| ရွှေမန်းတင်မောင် သီဆိုခဲ့သော ‘ရွှေကြေးစည်’သီချင်းကို ငယ်စဉ်က လိုက်ဆို ၍ ကောင်း ရုံတမည်မျှသာ ကျွန်တော် ခံစားခဲ့ရသည်။ ဤသည်မှာလည်း အိမ်ရှေ့ဘုန်းကြီးကျောင်းမှ အလှူပွဲများတွင် ကျွန်တော့် အဘွားက ‘အော် စပီကာ’ဟု ခေါ်သော အသံချဲ့စက်များ ဖွင့်ပါ များ၍ နားရည်ဝနေသောကြောင့် ဖြစ်သည်။ တကယ်တော့မူ ကျွန်တော်သည် ရွှေမန်းတင် မောင်ကို တစ်ကြိမ်သာ ကြည့်ဖူးလိုက် ရသည်။ ‘လေး တော် တင် ခန်း’မို့ အမေရိကန် နွား ကျောင်းသားဇာတ်ကားတွေထဲမှာ လူရိုင်းနီများ လေးမြားပစ်သလို ဇာတ်ခုံပေါ် တကယ်ပစ် မလား အထင်ဖြင့် ကလေးကလား သွားကြည့်ခဲ့သော ယောင်ဝါးဝါးကလေးဘဝအရွယ်က ဖြစ်သည်။ အရွယ်ကလေး အနည်းငယ်ရလာသော အချိန်များကလည်း ဇာတ်ပွဲကြည့်ခြင်း သည် တောဆန်သည်ဟူသော အထက်တန်းစားများ အောက်တန်းကျစွာ တွေးခေါ်ခဲ့သည်ကို သံယောင်လိုက်မိနေ |
|
ခဲ့သောကြောင့် ဇာတ်သဘင်ကို မကြည့်ဖြစ်ခဲ့။ ထိုစဉ်က ကျွန်တော်၏ အတွေးအခေါ်သည် ဘုရားဝတ်မပြုခြင်း၊ ကျွန်တော်၏ခံစားမှုသည် နှင်းဆီပန်းများကြားမှာ ဝေ့ဝဲနေသော ‘ဇဖားယား’ခေါ် လေညင်း ကလေး၊ ကျွန်တော်၏ဇာတ်လိုက်များမှာ ဂျိမ်းစ် ဒင်း၊ အယ်လစ်ဇဘက်တေလာ၊ ကျွန်တော်၏ တော်လှန်ရေးမှာ လူနာမည်ပေးရာ နေ့သင့်နံသင့် ဖြစ်စရာမလို။ ကျွန်တော်၏ လူတန်းစားအသိမှာ မင်းသားရွှေဘကိုကြိုက်လျှင် တောသား၊ ကျွန်တော်၏ယဉ်ကျေးမှုမှာ တိုက်ပုံအင်္ကျီ အကောင်းကို တမင်တကာဖြဲ၍ အလှူမင်္ဂလာပွဲကို အရွဲ့တိုက်ခြင်း၊ ကျွန်တော်၏ပြောင်မြောက်သော အရည်အချင်းသည်ကား လူသုံးကုန် ပစ္စည်းမျှသာ ဖြစ်သော အသက်မရှိ၊ အသိမရှိသော မော်တော်ကားအကောင်းစားများကို တံတွေးထွေးခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်း စသည်တို့ ဖြစ်၏။ |
ထိုအတောအတွင်းတွင် ဇာတ်ဆရာ ကွယ်လွန်ခဲ့သည့်အတွက် ကျွန်တော့်တွင် ဘာမျှ ထိခိုက်ကြေကွဲခြင်း မဖြစ်ခဲ့မိပါပေ။ |
xxxxx |
‘ကန်ပတ်လည် ခရေရိပ် ရွာထိပ်က ကျောင်းတော်သာနံဘေးဝယ်’ဟူသော တေးသံ သည် ထန်းပင်ထိပ်ဖျားရှိ အသံချဲ့စက်များဆီမှ ရွှေဝါရောင်လယ်ကွင်းပေါ် ကျော်လွှား၍ အင် ဖက်မိုးအိမ်ခေါင်ဖျားများပေါ် ရှပ်တိုက်ပြေးလွှား နေတတ်သော အခါသမယ၊ မင်းသား တွံတေး သိန်းတန် ခေတ်စားနေသော ကာလလောက်တွင် အနုပညာ၏ ရပ်တည်ချက်ကို ကျွန်တော် မတောက်တခေါက်သိနေပြီ ဖြစ်သည်။ တွံတေးသိန်းတန်ကြိုက်၍ တောသားဟု ခေါ်လျှင် ကျွန်တော့်ကိုလည်း တောသားဟုပင် မှတ်ယူကြပါကုန်ဟု ကျွန်တော် ပြောဝံ့နေပါပြီ။ တော သားများ ချစ်ကြသော တွံတေးသိန်းတန်ကို ကျွန်တော် နားလည်နှစ်ခြိုက်နေတတ်ပြီ။ ထို အချိန်တွင် ဘုရားဝတ်ပြုခြင်း၊ နေ့သင့်နံသင့် နာမည်ပေးခြင်းတို့သည် ယဉ်ကျေးမှုအစဉ်အလာ ကို ထိန်းသိမ်းသည့် သဘော၊ ‘ဇဖားယား’ ခေါ် လေညင်းကလေးနှင့် စက်ရုံမီးခိုးတို့သည် သူ့တန်ဖိုးနှင့်သူဖြစ်သည်ဟူသော သဘော၊ မင်းသား ရွှေဘသည် ဘယ်သောအခါမဆို တောသားများဘက်မှ ရပ်တည်သရုပ်ဆောင်ခဲ့သဖြင့် တောသားများ ချစ်ခဲ့ကြခြင်းသည် ယုတ္တိ တန်သောသဘော၊ တိုက်ပုံအင်္ကျီအကောင်းကို ဆုတ်ဖြဲစရာမလိုသလို၊ တိုက်ပုံအင်္ကျီစုတ်နေ သည်ကိုလည်း ကဲ့ရဲ့ရှုံ့ချစရာ မလိုသည့် သဘော၊ မြန်မာလူမျိုးတို့ အလှူအတန်း လုပ်ခြင်းသည် အရွဲ့တိုက်နေရလောက်အောင် ကြီးမားသည့် ပြဿနာ ကြီးမဟုတ်သော သဘော၊ ဘာမျှမသိရှာသော မော်တော်ကားအကောင်းစားများကို ခြေထောက်ဖြင့် ပိတ်ကန်မည့်အစား လူတွေအားလုံး တစ်ပြိုင်နက်တည်း၊ တစ်တန်းစားတည်း လူနေမှုအဆင့်အတန်း မြင့်မားလာရေးကို တွေးတောသင့်သည့်သဘော စသော သဘောပေါင်းများစွာကို ကျွန်တော်သဘော ပေါက်နေလေပြီ။ (သဘောပေါက်နေသည်ဟု ထင်မိသည်လည်း ဖြစ်နိုင်ပါသည်)။ |
မည်သို့ပင်ဖြစ်စေ အကြောင်းတရားကို ‘ဖြစ်ချင်သည်’၊ ‘ဖြစ်နိုင်သည်’၊ ‘ဖြစ်သင့်သည်’ ဟူ၍ ခွဲခြမ်းလေ့လာတတ်သော ကာလလောက်တွင် ကျွန်တော်သည် ဇာတ်သဘင်၊ အငြိမ့် စသော ရိုးရာပွဲများကို ကြည့်တတ်၊ ကြိုက်တတ်နေပြီဖြစ်သည်။ ကျွန်တော်သည် ရွှေမန်းတင်မောင်ကို ကွက်ခနဲ လွမ်းလိုက်မိသည်။ သူ ကွယ်လွန်စဉ်အခါက ဝမ်းမနည်းမိခဲ့ သည့်အတွက်ကပင် ဝမ်းနည်းမိလိုက်သည်။ အခုအခါ သူ၏အသံမျှကိုသာ ဓာတ်ပြားနှင့် အပ်ဖျား ပွတ်ငြိသံကြားမှ ဆွဲထုတ်နားထောင်ရင်း ရွှေမန်း တင်မောင်ပွဲကို အသေအချာ မကြည့်မိသည်မှာ နာလေခြင်းဟု တွေးမိသည်။ ဟုတ်ကဲ့၊ ရွှေမန်း တင်မောင်ဟုပင် ခေါ်ဝေါ်သုံးစွဲချင်မိသည်။ ရွှေမန်းဦးတင်မောင်ဟု ခေါ်ဝေါ်ရခြင်းသည် ပရိသတ်နှင့် အနုပညာသည် |
|  |
|
၏ကြားမှာ စိမ်းကား ခြားနားသည့်သဘောကို ဆောင်သည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်၏အဒေါ်သည် ရှေးမင်းသားကြီး ဦးဖိုးစိန်ကို ကိုဖိုးစိန်ဟု ခေါ်ဝေါ်သကဲ့သို့လည်းကောင်း၊ ငါးနှစ်သား အရွယ်ကျွန်တော့်တူကလေးသည် ကိုကျော်ဟိန်း ကို ကျော်ဟိန်းဟု ပြောင်ပြောင်တင်းတင်းပင် မျက်နှာချင်းဆိုင် ခေါ်ဝေါ်သကဲ့သို့လည်းကောင်း။ |
ဇေယျဆိုလျှင် ကြည်ကြည်ဌေးပါ တွဲဖက်၍ မှတ်သားကြသည်။ ဝင်းဦးဆိုလျှင် ဝါဝါဝင်း ရွှေ၊ ညွန့်ဝင်းဆိုလျှင် ခင်သန်းနု၊ ဇော်ဝမ်း၊ နွဲ့နွဲ့မူ စသဖြင့်။ |
ရွှေမန်းတင်မောင် ခေတ်စားစဉ်က တွဲဖက် မင်းသမီးမှာ အောင်သန်းတင်ဖြစ်သည်။ သူတို့ နှစ်ယောက်ကိုလည်း ပရိသတ်က တွဲဖက်မှတ် သားခဲ့ကြလေသည်။ ‘ရွှေမန်းအောင်သန်းတင်’ ဟု တစ်ချက်တည်းခေါ်မှ ပြည့်စုံသကဲ့သို့ ဖြစ်ခဲ့ လေသည်။ အောင်သန်းတင်သည် ကျွန်တော့်အဒေါ် ဝမ်းကွဲဖြစ်၏။ ကျွန်တော်သည် လူကြီးသူမများ ပြောပြကြသော ရှေးဟောင်းနှောင်းဖြစ်များကို အလွန် နားထောင်ချင်သူဖြစ်၏။ အဖေသည် ကျွန်တော့်အား ရှေးအနုပညာရှင် ကြီးများအကြောင်းကို ပြန်ပြောပြသကဲ့သို့လည်းကောင်း၊ အမေသည် သူ၏ ဘိုးဘွားဘီဘင်များ၏အကြောင်းကို ပြန်ပြောပြသကဲ့သို့လည်းကောင်း၊ အဒေါ်အောင် သန်းတင်သည် ရွှေမန်းတင်မောင် အကြောင်းများကို ကျွန်တော့်အား ပြန်ပြောပြတတ်သည်။ အများသူငါ သိပြီးသားများ ပါဝင်သလို မသိသေးသည်များလည်း ပါဝင်လေသည်။ အဒေါ်အောင်သန်းတင် တစ်ခါကပြောပြ သောအကြောင်းအရာတစ်ခုမှာကား သူနှင့် ရွှေမန်းတင်မောင် နှစ်ယောက်တည်း သိခဲ့သည့် အကြောင်းအရာဖြစ်လေသည်။ |
xxxxx |
မုန့်လုပ်ရာတွင် အတွင်းသားအထိ ညီညီညာညာ ကျက်စေရန်လည်းကောင်း၊ မြန်မြန် ထက်ထက် ကျက်စေရန်လည်းကောင်း၊ အထက် မီး၊ အောက်မီးဖြင့် ဖုတ်ရသည်။ အညာဒေသ၏ အပူသည် အထက်မီး၊ အောက်မီးနှင့် မုန့်ဖုတ် သကဲ့သို့တည်း။ ထနောင်းရိပ်၏ အေးမြခြင်းသည် ဘယ်လိုပဲဖြစ်ဖြစ် ကံ့ကော်တောကိုတော့ မီလိမ့်မည်မထင်။ နီကျင်သောဖုန်များကို တံမြက် စည်းလှဲ၍လာသော အညာလေသည် အင်းလျားကန်ပေါ်တွင် ရိုးရိုးကတတ်သော လေပွေနှင့် မနှိုင်းသာအောင် ပူပေလိမ့်မည်။ |
ဝါးကြမ်းဖျာများဖြင့် မိုးကာထားသော ဇာတ်ရုံအတွင်း၌ပင်လျှင် ငါးရံ့ပြာလူး တစ်ည လုံး ဇာတ်ကရသဖြင့် နေ့ခင်းသာ အိပ်ရရှာသော ဇာတ်သမားများ ချွေးတစီစီဖြင့် လူးလိမ့်နေကြ ရလေသည်။ ပူလိုက်ပါဘိ အညာနွေရယ်။ ဇာတ်ဆရာသည် တစ်ညလုံးဒိုင်ခံ၍ တန်လောက်အောင် ကတတ်သည်မှန်သော်လည်း နေ့လယ်နေ့ခင်း တစ်မှေး၊ နှစ်မှေးသာ မှေးတတ်သည်မှာ အံ့စရာကောင်းသည်။ အညာနေ့လယ်မို့ ပူသည်ဟူ၍ သူ မအိပ်သည်မဟုတ်။ ဘယ်ဒေသ မှာ ကရ ကရ သူ့ဝသီကိုက ဤအတိုင်းသာ ဖြစ်သည်။ သူသည်များသောအားဖြင့် ပက်လက် ကုလားထိုင်တစ်လုံးဖြင့် စာဖတ်နေတတ်သည်က များ၏။ ကလေးများကဲ့သို့ အသံထွက်၍ ရွတ်ဖတ် ကျက်မှတ်သည်လည်း ရှိတတ်၏။ ထို့ကြောင့်လည်း ကာဠုဒါရီအမတ်ဆိုသည်မှာ ရွှေမန်းတင်မောင်ကို ပြောတာများလေလားဟု ထင်ရလောက်ခြင်း ဖြစ်ဟန်တူသည်။ အမယ် ကြီးအို အောင်စိန်သည် ရွှေမန်းကို ထမ်းပိုးရကျိုး နပ်ပါဘိ။ |
ထိုနေ့လယ်ခင်းကလည်း ရွှေမန်းတင်မောင်သည် ပက်လက်ကုလားထိုင်တစ်လုံးဖြင့် ပုဏ္ဏား ကွယ်ကြားတွင် ဦးပုညစာပုဒ်ကို ကျက်မှတ်နေလေသည်။ အောင်သန်းတင်သည် မလှမ်းမကမ်း ဖျာတစ်ချပ်ပေါ်တွင် တစ်မှေးအိပ်နိုင်ရန် ကြိုးစား နေလေသည်။ မှေးမှေး၊ မှေးမှေး ရှိသေးသည်။ သူ့နားထဲ သူ့အမည်ခေါ်သံကြားသလိုလို ဖြစ် လာသည်။ |
“သန်းတင်ရေ၊ သန်းတင်” |
ဇာတ်ဆရာနှယ် ခက်များ ခက်ပါဘိတော့။ တစ်ညလုံးလည်း ကရသည်မှာ အမော။ နေ့ လယ်နေ့ခင်း အိပ်မည်ကြံတော့လည်း ပူလိုက်သည့် အညာတပေါင်း။ သည်ကြားထဲ မေ့ခနဲ အိပ်ပျော်ခါရှိသေး သင်းက ခေါ်နေချေသည်။ သူ့လို မောင်ပေါက်ကျိုးစိတ်နဲ့ဖြင့် ခက်ခက်ရ ချည်ရဲ့တော်။ |
သို့ရာတွင် ဇာတ်ဆရာခေါ်တော့ မင်းသမီး နေနိုင်ရိုးလား။ |
“ဘာတုံး ဇာတ်ဆရာရယ်၊ အိပ်မရလို့ စိတ်ညစ်နေရတဲ့အထဲ” |
“ဘာလို့ အိပ်မရတာလဲ သန်းတင်” |
“ဇာတ်ဆရာစိတ်ထဲမှာ ရေခဲသေတ္တာထဲ ရောက်နေတယ်များ မှတ်ရော့လား။ ဒါ အညာ နွေရှင်” |
“ဒါပေမဲ့ ငါတို့ခေါင်းပေါ်မှာ အမိုးရယ်၊ အကာရယ်လို့ ရှိသေးမဟုတ်လား။ ဒီမယ် သန်းတင် ဟိုးမှာ ကြည့်လိုက်စမ်း” |
ရွှေမန်းတင်မောင် ညွှန်ပြရာသို့ ကြည့်လိုက်ရာ ပထမတော့ ဘာကို သူ ပြမှန်း မရှင်းလင်း။ နောက်တော့ အောင်သန်းတင်ရှင်းလင်းနားလည်စွာ မြင်လာရသည်။ ထိုအခါတွင်တော့ အညာနွေ၏အပူသည် သူ့ရင်ခေါင်းထဲတိုင် ထိုးနှက် ဝင်ရောက်လာလေသလားပင် ထင်မိတော့သည်။ |
တကယ့်ကို အထက်မီး၊ အောက်မီးဖြင့် ဖုတ်ကင်နေသည့်အလား နီရဲသော မြေတလင်း နှင့် ဝါရွှေသော နေခြည်တို့အကြားတွင် ပျော်ရွှင်စွာ ချီတက်လာကြသော လှည်းတပ်ကြီးဆီမှ တေးသံ၊ ရယ်မောသံများကို သဲ့သဲ့မျှ ကြားရလေသည်။ တချို့လှည်းများသည် ပေါင်းမိုးမပါ။ တချို့ကား ပါ၏။ ပါချင်လည်းပါ၊ မပါချင်လည်းနေ၊ နေပူရုံမက နေကို ဖြတ်ရဖြတ်ရ၊ ငါတို့သည် ပျော်ရွှင်ပါ၏။ ငါတို့သည် ငါတို့ အနုပညာရှင်ကို ချစ်၏။ ငါတို့သည် ရွှေမန်းတင်မောင် ကြည့်မဟဲ့ဟု အားခဲစိတ်သွင်းလာခဲ့ကြ၏။ ငါတို့ ဘာကိုမှုစရာလိုသနည်းဟူ၍ ကြွေးကြော်နေသလား ထင်ရသည်။ နွားများပင်လျှင် သူတို့သခင်များဓာတ်ကူး၍ ခြေလက် မြှောက်ရာမှာ ကကြိုးကကွက်ဆင်နေသည့်အလား။ |
“တွေ့လား သန်းတင်၊ သူတို့ ဘယ်လောက်ဝေးတဲ့ ခရီးကလာရတယ်ဆိုတာ မမှန်းနိုင်ဘူး။ ညကျခါမှ ကြည့်ရမယ့်ပွဲကို ခုကတည်းက လာပြီးစောင့်ကြရတာ” |
အောင်သန်းတင်၏စိတ်တွင် ဘာကိုမှန်း မသိ ပီတိဖြစ်ရလေသည်။ ကရုဏာတရား သည်လည်း နွေလေပြည်နဲ့အတူ သူ့နှလုံးအိမ်သို့ ရောက်ရှိလာသည်။ |
“ဒါလောက်ပဲ အဖြစ်သည်းရသလား တော်တို့ရယ်” |
“ဟောဟိုမှာကော မြင်သလား၊ လှည်းအောက်ဆီမှာ ညနေစာအတွက် ချက်ပြုတ်နေ ကြတာ ဘယ်လောက်ဒုက္ခ ကြီးသလဲ သန်းတင်၊ အဲဒါ ငါတို့ကို တစ်ညကြည့်ဖို့ တစ်နေ့တာ ဒုက္ခခံကြရတာပဲ” |
တံလျှပ်များသာ ခံမနေပါမူ ပွဲကြည့်လာသော ပရိသတ်တို့၏ မျက်နှာအမူအရာများကို မြင်ရမည် ဖြစ်သည်။ လှည်းဘေးပတ်ချာလည်တွင် ဝိုင်းကြီးပတ်ပတ်ကစားနေကြသော ကလေးငယ်များကို မြင်ရမယ်။ သင်းတို့၏ မိဘများက ‘တော်နေ ညပွဲမကြည့်နိုင်ဘဲနေဦးမယ်၊ လာ တစ်ရေးတစ်မော အိပ်လှည့်ကြဦး’ ဟူ၍ သားသမီးငယ်များကို ကြိမ်းမောင်းမည်မလွဲ။ ဇာတ်ဆရာသည် ပက်လက်ကုလားထိုင်ပေါ်မှ ဆင်းလိုက်သည်။ ပုဏ္ဏားကွယ်အပြင် ဘက်သို့ ထွက်လိုက်သည်။ ဆောင့်ကြောင့်ထိုင်လိုက်သည်။ |
“သန်းတင်ရေ၊ အဲဒါ ငါတို့ရဲ့ထမင်းရှင်၊ ကျေးဇူးရှင်တွေပဲ။ ငါတို့မေတ္တာ၊ စေတနာ၊ သစ္စာအပြည့်ထားရလိမ့်မယ်။ ကျေးဇူးဆပ်ကြရ လိမ့်မယ်။ ဂါရဝတရား ထားရလိမ့်မယ်။ ကိုင်း... ငါတို့ ကန်တော့ကြရအောင်” |
ဇာတ်ဆရာက ရှေ့နားဆီမှ လာထိုင်လျက် လှည်းတပ်ကြီးဆီသို့ ဦးတည်၍ ဦးသုံးကြိမ်ချ ကန်တော့သည်။ အောင်သန်းတင်က နောက်နားဆီမှ။ အောင်သန်းတင်သည် ဦးလက်ချကာ ပီတိ မျက်ရည်ဝေနေသတည်း။ ပျော်ရွှင်စွာ မျက်ရည်ကျခြင်းသည် အင်အားသစ်ပင် ဖြစ်၏။ ထိုညက ကရသောပွဲသည် တစ်သက်မမေ့နိုင်အောင် ကြည်နူးရပါဘိတော့သည်။ ထိုညကလည်း ယခင်ညများကဲ့သို့ ရွှေမန်းနှင့် တွဲဖက်၍ ပရိသတ်ကိုကရင်း ကန်တော့ ပန်းဆင်ခဲ့သည်။ သို့ရာတွင် ထိုနေ့လယ်က ဦးချကန်တော့ရသည်နှင့် တန်ဖိုးချင်း မတူပါ တကား။ အညာနွေသည် ဘယ်မှာပူလို့တုံး။ အေးချမ်းလိုက်သည့်ဖြစ်ခြင်း။ ရွှေမန်းတင်မောင်သည် သူဆိုခဲ့သော သီချင်းထဲကလိုပင် အဖေကြီးသည် ရွှေကြေး စည်ကို လွင်လွင်မြည်အောင် တီးခဲ့ပါသတည်း။ |
ဗမာပြည်တွင် ကိုညွန့်ဝင်းဟု အမည်ကင်ပွန်းတပ်အပ်သော ယောကျာ်းမည်မျှရှိမှန်း မသိနိုင်။ သို့ရာတွင် ထိုညွန့်ဝင်းကား တစ်ယောက်တည်းသာ ရှိလေသည်။ ညွန့်ဝင်း ပေါင်းများစွာတွင် ထို’ညွန့်ဝင်း’သည် နာမည် အကြီးဆုံးဟုဆိုလျှင် မည်သူက ငြင်းပါအံ့နည်း။ သို့ရာတွင် သူသည် ရွှေမန်းတင်မောင်၏သား ဖြစ်လေသည်။ ကိုညွန့်ဝင်းသည် ရွှေမန်း တင်မောင်လောက် နာမည်မကြီးပေ။ |
ထိုကိုညွန့်ဝင်းနှင့် ကျွန်တော်သည် အမှတ်မထင် မိတ်ဆွေဖြစ်ခဲ့ကြရ၏။ တစ်နေ့သောအခါတွင် သူက ကျွန်တော့်ကို အခွင့်အရေးတစ်ခု တောင်းလေသည်။ အခွင့်အရေးဟု သုံးနှုန်းရခြင်းမှာ အကြောင်းရှိပေသည်။ |
“ခင်ဗျားတို့ စာပေဟောပြောပွဲ လိုက်ပြောကြတယ်ဆို။ တစ်နေ့လောက် ကျွန်တော့်ကို ခေါ်ပါလားဗျာ။ လိုက်နားထောင်ချင်လို့” |
ယင်းသို့ဆိုလျှင် ကျွန်တော် သဘောပေါက်လေပြီ။ စာပေဟောပြောပွဲဆိုသည်မှာ မည်သူမဆို အခမဲ့နားထောင်နိုင်သောကိစ္စဖြစ်သည်။ သို့ရာတွင် ကိုညွန့်ဝင်းသည် ‘မည်သူမဆို’မဟုတ်ပါချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ‘ညွန့် ဝင်း’ဖြစ်သောကြောင့်တည်း။ သူ့ခမျာ ကိုယ့် ခြံဝင်းအပြင်ဘက်ထွက်ရ၊ လမ်းလျှောက်ရ သည်မှာပင် အခက်ကြုံနေရသူ ဖြစ်သည်။ သူ့ ချစ်ပရိသတ်ကလည်း နည်းသမှတ်လို့။ ထို့ကြောင့် သူ ကျွန်တော်တို့စာပေဟောပြောပွဲသို့ လိုက်လာလျှင် ပရိသတ်ထိန်းသိမ်းရသည်မှာ ပြဿနာမဟုတ်ဘူးပဲထား၊ မင်းသားကြည့်ချင်သော ပရိသတ်အနှောင့်အယှက်ဖြစ်နိုင်သည်။ ကျွန်တော်တို့မှာတာဝန်ရှိသည်။ သူလိုက်၍ ဖြစ်နိုင်သည့်ပွဲမျိုးကို စဉ်းစားရသည်။ ဥပမာ ဌာနဆိုင်ရာ စာပေဟော ပြောပွဲမျိုး။ ထို့ကြောင့်ပင် သူက ကျွန်တော့်ထံမှ အခွင့်အရေးတစ်ခု တောင်းသည်ဟု စောစောက ကျွန်တော် သုံးနှုန်းရခြင်းဖြစ်သည်။ |
သို့ရာတွင် ယနေ့တိုင် သူတစ်ကြိမ်မျှ မလိုက်ဖြစ်ခဲ့။ သူမအားလပ်သည်နှင့် ကြုံတတ် သလို သူမလိုက်သင့်သည့် ပွဲမျိုးတွေသာကျွန်တော်တို့ သွားရတတ်သည်။ ကျွန်တော်တို့ ပြောရဟောရသောနေရာမျိုးကား များသောအားဖြင့် ရပ်ထဲရွာထဲ တောလက်ကျေးရွာ လှေတစ် တန်၊ လှည်းတစ်တန်သွားရသော အရပ်မျိုး။ ကျွန်တော်တို့ ဟောပြောပွဲများ၊ အထူးသဖြင့် ကျွန်တော် ဟောပြောသည်များကို သူ နားထောင်ချင်သည့်အကြောင်း ကျွန်တော် သိသည်။ ကျွန်တော်သည် အထက်တွင် ဖော်ပြခဲ့ သော ရွှေမန်းတင်မောင်၏ စေတနာ၊ မေတ္တာ၊ သူ့ပရိသတ်ပေါ်ထားရှိသော ဂါရဝတရားကို ထည့်၍ ပြောတတ်သည်ဟု သူနားစွန်နားဖျား ကြားမိကောင်း ကြားမိပေလိမ့်မည်။ အကြင် မိဘ၏ဂုဏ်ပုဒ်ကို ဖော်ကျူးရာ၌ အဘယ်သားသမီးကောင်းသည် နားမထောင်ချင်ရှိမည်နည်း။ |
အခုအခါ
သူ၏အသံမျှကိုသာ
ဓာတ်ပြားနှင့်
အပ်ဖျားပွတ်ငြိသံကြားမှ
ဆွဲထုတ်နားထောင်ရင်း
ရွှေမန်းတင်မောင်ပွဲကို
အသေအချာမကြည့်မိသည်မှာ
နာလေးခြင်ဟု တွေးမိသည်။ |
တစ်နေ့တွင် ကိုညွန့်ဝင်းနှင့် ကျွန်တော် စကားလက်ဆုံကျဖြစ်ကြသည်။ ထိုစဉ်က စာရေးဆရာအောင်ပြည့် (မောင်သဘင်အမည်ခံ၍ ဇာတ်သဘင်ဆောင်းပါးများ ရေးဖူးသည်)လည်း အတူတကွ ရှိနေသည်။ ကိုအောင်ပြည့်က ရွှေမန်းတင်မောင်၏ အနုပညာကို ဆွေးနွေး နေသည်။ ကိုညွန့်ဝင်းသည် ပီတိပြုံးကို မညောင်းမညာပြုံးထားရင်း အားရကျေနပ်နေသည်။ နှစ်နာရီ၊ သုံးနာရီကြာမျှ စကားကောင်း ခဲ့ကြပြီးသည်ကိုပင် ကိုညွန့်ဝင်းက မတင်းတိမ်သေး။ သူ့အဖေ၏အကြောင်းခြင်းရာများကို ပင်လယ်ရေသဖွယ် ငတ်မပြေ နားထောင်ချင်နေသည်။ |
“ဆိုစမ်းပါဦးဗျ။ ကိုသုမောင်ကြီးကော ကျွန်တော့်ဖေဖေအကြောင်းတွေ ဟောပြောပွဲမှာ ထည့်တတ်သဆို။ ခင်ဗျားဟောပြောပွဲကလည်း ကျွန်တော်နဲ့ မဆုံနိုင်ဘူးဆိုတော့ ခုပဲ ပြောပြဗျာ။ ခင်ဗျား ဘာတွေပြောသလဲဟင်” |
နဂိုအသံဩကြီးဖြင့် ပလုတ်ပလောင်း ပြောလိုက်ပုံမှာ ကျွန်တော်ပင် သူနှင့်ရော၍ ပီတိ ဖြစ်ရလေသည်။ ကျွန်တော်သည် ရွှေမန်းတင် မောင်နှင့် အောင်သန်းတင်တို့၏ လူမသိသော ကန်တော့ပန်းကို စီကာပတ်ကုံး ပြောပြလိုက်လေသည်။ |
“သဘောကတော့ဗျာ... စာရေးသူဖြစ်ဖြစ်၊ အဆိုတော်ဖြစ်ဖြစ်၊ မင်းသားဖြစ်ဖြစ်၊ အနုပညာသည်ဆိုတာ ကိုယ့်ပရိသတ်အပေါ် လေးစားသင့်တယ်။ မေတ္တာ၊ သစ္စာထားသင့် တယ်လို့ ကျွန်တော် ပြောချင်တာပါ။ တကယ်တမ်း စိတ်ရင်းစေတနာရင်းနဲ့ ပရိသတ်ကို ချစ်ခင်လေးစားနိုင်ရင် ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါတယ် ကိုညွန့်ဝင်းရယ်... ရောင်ပြန် ဟပ်တတ်တယ်လို့။ ဒါကို ကျွန်တော်က ခင်ဗျားအဖေနဲ့ ဥပမာပေးတာပါ” |
ကိုညွန့်ဝင်းသည် ကျွန်တော် ပြောပြသော သူ့ဖခင်အကြောင်းကို ကြားရသောအခါ အတော်ပင် ထိခိုက်တုန်လှုပ်သွားပုံရ၏။ သူ၏ မျက်မှန်ကွယ်နေသဖြင့် သူ့မျက်လုံးတွင် မျက်ရည်ဝေ့နေ မဝေ့နေတော့ဖြင့် ကျွန်တော် မသိရပေ။ |
“အေးဗျာ။ ရိုးရိုးသားသားဝန်ခံရရင် ဖေဖေ့ရဲ့ အဲဒီအဖြစ်အပျက်ကို ကျွန်တော် လုံးဝ မသိသေးဘူး ကိုသုမော” |
“ခင်ဗျားမသိတာဟာ ပိုပြီးတန်ဖိုးကြီးသွား တာပေါ့ဗျ။ ဘာလို့ဆို ခင်ဗျားအဖေဟာ သူ ဒီလိုလုပ်ပါတယ်လို့ ခင်ဗျားကို ပြန်ပြောပြပြီး ဂုဏ်ယူတတ်တဲ့ လူစားမျိုးမှ မဟုတ်ပဲ။ ဒီလို အကြောင်းအရာမျိုးဟာ ကိုယ်တိုင်ထက် တစ်ပါးသူကပြောပြမှ ပိုလို့တန်ဖိုးတက်တာကလား။ ကျွန်တော်လည်း ဒီအကြောင်းကို ဒေါ်လေး ဒေါ်သန်းတင်ပြောပြလို့ သိရတာ။ ဒေါ်လေးက တော့ ဇာတ်ဆရာရဲ့အဲဒီအပြုအမူကို သူ့တစ်သက်မမေ့နိုင်တော့ဘူးတဲ့” |
ကိုညွန့်ဝင်းသည် သက်ပြင်းရှည်ကိုချ၏။ သူ့၌တန်ဖိုးကြီးသော အရာတစ်ခုရရှိနေမှန်း သူဆင်၍ ပြောပြသောအကြောင်းအရာက သက်သေပြလေသည်။ သူပြောပြသောအကြောင်း အရာဆုံးခန်းတိုင်သောအခါ မေတ္တာ၊ စေတနာ၊ ဂါရဝတရားတို့သည် ရောင်ပြန်ဟပ်သည်ဟူ သော ကျွန်တော်၏ ယုံကြည်ချက်မှန်ကန်ကြောင်း သေချာသွားရပါတော့သည်။ ဇာတ် ဆရာ၏မေတ္တာသည် သူ့သားလက်ထက်တိုင် ရောင်ပြန်ဟပ်၍မဆုံးသည်တကား။ သူ့အဖြစ် အပျက်ကို ကျွန်တော့်အား ပြောပြလေသည်။ |
တစ်နေ့တွင် ကိုညွန့်ဝင်းသည် အထက်အညာအရပ်သို့ ရုပ်ရှင်ရိုက်ရန် သွားရောက်၏။ သူ ရောက်လေရာအမြို့မြို့တွင် သူ့မော်တော်ကား နောက်သို့ သူ့ချစ်ပရိသတ်က တကောက် ကောက်လိုက်နေကြသည်။ အကယ်ဒမီနှစ်ထပ် ကွမ်း ညွန့်ဝင်းပေကိုး။ မြို့အစွန်နယ်အဖျား ရောက်တော့လည်း ‘ညွန့်ဝင်းကွ’၊ ‘ဗန်ဒိုလူလေးကွ’နှင့်ပင်။ ကျေးလက်တောရွာများသို့ ရောက်ပြန်တော့လည်း သူစီးသောနွားလှည်းဘေးမှ သူ့ပရိသတ်က ဝိုင်းဝိုင်းလည်။ သူ့လှည်း နောက်မှာလည်း ညာသံပေး၍ အပြေးလိုက်နေကြသော လှည်းပေါင်းမနည်းလှ။ သည်လိုနှင့် ကိုညွန့်ဝင်းတို့ရုပ်ရှင်အဖွဲ့သားများ တောကြိုအုံကြားထိရောက်ခဲ့ကြသည်။ ဘယ်ကိုပဲရောက်ရောက် ‘ညွန်ဝင်းလေးတဲ့ တော်’၊ ‘ညွန့်ဝင်းကြီးတဲ့ဗျ’၊ ‘အမလေး ချောလိုက်တာမှ အသားကလေးကို မှုန်လို့’ဟူသော အသံများ ထွက်ပေါ်ရစမြဲ။ |
နောက်ဆုံး သူတို့လူစုသည် လူသူမနီး လှည်းလမ်းခရီးပင် မပေါက်သော တောင်ပေါ် တောကြီးထဲအထိ ရောက်ခဲ့ကြသည်။ သည်မှာလည်း အလျှိုလျှိုနှင့် ဘယ်က ဘယ်လိုရောက် လာကြမှန်း မသိ။ သူတို့လာကြည့်ကြသော ပရိသတ်များနှင့်ပင်။ လူငယ်လူရွယ်များချည်း ဆိုလျှင် ထားတော့။ အသက်ကြီးအိုမင်းများပါ တောင်ဝှေးကိုယ်စီဖြင့် သူ့ထံလာ၍ ကြည့်ငေး ကြရသည်။ |
“ကျွန်တော် မာနတောင်တက်မိပါရဲ့ဗျာ” ဟု ကိုညွန့်ဝင်းက ဝန်ခံသည်။ သူသည် သူ့ စကားကို ဆက်၏။ |
““တစ်နေရာ ရောက်တော့ဗျာ။ ကျွန်တော်တို့လည်း စက်တွေထမ်း၊ ပစ္စည်းတွေထမ်းပြီး ခြေကျင်လာရတာမို့ တောလမ်းတစ်နေရာမှာ ခဏနားကြတယ်။ ကလေး လူကြီးပရိသတ်က တော့ ဝိုင်းတုန်းပေါ့လေ။ အဲဒီတုန်းမှာတောင် ဝှေးကြီးထောက်ပြီး ခါးတကိုင်းကိုင်လျှောက် လာတဲ့၊ တော်တော့်ကို ဆင်းဆင်းရဲရဲ စုတ်စုတ် ပြတ်ပြတ် အမယ်အိုကြီးတစ်ယောက် ကျွန်တော့် အနားရောက်လာတယ်။ အလေးပြုသလို နဖူးပေါ် လက်ကာပြီး မျက်လုံးကလေးမှေးလို့ ကျွန်တော့်ကို မှုန်မှုန်မွှားမွှား စိုက်ကြည့်နေတယ်။ ကျွန်တော်ကလည်း တောကြီးမျက်မည်းထဲက ကိုယ့်ပရိသတ်ဆိုတော့ ပိုပြီး ဂရုစိုက်ရမယ်လို့ နားလည်ပါတယ်။ ဒါနဲ့ အဘွား အိုကြီးနားကပ်သွားပြီး သူ့ပခုံးလေးကို ကိုင်လိုက်တော့ အဘွားကြီးက အကြောပြိုင်းပြိုင်း ထနေတဲ့ လက်ကြီးနဲ့ ကျွန်တော့်ပါးကို ကတုန်ကယင် လာကိုင်တယ်ဗျ။ ပြီးတော့မှ မျက်ရည်လေး စမ်းစမ်းစမ်းစမ်းနဲ့ ဘာပြောတယ် မှတ်သလဲ” |
အဘွားအိုပြောသောစကားသည် မည်သို့သော စကားဖြစ်ပါသနည်း။ ထိုစကားကို ကြားရသောအခိုက် ကျွန်တော်ပင် ကြက်သီးထ သွားမိသည်။ ရွှေမန်းတင်မောင်၏ သီချင်းသံသည် ကျွန်တော့်နားအတွင်းသို့ ဝေ့ခနဲ တိုးဝင်ပြီး ကျွန်တော့်သည်းခြေအိမ်ကို ဆွဲလှုပ်ပစ်လိုက် သလို ခံစားရလေသည်။
“စကြဝဠာ ကမ္ဘာမြေတရိုး၊ ထိုးဖောက်လို့ ကြားရပြန်ပေသည် ရွှေကြေးစည်” အဖေကြီးတီးသည့် ရွှေကြေးစည်သံသည် လှည်းလမ်းပင် မပေါက်သောတောင်ပေါ် တော တန်းတိုင် ပေါက်ရောက်နေချေသည်တကား။ |
အဘွားအိုပြောလိုက်သောစကားကို အရင်းအတိုင်း ကျွန်တော်ပြန်ပြောရသော် ... |
“ကိုတင်မောင့်သားဆိုလို့ လာကြည့်တာပါ”
ဟူသတည်း။ |
သုမောင် |
No comments:
Post a Comment