Home

မေတ္တာစာ

(၁) သည်ကနေ့ ရွာဟောင်းဘက် ဆီကိုသာ အေးသွားရမည်။ အမေကြီး ကြီးဘုံ (ကြီးတော်ဘုံ) တစ်ယောက် သူ့စာကို မျှော်လှရှာ ရော့မည်။ သူ့စာ မဟုတ် ပါဘူးလေ။ သူ့ မြေးရဲ့ စာပါ။ တကယ်ဆို ကြီးဘုံဆီကို ကိုသာအေး သွားသင့်တာ ကြာပြီ။ သွားရမှာ ကိုလည်း ၀န်လေး နေခဲ့သည်။ သည်လို ရွာဟောင်းက အမယ်အိုဆီ သူစာ သွားသွား ပို့နေရတာ အခေါက်ခေါက် အခါခါ ရှိခဲ့ပါပြီ။ တစ်ခေါက်ဆို တစ်ခေါက် အမယ်အိုကို သူ သံယောဇဉ် ဖြစ်ရသလို အသနားလည်း ပိုမိရပါ၏။ လောကထဲမှာ မြေးနှင့် အဘွား နှစ်ဦးတည်းသာ ရှိသော ဘ၀ကလေးက တကွဲ တပြားစီ။ အမယ်ကြီးက အတော်အိုစာ ရှာခဲ့ပြီ။

နေ့ခင်းက နေပူလွန်းတာကြောင့် ညနေစောင်း ကျမှ ရွာဟောင်းဘက် ထွက်ခဲ့ရ၏။ ရွာဟောင်း ဆိုတာက ဝေးဝေးလံလံတော့ မဟုတ်ပါ။ ညောင်ငုတ်တိုရွာက ပဲ့ကျန်ခဲ့သည့် ရွာဖြစ်သည်။ မြစ်နား ကမ်းနား ရွာဆိုတော့ မြစ်ရေ အတိုးကြမ်းသည့်နှစ် တစ်နှစ်တုန်းက ကမ်းပါးတွေ ပုတ်လုံးကျီလုံးလောက် ပြိုကျခဲ့တာ တစ်လျှောက်ကြီး။ နဂိုနေရာမှာ မြေဆိုလို့ ကမ်းပါးဆွယ် နေရာကွက်ကွက် ကလေးသာ ကျန်ရစ်ခဲ့၏။ တစ်ရွာလုံးကတော့ ရွာအရှေ့ကွင်းစပ်ကို ပြောင်းကြ ရသည်။ ရွာဟောင်းမှာ ကျန်ကောင်းကျန်ရာ အိမ်ကလေး၊ တဲကလေးတွေ လောက်သာ ကျန်ခဲ့သည်။ အထူးသဖြင့် အင်မတန် ဆင်းရဲ ကြသူတွေသာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

“မြစ်ဖဲ့လို့ ပဲ့ကာမှ ပဲ့ရော။ ကျုပ်တို့တော့ ရွာနောက် တကောက်ကောက် မလိုက်နိုင်ပါဘူး။ နောင်မှ ရောက်ရားပဲ”

ကျန်ရစ်ခဲ့ သူတွေက ကိုယ့်ဝေဒနာနှင့် ကိုယ်ဆိုတော့ ဖြစ်လာမှ ရင်ဆိုင်ကြတော့မည် ဆိုသည့် သဘောပြောခြင်း ဖြစ်ပါ၏။ ကြီးဘုံ ကတော့ ဘာထူးမှာတုန်း။ရွာဟောင်းမှာပဲ မြစ်ကမ်းဆွယ် မေးတင် ကျန်ရစ်ခဲ့ရသည်။ အခုတော့ မူရင်း ညောင်ငုတ်တိုက ရွာဟောင်း ဖြစ်ရပြီး ရွှေ့သွားသည့် နောက်ပေါက်ရွာက ညောင်ငုတ်တို ဖြစ်ရပြီ။

မြေပဲတွေ နှုတ်ပြီးစမို့ အခင်းတိုင်းက ဟင်းလင်း။ နေရောင်က မြစ်သောင် တစ်ခြမ်းကို အလင်း ပေးထားသေးသည်။ နေလုံး ပက်လက် ဆိုသော်လည်း ရွာဟောင်းကို လှမ်းမြင် နေရသေးသည်။ ထင်းမီးခိုးတွေ အူတူ ထနေသော တဲကလေးတွေကို ကမ်းထိပ်က လှမ်းကြည့်ရင်း ကိုသာ အေးသက်ပြင်း ချမိ၏။ တစ်ဖက်မှာ မြစ်ကမ်းပါး ယံကြီးက ပါးတပ်ရပ်လျက် တစ်ဖက်မှာကတော့ ကမ်းပါးဆွယ် လမ်းကလေး။ နေရသမျှ ကုတ်တွယ်နေကြရသော်လည်း ဘယ်သူကမှ ဒါကို နာကောင်းသည် မထင်။

“ဘယ်တုန်း ကိုနို့ဆီ ရွာဟောင်းလား”

မြစ်ရေခပ်ကြ သူတွေက နှုတ်ဆက်တော့ ကိုသာအေး ပြုံးလိုက်မိ၏။ ကိုသာအေးကို တချို့က ကိုနို့ဆီ ခေါ်ကြသည်။ မြစ်စောင်းအတိုင်း ဆင်းလိုက်လာပြီး ရွာဟောင်း အတက်တွင် နွားတစ်အုပ် သိမ်းတာနှင့် ကြုံသည်။ ကလေးတွေကတော့ မမှောင်ခင် ဘောင်ဘင် ခတ်အောင် ဆော့နေကြလေ၏။ တချို့အိမ်တွေက ချက်တုန်း ပြုတ်တုန်း။ နွားသိမ်းလာသူက နှုတ်ဆက်သည်။

“သာအေး ဘယ်တုန်းကွ ဂျီးဘုံဆီလား”

“အေး အမယ်အို ရှိသမှုတ်လား”

“ရှိလောက်ပ”

တစ်ယောက်က ကြီးဘုံကို လှမ်းအော်ပေးသည်။ ကြီးဘုံတို့ တဲဆီက ဘာမှ အသံမပြန်။ ကိစ္စမရှိ။ ကိုသာအေးက တဲပေါက်ဝ ရောက်မှ အံ့သြ သွားအောင် လုပ်ရဦးမည်ဟု တွေးထားသည်။ ကိုသာအေးက ကြီးဘုံကို စနေကျ။ သူလာတာ မြင်လျှင် ကြီးဘုံ ပျော်လိမ့် မည်။ ပြီးလျှင် ငိုလိမ့်မည်။ သူပြန် ထွက်လာလျှင် စာရွက်ကလေးကို ကိုင်ကာ ကျန်ခဲ့လိမ့်မည်။ ကိုသာအေး တဲပေါက်က အကဲခတ်သည်။ အတွင်းမှာတော့ မှောင်နေပြီ။

“ဂျီးဘုံ ကျုပ်ရယ် သာအေးရယ်၊ မြေးတော်လေးဆီက စာပါပါ့ဗျား ငွေပါပါ့ဗျား”

“ . . . . ”

“ဂျီးဘုံ ကျုပ်ရယ်”



(၂)
ကိုသာအေးက ညောင်ငုတ်တို ရွာသားဆိုသော်လည်း တောင်သူ အလုပ်ကို လုပ်သူ မဟုတ်ပါ။ ရွာက ချက်နို့ဆီကို မြို့က လက်ဖက်ရည် ဆိုင်တွေမှာ သွားသွင်းရသော နို့ဆီပို့သမားသာ ဖြစ်သည်။ ကိုသာအေးက လူရိုး လူဖြောင့်၊ ငွေရေး ကြေးရေး စိတ်ချရသည်။ နို့ဆီကုန်သည်က ကိုသာအေးကို အထူးယုံကြည် ကိုးစားသည်။ မြို့ကို ပို့ခိုင်းသည့် နို့ဆီ ပုံးတွေ သင်္ဘောနှင့် တင်ကာ မန္တလေး ပို့ရသည်။ အလုပ်ရှင် ဘကြီးသိန်းမှာ တာတွေ စေ့ငအောင် လုပ်ခဲ့ရသည်။ အပြန်ငွေခံ ခဲ့ရသည်။ ရွာရောက်တော့ ငွေနှင့် စာရင်း ရှင်းရသည်။ ကိုသာအေး သည်လို နို့ဆီပို့လာတာပင် ခြောက်နှစ်ထဲ ရောက်ခဲ့ပြီ။ ငွေခြောက်ပြား အကွာအဟ မရှိ။ အအမ်းအတောမလွဲခဲ့။ ညောင်ငုတ်တိုနှင့် မန္တလေး ကူးရတာနှင့်ပင် ဒူးဆတ်ခေါက်လိုက်ခဲ့ပြီ။

“သာအေး ဈေးချိုက ဟောသည် တံဆိပ်နဲ့ ဆေးရှာ ၀ယ်ခဲ့စမ်းကွာ။ သန်းမေတို့ အိမ်မှာ တွေ့လို့ လျက်ကြည့်သာ ကောင်းသဟ”

“ကိုကြီးသာအေး ချော်ဆိပ်က လှပေါတို့ အိမ်ဝင် ပြောခဲ့စမ်း ပါတော်။ အမေ နေမကောင်းဘူးလို့ ရွာဝ လာနိုင်ရင် လာခဲ့စမ်းပါလို့”

တချို့က မန္တလေးဆိုတာနှင့် တစ်နေရာတည်းလို့ ထင်ကြသည်။ မန္တလေး သွားလျှင် ရွာမှာလို ဘယ်သူ့မဆို တွေ့နိုင်သည် ထင်ကြသည်။ ကိုသာအေးကတော့ သဘော သကယ ကောင်းသူဆိုတော့ သွားဖြစ်အောင် သွားပေးလိုက်တာ များပါ၏။

“သာအေးရေ ငါ့တူတော့ အားနာသကွာ။ နို့ဆီပုံးတွေနဲ့ မနိုင်မနင်း ဖြစ်မှာလည်း စိုးပါရဲ့။ သရက်သီးထောင်း ထည့်ပေးလိုက်ချင်လို့ ဆရာတော် ဦးဝိသုဒ္ဓကျောင်း ပို့ချင်သာ ဖြစ်ပါ့မလား”

“ဖြစ်ပါသယ် . . . လှူလိုက်ပါ့မယ်”

စကားလူကြုံ၊ စာလူ ကြုံမှာကြတာ ရှိသလို ပစ္စည်း လက်ဆောင်ပါး ကြတာများလည်း ရှိ၏။ နီးနီးနားနား မှာကြသလို ဝေးဝေးလံလံ မှာကြတာလည်း ရှိသည်။ အသွားမှာလို့ အပြန် လွတ်သည် မရှိ။ အပြန်လည်း တသယ်တပိုး သယ်ခဲ့ရသည်သာ။ ကိုသာအေးကတော့ သည်လို လုပ်ပေးရတာကို ကုသိုလ်ရသည်ဟု ခံယူသည်။ သူတစ်ပါး အကျိုးဆောင် ရတာပဲလေလို့ တွက်သည်။

ကြီးဘုံကတော့ မှာလေ့ မရှိပါ။ သို့သော် မန္တလေး ရောက်နေတတ်သည့် မြေးဖြစ်သူ မောင်ဖိုးလူ၏ စာနှင့် ငွေကြုံကိုတော့ မျှော်ရှာသည်။ ဖိုးလူက မန္တလေး အထက် စဥ့်ကူး သပိတ်ကျဉ်းဘက် ရွှေတော်မှာ အလုပ် လုပ်နေတော့ မန္တလေးက သူ့ဆရာအိမ်ကို ငွေနှင့် စာပို့ ပေးထား တတ်သည်။ ဒါကို ကိုသာအေးက ၀င်ယူ ရခြင်းဖြစ်၏။

“အမေကြီး

ကျွန်တော် မောင်ဖိုးလူ စာရေး လိုက်ပါတယ်။ အမေကြီးသုံးဖို့ ငွေထည့် ပေးလိုက်တယ်။ အမေကြီး လှူစရာရှိတာ လှူပါ။ နေကောင်းအောင် နေပါ အမေကြီး။ အမေကြီး နေမကောင်း ဖြစ်မှာကိုပဲ ကျွန်တော် ပူတာ။ အနားမှာ မနေနိုင်တော့ပူရတာပေါ့။ ကျွန်တော်လည်း နေကောင်း ပါတယ်။ အမေကြီး သုံးလို့ ပိုတဲ့ငွေကို သိမ်းထားပါ။ ညောင်ငုတ်တိုဘက် မြေ၀ယ်ပြီး ရွာဘက် ရွှေ့ရအောင်လို့။ ကျွန်တော့် ဆရာက လွှတ်တဲ့နေ့ ရွာခဏ ပြန်ခဲ့ပါဦးမယ်။

လူကလေး မောင်ဖိုးလူ

ဗလာစာရွက်ကို ဖြစ်သလို ဆုတ်ပြီး ရေးလိုက်သည့် စာ။ သည်စာကလေးကို ကြီးဘုံက ပဲကြီးရေ တွန့်နေသည့် လက်ချောင်း လှီလှီကလေး တွေနှင့် ကိုင်ကာ စာလုံးတွေကို သီမွဲမွဲ မျက်လုံး ကလေးတွေနှင့် တစ်လုံးချင်း လိုက်ကြည့်တတ်သည်။ ကြီးဘုံက ကြည့်လို့သာ ကြည့်ရှာ တာပါလေ။ စာမတတ်ရှာတော့ မြေး ကလေး မောင်ဖိုးလူရင်ငွေ့ ကလေးမှ တစ်ရှိုက်ရစေတော့ သဘောဖြင့် ကိုင်ထားမှန်း ကိုသာအေး သိပါ၏။

ရွှေတောဆီက လာသည့်စာ။ ဘယ်လောက် ဝေးမှန်းလည်း မသိ။ ဘယ်သူနှင့် ဘယ်လို ရောက်ရောက်လာတယ်ဆိုတာလည်း မသိ။ ရွာကနေ မြို့ကို နို့ဆီ သွားသွားပို့သည့် ကိုသာအေး ရှိလို့သာ တစ်ဆင့်ခံ ရောက်လာတာလောက်သာ သိရှာသူ ဖြစ်၏။

“သာအေးကြီး ကျန်းမာ ချမ်းသာပါစေ။ သူတစ်ပါး အကျိုးဆောင်လို့ ကိုယ့်အကျိုးများ တစ်လုံး တစ်ဝတည်း ပြည့်ပါစီတော်။ မောင်မင်း ကြီးသား တစ်ခေါက် ပြန်ဖတ်ပြပါဦးကွယ့်။ ငါဖြင့် ငါ့မြေး စာကြားရသာ ၀သယ်ကို မထင်ဘူး”

စာတစ်ခေါက် လာပို့တိုင်း ကိုသာအေးက သည်လို နှစ်ခေါက် ပြန်ဖတ်ပြရမြဲ။ လူကလည်း ဟိုစကား သည်စကား ပြောရင်း တအောင့် တဖြုတ် ထိုင်ရမြဲ။ ကိုသာအေး ရောက်သွားတိုင်းလည်း ကြီးဘုံက ၀မ်းသာသည်။ မြေးဆီက တစ်ခုခုရတော့ မည်ဆိုတာထက် မြေးသတင်း တစ်ခုခု ကြားရမှာကို ၀မ်းသာရှာမှန်း ကိုသာအေး သိပါ၏။

“ဘာသဲ့တုန်း သာအေး ငါ့မြေးကလေး”

“ဂျီးဘုံမြေး မိန်းမယူသွားပြီသဲ့ဗျား မြေးချွေးမ လာပြမလို့သဲ့”

ကိုသာအေးက နောက်သည့် အခါ ကြီးဘုံ မျက်နှာပျက်တာမျိုး မရှိ။ ငါ့မြေး အကြောင်း ငါအသိဆုံးပေါ့ကွယ် ဆိုသည့် မျက်နှာခံနှင့် ပြုံးနေတတ်သည်။ သည်လို အပြုံးကို ကိုသာအေး အလွန် စိတ်ချမ်းသာသည်။ သူ့မိခင်ရင်း ပြုံးသလို ခံစားရသည်။ ရွယ်ကြီး ရွယ်အို မိခင် တစ်ယောက်၏ ရင်ထဲ နှလုံးထဲက လှိုက်တက်လာသော အပြုံးမျိုး။

“ရော် အမယ်အိုနှယ် တကယ်ပြောသာဗျ။ ကောင်မလေးက ချမ်းသာသတဲ့။ နားတောင်း တစ်ဖက် ဗုံခေါင်းလောက် ပန်သာတဲ့ဗျာ။ နှစ်ဖက်ပန်တော့ မျက်နှာမော့ မရလို့ ဖိုးလူတောင် မယားမျက်နှာ မမြင်ရဘူး ပြောသာပဲ”

ကိုသာအေးက နောက်လေ ကြီးဘုံက ပါးကလေး ခွက်အောင်ရယ်လေ။ သွားတွေ တစ်ချောင်းမှ မရှိတော့ သွားဖုံး ညိုညို ကလေးတွေပင် ရုန်းထွက် တော့မလား ထင်ရသည်။ မျက်နှာပေါ်က ဇရာ အရေးအကြောင်းတွေပဲ ဆန့်ဖြန့်သွား သလား ထင်ရသည်။ ခိုးခိုး ခစ်ခစ် ရယ်သံက ချွဲသံတွေ ပါသော်လည်း တကယ် ပျော်သည့် အပျော်သံဖြစ်သည်။

“သာအေးရယ် မင်းပြောသလို သာဆို ငါ့မြေးက မိန်းမယူသာ မဟုတ်လောက်ဘူး။ ဗုံခေါင်းယူသာ နေမှာ။ မင်းနှယ်ကွယ် ပြောမှ ပြောတတ် ပလေ”

ကိုသာအေးက ငွေကို သေသေချာချာ ရေတွက်သည်။ စာထဲပါသည့် ငွေအရေ အတွက်နှင့် ကိုက်အောင် စာကို တစ်ခါ ပြန်ကြည့်သည်။ မှန်ပြီဆိုတော့မှ စာနှင့်ငွေကို အပ်သည်။ သည်လို အခါမှာတော့ ကြီးဘုံ ငြိမ်သွား တတ်ပါသည်။ ချက်ချင်း မျက်နှာ ညှိုးကျ သွားသလို မျက်ရည်ကလေး လည်လာတတ်သည်။ သည်လို မြင်ရပြန်တော့ ကိုသာအေး စိတ်မကောင်းပြန်။ မြေးကလေးကို...

(စာဖတ်ပရိသတ် အတွက် စာမြည်း သဘော အဖြစ်မျှသာ ဖော်ပြထားခြင်း ဖြစ်ပါသည်)

1 comment:

ပြည်ချစ်သူ said...

sate pote lite tar.. toe lo tann lann net!

Home