Home

ဆက်ရေးချင်သောစာသားများ သို့ အညတရရုပ်ပုံလွာ (၁)

ိုရန်ကုန်မြို့ ထဲတွင် တက်စီမောင်းနေသောသူကိုတွေ့ သည်။ သူ့ အမည်မှာ ရာဂျူးဖြစ်ပါသည်။ အရပ်မြင့်မြင့် အသား နီညိုရောင် ဆံပင်များမှာ အနည်းငယ် ကွေးကောက်လျှက် စကားပြောလျှင် ဖြူဖွေးသော သွားလေးများပေါ်လာ ပြီး နှစ်လိုဖွယ်အပြုံးနှင့် ချိုသာစွာပြောတက်သည်။ မျက်လုံးမျက်ဖန်ကောင်း ပြီးနာတံပေါ်သည်။ အသက်သုံးဆယ် ပတ်ဝန်းကျင်အရွယ်ဟုခန့်မှန်းရသော်လည်း စကားပြောလျှင် တက်စီသမား တို့ ထုံးစံအတိုင်း အကိုအမဟုသာ တဖက်သားကိုခေါ်ဝေါ်လေ့ရှိသည်။ သူကိုယ်ပေါ်တွင် ခပ်နွမ်းနွမ်း လဒ်ဇပ်ပလင် တီရှပ်အဟောင်းတစ်ထည်နဲ့ အရောင်မပေါ်တော့သည့် ကချင် လုံချည်တစ်ထည်ကိုဝတ်ဆင်လျှက်........

အကို အံသြသွားမလား ကျနော့်အကြောင်း ဘာမှ ထွေထွေထူးထူးတော့မပါဘူးပေါ့လေ လူထဲကလူတစ်ယောက်ပါပဲ ထူးဆန်းတာတစ်ခုတော့ပြောပြမယ်ဗျ အိမ်ထောင်လဲမကျဘူးပါဘူးမိန်းမလဲမရှိဘူး ဒါပေမဲ့ကျနော့်မှာက မိသားစုရှိတယ်ဗျ။ ဟုတ်တယ်အကို နားမမှားပါဘူး။ လူပျိုပဲ ကလေးအဖေလူပျိုပေါ့ဗျာ။

ကျနော်တို့မျိုးရိုးက ဟိုး အာသံမဏိပူရဘက်က အဘိုးရောအဖေရော ဟင်ဒူကုလားမျိုးတွေပေါ့ နောက်တော့ အညာဘက်ကိုဆင်းလာ။ ပုဂံ ညောင်ဦးနားမှာပဲအခြေချ ညောင်ဦးကမ်းပါး နားမှာတဲလေးထိုးပြီး နေကြတာပေါ့။ အနော်ရထာ ကြည်းစိုကို လှံနဲ့ထိုးလို့ မြင်းရောလူပါမြစ်ထဲကျသွားတယ်ဆိုတာ ကျနော်တို့ အိမ် အဲ ယောင်လို့ဗျ တဲ နဲ့ဘယ်ဝေးလို့တုန်းဗျ။ ခုတော့ ယုံတမ်းစကားတွေပေါ့ဗျာ သိကြားမင်းပေးတဲ့လှံဟုတ်မဟုတ်တို့ မြင်းတစ်ကောင်ကို လှံနဲ့ထုတ်ခြင်းပေါက်ထိုးနိုင်မနိုင်ဆိုတာက။ ဒါပေမဲ့ ကျ နော်တို့ ရွာသားတွေကတော့ဂုဏ်ယူတယ် ပါးစပ်ရာဇ၀င်မဟုတ်ဘူး မှန်နန်းရာဇ၀င်ကျမ်းမှာကိုကအတိအကျလာတာကိုးဗျ။ ဘာအလုပ်လုပ်စားလဲဟုတ်လား။ အဖေကမနက်အစောကြီးဆို ဧရာဝတီမြစ်ထဲ ခေါင်းဆင်းလျှော်တယ် မြင့်မြတ်တဲ့ဗြမ်မဒတ်အနွယ်မို့ တဲ့။ နောက် ဆေးပြင်းလိပ်ကလေးကိုပြောင်းပြန်ပါးစပ်ထဲငုံပြီး စက်ဘီးလေးနဲ့ ရွာထဲမှာနွားမွေးတဲ့သူဆီက နွားနို့် လိုက် ကောက်တော့တာပဲ။ ပြီးတော့ သံဗုဒ်ဓေဂါတာအကျယ်ကြီးရွတ်ပီးတော့ မြို့ သစ်ထဲမှာရှိတဲ့ ဟော်တယ်တွေ လဖက်ရည်ဆိုင်တွေကို လိုက်ပို့တော့တာပဲ။ ဘိုလိုခေါ်ရင် ဒယ်ဒီက မခ်မင်း ပေါ့ဗျာ။ သံဗုဒ်ဓေရွတ်တယ်ဆို လို့ အံသြသွားလား အဲဒါကလဲရွာထဲက ကိုယ်တော်တစ်ပါးက အမြဲရွတ်နေအန်ဒ၇ယ်ကင်းတယ်ဆိုလို့ တစ်မိသားစုလုံးအလွတ်ကျက်ထားရတာပဲ။ ဟိ ဒူ အယူမှာလဲ ဂေါထမမြတ်စွာဘုရားဟာ ကိုးယောက်မြောက် တမာန်တော် လူသားအနေနဲ့ ကမ်ဘာကြီးကိုငြိမ်းချမ်းအောင်လုပ်မယ်လို့ပါသေးတာပဲ။ ဘုရားကိုလဲရှိခိုးကြတာပေါ့လေ။ ဒါပေမဲ့ နောက်တော့ ဆေး၇ွက်ကြီးတွေငုံပါများလို့ပါးစပ်ကင်ဆာဖြစ်ပီးဆုံးတာပဲ။ မရဏဆိုတဲ့သေခြင်းတရားကိုတော့ဘုရားလဲမကယ်နိုင် ဗြမ်မာလဲမကယ်နိုင် သျှီဝ ဗြိသာနိုး လန်ချမီး မယ်တော် ၃၇ ပါးအတွင်းအပြင်နတ်ဘယ်သူမှတားမရပါဘူးဗျာ။ ကျနော် အမြဲကြားကြားနေတာပဲ ဥုးသုမင်္ဂလ ဒယ်အိုးဆရာတော်ဆိုလား သူအမြဲပြောနေဟောနေတာ ခန်ဓါမှန်သမျှ ဒုတ်ခသစ်စာဆိုလား သေချာတော့နားမလည်သေးပါဘူး။ ရေးရေးလေးသိတာကတော့ လူဖြစ်တာနဲ့ ဒုတ်ခဆိုတာကြီးကအော်တိုမက်တစ်ပါလာတယ်ဆိုလား။

နောက်တော့ မထူးပါဘူးဆိုပီးရန်ကုန်ဆင်းလာ ကြည့်မြင့်တိုင်ဘက် ညဈေးဘက်နားမှာ အခန်းလေးငှားပီး ညဈေးမှာပဲအကြော်လေး ဘာလေးရောင်းအသက်မွေးကြတာပေါ့။ ၁၀တန်း ကိုတော့ ဂုဏ်ထူးသုံးဘာသာနဲ့အောင်ခဲ့ပါတယ် ဒါပေမဲ့ ကျောင်းဆက်မတက်ဖြစ်တော့ဘူး။ တာဝလိုဒဂုံမြို့သစ်လို နေရာမျိုးတွေ အဝေးကြီးတနေကုန်တနေခန်းသွားကျောင်းသွားတက်ပီး စာသင်ရအောင် စီးပွားရေးအခြေအနေလဲမကောင်းဘူး။ ဒါပေမဲ့ကျနော်ကတော့ နေ့တိုင်း အိမ်နားကစာအုပ်ဆိုင်မှာ စာအုပ်ငှားဖတ်ဖြစ်ပါတယ်။ သိလဲသိနေတော့ တောက်တိုမယ်ရလေးလုပ်ပေးနေတော့စာအုပ်ဖိုးလဲမယူဘူး။ စာအုပ်တစ်ဆိုင်လုံးကြိုက်တာယူဖတ်လို့ရတယ်။ ဒီလိုနဲ့ပဲကားမောင်းလေးသင်ပီး အသိအုံနာတစ်ယောက်ဆီက ကားကိုငှားမောင်းပီးအသက်မွေးနေရတာပဲ။ အခုလား ကားအုံနာကြေးနဲ့ ဆီဖိုးကတော့ သောင်းခွဲလောက်ကျတယ် ကျနော်နေ့တိုင်းဆွဲနေတာတော့ ၂သောင်း ၃သောင်းကြားတော့ပုံမှန်ဝင်ပါတယ်။ ပါဆင်ဂျာတွေကိုပုံမှန်ဈေးပဲခေါ်ပါတယ် မသိလို ရိတ်မယ်လှီးမယ်စိတ်မျိုးမထားပါဘူး။ ကျနော်မနက်ဆို ဘယာကြော်လောက်နဲ့ထမင်းအ၀စားပြီး ရေပဲသောက်တာဆိုတော့ အပိုမကုန်ဘူးပေါ့ဗျာ။ အသောက်အစားလဲမရှိဘူးဆိုတော့ စုမိတာပေါ့လေ။ ဒါပေမဲ့ ကျနော် ဆေးလိပ်တော့အရမ်းသောက်တယ် တစ်နေ့ကို ဒူးယား ၃ ၄လေးဗူးတော့အသာလေးပဲ။ အကိုလဲသောက်တက်ရင် ယူသောက်ပါဦး။

တနေ့ကိုထောင့်နစ်ရာလောက်တော့ဆေးလိပ်ဖိုးကုန်တာပဲ။ အခုပဲကြည့်လေ အကိုကိုတင်လာတာ ဘာကြာသေးလို့တုန်း စီးကရက် ၄ လိပ်သောက်ပြီးနေပြီ။ ကျနော့မိသားစုအကြောင်းဆက်ပြောဦးမယ်။ ရည်းစားလဲမထားဘူးပါဘူး။ မိန်းမယူဖို့လဲအစီအစဉ်မရှိဘူး။ ကျနော်ကမိန်းမလဲမရှိဘူးလူပျိုလူလွတ်ပဲဒါပေမဲ့အိမ်မှာ မွေးထားတဲ့ ကလေးနှစ်ယောက်ရှိတယ်။ ရှမ်းပြည်ဘက် ၀မ်မဆိုတဲ့ရွာလေးတစ်ရွာမှာ မိဘမဲ့ကလေးတွေ ကို ဘုန်းကြီးကျောင်းက နေခေါ်လာတာပဲ။ ထပ်ခေါ်ပီးမွေးစားဖို့လဲအစီအစဉ်ရှိသေးတယ်ခင်ဗျ။ သူတို့အဖေအမေအရင်းက ၀တပ်တွေနဲ့ အစိုးရတပ်တွေစစ် ဖြစ်တုန်းက သေသွားတယ်ဆိုလား။ အဲဒါမျိုးချို့ တဲ့နေတဲ့ကလေးတွေ အများကြီးပါ။ ကျနော်က သူတို့ အတွေးမှာ ငါတို့မှာမိဘမရှိလို့ လောကကြီးမတရားဘူးလို့ မမြင်စေချင်ဘူး။ မတရားတဲ့လောကဘက်ကတရားအောင်လုပ်ပေးချင်တယ်။ကျနော်ရှာသမျှငွေဟာသူတို့ အနာဂတ်အတွက်ပဲ။ ကလေးတွေကတော့ အသားဖြူဖြူ ရှမ်းလေးတွေ ကျနော်ကတော့အသားမဲတော့ ဘယ်သူသားလေးတွေလဲ ဘာညာ အမေဘယ်သူလဲမေးကြတာပေါ့လေ ရပ်ကွက်ထဲကလူတွေက။ ကလေးတွေကိုလဲမှာထားတယ် အဖေကသားတို့အဖေအရင်းပဲ အမေလဲအဖေပဲ အဖေလဲအဖေပဲလို့ ဘယ်သူမေးမေးဒီလိုပဲပြောကြလို့ ပေါ့။
တကယ်တမ်းတော့ အဖေအမေအရင်းလဲ မစ်တာကိုကိုယ်စားပြု တာပဲ ကျနော်လဲမစ်တာကိုကိုယ်စားပြုပီးမွေးထားတာဆိုတော့ တူတူပဲလို့ ပြောလို့ရတာပေါ့လေ။

တတကယ်တမ်းတော့လူသားတွေ အားလုံးလိုအပ်နေတာဟာ လဲမစ်တာ ပါပဲ။ တစ်ဦးဆီကတစ်ဦးဘာမှမမမျှော်လင့်ပဲ ပန်းလေးတွေကို ဖူးပွင့်စေချင်တဲ့ ဥယျာဉ်မူးတစ်ယောက် ရဲ့  ခံယူချက်နဲ့ လူတွေကိုဆက်ဆံရင် လောကကြီးဟာ နေချင်စရာ ကြီးပါ။ နေတက်ရင်အေးဆေးလေးပါ။ နေတက်ဖို့ကတော့ မစ်တာဆိုတဲ့ ချစ်ခြင်းတရားလိုအပ်မယ်ထင်ပါတယ်။

Pyae Phyo (USA)

1 comment:

Min said...

မထင်မှတ်ပဲ ရောက်ခဲ့ပါတယ်..ဆက်ရေးပါဦး

Home