Home

တောသား မြို့ရောက်……. ဘော်ဒါ စာအုပ်ဆိုင် တွင် အအေးမိခြင်း

စင်ကာပူသို့ စာရေးသူ ပထမဆုံး အကြိမ် ရောက်သွားသော ၁၉၉၈ ခုနှစ် တွင် ဖြစ်ပါ သည်။ ထိုစဉ်က အောချတ်လမ်း (Orchard Road) နှင့် အောချတ်ဘိုဗတ်လမ်း (Orchard Boulevard) တို့ အကြား စကော့လမ်း (Scotts Road)နှင့် အော့ချတ် လမ်းထောင့် အောချတ် ဘူတာရုံ နှင့် တစ်ဖက် တစ်ချက်၌ `ဘော်ဒါ-စာအုပ်-ဂီတ- ကဖေး´ ဆိုသည့် ဆိုင်သစ်ကြီး ဖွင့်ခါစ ဖြစ်ပါသည်။


Borders-Books-Music-Cafe ဆိုသည့် ဆိုင်မှာ တကယ်တော့ စာအုပ်များ ရောင်းသော ဆိုင်ကြီး ဖြစ်ပါ သည်။

စာရေးသူ သိသလောက် ပင်ရင်းမှာ အမေရိကန်မှ ဖြစ်ပြီး အင်္ဂလန်၊သြစတြေးလျ တို့တွင်လည်း ဆိုင်ခွဲ ရှိသည်။ ပိုင်ရှင်မှာ ညီအစ်ကို နှစ်ဦးဟု ကြားဖူးသည်။ အာရှတိုက်၊ အာရှမြေ၌ ထိုစဉ်က စင်ကာပူတွင် စတင် အခြေချ လာခြင်း ဖြစ်သည်။ စင်ကာပူ၌ ယခင်က တိုင်းမ်စ်(Times)၊ အမ်ပီအိပ်ခ်ျ(MPH) စသည့် စာအုပ်ဆိုင်ကြီး များမှာ အကြီးဆုံး ဖြစ်သည်ဟုပင် ဆိုရမည် ဖြစ်၏။ ထိုဆိုင်များတွင် စာအုပ်များ ခင်းကျင်းပုံက ရှေးဆန်သည်။ စာအုပ် အမျိုးအစား ကဏ္ဍ များကို စာအုပ်စင် များနှင့် ခွဲကာ စာအုပ်စင်၌ အမျိုး အမည် စာတန်းများ ရေးချိတ် ထားသည်။ စာအုပ် များမှာ ပလတ်စတစ်အိတ် များနှင့် ပိတ်ထားသည်။ စာအုပ် မြည်းစမ်းရန် ခက်ခဲ၏။ အဖုံး၊ကျော နှင့် အနှောင့် တို့ကိုသာ ကြည့်၍ ရသည်။ ပလတ်စတစ်အိတ် ကို ခွာလိုက်လျှင် ၀ယ်ရမည့် သဘော ဖြစ်ပေသည်။ ထိုဆိုင်များ၌ စာအုပ်ကို လှန်လှော ဖတ်ရှုရန် မဖြစ်နိုင်ပေ။ စင်ကာပူ မှာသာ မဟုတ်၊ ထိုင်းရှိ စာအုပ်ဆိုင် များတွင်လည်း ထို့အတူပင် ဖြစ်သည်။ မလေးရှား နိုင်ငံ ကွာလာလမ်ပူ တွင်လည်း ထိုပုံစံမျိုးပင် ဖြစ်လေသည်။ စာအုပ်ဆိုင်များ အခင်းအကျင်း မှာလည်း ပုံစံတူ ခပ်ဆင်ဆင် များဖြစ်သည်။ စာအုပ် ရှာရသည်မှာ များစွာ အဆင်မပြေ။ လိုချင်သော စာအုပ် မတွေ့ပါကလည်း မေးရန်၊ မြန်းရန်က လွယ်လွယ် မဟုတ်။

ထို စာအုပ်ဆိုင် များမှာ အရွယ် အစား ကလည်း များစွာ မကြီး လှပေ။ တကယ်တော့ စာရေးသူတို့ ရန်ကုန်တွင် တစ်ချိန်က ရှိခဲ့ဖူးသော ဒီအက်စ်အိုင်(DSI)၊ အင်းဝတိုက်(AVA Book House) ၊ စာပေဗိမာန် စာအုပ်ဆိုင် သာသာခန့် သာရှိသော အရွယ် အစား ဖြစ်ပါသည်။ အချို့မှာ စာပေဗိမာန် ဆိုင်လောက်ပင် မကြီးပါ။ ၁၉၉၇ ခုနှစ်ခန့် ထိုသို့သော အခြေအနေ တွင် ဘော်ဒါ စာအုပ်ဆိုင်သည် စင်ကာပူ၌ အခြေချ လာခြင်း ဖြစ်သည်။

အောချတ်လမ်းပေါ်မှ လှမ်းတွေ့ရသော ဘော်ဒါ စာအုပ်ဆိုင်

စင်ကာပူ စာအုပ်ဆိုင်များမှာ စာအုပ် ရောင်းချပုံ စနစ်မကျသေး ဟုလည်း ဝေဖန်လာခဲ့သည်။ ဘော်ဒါဆိုင်က ဝေဖန်လည်း ဝေဖန်သလို စာအုပ်ဆိုင် အကျယ်အ၀န်း၊အခင်းအကျင်း အစစအရာရာ ပုံစံသစ်ဖြင့် ဆိုင်ဖွင့်လာခဲ့သည်။

စင်ကာပူမြို့၏ အချက်အချာ နေရာ ဖြစ်သော အော်ချတ်လမ်းနှင့် စကော့ လမ်းဆုံ မီးပွိုင့်ထောင့် ၀ှီးလော့ခ်ပလေ (Wheelock Place) ၊ လီယက်တာဝါ (Liat Towers) ဘက် မီးပွိုင့် လမ်းဆုံ၏ အနောက် တောင်ထောင့် ဘလောက်တစ်ခုလုံး အပြည့် ဆောက်ထားသည့် အဆောက်အအုံကြီး၏ အောက်ထပ် တစ်ထပ်လုံး နီးနီး နေရာယူကာ ဆိုင်ဖွင့် ခဲ့သည်။ အဓိက ရောင်းသည်က စာအုပ်ဆိုင် ဖြစ်သော်လည်း သီချင်းခွေ များလည်း ရောင်းသည်။ သီချင်းခွေ၊ စီဒီ၊ ဗီစီဒီ၊ ခေတ်ပေါ် အမ်ပီ စက်လေးများ ရောင်းသော်လည်း ထိုအရောင်း ကောင်တာမှာ များစွာ မကြီးပေ။ ဆိုင်ကြီး၏ အ၀င် အထွက်ပေါက် များဖြစ်သည့် အော်ချတ်လမ်းဘက်မှ မြောက်ဘက်ပေါက်၊ အော်ချတ်ဘိုလ်ဗတ် လမ်းဘက်မှ တောင်ဘက် အ၀င်အထွက်ပေါက် ၊ အနောက်ဘက်ခြမ်းရှိ လမ်းကြားဘက်မှ အနောက်ဘက် အ၀င်အထွက် ပေါက်များ၌ Bistro ကော်ဖီဆိုင်လေးများ ဖွင့်ထားသည်။ စာအုပ်ရှာရင်း ၊ မွှေရင်းမှ ဗိုက်ဆာလာလျှင် ဆိုင်ထဲက အထွက်၊ မည်သည့် အပေါက်မှ ထွက်ထွက် ထွက်ပြီး ကော်ဖီနှင့် အဆာပြေမုန့် (Snack) မျိုးစုံ ၀ယ်စားနိုင်သည်။

ငွေချေသည့် ကောင်တာလေးများ၊ ထွက်ပေါက်လေးများ အများအပြား လုပ်ပေးထားသည်။ ဆိုင်ခန်းကြီးက အတော်ပင် ကျယ်ရာ အတွင်း၌ အခန်းများ ကန့်ပစ်လိုက်သည်။ အကန့် တစ်ကန့် ၊ အခန်းတစ်ခန်းကို ဘာသာရပ် ခေါင်းစဉ် တစ်ခုသာ ထားသည်။ အားကစား၊ ပထ၀ီ၊ သမိုင်း၊ ဓာတ်ပုံ၊ ပန်းချီမှ အစ ဘာသာရပ်ပေါင်း များစွာ ဖြင့် ခွဲကာ စာအုပ်စင် အကြီးကြီး များဖြင့် နေရာ ကျယ်ကျယ် ပေးထားသည်။ မဂ္ဂဇင်း၊ ဂျာနယ်၊စာစောင်၊ သတင်းစာ အတွက်လည်း အလွန် ကျယ်သော နေရာတစ်ခု ပြုလုပ်ပေးကာ ခင်းကျင်းထားသည်။ ထိုသို့ ခင်းကျင်းရာတွင် ဥပမာ အားဖြင့် အားကစား အခန်းတွင် အားကစားနည်း အလိုက် အမျိုးအစားကို စာအုပ်စင်များ၌ နေရာခွဲထားသည်။ ခရီးသွား ဆိုသည့် အခန်း၌ မြေပုံများ၊လမ်းညွှန်များ၊ ခရီးသွား အတွေ့အကြုံများကို တိုက်ကြီးများ အလိုက်၊ နေရာဒေသများ အလိုက် စင်များဖြင့် ခွဲခြားထားသဖြင့် ရှာဖွေရ အလွန် လွယ်သည်။ အခန်းဟု ဆိုသော်လည်း အခန်းပိတ်များ မဟုတ်ပါ။ အကန့်ဟုသာ ဆိုရပါမည်။ တစ်ကန့် နှင့် တစ်ကန့် ကူးလူး သွားလာရန် လွယ်သည်။ စာအုပ်စင်များမှာ အမြင့်များ ဖြစ်ရာ လိုအပ်ပါက လှေကား၊ ခြေနင်းအဆင့်များ(ရွှေ့ရလွယ်ကူသော) ထားပေးသည်။ စာအုပ်စင် အမြင့်ပေါ်မှ စာအုပ်များကို အလွယ်တကူ တက်ယူ၍ ရသည်။ အကန့်၊ အခန်း တိုင်း၌ ထိုအကန့် အတွင်းရှိသည့် စာအုပ်များတွင် ကိုယ်လိုချင်သော စာအုပ် ရှိ မရှိကို ရှာဖွေနိုင်သည့် ကွန်ပျူတာ များထားပေးသည်။ ကွန်ပျူတာတွင် စာအုပ်အမည်၊ စာရေးဆရာ၊ ထုတ်ဝေသူ အမည်ကို ရိုက်နှိပ်၍ အလွယ်တကူ ရှာနိုင်သည်။ တာဝန်ကျ ကလေးများလည်း ရှိရာ သူတို့ကို လည်း ရှာခိုင်းနိုင်သည်။အကယ်၍ လိုချင်သော စာအုပ် ဆိုင်တွင် မရှိပါက မန်နေဂျာထံ အကြောင်းကြားပြီး မှာ၍ ရနိုင်၊ မရနိုင်၊ ဘယ်ရွေ့ ဘယ်မျှ ကျသင့်မည် ၊ ဘယ်နှရက် ကြာမည်၊ ရလျှင် ဘယ်သို့ ပို့ပေးရမည်ကို ချက်ချင်း သိနိုင်သည်။
ဘော်ဒါစာအုပ်ဆိုင်ကို အပြင်ဘက်မှ တစ်စိတ်တစ်ဒေသ တွေ့ရပုံ


ဘော်ဒါက ကြွေးကြော်သလို ပုံစံ အဓိက ပြောင်း လိုက်သည်က စာအုပ် များကို ပလတ်စတစ်အိတ် ဖြင့် အသေပိတ် မထားဘဲ စာအုပ်စင် များပေါ်တွင် အလွယ် ယူပြီး စာမြည်း နိုင်ရန် ဖွင့်ပေး ထားသည်။ စာအုပ်စင် များ ကြား၌ အလွယ်တကူ ရွှေ့ပြောင်းနိုင်သော ထိုင်ခုံလေးများ ထားပေး သည်။ စာအုပ်ဆိုင် တစ်ခုလုံး ကိုလည်း ကော်ဇောထူ များ ခင်းထား ပေရာ ထိုင်စရာ ခုံမရှိပါက ကြမ်းပြင် ပေါ်တွင် လွတ်လွတ် လပ်လပ် ထိုင်၍ စာမြည်းနိုင်သည်။

ဆိုင်စဖွင့်ချိန် မနက်ပိုင်း စောစော သွားလျှင် ကျောမှီ ပါသော ခုံပင် ရနိုင်သည်။ သူလို ကိုယ်လို စာလာဖတ် နေသူများက မနည်းလှပေ။ ကလေးများ စာအုပ်ခန်း ဆိုလျှင် အရွယ်စုံ ကလေးများ ကြမ်းပြင် ပေါ်မှာပင် မှောက်၍ စာအုပ်လှန် နေကြသည်။ သူတို့ကို အတော် ကျော်ဖြတ် သွားရသည်။
လျှော့ဈေး(Bargain)အရောင်းကောင်တာ


စာအုပ်ဆိုင် အတွင်းဘက် ပင်မ အခန်းများ မရောက်မီ အ၀င်ဝ နေရာကျယ်ကျယ် တစ်ခုတွင်လည်း ဘာဂိန်း(Bargain) ခေါ် ဈေးချ ရောင်းသော စာအုပ်များ နေရာလည်း ရှိသည်။ ရက်လွန် ၊ လကြာ စာအုပ်များ ဖြစ်သည်။ တစ်ဆယ် ရာခိုင်နှုန်းမှ စ၍ ရှစ်ဆယ်၊ ကိုးဆယ် ရာခိုင်နှုန်းအထိ ဈေးချသော စာအုပ်များ တွေ့နိုင်သည်။

တကယ်တော့ စာအုပ် ၀ယ်သူ များအတွက် အတတ်နိုင်ဆုံး ၀န်ဆောင်မှု ပေးထားသည့် စာအုပ်ဆိုင် ကြီး ဖြစ်သည်။ အပတ်စဉ်၊ နှစ်ပတ် တစ်ကြိမ်၊ လစဉ်၊ နှစ်လတစ်ကြိမ်၊ သုံးလ တစ်ကြိမ်ထုတ် မဂ္ဂဇင်း၊ဂျာနယ်၊ စာစောင်များ အခန်း ဆိုလျှင် မိမိ လိုချင်သော စာအုပ်၊ စာစောင်ကို အတော်ပင် တိုးဝှေ့ ကြည့်ရသည်။ စာအုပ်စင် ရှေ့၌ စာမြည်း၊ စာဖတ်နေသူ များကား များလှသည်။ သတင်းစာများ ထားသော နေရာမှာ နေ့လယ်ပိုင်း၊ ညနေပိုင်း ဆိုလျှင် ပို၍ လူရှုပ်သည်။ ကမ္ဘာအရပ်ရပ်မှ သတင်းစာများ ပြုံရောက် လာသော အချိန် ဖြစ်၍ ဖြစ်သည်။ ကမ္ဘာ အရှေ့ခြမ်း၊ အနောက်ခြမ်းမှ သတင်းစာ များကား အဆက်မပြတ် ရောက်လာ တတ်သည် ကို တွေ့ရသည်။

စာရေးသူ ရောက်သွားစဉ်က ဘော်ဒါစာအုပ်ဆိုင်မှာ အလွန် လူများသော ဆိုင် ဖြစ်သည်။ သိပ်မကြာလိုက်ပါ။ စာရေးသူ အထင် ၂၀၀၀ ပြည့် ၀န်းကျင်၌ စင်ကာပူတွင် နောက်ထပ် ဆိုင်ကြီး တစ်ဆိုင် ပေါ်လာပြန် ပါသည်။ ဂျပန် စာအုပ်ဆိုင်ကြီး ဖြစ်သည်။ ဘော်ဒါဆိုင်၏ အရှေ့ဘက်၊ အောချတ်လမ်းပေါ်ရှိ တာကာရှီမာယာ ကုန်တိုက် (Takashimaya Shopping Centre) တတိယထပ်၌ ကီနိုကုနိယ(Kino kuniya) စာအုပ်ဆိုင်ကြီး ပေါ်ပေါက်လာပြန်သည်။ အခင်းအကျင်းမှာ ဘော်ဒါဆိုင် ကဲ့သို့သော စနစ်ဖြစ်သည်။ ခင်းကျင်းပုံ၊ ရောင်းချပုံ၊ ပုံစံ စနစ် အတူတူ ဖြစ်ပြီး ဂျပန်ဆိုင်က ဈေးသက်သာမှု၊ လျှော့ပေးမှု (Discount) ပင် ပိုပေးသေးသည်။


စာရေးသူသည် တောသားမြို့ရောက်ဟု ဆိုရမလို ထိုပထမ အကြိမ် ဘော်ဒါစာအုပ်ဆိုင် နှင့် နဖူးတွေ့၊ ဒူးတွေ့ တွေ့ရသော အခါ အချိန်ရသည်နှင့် ထိုစာအုပ်ဆိုင်သို့ ရောက်နေတော့သည်။ ထိုစဉ်က စာရေးသူ စင်ကာပူ သွားခဲ့ခြင်းမှာ ဓာတ်ပုံနှင့် ပန်းချီ ပြပွဲ အတွက် သွားခဲ့ခြင်း ဖြစ်သည်။ပြပွဲ ခင်းကျင်းသော လေးရာသီ ဟိုတယ် (Four Season Hotel) ရှိ Notiees ပန်းချီ ပြခန်းမှ လမ်းလျှောက် သွားပါက ငါးမိနစ် ခန့်သာ လျှောက်ရရာ ဘော်ဒါ စာအုပ်ဆိုင်၌ သွား အချိန်ဖြုန်းလေ့ ရှိသည်။ မနက် ပြပွဲ ဖွင့်ချိန် ပြပွဲခန်းသို့ ရောက်ပြီး နေ့လယ်ဘက် ဆိုလျှင် ဘော်ဒါဆိုင် သို့ ရောက်တတ်သည်။ ဧည့်သည် မရှင်းလျှင် ညနေပိုင်း ပြပွဲ ပိတ်ချိန်၌ သွားဖြစ်သည်။ ဘော်ဒါဆိုင်မှာ စာအုပ်က စုံလှပြီး ကြည့်ခွင့်၊ ဖတ်ခွင့် ကလည်း ရသည် ဖြစ်ရာ စာရေးသူ အကြိုက် တွေ့နေတော့သည်။ထို ဆိုင်ဖွင့်ချိန်နှင့် ပတ်သက်ပြီး ရေးစရာ ရှိပါသေးသည်။ နေ့စဉ် စာအုပ်ဆိုင်ကို နံနက် ကိုးနာရီခွဲမှ ညပိုင်း ကိုးနာရီအထိ ဖွင့်ပါသည်။ ဆိုင် ပိတ်ရက် မရှိပါ။ ထူးခြား သည်က သောကြာနေ့နှင့် စနေနေ့များတွင် ဆိုင်ပိတ်ချိန် တိုးထား ပါသည်။ သူတို့ အခေါ် Midnight Sale ဟု ခေါ်ပါသည်။

ညဥ့်လယ်အထိ ရောင်းသောရက် ဖြစ်ပါသည်။ ည ဆယ့်နှစ်နာရီ အထိ ဆိုင်ဖွင့်ပေးသည်။

တစ်ရက်တွင် စာရေးသူသည် နေ့လယ်စာ စားပြီး ဆယ့်နှစ်နာရီ ခန့်သာ ရှိပါဦးမည်။ ထိုအချိန် ကတည်းက ဘော်ဒါဆိုင် တွင်းသို့ ရောက်သွား ကာ စာအုပ်များ ကြား၌ နစ်မျော နေခဲ့ ပါသည်။ ညနေ ခြောက်နာရီ ခန့်တွင် ဗိုက်ဆာ လာသဖြင့် ကဖေးသို့ ထွက်ကာ အသားညှပ် ပေါင်မုန့် အ၀စားပြီး ဆိုင်တွင်း ပြန်ဝင်ကာ ဆက်၍ ဖတ်နေမိ ပါသည်။ နေ့လယ်က ထိုင်ခုံ ရသော်လည်း မုန့်ထွက်စားပြီး ပြန်ရောက်လာသော အခါ ခုံလွတ် မရှိပါ။ ဖတ်လက်စ စာအုပ်ကို ပြန်ယူပြီး စင်ဘေးရှိ ကော်ဇော ခင်းထား သော နေရာ တွင်ပင် ကြမ်းပြင်ပေါ် ထိုင်၍ ဆက်ဖတ်နေ ဖြစ်သည်။ စာအုပ်ထဲ အာရုံ ရောက်သွားပြီး ဆိုင်ပိတ်ရန် နှိုးဆော်သော အသံကို အသံချဲ့စက်မှ ကြားသောအခါမှ သတိ ၀င်လာပါသည်။ ထိုဆိုင်၌ ဆိုင်မပိတ်မီ နာရီဝက်ခန့် အလိုတွင် ထိုသို့ သတိပေး ကြေညာ ပါသည်။ ၀ယ်မည့် စာအုပ်ကို ငွေသွင်းနိုင်ရန်၊ စာရင်း ရှင်းနိုင်ရန် ကြိုတင် သတိ ပေးခြင်း ဖြစ်ပါသည်။ ထိုနေ့က သောကြာနေ့ ဖြစ်၍ ဆိုင်ပိတ်ချိန် ဆယ့်နှစ်နာရီ ဖြစ်သည်။

တကယ်တော့ စာအုပ်ဆိုင် များမှာ လူအ၀င် အထွက်လည်းများ၊ စာအုပ် ကလည်း များရာ လေအေးပေးစက် ကို အစွမ်းကုန် ဖွင့်ထားသော နေရာ ဖြစ်ပါ သည်။ အလွန် အေးပါသည်။ မြန်မာ ပီပီ ကြမ်းပြင် ပေါ် တင်ပျဉ် ခွေ၍ စာထဲ စိတ်ရောက် နေရာ သွေးကြောများ အအေး မိပြီး ထုံထိုင်း နေပါသည်။ စာရေးသူ တော်တော်နှင့် မထနိုင်ပါ။ ဆိုင်က လူလည်း နည်းနည်း ရှင်းနေပါပြီ။ ဘေးက စာအုပ်စင်ကို ကိုင်ဆွဲကာ အားယူ ထသည်။ ထရ အတော် ခက်ခဲ နေသည်။နောက်ဆုံး လေးဖက် ထောက်၍ ထရသည်။

ကော်ဖီဆိုင်နှင့်တွဲလျက် ဘော်ဒါစာအုပ်ဆိုင်

ဘယ်အချိန်ကတည်းက ကြည့်နေသည် မသိ။ စာအုပ်ခန်းစောင့် ကလေးမလေးက အပြေးရောက်လာကာ ဘာဖြစ်သလဲ၊ ဘာကူညီရမလဲ တတွတ်တွတ် မေးပါတော့သည်။ ပြန်ဖြေရန် စကားလုံး ရှာမရ။ အင်္ဂလိပ်လို ကျွန်တော် ပြောတာကို သူကလည်း နားမလည်။ ခြေထောက်များ အအေးမိ၍ ထုံကျဉ်နေခြင်း ဖြစ်သည်။ တော်တော်လေးကြာမှ သွေးပြန်လျှောက်ကာ လှုပ်၍ရှား၍ ရပါတော့သည်။ အခန်းစောင့် ကလေးမလေးအား sorry အကြိမ်ကြိမ် ပြော၍ ထော့နဲ့ ထော့နဲ့ဖြင့် ပြန်ခဲ့ရပါတော့သည်။
စိန်မျိုးမြင့်

No comments:

Home