Home

သို့သော် . . .

ဘူတာရုံသို့ ရောက်သည်နှင့် စာအုပ်ထုပ် နှစ်ထုပ်ကို အသိဆိုင်တစ်ဆိုင်တွင် အပ်ပြီး အထက်တန်း လက်မှတ်ရောင်းသည့် ကောင်တာဘက်သို့ ကျွန်တော် ထွက်လာခဲ့သည်။
ဘူတာရုံ ဆိုသည့်အတိုင်း ခရီးသွားများ၊ ဈေးရောင်းသူများ၊ အလုပ်သမားများ၊ ဝန်ထမ်းများ စသည့် လူမျိုးစုံ၊ အခြေအနေ မျိုးစုံဖြင့် လှုပ်ရှား သက်ဝင် နေလေသည်။ တနင်္ဂနွေနေ့ ဖြစ်ခြင်းကြောင့်လည်း ပို၍ စည်ကားနေခြင်း ဖြစ်ပေမည်။

ကျွန်တော်သည် ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်များ ဝယ်ယူရန် ဤမြို့ငယ်လေးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ကျွန်တော်တို့ရွာတွင် မကြာသေးခင်ကာလက စာကြည့်တိုက်တစ်လုံးကို တည်ဆောက် ဖွင့်လှစ်ခဲ့ကြသည်။ ကျွန်တော်ကလည်း လယ်ယာလုပ်ငန်းကို လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း စာကြည့်တိုက် အောင်မြင်ဖြစ်ထွန်းလာအောင် ဦးစီး ဆောင်ရွက် နေခြင်းဖြစ်ပါသည်။

ထိုသို့ဖြင့် စာကြည့်တိုက်အတွက် လိုအပ်သော စာအုပ်စာတမ်းများ ဝယ်ယူပြီးနောက် ရွာပြန်ရန် ဘူတာရုံသို့ ကျွန်တော် ရောက်ရှိလာခြင်း၊ လက်မှတ်ဝယ်ရန် ကောင်တာသို့ ထွက် လာခဲ့ခြင်းပင်။ ကျွန်တော် ကောင်တာသို့ ရောက်သည်နှင့်
“ဟာ...ဝေလင်း”
“နေ ဇော် ”
ကောင်တာမှ လှည့်ထွက်သည့် ဝေလင်းကို မျက်နှာချင်းဆိုင်တွေ့မြင်သဖြင့် အံ့ဩဝမ်းသာစွာ နှုတ်ဆက်ဆိုမိသည်။
“ငါတို့ မတွေ့ဖြစ်တာ တစ်နှစ်ကျော်သွားပြီနော်။ မင်း အရင်ကထက် ခန့်လာတယ် ဝေလင်း”
ကျွန်တော် ပြောသလို အမှန်ပင် ဝေလင်း ခန့်ညားနေသည်။ ကျွန်တော့် ပုံစံကတော့ဝေလင်းလို ခန့်ညားမှု သိပ်မရှိဘဲ တောသားပုံစံ အနည်းငယ် ဆန်နေသည်ဟု ထင်သည်။
“မင်းကလည်း ငါ့ကို မြှောက်နေပြန်ပြီ။ ကိုင်း...အခု ဘာလာလုပ်တာလဲ”
ဟု မေးသည်။
“စာကြည့်တိုက်အတွက် စာအုပ်လာဝယ်တာ၊ အခု ရွာပြန်မလို့”
“ငါလည်း ရွာပြန်မလို့ပဲ။ ကုမ္ပဏီက ခွင့် ငါးရက်ယူလာခဲ့တာ။ ဒီရောက်တော့ အထက် တန်းခုံ မရှိတော့ဘူးတဲ့”
“ဒါဆို ရိုးရိုးတန်းကပဲ ဝယ်ရတော့မှာပေါ့”
“အထက်တန်းမရတော့ ငါ ကားနဲ့ပဲ ပြန်မလားလို့”
“ကားစီးဖို့ ကားဂိတ်အထိ အဝေးကြီး သွားရဦးမယ်။ ငါတို့ရွာကလည်း ကားလမ်းနဲ့ အလှမ်းဝေးတာ မင်းအသိပဲ ဝေလင်း။ ရထားနဲ့ပဲ သွားကြမယ်။ နှစ်နာရီလောက်ပဲ သွားရ မယ့်ဟာ”


ကျွန်တော်ပြောသလိုပင် ကျွန်တော်တို့ ရွာဘက်သို့သွားသည့် ကားဂိတ်မှာ ဘူတာနှင့် တော်တော်ဝေးသည်။ ထို့ပြင် ရွာမှာ ကားလမ်း နှင့် တခြားစီ။ ကားလမ်းမှနေ၍ လူသွားလမ်း အတိုင်း တစ်မိုင်ခန့်လျှောက်ရသေး၏။ ဆိုင်ကယ် တက္ကစီနှင့် စက်ဘီးအကြုံတို့လည်း တစ်ခါတလေမှသာ ရှိတတ်၍ ထင်သလောက် မလွယ်။ ရထားနှင့်ဆိုလျှင် ပိုအဆင်ပြေသည်။
သို့သော်လည်း ဝေလင်းမှာ ရိုးရိုးတန်း မစီးချင်ခြင်းကြောင့်လား မပြောတတ်ပေ။ ကားနှင့်ပဲ သွားချင်သည်ဟုဆိုသဖြင့် ရထားနှင့်သာ သွားကြရန် ကျွန်တော်က ထိုသို့ တိုက်တွန်း ပြောဆိုခြင်းဖြစ်သည်။

ဝေလင်းမှာ ကျွန်တော့်ငယ်သူငယ်ချင်း ဖြစ်သည်။ တစ်ရွာတည်းနေ၊ တစ်ရေတည်း သောက်ပြီး ကြီးပြင်းလာခဲ့ကြသူများဖြစ်၏။ ငယ်စဉ်ကတည်းက သူငယ်ချင်းများစွာ ရှိ သော်လည်း ကျွန်တော်၊ ဝေလင်း၊ သန်းနိုင်နှင့် မောင်နိုင်တို့မှာ အချစ်ခင်၊ အရင်းနှီးဆုံး သူငယ်ချင်းများဖြစ်ကြသည်။
ဝေလင်းနှင့်မောင်နိုင်မိဘများမှာ ရွာတွင် လယ်ဧကများ အသင့်အတင့် ပိုင်ဆိုင် ကြသည်။ ကျွန်တော်တို့မိသားစုလည်း လယ်လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ သို့သော် ဝေလင်း တို့၊ မောင်နိုင်တို့လောက် မများလှပေ။ သန်းနိုင် တို့ မိသားစုမှာမူ လယ်မရှိကြ။ သန်းနိုင်အဖေမှာ ကျွန်တော်တို့ဆီတွင် လယ်သူရင်းငှားလုပ်ပြီး အမေမှာ ရွာထဲတွင် ဟင်းသီးဟင်းရွက်များ ရောင်းချလုပ်ကိုင်သည်။

သူငယ်ချင်း လေးဦးထဲတွင် မောင်နိုင် အတော်ဆုံးဟု ဆိုရပေမည်။ ဆယ်တန်းအောင် တကယ်တော့ မိမိ၏ အတတ်ပညာ၊ အသိပညာနှင့် အောင်မြင်မှု၊ ကြွယ်ဝမှုတို့သည် မိမိ တစ်ဦးတည်း အကျိုးအတွက်သာ ပြီးနေလျှင် ၄င်းတတ်သိပညာကြွယ်ဝမှုတို့သည် အလကား ပင်ဖြစ်ပေမည်။ ၁၀တန်းအောင်တော့ ဂုဏ်ထူးလေးဘာသာပါပြီး အမှတ် ကောင်းသဖြင့် နောက်တော့ အင်ဂျင်နီယာဖြစ် သွားသည်။ အင်ဂျင်နီယာဖြစ်ပြီး တစ်နှစ်ကျော် အတွင်းမှာ အိမ်ထောင်ကျသည်။ ယခုအခါတွင်မူ တခြားပြည်နယ်တစ်ခု၏ မြို့လေးတစ်မြို့တွင် မြို့နယ်အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

ဝေလင်းလည်း ဂုဏ်ထူး နှစ်ဘာသာပါသဖြင့် စီးပွားရေးတက္ကသိုလ်က ဘွဲ့ရပြီးနောက် မြို့ကြီးတစ်မြို့ရှိ ကုမ္ပဏ်တစ်ခုတွင် အလုပ်ဝင်လုပ်သည်။ နှစ်ကာလ နှစ်နှစ်အတွင်းမှာ ကုမ္ပဏီ၏အရေးပါသော အရာရှိတစ်ဦးဖြစ်လာခဲ့ ပြီး ပို၍ အဆင်ပြေလာခဲ့သည်။
သန်းနိုင်မှာ ဆယ်တန်းကျရာ ကျောင်း ဆက်မတက်နိုင်တော့ချေ။ မိဘအလုပ်တွင် ဝင်ရောက် လုပ်ကိုင်ရင်း အပြင်က တစ်နှစ် ဆက်ဖြေခဲ့သေးသည်။ မအောင်မြင်သဖြင့် ဆက် မဖြေတော့ပေ။ နောက်နှစ်နှစ်ခန့်အကြာတွင် ရွာမှ မခင်လှနှင့် အိမ်ထောင်ကျသွားသည်။ မခင်လှမှာ ကျွန်တော်တို့ထက် နှစ်နှစ်ငယ်သူဖြစ် ပြီး ခြောက်တန်းနှင့် ကျောင်းထွက်လာခဲ့သူ ဖြစ်သည်။ သန်းနိုင်လည်း အိမ်ထောင်ကျပြီး နောက်ပိုင်း လယ်သူရင်းငှားလုပ်ကိုင်သည်။ ထို့နောက် ကလေးနှစ်ဦးရလာပြီး စီးပွားရေး ကျပ်တည်းလာသဖြင့် ပို၍ အဆင်ပြေရာပြေ ကြောင်း ကျွန်တော်တို့၏ မြို့နယ်ဖြစ်သော ဤမြို့လေးသို့ ပြီးခဲ့သော တစ်နှစ်ခန့်က ပြောင်း ရွှေ့သွားကြသည်။ ဤဘူတာအနီး ရပ်ကွက် တစ်ခု၏ ချောင်ကျကျ တစ်နေရာတွင် အိမ် လေးတစ်လုံး ဝယ်ယူနေထိုင်နေခြင်းဖြစ်သည်။ မခင်လှက ဈေးရောင်း၍ သန်းနိုင်မှာ စည်ပင် ဌာနတွင် ဝင်ရောက်လုပ်ကိုင်ဖြစ်သွားသည်။

ကျွန်တော်လည်း သန်းနိုင်လိုပင် ဆယ်တန်း မအောင်မြင်ခဲ့ပေ။ အဖေနှင့်အတူ လယ်ယာ လုပ်ငန်း လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်း သိပ်မလုပ်စေတော့ဘဲ ကျွန်တော်ကိုယ်တိုင်ဦးစီး၍ စနစ်တကျ လုပ်ကိုင်လေသည်။ ကျွဲ၊ နွားအပြင် လယ်ထွန်စက်ငယ် တစ်လုံးပါဝယ်ပြီး တိုးချဲ့ လုပ်ကိုင်ရာ အရင်ကထက် အဆင်ပြေအောင်မြင် လာခဲ့သည်။ တစ်ဖက်တွင်လည်း ရွာလုပ်ငန်းများ၊ လူမှုရေးကိစ္စများတွင် ဝင်ရောက်ကူညီ လုပ်ကိုင်ပေးနေခြင်းဖြစ်သည်။

ထိုသို့ဖြင့် သူငယ်ချင်းများမှာ ဆယ်တန်း နောက်ပိုင်း သူ့ဘဝနှင့်သူ၊ သူ့အကြောင်းနှင့် သူ နေရာဒေသ၊ အလုပ်အကိုင် စသဖြင့် ဝေးကွာ သွားကြသည်။ ထိုသူငယ်ချင်းများစွာထဲတွင် ဝေလင်းနှင့် မောင်နိုင်မှာ အဆင်ပြေ အအောင် မြင်ဆုံးဖြစ်သည်။ ရွာအတွက် ဂုဏ်ယူစရာဖြစ် သည်သာမက မွေးရပ်ဇာတိအတွက်၊ ရွာ အတွက်လည်း အကျိုးပြုကြသူများ ဖြစ်ပေသည်။ ဘုန်းကြီးကျောင်းအတွက်၊ စာသင် ကျောင်းအတွက် စသဖြင့် လှူဒါန်းမှုများ ပြုလုပ် ပေးကြသည်။

တကယ်တော့ မိမိ၏ အတတ်ပညာ၊ အသိ ပညာနှင့် အောင်မြင်မှု၊ ကြွယ်ဝမှုတို့သည် မိမိ တစ်ဦးတည်းအကျိုးအတွက်သာ ပြီးနေလျှင် ၄င်းတတ်သိပညာကြွယ်ဝမှုတို့သည် အလကား ပင်ဖြစ်ပေမည်။ လူ့ဘဝမသေခင် ခဏနေရခိုက်မှာ တတ်နိုင်သလောက် အကျိုးပြုမှသာ အဓိပ္ပာယ်ရှိမည် မဟုတ်ပါလား။

သို့သော်လည်း တချို့မှာ သိသိကြီးနှင့် ဘာမှ အကျိုးပြုမှု မပေးကြပေ။ တချို့ကတော့ အနည်းငယ် အဆင်ပြေအောင်မြင်သွားရုံနှင့် ကူညီပံ့ပိုးအကျိုးပြုရန် မေ့လျော့နေတတ်ကြ သည်။ တချို့ဆိုလျှင် မွေးရပ်ဇာတိအတွက်၊ အများအကျိုးအတွက် အကျိုးပြုဖို့ နေနေသာသာ မိမိ၏ မွေးရပ်မြေနှင့်မဆိုင်သလို၊ ထိုနေရာဒေသမှ မဟုတ်သလို ဖြစ်နေတတ်ကြသည်။
ဝေလင်းနှင့် မောင်နိုင်မှာမူ ထိုသို့ မဟုတ်ကြပေ။ မွေးရပ်မြေကို မမေ့သည်သာမက မွေးရပ် ဇာတိအတွက်၊ အများအတွက်လည်း အတတ် နိုင်ဆုံး အကျိုးပြုကြသူများဖြစ်သည်။ ချီးကျူး စရာ ကောင်း၏။ ကျွန်တော့်သူငယ်ချင်းနှစ်ဦး အတွက် ကျွန်တော် ဂုဏ်ယူဝမ်းမြောက် ရသည်။ ပိုပြီးလည်း ချစ်ခင်လေးစားရသည်။
မောင်နိုင်နှင့် နောက်ဆုံး ဆုံဖြစ်ခဲ့သည်မှာ တစ်နှစ်နီးပါးရှိသွားပြီဖြစ်၏။ ထိုစဉ်က ရွာလမ်း များပြုပြင်ရန်အတွက် အလှူငွေ တစ်သိန်း မတည်၍ သူကိုယ်တိုင်ကြီးကြပ်ပြုပြင်ပေး ခဲ့သေးသည်။
ယခု ဝေလင်း သူ့ကုမ္ပဏီမှ ငါးရက်ခွင့်ယူပြီး ရွာသို့အလည်အပတ်သွားရန် သူ့ကုမ္ပဏီရှိရာ မြို့ကြီးမှ ကျွန်တော်တို့ မြို့လေးသို့ ရောက်လာ ခြင်းဖြစ်သည်။ ဤမြို့မှနေ ရွာသို့ ရထားဖြင့် ဆက်သွားရန် လက်မှတ်ဝယ်စဉ် ကျွန်တော်နှင့် မထင်မှတ်ဘဲ ဆုံကြခြင်းဖြစ်သည်။

“ဒါနဲ့ ဟိုမှာ အားလုံးအဆင်ပြေတယ် မလား...ဝေလင်း”
“ပြေပါတယ်။ ကုမ္ပဏီအလုပ်တော့ နည်းနည်းများတာပေါ့ကွာ။ ဒါကြောင့် အိမ်ကို လည်း သတိရတာနဲ့ အနားယူတဲ့သဘော ခွင့် ငါးရက် ယူလာခဲ့တာ”
ကျွန်တော်တို့ ပြောဆိုရင်းနှင့်ပင် ကောင်တာ သို့ရောက်လာကြရာ လက်မှတ် ဝယ်ယူကြလေ သည်။ လက်မှတ်ဝယ်ယူပြီး ပြန်ထွက်လာကြစဉ်
“သနားကြပါခင်ဗျာ... ကျွန်တော့် ဒုက္ခိတကို သနားကြပါ”
ဟု အနီးအနားမှ ဒုက္ခိတတစ်ဦး ထိုင်ပြီး ငွေကြေးပစ္စည်း တောင်းခံနေသည်ကို တွေ့မြင် ရသည်။

ဝေလင်းက
“ဒါနဲ့ ရွာမှာ သန်းနိုင်တို့ ဘယ်လိုလဲ”
ဟု မေးသည်။
သန်းနိုင်ကို မေးမှ ကျွန်တော်လည်း သတိ ရကာ...
“ဟာ..ဟုတ်တယ်။ သန်းနိုင်ကို ငါ မေ့နေတာ။ မင်းမသိသေးဘူးထင်တယ်။ သန်းနိုင် ဒီမြို့မှာ ပြောင်းနေတာ တစ်နှစ်လောက်ရှိပြီ။ မင်း ဒီရွာကို ရောက်လာပြီး နှစ်လလောက်နေ တော့ သူတို့ ပြောင်းသွားတာ”
“ဟုတ်လား”
“ဟုတ်တယ်။ ဒီဘူတာနဲ့ သိပ်မဝေးဘူး။ လေးမိနစ်လောက် ဆိုက်ကားစီးရင် ရောက် တယ်။ ဒီနေ့ တနင်္ဂနွေနေ့ဆိုတော့ ဒီကောင် အိမ်မှာရှိဖို့ များတယ်။ ငါတို့ ဝင်တွေ့ကြရ အောင်”
“ဒါဆို ဘာမှ စားမနေတော့ဘူးကွာ။ တစ်ခါတည်း သွားကြမယ်”
ထိုသို့ဖြင့် ကျွန်တော်တို့ နှစ်ဦး ဆိုက်ကား ဂိတ်ဘက်သို့ လျှောက်လာခဲ့ကြသည်။
“သန်းနိုင်က နည်းနည်းတုံးတယ်..ကွ။ သူတို့တွေ ဘယ်လိုလုပ် ဒီကို ရောက်လာတာ လဲ”
ဆိုက်ကားဂိတ်သို့ လျှောက်လာကြရင်း ဝေလင်းက မေးသည်။ ရွာမှာနှင့်စာလျှင် ပို၍ အဆင်ပြေမည်ထင်ပြီး ပြောင်းရွှေ့သွားခြင်းဖြစ် ကြောင်း၊ တကယ်လည်း ရွာမှာထက် နည်း နည်း ပိုအဆင်ပြေကြောင်း စသဖြင့် သန်းနိုင်တို့ အခြေအနေ အကြောင်းအရာများကို ဝေလင်း အား ကျွန်တော် ပြောပြလိုက်သည်။

“သြော်...ဒီကောင်က စည်ပင်မှာတောင် ဝင်လုပ်နေပြီကိုး”
“ဟုတ်တယ်။ မင်းကိုတွေ့ရင် ဒီကောင် တော်တော်ဝမ်းသာမှာ”
“ငါလည်း တွေ့ချင်နေတာပါ”
“ဒါနဲ့ မောင်နိုင်တစ်ယောက်ရော ရွာကို လာမလည်ဘူးလား”
“ရွာကို မင်းအလည်ရောက်လာပြီး သိပ် မကြာပါဘူး။ သုံးလလောက်ကြာတော့ ဒီကောင် ရောက်ချလာတာ။ အဲဒီတုန်းက ဒီကောင် ငွေ တစ်သိန်း မတည်ပြီး လမ်းတွေ ပြင်ပေးခဲ့သေး တယ်”
“ဒီကောင်က အင်ဂျင်နီယာဆိုတော့ ပိုလုပ် ပေးနိုင်တာပေါ့”
“မင်းလည်း အကျိုးပြုတာပါပဲ ဝေလင်းရာ”
“ဒါပေမဲ့ ဒီကောင်က အင်ဂျင်နီယာဖြစ် နေတော့ ပိုဂုဏ်ရှိမှာပေါ့”
“ဆယ်တန်းတုန်းက ဒီကောင်နဲ့ငါနဲ့ စာဖတ်တာအတူတူပါပဲ။ ဒါပေမဲ့ ဂုဏ်ထူး လေးဘာသာပါသွားတော့ ငါ့ထက်သာသွားတယ်”
“ဒီလိုပါပဲကွာ။ ငါကတော့ ငါ့သူငယ်ချင်း နှစ်ဦးစလုံးအတွက် ဂုဏ်ယူဝမ်းသာတယ်။ လေးလည်း လေးစားတယ်”


“အေးပါ။ ဒါနဲ့ မင်းတို့ စာကြည့်တိုက် အတွက် ဒီကောင် ဘာမှ မလှူဖြစ်သေးဘူး မဟုတ်လား”
“နောက်တော့ လှူဖြစ်မယ်ထင်တယ်”
“ငါ စာကြည့်တိုက်အတွက် ၅၀ဝ၀ဝ လှူမယ်ကွာ။ ရွာရောက်ရင်ပေါ့”
“ကျေးဇူးတင်တယ်ကွာ။ ငါက စာကြည့်တိုက်ကို ပိုပြီး အောင်မြင်စေချင်နေတာ။ ဒါမှ ရွာကလူတွေ ပိုပြီး စာပေဗဟုသုတတွေ ရကြမှာ မဟုတ်လား”
ကျွန်တော် ပြောတော့ ဝေလင်း ဘာမှ ပြန်မပြောဘဲ `အင်း’ ဟုသာ တုံ့ပြန်ပြီး ပြုံး၍ သာ နေသည်။
ဝေလင်းကြည့်ရသည်မှာ တစ်မျိုးပင်။ မောင်နိုင့်အပေါ် ပြောသောစကားအရ သူ့စိတ် ထဲတွင် မောင်နိုင် သူ့ထက်သာနေသည်ဟု ထင်မြင်နေခြင်းဖြစ်ပေမည်။ ကျွန်တော် ထိုသို့ တစ်ခါမှ ခွဲခြားမမြင်မိခဲ့။ သူပြောမှ သူတို့နှစ်ဦး ကို ယှဉ်ကြည့်မိတော့ သူထင်သလိုပင် မောင်နိုင် သူ့ထက်သာနေပေသည်။

ထိုသို့သာနေသည်ကို ဝေလင်း သူ့စိတ်ထဲတွင် အလိုမကျဖြစ်နေသည်များလား၊ မောင်နိုင့်အပေါ် ပြိုင်နေခြင်းများလား မပြောတတ်ပေ။ ကျွန်တော်တို့ ဆိုက်ကားဖြင့် သန်းနိုင် တို့ ရပ်ကွက်နားရောက်တော့...
“တော်တော်ချောင်ကျတာပဲကွ။ တကယ့် ဆင်းရဲသားရပ်ကွက်တစ်ခုပါပဲ”
လမ်းကြိုလမ်းကြားလေးများမှ သွားနေရခြင်း၊ တဲအိမ်လေးများကိုသာ တွေ့မြင်ရခြင်း၊ လမ်းဘေးက တချို့နေရာများတွင် ဗွက်အိုင် လေးများ ရှိနေခြင်း စသည်တို့ကြောင့် ဝေလင်း ညည်းသလို ပြောခြင်းဖြစ်သည်။
“ဒီလိုပေါ့ကွာ။ သန်းနိုင်အနေနဲ့ ဒီလို နေရာမှာပဲ ဝယ်နိုင်နေနိုင်မှာပေါ့”
“အေးကွာ...သန်းနိုင်တို့တော့ ကြီးပွားမယ့်ပုံ မပေါ်ပါဘူး”
ဝေလင်းက အပြစ်တင်သလို ပြောရင်းနှင့်ပင် သန်းနိုင်တို့ အိမ်ရှေ့သို့ ရောက်လာသည်။

သန်းနိုင်တို့ခြံမှာ ဝင်းကျယ်သော်လည်း ဓနိမိုး၊ ထရံကာ အိမ်လေးဖြစ်သည်။ ရေဝပ်သော နေရာဖြစ်သဖြင့် ယခုလို ဆောင်းရာသီတွင်ပင် တချို့နေရာများ၌ ရေအနည်းငယ် ဝပ်နေသေး သည်။ အိမ်ရှေ့ခြံစည်းရိုးနှင့် လမ်းကြားတွင်မူ ရေမြောင်းကြီးတစ်ခုရှိနေသဖြင့် ခြံစည်းရိုး တံခါးဝတွင် တံတားလေးတစ်ခု ခင်းထားရ သည်။ အမှိုက်တချို့ရှိခြင်းကြောင့်လည်း အနံ့ အသက် အနည်းငယ် ထွက်တတ်ပေသည်။ ဝေလင်းမှာ ထိုအခြေအနေများကြောင့် ဖြစ်ပေမည်။ နှာခေါင်းရှုံ့နေသည်ကို တွေ့ရလေသည်။ ကျွန်တော် ဆိုက်ကားခပေးပြီးနောက် ဆိုက်ကားကို ခြံဝတွင် ရပ်ခိုင်းပြီး
“ဟေ့ကောင် သန်းနိုင်..သန်းနိုင်”
ဟု ဆိုက်ကားပေါ်မှ ဆင်းရင်း လှမ်းခေါ် လိုက်သည်။
“ဟ...နေဇော်နဲ့ ဝေလင်း”
ကျွန်တော့်ခေါ်သံကြောင့် သန်းနိုင် အိမ်တံခါးဝမှ ခေါင်းပြူကြည့်ရင်း ဝမ်းသာစွာ တုံ့ပြန်သည်။
ထို့နောက် ချက်ချင်းထကာ လျှောက်လာပြီး ဝေလင်းဆီမှ ကျောပိုးအိတ်ကို လှမ်းယူရင်း ပြောသည်။

“ဒါနဲ့ နေဇော်က ဝေလင်းနဲ့ ဘယ်လို တွေ့လာတာလဲ”
ကျွန်တော်နှင့် ဝေလင်း တွေ့ဆုံကြပုံ၊ အခု သူတို့ဆီရောက်လာခဲ့ပုံများကို သန်းနိုင်အား ပြောပြလိုက်သည်။
ကျွန်တော်တို့ အိမ်တံခါးဝ ရောက်သည်နှင့်
“ကိုဝေလင်းနဲ့ ကိုနေဇော်”
ဟု သန်းနိုင်အမျိုးသမီး မခင်လှ မီးဖိုချောင်မှ ထွက်လာကာ နှုတ်ဆက်သည်။
တကယ်ဆို သူငယ်ချင်းတွေ ဘယ်လောက်နိမ့်ကျပါစေ ထိုသို့ မဖြစ်သင့် ဟု ထင်သည်။ ရွာတွင် လယ်တော ဗွက်တော ထဲတွင် ကြီးပြင်းလာခဲ့သူတစ်ဦးအနေဖြင့်ဆိုလျှင် ထိုသို့ မဖြစ်သင့်။
“အေး...မခင်လှ နင် အရွယ်ကျသွား သလိုပဲ”
ဝေလင်းက တုံ့ပြန်နှုတ်ဆက်တော့
“ကလေး နှစ်ယောက်အမေ ဖြစ်နေပြီပဲ ကွာ။ ဒီလောက်တော့ရှိမှာပေါ့”
ဟု သန်းနိုင်ပြောရာ အားလုံး ပြုံးမိကြ သည်။

အိမ်ထဲရောက်တော့ တံခါးဝအနီးကြမ်းပြင်တွင် စာကျက်နေသည့် ကလေးနှစ်ဦးကို တွေ့ရ သည်။ ကလေးနှစ်ဦးမှာ သူငယ်တန်းနှင့် နှစ်တန်းအရွယ် ယောကျာ်းလေးများ ဖြစ်ပြီး ဝတ်စားထားသည်မှာလည်း အနည်းငယ် ဟောင်းနွမ်းညစ်ထေးနေကြပေသည်။ “ကဲ...ထိုင်ကြ၊ မခင်လှ လက်ဖက်သုပ် လုပ်လာခဲ့ကွာ”
သန်းနိုင် ခုံပေါ်တွင် ထိုင်ရင်း လှမ်းပြောတော့ မခင်လှက `အေးပါ’ ဟု ပြန်ပြောပြီး မီးဖို ချောင်ဘက်သို့ ဝင်သွားသည်။ ကျွန်တော်တို့နှစ်ဦးလည်း နောက်မှီ ပလတ်စတစ်ခုံများတွင် ဝင်ထိုင်လိုက်ကြသည်။
သန်းနိုင်က
“သားတို့ ဦးဦးကို မှတ်ထားနော်။ ဖေဖေ့ သူငယ်ချင်း ဦးဝေလင်းတဲ့။ ဦးဦးလို့ ခေါ်ရမယ် နော်”
ကလေးတွေက `ဟုတ်ကဲ့ ဖေဖေ’ ဟု တုံ့ပြန်ကြသည်။
“ဒါနဲ့ မင်းတို့ရော အိမ်ထောင် မပြုကြ သေးဘူးလား။ ၂၆ နှစ်တောင်ရှိကြပြီနော် လုပ် ကြဦး”
“ဖြည်းဖြည်းပေါ့ကွာ... မင်းအိမ်ထောင် စောစောကျသွားတိုင်း ငါတို့ကို နောက်ကျနေပြီ ထင်နေတယ်”
ဝေလင်းပြောသည်။

“မကြာမီ လာမည် မျှော်... ပေါ့ကွာ”
ကျွန်တော်ကလည်း နောက်သလိုပြော တော့ သန်းနိုင်က ပြုံးရင်း
“အေးပါ...အေးပါ”
ဟုသာ ပြောလေသည်။
“မင်းတို့ ဒီမှာ ထမင်းစားကြရမှာနော်။ ဘာမှမငြင်းနဲ့။ အချိန်ရသေးတယ်”
“အေးပါကွာ။ ဒါပေမဲ့ သိပ်ထွေထွေ ထူးထူးလုပ်မနေပါနဲ့”
“အတတ်နိုင်ဆုံး လုပ်ပေးရမှာပေါ့ နေဇော် ရာ...တစ်ခါတလေမှ တွေ့ရတာပဲဟာ”
“ငါတို့လည်း တနင်္ဂနွေနေ့ဆိုတော့ မင်း အိမ်မှာရှိမယ် ထင်လို့ ဖြစ်အောင် လာခဲ့ကြတာ”
“ဝေလင်း စားလေကွာ..လက်ဖက်သုပ်”
ဝေလင်းက နှုတ်ဆိတ်နေသဖြင့် လက်ဖက်သုပ်စားရန် ကျွန်တော် တစ်ဆက်တည်း ပြောလိုက်သည်။
ဝေလင်းကို ကြည့်ရသည်မှာ ကြာကြာ မနေချင်တော့သည့်ပုံစံဖြစ်နေသည်ဟု ထင်သည်။ ပတ်ဝန်းကျင်မှ အနံ့အသက်များ ဆိုးဆိုးဝါးဝါး ထွက်နေခြင်း မဟုတ်သော်လည်း ဝေလင်း တစ်ခါတလေ နှာခေါင်းရှုံ့သည်ကို တွေ့ရသည်။ သန်းနိုင်နှင့် တွေ့ဆုံရသော်လည်း ပျော်ရွှင် တက်ကြွမှု သိပ်မရှိသလိုပင်။
သန်းနိုင်မှာမူ ဝေလင်း အားနာနေခြင်းဟု ထင်၍
“ဘာမှ အားမနာနဲ့ ဝေလင်း။ သူငယ်ချင်း တွေပဲကွာ။ စားစမ်းပါ”
ဟု ထပ်ပြောမှ ဝေလင်း နည်းနည်း စားဖြစ်သည်။
ခဏနေတော့ မခင်လှ ထမင်းစားပွဲ ပြင်ဆင်နေမှုကို သန်းနိုင် ဝင်ရောက်လုပ်ကိုင် ပေးသည်။

ပြင်ဆင်ပြီးသောအခါ သန်းနိုင်အပါအဝင် ကျွန်တော်တို့ သူငယ်ချင်းသုံးဦး စကားပြောရင်း စားသောက်ဖြစ်ကြသည်။ ရွာအကြောင်း၊ သူငယ်ချင်းတွေအကြောင်း စသည်တို့ကို ပြော ဖြစ်ကြသည်။ ကျွန်တော်နှင့်သန်းနိုင်သာ အပြောများပြီး ဝေလင်းမှာ သူနှင့် မရင်းနှီးသလိုပင်။ တစ်ခါတလေမှ တစ်ခွန်းစ နှစ်ခွန်းစ ဝင်ပြော ဖြစ်သည်။ ကျွန်တော်က ကလေးတွေနှင့်ပါ အတူ စားရန်ပြောတော့ ဝေလင်းက
“ဟာ မင်းကလည်း ကလေးတွေနဲ့ ငါ မစားတတ်ဘူး။ သူတို့ဟာ သူတို့ နေပါစေ”
ဝေလင်းအပြောကြောင့် ကျွန်တော် တစ်မျိုး ဖြစ်မိသည်ကတော့ အမှန်ပင်။ သန်းနိုင်လည်း
“သူတို့နောက်မှ စားပါစေကွာ။ ကလေးတွေနဲ့ အားနာစရာကြီး”
ဟူ၍သာ ပြောဖြစ်သည်။
စားသောက်ပြီးကြသော် မခင်လှ လက်ဖက်ရည် ဖျော်ပြီး လာချပေးပြန်သည်။
“လက်ဖက်ရည်ဖျော်လာပြန်ပြီ။ ပြည့်စုံပါတယ် ခင်လှရာ။ အားနာစရာကြီး...”
“သောက်ပါကွာ မင်းကလည်း။ သူစိမ်း တွေကျနေတာပဲ”
“သောက်... ဝေလင်း”
“အေးပါ”
ဝေလင်းပြောပြီး လက်ဖက်ရည်သောက် နေသည်။

သောက်ရင်းနှင့်ပင်
“ငါတို့ပြန်မှဖြစ်တော့မယ်။ ရထားချိန် တော်တော်နီးနေပြီ”
ဟု အသိပေးပြောဆိုသည်။
“အေး..ဟုတ်သားပဲ။ ငါ ဘူတာအထိ လိုက်ပို့မယ်”ဟု သန်းနိုင်က ပြောသည်။
ကျွန်တော်တို့ ပြန်ရန်ပြင်စဉ်
“ကိုဝေလင်း နောက်လည်း ကြုံရင် ဝင်လည်ပါနော်”
ဟု အငယ်ကောင်ကို ချီထားရင်း မခင်လှ နှုတ်ဆက်ပြောဆိုသည်။
“နင်တို့နေရာက ချောင်ကျတယ်ဟ။ ပြီး ညစ်ပတ်ကြတယ်။ ဝင်လည်ဖို့ တော်တော် စဉ်းစားရမယ်”
ဝေလင်းစကားကြောင့် ကျွန်တော် သန်းနိုင် တို့ကို အလွန်မျက်နှာပူသွားရသည်။ စိတ် မကောင်းလည်း ဖြစ်ရသည်။
ငယ်သူငယ်ချင်းနှင့် တွေ့တာတောင် ဝေလင်း လှိုက်လှိုက်လှဲလှဲ သိပ်မရှိချေ။ ကလေး တွေကိုလည်း ညစ်ပတ်သည်ဟု မြင်ပြီး တစ်မျိုး ဖြစ်နေသလားမသိ။ ဖော်ဖော်ရွေရွေ နှုတ်ဆက် ပြောဆိုမှုမရှိသလိုပင်။ တကယ်ဆို သူငယ်ချင်း တွေ ဘယ်လောက်နိမ့်ကျပါစေ ထိုသို့ မဖြစ်သင့် ဟု ထင်သည်။ ရွာတွင် လယ်တော ဗွက်တော ထဲတွင် ကြီးပြင်းလာခဲ့သူ တစ်ဦးအနေဖြင့်ဆိုလျှင် ထိုသို့ မဖြစ်သင့်။ အမှန်တော့ ထင်သလောက်လည်း သန်းနိုင်တို့ ညစ်ပတ်စုတ်ပြတ် နေကြသည် မဟုတ်ချေ။ သန်းနိုင်တို့က ဧည့်ဝတ် ကျေကျေ ဧည့်ခံကျွေးမွေးသည်ကို ဝအောင်စားပြီး သန်းနိုင်တို့အပေါ် ထိုသို့ မတုံ့ပြန်သင့်။ စိတ်မှာရှိလျှင်တောင်မှ စိတ်ထဲမှာ ပဲထားပြီး ထုတ်မပြောသင့်ပေ။

သန်းနိုင်နှင့် ခင်လှတို့ မျက်နှာပျက်သွား ကြသည်ကို တွေ့ရသည်။ ဝမ်းနည်းသွားသည့် ပုံစံပင်။
ဝေလင်းမှာမူ သူကြောင့် သန်းနိုင်တို့ စိတ်မကောင်းဖြစ်သွားကြမည်ကို တွေးမိမည် မဟုတ်ချေ။ သန်းနိုင်တို့မှာတော့ သူ့ကြောင့် များစွာ စိတ်မကောင်းခံစားရပေမည်။
“ကဲ ခင်လှ ငါတို့သွားမယ်။ သားတို့ ဦးဦး သွားမယ်နော်”
ကျွန်တော်နှုတ်ဆက်သည်။
သန်းနိုင်က ဝေလင်းဆီမှ အိတ်ယူပြီး နောက်အိမ်ပေါ်မှ ဆင်းခဲ့ကြသည်။
ဘူတာရုံသို့ရောက်သော် ကျွန်တော် အပ်ထားခဲ့သည့် စာအုပ်နှစ်ထုပ်ကို သွားယူကြသည်။
စာအုပ်ထုပ်များကို ယူလာကြစဉ် ရထား ဆိုက်လာသဖြင့် သုံးဦးစလုံး ရထားပေါ် တစ်ခါတည်း တက်ကြသည်။
လူအများကြားမှ ရထားပေါ် တိုးတက်နေစဉ် ဝေလင်းနှင့် အလှမ်းကွာသွားချိန် ဝေလင်း နှင့်ပတ်သက်ပြီး ဗွေမယူဖို့၊ နားလည်ခွင့်လွှတ်ပေးဖို့ သန်းနိုင်ကို တီးတိုးနှစ်သိမ့်ပြောဆို လိုက် သည်။ သန်းနိုင်ကလည်း သူ ခွင့်လွှတ်ကြောင်း၊ ဝေလင်း အရင်တုန်းက ဒီလိုမဟုတ်ကြောင်း၊ စိတ်မကောင်းတော့ဖြစ်မိကြောင်းပြန်ပြောရှာသည်။
ကျွန်တော်နှင့်ဝေလင်းမှာ နှစ်ယောက် ထိုင်ခုံတွင် ဖြစ်ပြီး ကျွန်တော့်ခုံနံပါတ်က ပြတင်း ပေါက်ဘေးနှင့် ဝေလင်းခုံက လူသွားလမ်းဘက် တွင်ဖြစ်သည်။
ရထားဘီးလှိမ့်၍ သန်းနိုင်ဆင်းသွားသော အခါကျွန်တော်တို့က နှုတ်ဆက် လိုက်ကြသည်။ သန်းနိုင်တစ်ယောက် လက်ယမ်းနှုတ်ဆက်ရင်း ရပ်ကျန်ရစ်ခဲ့တော့သည်။
ရထားစထွက်ချိန် ဝေလင်းနှင့်ကျွန်တော် စကားချို့ပြောဖြစ်ပြီးနောက် မကြာခင် ကျွန်တော်တို့နှစ်ဦး မှေးချင်လာကြသည်။ မှေးရင်း ဝေလင်းအိပ်ပျော်သွားသော်လည်း ကျွန်တော့်မှာမူ အိပ်ပျော်နိုင်ခြင်း မရှိချေ။ ဝေလင်းနှင့်ပတ်သက်ပြီး အတွေးများရာကနေ ဝေလင်း စိတ်နေစိတ်ထားနှင့် အပြုအမူတချို့ အဘယ်သို့ ဖြစ်နေသလဲ၊ ကျွန်တော် ချစ်ချင် လေးစားရသော သူငယ်ချင်းတစ်ဦးဟုတ်ပါလေ စ။
အရင်တုန်းက ဝေလင်း အခုလို စိတ်ဓာတ် အပြုအမူမျိုး ရှိသည်ကို မတွေ့မြင်ဖူးချေ။ ကျွန်တော်တို့နှင့် ချစ်ခင်ရင်းနှီးစွာ နေဖြစ်ကြသည်။ လူအများနှင့်လည်း ခွဲခြားမှုမရှိ။ ဖော်ရွေ စွာ ဆက်ဆံမှုရှိသည်။ ယခုလို စိတ်ဓာတ်အပြု အမူမျိုး မတွေ့ရ။
သို့မဟုတ် အဲဒီတုန်းက သူ၏ စိတ်နေ သဘောထားများ အပြုအမူများကို ပေါ်လွင် သိသာစေမည့် အဖြစ်အပျက်များနှင့် ဝေလင်း မကြုံခဲ့လို့လား။ သူ ကြုံခဲ့ရသော်လည်း ၄င်း အတွေ့အကြုံကို ကျွန်တော် မမြင်၊ မကြားခဲ့လို့ ကျွန်တော် မသိခဲ့တာလား မပြောတတ်ပေ။
အခုတော့ ဝေလင်းတစ်ယောက် အဖြစ် အပျက်များနှင့် ကြုံလာခဲ့ရပေပြီ။ ကျွန်တော် ကိုယ်တိုင်ပါ မျက်မြင်လက်တွေ့ ကြုံရတော့ ဝေလင်း၏ အနေအထားကို အမှန်တကယ် သိရှိသွားတော့သည်။
မောင်နိုင်အပေါ် သူ့ထက်သာသည်ဆိုပြီး မုဒိတာစိတ် မထားနိုင်ဘဲ မနာလိုစိတ်ဖြစ်နေ ခြင်း၊ ဆင်းရဲနွမ်းပါးသည့် သူငယ်ချင်းအရင်း ခေါက်ခေါက်မိသားစုကိုတောင် မတူမတန်သလို စိတ်ရှိနေခြင်း၊ ကလေးတွေကိုလည်း မုန့်ဖိုးပေး ဖို့နေနေသာသာ ဖော်ရွေစွာ နှုတ်ဆက် ပြောဆိုမှု သိပ်မရှိခြင်း၊ အဖြစ်အပျက်များသည် ဝေလင်း၏ စိတ်နေသဘောထားအမှန်ကို မြင်သာစေခဲ့သည်။
နံဘေးတွင် ထိုင်လျက် အိပ်ပျော်နေသော ဝေလင်းကို ကြည့်ရင်း ကျွန်တော် ထိုသို့တွေးနေမိစဉ် ဘူတာငယ်တစ်ခုသို့ ရောက်ရှိလာခဲ့၏။
ကျွန်တော်တို့စီးလာခဲ့သည်မှာ ရိုးရိုးတန်း ဖြစ်၍လည်း ခရီးသည်တွေ အတက်အဆင်း ပိုများသည်။ ဟင်းသီးဟင်းရွက်ခြင်းတောင်းများ သယ်ယူလာသည့် ဈေးသည်များ၊ ခရီးသည်များ ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံ လှုပ်ရှားဆူညံနေ ပေသည်။ ဘဝကို ရုန်းကန် လှုပ်ရှားဖြတ်သန်းနေ ရခြင်း၏ မြင်ကွင်းတစ်ခုပင်ဖြစ်သည်။
“ဟာကွာ...ဆူညံနေတာပဲ”
လှုပ်လှုပ်ရွရွနှင့် ဆူညံနေကြသဖြင့် ဝေလင်း နိုးသွားကာ ပြောသည်။ သူ့မျက်နှာ တွင်လည်း အိပ်ချင်မူတူးပုံစံနှင့် အလိုမကျသည့် မျက်နှာ ပေါ်လွင်နေ၏။
“ဟာ...ဒီအဘွားကြီး ဘယ်လိုဖြစ်တာလဲ”
ဝေလင်း၏ စိတ်တိုစွာ ပြောသံကြောင့် ဝေလင်းဘက်သို့ လှည့်ကြည့်လိုက်ရာ အထုပ် ကြီးတစ်ထုပ်ဆွဲကိုင်ထားသော အသက် ၇၀နှစ် ခန့်ရှိ အဘွားကြီးတစ်ဦးက အထုပ်ကြီးကို မနိုင့်တနိုင် ဆွဲလျက် ယိုင်တိုင်တိုင် လျှောက်လာစဉ် ဝေလင်းပခုံးကို မတော်တဆ တိုက်မိ သွားသည်ကို တွေ့လိုက်ရသည်။
ဝေလင်းက စိတ်တိုစွာ ပြောသော်လည်း အဘွားကြီးမှာ ကြားဟန်မတူပေ။ နောက်ဘက်သို့သာ ယိုင်တိုင်ယိုင်တိုင်နှင့် ဆက်လျှောက်သွားသည်။ အိုမင်းနေပြီ ဖြစ်သော်လည်း ကြည့်ရှု စောင့်ရှောက်မည့်သူမရှိ တစ်ဦးတည်း သွားလာ နေရခြင်းဟု ထင်သည်။ သနားစရာပင်။
တကယ်ဆို တတ်နိုင်သလောက် ကူညီ ရိုင်းပင်းရပေမည်။ မကူညီချင်တောင် မာနတရား နှင့် မကြည့်မြင်သင့် မဆက်ဆံသင့်။ ဝေလင်းမှာမူ သူ့အဘွားအရွယ်တစ်ဦး မတော်တဆ ဖြစ်မိတာကို နားလည်ခွင့်လွှတ်မှု မပေးနိုင်၊ ပြော ရက်ပေသည်။ ကျွန်တော် စိတ်မကောင်း ဖြစ်မိသည်ကတော့ အမှန်ပင်။ ကျွန်တော်ထပြီး သွားရောက်ကူညီပေးချင်သည်။ သို့သော် ဝေလင်းက အဓိပ္ပာယ်တစ်မျိုးဖြင့် ကြည့်မြင် မည်စိုးသည်က တစ်ကြောင်း၊ အဘွားအိုမှာ သူ့နေရာသို့ ရောက်တော့မည်ဖြစ်သည်က တစ်ကြောင်း ကျွန်တော် ငြိမ်နေလိုက် ရတော့သည်။
ဝေလင်းကို ဘာမှ ဝေဖန်မပြောနေတော့ဘဲ နောက်ထပ် ထိုသို့ ဖြစ်မလာစေရေး အတွက် ကျွန်တော် ထိုင်ခုံ နေရာပြောင်း ပေးလိုက်သည်။
“ဝေလင်း...လာ။ ဒီဘက်မှာ လာထိုင်။ လူသွားလမ်းဘက်မှာဆိုတော့ အဲလိုပဲ”
“အေးကွာ။ အဲဒါကြောင့် ငါ ရိုးရိုးတန်း မစီးချင်တာ”
ဝေလင်းပြောပြီး နေရာပြောင်းထိုင်ကာ ပြတင်းပေါက် နံရံကို မှီရင်း မှေးနေတော့သည်။
မှေးပျော်နေသော ဝေလင်းကို ကြည့်ရင် ကျွန်တော် အနည်းငယ် စိတ်ပျက် သွားမိ၏။ ဖြစ်ပျက် တွေ့ကြုံမှုတွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ် နေသည်ဆိုမှ ဝေလင်း စိတ်ရင်းမှန်ကို သိစေမည့် အဖြစ်အပျက် တစ်ခု နောက်ထပ် ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။
ဤအဖြစ်အပျက်မျိုးတို့ကို မတွေ့ကြုံခင် တုန်းကတော့ ကျွန်တော် ဝေလင်းအပေါ် ချစ်ခင် လေးစားနေခဲ့မိသည်။ အခုတော့ အဖြစ်အပျက်များက တစ်ခုထက်မက ထပ်ကာ ထပ်ကာ တွေ့ ကြုံနေရသဖြင့် ဝေလင်း စိတ်ဓာတ်နှင့် အပြု အမူမှန်တို့ကို ထင်ရှားစွာ တွေ့မြင်သွားရပေပြီ။ လူတစ်ဦးကို အပေါ်ယံအမြင်နှင့် ထင်ကြေးပေးလို့ မရဆိုသည်မှာ အလွန်မှန်ပေသည်။
ကျွန်တော် စိတ်မကောင်းဖြစ်မိ၏။ ဝေလင်း တစ်ယောက် ဘဝမြင့်လို့ သတိလွတ်ပြီး ဘဝင် မြင့်သွားတာများလား။ သတိပြုစရာပင်။ လူသည် အဘက်ဘက်မှ ပြည့်စုံ ကောင်းမွန်နေဖို့ လည်း ခဲယဉ်းသည်။ ကျွန်တော်ကိုယ်တိုင်လည်း ပြည့်စုံကောင်းမွန်နေသူ မဖြစ်သေးပေ။ သို့သော် အတတ်နိုင်ဆုံး ပြည့်စုံကောင်းမွန်နေ လျှင်တော့ အကောင်းဆုံး ဖြစ်သည်။
ဝေလင်းအနေဖြင့်လည်း စိတ်ဓာတ် အလွန် နိမ့်ကျနေသည်တော့ မဟုတ်သေး ဟုထင်သည်။ အရင်တုန်းကထက် ဘဝအခြေအနေ မြင့်သွားလို့ သတိလွတ်နေခြင်းသာ ဖြစ်ပေမည်။ လွဲမှား နေခြင်းသာဖြစ်သည်။
ထိုသတိလက်လွတ်နေခြင်း၊ လွဲမှားခြင်း တို့ကို ဝေလင်းသိရှိပြီး ပြင်စေချင်သည်။ လူတော်တစ်ဦးဖြစ်သော ကျွန်တော့်သူငယ်ချင်း ကို ထိုသို့မဖြစ်စေချင်။
ရွာသို့ရောက်၍ နောက် အေးအေးဆေးဆေး တွေ့ကြချိန်တွင် အကျိုးအကြောင်း သေချာ ပြောရမည်ဟု ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ကျွန်တော့်ကို ဆရာလုပ်သည်ဟု အပြစ်မြင်လျှင် လည်း မြင်ပါစေတော့။ သူ သတိပြု သိရှိလက်ခံ လိုက်နာလျှင် သူ့လို လူတော်တစ်ဦးအတွက် ပိုပြီး အကျိုးရှိနိုင်မည်မဟုတ်ပါလား။
ဝေလင်းသည် လူတော်တစ်ဦးဖြစ်သည်။ ပညာရေး၊ စီးပွားရေးအရလည်း အဆင်ပြေ အောင်မြင်နေသည်။ ရွာအတွက်လည်း အကျိုး ပြုပေးတတ်သည်။ ထို့ကြောင့် ချစ်ခင်လေးစားခဲ့ရသည်။ သို့သော် တကယ့်တကယ်ကျ ဝေလင်းသည် ထင်သလောက် လေးစားစရာမကောင်းဟု သိလာရသည်။ ဝေလင်းမှာ လွဲမှားမှုတွေ၊ လိုအပ် ချက်တွေ ရှိနေသည်ဟု သိမြင်ရလေသည်။
ဝေလင်းသည် ကျေးရွာ အထက်တန်း ကျောင်းအတွက်၊ ဘုန်းကြီးကျောင်း အတွက် ငွေများစွာ လှူဒါန်းသည်။ စာကြည့်တိုက် အတွက် ငွေ ၅၀ဝ၀ဝ လှူထားသည် မှာလည်း ပူပူနွေးနွေး ပဲရှိသေးသည်။ သို့သော် ၄င်းလှူဒါန်းခြင်း များသည် စေတနာ သန့်ခြင်း သိပ်မရှိဘဲ သူ့ဂုဏ်၊ သူ့သိက္ခာ၊ သူ့အတ္တ အတွက်သာ အဓိက ဖြစ်နေသည် ဟုထင်သည်။
ဝေလင်းသည် သူ့အတိုင်း အတာနှင့်သူ အောင်မြင်ကြီးပွား နေသည်။ သို့သော် ဆင်းရဲ နွမ်းပါးသူများ၊ ဒုက္ခ ရောက်သူများကိုမူ အနည်းငယ် ပေးကမ်း ဖို့တောင် စေတနာ မရှိဖြစ်နေသည်။
ဝေလင်းသည် ခေတ်ပညာ တတ်သည်။ သို့သော် ၄င်းပညာသည် ဝေလင်းအဖို့ လူအများ ကို အထက်စီးက ဆက်ဆံခိုင်းသလို ဖြစ်နေ သည်။ ပညာတတ် သော်လည်း အကောင်းမြင် လိုစိတ် အားနည်းပြီး သဘောထား သေးသိမ်နေ သည်ဟု ထင်သည်။
ဝေလင်းသည် ဘာသာတရားကို အသင့် အတင့် လိုက်စားသူဖြစ်သည်။ သို့သော် ဆင်းရဲ နွမ်းပါးသူများ၊ မိမိထက်နိမ့်ကျသူများအပေါ် အမြင်ကြည်မှု မရှိ၊ နားလည် ခွင့်လွှတ်မှု တရား၊ ညှာတာ ထောက်ထားမှု တရား မရှိသလိုပင်။ မိမိထက် သာသူအပေါ်လည်း မုဒိတာစိတ် မထားနိုင် ဖြစ်နေသည်။
ထို့ကြောင့် ထို `သို့သော်’ ဆိုသော အချက်များကို ဝေလင်း သိမြင် လက်ခံပြီး အမြန်ဆုံး လိုက်နာ ပြင်ဆင် နိုင်ပါစေဟု ကျွန်တော် ဆုတောင်း မိလေတော့သည်။

No comments:

Home