ချစ်သောသူတွေ ပျော်ကြရွှင်ကြနဲ့ပေါ့။ ကိုယ်စီကိုယ်ငှ လက်ဆောင်လေးတွေ ဝေကာငှရင်း မမျှတတဲ့ လူ့ဘ၀ကြီးကို ညီမျှခြင်းတွေ ချပြကြတယ်။ ကျွန်တော်က တစ်ကိုယ်တော် စိတ်ကူးတွေနဲ့ ထိုင်ကာနေရင်း လောကကို ပျင်းရိလို့လာတယ်။ တကယ်ဆို ချစ်သော သူမအတွက် .. ..
ဒီနေ့ နံနက်ခင်းမှာ ကျွန်မနိုးထလာတော့ စိတ်တွေက ရှုပ်လို့နေတယ်။ ဖေဖော်ဝါရီလရဲ့ စိတ်ပျက်ဖွယ်ရာ နေ့ရက် တစ်ရက်ပါပဲ။ ဒီနေ့ကို ဘယ်သကောင့်သားကများ ချစ်သူများနေ့ရယ်လို့ သတ်မှတ်လိုက်ကြပါလိမ့်။ ကျွန်မ မချစ်တဲ့ ကျွန်မကို (တဖက်သက်) ချစ်နေတဲ့ လူတွေဆီကနေ လက်ဆောင်တွေ တစ်ခုပြီး တစ်ခုရောက်လို့ လာကြဦးမယ်။ ပြီးရင် အဲဒီ လက်ဆောင်တွေကို အကြောင်းပြရင်း ကျွန်မဆီကနေ အချစ်ကို တောင်းခံကြဦးမယ်။ ဒါဟာ အင်မတန်စိတ်ပျက်ဖွယ်ရာ ယဉ်ကျေးမှုတစ်ခုပါပဲ။ အများသူငါတွေ ပျော်သလို ကျွန်မပျော်လို့ မရတော့ဘူး။ ကျွန်မစိတ်ကူးတွေထဲက ကောင်ကလေး တစ်ယောက်ယောက်ကို မတွေ့ခင်အချိန်ထိပေါ့လေ။
တကယ်ဆို သူမကို နောက်ကျပြီးမှ တွေ့ခဲ့ရတဲ့သူဟာ ကျွန်တော်ပေါ့။ သူမရဲ့ နောက်တော်ပါးမှာ ဖ၀ါးထပ်ချပ်လည်း မခွာဘဲ လိုက်ပါမနေနိုင်ခဲ့သူ။ အချစ်ဆိုတဲ့ ရင်ခုန်သံတစ်ခုကို စိတ်ကူးတွေနဲ့ ထုဆစ် .. အနာဂတ်မှာ ချစ်သူတွေ ဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်ရင်း .. ။ အခုဆို သူမထွက်ခွာလို့ သွားခဲ့ပါပြီလေ။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကြားထဲ သူမရဲ့ နွမ်းလျအိမ်အပြန်မှာ .. ။
တစ်ခုခုတော့ လွဲချော်နေခဲ့ပါပြီ။ လမ်းတစ်လျှောက်လုံး ကျွန်မကို တစ်စုံတစ်ယောက်က စောင့်လို့ ကြည့်နေသလိုပါပဲ။ မျက်နှာလို မျက်နှာရ လာပေးထားကြတဲ့ လက်ဆောင်တွေကို ကြုံရာရာလူတွေဆီ ပြန်ပေးပစ်ပြီး သူမရဲ့ တစ်နေ့တာကလေးကို နွမ်းလျစွာ ကျောခိုင်းလာခဲ့ပါပြီ။ အိမ်ရောက်ရင် သူမ ရေမိုးချိုး၊ ပြီးရင် ရေစပ်တစ်နေရာမှာ သွားထိုင်ပြီး အပန်းဖြေမယ်လို့ စိတ်ကူးထားခဲ့မိပေါ့။ အခုတော့ တစ်စုံတစ်ယောက်က သူမကို စောင့်လို့ကြည့်နေပါတယ်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံး လမ်းသွားလမ်းလာတွေက ကိုယ့်ကိစ္စနဲ့ ကိုယ်ရှုပ်ပွလို့ချည်းနေကြတယ်။ သူမကို ယောင်လို့တောင် ငဲ့မကြည့်ကြပါဘူး။ ဟေးလားဝါးလား မျက်နှာပြောင်တိုက်တတ်ကြတဲ့ လူငယ်တစ်သိုက်ကလွဲလို့ သူမကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ မသင်္ကာဖွယ် မျက်ဝန်းကို ရှာမတွေ့ခဲ့ပါဘူး။ သေချာတာတစ်ခုကတော့ သူမကို တစ်စုံတစ်ယောက်က စောင့်လို့ကြည့်နေပါတယ်။
အိမ်ပေါ်ကို တက်လာတဲ့လမ်းတစ်လျှောက်မှာ နှင်းဆီပန်းရဲရဲလေးတွေ ဟိုတစ်စ ဒီတစ်စတွေ့နေရတယ်။ ဧကန္တတော့ ဒီနေရာကို လူငယ်တစ်သိုက် လာသွားခဲ့ဟန်တူပါတယ်။ ပန်းပွင့်ကလေးတွေကို ကြည့်ရင်း သူမ အနည်းငယ် လန်းဆန်းလို့ လာပါတယ်။ ခပ်သွက်သွက်ပဲ အိမ်ပေါ်ပြေးတက်ခဲ့တယ်။ တံခါးဂျက်ကို ဖွင့်နေချိန်အထိ သူမရနေတဲ့ နှင်းဆီနံ့ကလေးက သင်းလို့ နေပါတယ်။ သူမ တံခါးကို တွန်းဖွင့်လိုက်ချိန်မှာတော့ ..
အဲဒီ ကောင်မလေးက သိပ်ကိုလှတယ်လို့ ပန်းပွင့်ကလေးတွေက ခေါင်းညိတ်သဘောတူညီကြတယ်။ ကျွန်တော်က သူရဲ့ ဓါတ်ပုံကလေးကို ခိုးကြောင်ခိုးဝှက်ကလေး ဖွက်ထားရင်း လောကကို ပြုံးပြလိုက်တယ်။ သူမ ပျော်ရွှင်ပါစေသား။
အိုး …………….
ကျွန်မအိမ်ခန်းတစ်ခုလုံးမှာ ပန်းတွေ .. ။ နှင်းဆီပန်း နီနီကလေးတွေ .. ။ စနစ်တကျ ပြန့်ကျဲနေတဲ့ နှင်းဆီပန်းပွင့် နီနီရဲရဲကလေးတွေ .. ။ ကျွန်မအရမ်း တုန်လှုပ်သွားတယ်။ ကျွန်မအခန်းထဲကို ကျွန်မ မသိဘဲဘယ်သူက ပန်းတွေ လာထားသွားတာလဲ။ ကျွန်မ အိမ်အနှံ့ကို လိုက်ကာကြည့်မိတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အဲဒီ ပန်းတွေလေ .. ။ ကျွန်မကို ပြုံးပြနှုတ်ဆက်လို့ နေကြတယ်။ ကျွန်မအိပ်ခန်းအ၀ကိုရောက်တော့ ကျွန်မသိပ်ကြိုက်တဲ့ မွှေးပွရုပ်ကြီးတစ်ရုပ် ငုတ်တုတ်ကလေး ထိုင်လို့နေတယ်။ အဲဒီအရုပ်ကြီးကို မနိုင့်တနိုင်တွန်းရွေ့လိုက်တော့ ကဒ်ပြားကလေး တစ်ပြားကျလာတယ်။
ထာဝရ ပျော်ရွင်ပါစေ ..
ကျွန်မသိလိုက်ပါပြီ။ ကျွန်မအခန်းထဲကို ကျွန်မ မသိဘဲ ရောက်လာပြီး ကျွန်မကို ရင်ခုန်တုန်လှုပ်သွားအောင် ပြုလုပ်သွားတဲ့ သူကို .. ။ ကျွန်မကို ပျော်ရွှင်ပါစေဆိုတဲ့ စကားတစ်ခွန်းက လွဲလို့ ဘာမှ မပြောတတ်တဲ့ ကောင်ငယ်လေးတစ်ယောက် .. ။ ကျွန်မဖုန်းနံပါတ်တွေကို အသည်းအသန်နှိပ်တယ်။ လူကြီးမင်းခေါ်ဆိုသော …. စိတ်တိုတိုနဲ့ ဖုန်းကို ခုံပေါ်လွှင့်ပစ်လိုက်တယ်။ ကျွန်မက လူကြီးမင်းမှ မဟုတ်တာ။ စိတ်တွေပြန်ရှုပ်လာမှာ စိုးတာနဲ့ပဲ ကျွန်မရေချိုးပြီး အပြင်ပြန်ထွက်ခဲ့တယ်။ ကန်ဘောင်ပေါ်က ဆိုင်တစ်ဆိုင်ဆိုင်မှာ ထိုင်ရင်း ကျွန်မစဉ်းစားနေတယ်။ အဲဒီ ကောင်လေး ကျွန်မ အခန်းထဲကို ဘယ်လိုများ ရောက်လို့လာတာပါလိမ့်။
"မမ"
ရုတ်တရက်မို့ ကျွန်မလန့်သွားတယ်။ ကျွန်မငေးနေလို့ ကောင်းတုန်း ကောင်လေးက စပ်ဖြဲဖြဲမျက်နှာပေးလေးနဲ့ ကျွန်မရှေ့မှာ ရပ်လို့နေတယ်။
"ထိုင်လေ"
"ဟုတ် .. မမ ပျော်လားဟင်"
"ဟင့်အင်း .. မင်းက ငါ့အခန်းထဲ ခိုးဝင်တာကိုး"
အိုစာသွားတဲ့ သူ့မျက်နှာကလေးက အင်မတန်ချစ်စရာကောင်းနေပါတယ်။ ကလေးသူငယ်တစ်ယောက်လို ဖြူစင်တဲ့ သူ့ဆီမှာ ကျွန်မ မမြင်နိုင်စွမ်းသော အင်အားတွေရှိနေတယ်။
"မမ ခွင့်ပြုလို့ ၀င်တာပါ"
"ဟင် .. "
"ဟုတ်တယ်လေ .. မမပဲ ဒီနေ့ မနက်က အိမ်မှာ တံခါးဂျက်တွေ ပြင်ပေးပါဆိုပြီး သော့ပေးခဲ့တာလေ"
"အိုး … "
ဟုတ်ပါရဲ့လေ။ အဲဒီ အိမ်ခန်းပြုပြင်ရေးက တာဝန်ခံကောင်လေးဟာ သူဖြစ်လို့ နေပေါ့ကွယ်။ ကျွန်မ စိတ်တွေရှုပ်နေတာနဲ့ပဲ သူ့ကို သတိမထားမိခဲ့တာပါလား။
ကဲ .. မိတ်ဆွေ။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ရဲ့ ပုံပြင်များစွာထဲက တစ်ပုဒ်ပါပဲ။
သူတို့ ဘာဆက်ဖြစ်ကြမှာလဲ .. ။ မိတ်ဆွေရဲ့ စိတ်ကူးထဲက လက်ဆောင်ကကော ဘာများပါလဲ။
ကျွန်တော်ကတော့ ဒီလိုနေ့ရက်မျိုးမှာ ဘာချောကလက်မှ မစားရသလို ဘာပန်းတစ်ပွင့်မှလည်း မကုန်ကျခဲ့ပါဘူးလေ။ တိတ်ဆိတ်နေတဲ့ ရင်ခုန်သံကို လုံအောင်သိမ်းထုပ်ထားရင်း အိပ်မက်တွေကို ဆက်မက်နေဆဲ .. ။ ဘ၀ထဲက အရာတွေအားလုံး အလိုကျစေဖို့ မတတ်နိုင်တော့လို့ လမ်းဘေးတစ်နေရာရာမှာ ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့ရင် အဲဒါဟာ ကျွန်တော်ပါပဲ။
ကိုဖြိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment