တကယ်ပါပဲ။ အချိန်ကာလ တစ်ခုရဲ့အောက်မှာ ပြောင်းလဲခြင်း နိယာမတွေ ပြတင်းပေါက်အပြင်က ပါးလျတဲ့ ဆောင်းနှင်းငွေ့က အပင်တွေအောက်မှာ အုံ့ဆိုင်းဖွဲ့သီ လို့... |
သစ်ရွက်တွေက ဒေါသသံနဲ့ ဆူညံပေါက်ကွဲ... |
ရှည်လျားလွန်းလှတဲ့ မနက်ဖြန်ဆိုတဲ့ နေ့များစွာကို အခုတော့ ချုံ့ယူဝါးစားထားပြီ။ |
ကျွန်တော့်ရဲ့ အငမ်းမရ စုပ်ယူစားသုံးခဲ့တဲ့ နေ့ရက်တချို့ရဲ့ ကျိန်စာများလား..ယခင် ညှို့အားပြင်း စက်ကွင်းနှစ်ခု ကင်းလွတ်သွားပြီး ရောင်စုံဘောလုံးတစ်လုံးလို အဝေးကို လိမ့်ချင် တိုင်းလိမ့် နေခဲ့... |
နွယ်ရဲ့ ချိုရှရှအသံလေး မောင်ကြားချင်တယ်... |
အိပ်ရာထက်က နွယ့်ခန္ဓာ ကိုယ်လေးက သတိထားမိတဲ့ အချိန်မှာ တကယ့်ကို ပါးလျနေခဲ့ပြီ။ အိပ်ရာဘေးမှာ မှန်ပြောင်း လေးတစ်လက်.. ဒီမှန်ပြောင်းလေးက ကျွန်တော် ဘန်ကောက်က ပြန်လာတုန်းက နွယ့်ကို ၀ယ်ပေးခဲ့တာ...။ နွယ်က မှန်ပြောင်း လေးတစ်လက်နဲ့ ကြယ်တွေကို ကြည့်ရတာ သဘောကျသူ...။ |
နေ့ညများစွာ မှန်ပြောင်း တစ်လက်နဲ့အတူ နေထိုင်ခြင်းဟာ ကြယ်ပွင့်များနဲ့ အိမ်ထောင်ကျ နေခြင်းဖြစ်တယ်လို့ ပြောတဲ့ နွယ့် အသံကို ပြန်ကြားနေမိတယ်။ |
“မောင် နွယ်ဟာ တကယ်တော့ ကြယ်ပွင့်လေးတွေရဲ့ အိမ်ရှင်မ ဖြစ်နေတာပါ” ဟုတ်တယ် နွယ်ဟာ မောင်မရှိတဲ့အချိန်မှာ မှန်ပြောင်းတစ်လက်နဲ့ ကြယ်တွေကို နေ့စဉ် ကြည့်နေခဲ့တယ်။ |
“နွယ်ဟာ မောင့်ရဲ့ ချစ်ခြင်း တွေနဲ့ တုပ်နှောင်ခံထားရသူပါ။ နွယ်ချစ်တဲ့ အချစ်တွေက မောင့် အပေါ် မလုံလောက်ခဲ့ဖူးလား ဟင်” |
နွယ့်ရဲ့ ရင်အုံဟာ အားယူပြီး ပြောချင်လွန်းတာကြောင့် တသိမ့်သိမ့်၊ နိမ့်ချည်၊ မြင့်ချည်...။ အပေါ်ကြယ်သီးလေး ပြုတ်နေတာမို့ ၀င်းဝါနေတဲ့ ရင်သား မျက်နှာပြင်ပေါ်မှာရှိတဲ့ ကြယ်သီးကို တပ်ပေးလိုက်တယ်။ |
ကျွန်တော့်မျက်နှာကို နွယ့် မျက်နှာနဲ့ အနီးကပ်ဆုံး ထားလိုက်ပြီး နွယ့်နဖူးကို ညင်ညင် သာသာ နမ်းရင်း ကျွန်တော့်ရင်တွေ စို့နင့်လာတယ်။ |
“မဟုတ်ဘူးနွယ်... မဟုတ်ဘူး။ မောင် နွယ့်ကို သိပ်ချစ်တယ်။ မောင် နွယ့်ကို တမ်းတဆဲပါ... မက်မောဆဲပါ...ဘာမှမစဉ်းစားပါနဲ့.. နွယ်” |
“မောင့်ကို နွယ် သိပ်ချစ်ပါတယ်။ နွယ်တို့ မိသားစုအတွက် အရာအားလုံးထက်.. အဟွတ်.. ဟွတ်” |
“နွယ်...” |
နွယ့်ရဲ့ လေသံတိုးတိုးလေးကို မနည်းနားထောင်ရင်း ကျွန်တော့် ဇနီးသည် နွယ်ရဲ့ မျက်နှာလေးကို ကျွန်တော် လက်နှစ်ဖက်နဲ့ မယူရင်း... |
“မောင် နွယ့်အပေါ်မှာ မပြောင်းလဲဘူး၊ အချစ် မလျော့ဘူး၊ မောင့်ကို ခွင့်မလွှတ်ပါနဲ့...၊ ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့ကွာ” |
ကျွန်တော် ပြောရင်း ၀မ်းနည်းလာတယ်။ ပြီး နွယ့်ရင်ခွင်မှာ မျက်နှာ အပ်ရင်း...မျက်ရည်တချို့ နွယ့် လည်ပင်းထက်ဆီ... |
“မောင်...ခေါင်းမော့ပါ။ မငိုပါနဲ့ကွယ်။ အဖြေမရှိတဲ့ ချောင်ထဲမှာ ပိတ်မိခံရတဲ့ဘ၀မှ မဟုတ်တာ။ အဲဒီလိုဘ၀ထဲမှာ နွယ်နဲ့ မောင့်ကို ဘုရားက အကြာကြီး ထားမယ် မထင်ပါဘူး။ နွယ်သိတာတော့ သံယောဇဉ်၊ ချစ်ခြင်း၊ နွေးထွေး နားလည်တတ်ခြင်းဆိုတာတွေ ကင်းမဲ့သွားရင် ရင်ထဲမှာ ရာသီမရွေး အက်ကွဲ ခြောက်သွေ့နေမယ်။ အခု...ခု...အဲဒါတွေကို ကျော်ဖြတ်ပြီးပြီ မဟုတ်လား... မောင်ရယ်။ မောင်နဲ့ နွယ့်ကြားမှာ သူစိမ်းဆန်တဲ့ ခွင့်လွှတ်ခြင်း၊ မလွှတ်ခြင်းတွေ မရှိပါဘူး” | |
|
|
“ဟုတ်ပါတယ်နွယ်...ဒါပေမဲ့... |
ကျွန်တော် ဘယ်လောက်ကြာ ကြာထိ “သဇင်ခိုင်နွယ်”ဆိုတဲ့ ကျွန်တော့်မိန်းမနဲ့ အတူတူ ရှိနေ နိုင်မလဲ... |
နွယ် တကယ့်ကို ယုံယုံ ကြည်ကြည်နဲ့ ပြောနေတာလား ဟင်” |
နွယ်က မျက်လုံးလေးကို မှိတ်...ခေါင်းလေးကို ညိတ်တယ်။ |
ကြေကွဲဝမ်းနည်းမှုအပူမီးတွေကို အေးချမ်းတဲ့ စမ်းရေအိုင် လေးထဲမှာ ငြှိမ်းသတ်ဖို့ ကြိုးစားခံရတဲ့ အချိန်ပါးပါးလေးမှာ.. |
ပိုမိုရှည်လျားလေးလံတဲ့ ဖိစီးမှုတွေက ကိုင်းညွတ် အိကျ... နေပြီ...။ |
အဲဒီည...က |
နွယ်ခန္ဓာကိုယ်လေးကို ကျွန်တော် တစ်ချိန်လုံး ဖက်ထားပြီး အိပ်စက်ခဲ့တယ်။ |
ကျွန်တော့်ရင်ခွင်ထဲက နွယ့် ခေါင်းပေါ်က ဆံစ၊ ကျွန်တော် ချစ်ခဲ့ဖူးတဲ့ နွယ့်နှုတ်ခမ်း၊ ဖြောင့်စင်း စင်း နွယ့်နှာတံ၊ ရှည်ရှည်သွယ် သွယ် လက်မောင်းတံလေး၊ လက် ချောင်းလေးတွေ၊ လက်သူကြွယ်မှာ ခပ်ချောင်ချောင် လည်ထွက်နေတဲ့ မင်္ဂလာလက်စွပ်၊ နွယ့်ရဲ့ ခန္ဓာကိုယ်မှာ အလှဆုံးဖြစ်တဲ့ ခါးသေး သေးလေး...ခုတော့ ပိုသေးလို့ နေခဲ့ပြီ။ |
ကျွန်တော် မအိပ်ဖြစ်ပါ။ တစ်ချက်တစ်ချက် နွယ့်ညည်းသံ လေး.. နွယ် ကျွန်တော့်ရင်ခွင်မှာ စိတ်ချလက်ချ အိပ်ပျော်သွားတယ် လို့တော့ ထင်တယ်။ နာရီသံတစ်ချက်ချက်က စက္ကန့်နဲ့အမျှ...ညဥ့်ယံ အမှောင် ထုကို ဖောက်ထွက်... နွယ့်ရဲ့ ၀မ်းခေါင်းအပိန်၊ အဖောင်း၊ အသက်ရှူသံ မျှင်း မျှင်း... မိုးရေလို အေးမြခြင်းမရှိတဲ့ မျက်ရည်စက် သေချာပြီ အပြင်မှာ မိုးရွာ နေခဲ့ပြီ... မိုးရေစက်တို့က သဲသဲမဲမဲ |
ကျွန်တော့်ရင်ထဲက မီး တောက်ညွန့် တစ်ညွန့်ကိုတော့ ကောင်းကင်ကြီးလည်း မသိ.. မိုး ရေစက်လည်း မသိ... နောက် ပြီး...“အိမ်”လည်း သိလိမ့်မည် မဟုတ်...။ |
အရာရာကို လိုချင်စိတ်နဲ့ ကြည့်တဲ့မျက်ဝန်းကို မုန်းတယ်။ဒါကြောင့် ကျွန်တော့်ကိုယ် ကျွန်တော် မုန်းတယ်။ |
အလျှံညီးညီး ပတ္တမြား အသွေးရောင်အောက်မှာ တောက်လောင်နေခဲ့တာ ခန္ဓာကိုယ်မှာ အသားလုံးလုံးပင် မရှိတော့ လောက်အောင်ဘဲ... |
နွယ်တစ်ယောက်ကိုပဲ တစ်သက်လုံး ချစ်ခင်စွဲလမ်းနေ လိမ့်မယ်လို့... |
ထင်တာမဟုတ်ပါဘူး။ အမှန်တကယ်ပါ...နွယ် တစ်ဦးသာ ပဲ... ဘ၀ရဲ့ အချစ်...လက်တွဲ ဖော်အဖြစ် တခြားတစ်စုံတစ်ဦး ပေါ်မှ သက်ရောက်ခြင်းမရှိဘဲ လက်ထပ်ဖြစ်ခဲ့ကြတာပဲ...။ |
နွယ်ရော ကျွန်တော်ရော... တည်ကြည်ငြိမ်သက်တဲ့ ခံစားချက်အဖြစ် နှစ်သက်စွာ ပြောင်းလဲခဲ့ ကြတယ်။ |
နွယ်က... နာမည်လေး အတိုင်းပဲ ကဗျာဆန်တယ်... နွယ်က လက်ထပ်လိုက်တာကို ဘာနဲ့တူသလဲလို့ ကျွန်တော့်ကို မေးတော့...ကျွန်တော် ဘယ်လို ဖြေရင်ကောင်းမလဲ စဉ်းစားခဲ့ တယ်။ ဒါက နွယ့်ကို တန်ဖိုးထား လို့၊ လေးစားလို့ပဲ...။ |
“ဘ၀တစ်ခုကို တည်ဆောက်ဖို့ အစပြုလိုက်တာလေ...။ အနာဂတ်အတွက် လျှောက်လှမ်း ရမယ့်လမ်းစကို မောင်တို့နှစ်ဦး အတူတူ ဆိုးတူကောင်းဖက် ကျော် ဖြတ်ပါ့မယ်လို့ လူအများရှေ့မှာ ကတိသစ္စာပြုလိုက်တဲ့ သဘောပေါ့ နွယ်...မဟုတ်ဘူးလား” |
“မငြင်းပါဘူး မောင်...။ နွယ်ပြောမယ်။ နွယ့်ရဲ့ ကိုယ်ပိုင် စကားတော့ မဟုတ်ပါဘူး။ လက်ထပ်တာဟာ ဘာနဲ့တူသလဲ ဆိုရင် မုန်တိုင်းထန်တဲ့ ပင်လယ် ပြင်မှာ လှေရွက်ကြီးကို နှစ်ဆ လောက် ပြန့်ကားလာအောင် ဖြန့်လိုက်တာနဲ့ တူတယ်။ အဲဒီလို ဖြန့်လိုက်တာနဲ့ လူ့လောက မုန်တိုင်းတွေထဲမှာ ဒီရွက်ဟာ ကျစ်ကျစ်လျစ်လျစ် လိပ်ထားတာ ထက်ပိုပြီး အန္တရာယ်များလာ တော့တာပဲလို့ ပြောတယ်” |
“ဟုတ်တော့ ဟုတ်ပါတယ် နွယ်။ ဒါပေမဲ့ စိတ်ကူးယဉ်ဘ၀ တွေကနေ လက်တွေ့ ဘ၀ထဲ ခုန်ဆင်းပြီး အဆုံးသတ်လိုက်တာတော့ မဟုတ်ဘူးနော်။ ရည်းစား ဘ၀က ချိန်းတွေ့ကြတဲ့ ရင်ခုန်မှု၊ စွန့်စားမှုတွေကို စွန့်လွှတ်လိုက်ကြတာတော့ နှမြောစရာနော်...” |
ကျွန်တော့် စကားကြောင့် နွယ်က အသံတိုးတိုးနဲ့ ရယ်တယ်။ ကျွန်တော်နဲ့ နွယ်ဟာ..ဘယ်လို ပြဿနာမျိုးပဲဖြစ်ဖြစ် ရယ်မော မေ့ပျောက်နိုင်တဲ့ သဘောမျိုးတွေ ရှိခဲ့ကြလို့ ကိုယ့်အကြိုက်တွေ စွန့်လွှတ်လိုက်ရတာကို အလွယ် တကူပါပဲ...။ ဒါတွေက ကိုယ့် ချစ်တဲ့သူအတွက်လေ...။ ကျွန်တော် ဆေးလိပ်သောက်ခြင်းကို စွန့်လွှတ်နိုင်သလို၊ နွယ် က ကျွန်တော်မကြိုက်တဲ့ ကတိတွေကို တောင်းလေ့မရှိသလို ကျွန်တော်က နွယ်မကြိုက်တဲ့ သံသယနဲ့ သ၀န်တိုမှုမရှိခဲ့ဘူး။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ကတိမလိုဘူးလို့ သတ်မှတ်ထားခဲ့တယ်။ | |
|
|
“ပျော်ရွှင် ချမ်းမြေ့တဲ့ အိမ်ထောင်တစ်ခုဖြစ်ဖို့ ရုပ်ရည် ဆွဲဆောင်မှုရှိရုံ၊ စိတ်သဘော ဆွဲဆောင်မှုရှိရုံနဲ့ မလုံလောက်ဘူး။ နှစ်ဦးစလုံးမှာ လက်ထပ် ပေါင်းသင်းပြီးရင် သေတစ်ပန် သက်တစ်ဆုံး ပေါင်းသင်းဖို့ ရိုးသားတဲ့ဆန္ဒ နှစ်ယောက်စလုံးမှာ ရှိရမယ်နော်...မောင်” |
“သေချာတာပေါ့ နွယ်...။ မောင်နဲ့နွယ်ဟာ ဒီဘ၀တင် မဟုတ်ဘူး။ ဘ၀ပေါင်းများစွာ အထိ” |
ဒီလို ကျွန်တော် နွယ့်ကို ပြောခဲ့ဖူးပါတယ်။ ရင်ထဲက လှိုက် လှိုက်လှဲလှဲပါ။ |
အချစ်ရဲ့ရမ္မက်ဆိုတာ.. စည်းဝိုင်းလေး အပြင်နဲ့အထဲလို... |
ကျွန်တော်ဟာ အံ့သြဖွယ်ကောင်းတဲ့ ချိုမြိန်ဆန်းသစ်တဲ့ အရာတစ်ခု ထပ်မံတိုးလာခြင်းပါပဲ။ |
နွယ့်အပေါ်မှာတော့ ကျွန်တော် မလျော့ခဲ့ပါ... |
ကျွန်တော် လမ်းတစ်လမ်း ထဲ..လောကမှာ ပြောလေ့ရှိတဲ့ ရုတ်တရက် အက်ဆီးဒင့်တွေဟာ မထင်မှတ်ဘဲ ညွတ်တိမ်းမိပြီးတဲ့ နောက်...။ |
“အိမ်”ဆိုတဲ့ မိန်းကလေး တစ်ယောက်ရဲ့ နုဖပ်ဖပ်အလှ.. ငွေစက္ကူအထပ်လိုက်တွေ ၀တ်ပြု ကိုးကွယ်နေတဲ့ ခေတ်ကြီးထဲမှာ.. သူမဟာ ကျွန်တော့်လက်ထဲက ငွေတွေထက်.. ကျွန်တော့် နှလုံးသားကို တွယ်တာလွန်းသူ... သူမဟာ မဖြားယောင်း မမြှူဆွယ်ခဲ့ပါဘူး။ |
ကျွန်တော် ဆေးလည်း မမိခဲ့ပါဘူး။ ဖြူစင်နုနယ်တဲ့ သူမ ဘ၀ကို စာနာသနားစိတ်နဲ့ ကူညီခဲ့ တာ...ဒါကပဲ ကျွန်တော့်ဘ၀ အတွက် ပိုးပင့်ကူမျှင်တွေ ယှက် သန်း အိမ်ဖွဲ့စေခဲ့တာလား... |
ပြန်လှည့်ထွက်ခဲ့တိုင်း အမှား တစ်ခုနဲ့အတူ ယစ်မူးပျော်ပိုက်ခဲ့ မိတာ... |
ခန္ဓာကိုယ်တစ်ခုလုံး တောက်လောင်နေခဲ့တာကို ကျေနပ်နေခဲ့တယ်။ |
“အိမ်”ဆိုတဲ့ သူမရဲ့ အပေါ် ဆုံးထပ် တိုက်ခန်းကျဉ်းကျဉ်း လေး... သူမကို တွဲကူတက်ခဲ့ဖူးတဲ့ လှေကားထစ် အုတ်တိုက် ခပ်မှိန်မှိန် မီးရောင်အောက်မှာ.. ကျွန်တော် ဘယ်လိုဖြစ်သွားမှန်း မသိတဲ့စိတ်တွေနဲ့... ရုတ်တရက် ... ရုတ်တရက်ပေါ့။ အနမ်းမိုး တွေ ခြွေချစဉ်မှာလည်း အပြင်မှာ မိုးတွေ သဲသဲမဲမဲ ရွာနေခဲ့တယ်...။ နောက်...သူမရဲ့ လက်တွေက ကျွန်တော့် လက်မောင်းဆီကို အားကိုးမှီတွယ်လာတယ်။ |
လှည့်ပြန်ထွက်လို့ရပေမဲ့ စေခိုင်းအမိန့်ကျထားသလို.. ခြေလှမ်း တွေက“အိမ်” ရဲ့ တိုက်ခန်းအိုလေး ဆီသို့...။ |
အိမ်ဟာ ကျွန်တော့်ဆရာရဲ့ သမီးလေးပါ။ နောက်ပြီး နှလုံးရောဂါသည်လေး... |
ဆရာလည်း ပန်းနာရင်ကျပ်နဲ့ ဆေးရုံပေါ်မှာ ကွယ်လွန်ခဲ့... |
ဆရာ့သမီးလေး..ဆရာသိပ်ချစ်တဲ့ “အိမ်”ဟာ ခိုလှုံရာရင်ခွင်၊ ငိုဖို့ရင်ခွင် မရှိလေတော့ ကျွန်တော့်ကိုပဲ ရင်ဖွင့်ငိုရှိုက်ရင်း သူ့ရောဂါကို ကျားကန် အံတုနေဆဲ... |
ကျွန်တော် အိမ့်ကို တတ်နိုင်သလောက် ကူညီခဲ့တယ်... ဖြည့်ဆည်းခဲ့တယ်...။ |
တစ်စစ အိမ်ရဲ့ ကျွန်တော့်အပေါ် တွယ်တာလွန်းမှု..၊ ဂရုစိုက်မှု.. ကြင်နာမှု၊ အရာအားလုံးဟာ နွေးနွေးထွေးထွေးနဲ့ ရောင်ပြန် ဟပ်ခဲ့ကြ.. |
ကျွန်တော် ရှောင်တိမ်းဖို့ စဉ်းစားတိုင်း.. ခြေလှမ်းတွေက ကန်ချက်ပြင်းပြင်းနဲ့ ကန်လိုက်တဲ့ ဘောလုံးတစ်လုံးလို..အိမ်..ရှိတဲ့ အိမ်လေးဆီပဲ...။ |
ကျွန်တော့်မှာ ခိုင်မာတဲ့ မိသားစုရှိတယ်။ အိမ် သိတယ်.. ချစ်တဲ့ဇနီးနဲ့ သားလေးရှိတယ်.. အိမ်သိတယ်...ကျွန်တော်တို့ ဘာကို မသိခဲ့ကြတာလဲ...“အိမ်” က ကျွန်တော့်ကို “ကို”လို့ ခေါ် တယ်... |
အိမ်ပြောပြောနေတဲ့စကား |
“အရွယ်မတိုင်ခင် မအိုချင်ဘူး ကို...အဲဒီလိုပဲ အရွယ်မတိုင်ခင် မသေချင်ဘူး” |
“အချစ်ဆိုတာ အချစ်နဲ့စတယ်။ အနက်ရှိုင်းဆုံး...အစစ်မှန်ဆုံး အချစ်တွေဟာ အမြဲလိုလို ရုတ်တရက် ပေါက်ပွားလာတယ်တဲ့ ဟုတ်လား ကို” |
“အင်း...ဟုတ်တာပေါ့” |
“ကို..ကို... ဘယ်လိုမှန်းမသိဘူး။ အိမ် ချစ်တယ်။ ရုတ်တရက်ကို ချစ်သွားတယ်။ အိမ့် ကိုရော” |
“အတူတူပဲပေါ့ “အိမ်”။ ကိုယ့် အတွက်ကလည်း မထင်မှတ်ဘဲ ရုတ်တရက်တွေပါပဲ” |
ကျွန်တော် အဲဒီလို ဖြေခဲ့တယ်။ |
“အခုလိုအချိန်တွေမှာ အိမ့် နားမှာ ရှိနေပေးတဲ့ ကို့ကို ကျေးဇူးတင်လိုက်တာ...။ ကို့ရဲ့ ဇနီးက အရမ်းချစ်မှာပဲနော်။ ကိုက သဘော ထားပြည့်ဝတယ်။ စိတ်ထား ကောင်းတယ်။ ကို့ကို အိမ်လေး စားတယ်။ ဘာဖြစ်လို့လဲ သိလား ကို။ အိမ့်အပေါ်မှာ လိုအပ်တာထက် မပို၊ အခွင့်အရေးရလျက် သားနဲ့ကို စောင့်ထိန်းခဲ့တဲ့ ကျင့်ဝတ်ကို အိမ် လက်ခံမိတိုင်း ကို့ကို သံယောဇဉ် ပိုလေပါပဲ” |
ကျွန်တော် ဖျားချင်နေပြီ။ “အိမ့်”ဆီက ဒီစကားတွေ ကြားရ တာ ကျွန်တော့်ရဲ့ စပ်ဖျင်းဖျင်းဖြစ် နေတဲ့ ခန္ဓ္ဓာကိုယ် ချုပ်တည်းမှု၊ ပေါက်ကွဲမတတ်စိတ်တွေ... |
ကျွန်တော်တို့နှစ်ယောက် “အိမ့်”အခန်းလေးထဲမှာ ကော်ဖီ သောက်ခဲ့ကြ..စာအုပ်တွေဖတ် ကြ... အိမ်ချက်တဲ့ထမင်းတွေ အတူစားခဲ့ကြ... |
“အိမ့်”ရယ်သံ...ရေချိုးပြီးစ အိမ့်ထံက ဆပ်ပြာရနံ့၊ ဆံနွယ် တွေက ရှန်ပူရနံ့၊ ခန္ဓာကိုယ်ရနံ့ ခပ်သင်းသင်းလေး.. ကိုယ်တိုင် ခြောက်သွေ့ အောင်လုပ်ပေးခဲ့တဲ့ ဆံစတွေကြားမှာ.. ကျွန်တော် ဘယ်အထိများ အိပ်မောကျနိုင်ခဲ့ မှာလဲ...။ |
ကျွန်တော့်ရဲ့ နောက်ထပ် အချစ်တစ်ခုဟာ ရုတ်တရက် ကျွန်တော့်ကြောင့် “အိမ်”လန်းဆန်း လာသလို..ဆေးခန်းပုံမှန်ပြသနေ ရတဲ့ နာတာရှည် လူမမာလေး ဘ၀က လွတ်မြောက်ရတာကို ကျေနပ်ခဲ့တယ်။ |
ဆရာဟာ ကျွန်တော်များ အိမ်ထောင်မရှိခဲ့ရင် အိမ်နဲ့ လက်ထပ်ပေးမှာ အသေအချာ... |
အိမ်က နေလည်းကောင်းလာတော့ ခရီးလေးတစ်ခုကို သွားဖို့ ပူဆာတယ်။ကျွန်တော် လိုက်ပို့ချင်ပါတယ်။ အားရက်တချို့ကိုဖဲ့ပြီး... ရှမ်းပြည်ဘက်သွားဖို့ စီစဉ်ခဲ့ တယ်။ |
နွယ်ကတော့ သိပ်မသွားစေချင်..။ အလုပ်အကြောင်း ပြလိုက်တယ်။ |
“မောင်..အဲဒီခရီးကို မသွားပါနဲ့လား” |
“မောင့်အလုပ်က မသွားလို့ မရဘူးလေ။ နွယ်က ဘာလို့ မောင့်ကို မသွားစေချင်တာလဲ” |
“ဟင့်အင်း သွားမှဖြစ်မယ် ဆိုလည်း သွားပါ” |
နွယ့်ရဲ့ စကားထက် ဆက် ဆက်သွားမယ်နော်ဆိုတဲ့ “အိမ်” စကားက ပိုခိုင်ခံ့နေတယ်။ နွယ့် စကားလုံးတွေ ခပ်ပါးပါး ဖြစ်နေသလို နွယ် ခန္ဓာကိုယ်လေး ခပ်ပါးပါးဖြစ်နေတာကို ကျွန်တော် သတိမထားခဲ့...။ |
ဆယ်ရက်တာခရီးမှာ ကျွန်တော် အိမ့် ကျန်းမာရေးကို အဓိက ဦးစားပေး ဂရုစိုက်ခဲ့တယ်။ ဒီခရီးကို ထွက်ပေးတာကလည်း သူ့ကျန်းမာရေး ပိုကောင်းမွန်အောင် လုပ်ပေးခဲ့တာ...။ ဘာမှ လိုအပ်တာ မရှိစေရ...။ အိမ့် စိတ်ကြိုက် ဖန်တီးပေးခဲ့တယ်။ အရင်က သေ စကားနဲ့ အားငယ်အရှုံးပေးတဲ့ စကားတွေကို ကျွန်တော် လက်မခံခဲ့ဘူး။ ဘ၀အတွက် အားဖြစ်စေမယ့် စာအုပ်တွေ ဖတ်ပြခဲ့တယ်။ နေ့ရက် အသစ်တွေကို ရင်ဆိုင် ဖြတ်သန်းဖို့ အားတွေ စိတ်ဓာတ် တွေ မြှင့်တင်ပေးခဲ့တယ်။ တောင်ပေါ် အလှတွေနဲ့ ဓာတ်ပုံတွေ ရိုက် ပေးခဲ့တယ်။ အိမ် ပျော်သလောက် နေခဲ့တယ်။ |
ကျွန်တော် နွယ့်ဆီကို ရှမ်း ပြည်ရောက်ပြီဆိုတာ ဖုန်းတစ်ခါပဲ ဆက်ဖြစ်ခဲ့တယ်။ ကျွန်တော် နွယ့်ကို အရာရာ စိတ်ချနေခဲ့တယ်။ |
မပြည့်စုံခြင်းနဲ့ မကျန်းမာ ခြင်းဆိုတဲ့ မည်းမှောင်တဲ့ ဒုက္ခနှစ်ခုကို ရင်ဆိုင်နေရတဲ့ “အိမ့်” ကို သနားခဲ့တယ်။ ဘယ်လောက်ပဲ ဒုက္ခတွေ့တွေ့ တည်ငြိမ်စွာ ရင်ဆိုင်နိုင်ဖို့၊ သတ်္တိရှိဖို့ ကျွန်တော် ပြောခဲ့တယ်။ နားသွင်းပေးတယ်။ |
အိမ်ဟာ တကယ့်ကို ပေါ့ပါး လန်းဆန်းလာတယ်။ ရည်ရွယ်ချက် ရှိလာတယ်။ ဒါဟာ အလွန် ကောင်းတဲ့လက္ခဏာတွေပဲ။ ဆရာ စိုးရိမ် လွန်းခဲ့တဲ့ “အိမ်” ရဲ့ ဝေဒနာ တော်တော် သက်သာလာတယ်။ |
ဒီလိုနဲ့... |
ကျွန်တော်ပြန်လာတော့ ထင်မှတ်မထားတဲ့ ဖြစ်စဉ်တွေ က.. အင်တိုက်အားတိုက် ကြိုဆိုနေတယ်။ |
နွယ်... ကျွန်တော့်ရဲ့နွယ်ဟာ အခန်းထဲက ခုတင်ပေါ်မှာ ပက်လက်လေး... |
နွယ်ဟာ မျိုသိပ်ခဲ့ရတာတွေ များလွန်းလို့၊ အံကြိတ်ခဲ့ရတာတွေ များလွန်းလို့ နှုတ်ခမ်းလေးတွေပင် သွေးစို့နေပြီလား... |
နွယ် ဘာဖြစ်လဲ ကျွန်တော် မသိ...။ ဆရာဝန်နဲ့ သားရဲ့ စကားမှာ ကျွန်တော် ချောက်ချား တုန်လှုပ်သွားတယ်။ |
ဖြစ်ရလေ..နွယ်ရယ်...။ |
ကြောက်စရာကောင်းတဲ့ ကင်ဆာ ဆဲလ်တွေက နွယ်ကိုယ်အနှံ့မှာ ပျံ့နှံ့နေပြီတဲ့။ နွယ်ကျိတ်ကု နေတာ ကြာပြီဆိုပဲ။ |
“ဖေဖေ...မေမေ အရမ်းငိုတယ်။ အရမ်းနာ တယ်ထင်တယ်။ မေမေ သေသွားမှာလား ဟင်။ ဖေဖေ မရှိတုန်း မေမေ မိုးရွာထဲက ပြန်လာတယ်။ ငို တယ်။ မေမေရောဂါရှိတာ ဖေဖေ့ ကို အသိမပေးဖို့ ဆရာဝန် တောင်းပန်ပြောခဲ့တယ်တဲ့” |
ဇနီးသည်ရဲ့ အထီးကျန် နေ့ရက်၊ ရောဂါနဲ့ ချောက်ချားဖွယ် ဖြတ်သန်းနေရစဉ်မှာ... |
ကျွန်တော်ကတော့... |
ခရီးမသွားစေချင်တာ.. |
ဒါကြောင့်လား နွယ်... |
ရုတ်တရက်ဆိုတဲ့ စကားကို မောင် သိပ်ကြောက် နေပြီနွယ်...။ မောင်ပြန်လာတော့ နွယ့်ကိစ္စကို ရုတ်တရက် သိလိုက်ရတာပါပဲ။ ပိုဆိုးတာက မောင့်ရဲ့ မမျှတမှု၊ ဥပေက္ခာ ပြုသလို...နွယ့်အပေါ် တာဝန်မကျေမှုတွေက မောင့်ရင်ကို မီးစနဲ့ ထိုးနေခဲ့ပြီ။ |
နွယ့်ရဲ့ ခန္ဓာကိုယ်၊ မျက်နှာ ပြောင်းလဲမှုလေးတွေကို သတိ တစ်ချက်လေး ရှိခဲ့ပေမဲ့ သာမန် လေးလို့ ထင်ခဲ့မိတယ်။ မောင်ဟာ လူတိုင်းအပေါ် ကောင်းချင်ခဲ့ပါ တယ်။ ဒါပေမဲ့ အနီးဆုံး ဖြစ်တဲ့ နွယ့်အပေါ်မှာ... |
နွယ်... အချိန်တွေ ဘယ်လောက်များ ကျန်သေးလဲ နွယ်...။ |
မောင်...အားတဲ့ရက် နွယ်တို့ မိသားစု ခရီးထွက်ရအောင်လို့ ပြောတာကို ထွက်တာပေါ့လို့ ပြော ရင်း မောင် မစီစဉ်နိုင်ခဲ့ဘူး။ |
မောင့်ကို နွယ့်နှုတ်ကနေ အပြစ်တင်စမ်းပါ နွယ်...။ |
နေရောင်တို့က မျက်နှာ ကျက်ဆီမှတစ်ဆင့် မျက်နှာပေါ် ကျရောက်လာခဲ့ပြီ။ ကျွန်တော် မနက်ရောက်မှ တစ်ချက်လေးပဲ အိပ်ပျော်သွားမိတယ်ထင်တယ်...။ ချက်ချင်းပဲ နွယ့်ခန္ဓာ ကိုယ်နဲ့ နီးနီးကပ်ကပ် ထိတွေ့နေမှုက နွေးထွေး နေတယ်...။နွယ်နဲ့ ကျွန်တော် မျက်နှာချင်းဆိုင်ဖို့ ကျွန်တော် အားယူမိတယ်။ကျွန်တော့်ရင်ခွင်ထဲမှာ ကျောပေးထားတဲ့ နွယ်က တစ်ဖက်ကို စောင်းအိပ်နေတယ်။ |
စားပွဲတင်နာရီလေးကို အကြည့် ဆယ်နာရီတောင် ထိုးနေပြီ။ဒါဆို နွယ်ဗိုက်ဆာနေရော ပေါ့... |
ကျွန်တော် နွယ့်လက်လေး တွေကို အသာစမ်းကြည့်... ခပ် နွေးနွေးလေးပေမဲ့... |
ကျွန်တော်နဲ့ ပခုံးချင်းယှဉ်နေတဲ့ နွယ့်ပခုံးလေး အနိမ့်... အမြင့်...အသက်ရှူသံ...နွယ့် ခြေချောင်းလေးတွေ...ဆံနွယ်... နှုတ်ခမ်း...မျက်လုံး...ရှည်ကော့ ကော့ မျက်တောင်... ဘာဆိုဘာ မှ... |
ဟာ... |
အသက်ရှူ ရပ်သွားတော့မလောက် ကြောက်လန့် တုန်လှုပ် သွားတယ်။ နွယ့်မျက်နှာလေးကို တည့်လိုက်တယ်။ |
နွယ် ဘာမှမသိတော့... မျက်လုံးတွေဖြူ၊ နှုတ်ခမ်းတွေ ဖြူနေပြီ။နွယ့်အသွေးအသား..အားလုံးဟာ ပကတိအတိုင်းပေမဲ့.. နွယ် ကတော့... |
ကျွန်တော့်ခန္ဓာကိုယ်တစ်ခု လုံးမှာရှိတဲ့ အသွေးအသားတွေ စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရတယ်။ သားလေးက...ငိုကြွေး...ကျွန်တော့်ရင်ခွင်ထဲမှာ နွယ်ရှိတယ်။ နွယ့် အသက်ကို နုတ်ယူ သွားတာ မောင်လားနွယ်...။ |
နွယ် မောင့်ကို စောင့်နေခဲ့တာ လား...မောင် နွယ့်ကို သိပ်ချစ်တယ်...နွယ်ဟာ ရုတ်တရက် မောင့်ကို စွန့်ခွာသွားတာ မဟုတ်ပါဘူး။ နွယ် အရမ်းခံစားပြီးမှ နာနာ ကျင်ကျင်နဲ့ မောင့်ကို စွန့်ခွာသွားတာ မဟုတ်လား။ မောင် ပြောချင်တဲ့စကားတွေကို ပြောခွင့်မပေးတော့ဘူးလား... နွယ်...။ |
မောင် သစ္စာနဲ့ အနမ်းတစ်ခု ပေးအပ်ပါရစေ...။ နွယ်မြင်ရင် မောင့်ကို လှောင်ပြုံးပြုံးမလား... သစ္စာတွေနဲ့ပဲ အထီးကျန်စွာ ဖြတ်သန်း ရဦးမှာပေါ့။ မောင်ကတိ ပေးပါတယ် နွယ်... |
ကျွန်တော် နောက်ဆုံးအနေနဲ့ နွယ့်ပါးပေါ် အနမ်းတစ်ခု ခြွေချခဲ့ပါတယ်။ သစ္စာပြုတဲ့အနမ်း... |
သစ္စာဖွဲ့ အနမ်းတွေပဲပေါ့..။ |
|
No comments:
Post a Comment