ကလေးဘ၀တည်းက ဘုန်းကြီး တစ္ဆေအကြောင်း လူကြီးများ ပြောပြ၍ ကြားခဲ့ဖူးသည်။ ရိုးရိုး တစ္ဆေများကို ကမ္မ၀ါရွတ်၍ နှင်နိုင်သော်လည်း ဘုန်းကြီး တစ္ဆေများကိုမူ ကမ္မ၀ါ ရွတ်ရုံဖြင့် နှင်၍မရ။ ရွတ်ဖတ်သူ၏ ကမ္မ၀ါ အစမှာပင် ဘုန်းကြီး တစ္ဆေများက ကမ္မ၀ါကို လိုက်ရွတ်ပြ တတ်ကြောင်း၊ အထစ်အငေါ့ မရှိ လူဘုန်းကြီးတွေထက် ပို၍ မြန်ဆန်စွာ ရွတ်ဖတ်ပြီး မခန့်လေးစား လုပ်ပြ တတ်ကြောင်း ကြားဖူးနေသည်။ မည်သို့ ဘုန်းကြီး တစ္ဆေများကို နှင်ရကြောင်း အသိထဲတွင် မရှိတော့ သော်လည်း ကျွန်တော်တို့ ငယ်စဉ်က ခပ်ဆိုးဆိုး ကလေးများကို တစ်ခွန်း နှစ်ခွန်းဖြင့် ဆုံးမ၍ မရပါက ဘုန်းကြီး တစ္ဆေလေးတွေဟု လူကြီးများက ကင်ပွန်း တတ်လေ့ ရှိကြောင်း ကိုမူ ယခုတိုင် သတိထားမိဆဲ ဖြစ်သည်။ ဘာကြောင့် ဘုန်းကြီးတစ္ဆေဟု ပြောကြပါသနည်း။ အရွယ် အသင့်အတင့် ရောက်လာသည့် အခါတွင် ဘုန်းကြီးတစ္ဆေရော ၄င်းနှင့် တင်စား ခံရသူများ၏ အတွေးတို့ ခေါင်းထဲ မကြာခဏ ရောက်လာဖြစ်သည်။ အရွယ်ကောင်း ကာလတွင်မူ ဘုန်းကြီးတစ္ဆေလို့ အခေါ်ခံရသူများ၏ ရုပ်ပုံသည် ပို၍ ပီပြင်လာတော့၏။
ငယ်စဉ်က ကျောင်းနေကာလ အတွေ့အကြုံ တစ်ခုကို မှတ်မိသေးသည်။ တော်လှန်ရေး အစိုးရ တက်ပြီး ပြည်သူပိုင်တွေ သိမ်းတော့ ကျောင်းတွေလည်း ပါသွားကြရသည်။ အင်္ဂလိပ် ကျောင်းတွေကို ဖျက်ပစ်ပြီး မြန်မာစာ ဦးစားပေး သင်ကြား စနစ်ဖြင့် အကောင် အထည်ဖော်၏။ ပါလီမန်ခေတ်က အင်္ဂလိပ်စာကို သူငယ်တန်းမှ စ၍ သင်ကြားသည့်စနစ်သည် ဆိုရှယ်လစ် ခေတ်တွင် ပဉ္စမတန်းမှသာ စတင် သင်ကြားခွင့် ရကြတော့သည်။ ဟို မရောက် သည်မရောက် စကောစက အရွယ် ကျွန်တော်တို့လည်း ပညာရေး ဘက်မှာ ဟိုမရောက် သည်မရောက် စကောစက ဖြစ်ကုန်ကြတော့၏။ ထိုစဉ်က ဟိုမရောက် သည်မရောက် ဘုန်းကြီး တစ္ဆေကလေးများ အင်္ဂလိပ်စာနှင့် ပတ်သက်၍ အများအပြား ပေါ်ထွက် လာကြတော့သည်။
ရင်းနှီးထိတွေ့မှုဖြင့် မတောက်တခေါက် တက်ခဲ့သော အင်္ဂလိပ်စာသည် မြန်မာကျောင်းများ ဖြစ်ကြသောအခါ သူများထက် သာသလို တတ်သလို ဖြစ်ခဲ့ကြဖူးသည်။ တကယ်တော့ ခြေခြေမြစ်မြစ် မရှိတတ်သေး။ ထိုစဉ်က ဆယ်တန်း၊ ကိုးတန်းလောက် အရွယ်ရကြသူများ၏ အင်္ဂလိပ်စာ အဆင့်မှာ တကယ် မှတ်ကျောက်တင် ခံနိုင်ကြသော်လည်း အလယ်တန်းတက်ခါစ သူတို့၏ အင်္ဂလိပ်စာ အရည်အသွေးမှာ ခြေမခိုင်သော ကလေးငယ် တစ်ဦးနှင့် ပုံခိုင်းသော် ရနိုင်၏။ ဘမောင်တို့က ဒုတိယ လူတန်းစားထဲမှာ ပါသည်။ အသစ် တက်လာကြသော ကျောင်းသားများထက် နှာတစ်ဖျားလောက် သာသော အင်္ဂလိပ်စာကို မိန်းမောရင်း ဘုန်းကြီးတစ္ဆေများ ဖြစ်လာခဲ့ကြသည်။ ကြီးသည့်အခါ၊ အရွယ်ရောက်သည့် အခါ၊ လုပ်ငန်းခွင်ထဲသို့ ၀င်သည့်အခါ ပို၍ပို၍ သိလာခဲ့ကြရသည်။ ပေမမီ၊ ဒေါက်မမီ၊ တန်းမမီခဲ့လေသည့် ဖြစ်ခြင်း။ သို့သော် အချိန်ကား ဘမောင်တို့ ကို မစောင့်ခဲ့တော့၊ အင်္ဂလိပ်စာ ဒီပလိုမာကို အရွယ်ရင့်မှ သီးခြားပြန် တက်ခဲ့ရသည်။ စာအုပ်စာတန်း များများ ပြန်ဖတ်ခဲ့ကြရသည်။ သို့သော်လည်း အရွယ်ရင့်မှ သင်ကြား နာယူမှုတို့သည် အရွယ်နုစဉ်ကကဲ့သို့ လန်းဆန်းမှု၊ ဖြတ်လတ်မှု၊ မှတ်သားနိုင်မှုတို့လောက် မစွမ်းနိုင်တော့ပေ။
စက်မှု တက္ကသိုလ် ခြောက်နှစ်တာ ကာလ ပညာသင်စဉ် သူငယ်ချင်း တစ်ဦး ရှိဖူးသည်။ ၁၉၇၀ ၀န်းကျင် ပညာသင်ကြားရာ စက်မှုတက္ကသိုလ်၌ နိုင်ငံခြားသား ဆရာ လက်ကျန် တချို့ကို မီလိုက်ခွင့် ကြုံခဲ့သေးသည်။ တကယ်သင် တကယ်တတ် (ဘမောင်တို့ မပါ-ပါ)၏ နောက်ဆုံးကာလတွေ ဖြစ်သည်။ ထိုစဉ်ကာလက စွယ်တော်ရိပ်၏ ကျောင်းသား၊ ကျောင်းသူတို့မှတ်မိ နိုင်ကြသေးသည်။ သင်ကြားထောက်ကူ အစုံအလင်ကြီး မဟုတ်တောင် အတော်ကလေး ရှိနေကြသေးသည်။ နောက်ဆုံးပေါ် စာအုပ်များ မဖတ်ရသည့်တိုင် ၁၀ နှစ်ကျော်က စာအုပ်တွေကို ကိုးကား နိုင်ကြပါသေးသည်။ ဆိုရှယ်လစ်၏ နောက်ဆုံး နေ၀င်ချိန် ၁၉၈၈ တွင်မူ စွယ်တော်ညီအစ်ကို မောင်နှမများ ဘွဲ့ယူကျမ်း Thesis တောင်မှ လုပ်ခွင့် မရနိုင်ကြရှာတော့။ တစ်သက်လုံး အတန်းပြေးလာကြသူများ Final Thesis တွင် ကျားကုတ် ကျားခဲ လုပ်ကိုင်ကြရာမှပြန်ပြီး အတော် အသင့် တတ်မြောက် သွားကြသူ အရေ အတွက်က ဘမောင် ထင်သည်၊ တစ်ဝက်ကျော်မက ဖြစ်ပါလိမ့်မည်။ ထိုအထဲ ဘမောင်တို့ ကိုယ်တိုင် ပါဝင်ခဲ့ ပါသည်။
ဘမောင်၏ ကျောင်းနေဖက် သူငယ်ချင်းသည် ထိုစဉ်ကတည်းကပင် ခပ်အေးအေးဖြင့်စွာ ခဲ့သူဖြစ်သည်။ Project များတွင် သူ တကယ် စဉ်းစား ထားသည်ထက် ဆရာများကို တင်ပြပုံ Presentation က ပို၍ ကောင်းမွန်သဖြင့် ဆရာများ၏ Impression ကိုရခဲ့သူ ဖြစ်သည်။ သူလုပ်သမျှ ဆရာများ၏ အကောင်းချည်းမြင်ခြင်းက သူ၏ ဘုန်းကြီးတစ္ဆေဘ၀ကို ဖုတ်သွင်းခံခဲ့ရ သည်လား၊ သူ့ကိုယ်သူ အခြေလွတ် ဘ၀င် လေဟပ်ခြင်းကပင် သူ့ ဘုန်းကြီး တစ္ဆေဘ၀ကို ပန်းပဲ ထုခဲ့သည်လား၊ ဘမောင်တို့ မဝေခွဲတတ်၊ အရွယ်ရလာ သည့် ယနေ့ကာလမျိုးတွင် သူ့ကိုယ်သူတော့ ဆန်းစစ်မိမှာ သေချာပါသည်။ သို့သော်လည်း အချိန်သည် နောက်ပြန် ရွေ့ယူ၍ ရကောင်းသောအရာ မဟုတ်တော့ချေ။ တစ်ခုတော့ရှိသည်၊ ထို သူငယ်ချင်း၏ စရိုက်က ဆရာများ အကြိုက်တော့ ကောင်းစွာသိ၍ လုပ်ဆောင် ပေးတတ်ပြီး မျက်နှာမြင် ချစ်ခင်ပါစေ ဟူသော ဆုတောင်းနှင့်တော့ ပြည့်ဝသူ ဖြစ်သည်။
တစ်တန်းတည်းသားချင်း အသိ မျှဝေသည်ထက် ဆရာလုပ်တတ်ခြင်း၊ တစ်ဖက်ကို နှိမ့်ချ ပြောဆိုတတ်ခြင်းများ ရှိသူဖြစ်သည်။ လေး၊ ငါး၊ ခြောက်နှစ် အတူနေလာကြသောအခါ ကြာတော့ သူ့ကို အပေါင်းအသင်း သိပ်မလုပ်ချင် ကြတော့၊ ဆရာများ၏အပြစ်မဟုတ် သော်လည်း ဆရာများက ဆရာအမြင် ဖြင့်သာ ရှုနိုင်သူများ ဖြစ်ကြသည်။ ဘယ်သို့သော ကျောင်းသား တစ်ဦးဦးက ဆရာများရှေ့တွင် သူ့စရိုက်အမှန်ကို ဖွင့်ဟပါမည်နည်း၊ သည်ယဉ်ကျေးမှုက ယနေ့ထိ ဘမောင်တို့လူမျိုးမှာ စွဲမြဲ ကျန်ကောင်း၊ အလေ့အထ ဖြစ်ကောင်းတုန်း ရှိပါသေးသည်။ အထက်လူကြီးများ သုံးသပ်ချက်မှားစေသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်သည်ဟု ဆိုချင်ပါသည်။
အရွယ်ရောက်၊ အတောင်စုံ၍ လုပ်ငန်းခွင်သို့ ၀င်ကြသောအခါတွင်ကား ကမ္မ၀ါဖတ်နှင့် ကမ္မ၀ါတတ် အရည် အချင်းတို့သည် တစ်စတစ်စ ပို၍ပီပြင် လာကြတော့သည်။ ရေလိုက် ငါးလိုက် နေတတ်သော ဘမောင်နှင့်မူကား ထိုသူငယ်ချင်းသည် ဆန့်ကျင်ဘက်လည်း မဟုတ်၊ တစ်သားတည်းတော့ လည်း ကျသည် မဟုတ်ခဲ့ပါ။ ဘာပဲ ပြောပြော ခင်ခင်မင်မင်တော့ ဆက်ရှိဆဲ ဖြစ်သည်။ လုပ်ငန်းခွင်ဟူသည် Result Oriented ဟူသော ရလဒ်အခြေပြု ဖြစ်ပါသည်။ အပြောကောင်းလျှင် Impression ၌ အလုပ်ဖြစ်ဟန်ရှိသော်လည်း ကာလတစ်ခုကို ဖြတ်သန်း ကြသောအခါ အလုပ်ဖြစ်ခြင်းနှင့် အဖြစ် လုပ်ခြင်းကို ပတ်ဝန်းကျင်က ခွဲခြား လာကြတော့သည်။ ရလဒ်မကောင်းလျှင် အနာဂတ် အာမခံချက် သိပ်ရှိလှသည့်ခေတ် မဟုတ်တော့ပါ။ အကျိုးရရေး ရှေးရှုသော ကာလဖြစ်၍ အပြောကောင်း၊ နှမ်းဖြူးကောင်းခြင်း ကလည်း ကာလရှည် တစ်ခု အတွက် အထောက် အပံ့ မဖြစ်နိုင်ကြတော့ပါ။
ထိုသူငယ်ချင်းက ကျောင်းပြီး၍ မကြာခင် အမေရိကားကို ထွက်သွားခဲ့ပါသည်။ လေးငါးနှစ်ကြာသည့် အခါ စင်ကာပူမှာ လုပ်ကိုင်နေသည်ဟု ကြားလိုက်ရပါသည်။ ကြားကာလ အဆက် အသွယ်တော့ မရှိခဲ့ကြ။ အမေရိကန်မှာ ယှဉ်ပြိုင်မှု ပြင်းထန်လွန်း၍ စင်ကာပူ နိုင်ငံသို့ တစ်ဆင့် ဆင်းလာသည်ဟုတော့ အကြမ်းဖျင်း နားလည်ထားနိုင် ကြပါသည်။ စင်ကာပူတွင် လေးငါးနှစ် ကြာသောအခါ မြန်မာပြည်သို့ ပြန်ရောက် လာပြန်သည်။ မြန်မာပြည်ပြန် ရောက်စမှာ သိပ်မဆိုးလှပါ။ အမေရိကန်ပြန်၊ စင်ကာပူပြန် ဟူသော ထန်းတက်လက်မှတ်က သူ့အား အတော် ကလေး အထောက်အပံ့ ပေးလိုက် ပါသေးသည်။ မြန်မာပြည် ဆောက်လုပ်ရေး တစ်ဟုန်ထိုး ဖွံ့ဖြိုးကာလနှင့်လည်း တိုက်ဆိုင်နေသဖြင့် လုပ်ငန်းတော်တော် များများကို ထိုသူငယ်ချင်း ရလိုက်ခဲ့ပါသည်။ ၁၉၉၈ နောက်ပိုင်းတွင်မူကား ထန်းတက် လက်မှတ်တို့လည်း မကယ်နိုင်တော့။ သူ့လိုပြန်လာကြသူ ထန်းတက် လက်မှတ်ကိုင် မျိုးဆက်သစ်များနှင့် အတော် ရုန်းကန် ယှဉ်ပြိုင်ရပါတော့သည်။
အင်ဂျင်နီယာပညာကို ဘွဲ့ရသည် အထိ မသင်ကြား ခဲ့ကြရသော်လည်း လက်တွေ့ လုပ်ကိုင်ကြရင်းဖြင့် လုပ်ငန်းရှင်များက အတော်အသင့် သိလာခဲ့ကြပြီလည်းဖြစ်သည်။ ဈေးကွက် စီးပွားရေး၏ ကောင်းခြင်းများထဲက တစ်ခုမှာ ပညာရပ်များ Free Flow ဖြစ်ခြင်းသည် တစ်ခုပါဝင်၏။ အနည်းဆုံး သုတ Knowledge တွေ ရှိလာကြသည်။ ပညာရပ်ကို စနစ်တကျ သင်ယူလာခဲ့ကြ သူများကExpert ဟူသော ကျွမ်းကျင်သူများ ဖြစ်လာကြသော်လည်း လုပ်ငန်းရှင်များကလည်း သိပ်မစိမ်းတော့၊ Knowledge Friendly ဖြစ်လာကြသည်။ အကျိုးအမြတ်တို့ကို တွက်ချက် နိုင်လာကြတော့သည်။ အကောင်းဆုံး ဆိုသည်ကို ရွေးချယ်နိုင်သော အရည်အချင်းတို့ ပိုင်ဆိုင် လာကြတော့သည်။ တကယ်မစွမ်းလျှင် နေရာဖယ်ပေးရုံ ကလွဲ၍ အခြားမရှိနိုင်သော ခေတ် ဖြစ်လာသည်။
ဘယ်စနစ် တစ်ခုတလေမှ ခြောက်ပြစ်ကင်း သဲလဲစင် မရှိပါ၊ ကမ္ဘာဆန် သောခေတ် Globalization Era တွင် ကမ္ဘာ့ရေစီးကြောင်းက ပုံဖော်သော ခေတ်၊ စနစ်ကို ကျန်နိုင်ငံများ လိုက်ပါနိုင်ကြရမည် ဖြစ်ပါသည်။ ဆန့်ကျင် Resist လုပ်ပါက တိုးတက်မှုနှင့် အလှမ်းဝေးရုံဖြင့်သာ ကျန်ရစ်မည် ဖြစ်သည်။ စနစ်တစ်ခုကို လက်ခံနိုင်ရန် Agent လုပ်နိုင်ရန်သာ ဖြစ်ပါသည်။
Market Oriented Economy တွင် ယှဉ်ပြိုင်မှုများသည် ယခင့် ယခင် များကထက် ပို၍များ၊ ပို၍ ပြင်းထန်ပါသည်။ တကယ် မတတ်၊ တကယ် မတော်ဘဲ မကြီးပွားနိုင်ပါ။ နှမ်းဖြူးရုံ သည် အသက် တစ်မနက်စာမျှသာ ဆွဲဆန့်နိုင်မည့် ခေတ်ဖြစ်၍ လာပါပြီ။
သုတေသနများ အရ ကမ္ဘာ့အဆင့် ၁ အမေရိကန် နိုင်ငံတွင်ပင်လျှင် Family Business သည် နိုင်ငံ၏ 90% ဖြစ်သည်။ ဘမောင်တို့ အာဆီယံ နိုင်ငံတွင် ထို့ထက် ရာခိုင်နှုန်း အများကြီး ပိုနိုင်သည်ဟု မှန်းဆ၍ ရသည်။ အမေရိကန်တွင် စီးပွားရေး တည်ထောင်ပြီး ၂ နှစ်အကြာတွင် ယှဉ်ပြိုင်မှုကို မခံနိုင်၍ 41% သောကုမ္ပဏီများ ဖျက်သိမ်းလိုက် ကြရသည်။ ၄ နှစ်အကြာတွင် 60% ကျော် ဖျက်လိုက်ကြရပြီး ၆ နှစ် အကြာတွင် 87% တို့ ပျက်စီးခြင်းသို့ ရောက်သွား ကြရကြောင်း မှတ်သားဖူးသည်။
အတွေးအခေါ် အိုင်ဒီယာပေါင်း ၃၀၀၀တွင် လက်တွေ့ ဆောင်ရွက်နိုင်သော အဆင့်သို့ လုပ်ငန်း ၄ ခုသာ ရောက်လာကြပြီး ဈေးကွက်သို့ ၂ ခုမျှသာ တင်နိုင်သော အခြေအနေ ရရှိကြသည်။ ထိုထဲမှ ၁ ခုကသာ ဈေးကွက်နေရာ ရနိုင်ကြသည်။ မည်မျှ ဖြစ်မှု ခက်ခဲသည်ကို တွေးဆနိုင်သည်။ ထိုတစ်ခုသည်ပင်လျှင် ရေထဲငါး မဟုတ်သေး၊ ရေနည်းငါးမျှသာ ရှိပါသေးသည်။
ဈေးကွက် စီးပွားရေး ရုပ်လုံး ပို၍ ပေါ်လာသည်နှင့် ယှဉ်ပြိုင်မှု ပို၍ ပြင်းထန်သည်မှာ ၀ိသေသ တစ်ခု ဖြစ်သည်။ တကယ်သိ၊ တကယ်တော်မှ ရှင်ကျန်နိုင်ခြင်းသည်လည်း ၀ိသေသ တစ်ခုဖြစ်ပါသည်။
ဤအချက်များသည် ဈေးကွက်စီးပွားရေး ရုပ်လုံးပေါ်မှု၏ အရည်အချင်းတိုင်း ညွှန်းကိန်းလည်း ဖြစ်သည်။ Civil Society ဟူသော မြို့ပြ အဖွဲ့အစည်းများများ ပေါ်ထွန်းခြင်းကို လည်း ညွှန်းကိန်းအဖြစ် ခံယူနိုင်ပါ သည်။ ဟောကနဲ တက်ပြီးဒိုင်းကနဲ ကျသွားခြင်းများသည် စွမ်းရည် Competency ကြောင့်ဖြစ်ပြီး ဦးဆောင် သူတို့၏ အရည်အချင်းကို ပြသပေးသည်။ ရေရှည်တည်တံ့မှု Sustain ဖြစ်နိုင်ခြင်း ရှိမရှိသည် ယှဉ်ပြိုင်သူ၏ အရည်အချင်းပေါ် မူတည်ပါသည်။
အတွေး၊ အသိ၊ အမြင်များ ထက်ထက် မြက်မြက် ရှိကြရမည့် ခေတ်တွင် ကိုယ်သိခဲ့၊ တတ်ခဲ့သော ပညာများ ဘယ်အဆင့် အထိ ရှိနေသည်ကို ပကတိ အမြင်ဖြင့် သုံးသပ်နိုင်ဖို့ လိုပါသည်။ ကြိုးဝိုင်းထဲ ၀င်ရန် အဆင်သင့် မဖြစ်သေးလျှင် ဈေးကွက် စီးပွားရေးတွင် လိုက်ပါခြင်း မပြုသင့်သေးပါ။
သည်နေ့ခေတ် လူတော်တော် များများသည် စီးပွားရေးဘွဲ့များ မရကြသော်လည်း အတွေ့အကြုံများ၊ အသိ အမြင်များဖြင့် အခြေခံကို နားလည် နေကြပြီ ဖြစ်ပါသည်။ GDP နှင့် GNP ကွာခြားပုံကို မျိုးဆက်သစ်များ အတော်အတန် တီးခေါက်မိ နေကြောင်း သတိပြုမိပါသည်။ ကုန်သည် တော်တော်များများ အရှေ့ အလယ်ပိုင်း တင်းမာမှု၊ နယ်စပ် ပြဿနာများ၊ နိုင်ငံရေး အကျပ်အတည်းများမှ ထွက်ပေါ်လာမည့် ရလဒ်ကို မျှော်မှန်း တတ်နေကြပါပြီ။ အမေရိကန်တွင် ရီပတ်ဘလစ်ကန် တက်လျှင် ဘယ်လို ဖြစ်မည်၊ ဒီမိုကရက် တက်လျှင် ဘာပဲ ဖြစ်နိုင်သည် ဟူ၍ သုံးသပ် ပြင်ဆင် တတ်ကြသော ခေတ်ဖြစ်နေပါသည်။
သည်လို အချိန်မျိုး၊ သည်လို ခေတ်မျိုးတွင် ဘုန်းကြီးတစ္ဆေများ ကမ္မ၀ါကို တကယ် တတ်သင့်ကြပါသည်။ ငါ့လောက်မသိ ဟူသော အတွေးအခေါ်ကို ဖယ်ရှား သင့်ကြသည်။ အရိုးစွဲသော အသိ၊ စံမမီသော အတွေးမျိုး မရှိသင့်တော့၊ ဘယ်အရာမှလည်း ထာဝရ မမှန်နိုင်ပါ။ ပိုဆိုးသည်မှာ မသိဘဲ သိသည် ဟုထင်သော ဘုန်းကြီး တစ္ဆေများ ဖြစ်သည်။ မသိဘဲ၊ သိသည်ဟု ယူဆသော၊ မတတ်ဘဲ တတ်သည်ဟူသော တရားသေ အယူ အဆ အခုအခံ ရှိသဖြင့် ထပ်မလေ့လာ ချင်တော့၊ ရေပြည့်အိုးဟု ခံယူကြသော သူများတွင် အသိ ထပ်ထည့်၍ မရနိုင် တော့ချေ။ တကယ်တော့ ရှိခဲ့သော အသိနှင့် အတတ်တို့သည် လူစဉ်မီသည် မဟုတ်ချေ။ တကယ်သိပြီး၊ တတ်ပြီး သူများပင်လျှင် Continuous Learning ဆိုသည်ကို လက်ခံထား ကြဆဲဖြစ်ပါသည်။
ရှေးက လူကြီးသူမများ ဆုံးမစကား တစ်ခုကို မှတ်မိပါသေးသည်။
လောကတွင် လူမိုက်သည် မိုက်သောသူများ ဖြစ်သည်။
မိုက်မှန်းသိသော လူမိုက်သည် တစ်ဝက်သာ မိုက်သူများဖြစ်ပြီး၊
မိုက်မှန်းမသိသော လူမိုက်သည် နှစ်ဆ မိုက်ကြသူများဖြစ်သည်။
နေဇင်လတ်
Subscribe to:
Post Comments (Atom)














No comments:
Post a Comment