ဆရာ ဦးအောင်သင်းနှင့် ရန်ကုန် မြို့တော်ခန်းမ စာပေ ပညာရှင်များ သက်ကြီး ပူဇော်ပွဲတွင် ဆုံဖြစ်သည်။ ဆရာသည် ကျန်းကျန်းမာမာ ဖျတ်ဖျတ်လတ်လတ်နှင့် ဆရာ့ကို မိတ်ဆွေများ၊ စာပေရဲဘော်များ၊ တပည့် တပန်းများက နှုတ်ဆတ်ကြ၊ ဂါရ၀ ပြုကြနှင့် ဆရာသည် ခေါင်းလေး တဆတ်ဆတ်ညိတ်ကာ အားလုံးကို ပြုံးပြလိုက်၊ ဆုတွေ ပေးလိုက်၊ စကားတွေ ပြောလိုက်နှင့်။
စာပေပညာရှင်ကြီးများ သက်ကြီးပူဇော်ပွဲ အခမ်းအနားတွင် သည်နှစ် တချို့သော စာပေ ပညာရှင်ကြီးများကိုတော့ မတွေ့ရတော့။ တချို့ ကြွေလွင့် သွားကြချေပြီ။ တချို့ ကျန်းမာရေး ချို့တဲ့၍ သက်ကြီး ပူဇော်ပွဲ အခမ်းအနားသို့ မတက်ရောက်နိုင်တော့။ တချို့ သက်ကြီး ပူဇော်ပွဲ အခမ်းအနားသို့ သည်နှစ်မှ တက်ရောက် လာကြသည်။ တချို့လည်း အသက် ၈၀ ပြည့်သူတွေ၊ တချို့လည်း ၈၀ ကျော်လွန်ပြီး ၈၅၊ ၈၆ ရောက်သူတွေလည်း သည်နှစ်မှာ တွေ့ရသည်။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း သက်ကြီး ပူဇော်ပွဲသည် တစ်နှစ်တာ ကွဲကာ နေကြသော စာပေနှင့် စာပေ ရောင်းရင်းဟောင်းကြီးများကို ပြန်လည် စုစည်းကာ အလာပသလာပ ပြောကြရန် စီစဉ်ပေးသည့် သဘော၊ မိမိတို့ လေးစား ချစ်ခင်ကြည်ညိုရသော စာပေ ဂုဏ်မြင့်မားသော၊ စာပေကျေးဇူးရှင်ဆရာကြီး၊ ဆရာမကြီးများကို တစ်နေရာတည်း၊ တစ်ပြိုင်တည်း၊ တစ်ချိန်တည်း၊ တစ်စုတစ် စည်းတည်း ကြည်ညို ဂါရ၀ပြုနိုင်သည့် အခွင့်အရေးမှာ တန်ဖိုးမဖြတ်နိုင်။ တချို့လည်း ကိုယ်လေးစားချစ်ခင်ကြသော ဆရာကြီး၊ ဆရာမကြီးများထံ ဂါရ၀ပြုကြ၊ သြ၀ါဒ ခံယူကြနှင့် ကြည်နူးစရာ၊ စိတ်လှုပ်ရှားစရာ ကောင်းကောင်း သေးတော့သည်။
မိမိသည် စာပေပညာရှင်ကြီးများ အလယ်၌ မိမိကြည်ညိုလေးစားသော၊ စာပေဂုဏ်ကြီးမားသော၊ ဆရာများကို ကြည်ညိုနေဖြစ်ခဲ့သည်။ ကန်တော့ခံ စာပေ ပညာရှင်ကြီးထဲမှ ဆရာသမားများ၊ ထိုနေ့က ညနေဘက်ရောက်တော့ ဆရာ ဦးအောင်သင်းဆီ ရောက်ဖြစ်သည်။ ဆရာသည် စမ်းချောင်း ဓမ္မိက၀တီလမ်းမှ အိမ် လေးတွင် ခပ်ရွှင်ရွှင်ဖြင့်၊ သည်နေ့ဆရာ့ကို မေးစရာ၊ မြန်းစရာ မေးခွန်းတချို့မိမိ သယ်ဆောင် လာခဲ့ဖြစ်သည်။
တချို့က မိမိကိုယ်တိုင် သိချင်နေသည့် မေးခွန်းများ၊ တချို့က စာဖတ် ပရိသတ်များ သိချင်နေမည်ဟု ယူဆရသည့် မေးခွန်းများ၊ တချို့က စာဖတ် ပရိသတ်အတွက်သော် လည်ေးကာင်း၊ တချို့က စာပေသမိုင်းအတွက်သော်လည်း ကောင်း၊ ကမ္ပည်းတင်ထားချင်းသည့် မေးခွန်းများ။ တကယ်တော့ ဆရာ့ထံ၌ သင် ယူစရာ နာယူစရာ အများကြီးဖြစ်သည်။ သို့သော် စာမျက်နှာ အခက်အခဲအရ၊ စာမျက်နှာခွဲတမ်းအရ၊ တချို့ကိုဖြင့် ချန်လှပ် ထားခဲ့ဖြစ်သည်။ တချို့ကတော့ စာမျက်နှာပေါ် ရောက်သွားလိမ့်မည် ထင်သည်။
ဆရာဦးအောင်သင်း ဆရာ၏သမီး ဖြစ်သူ ဒေါ်မော်မော်သင်း နေအိမ်သို့ ရောက်ရှိနေခိုက်တွင် သွားရောက် တွေ့ဆုံ ဖြစ်ခဲ့သည်။ ဆရာ အနားယူနေသည့် အချိန် ဖြစ်လင့်ကစား အားနာနာနှင့် သိလိုသည် များကို မေးယူဖြစ်ခဲ့သည်။ ဆရာသည် သိလိုသမျှ စိတ်ရှည်စွာဖြင့် ဖြေကြားပေးခဲ့သည်။ ထိုညက မိမိ စုစည်းထားသမျှ ဆရာ့ စာအုပ်များကို အမှတ်တရ လက်မှတ် ရေးထိုးပေးပါရန်အတွက် . . .
ဆရာအပါအ၀င် သက်ကြီးစာပေ ပညာရှင်များကို ဂါရ၀ပြုတဲ့ အပေါ်မှာ ဆရာ့ အမြင်ကို သိချင်ပါတယ်။
ကျွန်တော် ပထမတုန်းက စာပေ လုပ်သားထဲ မ၀င်ခဲ့ဘူး။ မ၀င်ခဲ့ဘူးဆိုတာ ကျွန်တော်က ဘယ်အသင်းအဖွဲ့ကိုမှ မပါခဲ့တာ။ တော်တော့ ရှင်းအောင် နေခဲ့တော့ စာပေ လုပ်သားထဲလည်း မပါဘူးလို့နေ ရင်းကနေ နောက်ကျတော့ စင်ကာပူက ဖိတ်ရော။ ဖိတ်တော့ ကျွန်တော် ဒီအတိုင်း သွားလို့ မရဘူး။ ပြောတာက ချစ်ဦးညိုပါပဲ။ အဖွဲ့ဝင်လိုက်ပါ ဆိုတော့ အဲဒီမှာ အဖွဲ့ဝင် ဖြစ်သွားတယ်။ အဲဒီ နှစ်ထဲမှာ အကန်တော့ခံထဲ ကျွန်တော့်ကို ဖိတ်ရော။ အသက် (၈၀) ကျော်နေလို့။ ဖိတ်တော့ ကျုပ်က လိပ်ပြာ မလုံဘူး။ ကျုပ်က ဘယ်သူ့ကိုမှ မကန်တော့ခဲ့ဖူးဘဲနဲ့ အကန်တော့ ခံတဲ့ အထဲ ပါရမယ်ဆိုတော့ လိပ်ပြာ မလုံဘူး။ ပထမတုန်းက ကျွန်တော် ကန်တော့ မခံဘူး။ ကျွန်တော်က တစ်ခါမှ မကန်တော့ခဲ့ဘဲနဲ့ အခုကျမှ ကန်တော့ခံရမယ် ဆိုတော့ စမ်းချောင်းထဲက စာပေလုပ်သား အဖွဲ့ဝင် ကလေးမလေးက “အကန်တော့ခံပါ”ဆိုတော့ “အေးဟာ လာခေါ်ရင်တော့ လိုက်မယ်။ ငါလည်း သိပ်နေမကောင်းဘူး” ဆိုတော့ လာခေါ်တာနဲ့ ပါသွားတာ။ အခု နှစ်ကျတော့လည်း ဆက်ပါသွားတာပေါ့။
အမှန်ကတော့ ကမ္ဘာမှာ မြန်မာပြည် တစ်ပြည်ထဲ ရှိတဲ့ ယဉ်ကျေးမှုပဲ။ သိပ်တန်ဖိုး ထားကြတာ။ စာဆိုတော်နေ့ ဆိုတာ ဟိုးရှေးတုန်းကတည်းက တန်ဖိုး ထားခဲ့ကြတာ။ ကန်တော့ခံတဲ့ အထဲ ကျွန်တော်ပါတော့ သူတို့ ကန်တော့တာကို တန်ဖိုးထား တယ်။ တစ်ခု ရှိတာက ကန်တော့ခံ ထိုက်လောက်အောင် စာပေမျိုးလည်း ရေးဖို့ သင့်တယ်လို့ ထင်တယ်။
ဒါကတော့ အသက်ကြီးလို့ ကန်တော့ ခံတာပဲဖြစ်ဖြစ်၊ စာပေ ဂုဏ်သိက္ခာကြောင့် ကန်တော့ ခံတာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ခုလုံး ကန်တော့ ခံထိုက် တာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လမ်းထဲမှာဆိုရင် နှစ်စဉ်နှစ်ဆန်း တစ်ရက်နေ့မှာ ကန်တော့ကြတော့ ဘာတွေညာတွေ မပါဘူး။ အသက်ကြီးတယ်ဆို ကန်တော့လိုက်တာပဲ။ တကယ်ဆို ကိုမြတ်ခိုင် အသက်ကြီးတာကို ကန်တော့ ထိုက်သင့်တယ်။ ပြန်တွက်ကြည့်။ ကျွန်တော်နဲ့ contemporary တွေ သေကုန်တာ အများကြီး။ (၈၀) ကျော်သည် အထိ နေရအောင်ဆိုတာ နည်းတာ မဟုတ်ဘူး။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment