Home

အဖြူရောင်ကြားက စွန်းထင်းခြင်းများ

“အလကားပါကွာ မိမဆုံးမ ဖမဆုံးမကောင်ပါ…. ဘာမှအသုံးကျမယ့်ကောင်လဲမဟုတ်ဘူး”

“အေးကွာ….. ပစ္စည်းဥစ္စာဆိုလို့လဲ ဟုတ်တိပါတ်တိမရှိ…. အတန်းထဲမှာကျတော့လဲ အဆင့်ကအမြဲ ဘိတ်ချီး ကိုယ့်အဆင့်နဲ့ကိုယ် တန်ရာတန်ရာမမှန်းဘူး”

ဘေးဝိုင်းမှ သွေးကိုစောင်းပြောနေကြခြင်းဖြစ်သည်…..။ သွေးကအေးအေးဆေးဆေးပင် နားထောင်လျက်ရှိသည်….။ သူ့အတွက် သည်လိုပြောခံလာရသည်မှာလဲ နည်းတော့သည် မဟုတ်ပေ….။ ဘေးကကြားနေရသော သွေး၏သူငယ်ချင်း ဇွဲ ကပင်မခံမရပ်နိုင် ဖြစ်လာကာ…..

“ဟေ့ကောင်သွေး မင်းဒီလိုပဲ ငြိမ်ခံနေတော့မှာလား မင်းအရင်က ဒီလိုမဟုတ်ပါဘူးကွာ….. ဒီကောင်တွေ နောက်မပြောရဲအောင် ဆုံးမလိုက်ရအောင် ငါလက်ယားနေပြီကွာ….”

သွေးကတော့ အေးဆေးစွာပင်

“ထားလိုက်ပါကွာ ငါကိုယ့်ကိုယ်ကို ပြုပြင်ဖို့ ဆုံးဖြတ်လိုက်ပြီကွ….. ငါဒီနေ့ကစပြီး သူများတွေ ငါ့ကိုအလကားကောင်လို့ ပြောတာမခံရအောင် နေတော့မယ်…. ငါချစ်တဲ့ငါ့ချစ်သူအတွက် ငါစာကြိုးစားတော့မယ်……။”

ဘေးဝိုင်းကကောင်တွေကလဲ သွေးစကားကိုကြား၍

“ဘာတဲ့…… ငါချစ်တဲ့ငါ့ချစ်သူအတွက်ဆိုပါလားဟ……တယ်လာတဲ့ကောင်ပဲ….. အနူလက်နဲ့ ရွှေခွက်နှိုက်ချင်နေတယ်….”

“ဟား ဟား ဟား ဟား ဟား ဟား”

သွေးဒေါသကိုအတက်နိုင်ဆုံးထိန်းချုပ်၍ သည်းခံနေခဲ့သည်………။ ဒါကိုပဲ ဇွဲက မကျေမနပ်ဖြစ်နေသည်….။ ပြောနေသည်ကောင်တွေ ပါးစပ်ပိတ်သွားအောင် တွယ်ပစ်လိုက်ချင်သည်….။ သို့သော် သွေးကိုယ်တိုင်က ငြိမ်ခံနေ၍ သူလဲငြိမ်နေရခြင်းဖြစ်သည်…..။ သွေးနှင့်ဇွဲမှာ ငယ်ငယ်လေးထဲက ပေါင်းလာခဲ့သော သူငယ်ချင်းများဖြစ်ကြသည်….။ သွေးမှာ အဖေအမေ မရှိတော့သလို ဇွဲမှာလဲ မိဘမဲ့တစ်ယောက်ဖြစ်သည်…..။ ထို့ပြင် သူတို့နှစ်ယောက်လုံး အတွက်တူညီနေသည်က နှစ်ဦးစလုံးက ဦးလေးအိမ်တွင်ကပ်နေနေရခြင်းဖြစ်သည်…..။ ဦးလေးတွေနှင့်နေရသည်ဖြစ်သည့်အတွက် ဦးလေးမိန်းမ၏ နှိမ်ခြင်းကိုခံရ၍ သူတို့၏ကိန်းအောင်းနေသော မကျေနပ်ချက်များက ပြင်ပလူများအပေါ်တွင် ပေါက်ကွဲနေသည့်အတွက် သူတို့နှစ်ယောက်ကို ပါတ်ဝန်းကျင်က လူဆိုးလေးများအဖြစ်သတ်မှတ်ထားကြခြင်းဖြစ်သည်….။ သူတို့ကျောင်းတွင်လဲ ၀န်ခံကတိ အများဆုံးထိုးရသော လူဆိုးစာရင်းတွင် သူတို့နှစ်ယောက်မှာ ထိပ်ဆုံးမှဖြစ်သည်……..။ ကျန်လက်မှတ်ထိုးရသောသူများမှာလည်း သူတို့နှစ်ယောက်နှင့်ရန်ဖြစ်၍ ထိုးထားရခြင်းသာဖြစ်သည်…….။ ဘယ်လောက်အထိဆိုးသလဲဆိုလျှင် တစ်ခါက အခြားအခန်းမှ ကျောင်းသားလေးနှစ်ယောက် သူတို့အခန်းရှေ့တွင် ရစ်သီရစ်သီလာလုပ်နေသောကြောင့် ကြည့်မရဟုဆိုကာ ထွက်ရိုက်သဖြင့် ဟိုကောင်လေးနှစ်ယောက်အနက်မှ တစ်ယောက်မှာ ခေါင်းခြောက်ချက်ချုပ်လိုက်ရသည်…..။ နောက်တစ်ယောက်က သွားကျိုးသွားသည်…..။ သူတို့နှစ်ယောက်မှာ အတွဲညီ သလောက်လဲ တစ်ယောက်ကိုတစ်ယောက်လဲ အလွန်ချစ်ကြသည်….။ ခေါင်းပေါက်အောင်ဘယ်သူရိုက်လိုက်တာလဲ ဟုမေးသောအခါ နှစ်ယောက်စလုံးက မိမိရိုက်လိုက်ခြင်းသာဖြစ်ပြီး အခြားတစ်ယောက်မှာအပြစ်မရှိကြောင်းတစ်ယောက်နဲ့ တစ်ယောက်ကာကွယ်နေကြ၍ နှစ်ယောက်စလုံးကို အပြစ်ပေးခဲ့ရသေးသည်……..။ သူတို့နှစ်ယောက်ကို ကျောင်းက ဆရာတွေမှအစ သန့်ရှင်းရေးအလုပ်သမားအဆုံး အားလုံးကသိကြသည်…….။ သူတို့နှစ်ယောက်မှာ ဆိုးသည်….။ သို့သော်မရိုင်းကြပေ….။ ကူညီတတ်သည်….။ တစ်ခုခုအမြင်မတော်လျှင်လဲ ၀င်ပါတတ်သည်….။ ထို့ကြောင့် သူတို့နှစ်ယောက်ကို တစ်ကျောင်းလုံးကသိကြသည်….။ မသိသူဟူ၍ မရှိသလောက်ပင်ဖြစ်သည်…….။ တချို့ဆရာဆရာမတွေက သူတို့နှစ်ယောက်ကိုချစ်ကြသည်..။ တချို့ကတော့ သူတို့နှစ်ယောက်ကို မျက်မုန်းကျိုးနေကြသည်…။ ကြည့်လို့မရကြပေ….။ သို့သော် သူတို့နှစ်ယောက်ကတော့ သူတို့ပုံစံအတိုင်း ပြောင်းလဲခြင်းမရှိခဲ့ပေ….။ငယ်ငယ်ကတည်းက ယခု ၁၀တန်းရောက်သည်အထိ သူတို့နှစ်ယောက်မှာ ပြောင်းလဲခြင်းမရှိကြပေ…..။သူတို့၏ ပုံစံကိုမည်သူကမျှ ပြောင်းလဲနိုင်ခြင်းမရှိ ခဲ့ပေ….။ သို့သော် ၁၀တန်းကျောင်းဖွင့်ပြီး ၃လလောက်ကြာတော့ သူတို့ကျောင်းကို ကောင်မလေးတစ်ယောက်ပြောင်းလာခဲ့သည်…….။ ထိုကောင်မလေးရောက်လာသည့်အချိန်မှစ၍ သွေးမှာသိသိသာသာ ပြောင်းလဲလာခဲ့သည်….။ သွေးပြောင်းလဲလာသည်နှင့်အမျှဇွဲမှာလည်း ပြောင်းလဲလာခဲ့သည်….။ အရင်ကအမြဲတမ်းပြဿနာတတ်နေတတ်သည့် သွေးတစ်ယောက် ပြဿနာဆိုလျှင်ရှောင်တတ်လာသည်….။ ဇွဲပြဿနာတတ်လျှင်တောင်မှ တစ်ဘက်လူကို တောင်းပန်ပြီး ပြဿနာကို ရှင်းတတ်လာသည်……။ စာသင်ခန်းထဲနေ့တိုင်းရောက်တတ်လာသည်….။ စာသင်လျှင်လဲလိုက်နားထောင်တတ်လာသည်….။ အရင်လိုအိပ်ငိုက်နေခြင်းမရှိတော့ပေ…..။ ညည သွေး၏အိမ်ရှေ့ဖြတ်သွားလျှင် အရင်ကကြားနေကျ ဂစ်တာသံတွေအစား စာကျက်သံကနေရာယူလာခဲ့သည်….။ သွေးကထိုသို့ အများကြီးပြောင်းလဲ သွားခဲ့သော်လည်း ဇွဲမှာတော့ မဆိုသလောက်သာပြောင်းလဲလာခဲ့သည်….။ ဂစ်တာသံနှင့် စာကျက်သံကို တလှည့်စီကြား လာရသည်..။ အရင်ကလောက်ပြဿနာမရှုပ်တော့သော်လည်း ရံဖန်ရံခါ အတန်းပိုင်ဆရာမ၏ သတိပေးခြင်းကိုမူခံနေရတုန်းဖြစ်သည်…။ သူတို့၏ပြောင်းလဲခြင်းအပေါ် အားပေးသူများရှိသလို မထိတထိ စတတ်သူမျာဒလည်းရှိသေးသည်….။ ဘာပဲဖြစ်ဖြစ် သွေးကတော့အပြောင်းလဲကြီးပြောင်းလဲလာခဲ့သည်….။ သွေးပြောင်းလဲသွားရခြင်းအကြောင်းကို ဇွဲတစ်ယောက်သာသေချာသိ၍ အခြားမည်သူမျှ တိတိကျကျမသိကြပေ….။

“သွေး…. မင်းအရမ်းပြောင်းလဲသွားတယ်ကွာ….. ငါတော့ဘယ်လိုမှမယုံနိုင်ဘူး…… အေးပေါ့လေ…. ငါမှအချစ်ဆိုတာကိုမထိတွေ့ဖူးတာ…. ”

“ဟုတ်တယ်ဇွဲ…. ငါလဲကိုယ့်ကိုယ်ကိုတောင် တစ်ခါတစ်လေမယုံချင်ဘူးကွာ….. ဒါပေမယ့်မင်းစဉ်းစားကြည့်လေ…… သူကအတန်းထဲမှာ စာတော်တယ်…. နောက်ပြီး သူဌေးသမီးလေ…တကယ်လို့ကွာ ငါသာစာလဲမရ ဆင်းကလဲဆင်းရဲ သေးတယ်ဆိုရင် ဘယ်လိုလို့ဖြစ်နိုင်ပါ့မလဲကွာ…… ဘာပဲဖြစ်ဖြစ်ကွာ….. သူ့ထက်တစ်နေရာလောက်တော့ ငါသာနေသင့်တယ်လို့ထင်တာပဲ….. ဒါမှလဲ သူများတွေရဲ့အပြောကလွတ်မှာပေါ့……”

“အေး ကောင်းပါတယ်ကွာ….. ဒါပေမယ့် မင်းကအဲ့လိုကြီးပြောင်းလဲသွားတော့……..”

“မင်းကလဲ… မင်းလဲလိုက်ပြောင်းပေါ့ကွာ အရင်ကငါတို့အတွဲညီခဲ့သလိုပေါ့….. ငါနဲ့အတူစာလိုက်ကျက်လေကွာ….. နော်ဟေ့ကောင်…. မကောင်းဘူးလား”

“အင်း ငါကစာကိုအဲ့လောက်ကြီးမကျက်ချင်ဘူးကွ…. ငါကအေးအေးဆေးဆေးလေး နေချင်တာ… ငါဆိုလိုတာကိုမင်းသိမှာပါကွာ…. ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါကွာ ငါမင်းနဲ့စာတူတူကျက်မယ်… ဟုတ်ပြီလား………။”

“အေးကွာ….. ဒီစကားကြားရတာ ငါတကယ်ဝမ်းသာတယ်…. ငါတို့က ညီအကိုအရင်းတွေထက် ချစ်ကြတဲ့သူငယ်ချင်းတွေပဲကွာ ငါတို့တစ်ဘ၀လုံးအတူတူ ရုန်းကန်ကြတာပေါ့ကွာ……”

ဇွဲ ဘာမှမပြောတော့ပဲ ပြုံး၍သာကြည့်နေလိုက်သည်…..။ သူတို့ရဲ့မျက်ဝန်းထဲမှာတော့ မျှော်လင့်ချက်၏အရောင်အ၀ါတွေ ထွန်းလင်းလျက်ပေါ့………………။

သွေးချစ်မိသွားခဲ့သည့် သူဆိုသည့်မိန်းကလေးမှာ နှယ်နှယ်ရရတော့မဟုတ်….. သူမ၏အဖေမှာ မြို့နယ်အဆင့်ရှိ အရာရှိတစ်ဦးဖြစ်သည်…။ အမေမှာလည်း ဆရာဝန်ဖြစ်သည်….။ သူမ၏နာမည်မှာ ၀င်းမြတ်နိုးသူ ဖြစ်သည်….။သူမသည် အတန်းထဲတွင်လဲ ကျောင်းကိုပြောင်းလာပြီးသည့်အချိန်မှစ၍ အဆင့် ၁ ၊ ၂ ၊ ၃ တစ်နေရာကိုအမြဲယူထားသူဖြစ်သည်….။သူမမှာ စာတွင်သာတော်သည်မဟုတ်…..။ ရုပ်ရည်ရူပကာမှာလည်း အပြစ်ဆိုဖွယ်ရာမရှိအောင် ချစ်စရာကောင်းလှသည်…။ သူမ၏ဘယ်ဘက်ပါးပေါ်မှ မှဲ့ကလေးမှာလည်း ဆွဲဆောင်မှုရှိလွန်းလှသည်…။ နောက်သူမ၏ တည်ငြိမ်သော မျက်ဝန်းတစ်စုံ၏ ညှို့ယူနိုင်စွမ်းမှာလည်း ပြင်းထန်လွန်းလှသည်….။ သူမသည် များသောအားဖြင့်တော့ အရယ်အပြုံးနည်းလွန်းလှသည်….။ အထူးသဖြင့် ယောကျာ်းလေးများရှေ့တွင်ပို၍ တည်ကြည်နေတတ်သည်….။ သို့သော် ရှားပါးလွန်းလှသော အပြုံးများထဲမှ တစ်ခုသော လျှို့ဝှက်ချက်ကို တွေ့ရှိသွားခဲ့သူ သွေးအတွက်တော့ မျက်နှာတည်တည်ကြီးနှင့် နေတတ်သော သူမက ဘုရင်မဖြစ်သွားခဲ့သည်…..။

“ဇွဲ ငါ့သူလေးကို ထ(၁)ကကောင်တွေ လာကြောင်နေတယ်လို့ကြားတယ်ကွ…. ဘယ်လိုလုပ်ရင်ကောင်းမလဲ…”

“ဟေ….. ဟုတ်လား……. ဒါပေမယ့်အေးဆေးပါကွာ…… မပူပါနဲ့ဟ….. မင်းကလဲ ….. သူကအမြဲတမ်းရုပ်တည်ကြီးနဲ့နေတာ…… ပါသွားမှာမဟုတ်ပါဘူးကွာ…… အေးဆေးပေါ့…. မင်းကလဲ….”

“မဟုတ်သေးဘူးလေကွာ….. ငါပြောတာက ပါတာမပါတာကအဓိကမဟုတ်ဘူး…….”

“ အင်း….. ပါတာမပါတာကအဓိကမဟုတ်ရင် ဘာကအဓိကလဲကွ….. မင်းကလဲအဆန်းတွေ တော့ပြောတော့မယ်…….”

“ဒီလိုကွာ….. ငါတောင်မှ သူလေးစိတ်အနှောင့်အယှက်ဖြစ်မှာဆိုးလို့ တိတ်တခိုးအကြည့်လေးတွေနဲ့ပဲ နှစ်သိမ့်နေတာလေ….. အဲ့ဒါ ဟိုကောင်တွေက သူလေးစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မှာဆိုးလို့ကွ…. အဲ့ဒါ…”

“အော်အော်……. အေးအေး…… ငါနားလည်ပြီ….. မင်းဆိုလိုချင်တာက သူလေးရဲ့ အိမ်အပြန် body guard အဖြစ်ငါ့ကိုလုပ်စေချင်တာလား……. ဖြစ်ပါတယ်ကွ….. မင်းကလဲ ဒါမျိုးကမင်းနဲ့ ငါ့ကြားမှာပြောစရာမှ မလိုတာကွာ….. မင်းမပြောလဲ ငါစောင့်ရှောက်ပေးမှာပါကွ…… မင်းသာဆရာမနဲ့အေးအေးဆေးဆေး စာကျက်ရင်းနေခဲ့……”

“မင်းကရောကွ…….. မင်းစာမကျက်တော့ဘူးလား………”

“အေး…….. အချိန်ပေးလို့မရဘူးကွ…. ငါ့အဒေါ်က ဟိုနေ့က နောက်ကျတာကိုတောင်ဆဲနေတာ….. ငါကိုက စာကျက်ဖို့ ကံမပါဘူးနဲ့တူပါတယ်ကွာ……… အိမ်မှာပဲ ကိုယ့်ဘာသာအေးဆေးကျက်လိုက်ပါ့မယ်ကွာ……… အိမ်မှာငါ ကိုခိုင်းစရာ တွေကတန်းစီနေတာကွ…….. အချိန်ပိုတတ်နေလို့မရဘူးဟ……. မင်းငါ့အဒေါ်အကြောင်း လဲသိပါတယ်ကွာ….”

“အေးကွာ……. မင်းအဒေါ်ကြီးကမင်းရဲ့ လမ်းကိုတမင်ပိတ်နေတာကွ…….. မဟုတ်သေးဘူးကွာ…….. ဒီတိုင်းဆိုရင် မင်း၁၀တန်းတောင်အောင်ပါ့မလားပဲကွ…….. ငါစိတ်ပူတယ်ကွာ…….”

“ပြောမနေပါနဲ့ကွာ…… ငယ်ငယ်ထဲက ငါ့ကိုဆို အကောင်းထင်ခဲ့တာမှမဟုတ်တာ…… ငါကငယ်ငယ်ထဲက လူဆိုးဖြစ်နေခဲ့တာလေကွာ….. ဒီတော့ ခုလဲဆက်ပြီး လူဆိုးလုပ်နေရဦးမှာပေါ့ကွာ….. ငါစာကျက်ရင် ငါ့ဦးလေးကတော့ မနောတွေခွေ့နေတာကွ…. ငါ့အဒေါ်ကသာတစ်ခုပြီးတစ်ခုငါ့ကိုလိုက်ခိုင်းနေတာ……. ငါ့ဦးလေးလဲ ငါ့အဒေါ်ကိုကြောက်နေရတာနဲ့ မယက အဖွဲ့ဝင်ဖြစ်နေပါပြီကွာ……..”

“အင်း……..” သွေးသက်ပြင်းရှည်ကြီးကိုချလိုက်ပြီး……. “အေးကွာ ဒါဆိုလဲ ငါ့သူလေးကို ကျောင်းပြန်တိုင်းသေချာလိုက်စောင့်ရှောက်ပေးဦးနော် သူငယ်ချင်း…… မင်းကိုအရမ်းကျေးဇူးတင်တယ်ကွာ…. နောက်ပြီး သူလေး စိတ်အနှောင့်အယှက်ဖြစ်သွားမှာကို ငါအရမ်းစိုးရိမ်တယ်ကွ……”

“အေးပါကွာ…. အေးပါ….. မင်းသူလေးကို ဘယ်သူမှမထိစေ၇ဘူး….. စိတ်ချ…… ဒါနဲ့မင်းသူ့ကို ဘယ်တော့ဖွင့်ပြောမှာလဲကွ……..”

“အင်း……… အဲ့သည့်ကိစ္စအတွက် ငါ့မှာအစီအစဉ်တွေရှိပါတယ်…. အေးဆေးပေါ့……. ဟဲ ဟဲ…… လျှို့ဝှက်ချက်ပေါ့ကွာ…… နောက်တော့မင်းသိလာမှာပါ…….”

“အေးပါ… အေးပါ….. ခုတော့မင်းကငါ့ကိုတောင်လျိုပြီးပေါ့ကွာ……”

“မဟုတ်ပါဘူးကွာ…… မင်းကလဲ……” သွေးမျက်ဝန်းတို့က ရှက်ရွံ့မှုတို့ ရောပြွမ်းလျက် စကားကိုလုံးရင်းအဆုံးသတ်လိုက်သည်……….။ ဇွဲမှာမူ ၀င်းမြတ်နိုးသူ ၏ body guard ဘ၀ကိုရောက်မှန်း မသိရောက်သွားခဲ့ရသည်…..။

ဝင်းမြတ်နိုးသူ သူမ၏ ခုံစောင်းလေးထဲရောက်ရောက်နေတတ်သော နှင်းဆီပန်းလေးတွေကိုစိတ်ဝင်စားလာခဲ့သည်……။ သူမကျောင်းရောက်သည့်အချိန်တိုင်း သူမထိုင်သည့်ခုံလေးထဲတွင် သူမသို့ဟုအမည်တပ်ထားသည့် နှင်းဆီပန်းလေးများက စောင့်ကြိုနေတတ်သည်ကို သူမမွေ့လျော်လာခဲ့သည်…….။ သူမထံသို့ ဤသို့သောနှင်းဆီပန်းလေးများ ရောက်လာသည်မှာ စုစုပေါင်း ၁၄ပွင့်ရှိခဲ့ပြီဖြစ်သည်……။ ထူးဆန်းသည်က သူမမွေးနေ့သို့မရောက်မီကပင် သူမအတွက်တွက်ချက်ပြီး သူမ၏အသက်၁၅နှစ် မြောက်မွေးနေ့တွင် ၁၅ပွင့်ပြည့်အောင်ပို့ပေးမည့်ဟန်ရသော နှင်းဆီပန်းလေးများပင်ဖြစ်သည်…။ သူမတွေးမိသည့် အတိုင်းဖြစ်လာလျှင် မနက်ဖြန် ရောက်မည့် သူမမွေးနေ့တွင် ၁၅ပွင့်မြောက်နှင်းဆီပွင့် လေးကသူမ၏ ခုံစောင်းလေးထဲတွင် ရောက်နေမည်မှာသေချာသည်…….။ သူမထံသို့နှင်းဆီပန်းပို့နေသည့်သူကိုသူမ အရမ်းသိချင်နေသည်…….။ ဖြစ်နိုင်ချေရှိသူက ၃ယောက်ရှိသည်…။ တစ်ယောက်မှာ မနက်တိုင်း ကျောင်းလာလျှင်တွေ့တွေ့နေရတတ်သော ထ(၁)မှ ကျောင်းသားတစ်ယောက်ဖြစ်သည်…။ နောက်တစ်ယောက်က နေ့လည်ဘက်သူမကို အကြည့်တွေခိုးခိုးပြီးပို့နေတတ်သော သွေးဖြစ်သည်……။ နောက်တစ်ယောက်မှာမူ သူမညနေကျောင်းပြန်တိုင်း နောက်ဘက်ခပ်လှမ်းလှမ်းမှမသိမသာ လိုက်လာတတ်သော ဇွဲ ပင်ဖြစ်သည်….။ သူမထံသို့ နှင်းဆီပန်းတွေပို့နေသူမှာ သူတို့ ၃ယောက်ထဲမှ တစ်ယောက်ဖြစ်မည်ဟု သူမကျိန်းသေတပ်အပ် သိနေသည်…။ သူတို့ ၃ယောက်ထဲတွင် သူမအတွက်အထူးဆန်းဆုံးသူမှာ ဇွဲ ပင်ဖြစ်သည်….။ ဇွဲမှာသူနဲ့တစ်ခန်းထဲတတ်သည့်သူဖြစ်၍ သူမသိသည်….။ သွေးကိုလဲသူမသိသည်….။ သွေးကတော့သိပ်မထူးဆန်း….။ နေ့လည်တိုင်းသူမထံသို့ တိတ်တခိုးအကြည့်တွေပို့တတ်သည်မှအပ အခြားထူးဆန်းတာ တစ်ခုမှမတွေ့ရ….။ ဇွဲမှာမူ ကျောင်းလာပြီးအတန်းမတတ်သည့်တိုင်အောင် သူမကျောင်းပြန်သည့်အချိန်တိုင်းတွင် ဇွဲက နောက်ကပါလာတတ်သည်…။ ညနေကျောင်းပြန်တိုင်း တွေ့ရတတ်သည်…..။ သူမထံသို့ ရောက်လာတတ်သည့်နှင်းဆီပန်းတို့ရဲ့ သခင်ကို သူမအရမ်းသိလိုနေသည်….။ သူမ ထိုယောကျာ်းလေး ၃ယောက်ထက်ကို သူမထံမနက်ဖြန် သူမမွေးနေ့တွင်ရောက်လာမည့် နှင်းဆီပန်းလေးကိုပို၍ စိတ်ဝင်စားနေမိသည်…..။ သို့သော် သူမခန့်မှန်းထားသည့်အတိုင်းဖြစ်လာလျှင်လဲ သူမသည် သူမ၏မွေးနေ့လွန်သွားလျှင် နှင်းဆီပန်းလေးများကိုပိုင်ဆိုင်ခွင့်ရတော့မည်မဟုတ်…။ ထို့အတွက်သူမ နှမြောမိသလိုလိုကိုဖြစ်လာသည်….။ ဒီလိုနဲ့ ပဲ သူမအတွေးတို့ကနယ်လွန်ရင်း သူမ၏မွေးနေ့ထဲကိုချင်းနင်းဝင်ရောက်လာခဲ့သည်……။ ကျောင်းရောက်တော့လဲ သူမမျှော်လင့်ထားသည့် အတိုင်းနှင်းဆီပန်းလေးက သူမကိုစောင့်မျှော်နေခဲ့သည်…။ ထို့အတွက်သူမ အတိုင်းမသိ ၀မ်းသာသွားခဲ့သည်….။ သို့သော် နောက်နေ့တွင်သူမထံ မရောက်လာတော့မည့် နှင်းဆီပန်းလေးများကို နှမြောနေမိသည်….။ ဒီလိုနှင့်ပဲ ထိုနေ့ကကျောင်းပြန်တော့ သူမစိတ်သိပ်မကြည်ပေ….။ သူမ၏ ၁၅နှစ်မြောက်မွေးနေ့သည် သူမအတွက် အမှတ်ရစရာများနှင့်ပြည့်နှက်နေခဲ့သည်….။ ပထမဆုံး အရင်ကသူမကို တိတ်တခိုးအကြည့်တွေသာပေးခဲ့သော သွေးက သူမကို စာအုပ်တစ်အုပ်ထောင်ပြပြီး ပြုံးပြသည်….။ သူမအထင် ယင်းစာအုပ်မှာ ရည်းစားစာတွေ ဘာတွေရေးထားသည့် စာအုပ်ဖြစ်လောက်သည်….။ ထို့ကြောင့် သူမ ခေါင်းကိုရမ်းပြလိုက်သည်…..။ ထို့အတွက်သွေးက လေးစားစွာပင် ခေါင်းတစ်ချက်ငြိမ့်ပြရင်း ပြုံးပြီးလှည့်ထွက်သွားခဲ့သည်….။ သူတို့နှစ်ယောက်ကြားတွင် စကားလုံးတွေမလိုပဲ နှုတ်ဆက်ခဲ့သည်…။ ဒီလိုနှင့်ကျောင်းထဲကထွက်လာပြီး ကျောင်းနှင့်အနည်းငယ်အလှမ်းဝေးတော့ အရင်ကမနက်ပိုင်းတွင်သာတွေ့နေကျဖြစ်သော ထ(၁)မှ ကျောင်းသားကိုထူးဆန်းစွာ တွေ့လိုက်ရသည်….။ ထို့နောက်မမျှော်လင့်ပဲ ထိုကျောင်းသားက သူမအနားကပ်လာသည်….။ ထိုအခိုက် သူမမုန်းသော အနံ့အသက်တစ်ခုက သူမနှာခေါင်းထဲသို့ စူးရှစွာတိုးဝင်လာခဲ့သည်….။ သူမ ရုတ်တရက်ဆိုသလို ထိုကျောင်းသားကိုအထင်သေးသွားခဲ့သည်…။ ထိုအခိုက် ထိုကျောင်းသားက သူမရှေ့မှပိတ်ရက်ပြီး

“မ၀င်းမြတ်နိုးသူ ကျွန်တော်စကားနည်းနည်းလောက်ပြောချင်လို့…. ရမလားဗျ”

သူမရုပ်ကိုအတတ်နိုင်ဆုံးတည်ပြီး နှုတ်ခမ်းကိုရွဲ့ပြီး သူ့ကိုရှောင်ကာထွက်သွားလိုက်သည်…..။ ထိုကျောင်းသားက အနောက်ကအတင်းလိုက်လာပြီး

“မ၀င်းမြတ်နိုးသူ ကျွန်တော့်ကိုစကားပြန်မပြောဘူးလားဗျာ….”

“သွေး…. ငါမနေ့က ဟို ထ(၁) ကကောင်ကိုကျွေးလိုက်တယ်…..”

“ဟေ…. ဟုတ်လား…. ဘယ်လိုဖြစ်တာလဲကွ…. မင်းရောဘာဖြစ်သွားသေးလဲ…..”

“ဘာမှမဖြစ်ပါဘူးကွ… ဒီလိုပတေလေးတစ်ကောင်က ငါ့ကိုဘာလုပ်လို့ရမှာလဲကွ…..”

“အေးပါကွာ….. ဘာပဲဖြစ်ဖြစ် မင်းသတိတော့ထားကွ….. ဒီကောင်တွေတစ်ခုခုပြန်လုပ်လာမှာသေချာတယ်… ”

“ကျေးဇူးကွာ….. အမှန်ဆို ငါလဲ အဲ့လောက်ထိလုပ်မိမှာမဟုတ်ဘူးကွ….. ဒါပေမယ့် ဒီကောင်က လွန်လာတာကွ ရူးကြောင်မူးကြောင်နဲ့ သူလေးလက်ကိုဆွဲတာနဲ့ ငါလဲ ကျွေးပစ်လိုက်တာ…”

“ဘာ….. ဒီကောင်က သူလေးလက်ကိုဆွဲတယ် ဟုတ်လား…… အေး….. ကောင်းတယ်ကွာ…… နာနာလေးကျွေးလိုက်ရမှာ….. ငါသာအဲ့နားမှာရှိလို့ကတော့ ဒီကောင်အသေပဲကွာ…. ”

“ဟာဟ…. မင်းလဲငါ့လက်သီးအကြောင်းသိရက်နဲ့ကွာ…..”

“ဟုတ်ပါပြီ…. ဟုတ်ပါပြီ…. ဒါပေမယ့်မင်းသတိထားဦးနော်…..”

ထိုအချိန်မှာ ကျောင်းတတ်ခါနီးအချိန်ဖြစ်၍ အတန်းထဲတွင် လူတော်တော် စုံနေပြီဖြစ်သည်….။ ထိုအခိုက် အတန်းပိုင်ဆရာမ၀င်လာပြီး ဇွဲ ကိုခေါ်သွားခဲ့သည်….။ ယင်းကိုမြင်လိုက်ရသော ၀င်းမြတ်နိုးသူမှာ ဇွဲအတွက် စိတ်ပူသွားမိသည်…။ သွေးမှာလဲ ထို့အတူပင်ဖြစ်သည်…။ အကြောင်းမှာ သူတို့ နှစ်ယောက် နောက်ဆုံးထိုးခဲ့သော ၀န်ခံကတိတွင် နောက်ရန်ဖြစ်ပါက ကျောင်းထုတ်ခံရမည်ဟူ၍ ပါသောကြောင့်ဖြစ်သည်….။ ယခုမှတော့ သွေးဘာမှမတတ်နိုင်တော့ပေ….။ ဇွဲ ကိုကျောင်းမထုတ်ပါစေနှင့်ဟုသာ ဆုတောင်းနေမိသည်…..။ ပထမဆုံးစာသင်ချိန်တစ်ခုလုံးကိုလဲ လုံးဝအာရုံစိုက်၍မရတော့ပေ….။ သူမှားများမှားသွားပြီလားဟု တွေးမိသည်…။ သူ့ကြောင့်ဇွဲ ကျောင်းထွက် ရမည်ကို စိုးရိမ်နေမိသည်….။ ဇွဲ ကျောင်းအုပ်ဆရာမကြီး ရုံးခန်းရောက်တော့ သူမနေ့က ထိုးခဲ့သော ထ(၁)မှ ကျောင်းသားနှင့်ထိုကျောင်းသား၏အမေဖြစ်ဟန်တူသော မိန်းမကြီးတစ်ယောက် ရောက်နှင့်နေသည်….။ ဇွဲဝင်လာသည်နှင့် ထိုမိန်းမကြီးက မျက်ထောင့်နီကြီးနှင့် လိုက်ကြည့်နေသည်….။ ဇွဲ အခန်းထဲရောက်တော့ဆရာမကြီးကသြဇာ အပြည့်ပါသော အသံနှင့်

“ ထိုင်မောင်ဇွဲ…. မင်းရဲ့နောက်ဆုံးဝန်ခံကတိထဲမှာ မင်းဘာလက်မှတ်ထိုးခဲ့တယ်ဆိုတာ မှတ်မိတယ်မဟုတ်လား….“

“ဟုတ်ကဲ့…. မှတ်မိပါတယ်…..။”

”မှတ်မိတယ်ဆိုရင် မင်းဘာလို့ဒီလိုလုပ်တာလဲ….. ကဲပြော…. မင်းရဲ့ဖြေရှင်းချက်အပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချရလိမ့်မယ်…. မင်းအမှန်အတိုင်းပြောပါ…..။”

“ ကျွန်တော်….. ကျွန်တော်……” ဇွဲစကားကို တစ်ဝက်တစ်ပျက်နှင့်ရပ်လိုက်သည်….။ သူ့မျက်စိထဲတွင် ၀င်းမြတ်နိုးသူ၏ မျက်နှာလေးကိုမြင်ယောင်လာသည်….။ သူအမှန်အတိုင်းပြောလိုက်လျှင် သူမပါသည်ကိစ္စထဲပါလာ၍ ပို၍ ရှုပ်သွားနိုင်သည်…။ ဒီလိုနှင့် သွေးပါ ဆက်စပ်ပြီး သည်ကိစ္စထဲပါလာမည်…။ စာမေးပွဲကြီးကလဲဖြေရတော့မည်ဖြစ်သည်…။ သူက စာမေးပွဲမဖြေရ၍ဘာမှမဖြစ်….။ သွေးမှာတော့ ထိုသို့မဟုတ်…..။ သူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ စာတွေ သေချာကျက်ထားသူဖြစ်သည်….။ ထို့ကြောင့်ပြဿနာတွေ ပိုရှုပ်မလာစေရန် သူအမှန်အတိုင်းပြောလို့မဖြစ်ပေ…။ ထို့ကြောင့် သူမုသားတစ်ချို့ သုံးလိုက်သည်….။ “ ကျွန်တော် ဒီကောင့်ကို ကြည့်မရလို့ ထိုးတာပါ….. ဒီကောင်က ကျောင်းနားမှာ ခနခန လာဝဲနေတော့ကြည့်မရလို့ပါ…..” ဇွဲ၏စကားကြောင့်ဆရာမကြီးမင်တတ်သွားသည်….။ သူမသိထားသည့်သည်ကိစ္စ အကြမ်းဖျင်းကထိုသို့မဟုတ်…။ သို့သော်ဇွဲကိုယ်တိုင်က ဒီလိုပြောလာသောအခါ……

“မင်းက ကြည့်မရလို့ထိုးတာဆိုရင် ငါကမင်းကိုကျောင်းထုတ်လိုက်ရင်ရော ကြည့်မရလို့ဆိုပြီး ငါ့ကိုလာထိုး မှာလားကွ…..”

“မထိုးပါဘူးဆရာမကြီး…. ကျွန်တော်မှားလို့ကျွန်တော့်ကိုကျောင်းထုတ်တာပဲ ကျွန်တော်ကျေနပ်ပါတယ်…. မကျေနပ်စရာလဲမရှိပါဘူး…. နောက်ပြီး ကျွန်တော် လူကြီးမိဘဆရာသမားတွေကို ဘယ်တော့မှ အဲ့လိုမလုပ်ပါဘူး စိတ်နဲ့တောင်မပြစ်မှားဖူးပါဘူး…. ဒီကောင့်ကိုလုပ်တာက ဒီကောင်ဒေါင့်မကျိုးလို့လုပ်တာပါ………”

ထိုအခါ ဆရာမကြီးက ဟိုဘက်ကျောင်းသားဘက်သို့လှည့်ပြီး

“မောင် မင်းထိုက် မင်းရောဘာပြောစရာရှိသေးလဲ”

“မရှိတော့ပါဘူးခင်ဗျာ……..” ဟု ထ(၁) ကကျောင်းသားကအထစ်ထစ်အငေါ့ငေါ့နှင့်ပြောသည်….။

”ကဲ မောင်ဇွဲ ဒါဆိုရင်တော့ မင်းအတွက်စိတ်မကောင်းပါဘုးကွယ်…..”

သည်လိုနှင့်ဇွဲ ကျောင်းမှထွက်လိုက်ရသည်….။ ထို့အတွက်သွေးမှာ သူ့အပြစ်မကင်းဟုတွေးမိတိုင်း စိတ်မကောင်းဖြစ်ရသည်…. ။ဇွဲကျောင်းထွက်သွားပြီးသည့်နောက်ပိုင်း သွေး ဇွဲနှင့်မတွေ့ဖြစ်တော့…..။ စာမေးပွဲကလဲ နီးလာ၍ ကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေသည်….။ သူ့မျှော်လင့်ချက်အတိုင်း စာမေးပွဲကို ကောင်းမွန်စွာဖြေဆိုနိုင်ရန် သူကြိုးစားနေခဲ့သည်….။ ထို့အတူ စာမေးပွဲကြီး ပြီးသည့်နေ့ကျလျှင် ၀င်းမြတ်နိုးသူ အားဖွင့်ပြောရန်လည်းစီစဉ်ထားခဲ့သည်….။ ဒီလိုနဲ့ပဲ သွေးမှာ စာတွေနဲ့နပန်းလုံးရင်း စာမေးပွဲအချိန်တွေ ရောက်လာခဲ့သည်…..။ နောက်ဆုံး biology ဖြေရသည့်နေတွင် သူစိတ်တွေလှုပ်ရှားနေသည်….။ စာမရ၍ မဟုတ်…။သူလေးအားဖွင့်ပြောရန်အတွက်တွေးရင်းရင်မောနေခြင်း ဖြစ်သည်…။ ထိုနေ့က သူစာမေးပွဲကို ၁နာရီကျော်ကျော်နှင့်ဖြေဆို၍ ပြီးခဲ့သည်…။ ထို့နောက် သူနှင့်တစ်ခန်းထဲတွင်အတူတူဖြေရသော သူလေးထံသို့သာအကြည့်တွေ ပို့နေမိသည်…။ သူလေးထိုင်နေရသည့်နေရာမှာ ပြတင်းနားတွင်ဖြစ်၍ သူလေးကိုကြည့်ရင်း သွေး အပြင်ဘက်ကိုပါမြင်နေရသည်…။ ထိုအခိုက်မမျှော်လင့်ပဲ ဇွဲကိုအခန်းပြင်ပ၌ တွေ့လိုက်ရ၍ သူအံ့သြသွားသည်….။ ထို့ကြောင့် သူအဖြေလွှာစာအုပ်ကိုအပ်ပြီး စာမေးပွဲခန်းထဲမှ စောစီးစွာ ထွက်လာခဲ့သည်….။အပြင်ရောက်တော့ ဇွဲက သူ့ကိုတွေ့တော့ အံ့သြမှုနှင့်အတူ မျက်နှာပျက်သွားခဲ့သည်…။ ထို့နောက် ဇွဲကပင်စ၍

“သွေး မင်းထွက်လာတာစောလှချေလား မဖြေနိုင်လို့လား”

“မဟုတ်ပါဘူးကွာ…. ဖြေနိုင်ပါတယ်…. မင်းကိုတွေ့လို့ထွက်လာတာ….. ဒါနဲ့ မင်းအခုဘာတွေလုပ်နေလဲ…..”

“ငါလား…. ဒီလိုပါပဲကွာ…. ဟိုလုပ်ဒီလုပ်ပေါ့….. ငါမင်းကိုပြောစရာတွေအများကြီးရှိတယ်ကွ… မင်းကိုတောင်းပန်စရာလဲရှိတယ်… အဲ့ကိစ္စအတွက်မင်းငါ့ကို ခွင့်လွှတ်ချင်မှ ခွင့်လွှတ်ပါ…. ရပါတယ်… ဒါပေမယ့် ငါပြောပြရမယ်ကွာ…. ”

“ဟေ…. မင်းကငါ့ကိုဘာတောင်းပန်တာလဲကွ… ငါကတောင်မင်းကိုတောင်းပန်ရဦးမှာ… ငါ့ကြောင့်မင်း ကျောင်းထွက်ခဲ့ရတာလေ… တောင်းပန်မယ့်တောင်းပန်ငါကတောင်းပန်ရမှာပါကွာ…..”

“မဟုတ်ဘူးသွေး…. မင်းမသိသေးတာတွေရှိသေးတယ်…. ငါနဲ့ သူလေး ချစ်သူတွေဖြစ်သွားကြပြီ သူငယ်ချင်း…”

“ဟာ…. ဟေ့ကောင် မနောက်ပါနဲ့ကွာ…. မင်းနဲ့သူလေးကဘယ်လိုလို့ ချစ်သူတွေဖြစ်သွားရမှာတုန်း…. မင်းကွာ တခြားကိစ္စ ပြောတယ်ဆိုငါယုံဦးမယ်…. ခုဟာကတော့ငါမယုံဘူးကွာ…. မင်းအဲ့လိုရုပ်တည်ကြီး နဲ့မနောက်ပါနဲ့ကွာ….”

“နောက်နေတာမဟုတ်ဘူးသွေး…… ငါတကယ်ပြောတာ….. ငါ့ကိုခွင့်လွှတ်ပါကွာ….. တကယ်ပါ…..”

“မဟုတ်ဘူးကွာ…. သူလေးကိုချစ်ခဲ့တာကငါပါကွာ….မင်းမှမဟုတ်တာ… ဘယ်လိုလို့ မင်းနဲ့ သူလေးက ချစ်သူတွေဖြစ်ရမှာလဲ မဟုတ်ဘူးကွာ…. မင်းငါ့ကိုလာမညာနဲ့….. မင်းကွာ….. အဲ့လို……”

“အင်း….. ဒါပေမယ့်ကွာ….” ဇွဲပြောရင်းခေတ္တရပ်သွားသည်….။ ပြီးမှဆက်လက်၍ “ဒီလိုကွာ…. ငါပြောပြမယ်…… ငါကျောင်းထွက်ပြီးတဲ့နောက်ပိုင်းလဲ ငါညနေတိုင်း သူလေးနဲ့တွေ့ဖြစ်ခဲ့တယ်….. သူနဲ့ငါတဖြည်းဖြည်း ရင်းနှီးလာခဲ့တယ်… သူကငါ့ကိုသူ့ကြောင့်ကျောင်းထွက်ရတာဆိုပြီး အရမ်းသနားနေခဲ့တာ…. ငါလဲမထင်မှတ်ပဲ သူ့အပေါ်သံယောဇဉ်တွယ်မိသွားခဲ့တယ်ကွာ….. နောက်တော့ တစ်နေ့မှာ သူက ငါ့ကိုမေးလာတယ်…. နှင်းဆီပန်းလေးတွေကိစ္စလေ… မင်းသိတယ်မဟုတ်လား….. ” ဇွဲပြောရင်းခန ရပ်လိုက်သည်….။

“အင်း…. သိတယ်လေ…. အဲ့သည့်နှင်းဆီပန်းလေးတွေက ငါပေးခဲ့တာလေ……”

“ဟုတ်တယ်သွေး…. မင်းပေးမှန်းငါသိခဲ့တယ်…. ဒါပေမယ့်သူလေးကိုငါညာခဲ့တယ်… မင်းအပေါ်ကိုငါ သစ္စာဖောက်ခဲ့တယ်….။ အဲ့ပန်းတွေက ငါပေးတာပါဆိုပြီး ငါညာခဲ့တယ်….. သူလေးရဲ့အချစ်တွေ ကိုငါလိမ်ညာပြီးရယူခဲ့တယ်ကွာ… အဲ့ဒါကြောင့်ငါ့ကိုခွင့်လွှတ်ပါကွာ….. ငါတောင်းပန်ပါတယ်… ငါသူလေးကို မစွန့်လွှတ်နိုင်တော့လို့ မင်းအပေါ်မှာငါအဲ့လိုလုပ်ခဲ့မိတာပါကွာ…..”

“မင်းအဲ့လို တောင်းပန်ရုံနဲ့ ရသွားပြီလားကွာ….. ငါဘယ်လောက်ခံစားရမယ်ဆိုတာမင်းမသိဘူးလား…. သူလေးအပေါ်ငါဘယ်လောက်ထိမျှော်လင့်ထားခဲ့တယ်ဆိုတာမင်းမသိလို့လားကွာ…. ဒါမှမဟုတ် သိရက်နဲ့ လုပ်ခဲ့တာလားကွာ… မင်းတကယ်မလုပ်သင့်ဘူးကွာ…. မင်းကွာ….”

သွေးပြောရင်း မျက်ဝန်းတွေကေ၀၀ါးလာသည်….။ စကားသံတွေကတုန်ရီလာသည်….။ ဇွဲမှာလည်း နှုတ်ခမ်းတို့ကတုန်ရီလျက်

“သွေး ငါတောင်းပန်ပါတယ်ကွာ…. မင်းသူလေးကို ဘယ်လောက်ချစ်တယ်ဆိုတာလဲငါသိပါတယ်ကွာ…. ဒါပေမယ့် ငါအပြစ်တွေ ကျူးလွန်ခဲ့ပြီးပြီကွ….. ပြင်လို့မရတော့ဘူး….ငါလဲ သူလေးကို မစွန့်လွှတ်နိုင်တော့လို့ပါကွာ… ငါ့ကိုနားလည်ပေးပါ…. နောက်ထပ်တစ်ကြိမ်ငါ ထပ်တောင်းပန်ပါတယ်ကွာ…. ငါ့ကိုနားလည်ပေးပါ….. သူလေး စိတ်ဆင်းရဲမှာကို မင်းလဲမလိုလားဘူးဆိုတာငါသိပါတယ်ကွာ…. ငါ့ကိုလဲ သူငယ်ချင်းလို့ သတ်မှတ်သေး တယ်ဆိုရင်.”

“ရပြီ ဇွဲ ဒီလောက်ဆိုရပြီ….. မင်းမပြောနဲ့တော့….. ငါနားလည်ပြီ….. အချစ်ဆိုတာမျက်စိရှိတဲ့ အရာမှမဟုတ်တာပဲ….. ဘာပဲပြောပြော မင်းကငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းပဲကွာ…. ငါရဲ့ကောင်းတူဆိုးဘက် ငါတန်ဖိုးထားတဲ့အရာ…. သူလေးကငါမပိုင်ဆိုင်ရသေးတဲ့ ငါချစ်တဲ့ပထမဆုံးလူ… မင်းကငါပိုင်ဆိုင်ထားတဲ့ တန်ဖိုးရှိတဲ့သူငယ်ချင်းပဲ…. ငါလဲနိုင်ပါတယ်ကွာ…. မရသေးတာအတွက်ငါဆုံးရှုံးတယ်လို့တွေးနေလို့မထူးဘူးလေ…. ခုသူ့မှာပိုင်ရှင်ရှိသွားပြီ…. နောက်ပြီးပိုင်ရှင်ကလဲ ငါအချစ်ဆုံးငါ့သူငယ်ချင်း… ရပါပြီကွာ….. မပိုင်ဆိုင်ထိုက်တဲ့ အရာကို မပိုင်ဆိုင်ခဲ့ဘူးလို့ပဲသဘောထားလိုက်ပါ့မယ်ကွာ….. ပိုင်ဆိုင်ထားတဲ့အရာကိုတော့မစွန့်လွှတ်ချင်ဘူးကွာ… မင်းလဲငါ့လိုပဲဆိုတာ ငါသိပါတယ်ကွာ….. ဘာပဲဖြစ်ဖြစ် မင်းသူလေးကိုကောင်းကောင်း၈ရုစိုက်ပါကွာ…. သူစိတ်မဆင်းရဲစေချင်ဘူး….. မင်းတို့အတွက် ငါဆုတောင်းပေးပါတယ်ကွာ… ကဲ ….. ငါသွားတော့မယ်……”

ဇွဲဘာမှမပြောနိုင်တော့….။ မျက်ရည်တွေဝိုင်းပြီး ထွက်သွားသော သွေးကို မျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်….။ ရုတ်တရက် သူ့လက်မောင်းကိုလာထိသောနူးညံ့သည့်အထိအတွေ့ကြောင့် သူလန့်ဖျတ်သွားသည်….။ လှည့်ကြည့်လိုက်တော့ သူလေး….။ သူလေးလဲ မျက်ရည်တွေဝိုင်းနေသည်….။ သူနဲ့သွေး ပြောနေသည်များကို ကြားသွားသည်နှင့်တူသည်….။ ဇွဲကို ဘာမှမပြောပဲ သုန်မှုန်သောမျက်နှာနှင့် သာမျက်မှောင်ကျူတ်ရင်း စိုက်ကြည့်နေသည်…..။ဇွဲ သူလေးရဲ့အကြည့်တွေကို ရင်မဆိုင်ရဲတော့ ပေ….။ ကျောခိုင်းကာလှည့် ထွက်လာခဲ့သည်….။ ထိုအခိုက်ဖြတ်တိုက်လာသော လေပြည်တို့နှင့်အတူ အတိတ်တွေအားလုံး ပါသွားခဲ့ရင် ပစ္စုပ္ပန်က အရောင်အဆင်းမဲ့လျက် အနာဂါတ်တွေ ပျောက်ဆုံးသွားခဲ့တယ်…..။
လေးစားလျက်

လေတံခွန်

No comments:

Home