| |||
| |||
အရောင်းသမားကောင်းတစ်ယောက် ဖြစ်ဖို့ ကျွန်မမှာ ဆန္ဒရှိပါတယ်။ တက်ကျမ်းတွေ လည်း ကျွန်မ ဖတ်ဖူးပါရဲ့။ ဒါပေမဲ့ According to the big book စာအုပ်ကြီးအတိုင်း လုပ်ဖို့ လက်တွေ့မှာ မလွယ်လှပါဘူး။ ဒီကနေ့တော့ အားလုံးနဲ့ အဆင်ပြေအောင် နေမယ်ဆိုပြီး ပြင်ဆင်ခဲ့တာချည်းပါပဲ။ ဈေးဝယ်လာသူအပေါင်းဟာလည်း လူမျိုး တစ်ရာ့ တစ်ပါး ဆိုတော့ သူတို့စိတ်နဲ့ကိုယ့်စိတ် အခန့်မသင့်ရင် ကိုယ့်ရဲ့မာနက ရှေ့တန်းက နေရာယူပစ်တော့တာပဲ မဟုတ်လား။ ခက်ပါရဲ့ရှင်...။ | |||
ဈေးစရောင်းကတည်းက ဝယ်သူ့ပါးစပ်က `ဈေးကြီးလိုက်တာ’ လို့ ပြောတဲ့စကားဟာလည်း ကြားနေကျပါပဲ။ ဘယ့်နှယ်ရှင်... အဲဒီပစ္စည်းကို ဟိုတုန်းက ငါးရာနဲ့ရောင်းခဲ့တော့လည်း ဒီစကားပဲ။ ခု ဒီပစ္စည်းပဲ ငါးထောင်ဖြစ်သွား တော့လည်း ဒီစကားပဲ။ ကျွန်မရဲ့ ဈေးရောင်း သက်နှစ်ပေါင်း နှစ်ဆယ်အတွင်း ပြောင်းလဲမှု အပေါ် မပြောင်းလဲခဲ့တဲ့ ဒီစကား။ စိတ်ပေါက် ပေါက်နဲ့ အလကားပေးပစ်ရင်တောင် နှစ်ခု တောင်းမယ့်လူတွေ။ ကျွန်မသိတာပေါ့။ `အကြွေးမရောင်းရင် ဈေးရောင်းပါးမယ်’ ဆိုတဲ့ ဩဝါဒလက်ခံပြီး ယုံကြည်ရမယ့်သူတွေကို အကြွေးပေးခဲ့ပါတယ်။ အရောင်းကတော့ သွက်သလားမမေးနဲ့၊ ကျွန်မတို့လူမျိုးတွေက အကြွေးရရင် ဆင်တောင်ဝယ်မှာဆိုတာ ဟုတ်လောက်တယ်။ အြွေကးစာရင်းစာအုပ် ထူထူထဲထဲကြီးကို တစ်ခါတစ်ရံ လှန်လှော ကြည့်ရင်း `ယုံကြည့်မှုအလွဲများ’ ကို တွေ့ရတော့ ကုသိုလ်ပြုစာရင်းထဲ ထည့်ရမလိုဖြစ်သွားတယ်။ စိတ်များတောင်ပျက်မိပါရဲ့။ | |||
| |||
ကျွန်မမှာ ကျွန်မနဲ့ လုပ်ငန်းတူ၊ ပြီးတော့ ပိန်မသာလိန်မသာ အခြေအနေချင်းတူပြီး နေ့စဉ်လိုလို မြင်တွေ့နေရတဲ့ ဆိုင်နားနီး `မသာမိ’ ကိုတော့ ဖြစ်လိုက်ရတဲ့ မနာလိုစိတ်၊ အကုသိုလ် နေ့တိုင်းပွားနေရပါသရှင်။ မှန်တာ ပြောရရင် သိန်း ၁၀ဝ မင်္ဂလာစုံတွဲဆုကြီးကို အက္ခရာစုံ အတွဲလိုက် အအုပ်လိုက်ပေါက်ရပါစေ ရဲ့...။ ထီထိုးရတာလည်း ကုန်လိုက်တဲ့ငွေ။ ကျွန်မ ထီထိုးတဲ့ငွေတွေသာ စုထားခဲ့မယ်ဆိုရင် ခပ်သင့်သင့်အိမ်လေးတစ်လုံးလောက်တော့ ဆောက်လို့ရမယ်ထင်မိပါရဲ့။ တော်ရုံသိန်းဆု လေးပေါက်ရုံတော့ဖြင့် အရင်းတောင် ကျေမှာ မဟုတ်ဘူး။ အဲသလိုသာပြောချင်တော့တယ်။ ထိုးခဲသမျှ ထီလက်မှတ်တွေလည်း သေတ္တာ ဟောင်းတစ်ခုထဲ ကျွန်မ စုထားခဲ့တာ အတော် များနေပါပြီ။ တကယ်လို့ အောင်ဘာလေထီရုံး က ထီလက်မှတ် ဘယ်၍ဘယ်မျှ တင်ပြနိုင်သူ အား `ကရုဏာကြေး’ အနေနဲ့ အဘယ်မျှ ဆုချ မည်လို့များ ကြေညာခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပေါ့။ လူရယ်စရာများ ဖြစ်ကုန်ပြီလား မသိ။ ပုထုဇဉ်မှန်သမျှ အရူးချည်းပဲလို့ ဘုရားဟောခဲ့ တာ ကျွန်မလို လူတွေ များနေလို့ဖြစ်မယ်။ အဲသလို ဖြေယူရတယ်ရှင့်။ ဟုတ်တယ် မဟုတ်လား။ | |||
ကျွန်မ ကျောင်းနေစဉ်က ဖတ်ခဲ့ဖူးတဲ့ စာလေးတစ်အုပ်ထဲက အကြောင်းအရာလေး တစ်ခု သတိရတယ်။ ကမ္ဘာ့အသက်အရှည်ဆုံး အဘွားကြီး ဘွားသက်ရှည်ရဲ့စကားပါပဲ။ သူ့ကို စာနယ်ဇင်းသမားတွေက မေးကြတာပေါ့။ အခုလို အသက်ရှည်အောင် ပြီးတော့ ကျန်းမာ အောင် ဘယ်လိုနေထိုင်နိုင်ခဲ့ပါသလဲပေါ့။ အဲဒီမှာ သူ ဖြေခဲ့တာက စားတာကလည်း ပုံမှန်ပါ ပဲ။ ဝတ်တာကလည်း ပုံမှန်ပါပဲ။ နေတာထိုင်တာကလည်း ပုံမှန်ပါပဲတဲ့။ ဘာဆေးဝါးကောင်း ကိုမှလည်း ထူးထူးထွေထွေ မမှီဝဲပါဘူးတဲ့။ တစ်ခုတော့ရှိတယ်။ ကျွန်မ သတိပြုမိတာက လေ..တဲ့။ ခေါင်းပူမခံဘူး၊ ကျောပူမခံဘူး၊ ဖင်ပူ မခံဘူးတဲ့။ ဒါပါပဲ...တဲ့။ | |||
ကျွန်မလေ သဘောကျလွန်းလို့ မှတ်မိနေတာပါ။ သိပ်ပညာပါတာပဲ။ သူဟာ သောက အဖြစ်မခံဘူး၊ ကြာရှည်မအိပ်ဘူး၊ ကြာရှည် မထိုင်ဘူး၊ အမြဲ နှလုံးစိတ်ဝမ်းအေးချမ်းစွာနဲ့ အအားမနေ၊ ဇိမ်မခံဘဲ လှုပ်လှုပ်ရှားရှား တက်ကြွစွာနဲ့ လုပ်စရာရှိတာတွေကို လုပ်နေခဲ့ တယ်လို့ ကျွန်မ သဘောပေါက်တယ်လေ။ ကျွန်မဟာ သဘောကျ အားကျဖြစ်ခဲ့ပေမဲ့ သူ့လို မနေနိုင်ခဲ့ပြန်ဘူး။ ဈေးသည်ပီပီ သောကတွေကလည်း အကြောင်းအမျိုးမျိုးနဲ့ ဖြစ်လိုက် ရတာ။ ခေါင်းပူတာမှ ခေါင်းခြောက် လောက် အောင်ပါပဲ။ တစ်နေကုန် ဈေးဝယ်လာလာ မလာလာ ဆိုင်ထိုင်နေရတာကလည်း ဖင်ကိုပူလို့။ မရိုသေ့စကား ဖင်ဂျွတ်တက်မတတ်ပါပဲ။ညကျတော့ စိတ်ပန်းကိုယ်နွမ်းနဲ့ အိပ်ပစ်ရတာ ပေါ့။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ကျွန်မကျောပူ အောင်တော့ မအိပ်ရပါဘူး။ မနက်အရုဏ်မတက်ခင် ထတာချည်းပါပဲ။ ကိုယ့်အပူနဲ့ကိုယ် လေ။ ဒီတော့ ဘယ့်နှယ်လုပ် ကျွန်မ ကျန်းမာ ရေးကောင်းနိုင်တော့မလဲ။ အခု ၄၀ ကျော် ၅၀ မပြည့်ခင်လေးမှာပဲ ကျွန်မ အိုစာနေသလိုပဲ။ | |||
ငွေကြေးဥစ္စာရှာရတာ ကျွန်မ စိတ်မကုန်သေးဘူး။ တစ်ဖက်က တရားဘာဝနာကိစ္စကို လည်း တတ်စွမ်းသလောက်လုပ်နေပါပြီလေ။ မင်းသားကျော်ဟိန်းပြောတာလား မသိပါဘူး။ ဘာတဲ့ `သေရင် ကိုယ့်နောက်ကို ဘာမှမပါဘူး ဆိုတာကတော့ ဟုတ်တယ်။ ဒါပေမဲ့ ချန်ထား နိုင်ခဲ့ရမယ်’ တဲ့။ ဟုတ်တယ်လေ...ကျွန်မတို့ မွေးခဲ့တဲ့ မီးလေးဆက်လက်ပြီးတော့ ကောင်း ကောင်းမွန်မွန် တောက်လောင်နိုင်အောင်တော့ ကျွန်မတို့ လုပ်ပေးထားခဲ့ရမှာပဲ မဟုတ်လား။ ဒါပါပဲ။ လူ့ဘဝ၊ မိဘရဲ့တာဝန်ဆိုတာလေ။ | |||
ဒီနှစ်ဟာ ၂၀ဝ၀ ပြည့်တဲ့နှစ်၊ ကျွန်မဘဝမှာလည်း ထူးခြားတဲ့ ပြောင်းလဲမှုဖြစ် ခဲ့ရတယ်လို့ ဆိုရမယ်။ နှစ်စမှာပဲ မအားလပ်တဲ့ကြားက ကျွန်မ ဝိပဿနာတရားစခန်း (၇)ရက် ဝင်ခဲ့ တယ်။ သမီးတွေက အားပေးခဲ့လို့ပါပဲ။ အမေရယ်၊ သမီးတို့ အမေ့ဆိုင်ကို ကြည့်ပေးပါ့ မယ်။ အမေ့စိတ်တိုင်းကျ ဖြစ်အောင် ကြိုးစား လုပ်ပေးပါ့မယ်။ မမှားမယွင်းအောင် ဂရုစိုက်ပါ့ မယ်။ သမီးတို့လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်တဲ့အရွယ် ရောက်နေပါပြီ။ အဖေ ကတော့ ဝန်ထမ်းမို့ ထားပါတော့။ အမေ တရား စခန်းဝင်ပါတဲ့လေ။ အဲသလို တရားလမ်း ကြောင်းပေးခဲ့တာ။ သမီးတို့ရဲ့ စေတနာကို ကျွန်မ လိုက်လျောခဲ့ပါတယ်။ | |||
ခုတော့ ကျွန်မ ဗုဒ္ဓဘာသာရဲ့ တရားကို ရေးရေးသိပါပြီ။ ဓမ္မမိတ်ဆွေတွေလည်း တိုးခဲ့ ပြီ။ စီးပွားရေးမိတ်ဆွေတွေထက် အားကိုးရတဲ့ ပုဂ္ဂိုလ်တွေပါ။ လောဘမဖက်ဆက်ဆံရတာ အင်မတန် ချမ်းမြေ့ပါကလားလို့ သတိပြုမိလေ ရဲ့။ စီးပွားရေးနဲ့ ဆက်ဆံရတာက စိတ်မပါဘဲ မချိသွားဖြဲလုပ်နေရတာ။ ကူညီသလိုလိုနဲ့ ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်ဆိုတာ မျိုးတွေလေ။ | |||
သောကမဖက်ဘဲ အလုပ်လုပ်ရတာက လည်း လူသက်သာပြီး အလုပ်လည်း တွင်တယ် ဆိုတာ သိလာရပါပြီ။ သောကဟာ အဖျက် သဘောသက်သက်ပါပဲ။ မသိလို့ ဒါကို ဖက်တွယ်ထားကြရတာ။ လူဆိုတာ စိတ်အေး လက်အေးလေး လုပ်စရာရှိတာ လုပ်နေနိုင်ရင်ကို အတော်ဟုတ်နေပါပြီ။ မြတ်ဗုဒ္ဓရဲ့တရားတော်တွေဟာ ကြားရုံနဲ့ တင် အပူစင်ပြီး ကျင့်ရင် ချက်ချင်း ချမ်းသာ ကျင့်ပြီးရင်တော့ လွန်စွာငြိမ်းချမ်း။ အဲသလို ဓမ္မသဘောတွေကိုး။ အခုဆို ကျွန်မဘာသာ ကျွန်မ အသင့်အတင့် နှလုံးသွင်းဆင်ခြင်တဲ့ အလုပ်ကို `အလုပ်’ တစ်ခုလို သဘောမျိုး လုပ်စ ပြုနေပါပြီ။ ဘာမဆို `အလိုနည်း’ အောင် လေ့ကျင့်နေပါပြီ။ ကျွန်မဘဝကိုကျွန်မ ပြန်ကြည့်မိလိုက်တော့။ ဘာမှလိုချင်ရမှန်းမသိခင်က ဘာမှမလိုခဲ့။ နည်းနည်းလိုချင်လာတဲ့အခါမှာ နည်းနည်း မပြည့်စုံမှန်းသိလာခဲ့။ များများလိုချင်လာတဲ့အခါမှာ မပြည့်စုံနိုင် တော့။ ဘာမှမလိုချင်တော့တဲ့အခါကျမှ အလုံးစုံ ပြည့်စုံတော့မှာ။ ဒါပေမဲ့ အဲဒီအဆင့်ရောက်အောင် အတော် ကြီး ကြိုးစားရဦးမှာပါ။ တကယ်တော့ ကျွန်မ တို့တစ်တွေဟာ ချမ်းသာဖို့ကြိုးစားရင်း ဆင်းရဲ နေခဲ့ရတာပါ။ အဲသလိုနဲ့ ကျွန်မဟာ တစ်ဖက်က စီးပွားရေးလုပ်ရင်း တရားကို လေ့လာလိုက်စားနေခဲ့ရာက ကျွန်မနဲ့အနီးဆုံးမှာ ရှိနေတဲ့ ကျွန်မခင်ပွန်းကို သတိပြုမိလာပါတယ်။ | |||
သူဟာ ဘဝမှာ အေးဆေးစွာ နေနိုင်လွန်း သူတစ်ယောက်ပါပဲ။ ကျွန်မကပဲ အစစအရာရာ ပူပင်ကြောင့်ကြစွာ မိသားစုဘဝတိုးတက်ဖို့ လုပ် ခဲ့ရတာပါ။ သူကတော့ ကျွန်မနဲ့ အကြောင်း မပါခင်ကလုပ်ခဲ့တဲ့ သူ့ရဲ့ ရုံးတာဝန်ကို ကျေပွန် စွာ လုပ်ဆောင်ရင်း မိသားစုနဲ့ပတ်သက်လို့က တော့ သူ့ရဲ့ပုံမှန်ဝင်ငွေနဲ့ ရောင့်ရဲစွာ နေထိုင်ကြဖို့ ကိုပဲ ဆုံးမ နေခဲ့လေ့ရှိပါတယ်။ ဘယ့်နှယ်ဖြစ်နိုင် မလဲရှင်။ ကျွန်မရဲ့ ကြိုးပမ်းအားထုတ်မှုကိုတော့ ဘာမှ ဝင်ရောက်စွက်ဖက်ကန့်ကွက်တာမျိုး မရှိ သလို၊ အားပေးအားပြုလည်း မရှိခဲ့ပါဘူး။ သူ့ဝင်ငွေနဲ့ စားရရုံ၊ ဝတ်ရရုံကနေ ကျွန်မ ဈေးဆိုင်လေးဖြစ်ပြီးတော့ စားကောင်းခြင်းစားရ၊ ဝတ်ကောင်းခြင်းဝတ်ရလာတာမို့ ကျွန်မတို့ မိသားစုလေးမှာ ဘာတစ်စုံတစ်ရာပြဿနာမှ မရှိခဲ့ပါဘူး။ | |||
ခုတော့ ကျွန်မ သူ့ကို ပြောချင်ပြီ။ အသက် အရွယ်ရလာတော့ တရားဘာဝနာ လုပ်ဖို့ပါပဲ။ ခု တစ်ပတ် ဆယ်ရက်လောက်အတွင်း ကျွန်မ ဈေးရောင်းမကောင်းပါ။ ဈေးဝယ်အလွန် ပါးလှပါတယ်။ ဒီပြင်ဆိုင်တွေကို မေးကြည့်တော့လည်း သူတို့လည်း `ထိုနည်းလည်းကောင်း’ ပါပဲလို့ သိရတယ်။ ကျွန်မစိတ်ကျွန်မ ဖြေပြီး တော့ သောကမဖြစ်အောင် နေနေပါတယ်။ ကျွန်မ ဆိုင်ခန်းလေးထဲမှာ မနက်လင်းတာနဲ့ ဘုရားမှာ ပန်း၊ ဆီမီး၊ အမွှေးတိုင် လှူပြီးတာနဲ့ ဘုရားရှိခိုးရင်း ဝယ်သူကို မျှော်ပါတယ်။ လမ်းသွားလမ်းလာတွေကို မေတ္တာပို့ပွားရင်း ချမ်းချမ်းမြေ့မြေ့ နေကြည့်ပါတယ်။ ဒီနေ့ မရောင်းရရင်၊ နက်ဖြန်ရောင်းရမယ်၊ မနက်ဖြန် မရောင်းရလည်း တစ်နေ့နေ့ ရောင်းရမယ့်ပစ္စည်း တွေပါပဲ။ ပုပ်ပွပျက်စီးနိုင်တဲ့ပစ္စည်းတွေ မဟုတ်ပါဘူး။ အဲသလိုပေါ့။ ကျွန်မဆိုင်ခန်းလေးဟာ ဝယ်သူမလာတဲ့အခါ ကျွန်မအတွက်တော့ ကမ္မဋ္ဌာန်းကျောင်းလေး ပါပဲ။ အဲသလို ဘုရား၊ တရားစိတ်လေးနဲ့ နေနေ ရာက တစ်ချက်တစ်ချက် ပေးစရာအကြွေးတွေ စိတ်တွက် တွက်နေမိပါတယ်။ ကျွန်မတို့လို ဈေးသည်တွေဟာ `အဟောင်းပေး အသစ်ယူ’ အကြွေးစနစ်နဲ့ ပစ္စည်းတင်ရောင်ပြီး အမြတ်ကို စားရတာ မဟုတ်လား။ အချိန်တန်လို့ ကြွေးမဆပ်နိုင်ရင် မျက်နှာပူ နေရပါတယ်။ ပိုဆိုးတာက နောက်ထပ်လိုနေတဲ့ ပစ္စည်းသစ်ယူဖို့ ခက်ကရော...။ ရက်ကြာလာ ရင် ကြွေးရှင်ရဲ့ ငြိုငြင်မှုကို ခံရမယ်။ ယုံကြည်မှု ကို ထိပါးလာမယ်။ နာမည်ပျက်တော့တာပဲ။ ပုံမှန် ဝယ်ရောင်းလည်ပတ်မှု ပျက်လာရင် ရှိတဲ့ အထည်လေးထုတ်ရောင်း ပေါင်နှံလုပ်ကြရတော့တာ။ အဲဒီအခြေအနေကို ဈေးသည်တိုင်းက စိုးရိမ်ပူပန်ကြတာချည်းပါပဲ။ | |||
အဲဒီအထဲ မိသားစုထဲက တစ်ယောက် ယောက် ဖျားရင်နာရင် ဆေးဖိုးဝါးခ ကုန်ကျ စရိတ်၊ မသုံးမဖြစ် သုံးစွဲ ကုန်ကျရတဲ့ လူမှုရေး ကိစ္စတွေ၊ အကြောင်းကြောင်းတွေကြောင့် ထည့်ဝင်ရငွေတွေ။ အဲသလိုနဲ့ ခေါင်းမီးတောက် တော့တာပဲ။ မနေ့က ကြွေးရှင်တစ်ယောက် ဆိုင်ရှေ့က ဖြတ်သွားရင်း `နေကောင်းကြရဲ့လား’ လို့ ပြုံးပြ နှုတ်ဆက်သွားသေးတယ်။ ကျွန်မစိတ်ထဲမှာ တော့ `သတိလာပေးတာပဲ’ လို့ သတိပြုလိုက်မိတယ်။ ပေးဖို့အချိန်ကလည်း တန်ပြီလေ။ နောက်ထပ် လေး၊ ငါးရက်လောက်နေလို့မှ ငွေမရှင်းနိုင်ရင် သူ့မျက်နှာ ပုံစံပြောင်းသွားမှာ ကြို မြင်ယောင်မိပါရဲ့။ ကနေ့မနက်ကတည်းက တစ်ထောင်ဖိုး ပြည့်အောင် မရောင်းရသေးဘူး။ ခုပဲ ၁၁ နာရီ ထိုးတော့မယ်။ ဘယ်လိုဖြစ်နေတာပါလိမ့်။ ဈေးဝယ်တစ်ယောက် ရောက်လာတာနဲ့ ကမန်း ကတန်းထပြီး ကြိုဆိုလိုက်မိတယ်။ ကိုယ့်ဆီမထားတဲ့ ပစ္စည်းရှိလားလို့ လာမေးလို့ ရှိတဲ့နေရာ ညွှန်ပြပေးလိုက်ပါရဲ့။ စိတ်ကတော့ မအီမသာ ပဲ။ | |||
ဒါပေမဲ့ စဉ်းစားကြည့်... | |||
ခဏကြာတော့ သုံးလေးဦး ပြုံရောက်လာတာနဲ့ အားကြိုးမာန်တက် ပြေပြေလည်လည် ဆက်ဆံပါတယ်။ ဘသားချောတို့က မနှစ် တစ်နှစ်က ပေါက်ဈေးနဲ့ ရချင်နေကြတယ်။ ခု ဝယ်ဈေးတောင် အဲသလောက် မကတော့ဘူး။ ရှင်းပြပါတယ်။ မရဘူး။ အရှုံးခံရောင်းရ တော့မလား။ မရောင်းရရင် နေပါစေတော့။ အမြတ်ကိုမက်လို့ ဈေးရောင်းစားတာ မဟုတ် လား။ ကိုယ့်ပစ္စည်းကိုယ် ထိုင်ကြည့်နေတော့မယ်။ အဲလိုနဲ့ အရောင်းအဝယ်မဖြစ်တော့ဘူး ခက်ပဲ ခက်ရချည်ရဲ့နော်။ သမီးငယ် ကျောင်းက ပြန်လာပြီး ရောက် မဆိုက်ပြောတယ်။ ကျူရှင်လခ ကနေ့ ညနေ ပေးရမတဲ့...။ တစ်ရက်၊ နှစ်ရက်လောက် စောင့် ပါဦးလားသမီးရယ် ဆိုတော့ အားလုံးပေးကုန် ကြပြီ၊ သမီးပဲ ကျန်တော့တာတဲ့။ ကနေ့ မပေး ဖြစ်ရင် ကျူရှင်မသွားတော့ဘူး လုပ်နေတယ်။ အလတ်မကလည်း ဖိနပ်ပြတ်လို့တဲ့။ ညည်းနေ ရှာတယ်။ အကြီးမကလည်း မီးသွေးကုန်ပြီဆို တဲ့အကြောင်း သတင်းလာပို့တယ်။ သူက ချက်ပြုတ်ရသူကိုး။ | |||
ရုံးတာဝန်လေးစားကျေပွန်တဲ့ ခင်ပွန်းသည် ကတော့ စံချိန်ကိုက် ရုံးဆင်းလာပါပြီ။ အေးဆေးတည်ငြိမ်စွာနဲ့ပါပဲ။ ပူပင်သောကမဲ့၊ ကြည်လင်တဲ့ ဣနြေ္ဒအပြည့်နဲ့ပါပဲ။ ဆိုင်ရှေ့မှာ ကျွန်မထိုင်ရင်း နားလည်သမျှ တရားသဘောတွေကို ဆင်ခြင် နေမိပါတယ်။ စိတ်ညစ်ပြေပျောက်ဖို့ပါပဲ။ ပြီးမှ စိတ်လေး တည်ငြိမ်လာအောင် မေတ္တသုတ်ပရိတ်တော်ကို စာအုပ်ကြည့်ရွတ်နေမိပါရဲ့။ အမှတ်တမဲ့ မသာမိရဲ့ ဆိုင်ဘက် လှမ်း ကြည့်မိတော့ ဈေးဝယ်တစ်ဦးနဲ့ ရယ်လို့ မောလို့၊ ပစ္စည်းတွေ ထုပ်ပိုးပြင်ဆင်ထည့်ပေးနေတာ တွေ့ရတယ်။ အလိုလေး...ကျွန်မရဲ့ ဖောက်သည် `ကိုလူတင်’ ပါကလား။ ဘယ်အချိန်ကများ စည်းရုံးလိုက်တာပါလိမ့်။ ဈေးတွေများ လျှော့ပေးနေလို့လား။ အကြွေးတွေ ဘုန်းပေါလအော ပေးနေတာလား။ ကိုလူတင် မလာတာ ရက်အတော်ကြာပြီလို့တော့ စိတ်က ထင့်နေတာ။ ဘယ်တုန်းကများ ကိုယ့်လူက သူ့လူဖြစ်သွားရတာပါလိမ့်။ ကျွန်မ စိတ်ထွေ သွားခဲ့ပါပြီ။ | |||
အဲဒီနေ့က ညစာမိသားစုထမင်းစားပွဲမှာ အပူရုပ်ကို ဟန်လုပ်ရင်း ကျွန်မ ခင်ပွန်းသည်ကို တရားအလုပ်လုပ်ဖို့ အချိန်တန်ပြီဆိုတဲ့အကြောင်း နားချမိပါတယ်။ ပြောသမျှကို ပြီးအောင် နားထောင်ပြီး ခင်ပွန်းသည်က ဘာမှ မဖြစ်သလို ပုံစံနဲ့ တစ်ခွန်းတည်းသော စကားကို ပြောလိုက်ပါတယ်။ `တရားဆိုတာ လူသိအောင် လုပ်နေရတာ မျိုးမဟုတ်ဘူး။ တရားဆိုတာ နက်နဲတယ်။ ခက်ခဲတယ်။ နက်ပေမဲ့ နဲပါတယ်။ ခက်ပေမဲ့ ခဲရလိမ့်မယ်’ တဲ့ရှင်။ အလိုတော် သူကများ...။ ဘယ်အချိန်က သူ တရားတွေ ကျိတ်လုပ်ခဲ့သလဲမသိ။ တည်တည်ကြည်ကြည်ကြီး ပြောနေပုံကလေ..။ တရားသိတာနဲ့ တရားရှိတာ နှစ်ခုကို အဲဒီ နေ့က ကျွန်မ နည်းနည်းသဘောပေါက်သွား သလိုပါပဲ။ | |||
ကျွန်မ ဆိုင်ခန်းလေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment