သူ ရောက်လာမှာပါဟု မနက်ကတည်းက ညနေ စောင်းသည်ထိ အိန္ဒြာ မျှော်လင့် နေမိဆဲ ရှိ သည်။
တကယ်တော့ မနေ့ညတုန်းကတည်းက အရေးပေါ် လူနာ အဖြစ် အိန္ဒြာ ဆေးရုံတက် လိုက်ရပြီ ဆိုတော့ ဆေးရုံ အပေါက်ဝ မြေညီထပ် ဆေးဆိုင်လေးမှာ အိန္ဒြာ ကိုယ်တိုင် မချိတင်ကဲနှင့်ပင် သူ့ဟန်းဖုန်းကို လှမ်းခေါ်မိခဲ့သေး၏။ သန်းခေါ င်ကျော်ပြီမို့ သူအိပ်မော ကျနေပြီဟု ထင်သည်။ စိတ်ရှည်ရှည် ထားပြီး သုံးလေးခါ ခေါ်မှ ထူးသံကြားရသည်။ အခြေအနေတွေ အားလုံးကို ပြောပြရသည့် အခါ သူသိပ်စိတ်ပူမှာ သွားမှာ စိုးလို့ ခံစားနေရသည့် ဝေဒနာကို ချုပ်တည်း ပြောရပေမယ့် တစ်စွန်းတစတော့ ပေါ်သွားခဲ့သေးသည် ထင်၏။ သို့သော် သူ က မနက်ကျမှ လာခဲ့မည်ဟု ခပ်တိုတို ပြောပြီး ဖုန်းချသွားသည်။
သည့်အတွက်တော့ အိန္ဒြာ့ ရင်ထဲ နင့်နေအောင် ခံစားလိုက်ရသည်။ သည်လောက် အရေး ကြီးနေသည့် အချိန်တွင် ရောက်အောင် မလာနိုင်ခြင်းအတွက် “အရမ်းချစ်တာပဲ အိန္ဒြာရယ်” ဟု အကြိမ်ကြိမ် ပြောခဲ့ဖူးသော သူ့အပေါ် အလိုမကျ စိတ်ကလေးလည်း နည်းနည်း ရှိလိုက်မိသေးသည်။ သို့သော် သူ့ကို ယုံကြည် စိတ်နှင့်ပင် သူအလုပ်တွေ သိပ်ပင်ပန်းနေလို့ ရှိမှာပါ၊ မနက်အစောဆို သူရောက်ကို ရောက်လာမှာပါဟု အိန္ဒြာ ယုံပစ်လိုက်သည်။
အိန္ဒြာ့ထက် အသက်ဆယ်နှစ်ကျော် ကျော်လောက်လည်း ကြီးသဖြင့် ကိုကြီးဟု အိန္ဒြာက ခေါ်ခဲ့သော သူရောက် လာလျှင်တော့ သည်ကိစ္စတွေ အားလုံး အဆင်ပြေ သွားမှာပါဟု အိန္ဒြာ မျှော်လင့် နေမိသည်။ ကိုကြီးက အိန္ဒြာနှင့် ပတ်သက်လျှင် အမြဲလို အလိုက်တသိ ရှိတတ်ပြီးဘယ် တုန်းကမျှ နှမျောတွန့်တို မရှိတတ်တာ အိန္ဒြာ သိသည်။
သို့သော် မနက် ရှစ်နာရီ ကျော်သည် အထိ သူရောက်မလာခဲ့။ အိန္ဒြာက ဆယ်နာရီဆို ခွဲစိတ်ခန်း ၀င်ရတော့မည်။
အိန္ဒြာ အလုပ်လုပ်သော ဂျာနယ်တိုက်မှ လုပ်ဖော် ကိုင်ဖက် သူငယ်ချင်း စိုးစိုးခိုင်ဆီကိုတော့ မနက်အစောကြီးကပင် အမေ့ကို ဖုန်းဆက် ပြောခိုင်း ထားသဖြင့် ခွဲစိတ်ခန်း မ၀င်ရမီ အတော် စောစောကတည်းက စိုးစိုးခိုင်နှင့် ခင်လေးကျော်တို့ နှစ်ယောက် အပြေး အလွှား ရောက်လာ ဖော်ရလိုက်ကြသေးသည်။ ဂျာနယ်တိုက် ပိုင်ရှင် သူဌေးမထံသို့ ကြိုတင် လစာငွေ သုံးသောင်းကိုပါ သွားပြော ထုတ်ယူ လာခဲ့သေးသည့် အပြင် သူတို့ နှစ်ယောက်၏ စုပေါင်း စပ်ပေါင်း ငွေလေး တစ်သောင်းကိုပါ ပေးခဲ့သဖြင့် အသက်ရှူ ချောင်သွားခဲ့ရ၏။ နို့မဟုတ်လျှင် မနေ့ညနေကမှ သီတင်းကျွတ် အခါရက်မို့ အမေ့ကို အစ်ကိုလာပြီး ကန်တော့ သွားခဲ့သည့် ငွေလေးငါးထောင်နှင့် အမေ့ ဈေးဆိုင် ပိုက်ဆံ သေတ္တာလေးထဲမှ သွန်ချယူ လာခဲ့ရသည့် ရှိစုမဲ့စု ငွေလေး တစ်သောင်းနှစ်ထောင် အားလုံး စုစုပေါင်း တစ်သောင်း ခုနှစ်ထောင်က ဗိုက်ခွဲရမည့် ဆေးရုံ ကိစ္စမှာ ဘာမှအရာ ရောက်မည် မဟုတ်။
“စရိတ်မျှပေး ကျန်းမာရေး” ဆိုတော့ အရက်ပျံ၊ ဂွမ်း၊ ပလပ် စတာ၊ ပတ်တီးက အစ ကိုယ့်ဘာသာကိုယ် ၀ယ်ရသည်။ ခွဲစိတ်ရာတွင် လိုအပ်မည့် အို အမျိုးအစား သွေးနှစ် ပုလင်း ရှာထားပါဆိုသည့် အတွက်လည်း အိန္ဒြာတို့ ရပ်ကွက်ထိပ် စာသင်တိုက်သို့ မနက်ဝေလီ ဝေလင်းတုန်းက အပြေးအလွှားနှင့်ပင် အမေ ပြန်ပြေးပြီး လျှောက်ရသည့် အခါ ဦးပဉ္ဇင်းနှစ်ပါး လိုက်လာပြီး လှူသဖြင့် အဆင်ပြေသွားသည်။ သို့မဟုတ်လျှင် သွေးတစ်ပုလင်းက ပေါက်ဈေး တစ်သောင်းခွဲ။
သူ့ကိုကိုကြီးကို အချိန်မလပ် မျှော်နေမိသည့် အိန္ဒြာ့အား နံနက် ဆယ်နာရီတွင် ခွဲခန်းထဲ သွင်းသွားသည့်တိုင် ကိုကြီးကတော့ ရောက်မလာခဲ့။
သာမန် ခွဲစိတ်ရမှုမျှသာ ဖြစ်၍ တစ်နာရီ အတွင်းမှာပင် အောင်မြင်စွာ ခွဲစိတ် ပြီးစီးခဲ့ပြီ ဖြစ်သည့် နောက် ယခု ညနေပိုင်း အခြေအနေတွင်တော့ အမေ့ လက်ထဲမှာ ငွေနှစ်ရာ ပြည့်အောင်ပင် မကျန်တော့ပြီ။ ဆေးရုံမှ မဆင်းရသေးခင် လိုအပ်သည့် ဆေးဝါး ကိစ္စ ဘာညာ တိုလီထွာလီတွေက ရှိသေး၏။
အဲဒီအတွက် လက်ထဲမှာ ငွေမရှိတော့။ ကုန်ကုန်ပြောရလျှင် သည်ည ညစာ အဖြစ် အမေကိုယ်တိုင် အငတ်ခံပြီး အိန္ဒြာ့ အတွက် ဈေးအနည်း ဆုံး လမ်းဘေး ဆိုင်မှာ ထမင်လေး ၀ယ်ကျွေးဖို့ပင် လက်ထဲမှာ မပြည့်စုံတော့သဖြင့် အမေ့ မျက်လုံးအိမ်မှာ မျက်ရည်တွေ ၀ိုင်းနေတာဟု အိန္ဒြာ နားလည်စွာ မြင်သည်။ အိန္ဒြာ ကိုယ်တိုင်လည်း ဆာလှပြီ။ မနေ့ညကတည်းက ခွဲစိတ်ရမည့် လူနာမို့ ရေရော အစာပါ ရပ်နားထားခဲ့ ရသည့် အတွက် အိန္ဒြာ့ အစာ အိမ်ထဲမှာ ဆူဆူညံညံတွေ ဖြစ်နေတာ အိန္ဒြာသိသည်။
သို့သော် အမေ့ကို မပူဆာရက်။ အမေ့ အကြောင်း အိန္ဒြာ သိသည်ပဲ။ အမေသည် လူ့လောက အလယ်တွင် ခပ်ထုံထုံပေမယ့် သားသမီး အရိပ်အကဲတော့ အလွန်သိသည်။ အိန္ဒြာ သိပ်ဆာလောင် နေပြီဆိုသည်ကို အမေ မသိမဟုတ်။ သို့သော် လွတ်နေသည့် ဘေးချင်းကပ် ခုတင်ပေါ်မှာ ဒုံးပေကပ်သပ် ကြီးထိုင်၍ မျက်ရည်တွေ တွေတွေကျရင်း အမေ ငိုင်နေပုံက အခက်အခဲတွေ အားလုံးကို အမေ့ မျက်နှာပေါ် တင်လျက် ပြပွဲ ခင်းထားသလို ရှိသည်။
အခါတိုင်းလိုဆိုလျှင်တော့ အမေ့မျက်နှာ ဘယ်လိုရှိရှိ အိန္ဒြာ ဇွတ်ပူဆာ၍ အမေမနေတတ်အောင် မျက်ရည်ပင် ကျပြလိုက်မိဦး မည်ထင်သည်။ သို့သော် အိန္ဒြာ့အခုအဖြစ်က ကျချင်နေသည့် မျက်ရည်ပင် ပြောင်ပြောင်တင်းတင်း မကျရဲသည့်ဘ၀လို ပါ ဟု အိန္ဒြာပြောရမလားပင်။
ထို့ကြောင့်သူ့ကို ကိုကြီးကို စက္ကန့်မလပ်အောင် မျှော်နေမိ သည်။
အိန္ဒြာ့ ခုတင်က အ၀င် တံခါးဝဘက်သို့ ခြေရင်းပြု ထားသဖြင့် စင်္ကြံ လမ်းကို လှမ်းမြင်နေရသည်။ ထုံဆေးပြယ်ပြီ ဖြစ်၍ ခွဲထားပြီးစ ဗိုက်က စစ်စစ်စစ်စစ်နှင့် နာသလို ရှိသည်ကိုပင် ဂရုမထား မိလောက်အောင် သူ့ကို မနက်ကတည်းက ညနေစောင်းသည် အထိ တစ်နေ့လုံး မျှော်နေမိသည်။ ကိုကြီးဟု အိန္ဒြာ မြတ်နိုးစွာ အားကိုးစွာ တန်ဖိုးထား ချစ်ခဲ့ရသည့် အစ်ကိုကြီး တင်အောင်နိုင်ကမူ ယခုထိ ရောက်မလာသေး။
ကိုကြီး ရောက်လာလျှင်တော့ သူ့ကို ပြောရမှာ မရွံ့မရဲလိုမို့ ပြောမပြဖြစ်သေးသော ပြောစရာ တစ်ခု ရှိနေခဲ့သည်မှာ ကြာပြီ ဖြစ်ကြောင်းနှင့် စတင်ပြီး သူ့ကို ကိုကြီးကို ပြောပြ ချင်နေမိသည်။ အဲဒီ စကားတစ်ခွန်း အတွက် ကိုကြီးက “ခုမှပဲ ပြောရရောတဲ့လား အိန္ဒြာလေးရယ်” ဟု ကိုယ့်နဖူးပြင်လေးကို ကိုကြီး ဖွဖွထုပြီး ပြုံးနိုင်ပါစေဟုလည်း အိန္ဒြာ အကြိမ်ကြိမ် ဆုတောင်းနေမိရသေးသည်။ ကိုကြီး ခုထိ ရောက်မလာ သေးတာတော့ သူ့မှာ အလုပ်တွေ ရှုပ်နေလို့သာ ဖြစ်နိုင်သည်။ ကိုကြီးက သူတို့ အလုပ်ရုံမှာ သူဌေးက ယုံကြည်စွာ လွှဲအပ်ခြင်း ခံထားရသည့် အလုပ်ရုံမှူးလေ။ သူ့အလုပ်ကလေး ပါးသည်နှင့် သူပြာပြာ ပြာပြာနှင့် ရောက်လာနိုင်သည်ပဲ။
ထို့ကြောင့်ပင် သူ့ကို ကိုကြီးကိုသာ အချိန်ရှိတိုင်း မျှော်နေမိသည်။ သူရောက်လာသည်နှင့်ကို အစစအရာရာ အဆင်ပြေ ချောမွေ့ သွားနိုင်သည်။ အမေလည်း မျက်ရည်နှင့် မျက်ခွက် မဟုတ်တော့ဘဲ အပြုံးတွေ ဝေသွားနိုင်သည်ဟု အိန္ဒြာ မျှော်လင့်နေဆဲ ရှိသည်။
အမေကမူ “နင့်အကောင်က လာမှာရော သေချာလို့လား အိန္ဒြာရယ် မိုက်လိုက်တာ၊ မိုက်လိုက်တာ” ဟု ဒေါသတစ်ဝက် မျက်ရည် စက်လက်ဖြင့် အိန္ဒြာ့ကို မာန်ပြော ပြောနေသည်မှာ သည်နေ့ အဖို့ အကြိမ်မနည်းတော့ဘူး ထင်သည်။ အမေ့ ဒေါသနှင့် အမေ့ မျက်ရည် အတွက် အိန္ဒြာ့မှာ ပြောစရာစကား မရှိခဲ့။ ကိုယ့်အဖြစ်နှင့် ကိုယ်မို့ ခေါင်းငုံ့၍သာ နေလိုက်ရ၏။
မနက်က စိုးစိုးခိုင် ပြောသွား သည့်စကားအချို့က အိန္ဒြာ့နားထဲသို့ မအီမသာနှင့် ပြန်ဝင်လာပြန်သည်။
“ကြီးမေ မနက်က ငါ့ဆီ ဖုန်းဆက်တော့ ခြောက်နာရီ လောက်လေ။ အဲဒါ ကြီးမေနဲ့ ပြောပြီးပြီးချင်းပဲ နင့်ကိုကြီးဆီကို ငါချက်ချင်း ဖုန်းဆက် လိုက်သေးတယ်။ ပြီးတော့ အစ်မ ချောသီတာဆီလည်း တစ်ခါတည်း ဆက်ပြီး နင်ဆေးရုံ တက်ရတဲ့ အကြောင်းပြောတော့ အစ်မ ချောသီတာက သူလာခဲ့ဦးမယ်တဲ့”
Subscribe to:
Post Comments (Atom)
No comments:
Post a Comment