Home

အရက်သောက်သော ညများသည် ခါး၏

ညနေကျရင် အရက် ကောင်းကောင်း သောက်ရအောင်လို့ ကိုဇော်ကြီးက ပြောတယ်။ သူ့မှာ ဝီစကီ ကောင်းကောင်း တစ်လုံး လက်ဆောင် ရထားတယ်တဲ့။ အဲဒါ အေးအေး ဆေးဆေး စကားပြောရအောင် အလုပ်အားတယ် မဟုတ်လား လို့ မေးတော့ ကျွန်တော်က ဘာမှ မပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်တယ်။ ခဏလောက် တောင်ပြော မြောက်ပြော ပြောကြပြီး ကိုဇော်ကြီး ပြန်သွားတယ်။

တကယ်က ကိုဇော်ကြီး ပြောသွားတဲ့ အေးအေးဆေးဆေး စကားပြောရအောင် ဆိုတာကြီး နားမလည်တာပဲ။ သူနဲ့ ကျွန်တော်နဲ့ က မဟုတ်လည်း နေ့တိုင်း တွေ့နေတာပဲ ဥစ္စာ။ တွေ့တိုင်းလည်း ဒီရက်ပိုင်း ဖတ်ဖြစ်တဲ့ စာအုပ်တွေ အကြောင်း၊ ဂျာနယ်တွေ မဂ္ဂဇင်းတွေ သတင်းစာတွေ အကြောင်းလောက်ပဲ။ အဲဒီတော့ ထွေထွေထူးထူး ဘာမှ မရှိဘူး။ ဘာပဲ ပြောပြော ညနေကျရင် ဆိုင်စောစော ပိတ်ရမယ်လို့ပဲ တွေးထားမိလိုက်တယ်။ ဒီထက်လည်း ပိုတွေးစရာမှ မလိုပဲကိုး။ ညနေကျတော့ ကိုဇော်ကြီး ဖုန်းတခါ ထပ်ဆက်တယ်။ ဆိုင်ကို သွားနှင့်မယ် ပြောတယ်။

ပလောင်ဝ်မ ဆိုင်ကို လိုက်ခဲ့တဲ့။ အင်း အင်း လို့ပဲ ပြောလိုက်တယ်။ တကယ်တမ်း ကျတော့ လုပ်လက်စ အလုပ်တွေက လက်စသတ် မရဘူး ဖြစ်နေတယ်။ ကိုဇော်ကြီး ကျွန်တော့် ဆီ ဖုန်းဆက်ပြီး နာရီဝက်လောက် နောက်ကျမှ ဆိုင်ပိတ်ပြီး သူ့ဆီ လိုက်သွားရတယ်။
ဟိုရောက်တော့ သူ့ကို ဆိုင်လေးရဲ့ ချောင်ကျကျ နေရာလေးမှ စာဖတ်ရင်း ကျွန်တော့်ကို စောင့်နေတာ တွေ့တယ်။ သူက အဲလိုမျိုး။ ဘယ်သွားသွား စာအုပ်လေး တအုပ်တွေ လက်ထဲမှာ အမြဲ ပါတယ်။ စာအုပ် အမည် လှမ်းကြည့်လိုက်တော့ မြင့်သန်းရဲ့ “ဘာသာစကား အခြေခံ တည်ဆောက်မှု အတွင်းမှ” တဲ့။ နည်းနည်း နောက်ကျသွားတယ်လို့ ပြောလိုက်ရင်း သူနဲ့ မျက်နှာချင်းဆိုင်က ခုံတလုံးမှာ ဝင်ထိုင်လိုက်တယ်။ စားပွဲပေါ်မှာက မဖောက်ရသေးတဲ့ ဝီစကီ တစ်လုံး။ သ့ဘာသာ ပုလင်းကို ဖောက်နေရင်း ကိစ္စ မရှိပါဘူး.၊ နည်းနည်း စောင့်ရတာ များများ စောင့်ရတာ ကျုပ် အတွက် အရေးမကြီးပါဘူးလို့ ပြောတယ်.။ တကယ်က စောင့်ဆိုင်းခြင်း အနုပညာကို လူတွေ မကျေညက်ကြတာပဲ။ ခုလို ခင်ဗျားကို စောင့်လိုက်ရတော့လည်း ကျုပ်အတွက် ခင်ဗျားလို မိတ်ဆွေ တယောက်နဲ့ အရက်သောက်ရင်း စကားပြောဖော်တယောက် ရလာတာပဲ မဟုတ်လား လို့ မေးသလိုလိုနဲ့ ဖြေရှင်းချက်ပေးတယ်။

ဖန်ခွက်တွေထဲကို ဝီစကီ နည်းနည်းစီ ထည့်နေရင်းနဲ့ ကျုပ်က လောကကြီးထဲက အရေးကြီးနေတဲ့ သူတွေကို တွေ့ရင် ရယ်ချင်တာပဲ သိတယ်။ ခင်ဗျား စဉ်းစား ကြည့်လေ… ဒီမြို့မှာက လူတွေကမီးပွိုင့်မှာတောင် စောင့်ဖို့ စိတ်မရှည်ကြဘူး။ စက္ကန့်နှစ်ဆယ်လောက် စောင့်လိုက်ရုံနဲ့ ကိုယ်လိုရာ ခရီးကို ချောချောမောမော သွားနိုင်မယ့်ဟာကို မီးဝါပြရုံနဲ့တင် တစ်ဘက်က လူတွေ ကူးနေသေးတဲ့ ကြားက အတင်းဖြတ်ချင်ကြတယ်။လူတွေ တော်တော်များများကလည်း အရေးကြီးတယ် ဆိုတာပဲ ပြောနေကြတယ်။ မခက်ဘူးလားလို့ ကျွန်တော့် ဘက်ကို မေးငေါ့ပြရင်း အရှည်ကြီး ပြောတယ်။
ကျွန်တော် ဘာမှ ပြန်မပြောဖြစ်သေးဘဲ ဖန်ခွက်ကို ကောက်ကိုင်လိုက်ရင်း ချက်စ်လို့ သူနဲ့ ခွက်တိုက်ဖို့ သူ့ဆီကို ကမ်းလှမ်းလိုက်တယ်။

သူပြောတာ စဉ်းစားနေရင်း ဝီစကီကို မော့ချနေရင်းနဲ့ ဒီဝီစကီ တော်တော် ကောင်းတာပဲ လို့ပဲ စဉ်းစားလိုက်မိတယ်။ အသားတစ်ဖက် ကောက်ဝါးလိုက်ရင်း ခင်ဗျား မနေ့က စာပေ ဟောပြောပွဲ သွားသေးသလားလို့ သူ့ကို မေးလိုက်မိတယ်။ နောက်မှ တဆက်တည်း မေးမိတာ မှားပြီလို့ တွေးလိုက်မိတယ်။ သူက အလကားပါဗျာ လို့ပဲ ပြောတယ်။ ဒါတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ကျွန်တော်က မနေ့က အလုပ် မအားလို့ မသွားဖြစ်လိုက်ဘူုးလို့ ပြောလိုက်တယ်။ သူက ခင်ဗျား သိတဲ့ အတိုင်း စာပေဟောပြောပွဲ ခေါင်းစဉ်ကိုက ကျေးဇူးကြီးလှ မိနှင့် ဖ တဲ့ …ကျောက်စိမ်း ကုမ္ပဏီ တစ်ခုက ကမကထ လုပ်ပြီး ဒီဟောပြောပွဲကို စီစဉ်တာ။ ဒီတော့လည်း မိဘကျေးဇူး ဘယ်လို ဘယ်ဝါ ဆိုတာ သိရအောင် သွားနားထောင်တာပါတဲ့ မချိသလို ရယ်ရင်း ပြောတယ်။
ဟုတ်တော့လည်း ဟုတ်တယ်.။ကိုဇော်ကြီးလို လူက မိဘကျေးဇူး ဆိုတာကြီးကို အနီးကပ် မကြုံခဲ့ရတော့ သူ နားမလည်တာ မဆန်းဘူး။ တစ်ခါက ခုလို အရက်သောက်ရင်း သူ စိတ်လို လက်ရ ရှိတုန်း သူ့အကြောင်း ပြောတာ နားထောင်ရဖူးတယ်။ သူ့ ကို မွေးပြီး ရက်ပိုင်းလောက်မှာပဲ သူ့ အဖေနဲ့ အမေ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ကွဲသွားကြတယ် တဲ့။ သူ့ကိုတော့ အဘိုးအဘွားတွေ အဒေါ်တွေ ဆီ ထားခဲ့ကြတယ် တဲ့။ ဒီတော့ သူလည်း မိဘလက်ထဲမှာ မကြီးပြင်းခဲ့ရဘဲ အဘိုး အဘွား အဒေါ်တွေ လက်ထဲမှာ ကြီးပြင်းခဲ့ရတာ။ ကျောင်းနေတော့လည်း အဖေ အမေက သားရေ လူလေးရေ စာအုပ်ဖိုး ခဲတံဖိုး ရော့ဟဲ့၊ မုန့်ဖိုး ရော့ဟဲ့ ရယ်လို့တောင် မရှိခဲ့ဘူး တဲ့။ ခက်တာက လမ်းမှာ တွေ့ရင်တောင် သာရေ လူလေးရေ မခေါ်ကြဘူးတဲ့။ နောက်ဆုံးတော့ သူကိုယ်တိုင်ကိုက တစ်သက်လုံး အဖေ အမေ မခေါ်ခဲ့တာ ခုရော နောင်ရော သူ့မိဘတွေကို အဖေအမေ မခေါ်ချင်တော့တဲ့ အထိပဲ။ အဲလိုနဲ့ သူလည်း ကျောင်းပြီး လို့ အလုပ်အကိုင်လေး နည်းနည်း ရလာတော့ တယောက်တည်း ကြီးပြင်းခဲ့ရပြီး မိဘမေတ္တာဆိုတာ မခံယူခဲ့ရဖူးတော့ အဲဒီ မိဘကျေးဇူး ဆိုတာကြီးကို မုန်းနေတာ မဆန်းဘူး။

ဟိုအရင်ကတော့ ကျွန်တော် သူ့ကို နားမလည်နိုင်တာ အမှန်ပဲ။ ဒီလို ဖြစ်တာ မကောင်းဘူး။ ဟိုလို ဖြစ်တာ မကောင်းဘူး။ ဘယ်လို လုပ်သင့်တယ် ဘာညာ သူ့ကို ဝေဖန် အကြံပြုဖူးတယ်။ သူကတော့ ပြောပါတယ်။ ခင်ဗျားမှ မကြုံဖူးတာတဲ့။ ခုနောက်ပိုင်းတော့ သူ့ကို ပိုပို နားလည် လာမိတယ်။ ဒီမြို့မှာက သူနဲ့ ကျွန်တော်က စိတ်တူ ကိုယ်တူ ခင်တဲ့ မိတ်ဆွေတွေ ဆိုတော့ သူ တစ်ခုခု စကားပြောချင်တိုင်း ကျွန်တော့်ကို အမြဲ ပြောတယ်။ အဲလိုနဲ့ သူနဲ့ ကျွန်တော် တတွဲတွဲ ဖြစ်သွားတာ…။


ဒါနဲ့ အဲဒါ ဆို ဟောပြောပွဲ အကြောင်းလေး လုပ်စမ်းပါဦးလို့ စကား စလိုက်တယ်။ ဒီမှာက ဟောပြောပွဲ လုပ်တယ် ဆိုရင် မြို့နယ်က စာပေနဲ့ စာနယ်ဇင်း အဖွဲ့က ဖိုးပြောချင် မယ်ပြောချင်တွေက တန်းစီနေတာ ကိုးဗျ လို့ သူက ပြောတယ်။ အစီအစဉ် ကြေငြာတဲ့ သူက စပြီး နည်းနည်းလောက်တော့ စင်ပေါ်မှာ တက်ပြောလိုက်ရမှ။ ပြောတော့လည်း တောင်ရောက် မြောက်ရောက်နဲ့ လိုရင်းကို မရောက်ဘူးလို့ မှတ်ချက် ချသလို လေသံနဲ့ ပြောတယ်။ ကျုပ် စိတ်ပျက်ရတာ အဲဒါတွေပဲ တဲ့။ နောက်ပြီး ဒီဟောပြောပွဲကို စီစဉ်တဲ့ ကျောက်စိမ်းကုမ္ပဏီက မန်နေဂျင်း ဒါရိုက်တာ ဆိုတဲ့ လူက ဒီပွဲ ကို စီစဉ်ရတာဟာ မိဘကျေးဇူး ဘယ်လောက် ကြီးတယ် ဆိုတာ သိစေချင်လွန်းလို့ ခုလို ငွေကုန် ကြေးကျ ခံပြီး လုပ်ခဲ့ရတယ် ဆိုတာ ကို သူပြောချင်တာတွေ ပြောသွားတယ်။ တကယ်က အလကား လျှောက်ပြောတာ ပါဗျာ တဲ့။ တကယ်က ဒီပွဲကို လုပ်လိုက်လို့ မြို့နယ်က လူကြီးတွေနဲ့ ရလာမယ့် ရင်းနှီးမှုတွေ သူ့ စီးပွားရေးကို တစ်ဘက် တစ်လမ်းက ဘယ်လောက် အထောက် အကူ ဖြစ်နိုင်တယ် ဆိုတာ ထည့်ပြောတာကမှ ပိုပြည့်စုံဦးမယ်တဲ့။ ခင်ဗျားပဲ စဉ်းစားကြည့်လေတဲ့။ ကျွန်တော်က သူပြောတာ ဆက်နားထောင်ရင်း ဘာမှ ပြန်မပြော ဖြစ်ဘဲ ခေါင်းငြိမ့် ပြလိုက်ရင်း အရက် နည်းနည်း ဆီ ထပ်ထည့်လိုက်တယ်။ သူက မသောက်သေးဘဲ ကျောက်စိမ်း လုပ်တဲ့ ကုမ္ပဏီတိုင်း ဘယ်မှာ လာပြီး မှောင်ခိုနဲ့ ကင်းမလဲ ဗျာ တဲ့ ။ ကယ်ရီ လိုမျိုး တရား မဝင် လုပ်တာတွေ ရှိနေတာပဲ။ အဲဒီ လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့အောင် ခုလိုမျိုး မြို့နယ်က လူကြီးတွေနဲ့ ရင်းနှီးမှု ရအောင် လုပ်တာ မဟုတ်ဘူးလို့ ပြောနိုင်မလား။ စီးပွားရေး သမားဆိုတာ စီးပွားရေး တွက် တွက်ပြီးမှ လုပ်ကြတာမျိုးပဲ လို့ ကိုဇော်ကြီးက ပြောတယ်။ တကယ်က ကျုပ် အဆိုးမြင်ကြည့်ပြီး ပြောတာ မဟုတ်ဘူး။ ဒီလူ အခြား တစ်ဘက်ကို မစဉ်းစားဘဲ ပရိသတ်ကို အလေး မထားဘဲ၊ ကိုယ့်လိပ်ပြာ ကိုယ် မရှက်ပဲ ပြောချင်ရာ လျှောက် ပြောသွားတာ ကိုပဲ မကြိုက်တာ တဲ့။ သူက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဝီစကီကို ကောက်မော့လိုက်တယ်။


ခဏနေတော့ ဆိုင်က ကောင်လေး တစ်ယောက်က အနားလာပြီး ဘာလိုသေးလဲ ဦးလေး တို့လို့ မေးလို့ နှစ်ယောက်သား ပြိုင်တူ ရယ်လိုက်မိသေးတယ်။ ဟုတ်တယ်လေ…ကျွန်တော်တို့မှာ စိတ်ပျို ကိုယ်နု ဆိုပြီးတော့ လူငယ်လေးတွေလို နေ နေမှ ချာတိတ်က ဦးလေးလို့ လာခေါ်တော့ ကိုယ့်ကိုယ်ကို အသက်ကြီးမှန်း သိအောင် လာသတိပေးသလို ဖြစ်သွားတယ်။ အင်း… အသက်ကြီးတော့ ကိုယ့်ကိုယ်ကို အသိဥာဏ် ပိုရှိလာသလား မရှိလာသလား မသိပေမယ့် သေဖို့ တစ်ရက် ပိုနီးလာပြီလို့တော့ တွေးမိတာပဲ.။ ဟင်းချိုတစ်ဇွန်း ခပ်သောက်လိုက်ရင်း ခင်ဗျား ဟောပြောပွဲ အတွေ့အကြုံလေး ဆက်စမ်းပါဦးလို့ ကျွန်တော်က ပြောလိုက်တယ်။ သူက ဟေ့လူ ကျုပ် ဟောပြောခဲ့တာ မဟုတ်ဘူး။ သွားနားထောင်ခဲ့တာကို ပြန်ပြောပြရမှာ။ ဒါပေမယ့် ကျုပ်က အလေနတောတွေကို စားမြုံ့ပြန်ချင်တာ မဟုတ်ဘူး။ ခင်ဗျားက အတင်း ပြောခိုင်းနေလို့ လို့ ပြောပြီး မချိသလို ရယ်နေတယ်။

ကျွန်တော်က အရက် ထပ်ထည့်လိုက်ရင်း ပြောမှာသာ ပြောစမ်းပါဗျာလို့ တွန်းပေးတော့မှ သူက စကားဆက်တယ်။
အဲဒီနောက် အငြိမ်းစားဆိုတဲ့ လူကြီး တယောက် တက်ပြောတယ်ဗျ။ ဟောတယ် ပေါ့ဗျာ။ ခင်ဗျား သိတဲ့ အတိုင်း မိဘကျေးဇူး ဘယ်လောက်ကြီးတယ် ပေါ့ဗျာ တဲ့။ အဲဒီမှာ သူ့အတွေ့အကြုံလေး တစ်ခု ပြန်ပြောပါရစေဆိုပြီး တစ်ခါက သူ နယ်မြို့ တစ်မြို့မှာ တာဝန်ကျတော့သူ့အိမ်ဘေးက အိမ်က မိန်းမ တစ်ယောက်ကို တွေ့ဖူးတယ်တဲ့။ တွေ့တာမှ အဲဒီ မိန်းမရဲ့ ခါးမှာ တစ်ယောက် ၊ လက်က တစ်ယောက် ဘေးက တစ်ယောက်၊ ဗိုက်ထဲက တစ်ယောက် ကလေးတွေ တပြုံကြီးနဲ့ တဲ့ ။ အဲဒါ သူက မနေနိုင် မထိုင်နိုင် ခင်ဗျား ဘာလို့ ကလေးတွေ ဒီလောက်တောင် မွေးထားရတာလဲလို့ မေးလိုက်မိတယ်တဲ့ ။အဲဒီ မိန်းမက ဆရာရယ်...ကျွန်မတို့မှာ သာမန် ဆင်းရဲသားဆိုတော့ သူများလို ညဘက် ဥာဉ့်နက်အောင် တီဗွီတွေ ဘာတွေ ထိုင်ကြည့်စရာ မရှိဘူးတဲ့။ အဲဒါ စောစော အိပ်ယာဝင်မိရာက ဒီလို ဖြစ်လာရတာပဲ လို့ ပြန်ပြောတယ်တဲ့ ဗျာ။ ကျုပ်တော့ အဲဒီ နေရာတင်ပဲ ထပြန်လာခဲ့တာပဲ တဲ့ ။ အံမယ်...ဒါတောင် ပရိသတ်က လက်ခုပ် လက်ဝါးတီးပြီး သဘောကျလို့ ထင်ပ ရယ်လိုက်ကြသေးတယ်. ကျုပ်ဖြင့်ဗျာ ဘေးက ကျောင်းသူမလေးတွေကို မျက်နှာပူလိုက်တာ မပြောပါနဲ့တော့ ဆိုပြီး ကိုဇော်ကြီး ခမျာ စိတ်ပျက်သလိုနဲ့ ပြောရင်း အရက်ခွက်ကို ကောက်ပြီး တရှိန်းထိုး မော့ချလိုက်တယ်။ ကျွန်တော်ပါ စိတ်မသက်သာသလို ရော ရယ်လိုက်မိတယ်။

ကိုဇော်ကြီးက ဆက်ပြီး အဲဒီ အငြိမ်းစား ဆိုတဲ့ လူကြီး ဆိုင်လား မဆိုင်လားတော့ မသိဘူး။ လာနားထောင်တဲ့ သူတွေထဲမှာတော့ ကျောင်းသား ကျောင်းသူ လေးတွေ အများကြီး ပါတာတော့ သိတယ်။ အဲဒီ လူကြီး မစဉ်းစားတာဗျ။ ဦးနှောက် မရှိတာ။ ကိုယ့်သမီးအရွယ် ကလေးတွေဗျာ။ ပြောသင့် မပြောသင့် စဉ်းစားသင့်တာ ပေါ့တဲ့။ တကယ်က ကျုပ်တို့ ရယ်ချင်ရင် အိမ်မှာပဲ ချာလီချက်ပလင် ကြည့်ပြီး ရယ်လိုရတယ်။ စာပေဟောပြောပွဲလုပ်တာ လူရွှင်တော် ပြက်ခိုင်းနေတာမှ မဟုတ်တာ။ အဓိကက ဒီလူ စင်ပေါ်ရောက်ပြီ ဆိုပြီး ဘာကိုမှ ဂရုမစိုက်တော့ဘဲ ပြောချင်တာ လျှောက်ပြောတော့တာပဲ ဆိုပြီး သူ့ဖန်ခွက်ထဲကို အရက် နည်းနည်း ငှဲ့လိုက်တယ်။ ပြီးတော့မှ ကျွန်တော့် ဘက်က ဖန်ခွက်ကို ဆွဲယူလိုက်ရင်း ထည့်လိုက်တယ်။ တကယ်က မိဘကျေးဇူး ဆိုတာကြီး ပြောချင်ရင် ကျောင်းသူ ကျောင်းသား လူငယ်လေးတွေ ရှေ့မှာ ပြောစရာတွေ အများကြီး တဲ့။ ကျုပ်တို့ နေထိုင်တဲ့ ကမ္ဘာကြီး ၊ ကျုပ်တို့နိုင်ငံ၊ ကျုပ် တို့ ဘာသာစကား ။ဒါတွေဟာလည်း ကျုပ်တို့ အဖေနဲ့ အမေပါပဲ။ အဲဒါတွေကို အလုပ်အကျွေး ပြုတတ်ဖို့ ချစ်တတ် မြတ်နိုးတတ်ဖို့ ပိုပြောသင့်တာပေါ့တဲ့။ ဒီလူသား နှစ်ယောက်လေးတင်ပဲ ကွက်ပြီး ပြောနေဖို့ မသင့်ဘူး၊ ကျုပ်ကပဲ ကြီးကြီးကျယ်ကျယ် ပြောတယ်လို့ ခင်ဗျား အနေနဲ့ သဘောထားရင် ထားလို့ ကျွန်တော့်ကို လှမ်းကြည့်ရင်း ပြောတယ်။ အင်းပေါ့ လူတွေဆိုတော့ ထင်ပေါ်ချင်လို့ အောင်မြင်ကျော်ကြားချင်လို့ လုပ်နေတဲ့ သူတွေလည်း ရှိမှာပဲ လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ ဒါနဲ့ ကျွန်တော် ဒီရက် စာအုပ်ဆိုင်ဘက် ရောက်ဖြစ်တယ် ၊ ကဗျာ စာအုပ်တွေ အများကြီး ထွက်တယ် ဗျ လို့ ကျွန်တော်က ဆက်ပြောလိုက်တယ်။

ကျွန်တော်နဲ့ ကိုဇော်ကြီးက ဒီမြို့လေးရဲ့ တခုတည်းသော စာအုပ်ဆိုင်က ပင်တိုင် ဖောက်သည်တွေလို့ ပြောရင် ရနိုင်တယ်။ ထွက်သမျှ ကဗျာ စာအုပ်တွေ အကုန် ဝယ်ဖြစ်တယ်။ ပြီးရင် ဝေဖန် လေကန်ကြ။ ငြင်းကြ ခုံကြပေါ့။ သူ့ကိုတော့ ကျွန်တော် ရှည်ရှည်ဝေးဝေး ဘယ်တော့မှ မငြင်းခုံ ဖြစ်ဘူး။ သူက ကိုယ့်ထက် ယုံကြည်ချက် ပိုပြင်းတဲ့ သူကိုး။ ခင်ဗျားနဲ့ ကျွန်တော် မနက်ဖြန် စာအုပ်ဆိုင်ဘက် သွားရအောင်၊ ကဗျာစာအုပ်တွေက အရင်လို မဟုတ်ဘူး။ ပိုပြီး ပုံစံပြောင်းလာတယ်။ မြန်မာလိုက ရှေ့တစ်ပိုင်း၊ အင်္ဂလိပ်လိုက နောက်တစ်ပိုင်းလို့ ကျွန်တော်က ပြောလိုက်တယ်။ သူက အလကားပါဗျာ လို့ ပြောတယ်။ စာအုပ် ပိုထူတော့ ဈေးတင်ပြီး ရောင်းလို့ ကောင်းတာပေါ့တဲ့။ အလကားတာ မလကား မဟုတ်တာတော့ မသိဘူး။သူပြောတာတွေသာ တခြား အယူအဆ မတူတဲ့ လူတချို့ ကြားရင် အဆဲခံရနိုင်တယ်လို့ တွေးရင်း ပြုံးလိုက်မိတယ်။ နည်းနည်းတော့ မူးနေပြီလို့ ထင်မိတယ်။

ပုလင်းထဲက လက်ကျန်ကို ဖန်ခွက် နှစ်ခွက် မျှထည့်လိုက်ရင်း သူက ကဗျာကို အဲလို မြန်မာလိုနဲ့ အင်္ဂလိပ်လို လုပ်ကြတာ ကောင်းလား မကောင်းလားတော့ မသိဘူး၊ တလောက နာမည်ရ ကဗျာ ဆရာ တစ်ယောက် သူ့ကဗျာစာအုပ်ကို အဲလို ထုတ်တာ စာအုပ် မျက်နှာဖုံးမှာ အင်္ဂလိပ် ဘာသာပြန်ပေးသူ နာမည် ပါမလာလို့ ပြဿနာ တက်ကြတာ ကြားရတယ်လို့ ပြောတယ်။ နောက်ပြီး မြန်မာလို ရေးလိုက်လို့ အရမ်းကောင်းနေတဲ့ ကဗျာ တစ်ပုဒ်ကိုဗျာ အင်္ဂလိပ်ဘာသာပြန်ကို ဖတ်ရတဲ့ အခါကျတော့ ဟန်တွေ အသံတွေ ရစ်သမ်တွေ ပါမလာတော့ဘူး ထင်တယ် ဘာသာစကား မတူလို့ ဖြစ်မယ်လို့ တွေးတွေးဆဆ ပြောတယ်။ ကျွန်တော်တော့ အဲလိုကြီး ဖတ်ရတာ သိပ်ဘဝင်မကျဘူးလို့ ပြောလိုက်တော့ ခင်ဗျား အနေနဲ့ ဟုတ်ချင် ဟုတ်မှာတော့ တဲ့။ စာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးသလို ချစ်ရက်ရှည်ရှည် အင်းလျားမြေကို Love Day Long Long Inya Ground လို့ ဘာသာမပြန်မိဖို့ပဲ လိုတယ်လို့ ဆက်ပြောတယ်။သူပြောမှပဲ ကျွန်တော်တောင် ပြုံးလိုက်မိတယ်။ ဘာအဓိပ္ပါယ်ရယ်လို့တော့ မစဉ်းစားတတ်ဘူး။

ကိုဇော်ကြီးက သူ့ဖုန်းက နာရီကို တချက်ကြည့်လိုက်ရင်း နောက်ကျနေပြီ ပြန်ကြစို့တဲ့။ အိုကေလို့ ခေါင်းညိတ်ပြလိုက်ရင်း လက်ကျန်ဖြတ်ဖို့ ချီးယားစ်လို့ ခွက်ကို မြှောက်လိုက်တယ်။ ဖေဖေါ်ဝါရီ ၁၄ ရက်နေကျရင် ချစ်သူ မရှိတဲ့ အထိမ်းအမှတ်အဖြစ် ခင်ဗျားကို ထပ်တိုက်ဦးမယ်လို့ ပြောတယ်။ ဒီတစ်ခါ အလကား ပါဗျာ လို့ ပြောမိတဲ့ သူက ကျွန်တော် ဖြစ်နေတယ်။လူငယ်တွေကြား ရေပန်းစားပြီး အရူးထကြတဲ့ နေ့တစ်နေ့မှာ ခင်ဗျားပါ လိုက်ရူး ဦးမလို့လားလို့ ကျွန်တော်က မေးလိုက်တယ်။ ကျုပ် မရူးဘူး၊ ခင်ဗျားသာ အရူးတဲ့။ အဲဒါကြောင့် တစ်ယောက်တည်း ဖြစ်နေတာ..Flock Theory ကိုမှ ခင်ဗျား မကျေညက်ပဲ တဲ့...။ ကျွန်တော်က ဟုတ်လား အဲဒီ သီအိုရီကို လုပ်စမ်းပါဦးလို့ မေးဆတ်ပြရင်း မေးလိုက်မိတယ်။

သူက အရက်ခွက်ကို ကိုင်ထားရင်း ဥပမာဗျာ ကောင်းကင်မှာ ငှက်အုပ်ကြီး ပျံသွားတယ်ဗျာ။အခြေအနေ တစ်ခုခုကြောင့် အဲဒီ ထဲက ငှက်တစ်ကောင်ကောင်ဟာ အပြင်ဘက်ကို ပဲ့ထွက်သွားခဲ့ရင် အခြား ငှက်တစ်ကောင်က အဲဒီ နေရာကို အစားဝင်ပြီး ရှေ့ဆက် ပျံသန်းနေဦးမှာပဲ။ တကယ်က သူတို့ဟာ စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်ချက်တွေ ထားပြီး ခုလို အုပ်ဖွဲ့ပျံခဲ့ကြတာ မဟုတ်ဘူး။ အဲဒီ ငှက်အုပ်ကြီးဟာ ပုံစံ အမျိုးမျိုး ပြောင်းနေပေမယ့် တစ်ကောင်ချင်း အလိုက် သူ့နေရာနဲ့ သူ အစားဝင်ပြီး လိုရာခရီးကို သွားခဲ့ကြတာ။ ဒီတော့ ခင်ဗျား အနေနဲ့ ဒီ အဖွဲ့အစည်း ကြီးနဲ့ မလိုက်ချင်လို့ ဘေးထွက် နေခဲ့ရင်လည်း သူ့ဟာ သူ အစားဝင်မယ့် သူက ဝင်လာပြီး ရှေ့ဆက် သွားနေဦးမှာပဲ။ ခင်ဗျားပဲ အရူး ဖြစ်မှာ လို့ သူက အရှည်ကြီး ရှင်းပြနေသေးတယ်။ ကျွန်တော်က ရုးတာ မရူးတာ တော့ မသိဘူး။ အဖွဲ့ကောင်းကောင်း တောင့်တောင့် ရှိလာတဲ့ အခါကျရင် ကျုပ်လည်း ပြောချင်တာတွေ ပြောရဦးမယ်လို့ သူ့ကို ပြန်ပြောလိုက်တယ်။
နောက်ဆုံး အရက်ခွက်ကို ပြိုင်တူ မော့ချလိုက်ရင်း ပိုက်ဆံရှင်းကို ကိုဇော်ကြီးက ချာတိတ်တယောက်ကို လှမ်းခေါ်တယ်။

သူနဲ့ ကျွန်တော် ဆိုင်က အထွက် လမ်းခွဲခါနီး ခပ်လှမ်းလှမ်း ရောက်မှ ဟေ့လူ... ၁၄ ရက်နေ့နော် မမေ့နဲ့ ဦးလို့ ဗလုံးဗထွေးနဲ့ ရယ်ကျဲကျဲ လှမ်းအော်တယ်။ သူ့ကို လက်ပြန်ပြနေရင်း သူပြောတဲ့ ၁၄ ရက်နေ့ ဆိုတဲ့ သဘောက အဲဒီ မတိုင်ခင် မသောက်သေးဘူးလို့ သဘော ပြောသလားမှ မသိတာ။ ကျွန်တော် ကတော့ ၁၄ ရက်နေ့ထိ နေနိုင်ပါ့မလား ဆိုတာပဲ စဉ်းစားမိလိုက်တော့တယ်။

No comments:

Home