ရွာက အိမ်ခြေ ငါးဆယ်ပင် ပြည့်မည် မထင်။ ထန်းပင်တွေ မိုးတိုးမတ်တတ် ပတ်ချာဝိုင်းနေသဖြင့် ထန်းတောရွာဟူသော နာမ ပညတ်နှင့် အစပ်တည့် လှသည်။
တစ်ရွာလုံး ထန်းသမား ယာသမား များသာ ဖြစ်ကြသည်။ ရွာအစွန် ကုန်းခင်တန်း လေးပေါ်တွင် တောရ ကျောင်းလေး ပမာ ကပ်မိုးပျဉ်ကာ ပျဉ်ခင်း ကျောင်းလေး တစ်ဆောင် ရှိပါသည်။ ထိုကျောင်းလေးပင် တစ်ရွာလုံးက သာသနာရေး ကိစ္စ ဆောင်ရွက်ရာ တစ်ခုတည်းသော နေရာဌာန ဖြစ်တော့သည်။
လွန်ခဲ့သည့် ဆယ်နှစ်ကျော် လောက်က ရွာကျောင်း ဘုန်းကြီး ပျံလွန်တော်မူ သဖြင့် ရွာနီးချုပ်စပ် သံဃာတော်များက စီစဉ် ညွှန်ကြားသဖြင့် မြို့ကျောင်းတိုက်တွင် စာဝါလိုက်နေသော ဦးပဉ္ဇင်း ဦးဝိလာသသည် ကျောင်းထိုင် ဘုန်းကြီး ဖြစ်လာသည်။ ဆယ်မိုး ဆယ်ဝါမျှ ရွာ၏ သာရေးနာရေး ကိစ္စ အ၀၀ကို ဦးဆောင် ဦးရွက်ပြုရ သောကြောင့် ရွာသူရွာသားများ အပေါ် အတန်အသင့် သြဇာ ညောင်းပါသည်။ ရွာက မဖြေရှင်းနိုင်သော ကိစ္စကြီးငယ် များကိုလည်း ဖြေရှင်းပေးရလေ့ ရှိသည်။
ကျောင်းတွင် ကပ္ပိယ မရှိ။ ကျောင်းသားလည်း မရှိ။ ဆွမ်းဝတ်တော့ အမြဲရှိသည်။ ဆွမ်းခံ ထွက်စရာလည်း မလိုပေ။ ဆွမ်းပို့သူ ဒကာမ များက အရုဏ်ဆွမ်း၊ နေ့ဆွမ်းကို အလှည့်ကျ စီမံပေးကြ သဖြင့် ကပ္ပိယလည်း မလိုအပ်လှပါ။ နေ့ဆွမ်း ဘုဉ်းပေးပြီး ချိန်တွင် တစ်ကျောင်း လုံး လူသူ ကင်းဆိတ်လျက် ဘုန်းကြီး တစ်ပါး တည်းသာ ကျန်ရှိတော့သည်။
ကုန်းခင်တန်း လေး၏ အရှေ့ဘက်တွင် ထန်းတောရွာ တည်ရှိ၍ တစ်ရွာလုံးကို စီးမိုး၍ မြင်ရသည်။ ကုန်းခင်တန်းလေး၏ အနောက်ဖက်တွင် မကြာသေးမီက ဖောက်လုပ် ပြီးစီးသော ကားလမ်းမကြီး ရှိသည်။ ယခင်က လူသွားလမ်း၊ လှည်းလမ်းမျှသာ ရှိသဖြင့် ဘုန်းကြီးကျောင်းသို့ လာလိုလျှင် ရွာကို ဦးစွာ ၀င်ရောက် ဖြတ်သန်း၍သာ လာရသည်။ ယခုမှာမူ ဘုန်းကြီးကျောင်းကို ဦးတိုက်ပြီးမှ ရွာသို့ ရောက်နိုင်သည်။ ကားလမ်းမကြီး ဖောက်လုပ်ပြီးစီးသည်မှာ မကြာသေး။ သို့ရာတွင် ယခင်က ကြားရခဲမျှ ကားသံသည် ယခုအခါ မကြာ မကြာ ကြားနေ ရသည်။ တစ်ခေါ်သာသာ ဝေးသဖြင့် လှမ်း၍ မျှော်လျှင် မှုန်ပျပျသာ မြင်ရသည်။
နေ့ဆွမ်း ဘုန်းပေးပြီးချိန်တွင် ကျောင်းဆောင်၏ တစ်ခန်းတည်းသာ ရှိသော ကျက်သရေ ခန်းနှင့် အိပ်ခန်း တွဲလျက် ခုတင်ပေါ်က အနောက်ဘက် ပြတင်းပေါက်သို့ လှမ်းမျှော်ခိုက် သင်္ကန်း ၀ါဝါလေးကို မှုန်ဝါးဝါး မြင်တွေ့ရသည်။ သင်္ကန်းလေးမှာ လေပြည်ဆော့ သဖြင့် လွင့်ဝဲလျက်သာ ရှိနေပါသည်။ သပိတ်တော့ မပါပေ။ အနည်း ငယ် ကြီးမား ပွယောင်းနေသော ခရီးဆောင်အိတ်ကို ပခုံးတွင် ထမ်းလျက် လာနေသည်။ ဘုရားပွဲ ကျောင်းပွဲ ရှိမှသာ ပင့်သံဃာများဖြင့် စည်ကား တတ်သော်လည်း ထိုကျောင်းဆောင်သို့ အာဂန္တု ဘုန်းကြီး ရဟန်း များ လာရောက် တတ်သည် မရှိ။ ယနေ့ ထူးထူးခြားခြား ရဟန်းပျို တစ်ပါးသည် ကျောင်းရှိရာသို့ ကြွရောက် လာချေပြီ။ တဖြည်းဖြည်း ကျောင်းနှင့် နီးနီးလာတော့ သန်စွမ်း ကျန်းမာသော ရဟန်းပျိုလေး၏ ပုံရိပ်သည် ပေါ်လွင်လာသည်။ ကားလမ်းနှင့် တစ်ခေါ်သာသာ ဝေးပြီး နေပူကျဲကျဲတွင် ခရီးဆောင်အိတ်ကို ထမ်း၍ ကြွလှမ်းလာ သော်လည်း မောပန်း နွမ်းလျဟန်တော့ မပြပါ။ ငယ်ရွယ် သန်စွမ်းသော ရဟန်းပျို၏ အသရေသည် တင့်တယ် ကြည်ညိုဖွယ် ဖြစ်နေသည်။ အသားအရေ စိုပြည် ၀ါဝင်းသောကြောင့် ရဟန်းပျို၏ ဥပဓိရုပ်ရည် ဟန်ပန်သည် တောကျောင်းနှင့်ပင် မတန်။ ကျောင်းကြီး ၀ိဟာပေါ်တွင်သာ သီတင်းသုံး စံပယ် သင့်လေသည်။
အိပ်ခန်း ပြင်ဘက်တွင် ဘုရားခန်းရှိ၍ ဘုရားခန်းရှေ့တွင် အာဂန္တု ရဟန်းပျိုကို ကြိုဆိုရန် တင်ပလ္လင်ခွေ ထိုင်နေမိသည်။ ရဟန်းပျိုက ဘုရားကို ဦးခိုက်ပြီး ဘုန်းကြီးကို ရှိခိုးသည်။
“တပည့်တော်ကို အာဂန္တု အဖြစ် လက်ခံပြီး ရက် အတန်ကြာ သီတင်းသုံးခွင့် ပြုပါ ဘုရား”
ရဟန်းပျိုက ရိုသေ ပျပ်ဝပ်စွာ ရှိခိုး ဦးချပြီး လျှောက်ထား ခွင့်ပန်လာသည်။
“ဒီကျောင်းမှာ မောင်ပဉ္ဇင်း ပျော်သရွေ့ တည်းခိုနိုင်ပါတယ်။ ဆွမ်းကွမ်းကလည်း ဘုန်းကြီးတစ်ပါးတည်း အတွက် ပိုလျှံရုံမက အာဂန္တု အတွက် ပါလောက် ငပါတယ်”
“တပည့်တော် နေ့စဉ် ဆွမ်းခံရင်း သီတင်း သုံးမှာပါ ဘုရား”
“ဆွမ်းခံလိုက ဆွမ်းခံ နိုင်ပါတယ်။ မောင်ပဉ္ဇင်း ဘယ်က ကြွလာပါ သလဲ”
“တပည့်တော် ဦးပဉ္ဇင်း ဥာဏ၀ရပါ ဘုရား၊ မန္တလေးက စာသင်တိုက်ကြီး တစ်ကိုက်မှာ စာဝါလိုက်ရင်း သာသနဓဇ သီရိပ၀ရ ဓမ္မာစရိယ ဘွဲ့ချီးမြှင့် ခံရပါတယ်။ စာဝါ နားချိန် တောရပ်မှာ သီတင်း သုံးချင်လို့ ကြွရောက် လာတာပါ ဘုရား”
“မောင်ပဉ္ဇင်းက ပရိယတ် ပြည့်စုံနေမှကိုး”
“တပည့်တော် ရဟန်းဝါ နုနယ်သေးလို့ ဆရာတော်ကြီး များရဲ့ သြ၀ါဒကို နာခံရတာမို့ သီတဂူ ကမ္ဘာ့ သာသနာ့ တက္ကသိုလ်ကို ဆက်လက်ပြီး တက်ရောက်ရမှာပါ ဘုရား”
“မောင်ပဉ္ဇင်းက ဥာဏ်ရည် ထက်မြက်တဲ့ အရွယ် ကောင်းလေးပဲ။ ပရိယတ် ပြည့်စုံသထက် ပြည့်စုံအောင် အချိန်ရှိခိုက် လုံ့လ စိုက်ပေတော့၊ ဘုန်းကြီးကတော့ စာဝါ မပြီးခဲ့ပါဘူး။ ပရိယတ်ထက် ပဋိပတ်ကိုပဲ ဦးစားပေး ရတော့တာပေါ့။ ကျောင်းသင်္ခမ်း ကလည်း ရပ်ရွာနဲ့ မနီးမဝေးမို့ ရပ်သံရွာသံ အနှောင့်အယှက် မပေးပါဘူး။ မောင်ပဉ္ဇင်း သီတင်း သုံးရင်း တရား အားထုတ်လိုက အားထုတ် နိုင်ပါတယ်။ အာဂန္တုများ လာရောက်လေ့ မရှိတာကြောင့် သီးခြား အိပ်ခန်းရယ်လို့ မရှိဘူး။ မောင်ပဉ္ဇင်း သင့်တင့် လျောက်ပတ်တဲ့ နေရာ ရွေးချယ် နားနေပါ”
“တင်ပါ့ ဘုရား၊ တပည့်တော် နားနားနေနေနဲ့ ပဋိပတ် အလုပ်ကို အားထုတ် လိုပါတယ် ဘုရား”
“သာဓု သာဓု သာဓု”
x x x
“တပည့်တော် လာရင်း ရည်ရွယ်ချက် စာဝါ နားသခိုက် မြို့ပြ အသံတွေ ဆူညံလွန်းလို့ အေးရာအေးကြောင်း အနားယူဖို့ လာခဲ့တာပါ ဘုရား၊ ခုတော့ ကျောင်းအတွက် လိုအပ် တာလေးတွေ ဖြည့်ဆည်း ကုသိုလ်ယူ ခွင့်ရလို့ များစွာ ၀မ်းသာ မိပါတယ်”
ကားလမ်းသစ် ဖောက်၍ ကားလမ်းမကြီးနှင့် နီးလာသော်လည်း ထန်းတောရွာသည် ချောင်မကျဟု ဆိုနိုင်ပေမယ့် ခေါင်မြဲခေါင်လှသည်။ ရပ်ရွာ သာရေးနာရေး ဘုရားပွဲ၊ ကျောင်းပွဲများတွင် ဘုန်းကြီး ကိုယ်စား သွားရောက် ခွင့်ပြုခဲ့ သဖြင့် ဦးပဉ္ဇင်းလေးမှာ ဥပဓိ ရုပ်ကလည်း တင့်တယ်၊ ပရိယတ္တိကလည်း ကြွယ်ဝ၊ တရား ဟောတရားပြက လည်းကောင်း သောကြောင့် အချိန်ကာလ တိုတိုလေး အတွင်းမှာပင် လူသိ များ၍ ကျော်ကြား လာသည်။ သဒ္ဓါတရား ထက်သန်စွာ ဒါန ပြုလိုသူတွေ များလာသည်။ သိမ်ကျောင်း မရှိသေး၍ နံကပ် တစ်ထပ် သိမ်ကျောင်းလေး တစ်ဆောင် ဆောက်လုပ်ရန်၊ ကုဋီဆောက်ရန် ကုန်းခင်တန်း တောင်ဖက် ဆင်ခြေလျောတွင် ရေတွင်း တူးရန် အလှူ့ဒကာ ဒါကာမများ အလျှိုအလျှို ပေါ်ပေါက်လာသည်။ ထန်းတောရွာ တစ်ရွာတည်းဆို ထိုမျှ လှူဒါန်းနိုင်မည် မဟုတ်ပေ။ ထန်းတော ရွာနှင့် ရွာနီးချုပ်စပ် ရွာများမှ ဦးပဉ္ဇင်းလေး အပေါ် ကြည်ညို စိတ်ထား သဒ္ဓါစိတ် ပွားပြီး အလှူရှင်များ ပေါ်ပေါက် လာခြင်း ဖြစ်သည်။
ယခင်ကလို ဆက်သွယ်ရေး ခက်ခဲခြင်း မရှိသောကြောင့် အုတ်၊ သဲ၊ ဘိလပ်မြေစသော ဆောက်လုပ်ရေး ပစ္စည်းတွေ နေ့ချင်း ညချင်းမှာပင် ရောက်ရှိလာသည်။ ဆောက်လုပ်ရေး ပစ္စည်း ဘိလပ်မြေ၊ သွပ်သံ စသည်တို့ ထားသိုရန် ယာယီ သိုလှောင်ရုံ ဆောက်လုပ်သည်က အစ ကျောင်း၊ ကုဋီ၊ ရေတွင်း ဆောက်လုပ်ရေးတို့ကို ဦးပဉ္ဇင်းလေးကသာ အပိုင်းလိုက် စီမံခန့်ခွဲ ကွပ်ကဲ ဦးဆောင်လေသည်။ ငွေကြေး အလှူ ကူမည့်သူ၊ လုပ်အား အလှူ ပေးမည့် သူတို့ဖြင့် ကျောင်းမှာ ယခင်နှင့် မတူ ဆူဆူညံညံ စည်စည်ကားကား ရှိနေသည်။
မည်မျှပင် အလုပ်ရှုပ် စေကာမူ ဦးပဉ္ဇင်းလေးသည် ဆွမ်းခံ ထွက်မြဲ ထွက်သည်။ ဆွမ်းကွမ်း ပိုလျှံရုံမျှမက ချိုပွဲ ချဉ်ပွဲ သစ်သီးမုန့်ပဲ သွားရည်စာတို့ အလျှံပယ် ပြည့်စုံလာသည်။ ကပ္ပိယ တစ်ဦးနှင့် ကျောင်းသား နှစ်ယောက်တို့ကို ဦးပဉ္ဇင်းလေးကပင် ခေါ်ငင်လာသည်။ ဘုန်းကြီး ဝေယျာ ၀စ္စ ကျောင်းဝေယျာဝစ္စ ထောင့်တိုင်းစေ့ ဆောင်ရွက်လာနိုင် သည်။ အားလပ်ချိန်များတွင် ကျောင်းသား နှစ်ယောက်ကို လောကီလောကုတ္တရာ စာများ ဦးပဉ္ဇင်းလေးက သင်ကြားပေး သေးသည်။
ဦးပဉ္ဇင်းလေး၏ လုပ်ကိုင် ဆောင်ရွက်ပုံ၊ ဟောပြောပုံ နည်းလမ်း ကျသဖြင့် ဟိုရွာက သည်ရွာက ဖိတ်ကြား၍ မအား လပ်နိုင်အောင် ရှိလေသည်။ ဟိုရွာကလည်း ကျောင်းလာ ထိုင်ပါဟူ၍ လည်းကောင်း၊ သည်ရွာကလည်း ကျောင်းဆောက် ပေးပါ မည်ဟူ၍ လည်းကောင်း အလုအယက် သူ့ထက်ငါကောင်း လျှောက်ထား ကြသည်များလည်း ရှိလေသည်။ ဘုန်းကြီးအနေဖြင့်လည်း ဦးပဉ္ဇင်းလေး ပြန်သွား မည်ကိုပင် စိုးမိသည်။
အနီးကပ် နေရသည့် အတွက် ဦးပဉ္ဇင်း လေးသည် သာမန်အားဖြင့် သိက္ခာ သမာဓိ ရှိသူဟု ယူဆနိုင်ပါသည်။ အနေအထိုင်၊ အသွားအလာ၊ ၀ိနည်းအတိုင်း အတတ်နိုင်ဆုံး စောင့်စည်းသည်ကို တွေ့ရသည်။ သို့ရာတွင် ဦးပဉ္ဇင်းလေးက လောကီ အတွေ့အကြုံ နုနယ်သေးသည်။ စာသင်သား ဘ၀မှ သာသနာရေး နယ် ပယ်သို့ ယခုမှ နဖူးတွေ့ ဒူးတွေ့ ဆုံဖူးသေးသည်။ ပုထုဇဉ်တို့၏ သဘော သဘာဝကို တရား ဓမ္မဖြင့် ဟန့်တား နိုင်စွမ်းမှ ရှိပါလေစဟု သံသယ၀င်စရာ ကောင်းလှသည်။ တရားပွဲ၊ ကျောင်းပွဲများတွင် အများ ပရိသတ်နှင့် ဖြစ်၍ ဆင်ခြင်နိုင် ပါလိမ့်မည်။ ယခုသိမ် ကျောင်း၊ ကုဋီ၊ ရေတွင်း ဆောက်လုပ် ရေးတွင် လုပ် အားပေး လာသူများမှာ ပျိုရွယ်သော ဒကာ ဒကာမ လေးများသာ ဖြစ်သည်။ ဦးပဉ္ဇင်းလေး ကလည်း ဒကာ ဒကာမလေး များနှင့် သက်တူရွယ်မျှ ဖြစ်၍ ကျင့်ဝတ် သိက္ခာပိုင်းတွင် ကျိုးပြတ်နိုင်သည်။
အထူးသဖြင့် ထန်းသမား ဒကာကြီး ဦးဘတုတ်၊ ဒကာ မကြီး ဒေါ်မယ်မ တို့၏ သမီး မယ်ဇာရည်လေးနှင့် အကြောင်း အပေါင်းသင့် သယောင် မြင်မိသည်။ မယ်ဇာရည်လေးက ထန်းတောရွာ သူဟု မထင်ရ လောက်အောင် ယဉ်စစနှင့် လှပသည်။ လုပ်အား ပေးရာ တွင်လည်း အမြဲပါသည်။ ခါတိုင်းဆို ဥပုသ်သီတင်း သီလ စောင့်ထိန်းရသည့် အခါကြီး ရက်ကြီး များတွင်သာ မယ်ဇာရည် ကျောင်းသို့ လာရောက်လေ့ ရှိသော်လည်း ဦးပဉ္ဇင်းလေး ရောက်ပြီးချိန်မှ စ၍ ကျောင်းသို့ အလာစိတ်သည်။ ဦးပဉ္ဇင်းလေးနှင့် ဣနြေ္ဒ ပျက်လောက် အောင် မဟုတ်သော်လည်း စကားစမြည် ဆိုလေသည်ကို မကြာခဏ မြင်တွေ့ရသည်။
အနေအထိုင် ဆင်ခြင်ပါဟု ပြောဆိုရအောင် ကလည်း အနေအထိုင် ပျက်ယွင်းသည်တော့ မဟုတ်ပေ။ အနာဂတ် သာသနာ အတွက် သားကောင်း တစ်ယောက် ကျောက်ကောင်း တစ်စေ့ ဆုံးရှုံး ရမည်ကိုလည်း စိုးရိမ် နေမိသည်။ သာသနာ့ အာဇာနည် ဖြစ်မည်မှ မကြံသေး၊ ကျောင်းကြီး ဖျက်မတွေကလည်း ဘယ်က ဘယ်လို အလျှိုလျှို ပေါ်ပေါက်လာကြသည် မသိနိုင်။
“ဦးပဉ္ဇင်းလေးရဲ့ ရည်မှန်းချက်ကို ဘယ်အကြောင်း ကြောင့်မှ မပျက်ပါစေနဲ့၊ ကိုယ်သွားရမယ့် လမ်းကို အမှောင့် ပယောဂတွေ ဘယ်လိုပဲ ဖျက်ဆီးပါစေ။ ဖြောင့်ဖြောင့် တန်းတန်း၊ ရဲရဲဝံ့ဝံ့ လျှောက်လှမ်း စေချင်တယ်” ဟူ၍ ရှဥ့်လည်း လျှောက်သာ ပျားလည်း စွဲသာ၊ ဟန့်တားခြင်း မမည်သော ဟန့်တားခြင်း စကားကိုသာ ဆိုရ တော့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment