Home

ရှင်နတ်များရယ်က မဘဲကို

မြင်ကွင်းထဲက ပုံရိပ်သည် ၀ိုးတ၀ါး ဖြစ်နေသော်လည်း မှတ်မိ နေသည်မို့ လှဖြူဇင်များလား ဆိုပြီး လှမ်းကြည့်နေရသည်။
ထုံးစံ အတိုင်း ဘတ်စ်ကား များသည် မှတ်တိုင် တစ်တိုင်တွင် သုံးလေးစီး တန်းစီ ရပ်နေကြ သဖြင့် ကိုမင်းသွင် စီးလာသည့် ၃၉ ဟီးနိုးကား (အ၀ါ)သည် နောက်ဆုံးမှာ ရပ်နေရသည်။

ရှေ့ကကားများ ရွှေ့မှပဲ နောက်က ကားများ ရွှေ့နေရသည်။ ရှေ့က ကားနှစ်စီး ရပ်နေသော မှတ်တိုင် အနီးရှိ ဓာတ်တိုင်နားတွင် ရုံးယူနီဖောင်း ၀တ်စုံ ၀တ်စားထားသော ပလတ်စတစ် ခြင်းကလေး ကိုင်ထားသော လှဖြူဇင် ရပ်နေလေသည်။ ၃၉ ဟီးနိုးကား (အ၀ါ)ပေါ်တွင် ပါလာသော ထိုင်ခုံပေါ် တွင်လည်း ထိုင်နေရသော ကိုမင်းသွင်သည် ရှေ့ကား အရွှေ့၊ နောက်ကားပါ ရွှေ့ကာ ဆက်လက် မောင်းနှင်စ ပြုလာချိန်၌ ဓာတ်တိုင် အနား မရောက်မီ ကလေး အသေအချာ လှမ်းကြည့်မိလိုက် သည်။ လှဖြူဇင်မှ လှဖြူဇင်၊ ရုံးဝန်ထမ်း ဖြစ်နေသည်။ ရုံးတက်ဖို့ ဘတ်စ်ကား စီးရန် စောင့်နေသည်။ အသားဖြူဖြူ၊ အရပ် မနိမ့်မမြင့်၊ (နည်းနည်း) ၀နေသလား မသိ။ ယခင်က မြင်နေကျ အတိုင်း တည်ငြိမ် အေးဆေးသော မျက်နှာကြောင့် ကိုမင်းသွင်က ကားပေါ်မှ ကြည့်နေ သော်လည်း လှဖြူဇင်က နောက်ကားများ အလာကြည့် နေရှာသည်။ အကြည့်ချင်းက တစ်ယောက် တစ်လမ်းစီ ဖြစ်သွားသည်။

ကိုမင်းသွင် မျက်လုံးထဲတွင် ယခင်က မြင်နေကျ အတိုင်း နက်မှောင် ရှင်းသန့်သော ဆံပင်ရှည် ကလေးများ မဟုတ်တော့ဘဲ ဆံပင် ပေါက်စန ကလေးများ ပြည့်ဖုံး ထိုးထွက်နေသော ဦးခေါင်းဝိုင်းဝိုင်း ကလေးကြောင့် စိတ်ထဲတစ်မျိုး ဖြစ်သွားသည်။ သီလရှင်များ ၀တ်သေးသလား။ အခြား ဘာကြောင့်များလဲ၊ လူက ကျန်းမာပြီး ၀နေသားပဲ။ နောက်ရုံး ၀န်ထမ်း ဖြစ်နေရ သလဲ။ တစ်ချိန်က ကိုယ်ပိုင် ဆိုင်ခန်းနှင့် စီးပွားရေး သင့်တင့်စွာ ရှိနေသူ။ အင်းလေ အနှစ် နှစ်ဆယ်တောင် ရှိရော့မယ်။ အပြောင်းအလဲတွေ လက်ယှက် ထိုးနေသည့် လောကဓံ ဒီရေတွေ ရှိနေတာပဲ မဟုတ်လား။ ကိုမင်းသွင်သည် သူစီးလာသော ဟီးနိုး ကားပေါ်တွင် လှဖြူဇင် အကြောင်း တွေးတော နေရသည်။ အနှစ် နှစ်ဆယ် အတွင်း ခွဲခွာ ကွေကွင်းခြင်း စက်ဝိုင်းကြီး တစ်ပတ်ဟာ လည်သွားလိုက်ရာ အပတ်ပေါင်း မည်မျှ လည်သွား သည် မသိ။ တစ်ခါမှ မတွေ့မိ၊ ခုလို မဆုံမိ၊ အမှတ် မထင်ပင် မတွေ့မဆုံမိသော အဖြစ်ကိုက နည်းနည်း ဆန်းကြယ်နေသည် ထင်၏။ လှဖြူဇင်ကို အသာထားဦး၊ ကိုယ့်ကို ကိုယ်ပြန်ကြည့် မိလျှင် “ကိုမင်းသွင်” ဆိုသော လူတစ်ယောက် ကရော မပြောင်းလဲဘဲ နေနေသလား။ လောကဓံ ဒီရေကရော သူ့ အနား ရောက်ခါမှ ရွေ့ကောက် စီးဆင်း သွားခဲ့ ဖူးသလား။

(၂)
သည်တစ်ခါတော့ လှဖြူဇင် ပုံရိပ်ကို ဖျတ်ခနဲ လှမ်းမြင် လိုက်သည်နှင့် ကိုမင်းသွင် အဖို့ အံ့သြသွားရ ပြန်သည်။ တစ်လ အတွင်းမှာပင် နှစ်ကြိမ်နှစ်ခါ။ တွေ့ရဆုံ ရသဖြင့် ကံတရားကို ဆန်းကြယ် လေစွဟု မထင်တော့။ ဘတ်စ်ကား မှတ်တိုင်မှာ တွေ့ခဲ့ရသော သည်ပုံပန်း၊ သည်အသွင် အတိုင်း ဖြစ်နေသည်။ ရုံးဝတ်စုံ သပ်သပ် ရပ်ရပ်နှင့်။ လူကလည်း တည်တည်ငြိမ်ငြိမ်။ ဣနြေ္ဒရရနှင့်။ ရထားပေါ် တက်လာစဉ် မမြင်မိဘဲ တစ်ဘူတာ ကျော်မှ ရှေ့လှမ်းကြည့်ရင်း တွေ့လိုက်မိသော ကိုမင်းသွင် အဖို့ ထိုင်ခုံ နေရာချင်း အတော်ခြား နေသဖြင့် ဆင်းရမည့် ဘူတာ ရောက်မှပဲ ရှေ့က ဖြတ်သွားရင်း ကြည့်လိုက်မည်ဟု တွေးထားသည်။ အကယ်၍ အကြည့်ချင်း ဆုံလျှင်လည်း စကားများ ပြောမိကြ ဦးမလား ဆိုပြီး တွေးမိ ပြန်သေးသည်။

ဖြူဆွတ် နုလွသော မျက်နှာပေါ်တွင် မျက်ခုံးများက ဇင်ယော် ငှက်ငယ်၏ ဖြန့်ထားသော အတောင်ပံ များနှယ် ရှိနေတုန်းပင် ဖြစ်သည်။ မျက်လုံး နက်ကလေး များကလည်း ရွှန်းလဲ့ တောက်ပနေပြီး သွယ်တန်းသော နှာတံဖြောင့်ဖြောင့် အောက်မှ နှစ်လွှာသော နှုတ်ခမ်း မထူမပါး ကလေး များကလည်း နီရောင် လွလွနှင့် မြင်နေ တုန်းဖြစ်သည်။ ကိုမင်းသွင် မျက်လုံးများသည် စူးရဲ ၀င်းလက် လာသည်။ ထိုင်ခုံ တန်းလျား တစ်ခုတည်းတွင် ခပ်လှမ်းလှမ်း ခြားပြီး ထိုင်နေရ သဖြင့် ဘေးတိုက်မြင် နေသော ဘယ်ဘက်ပါးပြင် မို့မို့ကိုပဲ လှမ်းငေး ကြည့်မော နေရသည်။ လမ်းမတော် သံဈေးပိတ်ရက် တစ်ရက်က လှဖြူဇင်နှင့် အတူ ကျိုက္ကဆံ စေတီတော် မြတ်ရင်ပြင် ပေါ်တွင် နှစ်ယောက်သား လက်အုပ်ချီ ကန်တော့ခဲ့စဉ် ပန်းနှင်းဆီ တစ်စီးလှမ်း အပေး၊ မြင်လိုက်ရသော ပါးပြင်မို့မို့ကို ပြန်မြင်ယောင် မိသည်။ ရှိခိုး ကန်တော့ပြီး တော့လည်း စေတီ တော်မြတ်၏ စိန်ဖူးတော်ဆီ ဦးမော့ ကြည့်နေခိုက် ကိုမင်းသွင်ကပဲ “ပန်းတွေ ပေးပါဦး။ ဟိုမှာ သွားကပ်ရအောင်” ဟု လွှတ်ခနဲ ပြောလိုက်မိသည်။

“ဘုရားကို အာရုံပြု ရတာနဲ့ မေ့နေ လိုက်တာ ကိုမင်းရယ်”

လှဖြူဇင်၏ ချိုလွင် အေးမြသော နှုတ်နည်း စကားနည်း ပြောနေကျ အသံများ ထွက်လာလေသည်။ အတွေးတွေက ရထား ခုတ်မောင်း နေသည့်နှယ် လျင်မြန်စွာ ပြေးလွှား နေသည်။ ဟင်းခနဲ ကိုမင်းလွင် သက်ပြင်း ချမိသည်။ မကြာပေ။ ဆင်းရတော့မည့် ဘူတာ ရောက်ဖို့ အချိန်တွေက ကဆုန်ဆိုင်း နေသည်။ ရထားတွဲပေါ်တွင် လူက မများပေမယ့် ဘူတာဆင်းမည့် လူတွေက မတ်တတ် မတ်တတ်နှင့် များများလာသည်။ ကိုမင်းသွင် တွေးထားသည့် အတိုင်း ရှေ့က ဖြတ်သွားဖို့ မလွယ်တော့။ တွေ့မြင်ချင်ရေး ငယ်နှင့် ဆိုတာလည်း ဝေးဝေး သွားတော့သည်။

အဝေး တစ်နေရာမှ လှမ်းကြည့်နေ ရင်း ဘူတာအရောက် ဆင်းလိုက်ရသော ကိုမင်းသွင်သည် ဘူတာ ပလက်ဖောင်း ပေါ်ခြေအချ၊ မလှုပ်မယှက်နှင့် တွဲရှေ့ဆီ ငေးမောရီဝေစွာ ကြည့်နေလိုက်သည်။ ရထား သံလမ်းပေါ်မှ ဘီးလိမ့် သံများနှင့် အတူ လှဖြူဇင်လည်း သူနှင့် ဝေးရပြန်ပြီဟု ထင်မြင်လိုက်သည်။ ပီပီပြင်ပြင် မြင်ရပြန် သော်လည်း တစ်ယောက်နှင့် တစ်ယောက် မတွေ့မမြင် လိုက်ရဘဲ ပထမ ဆုံးအကြိမ် စတင်တွေ့ မြင်ရ သကဲ့သို့ မြင်ကွင်းထဲက ၀ိုးတ၀ါး ပုံရိပ်သည် လွှင့်စင် ပျက်ပြယ် သွားလေသည်။

x x x
(၃)
ကိုမင်းသွင်သည် နံနက် ၉ နာရီ မထိုးမီ ၃၉ (အ၀ါ) ဟီးနိုးကားပေါ် ရောက်လျှင် လှဖြူဇင်ကို စတွေ့ခဲ့သည့် ဇ၀န မှတ်တိုင်ကို အမြဲ သတိထား ကြည့်မိသည်။ တစ်ခါမျှ ပြန်မတွေ့ရဘဲ ဖြစ်သည်။ ဆောင်းဦးပေါက် ပထမဆုံးလ တစ်လထဲတွင် မထင်မှတ်ဘဲ ဇ၀န ကားမှတ်တိုင်မှာ တစ်ခါ၊ နောက် ရထားပေါ်မှာ တစ်ခါ၊ နှစ်ကြိမ်နှစ်ခါ တွေ့ခဲ့ပြီးမှ ခုဆောင်း နှောင်းရွက်ကြွေတို့ မြေပေါ် ပြေးလွှား ကျဆင်းနေသည့် အချိန်အထိ တစ်ခါ တစ်ခါတောင် မတွေ့မိ တော့ပေ။

သို့သော် ၃၉ (အ၀ါ) ဟီးနိုးကားပေါ် သည်တစ်ခါ အရောက်တွင် ကားရှေ့ဆုံးရှိ သံဃာတော်များ ဦးစားပေးပါ ခုံများ နောက်ရှိ ခုံတန်းရှည် အစ၌ ကိုမင်းသွင် နေရာရသဖြင့် ၀င်ထိုင်ရသည်။ ဇ၀န မှတ်တိုင် အရောက် မှတ်တိုင်ဆီ လှမ်းကြည့်ချင် သော်လည်း ထိုင်ခုံရှည်က တစ်ဘက်တွင် ဖြစ်နေ၍ ကြည့်မရ ဖြစ်နေသည်။ ပြီးတော့လည်း ရုံးချိန် ကျောင်းချိန်မို့ ခရီး သည်တွေက ကျပ်ကျပ်ညပ်ညပ် ဖြစ်နေ သည်။ ဟီးနိုးကား၏ လေဘရိတ် အသံနှင့် အတူ ရပ်သွားခိုက် ဆင်းသူ ဆင်းကြ ရင်း၊ တက်သူက တက်လာကြပြန်သည်။ ကိုမင်းသွင်က တက်လာ သူများဆီ ကြည့်နေသည်။ ထိုစဉ် လှဖြူဇင် တစ်ယောက် အိတ်ကလေးဆွဲ၊ ဖိုင်တွဲတွေ ကိုင်ရင်း သူ့ရှေ့ ရောက်လာသည်။

No comments:

Home