Home

နေနဲ့ တည့်တည့်တိုး

“ဟိုးတုန်းကထက်..အဆများစွာ၊ `နေ’ ပိုပူပြင်းလာတယ်..”တဲ့။ ရပ်ထဲရွာထဲက လူတွေ ညည်းတွားလိုက်ကြတာ။
`အဲဒါ...မင်းတို့ မင်းတို့ လူတွေရဲ့ လောဘ .. ဒေါသကြောင့်ပေါ့ကွ’ လို့ ကျုပ်က အာပေါင် အာရင်းသန်သန်နဲ့ ပြောထည့်လိုက်တာ ရွာထဲကလူတွေအားလုံး ကျုပ်ကို မျက်မှောင်ကျုံ့ပြီး ကြည့်ကြတယ်။

တချို့ဆို `အဲဒီကံကြီးမောင်က ခေါင်းသိပ်ကောင်းတာမဟုတ်ဘူး။ စာတွေဖတ်ပြီး ရူး ကြောင်ကြောင်ဖြစ်နေတာ’ ဆိုပြီး တီးတိုးတီးတိုး ပြောနေကြတယ်။

ကျုပ် စိတ်မဆိုးပါဘူး။ စိတ်မကောင်း ဖြစ်ရတာပါ။ ဘယ်နှယ့် စာဖတ်တဲ့သူကို ရူး ကြောင်ကြောင်..လို့ သူတို့မို့ ပြောရက်ကြတယ်။ (သူတို့..ဖတ်သလား..ဆိုတော့လည်း မဖတ်)။


ကျုပ်က အတန်းပညာလည်း သိပ်သင်ခဲ့ရတာ မဟုတ်တော့ လက်လှမ်းမီ သလောက်လေး ဖတ်ရမှတ်ရ လေ့လာရတာပေါ့။ ဘွဲ့ထူးဂုဏ်ထူး ရထားတဲ့သူ မဟုတ်ပြန် တော့လည်း ကျုပ်စကား ဘယ်အရာရောက်တော့မတုန်း။
အဲ...လူငယ်တချို့နဲ့တော့ ကျုပ်က အဆင်ပြေသား။

တော်ရုံတန်ရုံလူငယ်မျိုး ကျုပ်ထန်းတော ထဲလာတယ် မထင်နဲ့။ မြို့မှာ... တက္ကသိုလ် တက်နေကြတဲ့ လူငယ်တချို့နဲ့ ရွာထဲက (ဖလော်ဆော်ဖီဆိုတာကြီးကို စိတ်ဝင်စားတဲ့) ကာလသား လေး၊ ငါးယောက် လာကြတာပါ။

ကျုပ်က(ဟဲ..ဟဲ...ကြွားရဦးမယ်) အဲလ် ဘတ်ကမူးရဲ့ `စည်းအပြင်က.....လူ’ ဆိုတဲ့ ဝတ္ထုထဲက `မာဆိုး’ လိုပေါ့။ ကျုပ်က ရွာထဲမှာ မနေဘူး။ ရွာအပြင်က ဘိုးဘွား မိဘပိုင် ထန်းတောထဲမှာ နေတာဗျ။


`ထန်းတော’ ဆိုလို့ ထန်းရည်ခါးရောင်းတဲ့ ထန်းတောလို့တော့ မထင်ပါနဲ့ဗျာ။

အဘနဲ့အစ်မ(အဖေနဲ့အမေ) မရှိတော့ကတည်းက ဒီထန်းတောထဲမှာ ကျုပ်ထန်းလျက်ပဲ ချက်တာ။ ထန်းရည်ခါး မရောင်းဘူး။ ကျုပ် ဘကြီးအရွယ်လောက်ရှိတဲ့ ထန်းရည်သမား ဦးတက်ခါးတို့အုပ်စု ကျုပ်ကို ဆဲရေးတိုင်းထွာပြီး စိတ်ဆိုးခဲ့ကြသေး တယ်လေ။

ကျုပ်ကတော့ စိတ်မဆိုးပါဘူး။ သူတို့ကို သနားမိတယ်။ (သူတို့ဆိုတာက ရွာနီးချုပ်စပ် က ထန်းရည်သမား၊ အရက်သမားတွေကို ပြောတာပါ)

ဘာဖြစ်လို့တုန်းဆိုတော့ ထန်းရည်သမား၊ အရက်သမားတွေ သေရင်ရော၊ မသေရင်ရော ဘယ်ရောက်တတ်တယ်၊ ဘာဖြစ်တတ်တယ် ဆိုတာ ကျုပ် သိလို့ပေါ့။ ဒါလည်း ကျုပ် ကိုယ်ပိုင်အသိတော့ မဟုတ်ပေါင်ဗျာ။

ရွာတိုင်းရွာတိုင်းမှာ ရွာဦးကျောင်းရှိတယ် မဟုတ်လား။ အဲဒီရွာဦးကျောင်းက ကျောင်းထိုင် ဆရာတော် ဦးဝိလာသက မိန့်ဖူးတယ်လေ။

ယမကာသမားတွေ သေရင် ငရဲကျမယ်။ ပြီးရင် ဝက်ရူးဘဝ၊ ခွေးရူးဘဝ၊ လူရူးဘဝနဲ့ အကြိမ်ငါးရာစီလောက် ခံစားရမယ်။ မသေခင် လည်း ရောဂါဘယထူပြော မယ်ဆိုတာမျိုး ဟောဖူးပြောဖူးသားပဲ။

ဟောနေ၊ ပြောနေတုန်းတော့ နားထောင် ကြသား။ နောက်မှ မလိုက်နာနိုင် ကြတာလေ။

ကျုပ်က ကိုယ်ပိုင်အသိ သိပ်ရှိတာမဟုတ် တော့ ဘုရား၊ တရား၊ သံဃာ(ရတနာသုံးပါး)ရဲ့ အဆိုအဆုံးအမဆိုရင် `ငါတို့အတွက်၊ ငါတို့ ကောင်းကျိုးအတွက် ပြောတာပဲလေ’ ဆိုတဲ့ သဒ္ဓါ စိတ်(ယုံကြည်စိတ်)နဲ့ ကြားဖူးနာဖူးသမျှကို လိုက်နာဖြစ်တာပါ။

“အဲဒီမူးတတ်ရူးတတ်တဲ့ အရည်ကို သူတော်ကောင်းတွေက `သေရည်’ လို့ ခေါ်တာ ကွဲ့။`သေရည်’လို့ ခေါ်ဝေါ်တာကိုတောင် သောက်နေကြတယ်ဆိုရင် အဲဒါ သေချင်လို့ သောက်တာသာ မှတ်ပေါ့”

အဲဒါ ဆရာတော်ရဲ့ အဆုံးအမလေဗျာ။ ကျုပ်မလိုက်နာဘဲ ဘယ်နေပါ့မလဲ။ (လမ်းဘေးက သူခိုးဂျပိုးတစ်ယောက်ရဲ့စကား မဟုတ်ဘူး လေဗျာ)။

ကျုပ်ဘာသာ မသောက်မစားနေတာကို တချို့က မျက်မုန်းကျိုးကြပြန်သေးတယ်။

`နေပူ ပိုပြီပြင်းလာတာ လူတွေကြောင့်လို့ ကိုကံကြီးမောင် ပြောတယ်ဆို ဟုတ်လား’

ဖလော်ဆော်ဖီဆိုတာကို စိတ်ဝင်စားတယ် ဆိုတဲ့ အုပ်စုထဲက မင်းမြင့်နိုင်က စိတ်ဝင်တစား မေးတော့ ကျုပ်က ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီ ဖလော်ဆော်ဖီ အုပ်စုထဲက မင်းသော်ဆိုတဲ့ ကောင်က

`ဘယ်လိုတွေးမိလို့လဲဗျ’

`အိုဇုန်းလွှာဆိုတာကို မင်းသိတယ် မဟုတ်လား’

`ဟုတ်ကဲ့၊ သိတယ်’

`အဲဒီအလွှာကြီးက ကောင်းကင်ရဲ့အထက်မှာ ရှိတာကွ။ အဲဒီအလွှာကြီးက ကမ္ဘာမြေပေါ်ကနေ ပြန်ထွက်လာတဲ့ အပူငွေ့ကို စုပ်ပေးတာကွ’

`အဲ နေလုံးကြီးဆီကလာတဲ့ အပူဒဏ်ကို ကမ္ဘာကြီးက ခံရတယ်။ ကမ္ဘာကြီးက ပြန် ထွက်လာတဲ့ အပူငွေ့ကို အိုဇုန်းလွှာကြီးက စုပ် ယူထိန်းသိမ်းပေးထားတယ်။ အခု အဲဒီအိုဇုန်း လွှာကြီးက ကမ္ဘာ့အပူငွေ့ကို စုပ်ယူနိုင်စွမ်းလျော့ သွားပြီကွ။ သူမတတ်နိုင်တော့ဘူး။ အဲဒါကြောင့် နေကတိုက်ရိုက်လာတဲ့အပူဒဏ်ကိုရော၊ ကမ္ဘာ လုံးကြီးက ထုတ်လွှတ်တဲ့ အပူဒဏ်ကိုပါ ငါတို့ ခံကြရတာ။ ပိုပူလာတာပေါ့ကွာ’

`အဲဒါနဲ့ လူတွေကြောင့်ဆိုတာနဲ့ ဘယ်လို ဆက်စပ်နေတာလဲ ကိုကံကြီးမောင်’

`ကမ္ဘာက ပြန့်ထွက်လာတဲ့အပူငွေ့ကို စုပ်ယူပေးနေတဲ့ အိုဇုန်းလွှာရဲ့အရှေ့ကို တခြား အငွေ့တွေ လာပိတ်နေလို့ကွ။ ဟို.. ကာဗွန်ဒိုင် အောက်ဆိုဒ်တို့.. ဘာတို့ပေါ့ကွာ။ လူတွေရဲ့ ထုတ်ကုန်ပစ္စည်း၊ အဲ... စက်မှုထုတ်ကုန် ပစ္စည်းတွေရဲ့ အခိုးအငွေ့တွေပေါ့ကွာ။ အဲဒီ အငွေ့တွေက ကာထားသလိုဖြစ်သွားတော့ အိုဇုန်းလွှာက `ငါလည်း မတတ်နိုင် တော့ဘူး’ လို့ ပြောပြီး လက်မှိုင်ချရမလို ဖြစ်သွားတာပေါ့။ ကျောက်ခေတ်ကနေ သံခေတ်၊ ကြေးခတ် လောက်ကအထိ ဓားတွေ၊ လှံတွေ လုပ်နေကြ ကတည်းက မီးခိုးအငွေ့တွေ အိုဇုန်းလွှာဆီကို ပျံတက်သွားကြတာ။ ဒီနေ့ကာလပါထည့်တွက် ကြည့်ရင် နည်းနည်းနောနောအငွေ့တွေမှ မဟုတ်တာ’

`ဟာ... အဲဒါဆို ဘယ်လိုလုပ်ကြမလဲ’

`လောဘ၊ ဒေါသတွေ လျှော့ရမယ်’ လို့ ကျုပ်က ပြောလိုက်တယ်။

`ကိုကံကြီးမောင်ပြောတာ ကျွန်တော်တို့ လက်ခံတယ်ဗျ။ ဒါပေမဲ့... ရွာထဲက လူတွေက လက်မခံကြဘူး။ အင်း... ကျမ်းကိုးကျမ်းကား လေးရှိရင် ကောင်းမယ်နော်’

တက္ကသိုလ်ကျောင်းသားအုပ်စုထဲက ထူး တင့်မော် ဆိုတဲ့ ကောင်လေးရဲ့ ရှေ့တည့်တည့်ကို ကျုပ်က စာအုပ်တစ်အုပ်ကို `ဘုတ်ခနဲ’ နေအောင် ချပေးလိုက်တယ်။ (ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး၏ `နိုင်ငံတွင်းပုစ္ဆာအဖြေ ပေါင်းချုပ်’ ဆိုတဲ့ စာအုပ်)။

စာမျက်နှာတစ်ခုကို လှန်ခိုင်းလိုက်ပြီး ကျုပ်ဖတ်စေချင်တဲ့ စာကြောင်းကို လက်ညှိုးနဲ့ ထောက်ပြီး ကိုယ်တိုင်ဖတ်ပြလိုက်တယ်။

`အကြင်အခါ ကမ္ဘာနေလူအပေါင်းတို့၌ မကောင်းသောစိတ်သည် ပွားစီး၏။ ထိုအခါ ဗဟိဒ္ဓသန္တာန်၌ မြေ၊ ရေ၊ တော၊ တောင်၊ နေ၊ လ၊ နက္ခတ်၊ တာရာတို့မှ ဖြစ်ကုန်သော ဥတု၊ အာဟာရတို့သည် အဆီအနှစ်ကုန်ခမ်း ကြမ်းတမ်းကုန်၏’တဲ့’

စာအုပ်ကို ပြန်ပိတ်လိုက်ပြီး ကျုပ်က

`အဲဒီလောက်ပဲ ဖတ်၊ ဆက်မဖတ်နဲ့။ ဆက်ဖတ်ရင် မင်းတို့ ကမ္ဘာကြီးကို သနားသွား လိမ့်မယ်။ အင်္ဂလိပ်လိုတွေ၊ အမေရိကန်လိုတွေ၊ ဂျာမဏီလိုတွေ၊ ပြင်သစ်လို တွေ ရေးထားတဲ့ ကျမ်းကိုးကျမ်းကားတော့ ငါ့တဲပေါ်မှာ မရှိဘူး’

နောက်ထပ် တက္ကသိုလ်ကျောင်းသား တစ်ယောက်ဖြစ်တဲ့ ဇာနည်မျိုးက

`ကျွန်တော်တို့ရွာ.. အင်း.. ကျွန်တော်တို့ တိုင်းပြည်တစ်ပြည်တည်း လောဘ၊ ဒေါသ လျှော့လို့ မလုံလောက်ဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးက လောဘဇောတွေ၊ ဒေါသစိတ်တွေ လျှော့မှ ဖြစ်မယ် ထင်တယ်နော်..’

`အေး... လူတွေရဲ့ လောဘ၊ ဒေါသ ကြောင့် နေအပူရှိန်ပိုပြင်းတာပါလို့ ငါပြောမိ တာတောင် ရွာထဲကလူတွေ လက်မခံကြတာ၊ ဟိုး..ရေခြားမြေခြားကလူတွေက ပိုပြီး ဒုန်းဝေး တော့မှာပေါ့ကွ..’

`နည်းနည်းတော့ လျှော့နေကြပါတယ်..’ တဲ့။ ထူးတင့်မော်က မျက်မှောင်ကြီးကျုံ့ပြီး ပြောတော့ ကျုပ်က

`ဆင်ပါးစပ် နှမ်းပက်သလောက် လျှော့ရုံတော့ ရမှာမဟုတ်ဘူး။ ဟိုးဘက် တချို့နိုင်ငံတွေက ဟိုအငွေ့တွေ လျှော့မယ်၊ ဒီအငွေ့တွေ လျှော့မယ် ပြောနေတယ်။ အဲဒါ ဆင်ပါးစပ် နှမ်းပက်တာပဲ။ တကယ်လျှော့ရမှာက သူတို့ သူတို့..၊ ငါတို့.. ငါတို့ရဲ့ စိတ်ထဲက လောဘ၊ ဒေါသတွေကို လျှော့ပစ်ရမှာကွ..’

အားလုံး ခေါင်းကုတ်ကြတယ်။ ကျုပ် ကတော့ ခေါင်းမကုတ်ပါဘူး။ ကျုပ်က ခေါင်းတုံး တုံးထားတဲ့သူဆိုတော့ ခေါင်းပေါ်မှာ ကြေး(ချေး)သိပ်မတင်တတ်ဘူးလေ။

ရွာထဲမှာ ငွေတိုးပေးစားတဲ့ ဦးညွန့်နိုင်နဲ့ ဖလော်ဆော်ဖီအုပ်စု အချင်းများ ကြတယ်တဲ့။ တက္ကသိုလ်ကျောင်းသားအုပ်စုက ကျုပ်ကို လာပြောကြတယ်။

ကျုပ် မသွားချင်တဲ့ ရွာထဲကို ကျုပ်သွားရ ပြန်တာပေါ့။

ဆွဲလား၊ ရမ်းလား၊ ဟန့်တားလားလုပ်ပြီး ဖလော်ဆော်ဖီအုပ်စုကို ကျုပ် ရွာအပြင်ခေါ်ခဲ့ရ တာပေါ့။

`ဟေ့ကောင် ကံကြီးမောင်... မင်းရဲ့ ကြောင်တောင်တောင်စကားလုံးတွေနဲ့ ဒီကောင် တွေကို မြှောက်ပေးမနေနဲ့..’

ပြဿနာငြိမ်းသွားတာတောင် အဲဒီငွေတိုး ပေးစားတဲ့ ဦးညွန့်နိုင်က ရွာလူကြီးအားကိုးနဲ့ ကျုပ်ကိုပါ လှမ်းဟောက်ပါသေးရဲ့။

`ဟုတ်ကဲ့ပါ ခင်ဗျ..’

ကျုပ်ကလည်း ကျုပ်အကျင့်အတိုင်း ရိုရို ကျိုးကျိုးလေးပဲ ပြန်ပြောခဲ့ပါတယ်ဗျာ။ (ကျုပ် က နေနဲ့ တည့်တည့်တိုးရလောက်အောင် မမိုက် ရဲဘူးကိုး)။

ဖလော်ဆော်ဖီအုပ်စုရော တက္ကသိုလ် ကျောင်းသားအုပ်စုရော ကျုပ်တဲထဲမှာ။ပြဿနာစဖြစ်ရတဲ့သူ၊ မင်းမြင့်နိုင်ကို ကျုပ်က

`မင်းက ဘာသွားပြောလို့ ဖြစ်ကြတာတုန်း..’

“ခင်ဗျား ငွေတိုးပေးစားလို့ ကျုပ်တို့ကမ္ဘာ ကြီး အပူရှိန်ပြင်းရတာ”လို့ ကျွန်တော် သွားပြောတာဗျ’

ကျုပ်ရော တခြားကောင်တွေရော ရယ်မိကြ ပါရဲ့။ အရယ်ရပ်ပြီးမှ

`မင်း တော်တော်မှားတဲ့ကောင်ပဲ။ အဲဒီ ဦးညွန့်နိုင်ကို ရွာလူကြီးဦးဘမြင့်တောင် ကင်းနိုင် လို့လား၊ မင်းမိဘရော ကင်းနိုင်လို့လား၊ ငါတောင် မိသားစုမရှိလို့ ကင်းနိုင်တာနော်..’

`ဒါဆို ကျွန်တော်တို့က မှန်တာ မပြောရ တော့ဘူးလား..’

`ကိုယ့်ထက် အဖက်ဖက်က အရှိန်အဝါ သာနေတဲ့သူကို အလောတကြီး ဝေဖန်တိုက်ခိုက် တာဟာ မွန်းတည့်နေပြင်းပြင်းကြီးကို ဘာ အကာအရံမှမပါဘဲ မော့ကြည့်နေသလိုပဲကွ။မင်းတစ်ကိုယ်လုံး ပူလောင်တဲ့အပြင် မင်း မျက်လုံးတွေတောင် ကန်းသွားနိုင်တယ်..’

ထူးတင့်မော်က

`အဲဒီလူကြီး လောဘကြီးတာတော့ အမှန်ပဲဗျ..’

`သူတစ်ပါး လောဘကြီးတယ်ဆိုရင် မင်းတို့က ပညာဥာဏ်ကြီးအောင် နေပေါ့ကွ။ မနေ့ကပဲ နေအပူရှိန်အကြောင်းကို ငါတို့ ပြောကြဆိုကြတယ် မဟုတ်လား..’

`ဟုတ်ကဲ့’

`အေး.. ဆိုင်တယ် မဆိုင်တယ်တော့ မင်းတို့ဥာဏ်နဲ့ပဲ သုံးသပ်။ ငါ နေလုံးကြီး အကြောင်းပဲ ပြောချင်တယ်..’


`ပြောပါ ကိုကံကြီးမောင်... ကျွန်တော်တို့ ဓာတ်ပေါက်ပါတယ်’

`နေလုံးကြီးက ကမ္ဘာနဲ့ မိုင်သန်းပေါင်း များစွာ ဝေးတယ်။ အဲဒီလောက် ဝေးတာတောင် ဒီလောက်ပူနေရင် သူ့အနားသွားကပ်ရင် ဧဝရတ် တောင်ကြီးတောင် အရည်ပျော်သွားမယ်။ အဲ... ကမ္ဘာကြီးတောင် အရည်ပျော်သွားမယ်။ ဒီလောက်ပူတဲ့`နေ’ ဆိုပြီး နေလုံးကြီးကို သွား ဖယ်ပစ်ဖို့ဆိုတာ လုံးဝ လုံးဝ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စ။ တကယ်ပူပြင်းလွန်းနေချိန်ဆို မော့ကြည့်လို့တောင် မရပါဘူးကွာ၊ ဒါပေမဲ့ နေပူပြင်းထဲ သွားရလာရမယ့်ကိစ္စ ရှိနေပြန်တော့ နေပူပြင်းထဲ ထွက်ကြရတာပဲ မဟုတ်လား’

`အင်း ဟုတ်တယ်’

`ထီး၊ ဦးထုပ်၊ ခေါင်းဆောင်းသုံး။ မြို့သား တွေဆို နေကာမျက်မှန်တပ်။ မြို့သူတွေကို လိုးရှင်းလိမ်း။ ငါတို့ရွာသူတွေဆို သနပ်ခါး ထူထူလိမ်း၊ အဝတ်အထည် ပါးပါးလျားလျားကို လုံလုံခြုံခြုံလွှမ်းကြရတယ်လေ။ နေလုံးကြီးကို ပူလွန်းလို့ဆိုပြီး ဘယ်သူမှ သွားဖယ်ပစ်ဖို့ စိတ် မကူးပေါင်ကွာ။ ကိုယ့်အကာအကွယ်နဲ့ကိုယ် နေဒဏ်ကို ကာကြကွယ်ကြရတာပဲ’

`နေပူထဲထွက်စရာမလိုသူတွေကျတော့ အရိပ်ထဲ အေးအေးဆေးဆေးပေါ့။ ဒါတောင် ယပ်ကလေး တခတ်ခတ်၊ ပန်ကာလေး တစ်ချောက်ချောက်၊ အဲယားကွန်းလေး တစ်ဂျိဂျိ လောက်တော့ အရိပ်ထဲလည်း လုပ်နေကြရတာ ပါပဲ။ နေပူဒဏ်ကို ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့် အခြေအနေနဲ့ကိုယ် ကာတယ် ကွယ်တယ်၊ ရှောင်တယ် ကွင်းတယ်။ နေလုံးကြီးကို ရွှေ့ပစ်ရအောင် ဆိုပြီး နေလုံးကြီးနား ဘယ်သူမှ မသွားကြပါဘူး။ သတိကြီးတဲ့သူဆို မော့တောင် မကြည့်ပါဘူး..’

`မင်းနဲ့ ပြဿနာဖြစ်တဲ့ ဦးညွန့်နိုင်ကို အဲဒီ နေလုံးကြီးလို့ သဘောထား။ အင်း... ဦးညွန့်နိုင် လို လူမျိုးတိုင်းပေါ့ကွာ။ မော့လည်း မကြည့်နဲ့။ အနားလည်း မသွားနဲ့။ တည့်တည့်လည်း မတိုး နဲ့။ အုတ်နံရံကို ခေါင်းနဲ့ ပြေးဆောင့်တာကမှ ဒုန်းခနဲ အုံးခနဲ မြည်ဦးမယ်။ နေနဲ့ တည့်တည့် တိုးမိလို့ကတော့ ရှဲခနဲဆိုတဲ့ အသံတောင် မြည် မှာ မဟုတ်ဘူး။ တစ်ကိုယ်လုံး အရည်ပျော်သွား မယ်’

`အရှုံးပေးခိုင်းနေတာလား... ကိုကံကြီး မောင်’

`အရှုံးပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ ကွာ။အရှုံးမပေးချင်ပါဘူးဆိုရင်လည်း အသုံး တော့ ချတတ်ရတာပေါ့။ နေကို ပူတယ်ချည်းပဲ အပြစ်မတင်ဘဲ `ဪသာ်...လျှပ်စစ်အားလောင်စာအား မသုံးရဘဲ အလင်းရောင်ပေးတဲ့ အလုံးကြီး ပါလား}လို့ တွေးပြီး လိုသလို အသုံးချပေါ့ကွ’

`ဦးညွန့်နိုင်လို လောဘကြီးတဲ့သူကို ဘယ်လိုအသုံးချရမှာလဲ’

“ဦးလေးမှ မကူညီရင် ရွာဦးစေတီ ထုံးသင်္ကန်းတောင် ကပ်နိုင်တာ မဟုတ်ဘူး။ ဦးလေးမှ မ မတည်ရင် ရွာကစာကြည့်တိုက်လေး စာအုပ်စုံမှာ မဟုတ်ဘူး။ ဦးလေးမှ မကူညီ ရင် ကျွန်တော်တို့တစ်ရွာလုံး ဘယ်အဆင်ပြေမှာတုန်းဗျာ...။ ဘာ... ညာ...’ အဲဒီလိုပြောရမှာ ပေါ့။ အခု မင်းက `ခင်ဗျား ငွေတိုးပေးစားလို့ ကမ္ဘာကြီး အပူရှိန်ပြင်းရတာ’ လို့ သွားပြောတော့ မျက်လုံးကန်းနေတဲ့သူကို နားပင်းနေတယ်လို့ နှိမ်လိုက်သလို ဖြစ်တာပေါ့ကွ’

မင်းမြင့်နိုင်က

`အဲဒီလူကြီးကို ကပ်ဖို့ ဖားဖို့ ပြောနေတာလား...’

`ဥာဏ်ရှိတဲ့သူက ဘယ်လိုလူမျိုးကိုမှ မဖားဘူး။ ရန်သူကိုတောင် သူနဲ့သင့်တဲ့ နေရာမှာ အသုံးချတယ်ကွ။ `အဲဒီလူ လောဘကြီးလွန်းတယ်။ သတ်ပစ်လိုက်ကြကွာ’ ဆိုတာနဲ့ သူ့ လောဘကို သူလိုချင်တဲ့ တခြားမက်မောမှုနဲ့ လဲချင်စိတ်ပေါက်အောင် လုပ်ရတာ’

`ဘယ်ဟာ အကုသိုလ်နည်းမလဲ’

အားလုံးခေါင်းညိတ်ကြတယ်။ ပြီးတာနဲ့ ကျုပ်က

`ညကျရင် ဆရာတော်ကို ပင့်ပြီး ဆရာ့တော့်ရှေ့မှာ ဦးညွန့်နိုင်ကို မင်း သွားတောင်းပန်’

`ဘယ်လိုပြောပြီး တောင်းပန်ရမှာလဲ..’

`ကိုကံကြီးမောင် ပြောပြောနေတဲ့ ဖလော်ဆော်ဖီတွေကြောင့် ကျွန်တော် ပြောမိ မိုက်မိတာပါလို့ ပြောလိုက်ပေါ့ကွာ..’

`ဟာ.. အဲဒါဆို ကိုကံကြီးမောင်ကို မုန်းသွားမှာပေါ့..’

ကျုပ်က အသံထွက်အောင်ရယ်ပြီး

`ဟား...ဟား... ဘယ်သူ ဘယ်လောက် မုန်းမုန်း၊ သူတို့ထက်အရင် ငါက ငါ့ကိုယ်ငါ မုန်းနေတာ ကြာပါပြီကွာ..’

သူတို့အားလုံး အဲဒီစကားကို နားလည်ကြပုံမရဘူး။ နောက်တော့လည်း တဖြည်းဖြည်း နားလည်သွားမှာပေါ့ဗျာ။

`နေနဲ့ တည့်တည့်တိုးမိတဲ့သူက မီးတိုင်ကို ဝင်ဝင်တိုးတဲ့ ပိုးဖလံတွေလိုပဲကွ။ မီးတိုင်အောက်မှာ ပိုးဖလံတွေ တောင်ပုံရာပုံ မပုံစေနဲ့ကွာ’

No comments:

Home