“နင်ဆက်တော့ ကိုကြီး ဘာပြောလဲ သူစိတ်ပူနေမှာ။ သူ အလုပ် မအားလို့ ဖြစ်မှာ။ နို့မို့ဆို ခုချိန်လောက်ဆို ရောက်နေမှာ”
အိန္ဒြာပြောတော့ စိုးစိုးခိုင် တစ်ချက်ငိုင်သွားသည်။ ပြီးမှ
“မဟုတ်ဘူးဟဲ့။ ငါ ဖုန်းဆက်တော့ နင့်ကိုကြီးရဲ့ ဟန်းဖုန်းကို အမျိုးသမီး တစ်ယောက်ကိုင်တာ။ ကိုကို ရေချိုးခန်း ၀င်နေလို့ပါ ပြီးမှ ပြန်ခေါ်ပါ တဲ့ဆိုလို့ နောက်ပြန်ခေါ်တော့ ဖုန်းပိတ်ထား တယ်ဟ”
စိုးစိုးခိုင့် စကားက အိန္ဒြာ့ကို ခြောက်ခြောက်ခြားခြား ဖြစ်စေခဲ့ သည်တော့ အမှန်။ ကိုကြီးမှာ အတူနေ ညီမ ရှိသည်ဟုလည်း ပြောသံ မကြားခဲ့။ အိန္ဒြာ ကိုယ်တိုင်ကလည်း စပ်စပ်စုစု မေး မကြည့်ဖြစ်ခဲ့။ ကိုကြီးထံ အိန္ဒြာ ကြိမ်ဖန်များစွာ ဖုန်းဆက် ဖူးသည်တွင် ဆက်သွယ်မှု ဧရိယာ အပြင် ရောက်နေသည်ဟုသာ ကြားရဖူးလျက် အမျိုးသမီး တစ်ဦးဦးနှင့် တွေ့ခဲ့ ဖူးသည်လည်း မရှိခဲ့။ မနက်က ခြောက်နာရီလောက် အစောကြီး ရှိသေးသည့် အချိန်မှာ ကိုကြီး ဖုန်းကို အမျိုးသမီး တစ်ယောက်က ကိုင်သည် ဆိုတော့ အိန္ဒြာ ခေါင်းခါပစ်လိုက်သည်။
ထပ်ပြီးတော့ ကိုကြီးထံ ဖုန်းဆက် ပေးဖို့လည်း စိုးစိုးခိုင်ကို အိန္ဒြာ အသေအချာ အထပ်ထပ် မှာလိုက် မိသေးသည်။ တကယ်တော့ အိန္ဒြာ မမှာလျှင်တောင်မှ စိုးစိုးခိုင်က ကိုကြီးထံ ထပ်ပြီး အကြောင်းကြားမှာ သေချာသည်။ ကိုကြီးနှင့် အိန္ဒြာ့ အကြောင်းက သူငယ်ချင်းတွေ အပြင် ဂျာနယ်တိုက် တစ်ခုလုံး အားလုံးအသိ။
မနေ့ ညနေတုန်းကပင် အလုပ်မှ ပြန်တော့ ကိုကြီး လာကြို စောင့်နေပြီး တစ်ခုခု စားရအောင် ဆိုဖြင့် စိုးစိုးတို့ကို တာ့တာပြပြီး ကိုကြီး နှင့် အတူလိုက်ကာ ၃၆ လမ်း ကြေးအိုးဆိုင်မှာ ကြေးအိုး အတူ ၀င်စား ဖြစ်ခဲ့ရသေးသည်။ ကြေးအိုးကို အိန္ဒြာ အလွန် ကြိုက်သော်လည်း မနေ့ကတော့ ကြေးအိုးစားဖို့ အိန္ဒြာ သိပ်စိတ်မပါခဲ့။ သို့သော် ညနေ အလုပ်ဆင်းချိန်တွင် အိန္ဒြာတို့ “ဆေးလ်ဗားစတား” (silver star) ဂျာနယ်တိုက် အပေါက်ဝ သို့တိုင် ကိုကြီး ရောက်လာ ကြိုပါလျက်နှင့် ဆိုတော့ သူ့ကို ကိုကြီးကို ခေါင်းမခါမိ လိုက်တော့။ အမှန်တော့လည်း ကိုကြီးနှင့် တွေ့လျှင် အိန္ဒြာ ခေါင်းခါမိတာ ခပ်ရှားရှားပင်။ ကိုကြီးကလည်း အိန္ဒြာ့ အတွက်ဆို အရာခပ်သိမ်း အလိုက်တသိ ရှိတတ်ခဲ့ သည်လေ။ ထို့ကြောင့်ပင် ကိုကြီး ကျေနပ်အောင် ကြေးအိုးဆိုင်သို့တော့ လိုက်ခဲ့ရသေးသည်။ စိတ်ကမူ အိမ်သို့ ပြန်ရောက် နေခဲ့၏။
ညနေပိုင်းတွင် သူကားပေါ်မှာ စောစောဆင်းလျက် သူတို့ လင်မယား အမေ့ကို သီတင်းကျွတ် အခါရက် ကန်တော့ဖို့ တူမ နှစ်လ သမီးလေးနှင့် အတူ အိမ်သို့ လာကြမည်ဟု အိန္ဒြာ့ထံ နေ့လယ်ပိုင်း ကတည်းက အစ်ကို ဖုန်းဆက်ထားသည်။ အစ်ကိုသည် အမေ့ကို မှတ်မှတ်ရရ တစ်ကြိမ် တစ်ခါမျှ မကန်တော့ဖူးခဲ့။ ကန်တော့ဖို့ မေ့လျော့ နေသည် ဟုတ်ဟန် မတူသော်လည်း လိုင်းကား စပယ်ယာ ဆိုသည့် သူ့ဝင်ငွေက သူ့အိမ်ထောင်ကိုမျှပင် လောက်ငှပါရဲ့လား မသိဟု အိန္ဒြာ တွေးမိပြီး ဖြစ်သည်။ ပြီးတော့ အစ်ကိုက သူ့ကို ဘယ်တုန်းကမှ လူမွေးလူတောင် မပေါက်စေခဲ့သည့် နှစ်လုံး၊ သုံးလုံးတွေလည်း ၀ါသနာ ပါတတ်သေးသည်မို့ ခြိုးခြိုး ခြံခြံနှင့်ပင် ရွှေပြည်သာမှာ တဲသာသာ အိမ်ကုပ်ကုပ် ကလေးတစ်လုံး ငှားပြီး အိုးခွဲ အိမ်ခွဲ နေရသည့် ဘ၀ ဖြစ်၏။
ခွဲမနေလို့ကလည်း အမေရယ်၊ အမေ့ နောက်ယောက်ျား ပထွေးရယ်၊ အဲသည် ပထွေးနှင့် ရသည့် မအေတူ ဖအေကွဲ မောင်လေးရယ် ဆိုတော့ လှိုင်သာယာ အစွန်မှ အိန္ဒြာတို့၏ မဓမတိုင် ဓနိမိုး ၀ါးထရံကာ အိမ်ကလေးနှင့်က မကာမိ။ သည်တော့ အစ်ကိုက သူစပယ်ယာ လုပ်သည့် လိုင်းကားဂိတ် အစနှင့် အနီးနိုင်ဆုံး ထန်းခြောက်ပင် ရပ်ကွက် ကလေးမှာ နေသည်။ သည်တော့လည်း တစ်မိတည်းဖွား မောင်နှမ အရင်း ဆိုပေမယ့် အစ်ကိုနှင့် မမြင်မတွေ့ ခဲ့ရသည်မှာ လနှင့်ပင် ချီပြီ။ နှစ်လသမီး တူမလေးကိုလည်း အစ်ကို့ ဇနီး မီးဖွားပြီးစ မီးတွင်းထဲမှာ တုန်းကသာ အိန္ဒြာ သွားတွေ့သဖြင့် တစ်ကြိမ်တွေ့ခဲ့ ရပြီး ကိုယ့်အလုပ်နှင့် ကိုယ်မို့ အစ်ကိုတို့ အိမ်သို့ မရောက်ဖြစ်။ သည်တော့ တူမလေးကိုလည်း မြင်ချင် တွေ့ချင်သည်။
ထိုကြောင့် အစ်ကို့ ဖုန်းရကတည်းက ဒီနေ့ အိမ်စောစော ရောက်အောင် ပြန်မည်ဟု စဉ်းစား ထားမိခဲ့၏။ အမေ့ကို လာကန်တော့မည် ဆိုတော့ အစ်ကို့မှာ ငွေစလေး အထိုက်အလျောက် အဆင်ပြေ နေပုံရသည်ဟု အိန္ဒြာ ထင်သည်။ အစ်ကို့မှာ အဆင်ပြေပုံ ရလျှင် အစ်ကို့ဆီက မုန့်ဖိုး ရဖူးတယ် ရှိအောင် တမင်ကို အနည်းအပါး တောင်းထားလိုက်ချင်သေးသည်။
ထို့ကြောင့် အခါတိုင်းလို လွတ်လွတ်လပ်လပ် တွေ့နေကျ နေရာလေးသို့ ကိုကြီး ခေါ်တာကိုပင် သည်နေ့တော့ ခွင့်ပြုပါ တောင်းပန်ရင်း အိမ်သို့ ပြန်ခဲ့ရသည်။
“အိန္ဒြာ ညီမလေး၊ မင်းတို့ မားကက်တင်းတွေနဲ့ ကပ်စတမ်မာတွေရဲ့ ဆက်ဆံရေးမှာ သူတို့ဆီက ကြော်ငြာလေး တစ်ခုရဖို့ အတွက် မင်းတို့ဘက်က အပြုံးချိုချို အပြော နွဲ့နွဲ့လေးတွေနဲ့ ဆက်ဆံရတယ် ဆိုတာမှာ အတိုင်းအတာ တစ်ခုထိတော့ သတ်မှတ် ထားဖို့ လိုလိမ့်မယ်။ သတ်မှတ် မထားရင် သွေးတိုးစမ်း ခံရတတ်တယ်။ လက်ရဲ ဇက်ရဲနဲ့ အစော်ကား ခံရတတ်တယ်။ မိန်းကလေး တစ်ယောက်ရဲ့ မျက်နှာပေါ်မှာ ရှိနေတဲ့ ဘယ်လို အကြောင်းအရာကိုပဲ ဖြစ်ဖြစ် တောကျွမ်းတဲ့ မုဆိုးက အလွယ်တကူ သိတတ်တယ်လို့လည်း ညီမလေး သိထား စေချင်တယ်။ အဲဒီ လုပ်ငန်းရှင်ဆိုတဲ့ လူတွေထဲက အတော်များများဟာ ငွေပေါသလောက် စာရိတ္တ ချမ်းသာတဲ့သူ အတော်နည်းတတ်တယ်။ သူတို့က မင်းတို့လို မအူ မလည်နဲ့ ငယ်ငယ်ရွယ်ရွယ် လှချင်ပချင်တဲ့ အရွယ် မားကက်တင်း လေးတွေကိုဆို အလိုလို ကြိုပြီး အထင်သေး ထားတတ်တယ် ဆိုတာ သတိထားပါ။ ဒါလည်း တချို့မားကက်တင်းတွေရဲ့အနေအထိုင် မတတ်မှုတွေကြောင့် ဖြစ်ခဲ့ရတာပါ။ ညီမလေးက မားကက် တင်းတွေထဲမှာ အငယ်ဆုံးမို့ မမှားသင့် တာ မမှားရအောင် အစ်မ သတိပေးတာနော်”
ညနေပိုင်း အလုပ်မှ ပြန်ချိန်တွင် တစ်ပတ် နှစ်ကြိမ်လောက် ကို ကြီး လာလာ ကြို ခေါ်သည့် နောက်သို့ အိန္ဒြာပါပါသွား သည် ကို နှစ်ခါသုံးခါ မြင် နေသည့် ပေါ့ပ်သတင်း အယ်ဒီတာ အစ်မကြီး စောစန္ဒာက အိန္ဒြာ့ကို တစ်ယောက်ချင်း တ မင် ခေါ်ပြီး သတိ ပေး ခဲ့ဖူးသေးသည်။
အယ်ဒီတာ အစ်မကြီး ပြောတာ စေတနာ ဖြစ်ကြောင်း အိန္ဒြာ သိသည်။ မားကက်တင်းတွေ ထဲ တွင် အိန္ဒြာ အငယ်ဆုံး ဆိုတာလည်း မှန် သည်။ ဆယ်တန်းအောင် ပြီး ပြီးချင်း အိန္ဒြာ အလုပ်စ ၀င်တော့ ဆယ့်ခုနစ် နှစ်ပဲ ရှိသေး၏။
ယခု လုပ်သက် ၃ နှစ်ဆိုတော့ အသက်က နှစ်ဆယ်ထဲမှာမို့ အားလုံးထဲတွင်တော့ ကလေးအရွယ်။ သို့သော်လည်း ကိုယ့်ကိုယ် ကိုယ်တော့ ကလေးဟု သိပ်မထင်ချင်တော့။ အပျိုရင့် မကြီးတွေနှင့် တွဲပြီး အပျို လုပ်ချင် လှပြီ။ ပြီးကိုယ့်ရုပ်ရည် အခြေအနေကိုလည်း ကိုယ်သိသည်ပဲလေ။ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်သည် မဟုတ်။ အသားက ညိုသည့် ဘက်ပါသည် ဆိုပေမယ့် မွဲခြောက်ခြောက် ညိုသည့် အသားမဟုတ်။ စိုပြီး အိနေသည့် အသား။
ကိုကြီးကတော့ “မဖြတ်မတောက်ဘဲ ခါးဆစ်ပေါ်ထိ ၀ဲနေတဲ့ ဆံပင်နဲ့ သွားတက် ဖွေးဖွေးလေးတွေ အပြင် တောက်ပြီး ရွှန်းလဲ့ နေတဲ့ မျက်ဝန်းလေးတွေက မြန်မာဆန်ဆန် မျက်လုံး အေးအောင်လှတဲ့ အလှဆုံးလေးတွေပါပဲ” ဟု ထုတ်ထုတ်နှုတ်နှုတ် ဆိုဖူးသည်။ ဘာပဲဖြစ်ဖြစ် ကိုယ်သည် တစ်ကိုယ်လုံး ပြောစရာမရှိအောင် လှသည့် မိန်းမချော တစ်ယောက်ဖြစ်ကြောင်း ကိုယ့်ကိုယ် ကိုယ် ထောက်ခံချက် ပေးထားမိပြီးသား ဖြစ်၏။
ဆယ်တန်း ကျောင်းသူဘ၀ တုန်းကတော့ ချို့ချို့တဲ့တဲ့ ဘ၀မို့ သနပ်ခါးတောင်မှ တစ်တုံးနှစ်ထောင် သုံးထောင် ပေးရသည့် ရှင်မတောင်လိုမျိုး မလိမ်းနိုင်ခဲ့။ ရွှေပြည်နန်းလို ဘူးမျိုးနားကိုပင် မကပ်နိုင်သဖြင့် ဈေးပေါ ပေါရသည့် စက်သွေးခဲလို သနပ်ခါးမျိုးနှင့်သာ ပြီးခဲ့ရသည်။ ဆယ်တန်းအောင်သည် အထိ အမေနှင့် ပထွေး လုပ်သူက စိတ်ရှည်စွာ ကြိုးစားပမ်းစား ထားပေးခဲ့သေး သည်ကိုပင် ကျေးဇူး တင်ရမည်။
အစ်ကို့ အခုလက်ရှိ အလုပ်က လိုင်းကား စပယ်ယာ ဆိုပေမယ့် အဲဒီတုန်းကတော့ အိမ့်စီးပွားရေး အခြေအနေကို အစ်ကို ကိုယ်တိုင် သိသဖြင့် ခုနှစ်တန်းနှင့်ပင် ကျောင်းထွက်လျက် ရပ်ကွက်ထဲမှ လက်ဖက်ရည် ဆိုင်လေးတွင် အစ်ကို စားပွဲဝင် လုပ်သွားခဲ့သည်။ ရသည့် စားပွဲထိုး လခက မပြောပလောက်ပေမယ့် စားရိတ်ငြိမ်း ဆိုတော့ အိမ်မှာ တစ်ယောက်စာ လျော့ပြီး ၀န်ထုပ် အတော် ပေါ့သွားသည်။
အစ်ကို အလုပ်ထွက် လုပ်လိုက်တာကြောင့်လည်း အတန်းထဲမှာ စာမညံ့သည့် အိန္ဒြာ့ကို ကျောင်းဆက် ထားနိုင်ခဲ့တာ ဖြစ်မည်။ အစ်ကိုက ညီမလေး အတွက် တမင် ကျောင်းထွက် ပေးလိုက်တာလား မသိဟုပင် အိန္ဒြာ တွေးခဲ့မိဖူး၏။ အမှန် တကယ်တော့ အိန္ဒြာတို့ မိသားစုလေးမှာ အမေ့ ကံကကို မကောင်းခဲ့ တာပဲလား။ အိန္ဒြာတို့ မောင်နှမ ကံက မကောင်း ခဲ့တာလားတော့ မပြောတတ်။ အိန္ဒြာတို့ အဖေက ပုဂ္ဂလိက ငါးဖမ်း သင်္ဘောမှာ ငါးဖမ်းပိုက်ဆွဲ အလုပ်သမား အဖြစ် ပင်လယ်ပျော် လုပ်ခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် သည်တုန်းကတော့ မိသားစု အခြေအနေလေးက တင့်တောင်း တင့်တယ် အရှိခဲ့သားဟု အမေ ပြောသည်။ သို့သော် ဘ၀ ကံကြမ္မာဆိုသည်က မြင်းတစ်ကောင်လို လိုရာ ဇက်ကြိုး သတ်ပြီး နှင်၍ရစကောင်းသည် မဟုတ်တော့ အဖေတို့ ငါးဖမ်းသင်္ဘော ပင်လယ်ထဲမှာ မုန်တိုင်း မိပြီး စင်းလုံး ပျောက်ခဲ့ရသည်။ အလုပ်သမား ရပိုင်ခွင့် လျော်ကြေးလေး ဘာ လေးမျှပင် မရရှိခဲ့။ သည်တုန်းက အစ်ကို လေးနှစ်သားနှင့် အိန္ဒြာက တစ်နှစ်ခွဲ သမီးလေး။ အိန္ဒြာ အဖို့တော့ အဖေ့ မျက်နှာကိုမျှပင် ကောင်းကောင်း မမှတ်မိတတ်သည့် အရွယ် ဖြစ်သည်။
ပင်ကိုကပင် ရိုးရိုးထိုင်းထိုင်းနှင့် လင့်လုပ်စာကိုသာ အားကိုး တတ်ခဲ့သော အမေသည် လူမမည် ကလေး နှစ်ယောက်နှင့် အတူ ဘ၀ကို ရုန်းရကန်ရပြီ ဆိုသည့် အခါ အရာရာ အကျအဆုံးနှင့်သာ ရင်ဆိုင်ခဲ့ ရ၏။ သို့နှင့်ပင် လှိုင်သာယာမြို့သစ် တည်စက အဖေ့ ချွေးနှဲစာလေးဖြင့် ၀ယ်ထားခဲ့သည့် မြို့တွင်းကျကျ ပေ ၄၀၊ ပေ ၆၀ မြေကွက်ကလေးနှင့် ဓနိမိုး ၀ါးထရံကာ ပျဉ်ခင်း၊ အထိုက် အလျောက် အိမ်ကလေးကို ရသလောက်ဖြင့် ရောင်းကာ မြို့အစွန်သို့ ရွှေ့ ခဲ့ရသည်။ အမေကမူ မောလှသည့် ရင်ကို ပြေစေလို၍ပဲ လားတော့ မသိ “ထိန်ပင် သုသာန်နဲ့ နီးသွားတော့လည်း သေတော့ ပိုအဆင် ပြေတာပေါ့” ဟု ရယ်ရယ်မောမောနှင့် ပြောတတ်ခဲ့ သေးသည်။
နောက်ဆုံးတွင်မူ ဘာဆိုဘာမျှ မလုပ်တတ် မကိုင်တတ် ရှိလှသည့် အမေသည် အားကိုး ရှာရင်းနှင့်ပင် အရက်ချက် စက်ရုံ တစ်ခုမှ ထရပ်ကား မောင်းသမား မုဆိုးဖို တစ်ယောက်နှင့် ကောက်ကာ ငင်ကာ နောက်အိမ်ထောင် ပြုလိုက်တော့ အိန္ဒြာ့ အသက် ခုနှစ်နှစ်ထဲ ရောက်ပြီ။ အမေ့ နောက်အိမ်ထောင်က မုဆိုးဖို ဆိုပေမယ့် ကလေး မရှိ၍ တိုးလို့ တွဲလောင်းတွေ ပါမလာခဲ့။ အရက်ချက် စက်ရုံမှ ထရပ်ကား ဒရိုင်ဘာ ဆိုပေမယ့်လည်း အရက်ကို အိပ်မက်ထဲမှာပင် ယောင်လို့ သောက်တတ်သူ မဟုတ်သဖြင့် သည်တစ်ခုတော့ အမေ ကံကောင်းသည်ဟု ဆိုရမည်။အိန္ဒြာတို့ မောင်နှမလည်း အမေ့ နည်းတူ ကံကောင်းသည်ဟု ဆိုရမည် ထင်၏။ ပထွေး လုပ်သူက မယားပါ သားသမီးတွေ အပေါ် အစစ သည်းညည်း ခံတတ်သည့် လူရိုး သဘောကောင်း တစ်ဦးလည်း ဖြစ်နေပြန်သေးသောကြောင့် ဖြစ်သည်။ “ရိုးလွန်းလို့လည်း ခပ်ထုံထုံ ခပ်အအ အမေနှင့် တွေ့ကြတာ ဖြစ်မှာ” ဟု ဒရွတ် သီထိုးနှင့်ပင် ဆယ်တန်း ရောက်လာသည့် အိန္ဒြာက အမေ့ကို နောက်တော့ “ညည်းကျရင်သာ ဆန်းဆန်းပြားပြား လူနဲ့ မတွေ့ အောင်ရှောင်”ဟု နှုတ်ခမ်းတလန် ပန်းတလန် ရန်တွေ့ပုံ တမင် လုပ်လျက် အမေ ပြန်ပြောခဲ့ဖူးသေးသည်။
ပထွေး လုပ်သူက သူရသည့် လခ ရှစ်သောင်းကို တစ်ပြား မကျန် အမေ့လက်ထဲ အပ်ပြီးမှ လမ်းစရိတ်၊ ကွမ်းဖိုးနှင့် လက်ဖက်ရည်ဖိုးဟု ဆိုကာ တစ်နေ့ တစ်ထောင်နှုန်းနှင့် သုံးသောင်းပြန် တောင်းတော့ အမေ့လက်ထဲ ငါးသောင်းပဲ ကျန်သည်။ ထို ငါးသောင်းက လူဦးရေ လေးယောက်ရှိသည့် အိမ်ထောင် တစ်ခု၏ စားစရိတ်လောက်ကိုမျှ မကာမိသည့် အခါ ပထွေးက သူ့အရင် အိမ်ထောင်နှင့်တုန်းက နေခဲ့သည့် အိမ်ဝိုင်းနှင့် အိမ်ကလေးကို ရောင်းလိုက်ပြီး အမေ့ကို တိုတိုထွာထွာ ကုန်စုံလေးတွေ တင်ထား နိုင်သည့် အိမ်ဆိုင်သေးသေးလေး တစ်ဆိုင် ဖွင့်ပေးသည်။ နည်းနည်းတော့ အသက်ရှူ ချောင်သလို ရှိလာခဲ့၏။
သို့နှင့်ပင် အစ်ကိုက ခုနှစ်တန်း အရောက် ကျောင်းထွက်သွားပေမယ့် အိန္ဒြာက ဆယ်တန်းအောင်သည် အထိ ကုပ်ကုပ် ကပ်ကပ်နှင့်ပင် နေနိုင်ခဲ့ သည်။ ဆယ်တန်း အောင်အောင်ချင်း အိန္ဒြာ အလုပ်ဝင်တော့ စပေး လစာ နှစ်သောင်းခွဲ။ ကိုယ်ကောက်၍ ရသော ကြော်ငြာအပေါ် မူတည်ပြီး တစ်ဆယ် ရာခိုင်နှုန်းပေးသည် ဆိုတော့ လစာနှင့် ပေါင်းလျှင် လေးသောင်း လေးသောင်းခွဲလောက်တော့ ကိုက်သည်။ ထိုမျှလောက်မှ မရလျှင်တော့ မဖြစ်။ လှိုင်သာယာနှင့် မြို့ထဲခရီး စရိတ်ကပင် အသွားအပြန် ၄၀၀ ရှိသည်။ တစ်လဆိုတော့ တစ်သောင်းအောက် မဆင်းတတ်။
မိန်းကလေး သဘာဝ အချဉ် ထုပ်ကလေး ဘာလေးပင် တစ်ထုပ် တစ်ရာအောက် ဆင်းတာ မရှိသဖြင့် လွယ်လင့်တကူ ၀ယ်မစားရဲခဲ့။ တိုတိုထွာထွာ သွားရည်စာ ဆိုတာကတော့ ဝေးလို့။ အလုပ်ထဲကို ထည့်သွားရသည့် ထမင်းချိုင့် ဆိုသည်ကလည်း အမြဲလိုလို ကန်စွန်းရွက်ကြော် ဖြစ်မနေဖို့ကလည်း လိုသေးသည် ဆိုတော့ အမေ့ထံ အိန္ဒြာ့ လစာ အသားတင် ကျန်သည်က နည်းလှသည်။
ကြော်ငြာ ကိစ္စနှင့် လူတော သူတောထဲ ၀င်ရ သွားရတော့လည်း အ၀တ်အစားလေးက အထိုက် အလျောက်တော့ လိုလာပြန်၏။ မားကက်တင်းတွေ အတွက် ဆေးလ်ဗားစတား ဂျာနယ်၏ သတ်မှတ်ထားသော ၀တ်စုံရှိသည် ဆိုငြားလည်း ထိုဝတ်စုံ အတွက် ဒီဇိုင်းနှင့် အရောင်ကိုသာ ဂျာနယ်က သတ်မှတ်ပေးတာ ဖြစ်ပြီး ကိုယ့်ဘာသာကိုယ် ၀ယ်ချုပ်ရသည်။ နွေမိုးဆောင်း ဘယ်ရာသီမှာပဲ ဖြစ်ဖြစ် ၀တ်စုံက သုံးစုံမှ မရှိလျှင်မဖြစ်။ ပြီး စနေ တစ်ရက်ကို သတ်မှတ် ၀တ်စုံ မဟုတ်ဘဲ မိမိ ကြိုက်နှစ်သက်ရာ ၀တ်ခွင့်ရှိသည် ဆိုတော့ ဒီ့ပြင် အ၀တ်အစားကလည်း မရှိလို့ မဖြစ်သေးပြန်။
သူများဝတ်တိုင်း လိုက်မ၀တ်နဲ့ပေါ့ ကိုယ့်ဘာသာကိုယ် မားကက်တင်း ၀တ်စုံပဲ ခြောက်ရက်လုံးလုံး ၀တ်ပါလား ဆိုတော့ သူများတွေလိုပဲ လှလှပပလေး ၀တ်ချင်စိတ် ရှိမိရသည့် အတွက်ကိုမူ အပြစ်ရယ်လို့ မြင်မနေချင်တော့။ လှချင်ပချင်သည့် အရွယ် ပါရှင်ဟုသာ လျှောက်လဲချက် ပေးချင်မိသည်။
အ၀တွင်လား ဆိုတော့လည်း မဟုတ်သေးပြန်။ မျက်နှာပေါ် ထိုက်သင့် လျောက်ပတ်အောင်တော့လည်း လိမ်းချင်ခြယ်ချင်မိ ပြန်သေး၏။ ခက်သည်က အိန္ဒြာ့ ချိုင်းနံ့က နေပြင်းပြင်း ဆိုလျှင် ကိုယ့်အနံ့ပင် ကိုယ်သည်း ညည်းမခံနိုင်အောင် ရှိတတ်မှန်း ကိုယ့်ဘာသာ ကိုယ်သိနေသဖြင့်ကာ နေရှင်းလေးကအစ လိုအပ် နေပြန်သေး၏။အမေကတော့ အပြောသား။ ထုံးကြက်တက် ရည်လေး ချိုင်းမှာ သုတ်လည်း အနံ့ဆိုးတာတော့ ပျောက်ပါတယ်အေတဲ့။ သို့သော် သင်းသင်းပျံ့ပျံ့မွှေးရနံ့လေးတော့ ကိုယ့်ဆီက ရစေချင်သေးသည်လေ။ ဒါ့အပြင် နောင်းဟောင်း၊ မက်စ်ဖိုက် တာလို နှုတ်ခမ်းနီဘူး လေးမျိုးက အိန္ဒြာတို့ ရပ်ကွက်ထဲမှာ လစဉ် အရစ်ကျပေးနှင့် အစ်မကြီး တစ်ယောက်က ရောင်းပေးသဖြင့် အတိုးနှင့် တွက်လျှင် သုံးဆယ်တိုးလောက် အထိ ဈေးတင်ထား မှန်းသိသော်လည်း သူရောင်းပေးပေးလို့ဟု ကျေးဇူးပင် တင်မိရ သေးလျက် ၀ယ်ဖြစ်အောင် ၀ယ်ရသည်။ ဖျဉ်စ လှလှလေးတွေ ဆိုလည်း သည်လိုပါပဲ။ လပေးနှင့် ၀ယ်ဝတ်ရသည်ပေါ့။
ပင်ကိုယ်ရုပ်ခံလေး ရှိသူမို့ မျက်နှာလေးကိုလည်း ခြယ်ကာ သကာ ဆိုတော့ တစ်ယောက် ယောက်က အိန္ဒြာတို့များ လှလိုက်တာနော်။ ညိုချောလေးဟု ဆိုခဲ့လျှင် ပိုပြီးတော့တောင်မှ လှချင် ပချင်စိတ်တွေ ပိုခဲ့မိရသေးသည်။ အဲသည်လို ချီးမွမ်းခဲ့ သူတွေထဲ ကိုကြီးဟု အိန္ဒြာ မြတ်နိုးစွာ ခေါ်မိသည့် ကိုကြီး တင်အောင်နိုင်က ဘယ်နှစ်ယောက်မြောက် ချီးမွမ်းဖူးသူဟု အိန္ဒြာ မပြောတတ်သော်လည်း သူ့ချီးမွမ်းသံကို အိန္ဒြာ ရင်ခုန်မိခဲ့သည်။ သူ့မျက်လုံး အကြည့် စူးစူးတွေကို နည်းနည်း ရွံ့မိသော်လည်း သူနှင့်မို့ ဆုံမိလျှင် သူ့ကို ငေးမကြည့်ဘဲ မနေခဲ့မိ။ အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ မျက်ခုံး ကောင်းကောင်း၊ နှာတံ ပေါ်ပေါ်နှင့် သူ့ရုပ်က အိန္ဒြာ့ကို ဖမ်းစား ထားခဲ့တာလည်း ဖြစ်နိုင်သည်။ သူနှင့် စတင် ခင်မင်ခဲ့ရသည့် နေ့ကို အိန္ဒြာ မမေ့။
(၂)
အမှန်တော့ သူ့ကို ကိုကြီးကို ရန်ကုန် ဘစ်စနက် ဒိုင်ယာရီထဲမှာ တွေ့ခဲ့တာ ဖြစ်သည်။
ဒီခေတ် အင်တာနက် ချက်တင်ဝင်ရင်း အွန်လိုင်းမှာ တစ်ဦးကို တစ်ဦး မြင်ဖူး သိဖူးသည် မဟုတ်ဘဲ အသံလေး တစ်ယောက်တစ် ပြန်ကြားရရုံနှင့်ပင် အသိ မိတ်ဆွေတွေ ဖြစ်ရာမှ တစ်ဆင့် မမြင်ဖူးကြဘဲ ချစ်သူတွေ ဖြစ်သွားကြတာတွေ ရှိသည်ဆိုတော့ ကွန်ပျူတာ အင်တာနက်နှင့် အကျွမ်းတ၀င် မရှိသည့် အိန္ဒြာက နည်းနည်း အံ့သြမိသလို ရှိသော်လည်း ကိုကြီးနှင့် အိန္ဒြာတို့၏ ဆုံဆည်းမှု သည်လည်း ကြိုးဖုန်းထဲမှ တစ်ဆင့် စတင် ခဲ့ကြတာပဲ ဖြစ်ပါသည် ဟုတော့ ၀န်ခံရမည် ဖြစ်သည်။
အိန္ဒြာတို့ အလုပ်က မနက် ၉ နာရီခွဲ ဂျာနယ်တိုက် ရောက်ပြီးသည်နှင့် ရန်ကုန်ဘစ်စနက် ဒိုင်ယာရီ စာအုပ်ကြီးကို ဖွင့်လှန်ပြီး ကြော်ငြာ ရနိုင်သည့် ကုမ္ပဏီတွေ၊ လုပ်ငန်းကြီးတွေ၊ အထူကု ဆေးခန်းတွေ၊ ဆေးကုမ္ပဏီကြီးတွေ စသည်ဖြင့် ဖုန်းဆက်ပြီး ကမ်းလှမ်း ကြည့်ရတာမျိုး ရှိသလို တခြား မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေထဲ ကြော်ငြာ ထည့်ထားသည့် လုပ်ငန်းရှင်တွေ ထံသို့လည်း ဖုန်းဆက်ပြီး ကမ်းလှမ်း ကြည့်ရသည်။
“တို့ မားကက်တင်းတွေ ဆိုတာကကွယ် အငြိမ့် မင်းသမီးတွေ လိုပဲပေါ့။ ကိုယ့်ရင်ထဲ အပူ ရှိနေဦးတော့တောင်မှ စင်ပေါ်ရောက်လို့ ပရိသတ်ကို မျက်နှာပြရပြီဆိုတဲ့ အခါ ချိုနေအောင် ပြုံးထားရတဲ့ အငြိမ့် မင်းသမီးလေးတွေလိုမျိုးပါပဲ။ ကိုယ့်ကပ်စတမ်မာ တစ်ယောက်ရဖို့ ပြောရတဲ့ အခါ အပြောလေးကို ချိုထားရတယ်။ တစ်ခါတလေလည်း အလိုက် အထိုက်တော့ စိတ်ရှည်ရှည်ထား သည်းညည်းခံပြီး ဆက်ဆံရတာမျိုးတွေ ရှိတာပေါ့”
အိန္ဒြာ အလုပ်ထဲ ရောက်စက လုပ်သက်ရင့် အစ်မကြီးမ ချောသီတာက အစစ သင်ပြပေးခဲ့ဖူး၏။ အလုပ်သင် မားကက်တင်းလေးဆိုတော့ အစ်မကြီး ချောသီတာနှင့်ပင် အတူသွား အတူ လာလုပ်ခဲ့ရသည်။ အစ်မကြီးက ကိုယ့်ညီမ အရင်းလေးကို အိန္ဒြာ့ကို ထိန်းထိန်းကွပ်ကွပ် ဆုံးမတတ်သည်။
“ဒါပေမဲ့ ညီမလေးရေ၊ ကပ်စတမ်မာ ဆိုတာက လူအမျိုးမျိုး စိတ်အထွေထွေ မဟုတ်လား။ ဒီတော့ ကိုယ့်ဘက်က စိတ်ရှည်ရှည်ထား ဆက်ဆံရတယ် ဆိုတာမှာလည်း ကျွမ်းကျင် လိမ္မာဖို့တော့ လိုတာပေါ့။ အစ်မ ကြုံဖူးတယ်။ လုပ်ငန်းရှင် တစ်ယောက်ပါ။ အသက် လေးဆယ်ကျော်လောက် ရှိမယ် ထင်တယ်။ ကြော်ငြာ ကိစ္စ အကြောင်းပြုပြီး ဖုန်းခဏ ခဏဆက်၊ ဖုန်းထဲမှာ ဟိုရောက် ဒီရောက်တွေ လျှောက်ပြောပြီး အီတာပေါ့ကွာ။ ကိုယ်ကလည်း ကိုယ့်ကပ်စတမ်မာ ဆိုတော့ အလိုက်အထိုက်တော့ လက်ခံ ပြောရတာပေါ့။
သူတစ်ခါ ဖုန်းပြောရင် နာရီဝက်၊ လေးဆယ့်ငါးမိနစ် လောက်တောင်မှ ကြာတတ်တယ်။ ဒါတောင် ကိုယ်က အလိမ္မာ သုံးပြီး စကားဖြတ်လို့။ လွှတ်များထားလို့ကတော့ တစ်နေ့လုံးတောင် ပြောနေမလားပဲ။ အဲဒီလို လူမျိုးတွေက တယ်လီဖုန်းထဲက နေတောင်မှ အရသာ တစ်ခုခု ရအောင် ယူတတ် နေတာလား မပြောတတ်တော့ပါဘူး။ အဲဒီကနေ တစ်ဆင့် တစ်ခုခု စားရင်း စကား အေးအေးဆေးဆေး ပြောချင်လို့ ဟိုဆိုင်ကို လာခဲ့ပါ။ ဒီဆိုင်ကို လာခဲ့ပါ။ တစ်ယောက်တည်း လာခဲ့နော်နဲ့။ ချိန်းတော့တာလေ။ အဲဒါမျိုးဟာ ကျော့ကွင်းပဲလို့ သိထားဖို့ လိုတယ်။ အဲဒီလို ဖုန်း ခဏခဏ ဆက်ပြီး ခေါ်နေတာကို နောက်ဆုံးတော့ အစ်မ သည်းမခံနိုင်တာနဲ့ပဲ သူ့ကြော်ငြာ လေးရောင်တစ်မျက်နှာ တစ်သိန်း ခွဲဖိုး မရချင်နေတော့ ဆိုပြီး ခပ်ပြတ်ပြတ် ပြောပစ်လိုက်တော့တယ်။ ဒါပေမဲ့ ခက်တာက အဲဒီလို ကပ်စတမ်မာလိုမျိုး ကိုယ့်ဂျာနယ်ကနေ လန်ထွက်သွားတာ ကျတော့ ဂျာနယ်ပိုင်ရှင် သူဌေးမက မကြိုက်တော့ပြန်ဘူး။ သူ့အတွက် ထိခိုက်နစ်နာတယ်ပေါ့။
တို့ဆက်ဆံရေး မတတ်လို့ ဆိုပြီး အဆူခံ ထိတယ်။ တကယ်တော့ သူ့တင် ထိခိုက်တာမှ မဟုတ်တာ။ တစ်သိန်း ခွဲကို ဆယ်ရာခိုင်နှုန်းနဲ့ဆိုတော့ အစ်မဘက်ကလည်း တစ်သောင်းခွဲ နာသွားတာပဲ။ ဒါပေမဲ့ သူက အလုပ်ရှင်လေ။ သူ့အတွက်ပဲ သူကြည့်တာ။ ကိုယ့်ဝန်ထမ်း ထိကပါး ရိကပါး အလုပ်ခံရနေ ရတာကိုကျ သူတို့က စာနာတတ်တာ မဟုတ်ဘူး။ မားကက် တင်းပဲ။ ဒီလောက်တော့ သည်းညည်းခံမှပေါ့တဲ့။ သူတို့ ကြော်ငြာ ရရင်ပြီးရော။ တို့တွေတော့ ဘာဖြစ်သွားသွားပေါ့ ညီမလေးရယ်။ ပြောချင်တာက တို့မားကက်တင်းတွေဆိုတာက ဆူးနှစ်ဘက်ကြား က ဘူးသီးလိုမျိုး ဆိုတာလည်း သိထားဖို့ လိုတယ် ညီမလေး။ သတိထားတတ်ဖို့ ပြောတာပါ”
အစ်မချောသီတာက အသေးစိတ်အောင် သင်ပြ ပေးခဲ့ဖူးသည်။
သို့သော် သူကိုယ်တိုင်ကမူ သူ့ကပ်စတမ်မာ ဖြစ်သည့် တိုင်းရင်းဆေးတိုက်တစ်ခု၏ မန်နေဂျာနှင့် အိမ်ထောင် ကျသွားသည်။
“သူက ညီမလေးရယ်။ တစ်ခုလတ် ဆိုပေမယ့် အစ်မကို အပျော် ကြံခဲ့တာမှ မဟုတ်တာ။ သူ အစ်မကို အရမ်း ချစ်ရှာပါတယ်။ အစ်မ ကိုယ်တိုင်ကလည်း သူ့ကို မေတ္တာ ရှိမိတယ်လို့ ပြောရမှာပါ။ အသက်ကလည်း သူက အစ်မထက် ငါးနှစ်ပဲ ကြီးတယ်။ သူက အိမ်ထောင်ရေး ကံမကောင်းခဲ့တဲ့ သူ့ဘ၀ဟာ အစ်မနဲ့ တွေ့ပြီးမှ အဓိပ္ပာယ် ရှိခဲ့ရတာတဲ့”
ယခုတော့ အိမ်ထောင်ကျ ပြီးသည်နှင့် အလုပ်မှ ထွက်သွားခဲ့သော အစ်မ ချောသီတာ ကလေး တစ်ယောက်ပင် ရလျက် သူ့အိမ်ထောင်ရေးက သာသာယာယာ ရှိကြောင်း အိန္ဒြာ သိရသည်။ သူ့ထံသို့လည်း မကြာမကြာဆိုသလို အိန္ဒြာ သွားလည်ဖြစ်သည်။ သူ့ အစ်ကိုကြီး ဦးခင်မောင်ဝင်းကလည်း သူပြောသလိုပင် သဘော ကောင်းစွာနှင့် သူ့ကို ချစ်တတ်သဖြင့် အိန္ဒြာ မုဒိတာဖြစ်ရ သည်။
“အစ်မတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် မေတ္တာ အစစ်အမှန်နဲ့ အိုးအိမ် ထူထောင်နိုင်ခဲ့တယ် ဆိုတာကလည်း ရှားတောင့် ပါးတောင့် ဖြစ်ခဲ့ သလားတော့လည်း မပြောတတ်ပါဘူး ညီမလေးရယ်။ အများကဖြင့်တော့ လက်ဆောင် ပစ္စည်းတို့ ငွေတို့နဲ့ လမ်းခင်းပြီး ပျားရည် ဆမ်းထားတဲ့ ဓားသွား မျက်နှာမျိုးတွေနဲ့ ကိုယ့်ဆီကို ၀င်လာ တတ်တဲ့ သူတွေပဲ များပါတယ်။ အဲဒီလို လူမျိုး တွေကို အလိမ္မာနဲ့ ရှောင်တတ်ဖို့ လိုတယ်။ ချက်ချင်းတော့လည်း ပျားရည်ကိုသာ မြင်ပြီး ဓားသွားကို မမြင်မိ တတ်ကြဘူးလေ။ ဓားသွားကို မမြင်ရင်တော့ မိန်းကလေး တစ်ယောက်ရဲ့ သန့်ရှင်းတဲ့ ဘ၀ဟာ ရေတိမ်နစ် သွားတတ်တယ်။ တချို့တွေကျတော့လည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားဘဲ မီးနဲ့ ကစားနေတဲ့ သူတွေ ရှိ တာပေါ့။ တကယ်တော့ ညီမလေးရယ် ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်း တတ်ဖို့ပါပဲ။ အလကားရတဲ့ ဘာပစ္စည်းဆို ဘာပစ္စည်းကိုမှ မမက်မောပါနဲ့။ မက်မောမိရင် တန်ဖိုးကြီးကြီး အလျော်ပေး ရတတ်တယ်”
အကြောင်းအရာ ဆုံတိုင်း အစ်မ ချောသီတာ ပြောခဲ့သည့် စကားတွေကို အိန္ဒြာ့ ဦးနှောက်ထဲ အမြဲ ထည့်ထားမိသည်။ သူ့ စကားတွေကို ဗဟိုပြုကာ ကိုယ့်ကိုယ်ကိုယ် ဆင်ဆင်ခြင်ခြင်လည်း နေတတ်ခဲ့သည်။ သို့သော် ကားဘော်ဒီ အလုပ်ရုံ တစ်ခု၏ ဖုန်းနံပါတ်ကို ဘစ်စ်နက်ဒိုင် ယာရီထဲတွင် တွေ့မိ၍ ခေါ်လိုက်မိသည်နှင့် စကြား လိုက်ရသည့် သူ့အသံကကို မှတ်မှတ်ရရ ဖြစ်စရာ တစ်ခုလို ဖြစ်ခဲ့မိလေသလားပင် မသိတော့။
“မင်္ဂလာပါ၊ အမိန့် ရှိပါ ခင်ဗျာ” တဲ့။
ဘာကြောင့်မှန်း မသိဘဲ အဲဒီ့ အသံက အိန္ဒြာ့ နားထဲ ချိုလိုက်မိသလိုလားပင်။ ကိုယ်ကိုယ်တိုင်က နှုတ်ချိုရသည့် မားကက်တင်း တစ်ယောက် ဆိုပေမယ့် သူ့အသံက ဆွဲဆောင်မှု အပြည့်နှင့်ပင် ပိုချို နေသလား ထင်၏။ ချက်ချင်းပင် ထိုအသံနှင့် လိုက်ဖက်နိုင်သည့် အမျိုးသား တစ်ယောက်၏ မျက်နှာကို အိန္ဒြာ့ စိတ်ကူးထဲ ပုံဖော်လိုက်မိတော့ နားကပ်ပန် မထားသော ဆံပင်မွေးနီ ကြောင်ကြောင်ကို ဂျယ်နှင့် ထောင်မထားသော။ ဂျင်းဘောင်းဘီ ခြေဖျားကို ဖနောင့်ဖြင့် နင်းမထားသော။ တည်ကြည်ခန့်ညား အမျိုးသား လူငယ်တစ်ယောက်။ စတိုင်ပင်ကိုတော့ သေသေသပ်သပ် ၀တ်ထားလေမည်လား မသိ။
“အစ်မတို့ ဂျာနယ်က အောင်မြင်နေတဲ့ ဂျာနယ်မို့ ဖတ်ဖြစ် နေပါတယ်။ စောင်ရေကလည်း နှစ်သောင်းကျော် ဆိုတော့ ကြော်ငြာ အတွက် စိတ်ဝင်စားပါတယ်။ ကျွန်တော့် ဘော့စ်ကို ပြောထားနှင့် မယ်လေ။ အစ်မ လာဆွေးနွေး ကြည့်ပါလား။ ကျွန်တော်က အလုပ်ရုံမှူး တင်အောင်နိုင်ပါ”
သူက ကိုယ့်ကို “အစ်မ” ဟု ဆိုနေတော့ စိတ်ကူးထဲမှာ ကိုယ်ဖန်ဆင်း ထားသည့် သူ့မျက်နှာလေးကပင် ပိုနုသွားလိုက် သလိုလို။ သူ့အခေါ် ကြီးကြောင့် ကိုယ်ကပင် ပိုရင့် သွားလိုက် သလိုလို။ ဒီက အသက်နှစ်ဆယ်တောင် မပြည့်သေးပါဘူးနော်ဟု ပြောလိုက်ချင်မိသေး သလိုလို။
အဲ့ဒီ ဖုန်းဆက်သည့် နေ့လယ်ခင်းမှာကို သူ့ “ဂိုးလ်ဒင်း ဟီးရိုး”ကား ဘော်ဒီ အလုပ်ရုံသို့ ရောက်သွားတော့ အလုပ်ရုံကြီးက အကြီးကြီး။ သည်လောက် လုပ်ငန်းကြီး ဆိုတော့ လေးရောင်မျက် နှာဝက် ကြော်ငြာလောက်တော့ ရနိုင်လိမ့်မည်ဟု အိန္ဒြာ မျှော်လင့်သည်။ ပြီး သူတို့ ကြော်ငြာကို မဂ္ဂဇင်းဂျာနယ် အတော် များများမှာ တခမ်းတနား တွေ့ထားသည်ပဲ။ ကိုယ်အပြော ညက်လျှင် ညက်သလောက် ကြော်ငြာကောင်းကောင်း ရနိုင်သည်။ ပြီး အလုပ်ရုံမှူး ဆိုသည့် ကိုတင်အောင်နိုင့် အသံက သဘော ကောင်းနိုင်သည့် အသံမျိုးပါဟု အိန္ဒြာ ထင်သည်။
“ကျွန်မက ဆေးလ်ဗား စတား ဂျာနယ်က အိန္ဒြာပါရှင့်။ ဒီက အလုပ်ရုံမှူး ဦးတင်အောင်နိုင်နဲ့ တွေ့ချင်လို့ပါ”
အလုပ်ရုံ ရုံးခန်းဝတွင် ရပ်လျက် ရုံးခန်းထဲမှ စားပွဲတွင် တယ်လီဖုန်း နှစ်လုံးနှင့် ဖိုင်တွဲတွေ ကြားထဲ ထိုင်နေသည့် အစ်ကိုကြီး တစ်ယောက်ကို လှမ်းပြောမိတော့ သူ့မျက်လုံးတွေ ဖိတ်ခနဲ လက်သွားလိုက်တာ အိန္ဒြာ မြင်သည်။
“သြော် မနက်က ဖုန်းဆက်တဲ့ အိန္ဒြာဆိုတာက ညီမလေးကိုး။ အစ်ကိုက တင်အောင်နိုင်ပါ။ လာထိုင် ညီမလေး။ အစ်ကို တို့အလုပ်ရုံက မှတ်တိုင်နဲ့ လှမ်းတော့ လမ်းလျှောက်ဝင်ခဲ့ ရတာ နည်းနည်းတော့ ပင်ပန်းတယ်။ လှအေးရေ ဒီညီမလေးဖို့ အအေး တစ်ပုလင်း လုပ်ပါကွာ ညီမလေး ဘာသောက်မလဲ”
နေပြင်းပြင်း အောက်မှာ ထီးမပါဘဲ လျှောက်ခဲ့ ရသဖြင့် နဖူးပြင်တွင် စို့တက်လာသည့် ချွေးစကို စလင်းဘက်ထဲမှ လက်ကိုင်ပုဝါလေး ထုတ်ပြီး တို့မိသည်ကို သူ သတိ ထားမိလိုက်ပုံ ရှိသည်ဟု အိန္ဒြာသိသည်။ တစ်ထောင့် လေးငါးရာတန် အပေါစား ခေါက်ထီးလေးတစ်လက်ပင် မ၀ယ်နိုင်သေး သဖြင့် မိုးကုန် နေပြီပဲလေ။ ထီးမလိုတော့ပါဘူးဟု ကိုယ့်ကိုယ် ကိုယ်ဆင်ခြေ ပေးထားမိသည့် ကိုယ့်ဒုက္ခ ကိုယ်ထက် သူ့သိ တတ်မှုလေးကို ပိုပြီး သတိထားမိ လိုက်ရသေးသည်။
“အာ မသောက်တော့ဘူး အစ်ကို ရပါတယ်”
“ဘယ်ဟုတ်မလဲ။ အေးအေးလေး တစ်ခုခု သောက်လိုက်၊ အောရိန့်ခ်ျ၊ အောရိန့်ခ်ျသောက်။ လှအေးရေ အောရိန့်ခ်ျ တစ်လုံး မှာလိုက်ကွာ။ ကိုင်း ညီမလေး အအေးသောက်၊ နားပြီးမှ အလုပ်ကိစ္စ ပြောကြတာပေါ့။ နားပါဦး”
သူက သူ့ပါးပေါ်မှာ ပါးချိုင့်ခွက်လေး ပေါ်အောင်ထိ အေးအေးချမ်းချမ်း ပြုံးလျက် အိန္ဒြာ့ကို အကဲ ခတ်သလို တစ်ချက်ကြည့်တော့ အိန္ဒြာမျက်လွှာ ချထားလိုက်ရသည်။ သို့သော် မလှမ်းကမမ်း စတီး ဘီရိုပေါ်မှ ဇီးကွပ်ရုပ် ယွန်းစီးကရက်ဘူးကို ထယူလိုက်သည့် သူ့ကိုမူ ဖျတ်ခနဲ ကြည့်မိအောင် ကြည့်လိုက်မိသေး၏။ စပို့ရှပ် အပြာနု ရောင်နှင့် စတိုင်လ်ပင် အပြာရင့်ကို တွဲဝတ်ထားသည်က သူ့အသား ဖြူဖြူနှင့် လိုက်ဖက် နေသလားလည်း ထင်မိသည်။
“သြော် ဆောရီး၊ အစ်ကို ဆေးလိပ်သောက်လို့ ဖြစ်မလား မသိဘူး။ တချို့က ဆေးလိပ် မီးခိုးနံ့ မခံနိုင်ဘူး”
သူက စီးကရက်တစ်လိပ် ထုတ်လျက် နှုတ်ခမ်းတွင် ချိတ်ပြီးကာမှ အားနာဟန်ဖြင့် ဆိုနေပြန်သည့် အခါ “ရပါတယ်” ဟု အိန္ဒြာ အလျင်အမြန် ပြောလိုက်မိပြန်သည်။ ပြောလိုက်မိပြီးမှ သူ့အပြုအမူက တစ်ဖက်သား အပေါ် အလိုက်ကမ်းဆိုး အရမ်း သိတတ်သည့်သူ တစ်ယောက် အဖြစ် သတိထားမိလိုက်ရပါသည် ဆိုသည့်တိုင် ဆေးလိပ်မီးခိုးနှင့် ပတ်သက်လို့ သိပ်သည်း ညည်းမခံနိုင် တတ်သည့် ကိုယ်က ဘာကြောင့်များ ဒီလောက် အလျင်အမြန် ခွင့်ပြုသဘော တူလိုက်မိရသည် မသိဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိရသေးသော်လည်း ကိုယ်က မားကက်တင်း တစ်ယောက်မို့ ကပ်စတမ်မာသာ အဓိကဆိုသည့် အဖြေသာ ရလိုက်၏။ တစ်ခုတော့ ရှိသည်။ အဲသည်လောက် နူးညံ့ ပျော့ပြောင်းသည့် လုပ်ငန်း တာဝန်ခံမျိုး၊ လုပ်ငန်းရှင်မျိုး မတွေ့ဖူးခဲ့ သေးတာတော့လည်း အမှန်ဖြစ်သည်။ များသောအားဖြင့် ကတော့ အပေါ်စီးမှ ဆက်ဆံကြတာတွေသာ အိန္ဒြာ ကြုံဖူးသည်။
ဘာပဲဖြစ်ဖြစ် . . .
“ခုနေတော့ တစ်လ လချုပ်နဲ့ စကြတာပေါ့နော်။ နောင် ကြော်ငြာကိစ္စနဲ့ ပတ်သက်လို့ အပြောင်းအလွဲရှိရင် ညီမလေးဆီ အစ်ကို ဖုန်းဆက်မယ်နော်” ဟူသော နိဂုံးသတ် စကားနှင့်ပင် “ဂိုးလ်ဒင်းဟီးရိုး” ကားဘော်ဒီ အလုပ်ရုံမှ လေးရောင်မျက်နှာ တစ်ဝက် ခုနှစ်သောင်းခွဲဖိုး ကြော်ငြာ ရသဖြင့် အိန္ဒြာ ပျော်သွားသည်။ အိန္ဒြာ့ လုပ်သက် နှစ်နှစ်ကျော်အတွင်းမှာ သုံးသောင်းကြော်ငြာ တစ်ခုရခဲ့ ဖူးသည်က အမြင့်ဆုံး ဖြစ်သဖြင့် သည်ကနေ့ ရသည့် ကြော်ငြာက ထင်ပင်ထင် မထားမိခဲ့သည့် တန်ဖိုး။ တစ်ဆယ် ရာနှုန်းနှင့် တွက်ကြည့်တော့ အိန္ဒြာ့ အတွက် တစ်ပတ်ကို ခုနှစ် ထောင့်ငါးရာ။ တစ်လဆိုတော့ သူ့လစာရင်းလောက် ဖြစ်သွားပြီ။ နောက်လတွေ ဆက်ရနိုင်အောင်တော့ အစ်ကို တင်အောင်နိုင်ကိုပဲ အပူ ကပ်ရမည် တွေးရင်း “ကျေးဇူးတင်ပါတယ် အစ်ကို” ဟု ပြောရတော့ သူက “ကြော်ငြာတယ် ဆိုတာက အခုလို အက်ဒ်ဗာ တိုက်ဇင်း ခေတ်မှာ အစ်ကိုတို့ရဲ့ အကျိုးစီးပွား အတွက် ရည်ရွယ်တာ ဖြစ်လို့ အစ်ကိုတို့ကတောင် အခုလို တကူးတက လာပေး ဖော်ရတဲ့ ညီမလေးတို့ကို ကျေးဇူး တင်ရဦးမှာပါ” ဆိုနေပြန်သေးသည်။
တစ်ဆက်တည်းလည်း “မြို့ထဲ သွားစရာ လမ်းကြုံလို့ ဂျာနယ်တိုက် အထိ လိုက်ပို့ပေးမယ်နော်” ဆိုသည့် သူ့စေတနာကို ထပ်မံ ကမ်းလှမ်း လိုက်သေးသည့် အခါ အဲသည် ကမ်းလှမ်းချက်ကို ငြင်းပစ်လိုက်ဖို့ အိန္ဒြာ့မှာ ခွန်အား မရှိ လိုက်တော့သလိုပင် ဖြစ်သွား၏။ သူ့ပါပလစ်ကာ ကားလေး ရှေ့ခန်းမှာ သူနှင့်အတူ စီးပြီး လိုက်ခဲ့ မိသည်က ကနဦး အစ . . .။
(၃)
သူနှင့် အသိမိတ်ဆွေ ဖြစ်ခဲ့ပြီး သုံးလ နီးပါး ရှိခဲ့သည့် အဲဒီနေ့က မှတ်မှတ်ရရ . . .
ဖေဖော်ဝါရီလ ၁၄ ရက်နေ့။
သူ့ဆီမှ ဖုန်းဝင်လာသည်။
“ညီမလေးရေ ဒီနေ့က ဘာနေ့လဲ သိလား” ဟုမေးသည်။ အဲဒီနေ့က ကြာသာပတေးနေ့မှန်း သိနေပါလျက် ပိုပြီး သေချာအောင် နံရံပေါ်မှ ပြက္ခဒိန်ဆီ တစ်ချက်လှမ်း ကြည့်ပြီးမှ “ကြာသာပတေးနေ့”ဟု ဖြေရသည်။ အိန္ဒြာ့ အဖြေကို သူအသံ ထွက်ပြီး ဟက်ဟက်ပက်ပက် ရယ်သည်။ ပြီးမှ “ဗာလင်တိုင်းဒေး ဆိုတာရော သိလား” တဲ့။ သည်တော့လည်း သူ ဘာကို မေးနေသည်ဟု အိန္ဒြာ မသဲကွဲ။ ထိုကြောင့် သိသလောက် ဖြေရသည်။ “ဗာလင် တိုင်းဒေးတော့ မသိဘူး ကိုကြီး။ ရွှေဂံတိုင် မီးပွိုင့်နားက ဗာလင်တိုင်း မွေ့ရာ ဆိုင်တော့ သိတယ်။ ညီမလေး ကြော်ငြာ သွားကောက် ဖူးတယ်” အိန္ဒြာ ဖြေတော့ ကိုကြီးက ဟက်ဟက်ပက်ပက် ရယ်ပြန်သည်။ ရယ်သံဆုံးမှ “ကိုင်းဗာလင်တိုင်း မသိလည်း ထားပါတော့ကွာ။
မနက်ဖြန်ရော ဘာနေ့လဲ သိလား” ကိုကြီးထံမှ အမေး ဆက်လာ ပြန်သဖြင့် “ရော ခက်နေပါပြီ” ဟု အိန္ဒြာ ခေါင်းကုတ်ရတော့၏။ သည်တော့ ကိုကြီးက “မခက်နဲ့လေ ပြော မနက်ဖြန် ဘာနေ့လဲ”ထပ်မေးသည်။ “ဒီနေ့ ကြာသာပတေး ဆိုတော့ မနက်ဖြန် သောကြာပေါ့လို့။ အဲဒါ ဘာဖြစ်လို့လဲ ညီမလေးကို သက်သက် ခေါင်းစားအောင် လာလုပ် နေပြန်ပြီ” အိန္ဒြာ ပြောတော့လည်း ကိုကြီးက ရယ်လို့သာ နေပြန်သည်။ အားရပါးရ ၀အောင် ရယ်ပြီးတော့မှ
“မနက်ဖြန် ဖေဖော်ဝါရီလ ဆယ့်ငါးရက်နေ့ဟာ ကိုကြီးရဲ့ ညီမလေး အိန္ဒြာရဲ့ အသက်နှစ်ဆယ် ပြည့်မွေးနေ့လေ ညီမလေးရဲ့။ အဲဒီ မွေးနေ့မှာ ကိုကြီးက ညီမလေးကို ဘာ့သ်ဒေး ပရဲဇဲ့န် ပေးရမယ်လေကွာ။ အဲဒါ မနက်ဖြန် ညနေ ညီမလေး အလုပ်ဆင်းချိန် ကိုကြီး လာကြိုမယ် စောင့်နေယ်။ အိုကေ။ ဒါပဲနော်”
ပြောပြီးပြီးချင်း ကိုကြီး ဖုန်းချ သွားတော့ အိန္ဒြာ ကြောင်စီစီနှင့်ပင် ကျန်ခဲ့ရသည်။ သူ့ဘက်က စကား ပြောပြီးပြီးချင်း အမြဲ လိုလို ဖုန်းချသွားတတ်တာက အနိုင်ယူသလိုမျိုး လိုလိုမို့ အိန္ဒြာ သဘော မတွေ့ခဲ့တာတော့ ကြာပြီ။ သို့သော် အဲဒီ အတိုင်းပင် ဖုန်းလက်ခံ နားထောင် နေခဲ့ရသည့်မှာလည်း ကြာပြီ။
မနက်ဖြန် ကိုယ့်မွေးနေ့တဲ့။ အိန္ဒြာ သတိ မထားမိ။ မှတ်မှတ် သားသားလည်း သိပ်မရှိခဲ့။ မွေးနေ့ပွဲတွေ ဘာတွေလည်း တစ်ခါမှ မလုပ်ဖူးခဲ့။ အခု သူက ကိုကြီးက မှတ်မှတ်ရရ မွေးနေ့ လက်ဆောင် ပေးမလို့တဲ့။ မွေးနေ့ လက်ဆောင်ပေးတယ် ဆိုတာတော့ ထားပါဦး။ ကိုယ့်ဘာသာ ကိုယ်တောင်မှ မှတ်မှတ်သားသား မထားခဲ့သည့် မွေးနေ့ သက္ကရာဇ်ကို သူက ဘယ်ကနေ ရလိုက် ရတာတဲ့တုန်း။
ပြီးတော့ သူ့အပြောထဲမှာ “ကိုကြီးရဲ့ ညီမလေး”တဲ့။ ဘယ်တုန်းက သူ့ညီမလေး ဖြစ်သွားခဲ့ရတာတုန်း။ ဘယ်သူက ခွင့်ပြုခဲ့သေးလို့လဲ။ သူကတော့ ပိုင်ပိုင်နိုင်နိုင်ကြီးကို ဆိုနေခဲ့ပြီ ကိုကြီးရဲ့ ညီမလေးတဲ့။ အိန္ဒြာ့ စိတ်ထဲ အမျိုးအမည် မသိသည့် ခံစားမှုလေး တစ်ခု တင်ကျန် နေခဲ့မိသည်တော့လည်း အမှန်။
(၄)
WONDERLAND FOOD-HOUSE တဲ့။ ရန်ကုန်မြစ်ကို ကျောပေးထားသည့် အအေးခန်း စားသောက်ဆိုင် တစ်ခု။ အတွင်းဘက်မှာ အေးချမ်းမှုနှင့် တိတ်ဆိတ်မှု ရသကို အပြည့်အ၀ ပေးထားလျက် တယောသံ နွဲ့နွဲ့သည် အနောက်တိုင်း တီးလုံးတစ်ခုက တီးတိုးလေး ပြန့်လွင့်နေသည်။ မီးရောင်ကလည်း အဲဒီ တီးလုံး သံလေးနှယ်ပင် ပြာလဲ့လဲ့ မှိန်မှိန်လေး။ မြစ်ဘက် မှန်ပြတင်း ကျယ်ကြီးတွေ အားလုံးကို စတေကာ အမှောင်ရောင်တွေ ကပ်ထားသဖြင့် မြစ်ပြင် မြင်ကွင်းက ညနေစောင်း ဖြစ်ပေမယ့် ညမြင်ကွင်း လိုဖြစ်နေသည်။ ဆိုင်က ကျယ်ကျယ်ဝင့်ဝင့် ရှိသော်လည်း စားသောက်သူက အတော်ကျဲကျဲပဲ ရှိသည်။ သည်လို စားသောက် ဆိုင်မျိုး အိန္ဒြာ တစ်ခေါက် တလေမျှ မရောက်ဖူးခဲ့ သဖြင့် နည်း နည်းတော့ စိမ့်တိန့်တိန့် ကြောင်စီစီ နိုင်လွန်းသည်။ ဘာပဲဖြစ်ဖြစ် ဥပတိ ရုပ်တည်ကြည်ပုံ ရှိသည်ဟု အိန္ဒြာ ယုံကြည်ဆဲ ကိုကြီးကို အားနာမှုဖြင့် လိုက်ခဲ့ပြီးမှတော့ ရှိုးတိုးရှန်းတန်း ဖြစ်မနေအောင် ကိုယ့်စိတ်ကိုယ် ထိန်းထားလိုက်ရ၏။
Golden Crown Fashion Shop တံဆိပ်ပါသည့် လက်ဆွဲ စက္ကူ အိတ်ကြီးကြီး တစ်လုံးနှင် Super Star Cosmetics Gallery တံဆိပ်ပါသည့် စက္ကူဆွဲအိတ် တစ်အိတ်ကို နှစ်အိတ် ပူးဆွဲလာသည့် ကိုကြီးနောက်မှ အိန္ဒြာ ထပ်ချပ်မကွာ လိုက်လာမိခဲ့သည်။ ဒေါင့်ကျကျ စားပွဲတစ်လုံး အရောက် ကိုကြီးက သူ့ လက်ထဲမှ အိတ်တွေကို စားပွဲပေါ် တင်လိုက်ပြီး “ထိုင် ညီမလေး” ပြောသဖြင့် ရမုတ် ကွန်ထရိုးဖြင့် လှုပ်ရှားသည့် စက်ရုပ်လေးတစ်ခု လို အိန္ဒြာ ထိုင်လိုက်ရသည်။ ကိုကြီးက အိန္ဒြာနှင့် ဘေးတိုက်လည်း မကျ၊ မျက်နှာချင်းဆိုင်လည်း မကျသည့် စားပွဲထိပ်မှာ ကပ်လျက်ထိုင်သည်။ ကိုကြီးထံ ကြည့်မိသည့် အခါ အိန္ဒြာ့ကို ကြည့်နေသော ကိုကြီး၏ မျက်လုံး စူးစူးတွေက အိန္ဒြာ့ တစ်ကိုယ်လုံး နေရာ အနှံ့ပြားဆီ ပေါ်သို့ ပိုက်စိတ်တိုက် လျောစီး သွားလိုက်သလို မျိုးလား ထင်ရ၏။ ရင်ထဲမှာ လှပ်ခနဲ ဖြစ်မိသည်။
အဲဒီလို မျက်လုံး အကြည့်မျိုး သူ့ထံမှာ အခုတစ်ကြိမ် ပထမဆုံး တွေ့မိလိုက်ရ တာလားပင် မသိ။ အဲဒီ့ အကြည့်ဒဏ်ကို မခံနိုင်သဖြင့် မျက်လုံးကို နေရာ ရွှေ့လိုက်ရတော့ အိန္ဒြာ့ မျက်လုံးက စားပွဲပေါ်မှ အိတ်တွေဆီ ရောက်သွားသည်။ Golden Crown တဲ့။Super Star တဲ့။ သည်ဆိုင်ကြီးတွေက တကယ့် စပါယ်ရှယ် ဆိုင်ကြီးတွေ။ တော်ရုံ မိန်းကလေး ဆိုင်ထဲဝင် ကြည့်ဖို့ မ၀ံ့သည့် ဆိုင်ကြီးမျိုးတွေ ဖြစ်သည်။
အဲဒီ ဆိုင်ကြီးတွေက ၀ယ်လာသည့် သည်ပစ္စည်းတွေက အိန္ဒြာ ဆိုသည့် ကောင်မလေး တစ်ယောက်ရဲ့မွေးနေ့ အတွက် လက်ဆောင်တွေ ဖြစ်နေသတဲ့လား။ အဲဒီ လက်ဆောင်တွေကို သုံးလ မပြည့်တပြည့်သာ ရှိသေးသည့် အချိန်တိုလေးထဲမှ အသိမိတ်ဆွေ အစ်ကိုကြီး တစ်ဦးက အိန္ဒြာ့ကို ပေးမှာတဲ့ ဆိုသည့် အခါ
“လက်ဆောင်ပစ္စည်းတို့၊ ငွေကြေးတို့ ဆိုတာတွေကို ရှေ့တန်း တင်ပြီး ပျားရည် ဆမ်းထားတဲ့ ဓားသွား မျက်နှာမျိုးတွေနဲ့ လမ်းဖောက်လာကြတတ်တာပါပဲ။ တချို့မိန်းကလေးတွေဟာ ပျားရည်ကိုပဲ မြင်ပြီး ဓားသွားကို မမြင်တတ်ကြဘူး။ ဓားသွားကို သတိမထားမိ မမြင်မိရင်တော့ သန့်ရှင်းတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဘ၀ဟာ ရေတိမ်နစ် သွားတတ်တယ်။ အလကားရတဲ့ ပစ္စည်းဟာ တန်ဖိုးကြီးကြီး အလျော် ပေးရတတ်တယ်လို့ ညီမလေး နားလည်ပါ”
အစ်မကြီး ချောသီတာ ပြောခဲ့ဖူးသည့် စကားက အိန္ဒြာ့ ခေါင်းထဲ ဖျိုးဖျိုးဖျပ်ဖျပ် ၀င်လာသဖြင့် ကိုကြီး ခေါ်သည့်နောက် လွယ်လင့်တကူ လိုက်လာ မိခဲ့တာ မှားသွားပြီလားဟု တွေးလိုက် မိရသေးသည်။
“ညီမလေးရဲ့ မွေးနေ့ကို ကိုကြီး ဘယ်လိုလုပ် သိသွားတာ ပါလိမ့်လို့ အံ့သြနေတယ် မဟုတ်လား။ မအံ့သြပါနဲ့ကွာ။ ပထမဆုံး မင်းလာပြီး ကြော်ငြာ ကောက်တုန်းက ကိုကြီးက တစ်လစာ ငွေချေ လိုက်ရမှာမို့ နှစ်ဦးနှစ်ဖက် ယုံကြည်မှု ဆိုပြီး မင်းဆီက မှတ်ပုံတင် တောင်းပြီး မိတ္တူကူးယူ ထားလိုက်တာလေ။ မှတ်မိပြီလား”
ကိုကြီးက ပြောရင်းနှင့်ပင် စူပါစတား အိတ်ထဲမှ အလှကုန် ပစ္စည်းတွေကို ထုတ်ပြီး စားပွဲပေါ် တစ်ခုချင်း စီစီချ နေသည်။ စားပွဲပေါ် ရောက်လာနေသည့် ပစ္စည်းလေးတွေက အိန္ဒြာ့ကို စပါးကြီး မြွေတစ်ကောင်လို ညှို့ယူ ဖမ်းစားနေ၏။ သည်ပစ္စည်းလေးတွေ အားလုံးက အိန္ဒြာ အလွန် သုံးချင် မိခဲ့ရသည့်တိုင် အိပ်မက်ထဲမှာပင် မသုံးဖူးခဲ့သော အလှကုန် ပစ္စည်းလေးတွေ။
Smooth E Baby Face မျက်နှာသစ် ခရင်မ်။Golden Rose မျက်တောင်ကော့ဆေး။Follow Me Oil Control ၀က်ခြံ မပေါက်အောင် အသားအရေကို ထိန်းသည့် ခရင်မ်။ ဂျာမဏီ နိုင်ငံလုပ် Secret Glamour နှုတ်ခမ်းဆိုးဆေး အနီ တစ်ဘူးနှင့် မိတ်ကပ် ပန်းနုရောင် တစ်ဘူး။Sheene Power Cake တစ်ဘူး။ Lotane Lotion တစ်ဘူး။ Now How Whitening Cleansing Form တစ်ဘူး။ Channal ရေမွှေးတစ်ပုလင်း။ Nivea Whitening ချွေးနံ့ပျောက်ဆေး။ ဒီပစ္စည်းတွေ အားလုံး ပေါင်းလိုက်လျှင် တန်ဖိုး မနည်းကြောင်း အိန္ဒြာသိသည်။ Golden Crown Fashion Shop အိတ်ကြီးထဲမှာလည်း အ၀တ်က နှစ်စုံမက ပါလာလေမည်ကိုလည်း အိန္ဒြာ သိနေသည်။
“ညီမလေးက ပင်ကိုယ်က လှနေပြီးသား ဆိုတော့ ဒါတွေ သုံးလိုက်ရင် အရမ်းကို လှသွားမှာပဲဆိုတာ ကိုကြီးသိလို့ တမင်ကို မှတ်မှတ်ရရ ဖြစ်အောင်ဆိုပြီး ဒီပစ္စည်းတွေ အားလုံးကို မနေ့တုန်း ကတည်းက သွားဝယ် ထားခဲ့တာ။ မနေ့က ဖေဖော်ဝါရီ ဆယ့်လေးရက် ဆိုတာက ဗာလင်တိုင်းဒေးလေ ညီမလေးရဲ့။ အဲဒီနေ့ကို ချစ်သူ စုံတွဲတွေရဲ့နေ့လို့ သတ်မှတ် ထားတာပေါ့ ညီမလေးရာ”
ကိုကြီးက အိန္ဒြာ့ကို စူးစူး ကြည့်ရင်း ပြောတော့ အိန္ဒြာ့ ရင်ထဲ ငလျင်တစ်ခု ၀င်လှုပ်သွားခဲ့သည်။ အဲဒီငလျင်သည် ကြောက် လန့်စိုးရိမ်စိတ်ကြောင့် လှုပ်ခဲ့သည့် ငလျင်ပေလား.။ တစ်စုံတစ်ရာ ကျေနပ်မှုကြောင့် လှုပ်ခဲ့သည့် ငလျင်လေးလား အိန္ဒြာ မခွဲခြား တတ်ခဲ့။ စောစောလေးကမှပင် သတိရ လိုက်မိသေးသည့် အစ်မ ကြီးချောသီတာ အထပ်ထပ်ပြောဆိုသွန်သင်ခဲ့သော စကားတွေကို လည်း အမှတ်မရ မိတော့ပြန်။ အဲသည်နေ့က အဲသည် စားသောက်ဆိုင်မှာ ဘယ်အစားအသောက်တွေကို စားခဲ့သည်ပင် ပြန်တွေးတော့ ၀ိုးတ၀ါးလိုလို။
သို့သော် ဆိုင်ထဲမှအထွက် ကိုကြီးက အိန္ဒြာ့ ပခုံးလေးကို ဖွဖွဖက်ပြီး “အရမ်းချစ်တာပဲ ကလေးရယ်” ဟု ပြောခဲ့သည်ကို တော့ မှတ်မှတ်ရရ ရှိနေမိသည်။
ထင်းရှူးသေတ္တာ ပုံးခွံလေးကို ပြုလုပ်ထားသော မှန်တင်ခုံ လေးပေါ်မှ သုံးလက်စ အကပ်အသတ် မိတ်ကပ်ဘူး ကလေးတွေ အိန္ဒြာ့ ရင်ဘတ်ထဲတွင် ပိုက်ထားသော ခေတ်ပေါ် အ၀တ်အစားနှင့် အလှပြင် ပစ္စည်းတွေ ထည့်ထားသည့် အိတ်နှစ်အိတ်ကို မျက်စိ သူငယ် နားသူငယ်ဖြင့် ငေးကြည့် နေကြသလိုပါပဲ ဆိုသည်ကိုလည်း အမှတ်တရ ရှိနေမိသေးသည်။
(၅)
“ညီမလေး အိန္ဒြာ နေကောင်းတယ်နော်”
မျက်လုံးကို မှေးစင်းထားရင်း အတိတ် ရပ်ဝန်းထဲမှ ကိုကြီးထံ ပြန်ပြေး သွားနေခဲ့သည့် အိန္ဒြာ့ နဖူးပေါ် လက်ဖ၀ါး နွေးနွေးတစ်ခု ဖွဖွကျလာ လိုက်သည့် အခါ ညီမလေး အခေါ်ကြောင့် ကိုကြီးများလားဟုပင် ထင်လိုက်မိသေးသည်။ သို့သော် အိန္ဒြာ့ မျက်လုံး အဖွင့်တွင် မြင်လိုက်ရသည်ကမူ အစ်မကြီး ချောသီတာသာ ဖြစ်နေလေသည်။
“ဘယ်လို ဖြစ်လိုက်ရတာလဲ ညီမလေးရယ်။ အစ်မ အကြိမ်ကြိမ် သတိပေးခဲ့တဲ့ ကြားထဲ့ မိုက်လိုက်တာ”
အစ်မကြီး ချောသီတာ စပြောလိုက်သည့် စကားကပင် သူ့အကြောင်း အကုန် သိပြီးနေသလိုမျိုးပါဟု အိန္ဒြာ သဘော ပေါက်လိုက်သည်။အစ်မကြီး၏ မျက်လုံးအိမ်တွင် မျက်ရည်တွေ ဝေ့၀ိုင်းနေသည်။ အိန္ဒြာ မြင်တော့ ချုပ်တည်း ထိန်းသိမ်းထားရသည့် အိန္ဒြာ့ရင်က အတိုင်းသား ပွင့်ထွက်သွားလျက် ပထမဆုံးအကြိမ် အဖြစ် ပါးပေါ် မျက်ရည် ရွှဲရပြီ။ အကယ်၍များ အစောကထင် လိုက်မိသလို နဖူးပေါ်မှ လက်က ကိုကြီးလက်သာ ဖြစ်ခဲ့လျှင်မူ ခွဲထားသည့် အနာကိုပင် သတိ မထားမိဘဲ ငုတ်တုတ်ထထိုင် လိုက်မိမည်လား မသိ။ ခုတော့
“အစ်မ ရောက်နေတာ ကြာပါပြီ။ ညီမလေး အိပ်ပျော်နေတယ် ထင်လို့ ညီမလေး မေမေနဲ့ စကားပြောရင်း အကြောင်းစုံ သိလိုက်ရပြီးပါပြီ။ ဖြစ်လာခဲ့ပြီ ဆိုတော့လည်း ရင်ဆိုင်ကြရ ရုံပဲ ရှိတော့တာပေါ့ ညီမလေးရယ်”
အစ်မကြီးက ပါးပေါ်ကျလုဆဲ မျက်ရည်ကို ဆလင်း ဘက်ထဲမှ တစ်ရှူးစလေး တစ်စထုတ်၍ သုတ်သည်။ အိန္ဒြာထိန်း ထားလို့ မရနိုင်တော့။ အသံ ထွက်အောင်ပင် ကလေးမ ငယ်ငယ်လေးလို ငိုချ လိုက်မိတော့ပြီ။ တကယ်တော့လည်း ပြင်ဆင် ပိုင်ခွင့်မရှိတော့သည့် အခြေအနေ ရောက်ကာမှ သိလျက်နှင့် မဆင်ခြင် မထိန်းသိမ်း မိခဲ့သည့် ကိုယ့်အပြစ်ကိုယ် သိလိုက်ရသည်ပဲ။
ဟိုဘက်လတွေကတည်းကပင် ကိုယ့်ကိုယ်ကိုယ် သတိတော့ ထားခဲ့မိသား။ သို့သော် သည်ကိစ္စ ဘယ်သူ့ကို ဖွင့်ပြောရမည်လဲ။ ဟုတ်သည် မဟုတ်သည်လည်း ငယ်သူမို့ မသဲကွဲလှ။ သည်လိုနှင့် တစ်လ၊ နှစ်လ၊ သုံးလဆိုတော့ အမေ့ကို မပြောရဲ။ အမေ ရင်ကွဲမှာ အိန္ဒြာ သိသည်။ အရမ်း ချစ်တာပဲ အိန္ဒြာလေးရယ်ဟု အပ်ကြောင်း ထပ်အောင် ပြောခဲ့ဖူးသည့် ကိုကြီးကို ပြောရဖို့ ဆိုသည်ကလည်း ကိုကြီးက အလွယ်တကူ လက်သင့်မှ ခံပါ့မည်လား။ မပြောလို့ မဖြစ်နိုင်တော့သည့် သိသိသာသာ အခြေအနေသို့လည်း တဖြည်းဖြည်း ရုပ်လုံး ပေါ်လာခဲ့ပြီ။
သားသမီး အရိပ်အကဲ တကြည့်ကြည့် နေတတ်သည့် အမေက “သမီးရယ် လာစမ်းပါဦး” ဟု ဗိုက်ဆီ လက်ကမ်းတော့ ထိတ်ခနဲ ဖြစ်သွားသည့် စိတ်ကို ထိန်းလျက် အပြုံးလေးတစ်ခု မျက်နှာပေါ် ကမန်းကတမ်း ပစ်တင် လိုက်ပြီးမှ အမေက ဘာမှ မမေးသေးဘဲနှင့်ပင် “အို အမေကလည်း ၀တာပါ အမေရဲ့” ဟု ရင်တုန် ပန်းတုန်ဖြင့် ဖုံးဖုံးဖိဖိ ဖြေခဲ့သည်။ အမေကတော့ မျက်မှောင်လေး တစ်ချပ် ကုပ်လိုက်ပြီးမှ “အမေ့ သမီးလေး လိမ်မာတာ အမေ သိပါတယ်ကွယ် သမီး လိမ်လိမ်မာမာ နေနော်”တဲ့။ ဣနြေ္ဒ ပျက်သွားသည့် အိန္ဒြာ့ အပေါ် အမေ ဇဝေဇ၀ါ ဖြစ်သွားပုံ ရသည်ဟု အိန္ဒြာ သိလိုက်သော်လည်း အမေ့ကိုတော့ ဟန်ဆောင် ထားဦးမှ ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ပြောခြင်း ပြောလျှင်တော့ ချစ်တတ်လွန်းသည့် ကိုကြီးကိုသာ ပြောမည်ဟု ပြင်ဆင်ဆဲမှာပင် . . .
မနေ့ည ဆယ်နာရီကျော်မှ ဗိုက်က တအား အောင့်လာသည်။ အဲသည် ဗိုက်အောင့်တာက ၀ိရိုးဝိသား အောင့်တာပဲလား။ ဟို ဗိုက်ထဲက ကိစ္စက တစ်ခုခုကြောင့် ပျက်ချင်ပြုချင်လို့ အောင့်တာပဲလား။ အိန္ဒြာ ဘယ်လိုမှ မသဲကွဲတတ်။ သဲကွဲ တတ်ရအောင်လည်း အိန္ဒြာ အရွယ်က ကလေး သာသာလေး။ ပျက်စီး ကျသွားတာမျိုးဆို ရင်တော့လည်း အဲဒါကိုပင် ၀မ်းသာရမှာလား။ ၀မ်းမသာရဘူးလား။
မနေနိုင်တော့လောက်အောင် အောင့်လာတော့သည့် အဆုံး ဆေးရုံ ရောက်ခဲ့တော့ အရေးပေါ်ဌာနမှာ ဂရုတစိုက်နှင့် စမ်းသပ် ပေးသည့် ဆရာဝန်မလေးက အူအတက်တဲ့။ အရေးပေါ် ခွဲစိတ်ရမည်တဲ့။ မိုင်နာ ကေ့စ်မို့ စိတ်မပူပါနဲ့တဲ့ ဆိုတော့ အိန္ဒြာ စိတ်သက် သာရတော့ မလိုလို မသာရဘူး လိုလို။
သို့သော် ဆရာဝန်မလေး ဆက်ပြောလိုက်သည့် စကားကမူ အိန္ဒြာ့ကိုထက် အမေ့ ခေါင်းကို မိုးကြိုး ၀င်မှန်သွားလိုက် သလိုပါပဲ ထင်ပါရဲ့။ အနားမှာ ဆက်ရပ် နေနိုင်ဖို့ကိုတောင် တတ်နိုင်ပုံ မရလိုက်တော့သည့်အမေသည် နီးစပ်ရာ ခုံတန်းလေးပေါ် ထိုင်ချ သွားတာ အိန္ဒြာ မြင်သည်။ အမေ့ ပါးပေါ်မှာတော့ မျက်ရည်တွေ အိုင်ထွန်းလို့။ အိန္ဒြာ့ ဗိုက်ထဲမှာ . . .ကိုယ်ဝန် သုံးလတဲ့။
ဆေးရုံ အပေါ်ထပ် ခွဲစိတ် လူနာဆောင်သို့ တက်ရခါနီး အ၀င်ဝ ဆေးဆိုင်လေးမှာ အမေ့ကို ခွင့်တောင်း၍ ကိုကြီးထံ ဖုန်းဆက်ရတော့ ညဥ့်ဆယ့်နှစ်နာရီ ကျော်ပြီ။ မနက်ကျမှ လာခဲ့မည် ဆိုပြီး ဖုန်းချသွားခဲ့သည်။ နေနိုင်ရက်လိုက်တာဟု တွေးမိသော်လည်း ဆရာဝန်မလေး ထိုးပေးလိုက်သည့် ဆေးကြောင့် ဗိုက်အအောင့် အနာသက်သာ လာသဖြင့် အမေ့ကို အကြောင်းစုံ ဖွင့်ပြောပြရ သည့်အခါ ကိုကြီးကို မျှော်လင့်ဆဲ ရှိသဖြင့် အိန္ဒြာ မျက်ရည် မကျခဲ့သော်လည်း အမေကမူ ရှိုက်၍ပင် ငိုလို့။
ခဏ အကြာတွင် အမေ့ကို တာဝန်ကျ ဆရာဝန်ကြီးက ခေါ်သဖြင့် ဆရာဝန်ကြီး ရုံးခန်းသို့ အမေ လိုက်သွားရသည်။
ဆရာဝန်ကြီး၏ ရုံးခန်းမှ အမေ ပြန်ရောက် လာသည့် အခါတွင်မူ အမေ့ မျက်နှာက ဆောက်တည်ရာ မရတော့သလို တစ်ကိုယ်လုံးပင် သိမ့်သိမ့် တုန်အောင် ငိုရှိုက်ရင်း အောက်နှုတ်ခမ်းကို သွားဖြင့် ဖိကိုက် ထားပုံက အမေ့ နှုတ်ခမ်းလေးထဲ အမေ့သွားတွေ နစ်ဝင်သွားတော့ မလို ထင်ရ၏။ ငိုရင်းမှ ပင်ပါလာသည့် ပစ္စည်း ပစ္စယလေးတွေကို တစ်ခုချင်း ကောက်သိမ်း နေပြန်သည့် အတွက် အိန္ဒြာ ရင်ထိတ်ရသည်။ အမေ ဘာဖြစ်လာ သလဲ။
“အမေ ဘာဖြစ်လို့လဲဟင်။ ဆရာဝန်ကြီးက ဘာပြောလိုက်လို့လဲဟင်”
အိန္ဒြာ မေးတော့ အမေ ခေါင်းကိုသာ တွင်တွင်ခါသည်။ “မိုက်လိုက်တာ၊ မိုက်လိုက်တာ ဘ၀ ပျက်အောင်ကို မိုက်တာပါလား” ဟုသာ အမေတွင်တွင် ပြောနေခဲ့သည်။ အမေ့ကို ဘာမှ မေးလို့မရ။
ခဏနေတော့ အိန္ဒြာ့ကို သီးသန့် အခန်း တစ်ခုသို့ ပြောင်းပေးခဲ့သည်။ သီးသန့် အခန်းမှာက ခုတင် လေးငါးလုံးသာ ရှိလျက် လူနာက နှစ်ယောက်ပဲ ရှိသည်။ မိုးစင်စင်လင်းသည် အထိ တငိုတည်း ငိုနေသည့် အမေ့ကို အိန္ဒြာ ဘာတစ်ခုမှ မေးလို့မရ။ မေးမိတိုင်းလည်း “မိုက်လိုက်တာ မိုက်လိုက်တာ” ဟုသာ အမေ တဖွဖွ ပြောနေခဲ့သည်။
တစ်ချိန်လုံး လိုလို အိန္ဒြာ့ကို တွေတွေကြီး ကြည့်ပြီး အမေ့ပါး မျက်ရည် မခြောက်သည့် ကိစ္စက ယခုတိုင် ပဟေဠိ ဖြစ်နေဆဲ ရှိသည်။
သည်နေ့တော့ အိန္ဒြာ့ အငိုလှည့် ရောက်လာခဲ့ပြီလား မသိ။ အပြေး ရောက်လာလိမ့်မည် ထင်သည့် ကိုကြီး ရောက်မလာခဲ့။ အဲသည်လို အဖြစ်မျိုးတွေ ကြုံတတ်လို့ သတိထားပါ ညီမလေးရယ်ဟု အကြိမ်ကြိမ် သတိ ပေးဆုံးမခဲ့သည့် အစ်မကြီးချော သီတာသာ မျက်ရည်တွေနှင့် အိန္ဒြာ့ အပါး ရောက်လာသည်။
အစ်မကြီးက အိန္ဒြာ့ လက်ဖ၀ါးလေး တစ်ဖက်ကို ဖွဖွယူ၍ ဆုပ်ကိုင်ထားရင်း
“ညီမလေးကို အစ်မ တစ်ခု ပြောစရာ ရှိတယ်။ သိပ်တော့လည်း အရေးကြီးလှတဲ့ အကြောင်းတော့ မဟုတ်ပါဘူးလေ။ ဒါပေမယ့် ညီမလေးကို အသိပေးထားဖို့ လိုလို့ အစ်မပြောမှာ။ ညီမလေး စိတ်အေးအေး ထားပြီး နားထောင်နော်ဟို”
“ဘာလဲဟင် အစ်မကြီး၊ ကိုကြီး အကြောင်းလားဟင်”
အိန္ဒြာက အစ်မကြီး စကားကို ဖြတ်မေးတော့ အစ်မကြီးချော သီတာက ခေါင်းညင်ညင်ခါသည်။
“သူ့အကြောင်းကတော့ မေ့ထားလိုက်ရအောင် ညီမလေး ရယ်နော်”
အစ်မကြီးက ပြောရင်းနှင့် အမေ့ဆီ လက်လှမ်းလိုက်တော့ အမေက ဘီရိုပုလေးပေါ်တွင် ဆေးပုလင်း တစ်ခုနှင့် ဖိတင်ထား သော ဆေးစာရွက်ကလေးကို လှမ်းယူပြီး အစ်မကြီးဆီ ကမ်းလိုက်သည်။ ဆေးစာရွက်ကလေးက တဆတ်ဆတ် တုန်နေသည့် အမေ့ လက်ထဲမှာ တဖျတ်ဖျတ်ခါလို့။ အမေက သူ့နှုတ်ခမ်းလေးကို ပြတ်ထွက် သွားတော့နီး ဖိကိုက်ထားပြန်သည်။ အမေ့ပါးပေါ် မျက်ရည်တွေနှင့်။ အိန္ဒြာ နားမလည်နိုင်တော့။ ဘာတွေ ဖြစ်ကုန်ပြီလဲ။ ညကနှင့် သည်နေ့ တစ်နေ့လုံး အမေ့ကို မေးလို့ မရခဲ့သည့် ကိစ္စပဲ ဖြစ်မည်ဟု အိန္ဒြာ သဘော ပေါက်လိုက်သည်။ အစ်မကြီးက စာရွက်ကလေးကို ကြည့်ရင်း အိန္ဒြာ့ လက်ကလေးကို ပိုပြီး ဖျစ်ညှစ်လာကြောင်း အိန္ဒြာသိသည်။ အစ်မကြီး၏ နှုတ်ခမ်းလေးက ပြုံးလိုက်တာလား။ မဲ့လိုက်တာလား မသိ တစ်ချက် လှုပ်သွားပြီးမှ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သလို အိန္ဒြာ့ မျက်နှာဆီ အကြည့်ပြောင်းသည်။
“ညီမလေးရဲ့ သွေးထဲမှာ အိပ်ခ်ျအိုင်ဗွီပိုး ရှိနေပြီ”
“ရှင် အစ်မ”
ကျောအောက်သို့ အက်ဆစ်ရည်တွေ စီးဝင်တာ ခံလိုက်ရသလို အိန္ဒြာ ထထိုင်ဖို့ ကြိုးစားလိုက်တော့ ခွဲထားသည့် အနာက အတော် နာသွားသဖြင့် မျက်နှာလေး ရှုံ့သွားသည်။ အစ်မကြီးက အိန္ဒြာ့ ပခုံးကို ဆီးဖက် ထားလိုက်ရင်း
“အဲဒီလောက်ကြီးလည်း စိတ်ပူ မသွားပါနဲ့ ညီမလေး။ စိတ်ကို အေးအေးထားပြီး ရေရှည် ရင်ဆိုင် ဖြေရှင်းရမယ့် ကိစ္စပါ။ ပြန်လှဲနေ လိုက်နော်။ မတော်တဆ ချုပ်ရိုးတွေ ဘာတွေ ပြုတ်ထွက်ကုန်မှ ဒုက္ခ ရောက်နေပါဦးမယ်”
“ချုပ်ရိုး ကွဲထွက်ပြီး အခု သေသွားတော့လည်း အေးတာပေါ့။ နောက်လည်း သေရမယ့် ရောဂါပိုးကြီး ညီမလေး ကိုယ်ထဲ ရောက်နေပြီပဲ အစ်မရယ်။ ဘာထူးတော့လို့လဲ”
အိန္ဒြာက ကလေး တစ်ယောက်လို ရှိုက်ကြီးတငင် ငိုချသည်။ အမေ့ ရှိုက်သံကိုလည်း အိန္ဒြာ ကြားနေရသည်။
“မဟုတ်ဘူး ညီမလေး။ ဒီပိုး သွေးထဲကို ရောက်တယ် ဆိုတာနဲ့ မသေပါဘူး ညီမလေးရယ်။ အဲဒီပိုးတွေ ပွားမလာအောင် တားထားနိုင်တဲ့ ဆေးတွေ အများကြီးပါ။ ဆေးလည်း သောက်မယ်။ ကိုယ်ကိုယ်တိုင်ကလည်း ကျန်းမာရေး အတွက် အနေအထိုင် အစားအသောက် ဆင်ခြင်သွားမယ် ဆိုရင် သက်တမ်းပြည့် နေသွားလို့ ရပါတယ်ကွာ။ အဲဒီ လောက်ကြီးလည်း စိတ်ပူ မသွားပါနဲ့။ တို့စိတ်အေးအေး ထားပြီး ရင်ဆိုင် ဖြေရှင်းရမှာပေါ့”
“ငါ မနက်အစောကြီး ဖုန်းဆက်တော့ နင့်ကိုကြီးဖုန်းကို အမျိုးသမီးတစ်ယောက် ကိုင်တယ်”ဟု ပြောသွားသည့် စိုးစိုးခိုင့် အသံက နားထဲမှာ ပဲ့တင်သံ ဖြစ်လာနေသည်။ ညတုန်းက ကိုကြီးဆီ ဖုန်းဆက်တော့ မနက်ကျမှ လာမယ် ပြောပြီး ချက်ချင်း ဖုန်းချသွားသည့် ကိုကြီးဟု အိန္ဒြာ အမြတ်တနိုး ခေါ်ခဲ့ရသော အဲသည့် လူအသံ နားထဲ တစ်ကျော့ ပြန်ဝင်လာသည်။
အိန္ဒြာတောက် တစ်ချက် ပြင်းပြင်း ခေါက်ပစ်လိုက်မိသည်။ အိန္ဒြာ့ တောက်ခေါက်သံကို အစ်မကြီး ဘာမျှ မပြောတော့။
“အိန္ဒြာ့ အဖြစ်က ရိုင်းလိုက်တာနော်”
အိန္ဒြာ့ အသံလေးက အားလုံးကို လက်လျှော့ ပေးလိုက်ရသည့် လူတစ်ယောက်လို မှိန်ဖျော့သွားသည်။
အစ်မကြီး ချောသီတာထံမှ သက်ပြင်းရှိုက်သံ တစ်ခု ကြားလိုက်ရသည်။
“အိန္ဒြာ့ဘ၀ တစ်ခုတည်းက ကွက်ပြီး ရိုင်းသွားတာ မဟုတ်ပါဘူး ညီမလေးရယ်။ စောင့်စည်း၊ ထိန်းသိမ်း၊ စာနာမှုတွေ မရှိကြတော့တဲ့ အဲဒီ လောကကြီး တစ်ခုလုံးက ရိုင်းနေတာ ထင်ပါရဲ့”
“ရှင်”
“သြော် ဘာကိုမှ မစောင့်စည်း တော့တဲ့ လောကကြီးကကို ရိုင်းစိုင်းပြီး အကျည်း တန်လာလို့ အဲဒီ လောကကြီးထဲက ဘ၀တွေလည်း ရိုင်းပြီး အကျည်းတန် ကုန်တယ် ထင်ပါရဲ့လို့ ပြောတာပါ”
အစ်မကြီး ချောသီတာ၏ အသံသည်ပင် မှိန်ဖျော့ သွားခဲ့ပြီလား ထင်သည်။
အိန္ဒြာ့ထံမှ နောက်ထပ် ရှိုက်သံ မကြားရတော့။ ဖြစ်လာ ခဲ့ပြီးသည့် ဘ၀ကို ရင်ဆိုင် ရပ်တည်နိုင်ဖို့ ပြင်ဆင် လိုက်နိုင်ပြီ ထင်ပါရဲ့။
သင်းရီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment