“ယခုမှစ၍ သင်တို့သည် မိုးရွာ လျှင်လည်း စွတ်စိုမည် မဟုတ်တော့၊ တစ်ဦးသည် တစ်ဦး အတွက် အကွယ်အကာ ဖြစ်ခဲ့ပြီ။ ဆောင်း အအေးဒဏ် ကိုလည်း ခံရမည် မဟုတ်တော့၊ တစ်ဦးသည် တစ်ဦး အတွက် နွေးထွေးမှု ဖြစ်ခဲ့ပြီ။ အထီးကျန်မှု ဟူသည်လည်း သင်တို့ အတွက် မဟုတ်တော့။ တစ်ဦး သည် တစ်ဦး အတွက် အဖော်မွန် ဖြစ်ခဲ့ပြီ။ ယခုမှ စ၍ သင်တို့သည် ကိုယ်နှစ်ခု ဖြစ်သော်လည်း ဘ၀ခရီး တစ်ခုတည်း ဖြစ်ခဲ့ပြီ။ သင်တို့ နေစရာ အိမ်ဂေဟာသို့ လျှောက်လှမ်းကြလော့။ အတူတကွ ဘ၀ နေ့ရက်များ အစပြုကြလော့”
ကျွန်တော်သည် သေသပ်စွာ ရိုက်နှိပ်ထားသော စာရွက် ကလေးကို အသေအချာ ဖတ်ကြည့်ပြီး သည်လို နေရာနှင့် သည်လို အခါမျိုး၌ သည်လို စာရွက်မျိုးကို ကမ်းဝေပေးသော သူ၏ စိတ်ကူး စိတ်သန်းကို ချီးကျူး အံ့သြနေမိသည်။
တောက်ပ ပြိုးပြက်သော မင်္ဂလာ ခန်းမဆောင် အတွင်း ဧည့်ပရိသတ်တို့၏ မျက်နှာများက ချိုရွှန်းနေကြသည်။ သြ၀ါဒ စကားမြွက်ကြား နေသော အငြိမ်းစား ပါမောက္ခ ကြီး၏ ပီပြင် ကြည်မြသော အသံက ခန်းမဆောင်ကို စိုးမိုးထားသည်။ သြ၀ါဒ နာယူ မှတ်သားနေဟန် အမူအရာ ပြုထားကြသည့် သတို့သား သတို့သမီးတို့၏ မငြိမ်သက်သော လက်ချောင်းများက သူတို့ ရင်ထဲမှ လှုပ်ခတ်မှုကို ဖော်ပြနေသည်။ သို့ရာတွင် သည်ခန်းမအတွင်း တည် ငြိမ်ရင့်ကျက်သော မျက်နှာထားဖြင့် အေးချမ်းစွာ ပြုံးနေသော မိန်းမသား တစ်ဦးလည်း ရှိနေသည်။ သူမသည် သတို့သား ဗိုဗို၏ မိခင်ပဲ ဖြစ်သည်။
“အပါချီအင်ဒီးယန်းရိုးရာ ကောင်းချီး မင်္ဂလာ” စာရွက် ကလေးကို ဧည့်ပရိသတ်သို့ ဖြန့်ဝေခဲ့သည်မှာ ထိုမိခင်၏ စိတ်ကူး စိတ်သန်းဖြစ်မည် သေချာသည်။ သူမသည် တစ်ခါတုန်းက ၀တ္ထုတို ကောင်းလေးတွေ ရေးခဲ့သော စာရေးဆရာမ တစ်ဦး ဖြစ်သည်။ မအောင်မြင်သော အိမ်ထောင် တစ်ခုကို တည်ဆောက်ခဲ့မိ၍ လှိုင်းလေ ကြမ်းသည့် ဘ၀ ရေပြင်ကျယ် အတွင်း မိန်းမသား မာနကို ရွက်ဆင် လှော်ခတ်ခဲ့ရသော အမျိုးသမီး တစ်ဦးလည်း ဖြစ်သည်။ ဥမမည်၊ စာမမြောက်သည့် ရင်သွေးသုံး ယောက်စလုံးကို လူတစ်လုံး သူတစ်လုံး ဖြစ်လာသည် အထိ ခရီးနှင်ခဲ့သော မိခင် တစ်ဦး၏ မောနွမ်း ပင်ပန်းမှုတွေကို မှန်းဆ ကြည့်နေမိသည်။ ယခုသော်ကား ထိုမိခင်သည် အကြီးဆုံးသားကို ချွေးမ အလိမ္မာနှင့် စိတ်တိုင်းကျ ရွေးချယ်ဆောင်နှင်း ပေးနိုင်ခဲ့ပြီဖြစ်သည်။ မောနွမ်း ပင်ပန်းခဲ့သည့် ခရီးရှည်ကြီး၏ တစ်ခုသော ကွန်းရိပ်ညို၌ ခဏနားနေ အမောဖြေနိုင်ခဲ့ပြီ ဖြစ်သည်။
ယခု အခြေအနေ၌ ထိုမိခင်၏ တစ်ခုတည်းသော လိုအင်မှာ အကြီးဆုံး သားကို မမောမနွမ်း၊ မပင်မပန်းမူ၍ ချိုမြိန် နွေးထွေးသော အိမ်ထောင်တစ်ခု ထူထောင် တည်ဆောက် နိုင်စေလိုခြင်းပဲဖြစ်မည် သေချာသည်။ ကျွန်တော်သည် ကောင်းချီး မင်္ဂလာ စာရွက်ကို တစ်ခေါက် ထပ်ဖတ် မိပြန်ပါသည်။
_ _ _
“မြန်မာ့ဓလေ့ ထုံးတမ်း အရဆိုရင် ခုလို လက်မှတ်ရေးထိုး ထိမ်းမြားလက်ထပ်ပါမှ ဒါမှမဟုတ် မင်္ဂလာပွဲကြီး တစ်ခမ်းတစ်နား ကျင်းပ လက်ထပ်ပါမှ လင်မယား အရာမြောက်တာ မဟုတ်ပါဘူး”
လွတ်လပ်၍ အရွယ်ရောက်ပြီးသော အမျိုးသား၊ အမျိုးသမီး ကလေးတို့၏ လှပသော ရွှေရောင် စာချုပ်ကလေးများတွင် အသိ အမှတ်ပြု လက်မှတ်ထိုးပေးခွင့် ကြုံရလေတိုင်း၊ ထိုသို့ ကျွန်တော် ပြောလေ့ ရှိပါသည်။ ပုဆိုးတန်းတင် အကြင် လင်မယားဆိုသည် မဟုတ်လား။ အချို့သော သူတို့ အဖို့ ခရီးသွားဟန် လွှဲဆိုသလို မင်္ဂလာရှိစွာ ကူညီခွင့်ရသော ကိစ္စ တစ်ရပ် ဖြစ်စေကာမူ အချို့သော သူတို့အဖို့ “အတူတကွ နေ့ရက်များ” အစပြုသော အထိမ်း အမှတ်တစ်ခု အဖြစ် လေးနက်နေတတ်ပါသည်။
သို့ရာတွင် ထိုသို့သော လက်ထပ် စာချုပ်ကလေးများပေါ်၌ အကြင် လင်မယားအဖြစ် “သက်ဆုံးတိုင်”၊ “ရိုးမြေကျ”၊ “ချစ်ခင်ကြင်နာစွာ”၊ “ပေါင်း ဖက်”ပါမည် ဟုကတိက၀တ် ပြုလေတိုင်း အောင်မြင်သော အိမ်ထောင် တစ်ခု တည်ဆောက်နိုင်ဖို့ရာ လုံလောက်သော အာမခံချက် ဖြစ်မည်ဟူ၍ ဘယ်တုန်းအခါကမှ ကျွန်တော် မယုံကြည်ခဲ့ပါ။
ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး အခမ်းနားဆုံး လက်ထပ် မင်္ဂလာပွဲကြီးကို ၀ှဲချီး ဆင်ယင်ကျင်းပခဲ့သည့် ဝေလမင်း သားချားလ်စ်နှင့် ဒိုင်ယာနာ တို့၏ အိမ်ထောင်သည် တစ်စစီ ကွဲကြေ ပြိုလဲကာ နာကျင် ထိခိုက်စရာ ဖြစ်ရပ်များနှင့် အဆုံး သတ်ခဲ့ရသည်ကို သတိရ ကြဦးမည် ထင်ပါသည်။ စင်စစ်တရားရုံး၌ ကျမ်းကျိန်ဆို လက်မှတ် ရေးထိုးခဲ့သော စာမှတ်စာတမ်းမှာ တရားဝင် ထိမ်းမြားခဲ့ကြသည် ဟူသော အထောက်အထား တစ်ရပ်မျှသာ ဖြစ်ပါ သည်။ လက်ထပ်ပွဲကြီး ၀ှဲချီး ဆင်ယင်လျက် ထိမ်းမြား ဆောင်နှင်းကြခြင်းမှာလည်း ကာယကံရှင်တို့၏ တတ်စွမ်းနိုင်မှုကိုပြသသော ဂုဏ်ဒြပ်ပြပွဲ တစ်ခုမျှသာ ဖြစ်ပါသည်။
“အတူတကွ နေ့ရက်များ” ကို အစ ပြုဖို့ရာ လူမျိုးတိုင်း ဘာသာတိုင်းလိုလိုက ထုံးဓလေ့ အလျောက် အသိအမှတ် ပြုကြတာ၊ အလေးထား ကြတာ၊ ရှိကြမည် ထင်ပါသည်။ သို့ရာတွင် အောင်မြင် ချမ်းမြေ့သော လုံခြုံ နွေးထွေးသော အသိုက်အမြုံ တစ်ခု ဖြစ်ဖို့ရာမူ ကာယကံ ရှင်တို့၏ ကြမ္မာကံနှင့် စရိုက်သဘာဝ အလိုအရသာလျှင် ဖြစ်ဖွယ် ရှိမည် ထင်ပါသည်။
တစ်ခုသော နေ့ရက်က “မနက်ဖြန် မနက်ရှစ်နာရီလောက် ဆရာတို့ ရုံးမှာ လက်မှတ်လာ ထိုးချင်တယ်” ဟု တယ်လီဖုန်း ဆက်သည်။ ကျွန်တော်တို့ ချစ်ခင်သော အယ်ဒီတာ ဒေါက်ကလေး ဖြစ်သည်။ ဘာဖြစ်လို့ ရှစ်နာရီလဲ။ ကိုးနာရီ မဟုတ်ဘူးလား မေးတော့“မဟုတ်ဘူး ရှစ်နာရီပဲ။ အဲဒီအချိန်မှာ လက်မှတ်ထိုးဖို့ ရွေးချယ်ထားလို့” ဟု သူက ဆိုသည်။ သူသည် အသက်ငယ် သော်လည်း ငြိမ်သက် တည်ကြည်သော အယ်ဒီတာကောင်း တစ်ယောက် အဖြစ် ကျွန်တော်တို့က ချစ်ခင် လေးစားခဲ့သူ ဖြစ်သည်။ ဆရာဝန် ဘ၀ကို ငြင်းပယ်၍ အယ်ဒီတာ ဘ၀ကို ရွေးချယ်ခဲ့သူ ဖြစ်သည်။ သူသည် လူပျိုကြီး ဖြစ်နေခြင်း အတွက် မကြာခဏ ကျီစယ် ခလုတ်တိုက်ခြင်း ခံရသော ဘ၀ကို ငြင်းပယ်၍ သမုဒယနယ် အတွင်း သက်ဆင်းရန် ဆုံးဖြတ် ရွေးချယ်ခဲ့လေပြီ။
ဖနွမ်းပင် စာရေးဆရာနှင့် ရနံ့သစ် အယ်ဒီတာတို့က သက်သေအဖြစ် လက်မှတ်ထိုးကြသည်။ မင်္ဂလာ စကားတွေ အုတ်အုတ်သောသော ချီးမြှင့်ပြောခဲ့ကြသည်။ လက်မှတ်ထိုးပြီးသောအခါ (Oriental House) သို့ ဖနွမ်းပင်၏ ကားကလေး နှင့် သွားခဲ့ကြတော့ “အဲဒီလူကို ကျွန်တော် မြှောက်ပေး လိုက်တာဗျ” ဟု ဖနွမ်းပင် ဆရာက ပြောင်မြောက်သော စွမ်းဆောင်မှု တစ်ခုကို ပြုလာခဲ့သလိုမျိုး တဖောင်ဖောင် ပြော၍ ဂုဏ်ယူနေခဲ့ သေးသည်။ နံနက် စောစာစားရင်း မင်္ဂလာ ဆွမ်းကျွေး လုပ်ဦးမည့် အစီအမံတို့ကို တက်ကြွစွာ ပြောဆို ဆွေးနွေး ခဲ့ကြသည်။ တစ်ဦးက တည်ကြည် ငြိမ်သက်သော ပညာတတ် ဖြစ်သည်။ တစ်ယောက်က ဓနဥစ္စာ ပြည့်စုံသောသူ ဖြစ်သည်။ သူတို့ နှစ်ဦး၏ “အတူတကွ ဘ၀ နေ့ရက်များ”သည် ချမ်းမြေ့ သာယာရှိကြ လိမ့်မည်ဟု ကျွန်တော်တို့ မျှော်လင့် ခဲ့ကြသည်။ သို့ရာတွင် အိမ်ရာထောင်မှု ဆိုသည်မှာ ကျွန်တော်တို့ ကြိုတင် တွေးဆ၍ မထားနိုင်ခဲ့သော အကြောင်း အမျိုးမျိုး အနက် တစ်ခုခုကြောင့် မအောင် မမြင် ပြိုကွဲ တတ်သော သဘာဝ တစ်ခုအသေ အချာရှိနေတတ်ကြောင်း၊ ကျွန်တော်တို့ ချစ်ခင်သော အယ်ဒီတာ ကလေး ဆုံးရှုံး လွင့်ပါး သွားခဲ့သော အခါတွင်မှ အမှတ် သတိပြုမိရလေသည်။
ကျွန်တော်တို့ နှမ အထွေးဆုံးအား ကြောင်းလမ်းသည့် နေ့ရက်များကို အမှတ်ရမိသည်။
တောကျေးလက် တစ်ခုမှ ကျောင်း ဆရာမလေးသည် သူ၏ ကျောင်းအုပ် ဆရာနှင့် ချစ်ကြိုက်ရည်ငံ နေပြီဆိုသော အခါ နှမငယ်ထွေးအား သည့်ထက် ပို၍ ချောမွေ့သော ဘ၀တစ်ခုသို့ မျှော်လင့်လိုခဲ့ သေးသော်လည်း ကျွန်တော်တို့ ညီအစ်ကိုက မကန့်ကွက် ခဲ့ရက်ပါ။ ကြောင်းလမ်းမည့် နေ့ရက် မတိုင်မီ ရွာသို့ အရောက် ပြန်လာရမည်ဟု အမေက အမိန့်ချမှတ် ထားကြောင်း ညီဖြစ်သူက ကျွန်တော့်ထံ ဖုန်းဆက်သည်။ နေပါဦး မင်း အဲဒီလူနဲ့ စကားပြော ကြည့်သေးလား။ သူစာဖတ်ပုံ ရရဲ့လားဟူ၍ ညီကိုမေးမိသည်။ တစ်ပါးသူ အပေါ် အလွယ်တကူ စာနာ နားလည်နိုင်ဖို့ရာ စာဖတ်သူက စာမဖတ်သူထက် ပို၍ အခွင့်သာမည် ထင်မြင်သောကြောင့် ဖြစ်ပါသည်။
ယောက်ဖလောင်းက စာဖတ်ပုံ မရဟု ဆိုသဖြင့် ချစ်လှစွာသော နှမငယ်ထွေး၏ တစ်အိုးတစ်အိမ် အတွက် စိုးရိမ်စိတ် ပေါ်မိသေး သော်လည်း သူတို့ အိမ်ထောင်ရေး အဆင်ပြေသည် ကြားရသော အခါ ၀မ်းသာ ကျေနပ်ရသည်။ ကျွန်တော် မေ့လျော့ခဲ့သော အချက် တစ်ချက်မှာ ကျွန်တော်တို့ နှမငယ်ထွေး သည်လည်း မက်မက်စက်စက် စာဖတ် ၀ါသနာ မပါခဲ့ဆိုသော အချက်ပဲဖြစ်ပါသည်။
_ _ _
အမေရိကန်သူ နှစ်ခုလတ် အမျိုးသမီး မစ္စက်ဆင်ပဆင်ကို မစွန့်နိုင်ခဲ့ သောကြောင့် အင်္ဂလန် ထီးနန်းကို စွန့်ခဲ့သော အဌမမြောက် အက်ဒွပ် ဘုရင်၏ နန်းစွန့် မိန့်ခွန်း၌ “ကြီးလေးလှတဲ့ တာဝန်များကို ကျွန်ုပ် ချစ်မြတ်နိုးတဲ့ အမျိုးသမီး တစ်ဦးရဲ့ ကူညီ ပံ့ပိုးမှု မပါဘဲနဲ့ ထမ်းဆောင်ဖို့ မဖြစ်နိုင်ပါဘူးလို့ ကျွန်တော်ပြောတဲ့ အခါ ယုံကြည် စေချင်ပါတယ်” ဟူ၍ ပါရှိပါသည်။
ဝေးလံသော အရပ် တစ်ပါး၌ ကျွန်တော်နှင့် အတူ တာဝန် ထမ်းခဲ့ဖူးသော မိတ်ဆွေ၏ ဇနီးက “ရှင့်တို့ လူကို ကြည့်ထိန်း ပေးကြပါဦး။ အဲဒီက သူ့ရဲ့အသည်း ကျော်မနဲ့ ကျွန်မကို တိုက်ရိုက် ဖုန်းပြော ခိုင်းတဲ့ အဆင့် ရောက်နေပြီ” ဟု ငိုယို ပြောဆိုသော အခါ ကျွန်တော် အကြီးအကျယ် အံ့သြ သွားပါသည်။ ဒီအရွယ်ကြီး ရောက်ခါမှဟူသော အတွေးကြောင့် မဟုတ်ပါ။ သူသည် သူ၏ မိသားစုကို မကြာမကြာ ခွဲခွာခဲ့ ဖူးလျက် ထိုသို့ ခွဲခဲ့ရ တိုင်း I try my best, you try your best ဟူ၍ အကောင်းဆုံး မျှော်လင့် နှုတ်ဆက်လေ့ ရှိသူ၊ မိသားစုကို ကံတူ အကျိုးပေး တန်ဖိုးထား မြတ်နိုး တတ်သူ ဖြစ်သောကြောင့် ဖြစ်ပါသည်။ ကြီးလေးသော တာဝန်များကို ထမ်းဆောင်နိုင်ဖို့ရာ အတွက် ချစ်မြတ်နိုးသော အမျိုးသမီး နှစ်ဦးမလိုအပ်ဟူ၍ ကျွန်တော် ထင်ပါသည်။
တခြားသော မိန်းမတစ်ဦးနှင့် မှားယွင်း၍ တွေဝေ ယိမ်းယိုင် နေချဲ့သော၊ သားသမီး လေးယောက်တို့၏ ဖခင်ဖြစ်သော မိတ်ဆွေတစ်ဦး ကျွန်တော့်၌ ရှိခဲ့ဖူးပါသည်။ တစ်နေ့ သူအလုပ်မှ ပြန်လာသော အခါ အိမ်တံခါးဝမှာ ကပ်ထားသော စာတမ်းလေးကို ဖတ်မိသွားသည်။ သူ့သမီး အကြီးမ၏ လက်ရာဖြစ်သည်။ ထိုစာတမ်းလေးက သူ၏ မှားယွင်းသော ခြေလှမ်းတို့ကို ပြန်လည် နှုတ်သိမ်းဖို့ရာ သတိတရား ဖြစ်စေခဲ့သည်။ စာတမ်းက သံပေါက် ကဗျာလေးပဲ ဖြစ်သည်။ “ငါးယောက် တစ်ယောက် မလဲလောက်၊ သစ္စာ မဖောက်နှင့်” ဟူလို။
“ကျွန်မတို့ကို ဆရာပဲ လက်ထပ် ပေးထားတာ။ ခု ဆရာ့ လူက အကျင့်တန် လွန်းနေပြီ ဆရာပဲ ပြန်ကွာရှင်းပေး” ဟု ယောက်ျား ဆိပ်တက်၍ အကြီးအကျယ် ပေါက်ကွဲ နေခဲ့သော မိန်းကလေးကို ပြုံး၍ သာပဲ ကျွန်တော် ကြည့်ငေး နေခဲ့ရသည်။ သည်လို ကိစ္စမျိုးက အငိုလွယ်၍ အရှိုက် ခက်သည်။ သို့သော် ရက်များ မကြာမီမှာပဲ ပွဲဈေးတန်း တစ်ခုမှာ ပျော်ရွှင် မြူးလက်နေသော သူတို့ မောင်နှံ တွေ့လိုက်ရသည်။ တချို့ ပုစ္ဆာများ လွယ်ကြသည်။
နောက်တစ်ကြိမ် ဆေးကုသမှု ခံယူရန် ဆေးရုံသို့ တင်ပို့ လိုက်ရသော ဇနီးသည် အတွက် မျက်စိ မျက်နှာပျက်လောက်အောင် အစိုးရိမ်ကြီး နေခဲ့သော မိတ်ဆွေ တစ်ဦးလည်း ရှိသေးသည်။ နောက်တတ် ပြောင်တတ်သော သူ၏ မိတ်ဆွေက “ဒီလောက်လည်း ပူမနေစမ်းပါနဲ့။ ခင်ဗျားက အရွယ်လည်း ရှိသေးသားနဲ့။ အစီး အပွားလည်း ရှာနိုင်သေးသားနဲ့” ဟူ၍ ပြောသည်။“သူကကျွန်တော့်မိန်းမ အဖြစ်နဲ့ ပဲ တန်ဖိုး ရှိနေတာ မဟုတ်ဘူးဗျ။ သားတို့ သမီးတို့ရဲ့အမေ အဖြစ်နဲ့လည်း တန်ဖိုး ရှိနေသေးတယ်။ ပြီးတော့ . . .” တော်တော် စဉ်းစား စရာတွေ သူက ပြောပါသည်။
မှန်ပါသည်။ သူတို့ အိမ်ထောင်တွင် အဖုအထစ်တို့ မရှိ မဟုတ် ရှိခဲ့ပါလိမ့်မည်။ အတိမ်းအစောင်းတို့ မရှိမဟုတ် ရှိခဲ့ပါလိမ့်မည်။ သို့သော် နှစ်ကာလများစွာ ကြာမြင့်ခဲ့သော သူတို့၏ အတူတကွ ဘ၀ နေ့ရက် များ၌ တစ်ဦး ဆွေးလျှင် တစ်ဦးပူ၍၊ တစ်ဦး လဲလျှင် တစ်ဦး ထူကာ၊ တစ်ဦး အပြစ်ကို တစ်ဦးကချေ၊ တစ်ဦး ပုစ္ဆာကို တစ်ဦးကဖြေ၊ ဆိုးတူ ကောင်းဘက် ပေါင်းဖက်ခဲ့သည့် အနွံအတာ ခရီးကို မည်သည်နှင့် အစားထိုး၍ ရနိုင်ပါမည်နည်း။ ၀မ်းနည်းစရာ အတွေ့အကြုံတို့ကြောင့် နူးညံ့ ကြင်နာသော နှလုံးသားတို့ လွန့်နိုးလာခဲ့ခြင်းအား မည်သည်နှင့် အစားထိုး၍ ရနိုင်ပါမည် နည်း။ “မိမိ၏ အကောင်းဆုံး တစ်ဝက်” အဖြစ် ခံစားထပ်တူ ဝေမျှယူခဲ့သူအားမည် သူနှင့် အစားထိုး၍ ရနိုင် ပါမည်နည်း။
_ _ _
လူ၏ ပင်ကိုဗီဇစိတ်မှာ အားငယ်တတ်ခြင်း ရှိသည်။ အားငယ်မှုတွေ ဖြေဖျောက်ဖို့ရာ လူ၌ တစ်စုံတစ်ရာ လိုအပ်သည်။ အယ်လီဇဘက် ဘုရင်မ၌လည်း မှီနွဲ့စရာ ပခုံးတစ်ခု လိုအပ်သည်။ နပိုလီယန်၌လည်း ဂျိုးဇဖင်း၏ ရင်ခွင်လိုအပ်သည်။ ဟစ်တလာ၌လည်း အီဗာဗရွန်း လိုအပ်သည်။ ဘုရင့်နောင်၌ ခင်ဦးလိုအပ်ပြီး ယန်းပေါ့ဆာ့တ်၌ ဆီမွန်ဒီဗူးဗွား လိုအပ်သလိုပဲ ဖြစ်သည်။
“ချစ်ခြင်း မေတ္တာဆိုတာ အိမ်က စပါတယ်။ လူသားရဲ့ အနာဂတ် ဟာလည်း မိသားစုက တစ်ဆင့် သွားရတာပါ” ဆိုသော မာသာထရီဇာ၏ အဆိုကို အငြင်းမပွား ဘူးဆိုပါလျှင် ချိုမြိန် နွေးထွေးသော သိုက်မြုံ အိုးအိမ် တစ်ခု၏ လေးနက်မှုကို အသိ အမှတ်ပြုရမှာပဲ ဖြစ်သည်။ ဤလောကီဘုံ သံသရာ အတွင်း ကျင်လည် ဖြတ် သန်း ရဦးမည့် ခရီးရှည်ကြီး၌ ချစ်မေတ္တာဖြင့် တည်ဖွဲ့အပ်သော သိုက်မြုံ အိုးအိမ်ထဲမှ သာလျှင် ခွန်အားတို့ ပြန်လည်သစ်နိုး နိုင်စွမ်းသည်ကို အသိအမှတ် ပြုရမှာပဲ ဖြစ်သည်။ ယဉ်ကျေးသော မြေကမ္ဘာ၏ အသေးငယ် ဆုံးနှင့် အကျစ်လျစ် ဆုံးသော လူ့အဖွဲ့ အစည်းငယ် တစ်ခုသည် ရှိသည် ဆိုအံ့။ ကြည်သာ ၀မ်းမြောက်ဖွယ်တို့နှင့် လည်းကောင်း၊ နာကျင် ကြေကွဲဖွယ် တို့နှင့် လည်းကောင်း၊ နှစ်ဦးအတူမျှယူ ခံစားခြင်းဖြင့်တည်ဆောက်ခိုင်မြဲ နိုင်လိမ့်မည် သေချာသည်။
ယခုမှ စ၍ သင်တို့သည် . . .
မောင်ရင့်မာ (ကျောင်းကုန်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment