Home

သူမနှင့် စာမေးပွဲဖူးစာ

“ဟိုရောက်ရင် လူတိုင်းနဲ့ အဆင်ပြေအောင် နေနော်…”

“ဟုတ်ကဲ့မေမေ”

ရန်ကုန် မန္တလေး အမြန်ရထားဖြင့် မြန်မာပြည်အလယ်ပိုင်း အညာဒေသ တစ်ခုဆီသို့ တာဝန်နှင့် ထွက်ခွာမည့် သူမအား တတွတ်တွတ် မှာနေသော မေမေ့ကို ဖျောင်းဖျဖို့ အဝေးတစ်နေရာရှိ ထိုင်ခုံကလေးမှ ပြုံးစေ့စေ့ဖြင့် ကြည့်နေသော ဖေဖေ့ကို အကူအညီ တောင်းရန် လှမ်းကြည့်လိုက်စဉ်…

ခေါက်ထီးအနက်ဖြင့် လှမ်းဆွဲခံလိုက်ရသည့် ခပ်ရွယ်ရွယ် မိန်းမပျိုလေး၏ မြင်ကွင်းကြောင့် သူမဘယ်ဘက် လက်မောင်းကလေးအား အလိုလို ပြန်စမ်းမိရက်သား ဖြစ်ကာ အတွေးများက လွန်ခဲ့သည့် ၄ လခန့်က အဖြစ်အပျက်ဆီသို့သာ ကစင့်ကလျား ... ။

…………………………………………………………………….

‘ဒါက ဆေး ၁။ ကားပေါ်က ခြေထောက်ကလေး ထွက်လာကတည်းက သိသာတာ ဖွေးဖွေး ဥဥကလေး ။ ပြီးတော့ ဟိုဘက်ကျောင်း နှစ်ကျောင်းလို ပုံတုံး ဒေါက်တွေ စီးတာတောင် ထော့နင်းထော့နင်း ဖြစ်နေတာ မဟုတ်ဘူး။ pencil heel ကိုမှ ခပ်ကျော့ကျော့ကလေးစီးပြီး ဆင်းတာ”

စည်သူတစ်ယောက် မြင်သမျှကောင်မလေးတွေကို ငမ်းရင်း ပါးစပ်မှလည်း မနားတမ်း ဆိုနေသည်မှာ မနက်စောစော ကျောင်းသို့ ရောက်ကတည်းက။

အထူးကုစာမေးပွဲဝင်ခွင့်ဖြေရမည့် ခုံနံပတ်အရ သူတို့သူငယ်ချင်း တော်တော်များများက ဆေး တက္ကသိုလ် ၁ ကျောင်းပင်မဆောင်အ၀င်အ၀ရှိ စာသင်ခန်း ၆ နှင့် အပေါ်ထပ်မှ စာသင်ခန်း ၇ မှာမို့ ကျောင်းဆောင် အ၀င်အ၀တွင်ထိုင်ကာ စာဖတ်နေကြခြင်းဖြစ်သည်။

သူမတို့ ကျောင်းသူဘ၀တုန်းက နောင်ပြောင်ကာ ကြွေးကြော်ခဲ့သည့် မင်္ဂလာဆောင်လျှင် ဆေး ၁ ပင်မဆောင်ကို ငှားပြီး သတို့သား သတို့သမီးဆင်းရန် အလှပဆုံးပြင်မည့် လှေခါးညီနောင် ခြေရင်းမှာလည်း ကျောင်းသားများက ဟိုတစ်စု ဒီတစ်စု။

“ဟွန်း ဆောင့်ကြွားကြွား စတိုင်လေးတွေကိုများ.. ဟိုဟာလေးက ငါတို့ ဆေး ၂ ကကွ ကြည့်ထား ။ ဘယ်လောက်မိုက်သလဲ ”

ဆေး ၂ ကျောင်းထွက် ဖိုးကျော်ကလည်း အားကျမခံ ကင်တင်းဘက်မှ လျှောက်လာနေသော ဖက်ဖူးစိမ်းရောင်နှင့် ကောင်မလေး တစ်ယောက်ကို မေးငေါ့ကာ လှမ်းပြလိုက်တော့ စည်သူက အားမနာတမ်း ရှုံ့ချပြန်သည်။

“ဟွန်း ဟိုမမှီဒီမမှီ ဟော့ရှော့လုပ်ချင်သလိုလို ရှေးဆန်ချင်သလိုလို ဟာလေးတွေ ”

“ငါ့ကောင်တွေ ဆေးမန်းကလည်း သိပ်အပြတ်အသတ်ကြီးမဟုတ်ပါဘူးကွာ ဟိုဘက်က ကောင်မလေးက ယဉ်ယဉ်လေးနဲ့ နှိပ်ပါတယ်ဟ ”

ဖတ်နေသည့် စာအုပ်ကိုဘေးချကာ မန္တလေးသား သန့်စင်က ဆိုလာတော့ အားလုံးက တပြိုင်တည်း ပြုံးကြကာ မအောင့်နိုင်သူ ဖိုးကျော်က အားမနာပ ဆိုပြန်သည်။

“ဟဲဟဲ ရွှေတဆယ်သားလောက်ကို လက်ကောက် တစ်ခုထဲဖြစ်အောင် အတုံးလိုက် အတစ်လိုက် ၀တ်ထားတာကိုက ဆေးမန်းကမှန်း သိသာလွန်းပါတယ်ကွာ ”

“နင်တို့ ပါးစပ်တွေ ပိတ်မလား။ ဒါမှမဟုတ် ဒီနေရာကနေ ခွာမလား။ ဒါစာမေးပွဲဖြေခါနီးနော်။ ပျော်ပွဲစားထွက်လာတာ မဟုတ်ဘူး။ အချိန်နီးလို့ စိတ်ပူနေပါတယ်ဆို နင်တို့က တမှောင့် ”

“ မီးမီးငယ် တစ်နှစ်လုံး ရည်းစားပူမိနေပြီး ခုမှ လာပြီး စာဖတ်ချင်ယောင်ဆောင် မနေနဲ့”

“အင်… ဟီးဟီး နင်ကလည်း လူကြားထဲ အဲလိုမပြောရဘူးလေ။ ငါ့မှာလည်း အသည်းနှလုံးနဲ့ပါဟ။

“နင်ကရော ဘာထူးသတုန်း တစ်နှစ်လုံး ကလေးအထူးကုဖြေမယ် ကြွေးကြော်ထားပြီး အနီးကပ်မှ အိုဂျီဖြေဖို့ စာရင်းသွင်းတာ ။ ငါမသိဘူးများ အောက်မေ့နေလား ”

“နေပါစေ မီးငယ်ရယ် ဒီကောင်ကြီးက သန်ရာသန်ရာဖြေတာ နေမှာပါ ခွင့်လွှတ်လိုက်ပါ”

“သကောင့်သားလေး။ နင်ကရော မထူးရှာဘူးလေ။ နယ်မှာ ဂျီပီကောင်းနေလို့ စာမေးပွဲကို အဖြစ်လောက် လာဖြေတာ မဟုတ်လား ”

“အော် ဒါကတော့ ငါက နင်တို့လို သူငယ်ချင်း အကောင်းစားတွေကို တွေ့ချင်သေးတာကိုးဟ။ ဆေးရုံက ခွင့်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ငါ့မှာ တနေ့တနေ့ ဆေးရုံနဲ့ ဆေးခန်း အချိန်ကိုကုန်နေရတာ။ ဒီလိုမှမလာရင် ငါတသက်လုံး ရန်ကုန်ရောက်မှာမဟုတ်ဘူး ။ ငါကလည်း မန္တလေးမှာ အေးအေးဆေးဆေး ကျောင်းတက်တုန်းက အကောင်း ဖောင်ကြီးသင်တန်းလေးတက်ဖြစ်ပါတယ်။ ဘယ်နှယ့်လုပ် ဆေး ၁ နဲ့ ၂ က အူကြောင် ကြားတွေနဲ့ သူငယ်ချင်း ဖြစ်လာ ပြန်သလဲမသိဘူး ”

“သေနာ သေနာ ”

“အား သေပါပြီ တွေ့လား စည်သူ .. သူတို့က မြို့ကြီးသူတွေဆိုပြီး နယ်သားရိုးရိုးအအ လေးကို အနိုင်ကျင့်တာ ”

“ကဲဟယ် မှတ်ပလား”

“အဟမ်း အဟမ်း”

တ၀ုန်းဝုန်း တရုံးရုံးဖြစ်နေသော သူတို့အဖွဲ့အား ဘေးဘက်ဆီမှ စာဖတ်နေသော အတန်းကြီးကျောင်းသား ဆရာကိုဖိုးခွား ချောင်းဟန့်တားမှ ငြိမ်ကျသွားပေမယ့် တိုးတိုးတိတ်တိတ် အတင်းပြော ဝေဖန်သံများကတော့ ရှိနေဆဲ။

“ကလင် ကလင် ကလင်…”

စာမေးပွဲချိန် ခေါင်းလောင်းထိုးလာမှ သူမတို့ အဖွဲ့ လူစုခွဲကာ စာမေးပွဲခန်းစီသို့ လျှောက်လာလိုက်ကြသည်။

............................................................................................

“ဟေ့ သူငယ်မ ဟေ့ ဟေ့ ”

“အမလေး”

သူမ၏ သွယ်လျလျ လက်မောင်းအား တစ်ခုခုနှင့် ဆောင့်ဆွဲသလိုဖြစ်တာမို့ အလန့်တကြား အော်ကာကြည့်မိတော့ အသားညိုညို ထောင်ထောင်မောင်းမောင်း နှင့် လူကြီးတစ်ယောက်။ လျှပ်တပြက်မို့ အသက်ကို မှန်းဆရမလွယ်ပေမယ့်သူမထက် ခြောက်နှစ်ခန့်ကြီးဟန်တူပြီး လက်ကိုင်အိတ်အမဲရောင် ခပ်ကြီးကြီးကို ကိုင်ကာ ပက်စီပုလင်းဖင် လောက်ထူသော မျက်မှန်အောက်မှ သူမအား ကြည့်လျက်။

“ဒီမှာ သူငယ်မ”

“ဖြေးဖြေးလုပ်ပါရှင့် …။ ရှင့်ရဲ့ ထီးခေါက်ကြီးက လက်မောင်းကို လာချိတ်မိနေပြီ”

“လာချိတ်မိတာ မဟုတ်ဘူး ကလေးမရဲ့။ တမင်လှမ်းချိတ်လိုက်တာ။ စာသင်ဆောင် G ဆိုတာ ဘယ်နားမှန်းမသိလို့ မေးမလို့ ဦးလေးက အထူးကုစာမေးပွဲ လာဖြေတာပါ”

“အော် … အဲဒါကလေ…”

ဒုက္ခ ။ စာသင်ဆောင် G တဲ့။ သူမတို့ကျောင်းတက်ခဲ့သည့် သက်တမ်း တစ်လျှောက်စာသင်ဆောင်များက နံပါတ်များဖြင့် သာဖြစ်ပြီး ယခုလို အေဘီစီဖြင့်ရှိကြောင်း သူမ မသိခဲ့ခြင်းအားလည်း အံသြမိသည်။ သူမ မျက်လုံးကလေး ဒေါင့်ကပ်ကာ စဉ်းစားချင် ယောင်ဆောင်နေစဉ် ထိုလူကြီးက အားကိုးတကြီးနှင့် စိတ်ရှည်စွာ ရပ်စောင့်နေတော့ သူမမှာ ငြင်းရခက်ချေပြန်သည်။

“ဟီးး မသိဘူး ဦးလေးရ ”

“အာ… ဒီကလေးမ မင့်ဒီကျောင်းက မဟုတ်လား ”

“ဟုတ်တော့ ဟုတ်တယ်လေ။ ဒါပေမယ့် ကျောင်းပြီးတာ သုံးနှစ်ရှိပြီရှင့်။ ”

“ဟာ… ငါ့နှယ်… ငါက မင်းကို နောက်ဆုံးနှစ်ကျောင်းသူထင်နေတာ ”

“ဟိဟိ ကျေးဇူးရှင့် ဦးလေးရ။ မီးမီးရှာပေးမယ် ခဏစောင့် ”

“အောင်မာ ကောင်မလေး မီးမီးလို့ ပြောရအောင်လည်း မင့်က အဲဒီလောက် မငယ်သေးပါဘူး။ ငါကလည်း ကျောင်းပြီးတာ ငါးနှစ်ပဲရှိပါသေးတယ်။ ” ”

“အင် ”

ခက်တော့ နေချေပြီ။ သူများနာမည် မီးမီးငယ်မို့ မီးမီးလို့ နှုတ်ကျိုးကာပြောမိခြင်းကို သူက ခုတော့ ပျစ်ပျစ်ခါခါပြောရက်ချေပြီ။ ထားပါတော့လေ။ စာမေးပွဲခေါင်းလောင်းထိုးနေတာမို့ ဘာမှ စကားကြောမရှည်တော့ပဲ အဏုဇီဝဓါတ်ခွဲခန်းမှ ဦးလေးကြီးကိုမေးကာ လမ်းညွှန်လိုက်ပြီး စာမေးပွဲဖြေဆိုရာ အခန်းထဲသို့ ၀င်ကာ နေရာယူလိုက်သည်။

အော် နှစ်နှစ်အတွင်း ဒီလိုကျဉ်းလှတဲ့ ဆေးတက္ကသိုလ် ၁ ကျောင်းဝင်း ကလေးမှာလည်း တိုးချဲ့ဆောင်တွေ များလှပါလား။

ခဲတံနှင့် ဘောပင်သာ ယူဆောင်ခွင့်ပြုသည်မို့ ကျောပိုးအိတ်ကို အခန်းရှေ့ စားပွဲပေါ်တွင်တင်ပြီး စာမေးပွဲခန်းထဲသို့ ခဲတံနှင့် ဘောပင်သာ ယူကာ ခုံနံပတ်ရှိရာနေရာကို လျှောက်လာတော့ သူမသူငယ်ချင်းများက နေရာ အတည်တကျယူကာ ဘယ်တုန်းကမှ ပုံမှန် မရှိခိုးခဲ့သော ဘုရားတရားအလုပ်ကို လုပ်နေနှင့်ပြီ။ ထုံးစံ အဲဒါကလည်း ဘယ်တော့မှ မရိုးနိုင်သည့် အမြင်ကပ်စရာ ဒင်းတို့ထုံးစံ။ သကောင့်သားများကို မျက်စောင်းတချက်ထိုးရင်း အလည်နား မရောက်တရောက် ဖြစ်သည့် သူမခုံနေရာမှာ ခပ်မိန့်မိန့်ကြီးထိုင်ကာ အတန်းတွင်းဝင်လာသူများကို ကြည့်နေလိုက်သည်။ သူမဘေးက ခုံကတော့ လစ်လပ်နေသေးတာမို့ သူမမှာ သူများထက်ကို ဝေးကွာနေသလိုလို။ စာမဖတ်ဘဲ စာမေးပွဲဖြေရသည့် ခံစားချက်ကလည်း သူမတသက်မှာ ပထမဆုံးအကြိမ်မို့ ရင်ခုန်စရာ အကောင်းသားလား။

တကယ်တမ်း သူများတကာတွေ စာအသည်းအသန် ဖတ်လာတာမြင်တော့ သူမ နောင်တလေးများ ခပ်ရေးရေးရချင်မိသည်။ မသာယာခဲ့သော အတိတ် တနေရာဆီက အချစ်ရေးက သူမ ပညာရေးကို အတိုင်းအတာတခုအထိ နှောင့်နှေးစေတာတော့ အမှန်။

မျက်စိကလေးမှိတ်ကာ မရှိမဲ့ ရှိမဲ့ စာလေးများကို စဉ်းစားကြည့်နေတုန်း ဗုန်းဆိုသော အသံနှင့်အတူ ထိုင်နေရာ ခုံတန်းလျားလေး လှုပ်ခါသွားသောကြောင့် မျက်လုံးဖွင့်ကြည့်တော့ ထိုလူကြီး။ ဘေးက ခုံနံပါတ်တွင်ထိုင်ကာ ညိုသော အသားများကြားမှ အထင်းသားမြင်ရသည့် ယုန်သွားအချို့နှင့် သူမအား ပြုံးပြနေသေးသည်။ ပြီးမှ

“အခန်းနံပတ် ၆ နဲ့ G မှား ကြည့်ပြီး ဟိုဘက်အဆောင်ရောက်သွားတာ။ အမှန်က ဒီအခန်း ကောင်မလေးရဲ့”

“အော် … ဟုတ် ”

မေးခွန်းစာရွက်ဝေနေတာမို့ စကားကို ခပ်တိုတိုဖြတ်ကာ မေးခွန်း စဖတ်နေလိုက်သည်။ သူမ အစ်မ TOEFL ဖြေတုန်းက ၀ိုင်းဖတ်ပေးထားသော အခြေခံလေးများဖြင့် မှန်းကာဖြေနေရသည်မို့ စာမေးပွဲ ပထမပိုင်း ဖြစ်သည့် အင်္ဂလိပ်စာဖြေရသည့်အချိန်က ကုန်ခဲ လွန်းလှသည်။

“ကိုကိုရေ ဖုန်းလာနေတယ် ။ ကိုကို ဖုန်းလာနေတယ်။ ကိုကို…. ဖုန်းလာနေပါတယ်ဆို… ။ တောက်… ခေါ်မကြား အော်မကြားနဲ့ မုန်းစရာကြီး”

စာမေးပွဲခန်းရှေ့ရှိ လွယ်အိတ်များ စုပုံထားရာနေရာမှ ဖုန်းမြည်သံက အခန်းကျဉ်းကလေးကို ခပ်ကျယ်ကျယ် ဖုံးအုပ်သွားသည်။ စာမေးပွဲစောင့် ဆရာမ အပါအ၀င် စာမေးပွဲဖြေသူအားလုံး ပြုံးစိစိနှင့် စပ်စုသောမျက်လုံးများဖြင့် ဘေးဘီကို ခေါင်းမော်ကြည့်ကြပေမယ့် သူမဘေးမှ ထိုလူကြီးကတော့ စိတ်ဝင်တစား စာတွေရေးနေတော့ သူမကျိတ်ပြီး ချီးကျူးမိလိုက်သည်။

သြော် စာဂျပိုး ထင်ပါရဲ့။

ဖုန်းခေါ်သံက တိတ်မသွားဘဲ နောက်တကျော့ပြန်ကာ မြည်လာပြန်တော့ သူမဘေးမှ ဟိုလူကြီးမှာ အိနြေ္ဒ မရစွာ ခုံတန်းလျားလေးပေါ်မှာ ငုတ်တုတ်ကလေး ထိုင်လျက်သား…။ နှဖူးမှ စီးကျလာသော ချွေးစေးများကို မွှေးပွ လက်ကိုင်ပုဝါခပ်ကြီးကြီးဖြင့် ခပ်ကြမ်းကြမ်းသုတ်ရင်း သူမအားပြုံးဖြဲဖြဲလုပ်ကာ ဆိုသည်က

“အိမ်က အမေဆက်တာလေ အမေ၊ အမေဆက်တာ”

သူမ မျက်လုံးလေးပြူးကာ ကြည့်လိုက်တော့ ဘာမှထပ်မပြောတော့ပဲ စာတွေ ဆက်ရေးနေပြန်သည်။ ဖုန်းခေါ်သံ သုံးလေးခါ ဆက်တိုက်မြည်ပြီးကာမှ စာမေးပွဲခန်းက တိတ်ဆိတ်သွားသည်။ မွှေးပွ လက်ကိုင်ပုဝါကြီးကို ပုခုံးပေါ်တွင် တင်ကာ ကားဒရိုင်ဘာ စတိုင်နှင့် ပက်စီပုလင်းဖင် မျက်မှန်တပ်ထားသော ထိုလူကြီးဆီမှ သက်ပြင်း ချသံတစ်ချက်ကိုတော့ သူမ ကြားဖြစ်အောင် ကြားလိုက်သေးသည်။

ပထမအချိန်ပြီးတော့ သူမတို့ သူငယ်ချင်းတစ်စု ကင်တင်းတွင်ထိုင်ကာ စကားတွေ များနေမိပြန်သည်။ ဆေး ၂ မှ ဖိုးကျော်၏ ရည်းစားဖြစ်သည့် ပေါက်တတ်ကရများကို အော်ကြီးဟစ်ကျယ် ပြောတတ်သော ပြည်မြို့သူ ကောင်မလေး ရောက်လာတော့ သူမတို့ စကားဝိုင်းလေး ပို၍ ပွဲဆူသွားသည်။ ဖောင်ကြီးသင်တန်းမှ ခင်မင်မှုတွေက သူမတို့အား မထင်မှတ်ဘဲ တင်းကျပ်စွာ နှောင်ဖွဲ့ခွင့် ပေးခဲ့သည်မဟုတ်လား။

“မီးငယ် ဟိုဘက်စားပွဲက လူကြီးက နင့်ကိုလှမ်းလှမ်းကြည့်နေတယ် သိလား ”

“အဲ အဲ လူကြီးပေါ့ ……………………………………….

……………………………………………………………………… ”

သူမ၊ နွယ်ချိုနှင့် မျိုးကြီး တို့ မိန်းကလေး သုံးယောက်သား စာမကျက်ဘဲ တွတ်ထိုးနေကြတော့ ထိုလူကြီး နေမထိထိုင် မသာဖြစ်ကာ ကင်တင်းမှ ထွက်ပြေးသွားချေသည်။

………………………………………………………………………………………………

စာမေးပွဲချိန်ပြီးတော့ သူများ နည်းတူ သူမတို့ အဖွဲ့လည်း ရွှေတိဂုံဘုရားသို့ တက်ခဲ့ပြန်သည်။ ဆေး ၁ ဆေးကျောင်းသူ ဘ၀တလျှောက်လုံး စာမေးပွဲ နောက်ဆုံးရက် ပြီးသည်နှင့် အိမ်မပြန်သေးဘဲ ဘုရားသို့သွားကာ အောင်မြေနင်းခြင်း ဒါမှမဟုတ် ဆုတောင်းပြည့်သည်ဆိုသည့် ထောင့်များတွင် မရမက ဂါထာများကို ဖျစ်ညှစ်ဆိုကာ ဆုတောင်းခြင်းများကို ပြုလုပ်တတ်ကြသဖြင့် ယခုလည်း သူငယ်ချင်း အားလုံးစုကာ ဘုရားပေါ်သို့ တက်ဖြစ်ခဲ့ကြသည်။

ကျောင်းသားဘ၀တုန်းကလို တကျောင်းလုံးလိုလို ဘုရားပေါ်သို့ ရောက်နေတာ မဟုတ်ပေမယ့် သူ့အကြံနှင့်သူ အောင်မြေနင်းကြသူတွေကတော့ ဟိုတစ်စု ဒီတစ်စု။ အဲဒီထဲမှာမှ မီးမီးအား ခေါက်ထီးဖြင့် ဆွဲထားခဲ့ဖူးသော ဟိုလူကြီးက အောင်မြေထောင့် တစ်နေရာတွင် အောင်သပြေပန်းများကို ကိုင်ကာ အပီအပြင် ထိုင်ပြီး ဘုရားရှိခိုးနေပုံက အတော်ကို လေးနက်သည့်ပုံစံ။ သူမတို့ အောင်မြေနင်းပြီးသည့် တိုင်အောင် သူက ဘုရားရှိခိုးလို့ မပြီးသေး။ အမြင်မတော်တာတွေ့လျှင် မစရလျှင် မနေနိုင်သော သူမတို့ မိန်းကလေးတစ်စု ထိုလူကြီးအနားသို့သွားကာ

“ ဆုတောင်းထား ဆုတောင်းထား အခြေအနေက ဘော်ဒါလိုင်းမှာ”

“ဘာ …၊ သြော် ကောင်မလေး မင်းပဲကိုး။ စောစောက ငါ့ကို ဘာပြောလိုက်တယ်”

“ သြော်.. ဦးလေးကို ပြောတာမဟုတ်ပါဘူး။ ဦးလေးနောက်မှာ အောင်မြေနင်းနေတဲ့ မီးမီး တို့ သူငယ်ချင်းကို ပြောတာပါ ၊ အောင်မြေနင်းတာ ခုလို စည်းရဲ့ အစပ်နားမှာ နင်းရတာမဟုတ်ဘူးလို့။ ဟိုးမှာ မြင်နေရတဲ့ အလယ်တည့်တည့်နေရာက နင်းမှ ပိုအောင်မြင်တယ်လို့ ကြားဖူးတာပဲ။ ခုက အစပ်နားဖြစ်နေတယ်လို့ သူ့ကို လှမ်းပြောတာပါ ။ ဟိဟိ ”

“ဟင်း… မင်းကလေးနော် ဘုရားပေါ်မှာမို့လို့ နို့မို့ဆို မလွယ်ဘူး”

“ဟုတ်ဟုတ် ဦးလေးလည်း ဘော်ဒါနားရောက်နေတယ် ထင်ရင် စည်းဝိုင်းထဲဝင်လိုက်လေ ဒါမှ သေချာမှာ ဟီး”

“တောက်… ဘယ်လိုဟာလေးတွေနဲ့လာတွေ့နေသလဲ မသိပါဘူး ”

ပါးစပ်မှ တီးတိုးမြည်တွန်ကာ အောင်မြေ၏ အတွင်းပိုင်းနေရာသို့ ထိုလူကြီး ရွှေ့သွားမှ သူမတို့ သဘောတကျရှိကာ ဘုရားပေါ်မှ ဆင်းလာခဲ့ကြသည်။ နှောင့်ယှက်တာ မဟုတ်ပေမယ့် တခါတခါ အဖြစ်သည်းလွန်းသည့် လူများအား စ ချင်တာ မီးမီးတို့ စရိုက်။

အဲဒီနေ့ညနေက သူငယ်ချင်းများ တခါတလေ ဆုံရတာမို့ မေမေ့ကို ဖုန်းဖြင့် လှမ်းအသိပေးပြီး သူမတို့ ညစာ အတူစားပြီးမှ အိမ်ပြန်လာခဲ့သည်။

ဒီလိုနှင့် အထူးကု သင်တန်းဝင်ခွင့် စာမေးပွဲက သူမတို့အတွက် မိတ်ဆုံစားပွဲတစ်ခုလိုလို ဘာလိုလို…။

သူမ၏ အိမ်အပြန်လမ်းတို့က သူငယ်ချင်းများနှင့် စကားဖောင်ဖွဲ့ရင်း ပျော်လို့မဆုံး၊ တွေ့တိုင်းပင် ပြောမကုန်နိုင်သည့် စကားများနှင့်မို့ မျိုးကြီးနှင့် နွယ်ချို ကို အိမ်တွင် တစ်ညတည်းရန် အတင်းဇွတ်ခေါ်ရင်း သူမတို့ မိန်းကလေး သုံးယောက် မီးမီးငယ်အိမ်ရှိရာ ဆီသို့ ပြန်လာခဲ့သည်။

အိမ်အ၀င်အ၀က မန္တလေး ကတ္တီပါ ဖိနပ် တစ်ရံကို မြင်တော့ သူမအံ့သြမိလိုက်သည်။ ဖေဖေ့ ဖိနပ်က အဲဒီလောက်မကြီးပါဘူးဟု စဉ်းစားရင်း အိမ်တွင်းသို့ ၀င်လာလိုက်သည်။

“ သမီးရေ မီးမီး လာပါဦးကွယ် ဒီမှာ သမီး အစ်ကို ကို လာနှုတ်ဆက်ပါဦး”

“ဟုတ်ကဲ့ မေမေ”

…………………………………………………………………….

“ဟုတ်ကဲ့မေမေ ချည်းပဲ ပြောမနေနဲ့ မေမေဘာပြောတာလဲဆိုတာလည်း သေချာနားထောင်ဦး”

ခပ်မာမာ အသံနှင့် ဆိုလာတာကြောင့် အတိတ်မှ အတွေးစများကို ခဏဖြတ်ကာ မျက်လုံးဝိုင်းလေးနှင့် ကြည့်လိုက်တော့

“ဟိုတခါ မောင်သက်အောင် ရန်ကုန် လာတုန်းကလို အဖြစ်မျိုး မကြားချင်ဘူးနော်။ နောက်တစ်ခေါက် မေမေ မျက်နှာ မပျက်ချင်ဘူး သမီး”

“ဟုတ်ကဲ့ မေမေ”

“ပြောရင်တော့ ဟုတ်ကဲ့မေမေပဲ ပြီးမှ လုပ်ချင်တာ လုပ်တဲ့ကလေးမ”

“အင်းပါ မေမေရယ် ခုတော့ ရထားထွက်တော့မှာမို့ သွားတော့မယ်နော်။ မေမေလည်း ကျန်းမာရေးဂရုစိုက် အိမ်မှာ နှစ်ယောက်တည်းဆိုပြီး ဖေဖေနဲ့ ရန်ဖြစ်မနေနဲ့ဦး။ သမီး ဆူညံပူညံတွေ မကြားချင်ဘူးနော် ဒါပဲ”

“တယ်.. ဒီကလေးမလေး ”

မေမေ့ ပါးပြင်အား ခပ်ဖွဖွနမ်းကာ ဖေဖေ့ကို အပြေးကလေး နှုတ်ဆက်ရင်း သူမ ရထားဆီသို့ အမြန် လှမ်းတက်လိုက်သည်။

ဥသြသံနှင့်အတူ ရန်ကုန်မန္တလေး အမြန်ရထားကြီးက သူမကို ခေါ်တင်ကာ အညာမြေသို့ ခရီးစခဲ့လေပြီ။

သူမဦးတည်ရာ ဘူတာရုံတစ်ခုဆီမှ သူမကို ကြိုနေမည့်သူကတော့ သူမ၏ အထက်အရာရှိဖြစ်သူ ဒေါက်တာ သက်အောင် ဒါမှမဟုတ် သူမ လက်မောင်းကလေးအား ခေါက်ထီးဖြင့် လှမ်းချိတ်ခဲ့ဖူးသည့် မေမေ့သူငယ်ချင်း၏ သားဖြစ်သူ၊ သူမနှင့် လူကြီးချင်း သဘောတူထားသည်ဆိုသည့် ဟိုလူကြီး။ သူ့အမေ ညွှန်ကြားချက်အတိုင်း သူမအိမ်သို့ လာကာ လူကြီးများနှင့် လာတွေ့စဉ်က ဒေါက်တာမီးမီးငယ်ဆိုသည်မှာ သူမမှန်းသိကာ အယောင်ယောင်အမှားမှားနှင့် ဟန်တောင်မဆောင်နိုင်ဘဲ ထွက်ပြေးခဲ့သူ ထိုလူကြီး။ သူ့မွေးရပ်မြေမှ သူမထံသို့ စနေ တနင်္ဂနွေများတွင် ပုံမှန်ဖုန်းဆက်တတ်သော်လည်း မီးမီးနေကောင်းလား ဆိုသည့် မေးခွန်းကိုသာ အခါတိုင်းတွင် မရိုးနိုင်စွာမေးကာ ဖုန်းကို ဆယ့်ငါးမိနစ်လောက် အသံတိတ် ကိုင်ထားပြီးမှ အိပ်တော့နော် ဟုဆိုကာ ဖုန်းချသွားတတ်သူ ထိုလူကြီး။

သူမ သွားတက်ကလေးများ ပေါ်အောင် ရှက်ပြုံးကလေးပြုံးကာ ထိုအတိတ်များကို ပြန်စဉ်းစားနေမိတော့ သူမလက်မောင်းကို တစ်ခုခုဖြင့် လာချိတ်မိသလိုလို ဖြစ်ကာ သူမလက်မောင်ကလေးအား ကယောင်ကတန်းဖြင့် လှမ်းကိုင်မိလိုက်သေးသည်။

မနေ့ညက ဖုန်းဆက်ကာ သူမရောက်မည့် အချိန်မတိုင်ကပင် မလွဲမသွေရှိနေမည်ဟု ဆိုလာသည့် ထိုလူပျိုကြီး၏ တုန်တုန်ယင်ယင် စကားသံ တချို့ကိုလည်း သူမ ကြားယောင်မိတော့ သူမနှလုံးခုန်သံတို့က ရန်ကုန်မန္တလေး အမြန်ရထား ခုတ်မောင်းသံထက် ပိုလို့ ညံနေပေမယ့် အတိတ်တခုလုံးမှာ အလွဲများနှင့်သာ ရှင်သန်ခဲ့သည့် သူမမို့ နောင်ကြုံရမည့် အလွဲများရှိနေပါလျှင် … ။

မွန်းသက်ပန် (ဆေး ၁)
Quote this article in website Favoured Print Send to friend

No comments:

Home