 |
| လွန်ခဲ့ သည့်ရက်က ပေါင်းတည်မြို့၊ ဘုရား ငါးဆူရွာ ကျွန်းပင်ကျောင်း ဆရာတော်ကြီး ဦးဇာနေယျထံ ကျွန်တော်တို့ မိတ်ဆွေ တစ်စု အဖူးမြော် ရောက်ခဲ့ကြပါသည်။ ဆရာတော်ကြီး က သက်တော် ၈၅ နှစ်ရှိပြီ။ ဆရာတော်ကြီး ၏ အမူအရာတို့က တည်တည် ကြည်ကြည် ရှိလှပါသည်။ ဆရာတော်ကြီး၏ အနီး၌ ထိုင်နေ ရသည်မှာ ငြိမ်းငြိမ်း ချမ်းချမ်း ရှိလှပါသည်။ |
|
|
လောကဝတ် စကားတို့ ပြီးဆုံးသော အခါ၌ ဆရာတော်ကြီးက တစ်စုံ တစ်ရာသော တရား သဘောကို မိန့်ကြား လိုသည့် အနေဖြင့် `ကိုးဆယ့် ခြောက်ပါး ရောဂါတွေ ဆိုတာကို သိကြ သလား’ ဟု မေးပါသည်။ အနာမျိုး ၉၆ပါး ဆိုသည်ကို ကြားဖူး နေသော်လည်း အမျိုးအမည် တွေကို မရေတွက် တတ်ပါ။ တစ်ယောက် တစ်မျိုး မှတ်မိသမျှ ရောဂါအမည် တွေကို ဆိုနေမိကြပါသည်။ ဤတွင် ပြုံး၍ နားထောင် နေသော ဆရာတော်ကြီးက အနာ အမျိုး ၉၆ ပါးကို ရေတွက်ပြနေပါသည်။ ဆရာတော်ကြီး ရေတွက် ပြသည်ကို ကျွန်တော်တို့က နောက်မှ လိုက်၍ မနည်းကြီး ရေးမှတ်နေကြရပါသည်။ ဆရာတော်ကြီး၏ မှတ်ဥာဏ် တွေက ကောင်းနေတုန်း ပါလားဟု တွေးရင်း ကြည်ညို စိတ်တွေ ဖြစ်နေပါသည်။ |
|  |
|
ဆရာတော်ကြီးက ၉၆ ပါးရောဂါတို့ကို သာမက ယနေ့အခါ၌ ကမ္ဘာတွင် ဖြစ်နေသည့် ရောဂါတို့အထိ ရောဂါတွေ များပုံကို ပြောပြ နေပါသည်။ ထို့နောက် သုတ္တံဒေသနာတစ်ခုကို ရွတ်ဆိုပါသည်။ ဆရာတော်ကြီး ရွတ်ဆိုပြသော သုတ္တံဒေသနာတော်မှာ အင်္ဂုတ္တရ နိကာယ်-စတုတ္ထပဏ္ဏာသက - စတုတ္ထ နိပါတ်မှလာ သည့် `ရောဂါသုတ်’ ဖြစ်သည်ဟု သိရပါသည်။ ဆရာတော်ကြီးက အောက်ပါကဲ့သို့ မြန်မာလို နားလည်အောင် ပြန်ဆိုပြပါသည်။ |
`ရဟန်းတို့..ရောဂါတို့သည် ဤနှစ်မျိုး တို့တည်း။ အဘယ်နှစ်မျိုးတို့နည်းမူ.. ကိုယ်၌ ဖြစ်သောရောဂါ၊ စိတ်၌ဖြစ်သောရောဂါတို့ တည်း။ ရဟန်းတို့...တစ်နှစ်ပတ်လုံး ကိုယ်၌ ရောဂါမရှိခြင်းကို ဝန်ခံကုန်သော သတ္တဝါ၊ နှစ်နှစ်တို့ပတ်လုံး၊ သုံးနှစ်တို့ပတ်လုံး၊ လေးနှစ် တို့ပတ်လုံး၊ ငါးနှစ်တို့ပတ်လုံး၊ ဆယ်နှစ် တို့ပတ်လုံး၊ အနှစ်နှစ်ဆယ်တို့ပတ်လုံး၊ အနှစ် သုံးဆယ်တို့ပတ်လုံး၊ အနှစ်လေးဆယ်တို့ ပတ်လုံး၊ အနှစ်ငါးဆယ်တို့ပတ်လုံး၊ အနှစ် တစ်ရာ.. အနှစ်တစ်ရာ အလွန်... ရောဂါမရှိ ခြင်းကို ဝန်ခံကုန်သော လူသတ္တဝါတို့ကို တွေ့ မြင်နိုင်ကုန်၏။ ရဟန်းတို့... ရဟန္တာပုဂ္ဂိုလ် မှတစ်ပါး တစ်ခဏမျှလည်း စိတ်၌ ရောဂါမရှိ ခြင်းကို ဝန်ခံသော သတ္တဝါတို့ကိုမူ လောက၌ အလွန်မြင်တွေ့ရခဲကုန်၏’
(၇-ရောဂသုတ်-၄ စတုတ္ထပဏ္ဏာသက၊ စတုတ္ထနိပါတ်-အင်္ဂုတ္တရနိကာယ်)
ဤသုတ္တံကို ဆရာတော်ကြီးက ကျွန်တော် တို့ နားလည်အောင် ထပ်ပြီး အောက်ပါကဲ့သို့ ရှင်းပြပြန်ပါသည်။ |
|
|
| လောကမှာ လူတွေမှာ ဖြစ်တဲ့ရောဂါ နှစ်မျိုးရှိတယ်လို့ မြတ်စွာဘုရားက ရဟန်းတွေ ကို ရှင်းပြနေတာ။ ဘယ်လိုရောဂါနှစ်မျိုးလဲ ဆိုတော့ လူရဲ့ရုပ်ခန္ဓာကိုယ်မှာ ဖြစ်တဲ့ရောဂါက တစ်မျိုး။ ပြီးတော့ လူရဲ့စိတ်မှာဖြစ်တဲ့ရောဂါ က တစ်မျိုး...။ ဒီလိုရောဂါနှစ်မျိုး နှစ်စား ရှိတယ်တဲ့။ အချို့သော လူတွေဟာ ကျန်းမာ ရေးကောင်းကြတယ်။ ဒီလိုကျန်းမာရေး ကောင်းတဲ့၊ ကျန်းကျန်းမာမာရှိတဲ့ လူတွေကို လောကမှာ တွေ့နိုင်တယ်။ တချို့လူတွေဟာ ကျန်းမာလိုက်ကြတာ။ တို့များ တစ်နှစ်ပတ်လုံး ဘာရောဂါမှ မရှိဘူးလို့ ပြောကြတယ်။ တစ်နှစ် လုံးလုံး ရောဂါဆိုလို့ ဘာမှမရှိဘဲ ကျန်းမာပါ တယ်လို့ ဝန်ခံပြောသူတွေကို တွေ့နိုင်တယ်တဲ့။ |
|
|
အဲဒီလိုပဲ နှစ်နှစ်ပတ်လုံး၊ သုံးနှစ်ပတ်လုံး၊ လေးနှစ်၊ ငါးနှစ် ပတ်လုံး အကောင်းပကတိ ဘာရောဂါမှမရှိဘဲ ကျန်းမာလျက်ရှိတယ်လို့ ပြောသူတွေ၊ ဝန်ခံသူတွေ ရှိတယ်တဲ့။ သူတို့ ထက် ကျန်းမာသူတွေ ရှိသေးတယ်။ အဲဒီလူ တွေကတော့ ငါးနှစ် မကဘူး၊ ဆယ်နှစ်ပတ်လုံး၊ အနှစ်နှစ်ဆယ်ပတ်လုံး၊ အနှစ်သုံးဆယ်ပတ်လုံး၊ အနှစ်လေးဆယ်၊ အနှစ် ငါးဆယ်ပတ်လုံး ဘာ ရောဂါမှ သူတို့မှာ မဖြစ်ဘဲ ကျန်းကျန်းမာမာ ရှိတယ်လို့ ပြောသူတွေ၊ ကျန်းမာတယ်လို့ ဝန်ခံ သူတွေ လောကမှာ ရှိတယ်တဲ့။ အနှစ်တစ်ရာ မက အနှစ်တစ်ရာလွန်သည်အထိ ဘာရောဂါမှ မရှိဘဲ ကျန်းမာနေတယ်လို့ ဝန်ခံတဲ့သူတွေ ရှိ တယ်။ ဒီလိုလူတွေကို လောကမှာ တွေ့နိုင် တယ်တဲ့။ ဗုဒ္ဓသာသနာက ရှင်ဗာကုလမထေရ် ကြီးဟာ အသက်တော် ၁၆၀ ရှည်တယ်။ အဲဒီ သက်တော် ၁၆၀ တိုင်အောင် ရှင်ဗာကုလမထေရ်ဟာ ကျန်းမာ လျက်ရှိတယ်။ ဘာရောဂါမှ မရှိဘဲ မထေရ်မြတ်ကြီးဟာ ကျန်းမာနေတယ်။ ဒီမှာ ဆိုလိုတာက...ရုပ်ခန္ဓာကိုယ်မှာဖြင့် ဘာရောဂါမှ မရှိဘဲ ကျန်းမာတဲ့သူတွေကို လောကမှာ တွေ့နိုင်မြင်နိုင်တယ်။ ဒီလိုနှစ်တွေ ကာလတွေ အများကြီး ကြာအောင် ရုပ်ခန္ဓာ ကိုယ်မှာ ရောဂါတစ်စုံတစ်ရာမရှိဘဲ ကျန်းမာ ကြသူတွေ ရှိနေတယ်။ ဒီလိုရှိနေသူတွေကို တကယ်ပဲ တွေ့နိုင်တယ်။ ဒါပေမဲ့...တဲ့။ စိတ်မှာ ရောဂါမရှိဘဲ စိတ်မှာ ဖောက်ပြန်ထွေ ပြားတဲ့ စိတ်ရောဂါတစ်စုံတစ်ရာမရှိဘဲ ပကတိ စိတ်ကျန်းမာခြင်း ပြည့်စုံစွာနဲ့ အသက်ရှင်နေ သူမျိုးကိုတော့ (ရဟန္တာပုဂ္ဂိုလ်မှလွဲ၍) ဘယ်မှာမှ မတွေ့မြင်နိုင်ဘူးတဲ့။ ရုပ်ကိုယ်ခန္ဓာမှာ နှစ်ကာလ အဘယ်မျှကြာအောင် ရောဂါမရှိဘဲ ကျန်းမာ စွာရှိပါတယ်လို့ ဝန်ခံသူမျိုး ရှိပေမဲ့ စိတ်မှာတော့ ရောဂါမရှိပါဘူး၊ စိတ်ကျန်းမာပါတယ်လို့ ဝန်ခံ နိုင်သူမျိုး (ရဟန္တာကလွဲပြီး) လောကမှာ မရှိဘူး တဲ့။ ရဟန္တာကလွဲပြီး တစ်ခဏမျှလည်း စိတ် မှာ ဖြစ်တဲ့ရောဂါမရှိခြင်းကို ဝန်ခံနိုင်တဲ့သူမျိုး အလွန့်အလွန်တွေ့ရခဲတယ်တဲ့။ |
|
ဟုတ်တယ်။ အင်မတန်ကို တွေ့ရခဲတယ်။ ပုထုဇဉ်လူသတ္တဝါတွေရဲ့ စိတ်မှာ အမြဲလို စိတ် ရောဂါတွေဖြစ်နေတယ်။ လူမှာ လိုတာကို မရ၊ ရပြန်တော့ မလိုချင်ဆိုတဲ့ မကျေနပ် ရောဂါ၊ မကျေနပ်နိုင်တဲ့စိတ်ရောဂါတွေ အမြဲလို ဖြစ်နေ တတ်တယ်။ လိုချင်တာနဲ့ ရလာတာ တလွဲ တချော်ဖြစ်နေလို့ စိတ်မချမ်းသာတဲ့ရောဂါ ဖြစ်တယ်။ လိုချင်တာကို ရလာတယ်ပဲထား၊ အချိန် ကြာလာတာနဲ့အမျှ အဲဒီရနေတာက သူ့ အတွက် ရိုးသွားတယ်။ သူ့ကို အရင်ကလို ကျေနပ်ကြည်နူးမှု မပေးတော့ဘူး။ ဒီအခါမှာ အသစ် အသစ်၊ သူ့ထက် သူ့ထက်သာတာကို တောင့်တတယ်။ လိုချင်ပြန်တယ်။ အသစ် အသစ်ကို မရပြန်တဲ့အခါ စိတ်မကြည်မသာ ဖြစ်တယ်။ မမွေ့မလျော် ဖြစ်တယ်။ |
|
ကိုယ်က အင်မတန် လိုလားတောင့်တနေ တာကို ရတဲ့အခါမှာလည်း... ရခြင်းနဲ့အတူပဲ အဲဒီ ကိုယ် အင်မတန်မြတ်နိုးနေတဲ့အရာ ပျက်စီးသွားမှာ စိုးတယ်။ တစ်မျိုးတစ်ဖုံဖြစ် သွားမှာကို ကြောင့်ကြစိုးရိမ်တယ်။ ကိုယ် အင်မတန်မြတ်နိုး တန်ဖိုးထားတဲ့သူ၊ အင်မတန် မြတ်နိုးတန်ဖိုးထားတဲ့အရာကို သူတစ်ပါးထံ ရောက်သွားမှာ၊ သူတစ်ပါးဆီကို ရွှေ့ပြောင်း သွားမှာကို အင်မတန် စိုးရိမ်ထိတ်လန့်တယ်။ လူမှာက...ဖြစ်ချင်တာတွေ အများကြီး ရှိတယ်။ မျှော်လင့်ချက်တွေကလည်း အများ ကြီးပါပဲ။ ဖြစ်ချင်တာတွေ မဖြစ်လာတဲ့အခါမှာ လူဟာစိတ်ပျက်တယ်။ ဆုတ်နစ်တဲ့စိတ်တွေ ဖြစ်လာတယ်၊ အားငယ်မှုတွေ ဖြစ်တယ်၊ စိတ်ဓာတ်တွေကျတယ်။ ဖြစ်ချင်တာ မဖြစ်လာရ ကောင်းလားဆိုပြီး ဒေါသတွေဖြစ်တယ်။ အလို မကျနိုင်တဲ့ စိတ်ရောဂါတွေ အဖိစီးခံရတယ်။ ဒီအခါမှာ လူဟာ စိတ်ဓာတ်မကျဖို့၊ အားငယ် စိတ်ပျက်ခြင်းမဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆုံးမတယ်။ အားမာန်သတ္တိတွေမွေးဖို့ ကြိုးစားရ တယ်။ မျှော်လင့်ထားတာတွေ ဖြစ်ကိုဖြစ် လာရမယ်လို့ ယုံကြည်ချက်တွေကိုလည်း တည်ဆောက်ရပြန်တယ်။ စိတ်ဓာတ်ကို မြှင့်ရ ပြန်တယ်။ ဆုံးမရင်း၊ အားတင်းရင်း၊ ယုံကြည်ချက်တွေတည်ဆောက်ရင်း ကိုယ့်စိတ် ရောဂါကို ကိုယ်ပြန်ကုသရင်းက လူဟာ စိတ်မောရခြင်းတွေ၊ စိတ် အလုပ်ရှုပ်မှုတွေ ဖြစ်ရပြန်ပါရော။ |
|
လူဟာ ပြောခဲ့တဲ့ ဖြစ်ချင်တာ မဖြစ်ရတာမျိုးတွေ၊ မျှော်လင့်သလို မဖြစ်တာမျိုးတွေနဲ့၊ တခြားအခက်အခဲ တွေနဲ့ မကြုံမတွေ့ရဘဲ အေးအေး ဆေးဆေးနေရတာကိုပဲပျင်း၊ မုန်းမှု တွေ ဖြစ်လာတတ်ပြန်တယ်။ တစ်နေ့ လာလည်းဒီလိုပဲ စားလိုက်၊ အိပ်လိုက်၊ နောက်တစ်နေ့လာလည်း ဒီလိုပဲ စား လိုက်၊ အိပ်လိုက်။ ဒီလူတွေနဲ့ပဲတွေ့၊ ဒီမြင်ကွင်းတွေကိုပဲ မြင်နေရ တွေ့နေရ၊ ဒီလူတွေရဲ့ ဒီစကားတွေပဲ ကြားကြား နေရတဲ့ အဖြစ်တွေကိုပျင်း၊ မုန်းလာ တယ်။ ငြီးငွေ့လာတယ်။ ဘာထူးခြား ချက်မှမရှိဘဲ တစ်နေ့ပြီးတစ်နေ့ ဖြတ်ကျော်ရင်း အသက်ရှင်နေရတာကို ငြီးငွေ့တဲ့ ပျင်းမုန်းတဲ့ရောဂါကို လူဟာ ခံစားရပြန်တာပဲ။ |
|
လူဟာ တစ်ကိုယ်ထီးတည်း မနေနိုင်ဘူး။ တစ်ကိုယ်ထီးတည်း နေရတာကို ငြီးငွေ့တယ်။ အထီးကျန် ရောဂါကို ခံစားရတယ်။ ဒီအခါမှာ လူဟာ ...အပေါင်းအဖော်တွေနဲ့ နေချင်တယ်။ လူ့ အသိုက်အဝိုင်းနဲ့ နေချင်တယ်။ သိုက်သိုက် ဝန်းဝန်းနဲ့ လူတွေနဲ့နေရမှ ပျော်ရွှင်ရမယ်လို့ ထင်တယ်။ လူတွေနဲ့ အပေါင်းအဖော်တွေနဲ့ အတူနေရပြန်တော့လည်း လူမှုပြဿနာတွေ အများကြီးကို ကြုံရပြန်တယ်။ မိမိက ချစ်သူ ခင်သူ မြတ်နိုးသူတွေရှိသလို မိမိက မုန်းသူ၊ ကြည့်မရသူတွေ အများကြီးကိုလည်း ကြုံ တွေ့လာရတာပဲ။ လူဟာ ချစ်ခြင်းနဲ့ မုန်းခြင်း ကြားမှာ ဗျာများနေတတ်တဲ့ သတ္တဝါပါပဲ။ မမုန်းမချစ်တဲ့၊ မူမှန်တဲ့စိတ်မျိုး လူမှာ မရှိ တတ်ဘူး။ ချစ်လိုက်၊ မုန်းလိုက်နဲ့ ဗျာများတတ် တဲ့ရောဂါကိုပဲ လူဟာရနေတယ်။ ချစ်ခြင်း၊ မုန်းခြင်းကို အမျှရှုနိုင်တဲ့စိတ်မျိုး၊ မူမှန်တဲ့ စိတ်မျိုးမရှိတတ်ဘူး။ ဒါကြောင့် ပုထုဇဉ်လူ သတ္တဝါတွေကို `ဥမ္မတ္တကော’ တွေ၊ အရူးတွေ၊ စိတ်မမှန်သူတွေလို့ ပြောတာပဲ။ |
|
အကြောင်းအမျိုးမျိုးကြောင့် ... မပြေ လည်မှုတွေကြောင့် လူဟာ တခြားလူတွေနဲ့ ပဋိပက္ခတွေဖြစ်တယ်။ ပဋိပက္ခတွေ များလာတော့ မုန်းတီးမှုတွေ အပြန်အလှန် ဖြစ်တယ်။ မုန်းတီးမှု ရောဂါတွေ ရင့်လာရင် တစ်ဦးက တစ်ဦးကို ကိုယ်ထိလက်ရောက် ထိပါးစော်ကား ရန်စမှုတွေ လုပ်မိတယ်။ တစ်ဖက်သူရဲ့ အကျိုး စီးပွားကို ပျက်အောင်ဖျက်တယ်။ တစ်ဖက်သူရဲ့ အကျိုးစီးပွားတွေ ပျက်သွားတာ မြင်ရင် ဝမ်းသာတယ်။ ဒီနေ့ ကမ္ဘာကြီးမှာ မုန်းတီးမှုတွေ၊ မာန၊ အာဃာတတွေနဲ့ တစ်ဖွဲ့က လူတွေက တခြားတစ်ဖွဲ့က လူတွေကို သတ်ဖြတ်ဖျက်ဆီး နေကြတယ်။ ဒါတွေကို နေ့စဉ်ကြားသိနေရ တာပဲ။ |
|
လူ့စိတ်မှာ ဒေါသတွေဖြစ်လာပြီဆိုရင်... ဒေါသဖြစ်သူမှာရော၊ အခြားသူတွေမှာပါ အကျိုးမဲ့ပျက်စီးခြင်းတွေ ဖြစ်နိုင်တာပဲ။ အင်္ဂုတ္တရနိကာယ်-သတ္တကနိပါတ် ကောဇန သုတ်မှာ မြတ်စွာဘုရားက ဒေါသတွေရဲ့ အပြစ် တွေကို ပြောပြထားတာ ရှိတယ်။ အမျက် ဒေါသတွေဖြစ်နေတဲ့သူဟာ... (၁) ရုပ်အဆင်းမလှတော့ဘူးတဲ့။ ဒေါသတွေ ဝင်နေရင် မူလက လှပတင့်တယ်သူရဲ့ ရုပ် လက္ခဏာဟာလည်း အရုပ်ဆိုး အကျည်းတန် သွားရော။ မျက်နှာနေ မျက်နှာထားဟာ မာကျောကြမ်းတမ်းပြီး တင့်တင့်တယ်တယ် မရှိတော့ဘူး။
(၂) ဒေါသဆိုတဲ့ရောဂါ စိတ်မှာ ပူးကပ်နေပြီ ဆိုရင် အဲဒီဒေါသ ဖြစ်နေသူ၊ ဒေါသစိတ်ရောဂါ ရနေသူဟာ ညမှာ ကောင်းစွာမအိပ်နိုင်တော့ ဘူး။ ကိုယ်မုန်းတဲ့သူကို မြင်ယောင်ပြီး လက်စားချေချင်တာတွေ၊ တုံ့ပြန်လိုက်ချင်တာ တွေနဲ့ အံတကြိတ်ကြိတ်ဖြစ်၊ စိတ်တွေပူလောင်၊ ဒီတော့ ကောင်းစွာမအိပ်စက်နိုင်တော့ဘူး။
(၃) လောကကိစ္စတွေ ဆောင်ရွက်ရာမှာ ဒါမှ မဟုတ် ဆက်ဆိုင်ရာ လှုပ်ရှားပြုမူမှုတွေ လုပ်ရာ မှာ ဒေါသအမျက်တွေ စိတ်ထဲဝင်နေရင် အကျိုး ရှိတာကိုတာ့ အကျိုးရှိတယ်လို့ မထင်မြင်နိုင် ဖြစ်တယ်။ အကျိုးမဲ့တာကိုတော့ အကျိုးရှိတယ်လို့ လွဲမှားစွာ ထင်မြင်မှုတွေဖြစ်တယ်။ ဒီလို ဖြစ်တော့...အဆုံးအဖြတ်တွေ မှားကုန်တယ်။ အဆုံးအဖြတ်တွေ မှားကုန်တော့ လုပ်ကိုင်ဆောင်ရွက်မှု တွေဟာ မှားကုန်ရော။ အကျိုးမဲ့တွေ ဖြစ်ကုန်ရော။
(၄) ဒေါသတွေနဲ့ အဆုံး အဖြတ်တွေမှား၊ အသိအမြင်တွေ မှားနေတဲ့သူဟာ တရားရုံးတွေဆီ ရောက်လိုရောက်၊ ဒီကိုရောက်ပြီး ငွေတွေကုန်တယ်။ ကိုယ့်စီးပွားရေး လုပ်ငန်းတွေပျက်တယ်။ ဒီတော့ စီးပွားဆုတ်ယုတ်မှု ဖြစ်တော့တာပဲ။ ဒါတင်မကဘူး။
(၅) ဒေါသအမျက်တွေနဲ့ မဆင်မခြင် လုပ်မိလုပ်ရာတွေကို လူမဆန်စွာလုပ်မိလို့၊ လူကြီး လူကောင်းလို မပြုမူမိလို့ ဂုဏ်သိက္ခာ တွေလည်း ကျဆင်းသွားနိုင်တယ်။
(၆) ဒေါသ အမျက်ကြီးတဲ့သူ၊ စိတ်ဆိုးရောဂါကပ်နေသူကို ဘယ်သူ မှ မချစ်ခင်၊ မမြတ်နိုး၊ မလေးစားဘူး။ ဒေါသ တွေကြီးနေရင် အဲဒီဒေါသကြီးသူကို မိတ်ဆွေတွေက ဆက်မပေါင်းသင်းချင်ကြဘူး။ ဒီတော့ ဒေါသကြီးသူမှာ မိတ်ဆွေတွေ လျော့ပါးသွား တတ်တယ်။
(၇) အမျက်ဒေါသတွေရှိသူဟာ အဲဒီ ဒေါသ စိတ်တွေနဲ့ အကယ်၍များ သေလွန်သွားရင် မကောင်းတဲ့ အပယ်ဘုံတွေကို ရောက်နိုင်တယ် တဲ့။ ပြောခဲ့တဲ့ ကိုယ်မှာဖြစ်တဲ့ ရောဂါတွေ၊ ၉၆ ပါးရောဂါတွေဟာ လူကို နှိပ်စက်မယ်ဆိုရင် ဒီဘဝတွင်သာ နှိပ်စက်နိုင်တာ။ နောင်ဘဝကို လိုက်ပြီး ရောဂါအနာက နှိပ်စက်မှာမဟုတ်ဘူး။ အခု စိတ်မှာဖြစ်တဲ့ စိတ်ဆိုးခြင်း၊ ဒေါသရောဂါ ကတော့ သံသရာကိုပါလိုက်ပြီး ဆိုးကျိုးတွေ ပေးနိုင်တယ်။ |
|
ဒေါသလွှမ်းမိုးတဲ့သူဟာ အကယ်၍များ သူ့အပြုအမူ အပြောအဆိုတွေဟာ သာမန်လူတွေ အပေါ်မဟုတ်ဘဲ သူတော်စင်တွေ၊ ဘုရားရဟန္တာ တို့လို ပုဂ္ဂိလ်တွေအပေါ်များ မှားလိုက်မိလို့ ကတော့ အဲဒီအမှားကြောင့် အင်မတန် အပြစ် ကြီးလေးတဲ့သက်ရောက်မှုတွေဖြစ်သွားနိုင်တယ်။ ကဿပမြတ်စွာဘုရားရှင် လက်ထက် တုန်းက အင်မတန် ကြီးပွားတိုးတက်လို၊ ချမ်းသာလိုတဲ့ လယ်သမားတစ်ဦးရှိတယ်တဲ့။ ကြီးပွားတိုးတက်ရေးကို လိုလားသူဆိုတော့ အလုပ်နဲ့လက်နဲ့ မပြတ်အောင်ကို ကြိုးစား လုပ်ဆောင်တတ်တဲ့သူဖြစ်တယ်။ တစ်နေ့မှာ... အဲဒီလယ်သမားရဲ့မိတ်ဆွေတွေဟာ လှူဖွယ် ဝတ္ထုတွေ၊ ပန်းနံ့သာတွေကို သယ်ဆောင်ပြီး တော့ ကဿပမြတ်စွာဘုရားထံ တရားနာ သွားဖို့ ထွက်ခဲ့ကြတယ်။ အဲဒီမိတ်ဆွေတွေဟာ စောစောက အလုပ်နဲ့လက်နဲ့ မပြတ်လုပ်ပြီး ကြီးပွားချင်တဲ့ လယ်သမားကို တရားနာသွား ရအောင်လို့ အတင်းပဲ ဝင်ခေါ်ကြတယ်။ ဒီလို အတင်းခေါ်တာကို ခုနလယ်သမားက စိတ်ဆိုး တယ်။ သူ့ကို တရားနာခေါ်ခြင်းဟာ သူ့ကို တမင်သက်သက် အလုပ်ပျက်အောင် လုပ်တာပဲ လို့ထင်တယ်။ ဒါကြောင့်သူက သူ့ကို လာခေါ် တဲ့ မိတ်ဆွေတွေကို `တရားလိုက်နာပေမဲ့ မင်းတို့ ဘုရားက ငါ့ကို မကယ်ဘူး။ ငါ့လယ်ကို သူကူပြီး ထွန်ပေးမှာမဟုတ်ဘူး။ ငါ့လယ်ကို ငါသာ ထွန်ရမှာ။ စီးပွားပျက်မည့် တရားကို ငါ လိုက်မနာနိုင်ဘူး’ လို့ ပြောလွှတ်တယ်။ |
|
အဲဒီလိုကဿပဘုရားကို ဝစီကံနဲ့ပြစ်မှား ပြောဆိုလိုက်မိလို့ သေတဲ့အခါမှာ အဲဒီလယ် သမားဟာ ကျောက်ကမ်းပါးယံမှာ သံထွန် သွား၊ သံထွန်တုံး၊ သံကြိမ်လုံးနဲ့... နွား နှစ်ကောင်ကလည်း တကယ့်နွားမဟုတ်တဲ့ သူ့စိတ်ထင် နွားတွေနဲ့ လယ်ထွန်နေရတဲ့ ပြိတ္တာ ဖြစ်သွားတယ်တဲ့။ အဲဒီပြိတ္တာဟာ ကျောက် ကမ်းပါးယံကြီးကို လယ်အမှတ်နဲ့ ထွန်နေတာ ဆိုတော့... ဘာဖြစ်မှာတဲ့လဲ။ မစိုက်ရ မပျိုးရ ဘာစားစရာမှလည်းမရ။ အငတ်ငတ် အပြတ် ပြတ်နဲ့။ ပါးစပ်ကလည်း နွားတွေကို အော်ငေါက် ပြီး ထွန်ပြီးရင်း၊ ထွန်ရင်းထွန်နေလိုက်တာ ဘယ်လောက်ကြာလဲဆိုတော့ ဂေါတမမြတ်စွာ ဘုရား ပွင့်တော်မူတဲ့အချိန်အထိတဲ့။ ကဿပ မြတ်စွာဘုရားနဲ့ ဂေါတမမြတ်စွာဘုရားရှင်တို့ ကြားမှာ ဘယ်လောက်နှစ်ကာလတွေကြာမယ် ဆိုတာမှန်းကြည့်ပေါ့။နှစ်တွေ အများကြီး ဖြစ်မှာပါ။ တစ်နေ့မှာ...ဂေါတမမြတ်စွာဘုရားရဲ့ တပည့်ရဟန်းတော်သုံးကျိပ်ဟာ ဂေါတမ မြတ်စွာဘုရား..ဘုရားအဖြစ်ရောက်တော်မူခဲ့တဲ့ မဟာဗောဓိကို ဖူးမြော်ချင်လို့ ခရီးထွက်လာခဲ့ ကြတယ်။ ဒီလိုလာရင်း လမ်းမှာ မျက်စိလည် ပြီး လမ်းပျောက်သွားကြတယ်။ မျက်စိလည် လမ်းပျောက်နေတာ သုံးရက်ကြာတယ်။ သုံးရက်လုံးလုံး ရဟန်းတော်တွေ ဆွမ်းမစား ကြရဘူး။ တဝဲလည်လည်ဖြစ်နေကြတယ်။ မကြာခင် ခုနကပြောတဲ့ လယ်ထွန်နေတဲ့ ပြိတ္တာကြီးရဲ့ အနီးအပါးကို ရောက်လာကြ တယ်။ ရဟန်းတွေကလည်း ပြိတ္တာကြီးကို တကယ့်လူလို့ထင်တယ်။ တကယ့်လယ်သမား လယ်ထွန်နေတာလို့ ထင်တယ်။ ဒီလို ထင်မှတ် ပြီးတော့ ရဟန်းတွေက လှမ်းပြီး `လယ်ထွန်နေတဲ့ ဒါယကာ...ငါတို့ ရဟန်းတွေ လမ်းမှားလို့ မသွားတတ်၊ မလာတတ်ဖြစ်ပြီး ဆွမ်းငတ်နေ တာ သုံးရက်ရှိပြီ။ အဲဒါ မဟာဗောဓိကို ဘယ်က သွားရတယ်ဆိုတာသိရင် လမ်းပြပါ’ လို့ ပြောတယ်။ ဒီအခါမှာ လယ်သမားပြိတ္တာက `အရှင်ဘုရားတို့ လမ်းမှားကြတာက ကြာမှ မကြာသေးပဲ။ တပည့်တော် လမ်းမှားခဲ့တာက တော့ ကဿပမြတ်စွာဘုရားရှင်လက်ထက် ကတည်းကပါပဲ.. အရှင်ဘုရားတို့။ အရှင်ဘုရား တို့က လမ်းမှန်ကို သိရင်လည်း တပည့်တော်ကို ပြတော်မူခဲ့ကြပါ’ လို့ ပြန်လျှောက်ထားတယ် တဲ့။ ဒီလယ်သမားပြိတ္တာဟာ ဒေါသဖုံးခဲ့လို့ ဘဝလမ်းမှန်ကို မသိဘူးဖြစ်ခဲ့ရတာ။ စိတ်ဆိုး ခြင်းဆိုတဲ့ ဒေါသကြောင့် သဘောထားတွေ မှားတယ်။ စေတနာတွေမှားတယ်။ ဒီအခါ အလုပ်တွေ အပြုအမူတွေမှားတယ်။ လမ်းမှားကို လျှောက်မိသလို အတွေးမှား၊ စေတနာမှား တွေနဲ့ လုပ်ခဲ့မိတာတွေဟာ မှားတဲ့အလုပ်တွေ၊ မှားတဲ့အဖြစ်တွေဆီရောက်တော့တာပဲ။ သံသရာ ခရီးသွားကို အလွဲအမှားတွေဆီရောက်အောင် စိတ်ဆိုးဒေါသတွေက ပို့နိုင်တယ်။ |
|
တစ်ကိုယ်တည်းမနေနိုင်တဲ့လူဟာ အပေါင်းအသင်း လူမှုအသိုက်အဝန်းနဲ့နေတဲ့ အခါ စိတ်ဆိုးစိတ်ပျက်တွေ ဖြစ်ရသလို၊ လူတွေ အပေါ် မနာလိုဝန်တိုတဲ့စိတ်ရောဂါတွေလည်း ဖြစ်ပြန်တာပဲ။ ကိုယ့်ဝန်းကျင်က လူတွေဟာ ကိုယ့်ထက်ချမ်းသာနေမယ်ဆိုရင် ဝမ်းမသာ တတ်ဘူး။ တခြားသူတွေက မိမိထက် ဂုဏ်သိက္ခာတွေ မြင့်နေမယ်၊ အဆင့်အတန်း တွေ မြင့်နေမယ်ဆိုရင်လည်း ဝမ်းမသာနိုင်ဘူး။ တစ်ဖက်သောသူက မိမိထက် ရုပ်ဆင်း လက္ခဏာ သာလွန်နေမယ်၊ ရာထူး ဌာနန္တရတွေ မြင့်နေမယ်၊ အသိုက်အဝန်း အခြံအရံ နောက် လိုက်နောက်ပါ တပည့်တပန်းတွေ မိမိထက် ပေါများနေမယ်ဆိုရင်လည်း ဝမ်းမသာနိုင်ဘူး။ `ကိုယ့်ထက်သာမနာလို’ ဆိုတဲ့အတိုင်း မနာလို စိတ်တွေဖြစ်တယ်။ မနာလိုစိတ်နဲ့ စိတ် မကြည်သာမှုတွေဖြစ်တယ်။ တစ်ဖက်သောသူ က မိမိထက် ထင်ပေါ်ကျော်ကြားသွားရင်၊ အောင်မြင်ထင်ရှားသွားရင်လည်း ဝမ်းမသာ နိုင်ဘူး။ တခြားတစ်ပါးသူ အောင်မြင်မှုတစ်ခုကို ရတဲ့အခါ `အခုလို အောင်မြင်မှုရသွားတာကို ဝမ်းသာပါတယ်’ လို့ ပြောတတ်တယ်။ ဒါပေမဲ့ အဲဒီလိုပြောတာဟာ တကယ်ဝမ်းသာလို့ ပြောတာမဟုတ်ဘူး။ ဟန်လုပ်ပြီးပြောနေတာ။ တကယ်က တစ်ဖက်လူအောင်မြင်တာကို ကြိုက်ကိုမကြိုက်ဘူး။ ကိုယ့်ထက်သာသွား တာမျိုးကို မကြိုက်နိုင်ဘူး။ တကယ်လို့များ အဲဒီလူကို အစကတည်းက မုန်းခဲ့တဲ့လူဆိုရင် အခုလို သူရရှိတဲ့ အောင်မြင်မှုကို ပျက်စီးသွားစေ ချင်တယ်။ အောင်မြင်နေတာကို ဖျက်ဆီးချင် စိတ်တွေတောင်ဖြစ်ချင်ဖြစ်မယ်။ သိပ်မုန်းခဲ့တဲ့ သူဖြစ်ရင်တော့ ကိုယ်ထိလက်ရောက် သူ့ အောင်မြင်မှုကို ဖျက်ဆီးတာမျိုးကိုတောင် လုပ်နိုင်တာပဲ။ ကိုယ်မုန်းတဲ့သူ ထင်ပေါ်တာ၊ ကျော်ကြားတာ၊ အောင်မြင်တာ၊ အဆင့်မြင့် သွားတာ၊ ဂုဏ်သိက္ခာတွေ တိုးသွားတာ၊ ဒါတွေကို မမြင်ချင်၊ မကြားချင်တဲ့ စိတ်ရောဂါ တွေဖြစ်တယ်။ ကိုယ်မုန်းတဲ့သူမှာ အခြံအရံ တွေ၊ နောက်လိုက်တွေ၊ အသိုက်အဝန်းတွေ ပေါများနေတာကို မမြင်လို မကြားလိုတဲ့ စိတ်ရောဂါတွေဖြစ်တယ်။ |
|
ဒါပေမဲ့ စဉ်းစားကြည့်... |
|
ဒီနေ့ကမ္ဘာကြီးကိုကြည့်ရင် လူမျိုးတစ်မျိုး က တခြားလူမျိုးတစ်မျိုးရဲ့ တိုးတက်နေမှု၊ အောင်မြင်နေမှု၊ ထင်ပေါ်ကျော်ကြားနေမှုကို ဝမ်းမသာနိုင်ဖြစ်နေတာမျိုးရှိတယ်။ တိုးတက် တဲ့၊ အောင်မြင်တဲ့အဖွဲ့အစည်းက မိမိအဖွဲ့ အစည်းအပေါ် လွှမ်းမိုးလာတာကို မလိုလားတဲ့ စိတ်တွေဖြစ်တယ်။ မိမိလူမျိုးစုကို လာ နည်းပေးလမ်းပြပြုတာကို မုန်းတီးစိတ်တွေ ဖြစ်တယ်။ ဒီလိုမုန်းတီးမှုတွေနဲ့ လူတစ်မျိုးက တစ်မျိုးကို တိုက်ခိုက်ဖျက်ဆီးတယ်။ ဒီလို ဖျက်ဆီးရင်း လူမှုပဋိပက္ခတွေ ဒီနေ့ကမ္ဘာမှာ အများကြီးဖြစ်နေတယ်။ လူမျိုးတစ်မျိုးဟာ မိမိတို့မုန်းတီးတဲ့ အခြားအဖွဲ့အစည်းရဲ့ တိုးတက်မှု၊ ကြီးပွားမှု၊ အောင်မြင်မှုဟူသမျှ အပေါ် ဝမ်းမသာနိုင်ဘူး။ ဝမ်းမသာတဲ့အပြင် မနာလို မရှုစိမ့်တွေဖြစ်လာတယ်။ မုန်းတီးနေ တဲ့လူမျိုးတွေရဲ့ တိုးတက်မှုတွေကို ပျက်စီး ယိုယွင်းသွားစေချင်တယ်။ ဖြစ်နိုင်ရင် ကိုယ်ထိ လက်ရောက် ဖျက်ဆီးတယ်။ မိမိမုန်းတီးတဲ့ လူမျိုးစုတွေဆီကို မိမိရဲ့ လူမျိုးတွေ ရောက်သွား မှာ ပူးပေါင်းသွားမှာကို စိုးရိမ်တယ်။ ဝန်တိုမှု တွေ ဖြစ်တယ်။ |
|
မနာလိုမှု၊ ဝန်တိုမှု၊ စိတ်ဆိုး၊ စိတ်ပျက်မှု ဆိုတဲ့ စိတ်ရောဂါတွေဟာ ရုပ်ခန္ဓာကိုယ်မှာ ဖြစ်တဲ့ ၉၆ ပါးရောဂါတွေလို ကုစားဖို့ မလွယ်ကူ ဘူး။ မနာလိုဝန်တိုမှု၊ စိတ်ပျက်စိတ်ဆိုးမှုတွေ ဟာ အကယ်၍များ နတ္ထိကဒိဋ္ဌိ၊ အဟေတုက ဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိဆိုတဲ့ အယူအတွေးအမှား တွေနဲ့ ပေါင်းမိ၊ ရောမိသွားရင် မိမိရော အများပါ သိပ်ကို ကြီးကျယ်တဲ့ မကောင်းကျိုးတွေ ထွက်ပေါ်လာနိုင်တယ်။ |
|
နတ္ထိကဒိဋ္ဌိ ဆိုတာက ကုသိုလ်လုပ်လုပ်၊ အကုသိုလ်ပဲလုပ်လုပ်၊ အကျိုးမရှိဘူးလို့ ယူဆ တဲ့ အယူဝါဒဖြစ်တယ်။ အကျိုးသက်ရောက်မှု ကို ပစ်ပယ်တဲ့ဝါဒဆိုပါတော့။ ဘုရားပဲ တည်တည်၊ ကျောင်းပဲဆောက်ဆောက်၊ အလှူကြီးတွေပဲပေးပေး၊ ဒီလိုလုပ်တဲ့ကုသိုလ် မှုတွေဟာ ဘာမှအကျိုးမပေးဘူးလို့ မြင်တဲ့ အမြင်၊ ခံယူတဲ့အယူဝါဒ။ ဒီကောင်းမှုကုသိုလ် ပြုမှုတွေဟာ နောင်အနာဂတ်ဘဝမှာလည်း ဘာမှအကျိုးပေးမှု မရှိဘူးလို့ ယူဆတဲ့ဝါဒ ဖြစ်တယ်။ ဒီလို ကောင်းတာတွေလုပ်လို့ အကျိုးပေးမှု မရှိသလို မကောင်းတဲ့ အကုသိုလ်တွေ လုပ်လည်း ဘာမှသက်ရောက် အကျိုးပေးမှု မရှိဘူးလို့ ယူဆတယ်။ ဒီအယူအဆရှိနေရင် ကိုယ်မုန်းတီးတဲ့၊ မနာလိုဝန်တိုဖြစ်နေတဲ့သူတွေ၊ ဖျက်ဆီးချေမှုန်း သတ်ဖြတ်ပစ်ဖို့ ဝန်မလေးတဲ့ သူတွေ ဖြစ်သွားနိုင်တယ်။ |
|
အဟေတုကဒိဋ္ဌိဆိုတာက အကြောင်းကို ပယ်တဲ့ အယူဝါဒဖြစ်တယ်လို့ ဆိုလိုတယ်။ လူဖြစ်လာတာဟာ အတိတ်က ကုသိုလ်ကြောင့် ဖြစ်ရတယ်ဆိုတဲ့ အယူအဆမျိုးကို အဟေတုက ဒိဋ္ဌိကို လက်ခံသူက မယုံကြည်ဘူး။ လူတစ်ဦး အသက်ရှည်ကျန်းမာတာဟာ၊ ရုပ်အဆင်း တင့်တယ်လှပတာဟာ အတိတ်က ကုသိုလ် ကောင်းခဲ့တဲ့အတွက် ဆိုတာမျိုးကို မယုံဘူး။ ဒီလို အကြောင်းတရားကို ပယ်ခြင်းဟာ အကျိုး တရားကို ပယ်ရာလည်း ရောက်သွားတာပဲ။ ဘာကြောင့်လဲဆိုတော့ အခုကောင်းတာလုပ်တဲ့ အကြောင်းကြောင့် နောင်မှာကောင်းတဲ့အကျိုး ဖြစ်မယ်ဆိုတာကိုလည်း မယုံကြည်နိုင်တော့ဘူး။ ဒီလို မယုံကြည်ခြင်းဟာ အကျိုးကို ပယ်ခြင်းပဲ မဟုတ်လား။ အကြောင်းအကျိုးကို ပစ်ပယ်သူ ဟာ ကောင်းတာတွေကို ရွေးချယ်လုပ်ဖို့ ခဲယဉ်း သွားမှာ အမှန်ပဲ။ |
|
အကိရိယဒိဋ္ဌိဆိုတာကတော့ ကုသိုလ် အကုသိုလ်ဆိုတာမျိုးဟာ ရှိကိုမရှိဘူးလို့ ယူဆ တဲ့ အယူဝါဒဖြစ်တယ်။ ကုသိုလ်၊ အကုသိုလ် ကံဆိုတာ မရှိဘူးလို့ ယူဆနေတဲ့ ဝါဒပဲ။ ဒီနေရာ မှာ အကိရိယဒိဋ္ဌိနဲ့ စောစောက နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိဆိုတာတွေနဲ့ ခြားနားပုံကို ပြောဦးမယ်။ နတ္ထိကဒိဋ္ဌိက ကုသိုလ် အကုသိုလ် ကံရဲ့ အကျိုးပေးမှုမရှိဘူးလို့ ယူဆ ယုံကြည်တဲ့ ဝါဒဖြစ်တယ်။ အဟေတုကဒိဋ္ဌိဆိုတာက အတိတ်က ကုသိုလ်ကံ အကုသိုလ်ကံ အကြောင်းတရားတွေဟာ အခုဘဝဆီကို လိုက်ပြီး အကျိုးပေးခြင်းမရှိဘူးလို့ ယုံတဲ့ဝါဒ ဖြစ်တယ်။ အခုပြောနေတဲ့ အကိရိယဒိဋ္ဌိကတော့ ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတာကိုက မရှိဘူး လို့ ယူဆယုံကြည်တဲ့ဝါဒကို ဆိုလိုတယ်။ ကုသိုလ်အကုသိုလ်ကံဆိုတာ မရှိဘူးလို့ ယုံကြည်နေတဲ့လူဟာ သူ မုန်းတီးတဲ့ မနာလို ဖြစ်နေတဲ့သူတွေအပေါ်မှာ လိမ်ဖို့၊ ညာဖို့၊ မတရားပြုကျင့်ဖို့၊ ပျက်စီးအောင် ဖျက်ဆီးဖို့၊ အခွင့်သာရင် သာသလို သူမုန်းတီးစက်ဆုပ်တဲ့ လူတွေကို ညှင်းဆဲနှိပ်စက်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။ လွဲမှားတဲ့ အယူဝါဒတွေနဲ့ ပေါင်း ရောပြီး စိတ်ပျက်စိတ်ဆိုးအစရှိတဲ့ စိတ်မှာဖြစ်တဲ့ ရောဂါတွေက လူမှာရှိသမျှ မိမိတစ်ဦးချင်း အနေနဲ့လည်း ချမ်းမြေ့သာယာမှုမရှိနိုင်ဘူး။ အခြားသူတွေဟာလည်း ချမ်းမြေ့သာယာရှိနိုင် မယ်မဟုတ်ပါဘူး။ စိတ်မှာဖြစ်တဲ့ရောဂါတွေ ဟာ ကိုယ်မှာဖြစ်တဲ့ ရောဂါတွေလို ကုစားရ မလွယ်ကူဘူး။ ဗုဒ္ဓ မြတ်စွာဘုရားရဲ့ မဇ္ဈိမပဋိ ပဒါနည်းနဲ့ပဲ ပျောက်ကင်းအောင် ကုစားနိုင် တယ်။ |
|
တရားဦးဖြစ်တဲ့ ဓမ္မစက္ကပ္ပဝတ္တနသုတ္တံ (လူအများနားလည်နေတဲ့ ဓမ္မစကြာတရား တော်)မှာ `ရဟန်းတို့...အစွန်းတရားနှစ်ပါး တို့ကို မကပ်ရောက်မူ၍ ငါ ဘုရားသည် မဇ္ဈိမ ပဋိပဒါခေါ်တဲ့ အလယ်အလတ်လမ်းအကျင့်ကို ထိုးထွင်း၍ သိအပ်ခဲ့ပေပြီ’ လို့ ဂေါတမမြတ်စွာ ဘုရားက ဝန်ခံဖော်ပြထားတယ်။ အဲဒီမဇ္ဈိမ ပဋိပဒါလို့ခေါ်တဲ့ အလယ်လမ်းအကျင့်ဆိုတာ ဘယ်လို အကျင့်လမ်းမျိုး ဖြစ်တယ်ဆိုတာကို လည်းဆက်ပြီး `အလယ်လမ်းအကျင့်ဆိုတာ အရိယမဂ္ဂင်ရှစ်ပါးပင် ဖြစ်သည်။ အရိယမဂ္ဂင် ရှစ်ပါးဆိုသည်မှာ ၁။ မှန်စွာမြင်ခြင်း(သမ္မာဒိဋ္ဌိ)၊ ၂။ မှန်စွာကြံခြင်း (သမ္မာသင်္ကပ္ပ)၊ ၃။ မှန်စွာ ပြောခြင်း (သမ္မာ ဝါစာ)၊ ၄။ မှန်စွာပြုခြင်း(သမ္မာ ကမ္မန္တ)၊ ၅။ မှန်စွာ အသက်မွေးခြင်း(သမ္မာ အာဇီဝ)၊ ၆။ မှန်စွာလုံ့လထုတ်ခြင်း(သမ္မာ ဝါယမ)၊ ၇။ မှန်စွာအမှတ်သတိရှိခြင်း (သမ္မာ သတိ)၊ ၈။ မှန်စွာ စူးစိုက်တည်ကြည်ခြင်း(သမ္မာ သမာဓိ) တို့ဖြစ်ကြသည်’ လို့ ဖော်ပြတယ်။ |
|
ပြောခဲ့တဲ့ မဇ္ဈိမပဋိပဒါ အလယ်အကျင့်ကို ကျင့်တတ်အောင် ပညာရှင်တွေ၊ ဆရာတော် ကြီးတွေက ၁။ မူလမဂ္ဂ၊ ၂။ ပုဗ္ဗဘာဂမဂ္ဂ၊ ၃။ အရိယမဂ္ဂဆိုပြီး အဆင့်သုံးဆင့် ခွဲခြားပြကြ တယ်။ မူလမဂ္ဂဆိုတာ အခြေခံပြုရမယ့်မဂ္ဂင်လို့ ဆိုလိုတယ်။ အဲဒီမူလမဂ္ဂက ငါးမျိုးရှိတယ်။ ၁။ မှန်တဲ့အမြင်(ဒီမှာက ကံနဲ့ ကံရဲ့ အကျိုးကို ယုံကြည်တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိကို ဆိုလို တယ်)
၂။ မှန်စွာပြောဆိုခြင်း(သမ္မဝါစာ)
၃။ မှန်စွာပြုခြင်း(သမ္မကမ္မန္တ)
၎။ မှန်စွာအသက်မွေးဝမ်းခြင်း (သမ္မာအာဇီဝ)
၅။ မှန်စွာစူးစိုက်တည်ကြည်ခြင်း(သမ္မာ သမာဓိ)
ဆိုတဲ့ မဂ္ဂင် ငါးမျိုးဟာ အခြေခံပြုရ မည့်၊ အခြေခံအားဖြင့်အားထုတ်ရမည့် မဂ္ဂင်တွေလို့ ဆိုလိုတယ်။ |
|
ဒီမူလမဂ္ဂထဲက ကမ္မဿကတာသမ္မာ ဒိဋ္ဌိ ဆိုတဲ့ ကံနဲ့ကံရဲ့အကျိုးကို မှန်ကန်စွာသိမြင်တဲ့ သမ္မာဒိဋ္ဌိဟာ အင်မတန် အရေးကြီးတယ်။ ကမ္မဿကတာ သမ္မာဒိဋ္ဌိရှိမှ ပြောခဲ့တဲ့ နတ္ထိက ဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိတွေကို ပယ်နိုင်မှာဖြစ်တယ်။ ကံနဲ့ကံရဲ့အကျိုးကို နားလည်သိမြင်ယုံကြည်မှ မဇ္ဈိမပဋိပဒါကျင့်စဉ် ကို ကျင့်ဖို့ လိုတယ်ဆိုတာကိုလည်း နားလည် ယုံကြည်နိုင်တယ်။ မှန်တဲ့စကား၊ မှန်တဲ့အပြု၊ မှန်တဲ့ အသက်မွေးမှု(သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ)ဆိုတဲ့အကျင့် ဒါမှမဟုတ် သီလ တွေကို စောင့်ထိန်းခြင်းဟာ ကုသိုလ်ဖြစ်တယ်လို့ နားလည်လက်ခံယုံကြည်မယ်၊ နားလည်လက်ခံ ယုံကြည်မှလည်း သမ္မာဝါစာအစရှိတဲ့အကျင့်၊ သီလကို စောင့်ထိန်းမှာပဲ။ မမှန်တာမပြောဘဲ၊ မမှန်တာတွေ မပြုမူ၊ မလုပ်ကိုင်ဘဲ၊ မမှန်တဲ့ အသက်မွေးမှုတွေမပြုဘဲ စောင့်ထိန်းမှ နောင်တတွေကင်းပြီး စိတ်ရဲ့တည်ကြည်ခိုင်ခံ့မှု၊ သမာဓိ ရနိုင်မယ်လို့လည်း နားလည်လက်ခံ ယုံကြည်မယ်။ သမာဓိဆိုတဲ့စိတ်ရဲ့ တည်ကြည်ခိုင်ခံ့မှုရှိမှ ပုဗ္ဗဘာဂမဂ္ဂင်ကို အားထုတ်ရာမှာ အောင်မြင် ပေါက် မြောက်နိုင်မယ်လို့လည်း နားလည် ယုံကြည်လာမှာပဲ။ |
|
ပုဗ္ဗဘာဂမဂ္ဂဆိုတာကတော့ အရိယမဂ္ဂင်တွေဖြစ်လာဖို့အတွက် အရင်အဦး အားထုတ်ရတဲ့အဆင့်လို့ ဆိုရမှာပဲ။ တစ်နည်းအားဖြင့် ဝိပဿနာမဂ္ဂင်လို့ဆိုနိုင်ပါတယ်။ ဒီပုဗ္ဗဘာဂမဂ္ဂကလည်း ငါးမျိုး ရှိတယ်။ ၁။ မှန်တဲ့အမြင်(သမ္မာဒိ)
၂။ မှန်တဲ့ကြံစည်မှု(သမ္မသင်္ကပ္ပ)
၃။ မှန်တဲ့လုံ့လစိုက်ထုတ်မှု (သမ္မာ ဝါယမ)
၎။ မှန်တဲ့အမှတ်သတိရှိမှု (သမ္မာသတိ)
၅။ မှန်တဲ့စိတ်ရဲ့ စူးစိုက်တည်ကြည် ခိုင်ခံ့မှု (သမ္မာသမာဓိ)
ဆိုတဲ့ မဂ္ဂင်တွေပါပဲ။ |
|
မူလမဂ္ဂအဆင့်မှာ သမထတရား အားထုတ်သူတွေအတွက်ကတော့ ဈာန်တွေ အထိရောက်တဲ့၊ သမာဓိအဆင့်အထိ အားထုတ် တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဈာန်ရသည် အထိခိုင်ခံ့တဲ့ သမာဓိရှိနေရင်လည်း ပုဗ္ဗဘာဂ မဂ္ဂအဆင့်မှာ ဈာန်မှထပြီး ဝိပဿနာရှုရင် Óဏ် အမြင်တွေ ဖြစ်ပေါ်မှာပါပဲ။ ပုဗ္ဗဘာဂမဂ္ဂအဆင့်မှာ ဝိပဿနာကို စတင်ရှုမှတ်တဲ့သူအဖို့ကတော့ ခဏိကသမာဓိလို့ခေါ်တဲ့ ဝိပဿနာသမာဓိ အလုံ အလောက် ဖြစ်ဖို့လိုပါလိမ့်မယ်။ ဝိပဿနာဥာဏ် ဖြစ်ပေါ်စေနိုင်တဲ့ ခဏိကသမာဓိဟာ သမထ ကျင့်စဉ်ထဲက ဥပစာရသမာဓိအဆင့်နဲ့ ညီတယ်လို့ ကျမ်းဂန်တွေမှာ ဖော်ပြတယ်။ ဒီတော့ ပုဗ္ဗဘာမဂ္ဂ အဆင့်မှာ ဝိပဿနာရှုသူဟာ ကမ္မဋ္ဌာန်းတစ်ခုခုကို ရှုမှတ်ရင်းလုံလောက်တဲ့ ခဏိကသမာဓိရလာရင် ဝိပဿနာ ဥာဏ်တွေ ဖြစ်ပေါ်သွားမှာပါပဲ။ မဟာ သတိပဋ္ဌာန် သုတ္တံ အစရှိတဲ့ ဗုဒ္ဓ ဒေသနာတွေအရ ဝိပဿနာ ရှုစရာ ကမ္မဋ္ဌာန်းတွေ ၂၁ မျိုးတောင်ရှိတယ်။ ဒီအထဲ က မိမိနှစ်သက်ရာ ကမ္မဋ္ဌာန်း ကိုယူပြီး ဝိပဿနာရှုနိုင်တယ်။ ဥပမာ ခန္ဓာငါးပါး ဒါမှမဟုတ် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်စတဲ့ အာရုံခံဒွာရတွေမှာ ထိလာတိုင်း၊ ထင်လာတိုင်း၊ ဖြစ်လာတိုင်းကို ဝိပဿနာ ရှုမှတ်တယ် ဆိုပါတော့။ ဒီလိုရှုရင်းမှ အကယ်၍ ဆိုခဲ့တဲ့ ပုဗ္ဗဘာဂမဂ္ဂ ငါးခုဟာ အညီအညွတ် အလုပ်လုပ်ကြတယ်ဆိုရင် ဝိပဿနာ ဥာဏ်တွေ ဖြစ်ပေါ်မှာပဲ။ ဒီနေရာမှာ... ပုဗ္ဗ ဘာဂမဂ္ဂ အဆင့်မှာရှိတဲ့ မဂ္ဂင်ငါးခု အညီအညွတ် လုပ်ပုံကို ပေါ်လွင်အောင်...မြင်သိစိတ်၊ ကြားသိ စိတ်စတဲ့ သိစိတ်တွေ ဘယ်လိုဖြစ်နေတယ် ဆိုတာကို နည်းနည်း ပြောဖို့လိုမယ်။ |
|
စိတ်ဟာ ဘယ်အာရုံကိုမှ မစူးစိုက်ဘဲ ရှိနေရင် စိတ်ရဲ့မူရင်းအာရုံဖြစ်တဲ့ `ဘဝင်’ ရဲ့ အာရုံကို မှီပြီး ဘဝင်စိတ်အနေနဲ့ဖြစ်နေတယ်။ `ဓမ္မာရုံ’ လို့ခေါ်တဲ့ စိတ်အာရုံတွေဖြစ်ရင် ဒါမှ မဟုတ် အဆင်း၊ အသံ၊ အနံ့၊ အရသာ အတွေ့အထိ စတဲ့အပြင် အာရုံတွေဖြစ်ရင် အဆက် မပြတ်ဖြစ်နေတဲ့ ပြောခဲ့တဲ့ ဘဝင်စိတ်ဟာ အာရုံ အသစ်ဘက်ကို လှည့်ပေးတယ်။ အာရုံဘက် လှည့်ရာမှာ စိတ်နှစ်မျိုးရှိတယ်။ အပြင်အာရုံ အတွက် `ပဉ္စဒွာရ အာဝဇ္ဇန်း’ စိတ်က လှည့်ပေး တယ်။ အတွင်းအာရုံတွေ(ပြောခဲ့တဲ့ ဓမ္မာရုံ) အတွက်တော့ `မနောဒွာရ အာဝဇ္ဇန်း’ စိတ်က လှည့်ပေးတယ်။ အပြင်က အာရုံဆိုရင် စိတ်ကို သက်ဆိုင်ရာ မျက်စိ၊ နား၊ စသည်တို့နဲ့ ဆိုင်ပေး လိုက်တယ်။ ဥပမာ အဆင်းအာရုံ ဆိုပါတော့။ အဲဒီအဆင်းအာရုံကို သက်ဆိုင်ရာ မျက်စိနဲ့ ဆိုင်ပေးလိုက်တယ်။ ဆိုင်ပေးပြီးတဲ့အခါမှာ အာရုံကို လက်ခံတယ်(သမ္ပဋိစ္ဆိုင်း)၊ လက်ခံပြီး တဲ့အာရုံကို စုံစမ်းတယ်(သန္တီရဏ)၊ စုံစမ်းပြီးတဲ့ အခါ အဲဒီအာရုံဟာ ဘယ်လိုအာရုံမျိုးဖြစ်တယ် ဆိုတာကို ဆုံးဖြတ်တယ် (ဝုဋ္ဌော)၊ အာရုံတွေ ဟာ အတွင်းကလာရင် (စိတ် အတွင်းမှလာရင်) မနောဒွာရအာဝဇ္ဇန်းက ဆုံးဖြတ်တဲ့စိတ် (ဝုဋ္ဌော) အဆင့်ကနေ ခံယူလိုက်တယ်။ ဒါကြောင့် မနော ဒွာရအာဝဇ္ဇန်းစိတ်နဲ့ ဆုံးဖြတ်တဲ့ ဝုဋ္ဌောစိတ် ဟာ သဘောချင်းတူတယ်လို့ မှတ်ယူ နိုင်တယ်။ |
|
တကယ်တော့ ဗောဓိဓမ္မရဲ့ အဖြေက မှန်တဲ့အဖြေပဲ။ |
|
ဆုံးဖြတ်တဲ့စိတ်(ဝုဋ္ဌော)ပြီးတဲ့ အခါမှာ ဇောစိတ်တွေဖြစ်လာတယ်။ ဇောစိတ်က ခုနစ်ကြိမ်အထိ ဖြစ် တယ်။ အဲဒီနောက်ဇောရဲ့ အာရုံကိုပဲ ဆက်ပြီး အာရုံပြုတဲ့တဒါရုံဆိုတဲ့စိတ် နှစ်ကြိမ်ဖြစ်တယ်။ ဒီစိတ်နှစ်ကြိမ် ပြီးတဲ့အခါ စောစောက ဘဝင်စိတ်မျိုး ပြန်ဖြစ်သွားတယ်။ ဒါကို အဆင်း ကို မြင်သိတဲ့ `မြင်ဝီထိ’ လို့ ခေါ်တယ်။ ဒီမြင်ဝီထိတစ်ခုမှာ စဉ်ဆက်ဖြစ်ပျက် သွားတဲ့ စိတ်တွေကို ရေတွက်ကြည့် ရင် အာဝဇ္ဇန်းစိတ်ကနေ တဒါရုံ နှစ်ကြိမ်ဖြစ်ပျက်ပြီးသည်အထိ အားလုံးပေါင်း စိတ်ဆယ့်လေးကြိမ် ရှိတယ်။ ဒီမြင်ဝီထိနည်းတူပဲ ကြား ခြင်း၊ နံခြင်း၊ လျက်ခြင်း၊ ထိတွေ့ခြင်း တွေမှာလည်းဆိုခဲ့တဲ့ စိတ်ဆယ့်လေး ကြိမ် ပါဝင်ပြီးတော့ သက်ဆိုင်ရာ ဝီထိတွေဖြစ်ကြမှာပဲ။ စိတ်ကူး ကြံစည်ခြင်းမှာတော့ (ဝုဌေအဆင့်မှာဖြစ်တဲ့ အတွက်) အာဝဇ္ဇန်းစိတ်ရယ်၊ ဇောခုနစ်ကြိမ် ရယ်၊ တဒါရုံနှစ်ကြိမ်ရယ်... စုစုပေါင်း ဆယ်ကြိမ်ဖြစ်မယ်။ |
|
ဝိပဿနာရှုသူဟာ မြင်သိမှုဖြစ်ပြီးလျှင် ဖြစ်ပြီးချင်း တစ်နည်းပြောရရင် ]မြင်ဝီထိ}ဖြစ် ပြီးလျှင် ဖြစ်ပြီးချင်း `မြင်တယ်’ လို့ ရှုမှတ်ရတယ်။ ဒီလိုမြင်ရင်မြင်တယ်လို့ ချက်ချင်းရှုမှတ် နိုင်ရင် ပရမတ်ရုပ်နာမ်တရားကို အမှန်အတိုင်း သိတာဖြစ်တယ်။ ဒီလိုချက်ချင်း မမှတ်နိုင်ရင် တော့ မိန်းမ၊ ယောကျာ်းစတဲ့ သဏ္ဌာန်ပညတ်၊ ဒြပ်ပညတ်၊ အမည်ပညတ်တွေ ပေါင်းစပ်ချိန် ရသွားတယ်။ ဒီအခါ တပ်မက်ဖွယ် ချစ်ခင်ဖွယ် စတဲ့အစွဲတွေ ဖြစ်ကုန်တယ်။ အဲဒီနှစ်သက်ဖွယ်၊ မနှစ်သက်ဖွယ် မိန်းမ၊ ယောကျာ်းစတဲ့ ပညတ် တွေပေါ်မှာပဲ အခြေပြုပြီးပြောခဲ့တဲ့ စိတ်ဆိုး စိတ်ပျက်မှုတွေ၊ မနာလိုဝန်တိုမှုတွေ ဖြစ်တော့ တာပဲ။ |
|
မြင်သိမှုဝီထိမှာလိုပဲအခြားကြားမှု၊ နံမှု၊ လျက်မှု၊ ထိမှု၊ တွေးကြံမှုတို့မှာလည်း ဖြစ်ပြီး ရင် ဖြစ်ပြီးချင်း သိသိနေအောင် ဝိပဿနာရှု မှတ်ရတယ်။ ပုဗ္ဗဘာဂမဂ်အဆင့်မှာ ရှုမှတ် အားထုတ်နေတာကို ကြည့်ရင်... ဆိုခဲ့တဲ့ အတိုင်း မြင်ဝီထိ၊ ကြားဝီထိ စသည်ဖြစ်လျှင် ဖြစ်ချင်း ရှုမှတ်နိုင်အောင် ကြိုးစားအားထုတ် နေခြင်းဟာ သမ္မာဝါယမမဂ္ဂင်ဖြစ်တယ်။ ဖြစ် လျှင်ဖြစ်ချင်း သိသိနေအောင် သတိထားနေ တာက သမ္မာသတိမဂ္ဂင်ဖြစ်တယ်။ အတိတ် အနာဂတ်တွေဆီ စိတ်က မပျံ့လွင့်ဘဲ စိတ်ငြိမ် လာအောင် ဒါမှမဟုတ် မြင်မှုကြားမှုမှာ ပညတ် တွေဆီမရောက်စေဘဲ မြင်ဆဲကြားဆဲမှာပဲ ရှုမှတ်နိုင်အောင် အားထုတ် နေခြင်းဟာ သမ္မာသမာဓိမဂ္ဂင် ဖြစ်တယ်။ သမ္မာဝါယမမဂ္ဂင်၊ သမ္မာ သတိမဂ္ဂင်၊ သမ္မာသမာဓိမဂ္ဂင်သုံးခုဟာ ညီညွတ်စွာဖြစ်နေရင် သမ္မာ သင်္ကပ္ပမဂ္ဂင်က အာရုံဆီကို စိတ်ဦးညွတ်ပေးတယ်။ စိတ်နဲ့အာရုံကို တည့်ပေး၊ ဆိုင်ပေးတယ်။ ဒီအခါ သမ္မာဒိဋ္ဌိမဂ္ဂင်က...မြင်သိမှု၊ ကြားသိမှု ဖြစ်တိုင်း မြင်ပြီးပျက်၊ ကြားပြီးပျက်နေတာကို အမှန်အတိုင်းသိတယ်။ အခြားနံမှု၊ လျက်မှု၊ ထိမှု၊ တွေးကြံမှု တို့နဲ့ဆိုင်တဲ့ နံသိမှု၊ လျက်သိမှု၊ ထိသိမှု၊ ကြံသိမှုတွေဟာလည်း ဖြစ်ပြီးရင် ပျက်နေကြတယ်လို့ အမှန် အတိုင်း သမ္မာဒိဋ္ဌိကသိတယ်။ ဖြစ်ပျက်နေတာကလွဲလို့ အကောင်း အဆိုး၊ ချစ်ဖွယ် မုန်းဖွယ်၊ သူငါယောကျာ်း၊ မိန်းမဆိုတာတွေ မရှိကြ ဘူး။ ဒါတွေဟာ ဖြစ်ပြီး ပျက်နေခြင်း သာရှိတယ်ဆိုတဲ့ အနိစ္စ၊ အနတ္တ သဘာဝကို မိန်းမ၊ ယောကျာ်း၊ ချစ်ဖွယ်၊ မုန်းဖွယ်၊ သဏ္ဌာန်ဒြပ်မျိုးစုံ အနေနဲ့ ထင်မြင်တယ်။ အဲဒီထင်မြင်မှုအပေါ် မူတည်ပြီး ပြောခဲ့တဲ့ မနာလိုဝန်တိုမှုတွေ၊ စိတ်ပျက်ခြင်း၊ စိတ်ဆိုးခြင်းစတဲ့ စိတ်ရဲ့ရောဂါ တွေဖြစ်တော့တာပဲ။ |
|
ပုဗ္ဗဘာဂမဂ်အဆင့်မှာ သမ္မာဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်ငါးပါး အညီအညွတ်ဖြစ်ကြရင် ရုပ်၊ နာမ်ခန္ဓာမှာ အနိစ္စ၊ အနတ္တသဘောတွေကို အသေအချာမြင်ပြီး အဲဒီရုပ်နာမ်ခန္ဓာအပေါ်မှာ အစွဲကင်းသွားတယ်။ ပထမအစွဲကင်းသူ ကိုတော့ သောတာပန်ပုဂ္ဂိုလ်လို့ ခေါ်တာပဲ။ သောတာပန်ပုဂ္ဂိုလ်မှာ မနာလို ဝန်တိုခြင်းဆိုတဲ့ ဒေါသတွေ မကင်းသေးဘူး။ စိတ်မှာဖြစ်တဲ့ရောဂါ မကုန်သေးဘူးလို့ ဆိုရမှာပေါ့။ ပုဗ္ဗဘာဂမဂ်ကို အားထုတ်လို့ အစွဲဟူသမျှ ကင်းတဲ့ ရဟန္တာပုဂ္ဂိုလ်အဖြစ်ကို ရောက်မှပဲ စိတ်မှာဖြစ်တဲ့ရောဂါဟူသမျှ ကင်းမှာပါပဲ။ ရဟန္တာပုဂ္ဂိုလ်ဖြစ်ပြီဆိုရင်တော့ အဲဒီရဟန္တာပုဂ္ဂိုလ်မှာ အရိယမဂ်လို့ဆိုရတဲ့ ၁။ သမ္မာဒိဋ္ဌိ၊
၂။ သမ္မာသင်္ကပ္ပ
၃။ သမ္မာဝါစာ
၎။ သမ္မာကမ္မန္တ
၅။ သမ္မာအာဇီဝ
၆။ သမ္မာဝါယမ
၇။ သမ္မာသတိ
၈။ သမ္မာသမာဓိ
မဂ္ဂင်ရှစ်ပါးကို ပြီးပြည့်စုံစွာ ရရှိသွားပါတယ်။ အရိယမဂ္ဂအဆင့်ကို ရောက်အောင် အားထုတ်ဖို့ဟာ ဗုဒ္ဓသာသနာရဲ့ ပန်းတိုင်ပါပဲ။ |
|
အထက်ပါတရားစကားတို့ကို ဟောကြားပြီးနောက် ကျွန်းပင် ကျောင်း ဆရာတော်ကြီးက မိမိသီတင်းသုံးရာအဆောင်သို့ ပြန်ကြွသွား ပါသည်။ ဆရာတော်ကြီးကို လှမ်းမျှော်ကြည့်ရင်းက ဗုဒ္ဓသာသနာ၏ အဆုံးစွန်ပန်းတိုင်သို့ သွားရမည့်ခရီးကို လှမ်းမျှော်ကြည့်မိပါသည်။ |
|
No comments:
Post a Comment