Home

ကြီးပွားဖို့ ကြီးထွားစေ

တိုးတက် ကြီးပွားဖို့ ၊ ဘ၀ကို ရင်ဆိုင် နိုင်ဖို့ လောက တက္ကသိုလ်မှာ ကျွန်တော် ကျင်လည် နေစဉ် ကျွန်တော့် ဆရာမနှင့် တွေ့ခဲ့သည်။ စင်စစ် ဆရာမသည် ကျွန်တော့်ကို ငယ်စဉ်တောင်ကျေး ကလေး ဘ၀က စာသင် ပေးသူ ငယ်ဆရာမ ဖြစ်၏။ ဆရာမနှင့် တွေ့တော့ အသက် လေးဆယ်အရွယ် ကျွန်တော်သည် ပီဘိ ကလေးငယ်လို ဖြစ်သွား တော့သည်။ ကျောင်းသား ရနံ့ ၊ ကျောင်းရနံ့ လေးတွေ လွှင့်ပျံ လာသလို ခံစား ရပါသည်။ အမှတ် မထင် တွေ့ကြုံမှု ကိုက ခုခေတ် ပြောနေကျ ကိုရီးယား ကားတွေထဲက အတိုင်း ဆိုလျှင် မိုးနတ်မင်းကြီး ကျေးဇူး ကြောင့်လို့ ဆိုရမှာပါ။ ဆရာမကို ကန်တော့သော ကျောင်းသားဟောင်းများ ကန်တော့ပွဲ တစ်ခုမှာ တွေ့ရခြင်း ဖြစ်ပါသည်။ နှုတ်ဆက်ကြ၊ မျက်ရည် ဝေ့၀ဲ ငိုပွဲ လေးတွေ ၊ ၀မ်းသာ ကြည်နူး ပျော်မြူးတဲ့ ဟန်တွေ၊ ဝေေ၀ စည်စည် စည်စည် ကားကား။
   

အပြန် ကားပေါ် မတက် ခင်လေး ကျွန်တော်က လက်အုပ်ချီ နှုတ်ဆက် တော့ ဆရာမက ကျွန်တော့်ကို စကား တစ်ခွန်း ဆိုပါသည်။ သစ်ပင် ပေါ်က သစ်သီး တစ်လုံး ကြွေကျတာကို တွေ့ရသလို မထူးဆန်းသော အကြည့်ဖြင့် ညင်သာစွာ ပြောခဲ့ခြင်းပင်။ `ဘ၀မှာ အရေးကြီးဆုံး ကိစ္စရပ်ဟာ ကြီးထွား တိုးတက် လာဖို့ပဲလို့ ထင်တယ်´ ဆရာမက အဲဒီ အတိုင်း ဆိုပါသည်။ အပြန်လမ်း တစ်လျှောက်လုံး ကျွန်တော် သည်စကား အပေါ် စဉ်းစား မိပါသည်။ တွေးမိပါသည်။ နောက်တော့ နှစ်သက် သွားပါသည်။ တွေးလေ စဉ်းစားလေ နက်နဲလေ ပါပဲ။

စကားရဲ့သဘော

ဆရာမ၏ စကားကို ကျွန်တော် အခါခါ စဉ်းစားတိုင်း အကြိမ်ကြိမ် လက်ခံ နေမိပါသည်။ လူအများစု က `ဘ၀ဟာ ကံစီမံရာပဲ´၊ `ကံကောင်းရင် ကြီးပွားမှာ´၊ `ကံပဲဟ´ သည်လို စကား မျိုးတွေ ၀န်းကျင် မှာ ကြားနေ ရသည်။ ဒါကိုတော့ ကျွန်တော် ဘ၀င် မကျပါ။ ကြာတော့ ဒီအသိ ပေါ်မှာ မှီခိုချင်စိတ် မရှိပါ။ သည်တော့ စဉ်းစားရင်း အသိ ရလာသည်။ ကြီးပွားဖို့ ၊ ဘ၀ အောင်မြင်မှု ရဖို့ တိုးတက်ဖို့ ကြီးပွားမှု ရှိရမည်။ ကြီးထွားအောင် ကျင့်ကြံ ရမည်ဟု စဉ်းစား မိပါသည်။ သည် အသိကို သဘာဝ ကြီးကလည်း ပေးနေသည်လေ။ ကြည့်ပါ။ ဥပမာ သစ်ပင် ဖြစ်ဖို့ သစ်စေ့က လာရသည်။ အညှောက် ထွက်ရ၏။ အပင် ဖြစ်လာ၏။ ပြီးတော့ ကြီးလာ၊ နောက် အသီးတွေ ဝေရ။ သက်ရှိ သတ္တ၀ါ မှာရော သည်အတိုင်း ပါပဲ။ သက်ငယ်၊ သက်လတ်၊ သက်ကြီး ဖြစ်နေရ ပေသည်။ သည်ဖြစ်စဉ် အတိုင်းပေါ့။ဒါ ကြီးထွားမှု။ ဤသည်ကို ဂရုပြုမိ ကြပါရဲ့လား။

အတွင်းအပြင်

ကြီးပွားဖို့ ကြီးထွားစို့ ဆိုတာကို သတိပြု မိတိုင်း အသွင် နှစ်မျိုး တွေ့ရ ပြန်ပါတယ်။ တစ်ခုက အတွင်းစိတ်၊ တစ်မျိုးက ပြင်ပ အသွင် အပြင် ကြီးထွားခြင်း။ လူတစ်ဦး သည် ပြင်ပ အသွင် အပြင် ကြီးထွား သလို စိတ်အကြံအစည် လည်း ကြီးထွားဖို့ လိုပါသည်။ သူ့ရဲ့ လုပ်ဆောင်ချက်က ကြီးထွားမလာလျှင် ထိုသူ အောင်မြင် နိုင်ပါ့မလား။ စိတ်အား ကြံစည်မှု ကြီးထွား မှသာ အောင်မြင်သူ ဖြစ်လေမပေါ့။ အချို့က အသက် ကတော့ ကြီးပါသည်။ လုပ်ဆောင်ချက်မှာ ရပ်ဆိုင်း သွားပြန်၏။ သည် အတွက် ကျွန်တော် စဉ်းစား နေမိသည်။
   

ကြီးပွား တိုးတက် လိုသူတွေ အတွက် သော့ချက် တစ်ချက်ကို ကျွန်တော် တွေးမိ ပြန်သည်။ ဤသည်ကတော့ ကိုယ့်စိတ်၊ လုပ်ဆောင်မှု၊ အကြံဉာဏ်များ `ကြီးထွား´ လာဖို့ပဲ ဆိုတာ ဖြစ်သည်။ အသက် အရွယ်နှင့် အလိုက် ကိုက်ညီသော ကြီးထွားမှု တွေ ရှိရ ပေမည်။
   

လူအများစု သည် လတ်ဆတ်သော အကြံသစ်၊ လုပ်ဆောင်အား များကို နှစ်ပေါင်း များစွာ အားထုတ် လာကြသည်။ အသက်ကြီး၊ အရွယ်ရ လာတော့ စိတ်ကူး ဉာဏ်များ ထုတ်သော်လည်း စိတ်ဝင်စားမှု လျော့ရဲ လာကြ သည်။ လျှော့ပစ် ကြသည်။ မပွင့်လန်း ကြတော့၊ ရိုးရိုးပဲကွာ ဆိုပြီး ဆက်မကြိုးစားချင် ကြတော့။ သည်တော့ ကြီးပွားမှုနှင့် ဖီလာ ဆန့်ကျင် ဖြစ်ကုန် ကြတော့သည်။

ကြီးပွားချင်လျှင်

ကြီးပွား တိုးတက် လိုသူအဖို့ ကြီးထွား အောင် ကျင့်ရပါမည်။ ကိုယ်ပိုင် စိတ်ဓာတ် အားဖြင့် သမားရိုးကျ ဖြစ်နေသော အကြံများ၊ လှေကြီးထိုး ရိုးရိုး ဖြစ်နေသော အလုပ် များကို ဆော်သြ တပ်လှန့် ရပေမည်။ ကြီးထွား လာရန် အားထုတ် ရပါမည်။ မနှစ်က၊ မနေ့ကထက် မြင့်သော အကြံများ၊ အလုပ်များ ဖြစ်အောင် ကျင့်ကြံ လုပ်ကိုင်ရပေမည်။ ဒါသည် ကြီးထွားအောင် လုပ်တာ ဖြစ်သည်။ အတိတ်က လုပ်ရပ်များထက် ယခု ပစ္စုပ္ပန်အလုပ်များ၊ အကြံ များက သာအောင် ကြီးထွားအောင် ပြုမူ ရပေမည်။ ဒါသည်ပင် ဘ၀၏ ကြီးထွားမှု ဖြစ်သည်။ ကြီးထွားဖို့ ကြီးထွားခြင်းပဲ ဖြစ်လေသည်။

ထိုနှစ်ယောက်

ပညာရှင် အယ်လာဝှီးက ဆိုဖူးသည်။ `ကျုပ် တံငါသည် နှစ်ယောက်ကို တွေ့ဖူးတယ်။ တစ်ယောက်က လှေဟောင်းလေးကို တက်တစ်ချောင်းနဲ့ တစ်သက်လုံး လှော်ရင်း အသက် မွေးတယ်။ နောက် တစ်ယောက်ကတော့ သူ့လိုပါပဲ၊ ဒါပေမဲ့ အားလပ်ချိန်မှာ ဘ၀ကို သုံးသပ်တယ်၊ ကြံစည် တွေးခေါ်တယ်၊ တိုးတက် အောင်ကျင့်တယ်။ စက်ကိရိယာ တွေအကြောင်း လေ့လာပြီး စက်လှေ တစ်စင်း ဖြစ်အောင် လုပ်ဆောင် နေတယ်။ပြီးတော့ ပင်လယ်ပြင် ကိုထွက်ဖို့ ကြိုးစား နေတယ်။ သည်နှစ်ယောက် နောက်နှစ်မှာ တွေ့တယ်။ပထမ တံငါက ငါးနည်းနည်းပဲ ရပြီး၊ အဲ စက်လှေ အဆင့်ထိ လုပ်တဲ့သူက ငါးတွေ အများကြီး ရတာပဲ။ ဒါဟာ ကြီးထွားမှုကို ဂရုစိုက်သူနဲ့ မစိုက်သူတို့ ကွာခြားချက်ပဲ´

တကယ်တော့ ပင်ကို စွမ်းရည် အများကြီး ရှိသော လူငယ်တွေ တစ်ပုံ တစ်ပင် ရှိပါသည်။ ထိုစွမ်းရည်ကို ကြီးထွား လာအောင် အသုံးမချတတ်ပေ။ ဒီတော့ သာမန်အဆင့်ပဲ ဖြစ်နေ တော့သည်။ဘ၀ ရည်မှန်းချက်များ ပြည့်စုံရန် ခန္ဓာကိုယ် ကြီးထွားဖို့၊ အတွေးအခေါ် ကြီးထွားဖို့၊ အလုပ် အကိုင် ကြီးထွားလာဖို့ လိုပါသည်။ ကြီးပွား လိုသူသည် ကြီးထွားအောင် ကျင့်ကြံရမည်။ ကြီးထွားစေသော စိတ်ဓာတ်ကို အခေါင် အဖျားထိ ရောက်အောင် ပင့်တင် ကြိုးစား ရပေမည်။ ကိုင်း…….ကြီးပွားအောင် ကြီးထွားပါစေ။

ခုံတန်းအိုလေးရဲ့ ဒိုင်ယာရီ ( ပုညခင် )



ကျွန်မ ဆိုင်ခန်းလေး



ပန်းတိုင်




နန္ဒသိန်းဇံ

ရှုမြင်ခြင်းနှင့် တန်ဖိုး



သစ္စာဖွဲ့အနမ်း



Home