိုးဖြစ်နိုင်သလဲ။ ဘယ်သူက အကျိုးမဲ့ ဖြစ်နိုင်သလဲ။ ဒါဟာ ကိုယ့်လက်ရှိ အခြေခံ၊ ကိုယ်ပိုင်စွမ်းအင်ပေါ်ကသာ မြင့်မြင့်ကြံသင့်တယ်ဆိုတာ စဉ်းစားနိုင်ဖို့ပါ။

လူတိုင်းဟာ ရှေ့ကိုသွားဖို့ မကြိုးစားရင် အနုတ်လက္ခဏာတွေချည်းပဲ ဖြစ်ကုန်မှာပေါ့။ ဒါကိုကျနော်တို့ သဘောတူကြရမှာပါ။ ကိုယ်တိုင်လည်း မြင့်ဖို့ ကြိုးစားကြရမှာပါ။

မြင့်ရင်ပြီးရောဆိုပြီး ရမ်းမခုန်ကြရအောင် အားလုံးကဝိုင်းပြီး တည့်မတ် ပေးကြရမှာပါ။ ဒီလိုမှမဟုတ်ရင် ‘စွန့်စားတယ်ဆိုတာ စွန့်မှစားရတာကွ၊ မစွန့်ရင်မစားရဘူး’ ဆိုတဲ့ ရူးရူးမိုက်မိုက် အတွေးအခေါ်တွေ၊ ခုန်လိုက်ရရင်ပြီးရော လဲကျသွားလည်း နောက်မှ ပြန်ထမယ် ဆိုတဲ့ တပွဲတိုးအယူအဆတွေ ခေါင်းထောင်လာနိုင်ပါတယ်။

ကျနော့် မိတ်ဆွေများ …

ရိုးရိုးကျင့်တတ်ကြပါစေ။
မြင့်မြင့်ကြံတတ်ကြပါစေ။ ။

ထမင်းထုပ်လေးရဲ့ ငိုကြွေးသံ

အေးမြ အမေ ဒေါ်မြကြည်က ဘူတာမှာ ထမင်းထုပ် ရောင်းသူ… အေးမြတို့ရွာကလေးက မန္တလေး မြစ်ကြီးနား ရထားသံလမ်းဘေးတွင် ရှိပြီး ရွာဘူတာငယ်လေး တစ်ခုလဲ ရှိသည်။ သေးငယ်သော ဘူတာ ဖြစ်သောကြောင့် အထူးအမြန်၊ ဒုတိယအမြန်လို အမြန်ရထားများ မရပ်ပဲ စာပို့ရထား၊ ခေါက်ပြန်ရထားများသာ ရပ်နေကျ .. တစ်ခါတစ်လေ ရထားဆုံမည့် နေ့မှသာ အထူးအမြန်ကဲ့သို့ ရထားများ ရပ်တတ်သည်… ထိုအခါမျိုးတွင် ဒေါ်မြကြည်တို့ ဈေးရောင်း ကောင်းတတ်ပါသည်.. ဒေါ်မြကြည်က ဒေါ်ဝတုတ်မ ထမင်းဆိုင်မှ ထမင်းနှင့် ကြက်သားကြော် အပါ တစ်ထုပ်ကို ၄၅၀ နှင့် ၀ယ်၍ ရထားတွဲများတွင် ၅၀၀ ကျပ်နှင့် ပြန်လည်ရောင်းချသည့် အလုပ်ကို သူမ ယောက်ျား ဆုံးကတည်းက လုပ်လာတာ ၂နှစ်ရှိပြီ.. ဈေးရောင်းကောင်းသည့်နေ့တွင် တစ်ရက်ကို တစ်ထောင် ကျော်ကျော်လောက် ကျန်တတ်သော်လည်း ပုံမှန် ရက်များတွင် ၇၀၀ ပတ်ဝန်းကျင်လောက်တော့ ကျန်သည်..ပဲပေါ်သည့်ရာသီချိန်တွင် ဈေးရောင်းသည့်အလုပ်ကို ဒေါ်မြကြည် မလုပ်တော့.. ပဲနှုတ်သည်က ဈေးရောင်းသည်ထက် ပိုက်ဆံပိုရသဖြင့် ပဲနှုတ် လိုက်ဖြစ်သည်က များသည်။ မနေ့က ပဲနှုတ်ပြီးအပြန် ချောင်းထဲတွင် ရေဆင်းချိုးရာ ဒေါ်မြကြည် အပူရှပ်ပြီး အဖျား တက်တော့သည်.. ဒီနေ့တော့ ပဲနှုတ် မလိုက်နိုင်သဖြင့် ၇တန်းကျောင်းသူ သမီး အေးမြကို ကျောင်းမတက်ခိုင်းဘဲ ဘူတာတွင် ထမင်းထုပ် ရောင်းခိုင်းဖို့ကို ဒေါ်မြကြည် စဉ်းစား ရတော့သည်.. အေးမြ ဈေးရောင်း မထွက်လျှင် ညနေ စားစရာ ထမင်းပင် ရှိမည်မဟုတ်.. တစ်ရက်လုပ်မှ တစ်ရက် စားရသော ဒေါ်မြကြည်တို့ ဘ၀တွင် တစ်ရက် ဖျားသည်နှင့် စားစရာမရှိသည့်ဘ၀…. “သမီး အေးမြ ” “ရှင်… အမေ” “သမီး ကျောင်းမသွားနဲ့တော့… အမေ ဒီနေ့ ပဲနှုတ်မလိုက်နိုင်တော့ဘူး.. သမီး ဘူတာမှာ ထမင်းထုပ် သွားရောင်းလိုက်နော်.. မဟုတ်ရင် ညနေကျ အမေတို့ စားစရာမရှိဘဲ နေလိမ့်မယ်.. ခုမနက်တော့ ပဲပြုတ်နဲ့ ထမင်းကြမ်း စားသွားလိုက်နော် သမီး.. သမီး ဈေးရောင်းလို့ ပိုက်ဆံရလာရင် ဆန်နို့ဆီဗူး ၂လုံးလောက် ၀ယ်လာခဲ့ .. ပိုက်ဆံ ပိုရင် ဦးကုလား ဆေးဆိုင်မှာ အမေနေမကောင်းတာ ပြောပြပြီး သောက်ဆေး နည်းနည်း ၀ယ်လာခဲ့နော်…” “ဟုတ်ကဲ့ အမေ.. ဒါဆို သမီး ထမင်းစားပြီး သွားလိုက်တော့မယ် .. အမေ အခုဘာစားမလဲဟင်.. သမီးဆန်ပြုတ်လေး ပြုတ်ထားခဲ့မယ်နော်..” “ အေးအေး ရတယ်သမီး.. အမေ နေ့လည်လောက်မှ သောက်တော့မယ်… ” အေးမြ ထမင်းကြမ်းလေးကို ရေထည့်ပြီး အမေ့အတွက် ဆန်ပြုတ် ပြုတ်ပေးလိုက်ရင်း ထမင်းကို ပဲပြုတ်လေးနှင့် နယ်ကာ ဆီမဆမ်းနိုင်ဘဲ မြိန်ရည်ရှက်ရည် စားရတော့သည်။ စားသောက်ပြီးသည်နှင့် မန္တလေးမှ လာသော စာပို့ရထားကို အမီ ထမင်းထုပ်ရောင်းဖို့ ဘူတာဘက်ကို အပြေးအလွှား ထွက်လာခဲ့သည်။ အေးမြစိတ်ထဲ ထမင်းထုပ်များများ ရောင်းရဖို့ ဆုတောင်းနေမိသည်.. ဒါမှလဲ ညနေအပြန် ဆန်ဝယ်နိုင်မည် အမေအတွက် သောက်ဆေးနဲ့ အားရှိမဲ့ အစားအစာလဲ ၀ယ်ချင်သေးသည်လေ.. သူမအတွက် အမေ ပင်ပင်ပန်းပန်း ပဲနှုတ်လိုက်နေသည်ကို မကြည့်ရက်.. ကျောင်းထွက်ပြီး ဈေးရောင်းမယ် ပြောတိုင်းလည်း အမေက ဘယ်တော့မှ လက်မခံ.. ဒီနေ့တောင် မလွှဲသာလွန်း၍ သူမကို ကျောင်းပျက်ခိုင်းရသည်ကို အေးမြ နားလည်ပါသည်.. ထို့ကြောင့်လည်း အမေ့ကို သူမ လုပ်အားလေးနှင့် ကျွေးမွေးခွင့်ရတုန်း ဈေး ကောင်း ကောင်း ရောင်းရဖို့ ဆုတောင်း မိခြင်းသာ… ဘူတာအနီးက ဒေါ်ဝတုတ်မ ထမင်းဆိုင်မှာ ကြက်သားကြော်နဲ့ ထမင်း စုစုပေါင်း ၁၅ထုပ်ကို ယူလိုက်သည်။ ဒေါ်ဝတုတ်မဆီမှာ အေးမြအမေက ထမင်းထုပ်ယူနေကျ.. ဘူတာမှာရောင်းပြီး အပြန်ကျမှ ပိုက်ဆံဝင်ရှင်းပေးရသည်.. အရင်းအနှီးမလို.. ထမင်းထုပ် ကျန်နေလျှင် ပြန်အပ်ခဲ့လို့ ရသည်.. ဒေါ်ဝတုတ်မက အေးမြတို့ သားအမိကို သနားသဖြင့် ယခုလို အခွင့်အရေးမျိုး ပေးထားခြင်းသာ.. သို့သော် ထမင်းထုပ်က အမြဲတမ်း ရောင်းကောင်းနေတာ မဟုတ်သဖြင့် ပဲနှုတ်လိုက်သည်လောက် ၀င်ငွေမကောင်း. အမေ ပဲနှုတ်သွားလျှင် တစ်ရက် ၃၀၀၀ ရသည်။ ဒါကြောင့်လဲ အမေက ပင်ပန်းသော်လည်း ပိုက်ဆံပိုရသည့် ပဲနှုတ်ခြင်းကိုသာ လုပ်လိုသူ.. အေးမြ ထမင်းထုပ်ထည့်သည့် ဗန်းလေး ခေါင်းပေါ်ရွက်ပြီး ဘူတာအရောက် မကြာခင် မန္တလေးမှ စာပို့ရထားဆိုက်သည်။ ထမင်းထုပ် စုစုပေါင်း ၁၂ထုပ်တော့ ရောင်းလိုက်ရသည်။ နောက် တစ်နာရီလောက်တွင် နဘားကသာ ခေါက်ပြန်ရထား ဆိုက်ဖို့ရှိသေးသည်… ခေါက်ပြန်ရထားတွင်တော့ ထမင်းထုပ် ရောင်းကောင်းလေ့မရှိသဖြင့် သူမ မျှော်လင့်ချက် သိပ်မထားပါ.. မြစ်ကြီးနား စာပို့ရထားသာ မျှော်လင့်စရာ ရှိသည်.. ထင်သည့်အတိုင်း ခေါက်ပြန်ရထားတွင် ထမင်း ၂ထုပ်သာ ရောင်းရသည်။ စာပို့ရထား ဆိုက်ခါနီးတွင် ဒေါ်ဝတုတ်မ ထမင်းဆိုင် ပြန်ပြေးပြီး လက်ကျန် ထမင်းထုပ်များကို ထမင်းထုပ်အသစ် ပူပူ နွေးနွေးနှင့် လဲသည်။ နောက်ထပ် ထမင်းထုပ်အသစ် အထုပ် ၂၀လောက် ထပ်ယူလိုက်သည်။ မနက်က ယူသွားသော ထမင်းထုပ်ဖိုးကိုလည်း ပိုက်ဆံ ရှင်းပေးလိုက်သည်။ မြစ်ကြီးနား စာပို့ရထားဆိုက်ချိန်တွင် သိပ်မဆိုး ထမင်းထုပ် ၁၀ထုပ် ကုန်သွားပြန်သည်။ စုစုပေါင်း ၁၂၀၀ လောက်တော့ အမြတ်ကျန်နေပြီ..အိမ်အပြန် ဆန်ဝယ်ပြီး အမေ့အတွက် ဆေးနဲ့ မုန့်ဝယ်နိုင်တော့ မည်ဟု တွေးပြီး အေးမြ ပျော်ရွှင်နေမိသည်.. ရထားထွက်ခါနီးတွင် ရထားပေါ်မှ သားသားနားနား ၀တ်ဆင်ထားသော အဒေါ်ကြီး တစ်ယောက်က လှမ်းအော် သည်.. “ဟဲ့ကောင်မလေး ထမင်းထုပ်တစ်ထုပ် ဘယ်လောက်လဲ ” ဟု လှမ်းမေးသည်.. “ တစ်ထုပ် ၅၀၀ ပါရှင့် ” “များလိုက်တာအေ… တစ်ထုပ် ၄၀၀ထားလိုက် .. ၃ထုပ်ယူမယ်..” “မရပါဘူးအဒေါ်ရယ်.. ကျွန်မက တစ်ထုပ် ၄၅၀ ၀ယ်ရတာပါ.. တစ်ထုပ်ကို ၅၀ဘဲ အမြတ်တင်ထားတာပါ” “မင်းတို့က ပြောလိုက်ရင် မမြတ်ဘူးမမြတ်ဘူးနဲ့.. ဈေးရောင်းတာ မမြတ်ဘဲ ဘယ်သူကရောင်းမလဲ.. ကဲကဲ ကြာတယ် ၃ထုပ်ကို ၁၄၀၀ ထားလိုက်” ၃ထုပ်မှ ၅၀သာ မြတ်တော့မည်.. သို့သော် ဒေါ်ဝတုတ်ကို ပြန်အပ်ရမည့် အတူတူ ရောင်းလိုက်ဖို့ စိတ်ကူးရသဖြင့် ထမင်း၃ထုပ် ရထားပေါ် လှမ်းပေးလိုက်သည်.. ထိုအချိန်တွင် ရထားဥသြ အချက်ပေးသံ ထွက်လာသည်။ “အဒေါ် ပိုက်ဆံ” “နေပါဦး ပေးမှာပေါ့ ဘယ်လိုဖြစ်နေတာလဲ.. နင်တို့ ထမင်းထုပ်ကို အရင်ကြည့်ရဦးမယ်.. ဈေးရောင်းတဲ့ လူတွေက အကျင့်ကောင်းတာမဟုတ်ဘူး.. ထမင်းအသိုးတွေ ပြန်ထုပ်ပြီး ရောင်းတတ်တာ.. ငါတို့က ပိုက်ဆံပေးပြီး ၀ယ်စားတာ ထမင်းအသိုးတော့ ပိုက်ဆံပေးပြီး ၀ယ်မစားနိုင်ဘူး.. ” ပြောရင်းဖြင့် ရထားပေါ်မှ အဒေါ်ကြီးသည် ထမင်းထုပ်များကို တစ်ထုပ်ချင်း စိမ်ပြေနပြေ ဖြေကြည့်နေသည်။ ထိုစဉ်ရထား ဘီးစတင်လိမ့်နေပြီ.. အေးမြ ရထားပြူတင်းဘေး လျှောက်လိုက်ရင်း “အဒေါ် ရထားထွက်နေပြီ .. ကျွန်မကို ပိုက်ဆံပေးပါတော့..” ထိုအဒေါ်ကြီးမှာ မကြားသလို လုပ်ရင်း ထမင်းထုပ်များကို သာ ဖြေကြည့်နေသည်.. ရထားက တစ်စ တစ်စ အရှိန်ရလာပြီ.. အေးမြလဲ ရထားနဲ့အမီ အပြေးလိုက်နေဆဲ.. သူမရင်လဲ မောဟိုက်ပူပင်လာသည်.. အမေအတွက် ဆေးဝယ်ဖို့… ဆန်ဝယ်ဖို့… သောက ဇောနှင့် ရထားဘေးမှ အပြေးကလေး လိုက်နေဆဲ… သို့သော် ပိုပိုပြီး မြန်လာသော ရထားအရှိန်ကို သူမ တစ်ဖြေးဖြေး အရှုံးပေးရတော့မည်.. ဒီပိုက်ဆံမရလျှင် တစ်နေကုန် ဈေးရောင်းထားသမျှ အလကားဖြစ်ပြီ.. ကျောင်းပျက်ရတာလည်း အလာကား ဖြစ်ရ တော့မည်.. စိတ်ကို အားတင်းရင်း ရထားကို အမီ လိုက်ပြန်သည်.. “အဒေါ်.. အဒေါ်.. ထမင်းဖိုးပိုက်ဆံ .. ” အေးမြ တစ်ကြော်ကြော် အော်ရင်း.. ရထားနောက်က ပြေးလိုက်နေဆဲ.. ပြေးရင်း ကျောက်ခဲ တစ်လုံးကို ခလုတ်တိုက်ကာ မှောက်ရက် လဲလေသည်.. ရထားမှာ တစ်ရွေ့ရွေ့နှင့် သူမမြင်ကွင်းမှ ဝေးကွာသွားပေပြီ.. အေးမြမျက်ဝန်းထဲမှာ မျက်ရည်များ အဆီးအတားမရှိ စီးကျလာသည်.. ရထားပေါ်မှ အဒေါ်ကြီးသည် အ၀တ်အစား အဆင့်အတန်းမြင့်မြင့် ၀တ်ဆင်ထားပြီး ယခုလို လုပ်ရပ်မျိုး လုပ်မည်ဟုပင် ထင်စရာမရှိ.. သူမကဲ့သို့သော ဈေးသည်လေး အပေါ်တွင်ပင် အညှာအတာမရှိ လိမ်ညာ လှည့်ဖျား ရက်သော ထို မိန်းမကြီးကို နာကျင်မုန်းတီးမိသည်.. ဒီနေ့တော့ ဆန်မ၀ယ်နိုင်တာထက် အမေ့အတွက် ဆေးမ၀ယ်နိုင်တော့မှာကို သူမ ပိုပြီး စိတ်မကောင်း ဖြစ်မိသည်.. မျက်ရည်များစွာနှင့် ဘူတာဘက်သို့ ပြန်လျှောက်လာရင်း တစ်ရှုံ့ရှုံ့ ငိုကြွေးနေမိသည်.. ထိုစဉ် အ၀တ်အစား ခပ်နွမ်းနွမ်း ၀တ်ဆင်ထားသော လူကြီးတစ်ဦး သူမအနား လာရပ်ရင်း “သမီး ခုနက ရထားပေါ်မှာ သမီး ပိုက်ဆံဘယ်လောက် ပါသွားလဲ..” “၁၄၀၀ ပါ ဦးလေး.. ကျွန်မက အမေနေမကောင်းလို့ ဈေးလာရောင်းတာပါ.. ခုတော့ တစ်နေ့လုံး ရောင်းလို့ မြတ်တဲ့ပိုက်ဆံ အကုန်ပါသွားပြီ.. ထမင်းဆိုင်မှာ ထမင်းထုပ်ဖိုး ပေးလိုက်ရင် ဆန်ဝယ်ဖို့ မပြောနဲ့ အမေအတွက် ဆေးဝယ်ဖို့တောင် ပိုက်ဆံမရှိတော့ဘူး..ဦးလေးရယ်” သူမ ငိုရှိုက်ရင်း ပြောပြနေမိသည်.. “ကဲ မငိုနဲ့ သမီးရယ် .. သမီးပါသွားတဲ့ ပိုက်ဆံ ဦးလေး ပြန်ပေးမယ်.. အခု ဦးလေး လက်ထဲမှာ ၅၀၀၀ရှိတယ်.. သမီးကို ၄၀၀၀ပေးခဲ့မယ်.. ၁၀၀၀ က ဦးလေးအပြန်စရိတ် ချန်ရဦးမယ်.. ဦးလေးက ဟိုဘက်ရွာကပါ ဒီရွာကို ခနလာရင်း အခု ရထားမမှီလိုက်လို့ ကားကြုံနဲ့ ပြန်ရမှာ.. ဘူတာထဲ ၀င်ဝင်ချင်း ရထားထွက်နေတာ တွေ့တယ်.. သမီးကိုလဲ ရထားနဲ့ အပြိုင်ပြေးနေတာ ဦးလေး တွေ့လိုက်ပါတယ်.. သားသမီးချင်း ကိုယ်ချင်းစာပါတယ်ကွယ်.. သမီးလဲ မိဘအပေါ် စေတနာရှိတဲ့သူတစ်ယောက်ဘဲ .. မိဘကျေးဇူး သိတတ်တာ အရမ်း ကောင်းပါတယ်.. ဒုက္ခရောက်ရင် ကူညီမဲ့သူ ပေါ်လာမှာပါ.. ရော့ရော့ ပိုက်ဆံ ၄၀၀၀ သမီးယူထားလိုက်.. ဆန်လဲဝယ် သမီးအမေအတွက် ဆေးလဲ ၀ယ်သွားလိုက်နော်… ဦးလေးသွားတော့မယ်.. ” သူမလက်ထဲ ပိုက်ဆံ ၄၀၀၀ကို ထည့်ပေးပြီး ထိုဦးလေးမှာ ဘူတာတွင်းမှ ထွက်ခွာ သွားပါတော့သည်… အေးမြ မျက်ဝန်းမှာ ၀မ်းသာ ကြည်နူး မျက်ရည်များ ကျဆင်းလာပြန်သည်.. အမေ့အတွက် ဆေးဝယ်ပေးခွင့်၊ အမေအားရှိအောင် အစာတစ်ခုခု ကျွေးခွင့် ရတာကိုဘဲ သူမ ၀မ်းသာလွန်းလှပါပြီ… “ ကျေးဇူးတင်လိုက်တာ ဦးလေးကြီးရယ်…” စိတ်ထဲမှ အထပ်ထပ်အခါခါ ရွတ်ဆိုရင်း သွက်လက်သော ခြေလှမ်းများက အိမ်အပြန် လမ်းဆီသို့…..

ချစ်ခြင်းရဲ့ အသံ

မြို့ငယ်ကလေးတစ်မြို့မှာ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိပါတယ်.. သို့သော် မိန်းခလေးရဲ့ မိဘဆွေမျိုး အသိုင်းအ၀ိုင်းက ကောင်လေးနဲ့ တွဲနေတာကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် ကန့်ကွက်ကြပါတယ်… မိန်းခလေးက ချမ်းသာတဲ့ အသိုင်းအ၀ိုင်းက ဖြစ်တာကြောင့် ကောင်လေးနဲ့ လက်ထပ်ခဲ့မယ် ဆိုရင် မိဘဆွေမျိုး တွေရဲ့ ဂုဏ်သိက္ခာ ကျဆင်းပြီး ၊ သူမဘ၀ တစ်လျှောက်လုံးလည်း ဆင်းရဲပင်ပန်းစွာနဲ့ စိတ်ချမ်းသာမှု ရမှာမဟုတ်ဘူးလို့ ယူဆကြတဲ့ အတွက်ကြောင့်ပါ… သူတို့နှစ်ဦးဟာ ဘယ်လိုပင် မြတ်မြတ်နိုးနိုး ချစ်ခင်ကြပေမဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းရဲ့ ဖိအားပေးမှုကြောင့် အဆင်မပြေဖြစ်ပြီး မကြာခန စကားများ ရန်ဖြစ် ရလေ့ရှိပါတယ်.. ကောင်မလေးက ကောင်လေးကို မကြာခန မေးတတ်တဲ့ စကားလေးတစ်ခွန်းက “နင် ငါ့ကို ဘယ်လောက်အထိ ချစ်လဲ” ဆိုတဲ့စကားလေးပါ.. ကောင်လေးက စကားကို ဖွဲ့နွဲ့ပြောတတ်တဲ့သူမဟုတ်တဲ့အတွက် ကောင်မလေး စိတ် ကျေနပ်လောက်တဲ့ အဖြေစကားမျိုးကို သူ မပြောနိုင်ခဲ့ပါဘူး… မပြောတတ်ခဲ့ပါဘူး… သူမလိုချင်တဲ့အဖြေစကား မကြားရတာကြောင့်ရော၊ မိဘတွေ သဘောမတူတာတွေကြောင့်ပါ ပေါင်းပြီး ကောင်မလေးမှာ မကြာခန စိတ်ပျက် အားငယ်ခြင်း၊ ၀မ်းနည်းခြင်း တွေ ဖြစ်ရပါတယ်.. ဒါကြောင့်လဲ ကောင်လေးအပေါ် ဒေါသနဲ့ဆက်ဆံမိတယ်.. ရန်လုပ်မိပါတယ်.. ကောင်လေးကတော့ သူမလေးကို ဘယ်တော့မှ ပြန်ပြီး ရန်မလုပ်ပါဘူး… မိန်းခလေးပြောသမျှ ခေါင်းငုံ့ခံရင်း သဘောကောင်းပုံ၊ စိတ်ရှည် သီးခံပုံရတဲ့ အမူအရာလေးနဲ့သာ ခပ်မဆိတ် နှုတ်ပိတ်လို့ ငြိမ်သက် နေခဲ့ပါတယ်.. ၂နှစ်လောက်ကြာတဲ့အခါ တက္ကသိုလ်ကနေ သူတို့ဘွဲ့ရပါပြီ.. ဒီတော့ ကောင်လေးက ပညာသင်ဆုလျှောက်ပြီး နိုင်ငံခြားမှာ ပညာဆက်လက် ဆည်းပူးဖို့ ဆုံးဖြတ် လိုက်ပါတယ်.. သူ့ရဲ့ကြိုးစားမှုကြောင့် ပညာသင်ဆုရရှိပြီး နိုင်ငံခြားကို ပညာသင်ဖို့ ထွက်ခွာရပါတော့မယ်.. မသွားခင်မှာ သူက ကောင်မလေးကို လက်ထပ်ခွင့် တောင်းပါတယ်.. “ကောင်မလေးရေ.. ငါက စကားသိပ်မပြောတတ်ပါဘူး.. ဒါပေမဲ့ နင့်ကို ငါမြတ်မြတ်နိုးနိုး ချစ်တယ် ဆိုတာ နင် ယုံကြည် ပေးပါနော်.. နင် ခွင့်ပြု ကြည်ဖြူမယ်ဆိုရင် ငါ့ ဘ၀တစ်လျှောက်လုံး နင့်ကို ဂရုတစိုက်နဲ့ စောင့်ရှောက်သွားချင်ပါတယ်.. တစ်သက်လုံး နင့်ကို ရိုးမြေကျ ပေါင်းသင်းပါ့မယ်.. ပြီးတော့ နင့်မိဘတွေ သဘောတူ လက်ခံလာအောင်လဲ အတတ်နိုင်ဆုံး ငါတို့ကြိုးစားကြမယ်လေ… နင် ငါ့ကို လက်ထပ်ပါနော်…” မိန်းခလေးက ကောင်လေးကို လက်ထပ်ဖို့ သဘောတူ လက်ခံလိုက်ပါတယ်.. သူတို့၂ယောက်ရဲ့ ကြိုးပမ်းမှုကြောင့် မိဘတွေ ကလဲ သဘောတူ အသိအမှတ် ပြုလိုက်ရပါတယ်.. ဒါကြောင့် ကောင်လေး နိုင်ငံခြား မထွက်ခွာခင်မှာ သူတို့၂ယောက် စေ့စပ် ကြောင်းလမ်း ကြပါတယ်.. စေ့စပ်ပွဲ ပြီးတဲ့နောက် ကောင်လေးက နိုင်ငံခြားကို ပညာဆက်သင်ဖို့ ထွက်ခွာသွားပါပြီ. ကောင်မလေးကတော့ သူမလုပ်နေကျ ကုမ္ပဏီမှာ အလုပ် ဆက်လုပ်ပါတယ်… ဝေးကွာနေကြတဲ့အခိုက်မှာ သူတို့၂ဦးဟာ အီးမေလ်း အပြန်အလှန် ပို့ကြခြင်းနဲ့ တယ်လီဖုန်း ထဲကနေ စကားပြောကြခြင်းတို့နဲ့သာ အလွမ်းဖြေကြရပါတယ်.. သူတို့၂ယောက်ရဲ့ အချစ်ခရီးလမ်းက လွယ်လွယ် ကူကူ မဟုတ်ခဲ့ပေမဲ့ လက်လျှော့ အရှုံးပေးကြဖို့တော့ ၂ယောက်လုံးက စိတ်ကူး မရှိကြပါဘူး… တစ်နေ့… ထုံးစံအတိုင်း ကောင်မလေးက အလုပ်ဆင်းဖို့ ကုမ္ပဏီကိုအသွား မမျှော်လင့်ဘဲ လမ်းမှာ ကားတိုက်ခံရပါတယ်.. ကားတိုက်ခံရပြီး ပလက်ဖောင်းနဲ့ သူမဦးခေါင်းတို့ ပြင်းထန်စွာ ထိခိုက်မိပြီး သတိမေ့သွားခဲ့ပါတယ်.. ကောင်မလေး ပြန်သတိရ လာတဲ့အခါ ဦးခေါင်းတစ်ခုလုံး နာကျင်ကိုက်ခဲလို့ နေပါပြီ … သူမ ပြင်းပြင်း ထန်ထန် ဒဏ်ရာရနေပြီ ဆိုတာ သိလိုက်ပါတယ်.. ကုတင်ဘေးမှာတော့ သူမရဲ့ မိဘနှစ်ပါး….. ငိုကြွေးနေတဲ့ သူမအမေကို ကြည့်ပြီး နှစ်သိမ့်စကား ပြောဖို့ ပါးစပ်ကို ကြိုစားပြီး ဖွင့်လိုက်ပါတယ်.. အသံထွက်မလာပါဘူး… အကြိမ်ကြိမ် ကြိုးစား ပါတယ်.. ထပ်ခါတစ်လဲလဲ စကား ပြောကြည့်ပါတယ်.. နောက်ဆုံးတော့ သူမ သဘောပေါက်လိုက်ပါပြီ.. ကောင်မလေးရဲ့ ပါးစပ်က လေသံ သဲ့သဲ့လေးက လွဲလို့ ဘာစကားသံကိုမှ ထွက်နိုင်စွမ်း မရှိတော့ ပါဘူး.. သူမအသံကို ဆုံးရှုံးလိုက်ရပါပြီ.. စကားမပြောနိုင် တော့ပါဘူး.. ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေမှုက သူမရဲ့ အသံကိုပါ ဆုံးရှုံး လိုက်ရတာဖြစ်ကြောင်း ဆရာဝန်က ရှင်းပြပါတယ်.. သူမကို နှစ်သိမ့် နေတဲ့ ဆရာဝန်နဲ့၊ မိဘရဲ့ စကားသံကို နားထောင်နေရင်း တစ်ခုခု ပြန်ပြောချင်စိတ်က ရင်ထဲမှာ ကြီးစိုးလို့လာပါတယ်.. သို့သော်လည်း နာကျည်းဖို့ ကောင်းတာက ဘာစကားသံလေးကိုမှ သူမ ပြောနိုင်တော့ခြင်းပါဘဲ.. အိုး.. ဘယ်လောက်များ ဆိုးဝါး ထားပါသလဲ. သူမလို ငယ်ရွယ်တက်ကြွတဲ့ မိန်းခလေး တစ်ယောက်က စကားမှ မပြောနိုင်တာ့ဘူးဆိုရင် ဒီလောကကြီးဟာ ဘယ်မှာများ နေပျော်စရာ ကောင်းပါဦးမလဲ… သူမရဲ့ အနာဂတ် တစ်ခုလုံး ရိုက်ချိုး ခံလိုက်ရတာနဲ့ ဘာများထူးးဦးမှာလဲ.. ဆေးရုံမှာ ဆေးကုသမှုခံနေတဲ့တစ်လျှောက်လုံး သူမရဲ့ တိုးတိုးဖွဖွ ငိုကြွေးသံလေးကို ကြားရသူတိုင်းက ကရုဏာ သက်ကြပါတယ် သူမမှာ ပိုင်ဆိုင်တဲ့ အသံ ဆိုလို့လဲ ဒီ ငိုရှိုက်သံ တိုးတိုးလေးကလွဲလို့ ဘာမှမရှိတော့ပါဘူး. ဆေးရုံကဆင်းလို့ သူမအိမ် ပြန်ရောက်တဲ့အခါ မြင်သမျှအရာရာက ဘာမှ မပြောင်းလဲပါဘူး… ဖုန်းသံလေး တစ်ခုက လွဲလို့ ယခင်အတိုင်း ပါဘဲ.. ယခင်တုန်း ခါကတော့ ဖုန်းသံလေး မြည်သံကြားတိုင်း ချစ်သူဆီက ဖြစ်လေမလားဆိုတဲ့ မျှော်လင့်ချက် လေးနဲ့ ရွှင်လန်း တက်ကြွစွာ အပြေးအလွှား သွားရောက်ကိုင်နေကျ… ခုချိန်မှာတော့ ထိုဖုန်းသံက သူမရဲ့ အသည်းနှလုံးကို ဓားထက်ထက်နဲ့ ထိုးနှက် နေသလိုပါဘဲ.. သူမရဲ့ သတင်းဆိုးအကြောင်း ချစ်သူလေးကို မသိစေချင်သလို သတင်းကြားလို့ ကောင်လေး စိတ်ဆင်းရဲ ပူဆွေး မှာကိုလည်း သူမ မလိုလားပါဘူး… ကောင်လေးအပေါ်ချစ်တဲ့ အချစ်က ပျော်ရွှင်စရာတွေကိုသာ မျှဝေချင်ပြီး စိတ်ဆင်းရဲ ပူဆွေးစရာ သောကများကိုတော့ သူမ တစ်ယောက်တည်းသာ ကြိတ်မှိတ်လို့ ခံယူချင်တဲ့ အချစ်မျိုးနဲ့ပါ.. သူမလို စကားမပြောနိုင်တော့တဲ့ မိန်းခလေး တစ်ယောက်ကြောင့်လဲ သူမ သိပ်ချစ်ရတဲ့ ကောင်လေးရဲ့ ဘ၀မှာ ဆူးငြောင့်ခလုပ် တစ်ခုလို မဖြစ်စေချင်တော့ပါဘူး… ဒါကြောင့် မိန်းခလေးက ကောင်လေးဆီကို စာတစ်စောင်ရေးလိုက်ပါတယ်.. စာထဲမှာတော့ သူမ ကောင်လေးကို မစောင့်နိုင် တော့တဲ့ အတွက် အခြားသူ တစ်ဦးနဲ့ လက်ထပ်သွားပြီ ဖြစ်ကြောင်း၊ သူမကို မေ့လိုက်ဖို့ အကြောင်းကို ရေးလိုက်ပါတယ်.. စာနဲ့အတူ သူတို့၂ဦး စေ့စပ် ကြောင်းလမ်းစဉ်က ကောင်လေး ၀တ်ဆင် ပေးခဲ့တဲ့ လက်စွပ်လေးကိုပါ ထည့်ပေးလိုက်ပါတယ်.. ကောင်လေးဆီကနေ အီမေလ်းနဲ့ရော၊ စာတိုက်ကနေပါ စာအစောင်ပေါင်း မြောက်မြားစွာ ရောက်လာပါတယ်.. ဖုန်းအကြိမ်ပေါင်း မရေ မတွက်နိုင်အောင် နေ့စဉ် နေ့တိုင်း ခေါ်နေခဲ့ပါတယ်.. ကောင်လေး မယုံကြည်နိုင်ပါဘူး…သူ့ကို ထားခဲ့ပြီး တစ်ခြားသူ တစ်ဦးနဲ့ ကောင်မလေး လက်ထပ်သွားမယ်ဆိုတာ သူဘယ်လိုမှကို မယုံကြည်ပါဘူး.. ရောက်လာတဲ့စာတွေ အီမေလ်းတွေကို ဖတ်တိုင်း၊ ဖုန်းခေါ်သံတွေ ကြားရတိုင်း မိန်းခလေးမှာ အသံမထွက်ဘဲ ငိုကြွေးလို့သာ နေပါတော့တယ်.. ဒီ ဖုန်းခေါ်သံတွေ စာတွေက သူမရင်ကို ပြင်းပြင်းထန်ထန် နှိပ်စက်လို့ နေပါတော့တယ်.. နောက်ဆုံးတော့ ကောင်လေးကို မိန်းခလေးက တစ်ဖြေးဖြေးနဲ့ မေ့သွားအောင် တစ်ခြားမြို့ရွာကို ပြောင်းရွေ့ဖို့ မိန်းခလေးရဲ့ မိဘတွေက ဆုံးဖြတ်လိုက်ကြပါတယ်.. နေရာအသစ်၊ ပါတ်ဝန်းကျင် အသစ်မှာ နေသားကျဖို့ ကောင်မလေး ကြိုးစားပါတယ်.. အဲဒီမြို့ကလေးမှာ သူမတို့လို ဆွံ့အ စကား မပြော နိုင်သူများအတွက် ဖွင့်လှစ်ထားတဲ့ ခြေဟန်လက်ဟန်နဲ့ စကားပြောနည်းကို လေ့လာသင်ယူခဲ့ပါတယ်.. သူမနေ့စဉ် ရင်ထဲကပြောနေတဲ့ စကားတစ်ခွန်းက “ကောင်လေးကို ငါ မေ့ပစ်ရမယ်” ဆိုတဲ့ စကားလေးပါ.. သူမအသိဆုံးပါ ကောင်လေးကို မေ့ဖို့ဆိုတာ သူမအတွက် ဘယ်လောက် ခက်ခဲ ပင်ပန်းတယ်ဆိုတာ.. တစ်နေ့မှာတော့ သူမနေခဲ့တဲ့ မြို့လေးက သူငယ်ချင်း မိန်းခလေးတစ်ယောက် သူမထံ အလည် ရောက်လာပါတယ်.. အဲဒီ သူငယ်ချင်း ဆီကနေ ကောင်လေး ပြန်ရောက်နေကြောင်းကို မမျှော်လင့်ဘဲ သိခွင့်ရလိုက်ပါတယ်.. မိန်းခလေးက သူငယ်ချင်း ဖြစ်သူကို သူမရဲ့ အဖြစ်အပျက်အားလုံး ကောင်လေးကို လုံးဝ အသိမပေးဖို့ အတန်တန် ကတိတောင်းပါတယ်..တစ်ရက် နှစ်ရက် နေပြီးတော့ သူမ သူငယ်ချင်းလဲ ပြန်သွားပါတယ်.. အဲဒီချိန်က စလို့ ကောင်လေးရဲ့သတင်းကို မိန်းခလေး ထပ်မကြား ရတော့ပါဘူး… တစ်နှစ်လောက်အကြာမှာ ယခင်နှစ်က အလည်ရောက်ခဲ့ဖူးတဲ့ သူမရဲ့ သူငယ်ချင်း ပြန်ရောက်လာပါတယ်.. သူငယ်ချင်းဖြစ်သူရဲ့ လက်ထဲမှာ တော့ မင်္ဂလာဆောင် ဖိတ်စာလေးတစ်ခုပါ… ဘယ်သူ့မင်္ဂလာဆောင်လဲလို့ သူမက ခြေဟန်လက်ဟန်နဲ့ မေးလိုက်တဲ့ အခါ သူမ သူငယ်ချင်းက ကောင်လေးရဲ့ မင်္ဂလာဆောင်လို့ ပြန်ဖြေပါတယ်.. ဖိတ်စာလေးက မိန်းခလေးရဲ့ လက်ကနေ လွှတ်ကျ သွားခဲ့ပါတယ်.. တကယ်တမ်းတော့ ကောင်လေးကို သူမ ခုချိန်ထိ မေ့လို့ မရနိုင်ခဲ့ပါဘူး… ကောင်လေး လက်ထပ်တော့မယ်လဲ ကြားရော သူမ တင်းထားသမျှ ပြိုလဲသွားပါပြီ.. သူမပါးပြင်ပေါ်မှာ ၀မ်းနည်းခြင်း မျက်ရည်စက်များ စီးကျလာပါတယ်.. သူမသူငယ်ချင်းက ဖိတ်စာလေးကို ပြန်ကောက်ပေးပြီး ဖွင့်ကြည့်လိုက်ဖို့ တိုက်တွန်းပါတယ်.. သူမ ဖိတ်စာလေးကို တုန်ယင်နေတဲ့ လက် အစုံနဲ့ ဖွင့်လိုက်ပါတယ်… သတို့သားက သူမ ချစ်လှစွာသော ကောင်လေးနံမည်ပါ… သတို့သမီး နံမည်နေရာမှာတော့ အံ့သြ ထူးဆန်းပါဘိ……….. မမှားပါဘူး.. သူမ အထပ်ထပ် အခါခါ ပြန်ကြည့်မိပါတယ်.. သူမရဲ့ နံမည်ပါ… အံ့သြစိတ်နဲ့ သူငယ်ချင်းဖြစ်သူကို မေးဖို့ ခေါင်းပြန်အမော့မှာ သူမရှေ့မှာ ရပ်နေခဲ့သူက သူမရဲ့ ကောင်လေးပါ. ကောင်လေးက သူမသုံးနေတဲ့ ခြေဟန်လက်ဟန် အမူအရာ စကားနဲ့ သူမကို လှမ်းပြောပါတယ်… “ငါက တစ်နှစ်လုံးလုံး ဒီ အမူအရာ သုံးတဲ့ ဘာသာစကားကို လေ့လာနေခဲ့တာပါ.. နင့်ကို ငါဘယ်လိုမှ မမေ့ဘူးဆိုတာ နင်သိစေချင်တယ်.. ပြီးတော့ နင့်ကို ပေးထားခဲ့တဲ့ ငါ့ရဲ့ ကတိစကားကိုလဲ ဘယ်တော့မှ မမေ့ပါဘူး… နင့်ကို တစ်သက်လုံး စောင့်ရှောက်သွားမယ် ဆိုတာလေ…ခုချိန်မှာ နင် စကားမပြောနိုင်တော့ပေမဲ့ စိတ်မပျက်ပါနဲ့.. ငါရှိနေပါတယ်.. ငါ့ကို နင့်ရဲ့အသံလေး အဖြစ်နဲ့ နင့်ဘေးနားမှာ တစ်သက်လုံး နေခွင့်ပေးပါနော်… ငါ နင့်ကို အရမ်း ချစ်တယ်.. တစ်ဘ၀လုံးစာ ချစ်ပါတယ်..” ကောင်လေးက အိတ်ထဲက လက်စွပ်လေးတစ်ကွင်းကို ထုတ်လိုက်ပြီး မိန်းခလေးရဲ့ လက်သူကြွယ်လေးမှာ ပြန်စွပ်ပေးလိုက်ပါတယ် ဒီလက်စွပ်လေးဟာ ကောင်လေးကို သူမ ပြန်ပို့ပေးလိုက်တဲ့ လက်စွပ်လေးပါ… မိန်းခလေးရဲ့ ပါးပြင်မှာတော့ ချမ်းမြေ့ခြင်း ပီတိတို့နဲ့အတူ မျက်ရည်စလေးများ စီးကျလာပါတယ်.. ကောင်လေးက စီးကျလာတဲ့ မျက်ရည်စတို့ကို တယုတယ ဖယ်ရှားပေးလိုက်ပါတယ်.. အသံမထွက်ဘဲ ငိုရှိုက်နေတာ ဖြစ်ပေမဲ့ ဒီတစ်ခါတော့ မထွက်နိုင်တော့တဲ့ သူမ အသံ အတွက် ၀မ်းနည်း ကြေကွဲမနေတော့ပါဘူး… သူမဘေးမှာ သူမရဲ့ အသံလေးအဖြစ် တစ်သက်လုံး ရှိနေတော့မဲ့ ချစ်သူကောင်လေး ရှိနေခဲ့ပြီဘဲလေ…. ———————————————————————————————————————— ကိုယ့်ချစ်သူ မိန်းခလေးက စကားမပြောနိုင်တဲ့သူ တစ်ယောက်ဖြစ်သွားခဲ့တာတောင် သစ္စာရှိစွာနဲ့ မေတ္တာမပျက် ချစ်ခင်နိုင်တဲ့ ကောင်လေးရဲ့ အချစ်ကလည်း ချီးကျူး လေးစားစရာနော်…လူတိုင်းဟာ မိမိချစ်တဲ့သူကို စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတို့နဲ့ ချစ်နိုင်ဖို့ဆိုတာ တကယ်တမ်းတော့ မလွယ်လှပါဘူး… အဲဒီလို မလွယ်တာကို လုပ်နိုင်တဲ့ လူတွေကို ကျွန်မတို့က လေးစားစရာအဖြစ် တန်ဖိုးထား ရမှာပါ.. မိမိချစ်သူအပေါ် ဘယ်လို စောင့်ရှောက် ဖေးမရမယ်ဆိုတဲ့ ကောင်လေးရဲ့ အချစ်ကို အတုယူသင့်လှပါတယ်… သူရဲ့ အချစ်ကြောင့် အားငယ်နေတဲ့ ချစ်သူ မိန်းခလေး ဘယ်လောက်တောင် ကျေနပ် ပျော်ရွှင်သွားမလဲနော်.. ဒီိလို အချစ်မျိုးတွေနဲ့သာ လောကကို အလှဆင် ထားမယ်ဆိုရင်ဖြင့် ကမ္ဘာကြီးဟာ အချစ်ရဲ့ စွမ်းအားတို့နဲ့ သာယာလှပနေတော့မှာပါ… မူရင်း ရေးသားသူ Cutie Mermaid ရဲ့ A Silent Love ကို ချစ်တတ်ကြသူများအတွက် ဘာသာပြန် ဝေငှ ပါတယ်ရှင်.. ချော (အစိမ်းရောင်လွင်ပြင်)

ချစ်သူရဲ့ နှင်းဆီလက်ဆောင်

သူမရဲ့နံမည်လေးက မနှင်းဆီ.. နံမည်နဲ့လိုက်အောင် ပန်းလေးတစ်ပွင့်လို နူးညံ့ သိမ်မွေ့စွာ လှပသူ… သူမ အနှစ်သက်ဆုံး ပန်းဟာလည်း အနီရောင်နှင်းဆီပန်းသာ ဖြစ်ပါတယ်.. မနှင်းဆီလေးရဲ့ ခင်ပွန်းက နှစ်စဉ်နှစ်တိုင်း ချစ်သူများနေ့မှာ သူမ နှစ်သက် သဘောကျတဲ့ အနီရောင် နှင်းဆီပန်းတွေကို အလွန်လှပ ချစ်စရာကောင်းတဲ့ ပန်းစည်းလေး ပြုလုပ်ပြီး လက်ဆောင်ပေးလေ့ ရှိပါတယ်.. သူမတို့ အိမ်ထောင်ရေးဟာ ပျော်ရွှင်သာယာပြီး လူတကာ အားကျရတဲ့ စံပြ အိမ်ထောင်ရေးဖြစ်ခဲ့ပေမဲ့ ကံတရားရဲ့ ရက်စက်စွာ ထိုးနှက်မှုကြောင့် သူမချစ်တဲ့ ခင်ပွန်းဟာ မမျှော်လင့်တဲ့ မတော်တဆမှု တစ်ခုနဲ့ တိမ်းပါး သွားခဲ့ရပါတယ်.. အရူးတစ်ပိုင်း ဖြစ်ကျန်ခဲ့တဲ့ မနှင်းဆီလေးဟာ ၀မ်းနည်း ဆွေးမြေ့ခြင်း၊ အထီးကျန် အားငယ်ခြင်းတို့ကိုသာ အဖော်ပြုလို့ ဘ၀ကို ငြီးငွေ့စွာ ဖြတ်သန်းရပါတော့တယ်.. ဒီနေ့ဟာ ဖေဖော်ဝါရီလ ၁၄ရက် ချစ်သူများနေ့ဖြစ်ပါတယ်… မနက်စောစော အိပ်ရာနိုးနိုးခြင်း မနှင်းဆီ အရင်ဆုံး သတိရမိတာက သူ့ခင်ပွန်းကိုပါ.. ဒီနေ့ရောက်တိုင်း သူ့ဆီကနေ မနှင်းဆီချစ်တဲ့ နှင်းဆီနီလေးတွေ လက်ဆောင် ရနေကျ.. ခုတော့ တစ်ယောက်တည်း ကြေကွဲ လွမ်းဆွတ် နေရတဲ့ အထီးကျန် ဘ၀ကို တွေးမိရင်း ၀မ်းနည်းစိတ်က ရင်ထဲမှာ တစ်လှိုက်လှိုက်နဲ့ ဆို့တက်လို့ လာပါတယ်.. အဲဒီချိန်လေးမှာဘဲ အိမ်တံခါးခေါက်သံကို သူမကြားလိုက်ရပါတယ်.. အိပ်ရာက အသာထလို့ အိမ်ရှေ့တံခါးအဖွင့်မှာ အံ့သြစရာ မြင်ကွင်းလေးတစ်ခုက ထူးဆန်းစွာ ဆီးကြို လိုက်ပါတယ်.. အလွန်လှပတဲ့ နှင်းဆီပန်းကြီးတစ်စီး သူမရဲ့ အိမ်တံခါးအနီးမှာ .. သူမကြိုက်တဲ့ အနီရောင်ရင့်ရင့် နှင်းဆီတွေ… မွှေးပျံ့တဲ့ ရနံ့လေးတွေကလည်း ကြူကြူသင်းလို့… နှင်းဆီပန်းလေးမှာ ချိတ်ထားတဲ့ ကဒ်လေးပေါ်မှာတော့ “ချစ်တဲ့ နှင်းဆီလေးအတွက် ချစ်လက်ဆောင်” တဲ့… အခါတိုင်း သူမခင်ပွန်းရှိစဉ်က ချစ်သူများနေ့မှာ ပေးနေကျ ပန်းလက်ဆောင် အတိုင်းပါဘဲ.. ရေးထားတဲ့စာက အစ ခါတိုင်းနှစ်တွေနဲ့ တစ်ပုံစံတည်း…. မနှင်းဆီ သိလိုက်ပါပြီ.. သူမခင်ပွန်းဟာ မကွယ်လွန်ခင်ကတည်းက သူမကို ဒီနေ့မှာ ပန်းလက်ဆောင်ပေးဖို့ ပန်းဆိုင်မှာ ကြိုတင်ငွေချေပြီး မှာထားခဲ့ပုံရပါတယ်… ဒီနှစ်ဟာ သူမအတွက် ချစ်ခင်ပွန်းဆီက နောက်ဆုံးရတဲ့ နှင်းဆီပန်း လက်ဆောင်လဲ ဖြစ်ပါလိမ့်မယ်.… သူမချစ်တဲ့ ယောက်ျားဟာ သူသေဆုံးမှာကို ကြိုသိလို့ အော်ဒါမှာထားခဲ့တာမျိုး မဖြစ်နိုင်ပါဘူး.. သူဟာ အလုပ်တစ်ခု လုပ်ရင် အချိန်မကျခင်ကတည်းက အမြဲတမ်း ကြိုတင်စီစဉ်တတ်တဲ့ အကျင့် ရှိသူတစ်ယောက်ပါ… တကယ်လို့ အလုပ်သိပ်များလို့ မေ့လျော့သွားခဲ့ ရင်တောင် ကြိုတင် စီစဉ်ထားခြင်း အားဖြင့် အရာရာဟာ ပုံမှန် လည်ပတ်သွားနိုင်အောင် သူမယောက်ျားဟာ စေ့စပ်သေချာလှသူ ဖြစ်ပါတယ်… မနှင်းဆီက နှင်းဆီပန်းစည်းလေးကို အိမ်တွင်းသို့ တယုတယ ယူဆောင်လာပြီး ပန်းအိုး လှလှလေး တစ်ခုထဲ ထိုးစိုက်လိုက်ပါတယ်.. သူမယောက်ျားရဲ့ ပြုံးရွှင်နေတဲ့ ဓာတ်ပုံဘေးမှာ ပန်းအိုးလေးကို ချထားလိုက် ပြီးတော့ ယောက်ျားဖြစ်သူ ထိုင်နေကျ ခုံလေးမှာ ထိုင်ကာ ဓာတ်ပုံလေးနဲ့ ပန်းစည်းလေးကို အတော်ကြာအောင် စိုက်ကြည့် နေမိပါတယ်… သူမတို့ ၂ယောက်ရဲ့ အတိတ်က ပျော်စရာအချိန်တွေကို တစ်ရေးရေးနဲ့ ပြန်မြင်ယောင်လာရင်း ကြည်နူး ပျော်ရွှင်စိတ်နဲ့အတူ ကြေကွဲ ၀မ်းနည်းစိတ်ပါ တစ်ပြိုင်တည်း ခံစားရပါတယ်… သူဟာ ဘာလို့များ သူမအနားကနေ စောစောစီးစီး ထွက်ခွာသွားရတာပါလဲ.. ခုလိုချိန်မှာ သူမရဲ့ ဘေးနားမှာ ရှိနေပြီး ဒီပန်းစည်းလေးဟာ သူမ ယောက်ျား ကိုယ်တိုင် ပေးတဲ့ ပန်းစည်းလေးဖြစ်ခဲ့ရင် ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲနော်.. ဒီလိုနဲ့ တစ်နှစ် ကုန်ဆုံးသွားပြန်ပါပြီ.. ချစ်သူနဲ့ သေကွဲကွဲပြီး တစ်ယောက်တည်းနေရသူအဖို့ ပျင်းရိငြီးငွေ့စရာ၊ ခြောက်ခြားစရာ ကောင်းလောက်အောင် လောကကြီးတစ်ခုလုံးဟာ သူမအတွက်တော့ အထီးကျန် လွန်းလှပါတယ်.. ပျော်ရွှင်မှု ဆိုတာ ရှာဖွေလို့ မတွေ့တော့လောက်အောင် အရာရာဟာ ကြေမွ ဆိတ်သုန်းလို့၊ ယုံကြည်ချက် အနာဂတ်မဲ့နေတဲ့ သူလို ဖြစ်နေပါတော့တယ်… ဒီတစ်နှစ်လဲ ထုံးစံအတိုင်း ချစ်သူများနေ့ ရောက်လာပြန်ပါတယ်.. မနက်ခင်းလေးမှာ အိမ်ရှေ့တံခါး ခေါက်သံလေး မြည်လာတဲ့အတွက် အပြေးအလွှား သွားရောက်လို့ တံခါးဖွင့်ကြည့်တဲ့အခါမှာ လှပ နီရဲနေတဲ့ နှင်းဆီပန်းတွေ.. နှင်းဆီပန်းတွေကို ကြည့်ပြီး မနှင်းဆီလေးမှာ ထူးဆန်းအံ့သြခြင်း မယုံကြည်နိုင်ခြင်းများနဲ့ မှင်သက်မိလို့.. ဘယ်ချိန်ထိ ကျောက်ရုပ်လေးလို ရပ်နေမိတယ် မသိ.. သတိရတဲ့အချိန်မှာ နှင်းဆီပန်းစည်းကို ကိုင်ဆောင်လို့ အိမ်ထဲကို အပြေးအလွှား ၀င်ရောက်ကာ ပန်းစည်း စီစဉ်ပေးပို့တဲ့ ဆိုင်ကို ဖုန်းဆက်ပါတော့တယ်… ဆိုင်ရှင်ဖြစ်သူ ဖုန်းလာကိုင်တဲ့အချိန်မှာ သူမက မေးခွန်းတွေ မေးမိပါတယ်…. ဘယ်သူက ခုလို ဒီပန်းစည်းတွေကို သူမကို နာကျင်ခံစားစေလိုတဲ့စိတ်နဲ့ ပို့ပေးနေတာလဲ.. သူမကို ရှင်းပြပေးပါလို့ တောင်းဆိုပါတယ်… ပန်းဆိုင်ပိုင်ရှင်က “ခင်ဗျားယောက်ျား လွန်ခဲ့တဲ့ တစ်နှစ် လောက်က ဆုံးသွားပြီဆိုတာ ကျွန်တော် သိပါတယ်.. ခင်ဗျား ဖုန်းဆက်မေးလိမ့်မယ် ဆိုတာလဲ ကျွန်တော် မျှော်လင့်ပြီးသားပါ.. ခင်ဗျား အရမ်းကို သိချင်လိမ့်မယ်ဆိုတာလဲ ကျွန်တော် တွေးမိပါတယ်.. ခံစား နားလည်ပေးလို့ ရပါတယ်.. ခင်ဗျား ဒီနေ့ လက်ခံရရှိတဲ့ပန်းတွေဟာ ခင်ဗျား ခင်ပွန်း ကိုယ်တိုင် ငွေချေပြီး ကြိုတင်စီစဉ် ထားတဲ့ပန်းတွေပါ.. ဒီလို နှင်းဆီပန်းတွေကို နှစ်စဉ်နှစ်တိုင်း ခင်ဗျား လက်ခံရဦးမှာပါ.. ခင်ဗျားယောက်ျားဟာ အရာရာကို ကြိုတင် တွက်ချက်ပြီး ခင်ဗျားအတွက် အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေးသွားခဲ့ပါတယ်… ပန်းစည်းမှာ ချိတ်ဖို့ ကဒ်ပြားလေးနဲ့ အတူ စာလေးတွေကိုလည်း သူကိုယ်တိုင်ရေးပြီး ထားရစ်ခဲ့ပါတယ်.. တကယ်လို့များ သူမရှိတော့ရင်တောင် နှင်းဆီပန်းတွေကို ခင်ဗျားဆီကို ဆက်ပြီး ပို့ပေးဖို့ သူမှာခဲ့ပြီးသားပါ.. ဒီနောက်ပိုင်းမှာ သူကိုယ်တိုင် ဆိုင်ကို တစ်ခေါက်မှ ရောက်မလာတော့ဘူး ဆိုကတည်းက သူမရှိတော့ဘူးဆိုတာ ကျွန်တော် သိလိုက်ပါတယ်.. ဒီတော့ သူမှာကြားခဲ့တဲ့ အတိုင်း နှင်းဆီပန်းလေးတွေနဲ့ ခင်ဗျားအတွက် အထူး စီစဉ် ရေးသားထားတဲ့ စာလေးကို ဒီနေ့ ခင်ဗျားဆီ မပျက်မကွက် ကျွန်တော် အရောက်ပို့ပေး လိုက်ပါတယ်.. နောင်နှစ်တွေမှာလဲ ခင်ဗျားဆီ ကျွန်တော် ပို့ပေးဦးမှာပါ.. ဒါဟာ ခင်ဗျား ခင်ပွန်းရဲ့ အစီအစဉ်တွေကြောင့်ပါဗျာ….” မနှင်းဆီ ပန်းဆိုင်ပိုင်ရှင်ကို ကျေးဇူးစကားဆိုရင်း ဖုန်းကို ချလိုက်ပါတယ်.. သူမရဲ့ တုန်ယင်နေတဲ့ လက်အစုံနဲ့ ပန်းစည်းလေးပေါ်က စာအိတ်လေးကို ဖြုတ်ယူလိုက်ပါတယ်.. စာအိတ်လေးထဲမှာတော့ စာလေးတစ်စောင် .. စာထဲမှာက သူမယောက်ျားရဲ့ လက်ရေးတွေနဲ့ အချစ်ရေ.. မင်းအနားမှာ ကိုယ်မရှိနိုင်တော့ဘူးနော်… ကိုယ်မရှိတဲ့အခါ ဘ၀ကြီးကို မင်းတစ်ယောက် တည်း ရင်ဆိုင်ဖို့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ ကိုယ်သိပါတယ်.. မင်းတစ်ယောက်တည်း ဘယ်လောက်တောင် အထီးကျန်မယ်.. ကြေကွဲ ပူဆွေးနေမယ် ဆိုတာလည်း ကိုယ်နားလည်စာနာပါတယ်.. မင်းကို ကိုယ် ဘယ်လောက်တောင် ချစ်ခဲ့တယ်ဆိုတာလဲ မင်းသိခဲ့မှာပါနော်… ကိုယ်တို့၂ယောက်ရဲ့ အချစ်တွေ၊ အကြင်နာတွေနဲ့ ကိုယ်တို့ဘ၀ကို လွှမ်းခြုံလို့ ပျော်ရွှင်သာယာဖွယ် ကမ္ဘာလေးကို တည်ဆောက်ခဲ့ကြတယ် . သိပ်ပျော်ဖို့ ကောင်းတဲ့အချိန်တွေကို ကိုယ်တို့ရရှိခဲ့ကြတယ်လေ… ဘ၀မှာ အချစ်တွေနဲ့ ပြီးပြည့်စုံ ခဲ့ကြတယ်… အချစ်ရယ်.. မင်းဟာ ကိုယ့်ဘ၀ရဲ့ အကောင်းဆုံး အမွန်မြတ်ဆုံး ဇနီးမယားကောင်းတစ်ဦးပါ.. မင်းကို ပြောပြစရာ စကားလုံး ရှာမတွေ့လောက်အောင် ကိုယ်ချစ်မြတ်နိုးခဲ့ပါတယ်.. ကိုယ့်ရဲ့ လိုအင်ဆန္ဒ မှန်သမျှကို သိတတ်စွာ အမြဲတမ်းဖြည့်ဆည်းပေးပြီး ကိုယ့်စိတ်ကို အမြဲ နားလည်ပေးခဲ့တဲ့ မင်းဟာ ကိုယ့်အတွက် သူငယ်ချင်းကောင်းတစ်ဦး ဖြစ်သလို အကောင်းဆုံး ချစ်သူ တစ်ယောက်လဲ ဖြစ်ပါတယ်.. မင်းကို ကိုယ် သိပ်တန်ဖိုးထားခဲ့ပါတယ်.. ကိုယ်ဟာ မင်းအနားမှာ မရှိတော့ပေမဲ့ ၀မ်းနည်း ပူဆွေးမနေပါနဲ့ အချစ်ရယ်. မျက်ရည်တွေကို သုတ်လိုက်ပါ နော် မင်းကို အမြဲတမ်း ပျော်ရွှင်စေချင်တယ်.. ဒါကြောင့်လဲ မင်းအတွက် နှင်းဆီပန်းလေးတွေ နှစ်စဉ်ပေးနိုင်ဖို့ ကိုယ်စီစဉ် ခဲ့တာပါ.. ဒီနှင်းဆီပန်းလေးတွေကို မင်းလက်ခံရတဲ့အခါတိုင်း ကိုယ်တို့၂ယောက်ရဲ့ အပျော်ဆုံး အချိန်တွေကို သတိရ လိုက်ပါ… ပြီးတော့ ကိုယ်တို့၂ယောက် ဘယ်လောက်တောင် ချစ်ခဲ့ကြတယ်ဆိုတာကို ပြန်စဉ်းစားပြီး ပျော်ရွှင်နိုင်အောင် ကြိုးစားပါ.. ကိုယ် မင်းကို သိပ်ချစ်ခဲ့တယ်.. အမြဲတမ်းလဲ ချစ်နေမှာပါ… ကိုယ်မရှိတော့တဲ့ အခါ မင်း ၀မ်းနည်းပူဆွေးပြီး ကျန်နေမှာကို ကိုယ်မလိုလားပါဘူး. ဒါကြောင့် ကျန်နေသေးတဲ့ မင်းဘ၀ရဲ့ အချိန်တွေကို ပျော်ပျော်နေနိုင်အောင် ကြိုးစားပါနော်.. မလွယ်ဘူးဆိုတာတော့ ကိုယ်လဲသိပါတယ်.. ဒါပေမဲ့ ကြိုးစားပြီးနေပါအချစ်ရယ်…. ဒီနှင်းဆီနီလေးတွေဟာ မင်းပျော်ရွှင်စေဖို့ မင်းဆီကို နှစ်စဉ်နှစ်တိုင်း ရောက်လာပါလိမ့်မယ်… ပန်းဆိုင်က တစ်ယောက်ယောက် မင်းရဲ့အိမ်တံခါးကို နှစ်စဉ်နှစ်တိုင်း ဒီလိုနေ့တိုင်းမှာ တံခါးလာခေါက်မှာပါ… မင်းဆီက ဘာတုံ့ပြန်မှုမှ မရတော့တဲ့ နောက်ဆုံးတစ်နေ့ရောက်မှသာ နှင်းဆီပန်းလေးတွေ မင်းဆီပို့တာ ရပ်မှာပါ..… အဲဒီနေ့မှာ မင်းအိမ်တံခါးကို သူဟာ ၅ ကြိမ်တိုင်တိုင် အရောက်လာပြီး လာခေါက်ပါလိမ့်မယ်.. မင်းဆီက တုံ့ပြန်မှု မရတာ လုံးဝ သေချာပြီ ဆိုရင်တော့ မင်းမရှိတော့တာ သူတို့သဘောပေါက်ကြမှာပါ… အဲဒီလိုဆိုရင် နှင်းဆီနီလေးတွေကို ကိုယ်ညွှန်ကြားထားတဲ့ နေရာကို သူတို့ ဆက်ပြီး ပို့ပါလိမ့်မယ်.. အဲဒီနေရာလေးဟာ မင်းနဲ့ကိုယ်နဲ့ လှဲလျောင်း အိပ်စက်အနားယူတဲ့ အုတ်ဂူလေး၂ခုပေါ့ကွယ်.. ဒီလို ချစ်သူများနေ့မှာ ကိုယ်တို့၂ယောက်ရဲ့ အုတ်ဂူလေးဟာ မင်းချစ်တဲ့ နှင်းဆီရနံ့တွေနဲ့ သင်းပျံ့ မွှေးမြနေပါလိမ့်မယ်.. ကိုယ်တို့၂ယောက်ကတော့ ပြန်လည်ဆုံစည်းခွင့် ရတဲ့အတွက် ပျော်ရွှင်နေကြမှာပေါ့အချစ်ရယ်.. ခုချိန်မှာတော့ ကျန်နေသေးတဲ့ မင်းရဲ့ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်အောင် အားတင်းထားလိုက်ပါ ကိုယ့်အချစ်ဆုံးရယ်….. အိုး… ဒီလိုဆိုရင်ဖြင့် သူမဘာများ ၀မ်းနည်း ကြေကွဲနေစရာ လိုသေးသလဲနော်… သူမ သက်ရှိထင်ရှား ရှိနေသမျှကာလပတ်လုံး သူမ ချစ်ခင်မြတ်နိုးရတဲ့ ခင်ပွန်းဆီက သူမချစ်တဲ့ နှင်းဆီပန်းတွေ နှစ်စဉ်နှစ်တိုင်း မလွဲမသွေ ရနေဦးမယ်ဆိုရင် သူ့ရဲ့ အချစ်တွေဟာ သူမဘေးနား ထာဝစဉ်ရှိနေတာနဲ့ အတူတူပါဘဲလေ… မနှင်းဆီ ရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့်က ကြည်စင်ဝင်းပလို့.. သူမရဲ့ မျက်ဝန်းလေးတွေ ဟာလည်း ရွှန်းလက်တောက်ပလို့.. ဒါတွေဟာ ချစ်ခြင်းရဲ့ အင်အားထက်မြက်တဲ့ အစွမ်းကြောင့်ဘဲ မဟုတ်ပါလား…. —————————————————————————————————————————– ဇာတ်လမ်းလေးက စိတ်ကူးယဉ်ဆန်ကောင်း ဆန်နေပါလိမ့်မယ်.. ဒါပေမဲ့ ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်စေလိုတဲ့ စိတ်ကလေးဟာ အရမ်းကို နှစ်သက်စဖွယ် လေးစားအားကျစဖွယ် ကောင်းလှပါတယ်… ကိုယ်သေဆုံးပြီး ချိန်မှာတောင် ချစ်သူကို ပျော်ရွှင်ပြီး ကျန်ရစ်စေလိုတဲ့ ဒီလိုစိတ်ထားမျိုးက ချစ်သူတိုင်းမှာသာ ရှိခဲ့မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်.. ချစ်တတ်ကြသူတိုင်း စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်သူများ ဖြစ်ကြပါစေ… ချစ်သူတိုင်းလည်း ပျော်ရွှင်ကြပါစေရှင်.. ဖေဖော်ဝါရီ ၁၄ရက် ချစ်သူများနေ့ မှာ ကျွန်မရဲ့ စာဖတ်သူ မိတ်ဆွေ၊ သူငယ်ချင်းများကို ဒီဇာတ်လမ်းလေး လက်ဆောင် ပေးလိုက်ပါတယ်နော်… Chicken Soup for the Gardener’s Soul မှ James A.Kisner ရဲ့ Valentine Roses ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်.. ချစ်သူတိုင်း ပျော်ရွှင်စွာ ဆုံဆည်းနိုင်ကြပါစေရှင်.. ချော (အစိမ်းရောင်လွင်ပြင်)
Home