တန်ဖိုးသည် ရှုမြင်မှု၊ ခံစားမှု၊ နားလည်မှု၊ အလေးထားမှု စသည် တို့အပေါ်တွင် မူတည်၍ ကွဲပြားသည်။ ကျောက်အကြောင်း ဘာမှ မသိသူလက်ထဲ ပြည်တန်ပတ္တမြား ရောက်သော်လည်း တန်ဖိုးထား တတ်မည်မဟုတ်။ ထို့အတူ ပညာမဲ့သူ၊ ပညာကို တန်ဖိုး မထားတတ်သူတို့ကို ပညာအကြောင်း ပြောနေလျှင်လည်း ကျွဲပါးစောင်းတီး ဖြစ်ခြိမ့် မည်သာ။ မဟော်သဓာသည် ပညာကို မြတ်နိုးတန်ဖိုးထားသော်လည်း ပုဂံမင်းက ပညာကို သူ သောက်သော သေရည်တစ်ခွက်မျှလောက် အရေးတယူရှိမည် မဟုတ်ချေ။ ထို့ကြောင့် တန်ဖိုးသည် လက်ခံသူ၏ တုံ့ပြန်မှုနှင့် အချိုးကျသည်ဟု ဆိုရမည် ဖြစ်သည်။ | ||
| ||
ကျောင်းပြီး၍ လုပ်ငန်းခွင်ထဲ ၀င်ဖြစ်ကြသည်။ တစ်ဦးနှင့်တစ်ဦး မတွေ့ဖြစ်ကြတော့။ လေးငါးနှစ် မျှမက ကြာမည်ဟု ခန့်မှန်းမိသည်။ | ||
ဘမောင် အလုပ်တာဝန်က နယ်မှာဖြစ်၍ ရန်ကုန်အသိုင်း အ၀န်းနှင့် လေးငါးနှစ်မျှ အဆက်အတော်ပြတ်ခဲ့၍ ဘာမှမကြား၊ ရန်ကုန် ပြန်ရောက်သောအခါ သူငယ်ချင်းတချို့နှင့်တွေ့၍ သူ့အကြောင်း ကြားရသည်။ စိတ်မကောင်းခဲ့။ လင်ရ ကံမကောင်းဟု ဆိုသည်။ ခင်ပွန်းသည်က ဘာမှ မယ်မယ်ရရ အလုပ်မလုပ်၊ အပျော်အပါး အတော်နှစ်သက်၍ မိန်းမပိုက်ဆံ ထိုင်ဖြုန်းသူဟု သိရသည်။ “ဖြစ်တတ် တာပဲလေ”ဟုသာ နှလုံးပိုက်လိုက်ပါသည်။ ထို့ထက် ဆိုးသည်ကို ထိုစဉ်က မသိခဲ့သေးပါ။ | ||
တစ်ရက် အခွေငှားဆိုင်မှာ သူငယ်ချင်းမကို တွေ့သည်။ သူ့ခင်ပွန်း ပါလာ၍ မိတ်ဆက်ပေးရှာသည်။ အများပြောသည်မှာ မဆန်း၊ နည်းသေး သည်ဟုပင် မြင်ရုံနှင့် သိသာသူ ဖြစ်ပါ၏။ | ||
ဆံပင် ရှည်ရှည်၊ ပိန်ကပ်ကပ်၊ ရုပ်က ခပ်ဆိုးဆိုး၊ ဒါက အကြောင်းမဟုတ်၊ အကြောင်းက သူ၏ အမူအရာ နှင့် မျက်လုံးများ၊ အရာရာကို ပေါ့ပျက်ပျက် သဘော ထားတတ်သူ၊ မျက်လုံးများက ရိုးစင်းမှုကို နည်းနည်းမှ ကိုယ်စား မပြု။ တွေ့လိုက်ရသော ဆယ့်လေးငါးမိနစ်အတွင်းမှာပင် ကိုယ့် ဇနီးသည်အပေါ် ဆက်ဆံရေးကို မြင်သူတိုင်း သိနိုင်အောင် ထင်ရှားလှပါ၏။ “နိုင်ချင်တိုင်း နိုင်မည့်ပုံ”၊ “ဂရုမစိုက်ချင်တိုင်း ဂရုမစိုက်မည့်ပုံ” “တန်ဖိုး မထားချင်တိုင်း တန်ဖိုးမထားမည့်ပုံ” ကို အထင်းသား တွေ့နေရ၏။ | ||
‘ “ကိုဘမောင်ကြီး၊ သွားတော့မယ်နော်” ’ | ||
ငယ်ငယ်က သူ၏အလှများ၊ ကျက်သရေများသည် ဘယ်ရောက်ကုန်သည် မသိ၊ လင်ဆိုးမယား တဖားဖားက သူ့ကို နှိပ်စက်သည်ထင့်၊ အတော်ပင် အိုစာသွားပြီး အားငယ်မှု၊ ယူကျုံး မရမှု၊ ခံပြင်းမှုစသော ခံစားချက်များကို သူ၏ မျက်ဝန်းများမှာ တွေ့လိုက်ရပါသည်။ | ||
‘ “မေစံပယ်တို့ ကွဲသွားကြပြီ" ’ | ||
ထိုသော အိမ်ထောင်ရေးမျိုး ကြာကြာခံမည်မဟုတ်ဟု ဘမောင် မျှော်မှန်းထားပါသည်။ အိမ်ထောင်သက် ဘာမှ မကြာလိုက်ကြပါ။ | ||
ဘမောင်နှင့် မေစံပယ်တို့ လေးငါးနှစ်မျှလောက် အဆက် ပြတ်သွားကြပြန်သည်။ မေစံပယ် အိမ်ထောင်ထပ်ကျလိုက်သည်ဟု သူငယ်ချင်းများမှတစ်ဆင့် ကြားသိခဲ့ရ၏။ သည်တစ်ခါ ကံကောင်းပါစေဟုသာ ဆုတောင်းရပါသည်။ | ||
‘ “ဟေး... ကိုဘမောင်ကြီး၊ မတွေ့တာ အတော်ကြာသွား ပြီ...” ’ | ||
‘ “အေးဟာ... လေးငါးနှစ်လောက်ရှိသွားပြီလားပဲ... မတွေ့ ကြတာ...” ’ | ||
‘ “မိတ်ဆက်ပေးရဦးမယ်။ ဒါက မေစံပယ့် ခင်ပွန်း... ဦးအောင်ကျော်” ’ | ||
‘ “တွေ့ရတာ ၀မ်းသာပါတယ်” ’ | ||
လက်ဆွဲ နှုတ်ဆက်ဖြစ်ကြသည်။ နွေးနွေး ထွေးထွေး ရှိလှ၏။ ပထမတစ်ယောက်နှင့် တခြားစီ၊ မြင်ရုံနှင့် လူကြီး လူကောင်းဆန်သော ဦးအောင်ကျော်ကို အကောင်းဘက်က ဘမောင် အကဲခတ်မိသည်။ မေစံပယ်ထက် သုံးနှစ်ငယ်သည်ဟု သိရသည်။ သူ့ဇနီး သည်အပေါ်လည်း ကြင်ကြင်နာနာရှိလှသည်။ | ||
မေစံပယ်မျက်နှာတွင် အိုစာမှုတို့၊ သောကတို့ ဘယ်သို့ ပျောက်ကုန်သည်မသိ၊ စိုစိုပြည်ပြည် လှလှပပ ပြန်ဖြစ်လာသည်။ ထိုစဉ်က ဘမောင်တို့အသက် ၄၀ မပြည့်တတ် သေး၍ အယိုအယွင်းကြီး မဟုတ်ကြသေး။ | ||
လောကဓံ၏ ရိုက်ပုတ်မှုကြောင့် လေးငါးနှစ်စာမျှ ပို၍အိုမင်းနိုင်ကြသလို စိတ်၏ချမ်းသာမှု၊ ကိုယ်၏ ကျန်းမာမှုတို့ကြောင့်လည်း လေးငါးနှစ်စာမျှ နုပျိုနိုင်ကြသော အရွယ်များ ဖြစ်ကြပါသည်။ မည်သို့ဆိုစေ ကျောင်းပြီးကတည်းက နှစ်ခါမျှသာ တွေ့ခွင့်ရခဲ့သော သူငယ်ချင်းမ မေစံပယ်ကို ဒုတိယ အကြိမ် ပြန်အတွေ့တွင် စိတ်ချမ်းသာ၊ ကြည်နူးခဲ့ရပါသည်။ | ||
ဝမ်းသာ၊ ပီတိ ဖြစ်ခဲ့ရပါသည်။ သည်တစ်ခါ တန်ဖိုးထားတတ်သူ လက်ထဲ ကျောက်ကောင်း တစ်ပွင့် ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။ | ||
ဦးပြုံးမောင်မောင်နှင့် ဘမောင်က ကျောင်းနေဖက်၊ ကိုးတန်း ကျောင်းသား ဘ၀ ကတည်းက ဖြစ်သည်။ စက်မှုတက္ကသိုလ်မှာလည်း ဘာသာကွဲသော်လည်း မကြာခဏ တွေ့ဖြစ်ကြသူတွေ ဖြစ်သည်။ သူက CE Group ၏ ဦးဆောင်သူ၊ အင်းဝ စာတိုက်၏ပိုင်ရှင်၊ သူလည်း နိုင်ငံတကာအဆင့် စီးပွားရေး လုပ်ကိုင်နေသူ ဖြစ်သည်။ ကမ္ဘောဒီးယား၊ မလေးရှား၊ လာအိုတို့တွင် Electronic Visa လုပ်ငန်း ဆောင်ရွက်ပေးနေသူ ဖြစ်သည်။တစ်ရက်တွင် သူက “….Something To Think About….” ဟူသော ဖြစ်ရပ်ပုံ တစ်ခုအကြောင်း E-mail ကို ဘမောင်ထံ ပို့ခဲ့၏။ | ||
ဘူတာရုံတွင် လူတစ်ဦး တယောထိုးနေပုံ ဖြစ်၏။ ဘေးနားတွင် လမ်းသွား လမ်းလာ သူတချို့ကိုတွေ့ရသည်။ အမေရိကန် ၽႊေ့်ငညါအသည ီဃ မြေအောက်ရထား ဘူတာရုံ တစ်နေရာ ၏ ၂၀၀၇ ဇန်န၀ါရီလ မနက်စောစောပိုင်းကပုံ ဖြစ်သည်။ | ||
တယောသမားသည် ဘူတာရုံတစ်နေရာ၌ စိတ်ဝင်တစား လက်သံ ကောင်းကောင်းဖြင့် တယောကို တစ်နာရီခန့်မျှ ထိုးနေပါသည်။ သူ တယော ထိုးနေသောအချိန်တွင် လူနှစ်ထောင် လောက်က ဘူတာရုံတွင်း ကိုယ့်လမ်းကိုယ် သွားနေကြသည်။ သုံးမိနစ်ခန့်ကြာသောအခါ လူလတ် ပိုင်းတစ်ဦးက ဂီတသမားတစ်ဦး တယောထိုးနေသံကို သတိပြုမိလိုက်ပါသည်။ သူ၏ လမ်းလျှောက်နှုန်းကို လျှော့ချလိုက်ပြီး စက်္ကန့်အနည်းငယ်မျှ ရပ်ကြည့် လိုက်သည်။ ထို့နောက် ခပ်သုတ်သုတ် ပြန်လည်ထွက်ခွာသွားခဲ့သည်။ | ||
လေးမိနစ်ခန့်ကြာသောအခါ... တယောဆရာသည် သူ၏ ပထမဦးဆုံးသော တစ်ဒေါ်လာငွေကြေး ကို ရရှိခဲ့သည်။ အမျိုးသမီးတစ်ဦးက ပစ်ပေးခဲ့ပြီး ရပ်တံ့ခြင်းမရှိဘဲ သူသွားလိုရာသို့ ဆက်လက် ထွက်ခွာ သွားခဲ့သည်။ | ||
ခြောက်မိနစ်ကြာသောအခါ... လူငယ်တစ်ဦးက နံရံကိုမှီ၍ တယောသမား၏ဂီတသံကို နားထောင် သည်။ ထို့နောက် သူ့နာရီကိုကြည့်၍ ထွက်ခွာသွားပြန်သည်။ | ||
၁၀ မိနစ်ကြာသောအခါ... သုံးနှစ်သားကလေးက ရပ်၍ ကြည့်သည်၊ သို့သော်လည်း သူ့အမေက ကလေးငယ်၏ လက်ကိုဆွဲ၍ ဆက်သွားရန် လုပ်သည်။ ကလေးငယ်က ဆန့်ကျင်၍ တယောဆရာကြီးကို ထပ်၍ကြည့်ပြန်သည်။ မိခင်က ကလေးငယ်ကို တွန်းထုတ်လိုက်၍ ကလေးငယ်လည်း မိခင်နှင့်အတူ လိုက်ပါ ရတော့သည်။ သူ၏ခေါင်းကို မကြာခဏ နောက်ပြန်လှည့်၍ ကြည့်ရှာ သည်။ ဤကဲ့သို့ပင် ဖြတ်သွားသော ကလေးများက တယောဆရာကြီးကို မကြာခဏ လှည့်ကြည့်လှည့်ကြည့် လုပ်သွားကြပါသည်။ မိဘတိုင်းကလည်း သူတို့၏ကလေးများကို အတင်းဆွဲ၍ ခရီးဆက်ကြပါ၏။ | ||
| ||
တစ်နာရီကြာသောအခါ... တယောဆရာကြီးက တယောထိုးကို ရပ်လိုက်ပါတော့သည်။ မည်သူမျှ သူ့ကို သတိမထားမိ၊ မည်သူမျှ သူကို မချီးကျူးခဲ့၊ မည်သူမျှလည်း သူ့ကို အသိအမှတ် မပြုခဲ့ကြပေ။ | ||
ဤအခြေအနေနှင့်ဖြစ်ရပ်ကို မည်သူ တစ်ဦး တစ်ယောက်မျှ မသိခဲ့ပါ။ သို့သော်လည်း ဘူတာရုံ ထဲတွင် တယောထိုးနေသော ဂီတသမားကြီးမှာ Joshua Bell ဖြစ်ပါသည်။ ကမ္ဘာ့အကြီးကျယ်ဆုံးသော ဂီတသမားထဲမှ တစ်ဦးဖြစ်သည်။ သူက အလွန်ရှုပ်ထွေး နက်နဲသည့် ဂန္ထ၀င်တေးသွား တစ်ပုဒ်ကို ရေးသားတီးခတ်ခဲ့သည်။ တယောနှင့်ပင် တီးခတ်ခဲ့ပြီး ထိုတေးသွားက ဒေါ်လာ ၃၅ သန်း တန်ကြေး ဖြစ်ပါသည်။ ထိုနေ့မတိုင်မီ နှစ်ရက်ခန့်က ဘော့စတွန်ရှိ ပြဇာတ်ရုံကြီးထဲတွင် သူ၏ဂီတသံကို တင်ဆက်ခဲ့ရာ ခုံတစ်နေရာစာအတွက် ပျမ်းမျှ ဒေါ်လာ ၁၀၀ ဖြင့် ရုံပြည့် ရောင်းချခဲ့ရသည်။ | ||
အထက်ပါဖြစ်ရပ်သည် ဖြစ်ရပ်မှန် ဖြစ်၏။ မြေအောက်ဘူတာရုံတွင် Joshua Bell ကို တယော ထိုးရန် စီစဉ်ခဲ့သူမှာ နာမည်ကြီး Washington Post သတင်းစာကြီးကဖြစ်ပြီး လူမှုအတွေ့အကြုံများ ဖြစ်သော၊ လူများ၏ ခံစားမှု၊ တုံ့ပြန်မှု၊ တန်ဖိုး ထားနိုင်မှု၊ ဦးစားပေးရာတို့အကြောင်းကို သုတေသန ဆန်းစစ်မှုပြုခြင်းတစ်ရပ် ဖြစ်သည်။ မေးခွန်းမှာ ... | ||
- အများသုံး နေရာ၊ ၀န်းကျင်တွင် မဆီလျော်သော အချိန်တစ်ခု၌ ကျွန်ုပ်တို့ အလှအပတစ်ခုကို ခံစားနိုင်ကြပါသလား? - ကျွန်တော်တို့ ထိုအလှကို ရပ်၍ လေးစား တန်ဖိုးထားနိုင်ပါသလား? - မမျှော်လင့်သော အခြေအနေတစ်ရပ်ရပ်တွင် ကျွန်တော်တို့သည် ထူးခြားမှုတစ်ခုကို အသိအမှတ် ပြုနိုင်ကြပါသလား? ဤစမ်းသပ်မှုမှ ဖြစ်နိုင်သော ယူဆချက်တစ်ရပ်မှာ... မည်မျှသော အတော်ဆုံး ဂီတသမား၊ မည်မျှ အကောင်းဆုံးသော ဂီတသံ၊ မည်မျှ အကောင်းဆုံး သော တူရိယာများ ဖြစ်ပါစေ ... ကျွန်တော်တို့ ရပ်၍ နားစွင့်ရန် အချိန်သာမရှိခဲ့ပါလျှင် ... တန်ဖိုးသည် ဘာမှန်းသိမည် မဟုတ်ပါချေ ... ။ အခြားမည်သည့်အရာများကို ကျွန်တော်တို့ လွဲချော်ခဲ့ပြီးကြပါပြီလဲ။ |
ရှုမြင်ခြင်းနှင့် တန်ဖိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment