Home

စကားတစ်ခွန်း

တကယ်တော့ ပြဿနာရဲ့ဇာစ်မြစ်ဟာ ကျွန်မစတင်ခဲ့ခြင်း မဟုတ်သလို ကျွန်မက ပြဿနာရှာခဲ့ခြင်းလည်း မဟုတ်ပေ...။ ပြဿနာတွေက ကျွန်မဆီကို တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်တစ်မျိုး ရောက်ရှိလာခြင်းဖြစ်တယ်။ဥပမာ တဖွဲ့တနွဲ့ပြောရလျှင် ကျွန်မဟာ အေးစက်နေတဲ့ သံလိုက်တုံးလိုဖြစ်ပြီး ပြဿနာ အစတွေက ထိုသံလိုက်တုံးပေါ် အလျှိုလျှိုနှင့် လာရောက်ကပ်ငြိပတ်သက်နေခြင်းပဲ ဖြစ်တယ်။ကျွန်မဟာ ပြဿနာတွေကို အလွန်မုန်း တတ်သူဖြစ်ပြီး ပြဿနာလုပ်သူ၊ ပြဿနာရှာသူတွေကိုလည်း အလွန်မုန်းသူဖြစ်သည်။ စိတ်ရှင်း ပြီး ရိုးရိုးစင်းစင်းဘဝကို အေးချမ်းစွာ ဖြတ်သန်း ချင်ပေမဲ့လည်း အဲဒီနေ့က မယုပြောပြတဲ့ စကားကြောင့် ရွှေရည်စိုး ဟာ အတော်စကားကို ဗလောင်းဗလဲ ပြောတတ်တဲ့သူဆိုတာကို ကောင်းစွာ သိလိုက်ရ တယ်။ အဲဒီလိုသိလိုက်ရ တဲ့ ခဏမှာပဲ ဆုံးဖြတ်ချက်ချလိုက်တော့တယ်။ ဒါဟာ ဘယ်သူ့ ပယောဂမှ မပါဝင်ဘူးဆိုတာ ကျွန်မကိုယ်တိုင်အသိဆုံးပါပဲ...။
“စကားတစ်ခွန်းကြောင့် လူတစ်ဦးဟာ ပြစ်မှုကြီးသွားနိုင်သလို စကားတစ်ခွန်း ကြောင့် မိတ်ဆွေဖြစ်သွားနိုင်သလို ရန်ဘက်လည်း ဖြစ်သွားနိုင်တယ်။

အဓိကက အဲဒီစကားတစ်ခွန်းဟာ စိတ်ရင်းမှန်ကန်ဖို့လိုတယ်”

`သိပ်သေချာတာပေါ့ မယု။ ကျွန်မ ပြောခဲ့တဲ့စကားအတွက် တာဝန်ယူရဲသလို စိတ်ရင်း အမှန်နဲ့ဆိုတာ ကျိန်တောင်ပြောရဲပါတယ်။ ကျွန်မစကားဟာ သူ့အတွက် သတိပေးစကားပါ။ ဒါကြောင့် စေတနာဟာ လူတိုင်းနဲ့ မထိုက်တန်ဘုးလို့ ထွက်လာ တာပေါ့။ ကျွန်မ လိပ်ပြာ သန့်ပါတယ်”


ရွှေရည်စိုးကို ကျွန်မနဲ့သိတဲ့ အမျိုးသားတစ်ဦးအကြောင်းကို ပြောပြဖူးတယ်။ အဲဒီ အမျိုးသားက ကျွန်မအပေါ် မရိုးသားဘူးလို့ တပ်အပ်မပြောပေမဲ့ လိုတာထက် ပိုကောင်း နေတဲ့ အပြောအဆို အသုံးအနှုန်းတွေနဲ့ ကျွန်မအပေါ်ထားတဲ့ သဘောထားတွေကို သူ့ကို ပြောခဲ့တာက စေတနာနဲ့။ ရွှေရည်စိုးက အဲဒီအမျိုးသားကို အကုန်ပြောပြတယ်။ သူ့ပြန်ပြောတော့ ဟိုအမျိုးသားဘက်က ရိုးသားတယ်၊ ကျွန်မက မရိုးသားတာတဲ့။ သူ့အပေါ်ကိုတော့ ရိုးသားပါတယ်တဲ့။ ကဲ..ရယ်စရာမကောင်းဘူးလား။ စေတနာထားပြီး ပြောမိတဲ့ ကိုယ့်ပါးစပ်ကို အပ်နဲ့သာ ပစ်ဖောက်ဖို့ ကောင်းတယ်။ ကျွန်မ သူ့စိတ်ဓာတ်ကို တော်တော်လေး Lock Down ဖြစ်သွားတယ်။
“တကယ်ဆို ချို့ကိုမေးသင့်တာပေါ့နော်”
“မမေးချင်လည်း နေလေ။ ထင်ရာတော့ လျှောက်မပြောနဲ့ပေါ့။ ကျွန်မ စိတ်ပြတ်တယ် မယု။ စိတ်ထဲမှာ လက်မခံနိုင်တော့ရင် လက်မခံနိုင်တဲ့အတိုင်းပဲ ထားတယ်။ ဟန်မဆောင်ချင်ဘူး။ ကျွန်မ တော်တော် စိတ်ကုန်သွားတယ် မယု...။ သူ အဲဒီလောက်ပဲ အတွေးတိမ်ရသလား။ ကျွန်မဆန္ဒကတော့ ရွှေရည်စိုး ပြောပြတဲ့ စကားတွေအပေါ် သဘောမကျတာ အမှန်ပဲ”

“အေးပါ...ချိုရယ်”


ကြားထဲကနေ စိတ်ရှုပ်နေပုံရတဲ့ မယုကို လည်း အားနာမိတယ်။ မယုနဲ့တွေ့ပြီး ပြန်လာ တော့ စိတ်ထဲ တင်းကျပ်မှုတွေက မသက်သာ။ ရွှေရည်စိုးမျက်နှာကို စေ့စေ့ ကြည့်ကာ ပြောပစ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ မမှားတဲ့အတွက် ပြောစရာမလိုတော့ပါ။ငယ်သူငယ်ချင်းလည်းမဟုတ်...။ ပြောမနာဆိုမနာ အတိုင်းအတာထိလည်းမရှိ။ ဒါပေမဲ့ လုပ်ငန်းတူချင်း သွားရာလမ်းတစ်ခုမှာ ခုနစ်နှစ် ကျော်တိုင်တိုင်အထိ မိတ်ဆွေ သူငယ်ချင်းအဖြစ် ပေါင်းဖော်ခဲ့ဖူးပါတယ်။ တချို့နေရာတွေမှာ စိတ်ဓာတ်ချင်းမတူမှန်း သိပေမဲ့ တချို့နေရာမှာတော့ အဆင်ပြေပြေပေါင်းဖော်လို့ရခဲ့ဖူးပါတယ်။သူ့နာမည် ရွှေရည်စိုး။ သူက ရွှေသိပ် ကြိုက်တယ်လို့ ပြောဖူးတယ်။ ဒါကြောင့်လည်း သူ့အမေက အမည်ပေးခဲ့တယ်။ ရွှေရည်စိုးလို့။ သူ့ကို ကြည့်လိုက်ရင် လက်ကောက်၊ ရွှေဆွဲကြိုး၊ နားကပ်တွေ တစ်မျိုးပြီးတစ်မျိုး ကိုယ်ပေါ်မှာ ရှုပ်ယှက်ခတ် နေတတ်တယ်။

သူ့အမေသေတော့ အမွေရထားတဲ့ စိန်နားကပ်ကြီးဝတ်ပြီး နားဟောင်းလောင်း ဖြစ်နေတဲ့ ကျွန်မကို နားကပ်တစ်ရံတော့ ဝယ်သင့်တယ်လို့ မကြာခဏ ပြောဖူးတယ်။ ကျွန်မက ဝါသနာမပါ။ တစ်ခါတလေမှသာ ဖန်စီနားကပ်လေး ဒါမှမဟုတ် ပုလဲနားကပ် သေးသေးလေးသာ ပန်တတ်တယ်။

သူမက အဝတ်အစားတွေကိုတော့ ပိုက်ဆံရှိသူပီပီ ကြေးတန်တန်တွေကို ကိုင်တတ်တယ်။ လိုအပ်တာထက် ပိုတတ်တဲ့ အယူအဆ၊ အနေအထိုင်၊ ခံယူချက်နဲ့ အတ္တတွေရှိတယ်လို့ သူမ မိတ်ဆွေတချို့က ဝေဖန်တာကို ကြားဖူးခဲ့တယ်။ တကယ်လည်း အဲဒီလိုပဲဖြစ်ပြီး တစ်ခါတလေ သူမစိတ်တွေဟာ အစွန်းရောက်ခြင်းကနေ ကြောက်စရာ အသွင်သဏ္ဌာန်ကို ကူးပြောင်းသွား သလားလို့တောင် ထင်ရတယ်...။

သူငယ်ချင်း ဆရာဝန်က normal မဖြစ်နိုင်ဘူးလို့ ပြောတယ်။

“ကျွန်တော်သိသလောက် ချို့မိတ်ဆွေကို ဝေဖန်ရရင် သူဟာ ကိစ္စကြီးကြီး တစ်ခုကို ရင်ထဲကနေ နက်နက်ရှိုင်းရှိုင်း ဆုံးရှုံးထားခဲ့ပုံရတယ်။ ဒါကြောင့် သူ့ရဲ့လက်ရှိ စိတ်တွေဟာ အမြဲအနိုင်လိုချင်နေတယ်။ ဘယ်နေရာမှာပဲဖြစ် ဖြစ် အမြဲဆုံးရှုံးမှာ ကြောက်နေတယ်။ လူအများရှေ့မှာ သိမ်မွေ့ယဉ်ကျေးတဲ့ ဟန်အမူအရာတွေရှိပေမဲ့ သူတစ်ဦးတည်းရှိချိန်ဆို ခပ်ဆိုးဆိုး စရိုက်ကြမ်းတွေ ရှိနေတတ်မယ်။ စိတ်ကူးမယဉ် သလိုလိုနဲ့ စိတ်ကူးအင်မတန်ယဉ် နေတတ်ပြီး သူ့ရဲ့စိတ်ကို အမှန်မမြင်ရအောင် အမြဲတစ်ခုခု ကာဗာလုပ်ထားလိမ့်မယ်။ မရွှေရည်စိုးရဲ့ မျက်လုံးတွေဟာ တစ်ခါတလေ တော်တော်ကြီးကို ကြောင်စီစီနိုင်လိမ့်မယ်”

ဟုတ်တာပေါ့။ ကျွန်မ အပါအဝင် ကျွန်မ မိတ်ဆွေတွေတောင် သူ့မျက်လုံးတွေကို သတိထားမိတယ်။

`ချို...ရှင့်သူငယ်ချင်းတွေက တစ်ခါတလေ ကြောင်စီစီနဲ့...။ ဘယ်လိုကြီးလဲ မသိ ဘူးနော်...’တဲ့။

“ဆရာ ကျွန်မသူ့ကို အင်မတန်ပွင့်လင်း ခဲ့သူလို့ ယူဆခဲ့တယ်။ ဒါပေမဲ့ ကျွန်မ နောင်မှ သိလိုက်ရတာက ကာဗာတစ်ခုအတွက် ကိုယ်ကိုယ်တိုင် ပွင့်လင်းရိုးသား ချင်ဟန်ဆောင်တာပါ”

“လူတစ်ယောက်ဟာ ကိုယ့်စိတ်အမှန်ကို ကာကွယ်ချင်ရင် သူ့မှာရှိတဲ့ အကောင်းဆုံး အရည်အချင်းတစ်ခုကို ပေါ်ပေါ်ထင်ထင် ပြသပြီး ကာကွယ်တတ်တယ်။ ဒါမှလည်း သံသယမရှိမှာလေ။

သူ့မှာ ပုံမှန်နဲ့မတူတဲ့ ဘယ်လိုအပြုအမူတွေ ရှိလဲ”

“ကျွန်မ သူနဲ့ ခရီးလေးခေါက်လောက် ထွက်ဖူးတယ်ဆရာ။ တောင်ကြီး၊ မြစ်ကြီးနား၊ လားရှိုး၊ မုံရွာပေါ့။ ညတွေဆို သူ သိပ်ညဥ့်နက်မှ အိပ်လေ့ရှိတယ်။ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အတိုင်းထက်အလွန် ရွံရှာမှုတွေရှိတယ်။ ဥပမာ ပိုးဟပ်တစ်ကောင် အတွက် သူ့ရဲ့ရွံရှာမှုက အိပ်မပျော်နိုင်အောင် ကဲကဲစပ်ဖြစ်တယ်။ သောက်ရေခွက်ကို အတူတူ သောက်လေ့မရှိဘူး။ နောက် ရှက်ချင်တဲ့ကိစ္စဆို အရမ်းရှက်။ ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရားနဲ့ ပြောတတ်ပြီး တစ်ခါတလေ မရှက်ချင်မရှက်ဘူး။ ဒီလိုဆရာရယ်... ရှက်သင့်ကိစ္စကို မရှက်ဘဲ မရှက်သင့်တဲ့ကိစ္စကျ ရှက်နေတာ။ စိတ်အစွန်းရောက်သလို အဲ...အဝတ်အစားတွေကိုလည်း အကြိမ်ကြိမ် ပြန်လဲတတ်တယ်။ ပစ္စည်းချင်းအတူတူ ဆိုင် တစ်ဆိုင်ထဲက အတူတူ ဝယ်တာတောင် သူ့ ပစ္စည်းက ပိုကောင်းတယ်လို့ ထင်တဲ့အစားမျိုး။ ယောကျာ်းတွေကိုတော့ မုန်းတီးစိတ် နည်းနည်း ရှိပုံရတယ်”

“ဘာဖြစ်လို့လဲ။ သူက အပျိုလား”

“အပျိုပါ။ သူ သိပ်ချစ်တဲ့ အမျိုးသား တစ်ဦးနဲ့ ကွဲပြီးနောက်ပိုင်း အချစ်ခံစားမှုကို အလေး မထားဘဲ နေနေတော့သလိုပဲ”

“အဲဒါ အဓိကအချက်ပဲ ဖြစ်လိမ့်မယ်”

“အခု ကျွန်မအမျိုးသားနဲ့ကိစ္စကို ချိုက ငွေမက်လို့ ဆိုပြီး ပြောတယ်။ ကျွန်မ သည်းခံ ပါတယ်။ အတိုင်းထက်အလွန် စည်းလွန်တဲ့ ကိစ္စတွေကိုတော့ လက်မခံနိုင်ဘူး ဆရာ။ သူ့ အကြောင်းတွေကို ကျွန်မ ကောင်း၏ ဆိုး၏ ဘာမှ မဝေဖန်ဘူး။ ဒါက လူတစ်ယောက်မှာ ရှိတဲ့ အခွင့်အရေးနဲ့ right ကို ထည့်တွက်ရ မယ်။ အဲဒီလို ထည့်မတွက်တဲ့သူဟာ သူငယ်ချင်းမိတ်ဆွေလို့ ပြောပေမဲ့ ကျွန်မ မယုံနိုင်တော့ဘူး”

“ငွေမက်လို့ဆိုတော့ ချို့အနေနဲ့ ဘာတွေမှာ အကြီးအကျယ် ပြောင်းလဲနေလို့လဲ”

“ဟုတ်တယ်လေ။ သူ ဒီစကားကို မပြောသင့်ဆုံးပဲ ကျွန်မ တော်တော်လေးဒေါသ ဖြစ်မိသလို စိတ်မကောင်းလည်း ဖြစ်မိပါရဲ့။ ဒီတော့ ဆရာ ကျွန်မတို့ ဆက်ဆံရေးဟာ ကောင်းနိုင်ပါဦးမလား။ ကျွန်မက မချမ်းမြေ့တဲ့စိတ်တွေကို သယ်ဆောင်မသွားဘဲ နင်းချေပစ်ချင်တာ။ တစ်ယောက်တန်ဖိုးကိုတစ်ယောက် နားလည်ရင် မကောင်းဘူးလား ဆရာ။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာခဲ့ဘူး။ ဆန့်ကျင်ဘက်နှစ်ခုဟာ ကြာရှည်စွာ မနေအပ်ဘူး ဆိုတဲ့အတိုင်းပဲ။ ကျွန်မက ပုဂ္ဂလိကခံစားမှုတွေ၊ မျှော်လင့်ချက်၊ ဆာလောင်မှုတွေ လိုအင်တွေနဲ့ ဘဝကို တိမ်တိမ်လေး ဖြတ်သန်းချင်တာမှ မဟုတ်တာ။ လောက အပေါ် တာဝန်ကျေမှ လွတ်လပ်တာလေ။ ဘဝကိုနားလည်မှ လောကအပေါ်မှာ တာဝန် ကျေကြတာပါ။ ဟန်ဆောင်တာဝန်ကျေတာ ဘာလုပ်ဖို့လဲ။ ဘဝကို တည်ဆောက်ခွင့်ရနေ တာကိုက ပျော်စရာကောင်းနေတာလေ။ မဟုတ် ဘူးလား ဆရာ”

“သိပ်ဟုတ်တာပေါ့။ အခု ချိုပျော်နေပြီ လား”

“ပျော်နေပါတယ်။ သက်သောင့်သက်သာ နဲ့ကို ပျော်တတ်နေပါပြီ။ ဆရာတို့လို အဘိုးကြီး အရွယ်ကို ကျွန်မတို့က မကြာခင် ရောက်လာ တော့မှာလေ။ စတာနော် ဆရာ”

“ရပါတယ် ချိုရယ်။ ဆရာက ဘယ် ပြဿနာမဆို စိတ်ဝင်စားတတ်တဲ့Óဉ် ရှိ ပါတယ်”

“ချို့မိတ်ဆွေအကြောင်း ဆက်ပါဦး”

“ဟုတ်ပါရဲ့ လမ်းလွဲသွားတယ်။ သူနဲ့ ကျွန်မ ပဲခူးနဲ့ပုဂံလို အရှေ့နဲ့အနောက်တွေ ဖြစ်လာတယ်။ သူ့ဘက်ကကြည့်ပြီး သူမှန်တယ်လို့ ယူဆချင်လည်း ယူဆမှာပေါ့။ သူ ကျွန်မ အပေါ်မှာ မှားတဲ့အမှားတွေကိုတော့ ဖုံးကွယ် ထားတတ်တယ်။ ကျွန်မစိတ်ထဲမှာ နာကျင်စရာ တွေ များတာနဲ့အမျှ ပေါက်ကွဲလုလုတွေ ဖြစ်ချိန် မှာ...အိမ်က ဆင်ခြင်ဖို့ ပြောပါတယ်။ ကျွန်မ ဆင်ခြင်မိပါတယ်။ ဒါပေမဲ့ လှေကားထစ်တွေ က ရှိနေတော့ တက်ချင်နေတာပေါ့ဆရာ။ စည်း ဆိုတဲ့စကားကို နားမလည်ကြဘူးထင်ပါရဲ့။ စည်းဆိုတာ သူ့ဘက်ကိုယ်ဘက် ပိုင်ဆိုင်တယ်လေ။ စေတနာကို အစော်ကားခံလိုက်ရသလို ခံစားရတယ်။ စိတ်လည်းကုန်သွားတယ်”

“ချို...ဒါမျိုးတွေ ကြုံတွေ့ရတတ်ပါ တယ်။ ကိုယ်က ဆရာဝန်ဆိုတော့ ပိုဆိုးတယ်။ အမျိုးသမီးနဲ့ ကိုယ့်ကြားမှာ အမြဲဖြေရှင်းနေရ တယ်။ သူတို့ပါးစပ်လှုပ်တိုင်း လိုက်လှုပ် လိုက်ရှင်းနေရရင် အချိန်ကုန်တယ်။ ဥပေက္ခာနဲ့ နေလိုက်တော့ အေးရော”

“ဟုတ်ပါတယ်ဆရာ။ မလိုလားအပ်တဲ့ အတိုက်အခိုက်တွေကလည်း လူမမြင်ရဘဲ အများကြီးပါ။ ကျွန်မ ရယ်ချင်နေတာက အပြု အမူနဲ့ စိတ်ဓာတ်တွေကိုပါ။ လူတွေ ကိုယ့် အလုပ်ကို ကိုယ်လုပ်ရင် ဘယ်လောက်ကောင်း မလဲလို့။ နောက်ကွယ်ကနေ ကျွန်မကို အလဲထိုးဖို့ စဉ်းစားအကွက်ချလုပ်တော့ အကျိုးတွေ သိပ်ရှိသွားရောလား။ ကျွန်မရဲ့ အပြုအမူတိုင်းဟာ အမှန်တွေလို့တော့ မပြောလိုပါဘူး။ ဒါပေမဲ့ ကျွန်မ သူများအပေါ် စိတ်ပုပ် စိတ်ယုတ်နဲ့ မယုတ်ညံ့ခဲ့တာတော့ သေချာပါတယ်။ အားလုံး ကိုယ့်သမိုင်း ကိုယ်ရေးကြတာ မှန်ပေမဲ့ ကိုယ်တိုင်ကရော ဘယ်လောက်အကျိုးပြုသမိုင်း တွေ ရေးပြီးထားကြလို့လဲ”

“ဟုတ်ပါတယ် ချို။ လူတွေဟာ ဒီလိုပါ ပဲ။

ကဲ...ချို ကိုယ်ပြန်ဦးမယ်။ စကားလည်း ပြောကောင်းပါရဲ့။ နောက်နေ့ မနက် အရေးကြီးတဲ့ လူနာတစ်ဦး ကြည့်စရာရှိတယ်”

“ကောင်းပါပြီဆရာ”

“နောက်မှ ဆက်ဆွေးနွေးကြတာပေါ့”

“ဒီတစ်ခါတော့ ဆရာ့အတွေ့အကြုံအသစ် အဆန်းတစ်ခု ပြောပြပေါ့”

“ကောင်းပါပြီဗျာ...”

ဆရာ့ကားထွက်သွားတာကို ခပ်ဝေးဝေးအထိ လိုက်ကြည့်နေမိတယ်။ ဒီလိုပါပဲ ဆရာနဲ့ ကျွန်မဆုံတိုင်း ခေါင်းစဉ်တစ်ခုအောက်မှာ ဆွေးနွေးကြတာ။ သူ့အကြောင်း၊ ကိုယ့်အတွေ့ အကြုံတွေအကြောင်းပြောရတာ။ ကျွန်မတို့ နှစ်ယောက်စလုံး သဘောကျ ကျေနပ်မိကြတယ်။

တစ်ခါတလေ အတ္တဆိုတာက လူသားတို့ ရဲ့ သာယာချမ်းမြေ့တဲ့ အရိပ်အမြုံကို တိုက်ခိုက် တဲ့ တရားခံစင်စစ်။ ကျွန်မလည်း ပုထုဇဉ် လူသားမို့ အတ္တရှိမှာပါပဲ။ ဒါပေမဲ့ ပါးနိုင် သလောက် ပါးနိုင်အောင် လှီးထုတ်နေကြရတာ မဟုတ်လား။ ကျွန်မ မနှစ်မြို့နိုင်တဲ့ ကိစ္စတွေကို တော့ မလုပ်နိုင်တာ ကျွန်မအတွက် ဖြစ်သင့်ဖြစ်ထိုက်သော အမှန်တရားပင်။ရွှေရည်စိုးကို မုန်းစိတ်မရှိပါ။ သို့သော် မပေါင်းသင်းလိုသော ဆန္ဒက ကျွန်မမှာ အပြည့် အဝရှိနေခဲ့တယ်။ ကျွန်မအပေါ် အပြောခံခဲ့ရတဲ့ စကားအခွန်းတိုင်းကို မမှတ်သား တတ်ပေမဲ့ စကားတစ်ခွန်းကြောင့် စိတ်ပျက်မှုကိုတော့ ကျွန်မဦးနှောက်နဲ့ နှလုံးသားက အလိုလို မှတ်သားခဲ့ပြီးဖြစ်တယ်။ စကားတစ်ခွန်းနဲ့ နောက်စကားတစ်ခွန်း အခွန်းတွေ ဆက်ပြီးလို့ တွေးမိတော့ အမေပြောတာကို သတိရမိတယ်။

“သမီး သူများကို ပြောတော့မယ်ဆိုရင် အထူးဂရုစိုက်ရမှာက ကိုယ့်စကားတစ်ခွန်း အတွက် တစ်ဖက်သားရဲ့စိတ်ထဲမှာ ထိခိုက် နစ်နာမသွားစေဖို့ ဂရုစိုက်ရမယ်။ ကိုယ့်အတွက်ကတော့ ဘာမှမဟုတ်လောက်၊ မဖြစ်လောက်တဲ့ စကားဖြစ်ချင်ဖြစ်မယ်။ တစ်ဖက်သားဟာ ကိုယ့် စကားတစ်ခွန်းအတွက် ခံစားသွားရမှာ၊ နာကျင်သွားရမှာ ဒါမှမဟုတ် စိတ်ပျက်၊ စိတ်ကွက်သွား မှာ ဘယ်တော့မှမဖြစ်စေနဲ့ သမီး”

ခုချိန်မှာတော့ ရွှေရည်စိုးကြောင့် ကျွန်မမှာ လုံလောက်တဲ့ စိတ်ပျက်မှုနဲ့ စိတ်ဒဏ်ရာတွေ ရှိနေခဲ့ပြီ။ အမေပြောသလို ကျွန်မကတော့ ဘာမှ ပြန်လည်တုံ့ပြန် တော့မှာ မဟုတ်တာတော့ သေချာလှပါတယ်။

“ဘာရယ် ဆရာ။ ပြန်ပြောပါဦး”

“ဟုတ်တယ်။ ရွှေရည်စိုးဟာ ကိုယ့် သူငယ်ချင်းရဲ့ စိတ်ဝေဒနာရှင် အနုစားလူနာ အနေနဲ့ တိတ်တိတ်လေး ဆေးကုသမှုခံယူနေတယ်။ သူတို့က ဆွေကြီးမျိုးကြီးတွေမဟုတ် လား။ ပကာသနတွေ လွှမ်းမိုးနေသူတွေဆိုတော့ လူ မသိစေချင်ဘူးလေ။ ရွှေရည်စိုးဟာ အရွယ် မတိုင်ခင် အိမ်ထောင်ကျခဲ့တယ်။ နှစ်ဦးနှစ်ဖက် သဘောမတူညီမှုတွေကြားမှာ ကိုယ်ဝန်ဆောင် ခဲ့ရတယ်။ အဲဒီရခဲ့တဲ့ကိုယ်ဝန်ကို သူ့အိမ်က ဖျောက်ဖျက်လိုက်ကြတယ်။ အိမ်ထောင်က လည်း ကွဲသွားပြီဆိုတော့ အဲဒီကစလို့ ချစ်တဲ့ လင်ယောကျာ်းကို ဆုံးရှုံးရသလို ကလေးကို လည်း ဆုံးရှုံးလိုက်ရတဲ့အတွက် အနုစား စိတ်ဝေဒနာ တွယ်ကပ်လာခဲ့တယ်။ အရာရာကို ဟန်ဆောင်စိတ်တွေနဲ့ ဖုံးလွှမ်းပြီး စိတ်အလို မကျမှုတွေ များသည်ထက် များလာတယ်။ အခု ချိုနဲ့ တွေ့ချိန်ဟာ အရင်ကထက်စာရင် အများကြီး ကောင်းလာတာလို့ ပြောလို့ရမယ်။ သူ့ပတ်ဝန်းကျင်မှာ သူ့ကို နားလည်ခွင့်လွှတ် သည်းခံပြီး ပေါင်းမယ့်သူနည်းတယ်။ သူ့ဒဏ်မခံနိုင်ရင် စွန့်ခွာ သွားကြတာပဲတဲ့”

“ဪ...ဟုတ်လား”

“ကိုယ်သိတာကတော့ ရွှေရည်စိုးက ငါ့စကား နွားရ ပြောတတ်တယ်။ သူ့ရဲ့အကျင့် စရိုက်နဲ့ စကားတစ်ခွန်းကြောင့်ပဲ လင်မယား ကတောက်ကဆ ဖြစ်၊ ယောက္ခမတွေ၊ မိဘတွေ ပါရာကနေ နှစ်ဖက်ညှိမရအောင် ပြဿနာ အကြီးအကျယ် တက်ခဲ့ကြတယ်လို့ ပြောတယ်။ နောက်ဆုံးတော့ ရွှေရည်စိုးက သူ့ယောက္ခမတွေဆီ ဒူးထောက်ပြီး တောင်းပန် တာတောင် မရဘူးတဲ့။ ရွှေရည်စိုးက အဲဒီအမျိုးသားကို တကယ်လည်းချစ်တော့ စွန့်လွှတ် ရတဲ့အတွက် အတော့်ကို မခံချိမခံသာဖြစ်ရင်း သေကြောင်းကြံစည်ခဲ့လို့ ဆေးရုံတစ်ခါ ရောက်ခဲ့သေးတယ်တဲ့”

“ဪ်...သူ့ကြည့်တော့ မထင်ရဘူးနော်။ အပျိုအတိုင်းပဲ... ဒီကိစ္စတွေ ချို မသိခဲ့ဘူး...”

“ချို သူ့ကို နောက်ဆုံး ဘာပေးနိုင်သလဲ”

ဆရာ့အမေးကို ကျွန်မ တော်တော် အံ့ဩသွားတယ်။ ဆရာဘာကို ဆိုလို တာပါလိမ့်... အခုချိန်မှာ စိတ်ဝေဒနာရှင်လို့ မပြောရလောက်အောင် သူ ပြန်ကောင်း နေပြီဖြစ်တယ်။ လမ်းမှာ တွေ့တဲ့ ဝေဒနာရှင်တွေကို မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားတို့နဲ့ ဆက်ဆံကူညီနိုင်ပေမဲ့ သူမရဲ့ စကားတစ်ခွန်းကြောင့် ကျွန်မဘက်က နောက်ဆုံးပြန်ပေး နိုင်တာ ဥပေက္ခာပဲဖြစ်တယ်။

ဒီအဖြေကို ဆရာသဘောပေါက်ကျေနပ် လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မက ဆရာ့ကို အဖြေပြန်မပေးရသေးခင်မှာ ဆရာက ပြုံးပြီး ခေါင်းညိတ်တယ်။

“ဆရာ့လိုပဲပေါ့ ဆရာ”

“အဦးဆုံးလို့သတ်မှတ်ထားတဲ့ လူသားနှစ်ဦးဟာ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လို အကြောင်းတရားတွေပဲရှိရှိ တစ်ယောက်အပေါ် တစ်ယောက် ကောင်းသည်ဖြစ်စေ၊ မကောင်း သည်ဖြစ်စေ၊ တံတိုင်းတွေ ကာရံထားကြတာ သဘာဝပါပဲ။ ဒါတွေကို သဘောပေါက်ဖို့လိုတယ်။ ကိုယ့်ဇနီးအတွက်၊ ကိုယ့်မိသားစုအတွက် ကိုယ်ဟာ အမြဲတံတိုင်းအဖြစ် ရှိနေရမယ်။ လုံခြုံမှု ပေးနိုင်ရမယ်။ ကိုယ့်ဘက်က စိတ်ရင်းမှန်ပြီး အကြောင်းတရားမှန်ကန်တယ် ဆိုရင် ရွှေရည်စိုးခေါင်းစဉ်ကို ချိုပိတ်ပစ်လိုက် ပါတော့”

“ဟုတ်ပါတယ်ဆရာ။ နောက်ဆုံးတော့ ကိုယ့်စိတ်က ကိုယ့်ကို ပြန်ဒဏ်ခတ်ကြတာ ချည်းပါပဲ...။ ဘာမှ မဟုတ်တာတွေကို ကျွန်မ စိတ်၊ ကမ္ဘာထဲကို သယ်ဆောင်မသွားပါဘူး။ ကျွန်မအတွက် `စကားတစ်ခွန်း’ ဟာ ဘယ်အတိုင်းအတာအထိ အရေးကြီးပြီး ထိရောက်မှု ရှိသလဲ၊ ဘယ်လောက်ဂရုစိုက်ရမလဲ ဆိုတာ ကျွန်မကိုယ်တိုင် ခံစားရလို့ ကျွန်မ ပိုသိသွားပါ ပြီ ဆရာ”

ဆရာက ကျေနပ်စွာ ပြုံးရင်း ကျွန်မ အိမ်ရှေ့ကနေ ကားကို ညင်သာစွာ မောင်းထွက်သွားတယ်။

`စကားတစ်ခွန်း’ ဆိုတဲ့ခေါင်းစဉ်ကို ထိုတစ်ပတ်မှာ အပြီးသတ်ခေါင်းစဉ်တစ်ခု ဖြစ်သွားပါတော့တယ်...။

No comments:

Home