Home

တာတေ

“တာတေ… မနက်ဖြန် စာမေးပွဲကို ခုထိ ဂေါ်လီရိုက်နေတုန်းလား… ခုစာအုပ်ယူပြီး အိမ်လာခဲ့”

ကျွန်မ အပြင်သွားတုန်း အခွင့်အရေးကို အပြတ် အသုံးချနေသည့် တာတေ။ ၈ တန်းကျောင်းသားက ၅ တန်း၊ ၆ တန်း ကလေးတွေနဲ့ ဂေါ်လီ ရိုက်ဖော်။ ဘယ်တော့မှ အပူအပင်မရှိ။ ခဏကြာတော့ မြန်မာစာ စာအုပ်တွေနှင့် နှေးနှေးကွေးကွေး ၀င်လာသည်။

“ကဲ… ဆို”

မေးခွန်းတပုဒ်ကို မေးလိုက်တော့ ကျွန်မကို ခပ်ငူငူကြည့်နေသည်။ မနက်ဖြန်ဖြေရမှာ ခုထိ ငူငူငိုင်ငိုင်။ ကျွန်မ စိတ်တွေ ပူလိုက်တာ မပြောပါနဲ့ ။ နောက်တပုဒ်မေးတော့လဲ ဒီအတိုင်း။ သူကတော့ အေးအေးဆေးဆေး။ ကျွန်မက ပြာနေပြီ။ မနေ့ ကတင် ကျွန်မနဲ့ နွှေးတုန်းက ရသေးသည်။ ဒီနေ့ မေ့ပစ်သည်။ စာမေးပွဲခန်းထဲရောက်ရင် ဘယ်လိုလုပ်မလဲ။

“နင် ဂေါ်လီရိုက်နိုင်တာ ငါအံ့သြတယ်… ခုပြန်ကျက်… တပုဒ်ချင်း င့ါဆီပြန်ဆို”

သူ့ ကို ပြောရင်း စိတ်တွေက အရမ်းပူလာတော့ မျက်ရည်တွေ ဝေ့၀ဲလာမိသည်။ စာကျက်သံမကြားရ၍ ကြည့်မိတော့ သူမျက်နှာမှာလဲ မျက်ရည်တွေနှင့်။

“စာကျက်ပါဆို နင်ကဘာလို့  ငိုနေရပြန်တာလဲ”

“ဆရာမ ငိုတော့ ကျွန်တော်လဲ ၀မ်းနည်းလို့ ပါ”

စိတ်ထဲမှာ မကောင်း။ ကိုယ့်ကိုယ်ကိုလဲ ဒေါသဖြစ်မိသည်။ ကျောင်းသားကို စိတ်ဓါတ်မြှင့်တင်ရမည့် အစား ကိုယ့်အပြုအမူကြောင့် စိတ်ကျသွားနိုင်သည်။ ချော့မော့ပြီး မေ့မေ့ပျောက်ပျောက် ပြန်သင်တော့ တပုဒ်ပြီး တပုဒ် ချောချောမွေ့ မွေ့ ပြီးသွားသည်။ ပြီးတော့ သူက ပြောလိုက်သေးသည်။

“ဆရာမကို အားနာလို့  စာကျက်တာ… နို့ မို့ ဂေါ်လီဆက်ရိုက်ချင်တာ” တဲ့။

*****************
“တာတေ… ဖြေနိုင်လား”
“ဟုတ်ကဲ့… ဆရာမ”
“အဖြေတွေ မှတ်လာခဲ့လား”
“ဟုတ်ကဲ့… ဆရာမ”

မျက်တောင်တွေ မှေးစင်းပြီး မေးသမျှမေးခွန်းကို အိပ်ချင်မူးတူး အသံနဲ့ ဖြေနေသော ကိုတော်ချောကိုတာတေသည် ခုမှ ၈ တန်း စာမေးပွဲခန်းထဲက ထွက်လာတာနဲ့ မတူ။ အတော်ကို သွေးအေးလွန်းလှသည်။ ကိုယ်သာ သင်္ချာအားနည်းသည့် သူ့ အတွက် စိတ်တွေပူနေရသည်။ မှတ်လာသည့် အဖြေတွေက အကုန်တလွဲ။ ဒုက္ခ။ ဒီပုံစံဆို တာတေတော့ ဗုန်းကနဲကျပြီ။ ဝေ့၀ဲလာတဲ့ မျက်ရည်တွေကို ဘယ်လိုမှထိန်းလို့ မရ။ တခြားဘာသာတွေ ကျန်သေးတာမို့  သူ့ ကို မပြောရက်။

“ကဲကဲ… လာနောက်ဘာသာတွေ ကျက်ရအောင်”

ကိုယ့်ကို ကြည့်ပြီး သူပါ မျက်ရည်တွေ ၀ဲလာတော့ အံ့သြတကြီး မေးမိသည်။ သူလိုလူက စာမေးပွဲကျတာလောက်တော့ အရေထူပြီးသား။

“ဟဲ့… နင်က ဘာလို့  ငိုနေတာလဲ”

“ဆရာမ ငိုတော့ ကျွန်တော်လဲ ၀မ်းနည်းလို့ ပါ”

သူဆီက မမျှော်လင့်တဲ့ အဖြေကြားရတော့ ကိုယ်လဲ အတော် ၀မ်းနည်းသွားမိသည်။ ဘာမှ စာဆက်မသင်နိုင်ပဲ ဆရာတပည့်နှစ်ယောက် ငိုပွဲ ဆင်နွှဲနေတော့ အမေက မနေနိုင်။ ပြောနေကျ စကား တခွန်း ၀င်ပြောသည်။

“အဲလောက် စိတ်နုနေရင် ညည်း စာဆက်သင်ရင်တော့ နှလုံးရောဂါရမှာပဲ” တဲ့။

*****************

“ဆရာမ… ဆရာမ ကျွန်တော် စာမေးပွဲ အောင်တယ်”

မနက်စောစော မင်္ဂလာသတင်းကြားလိုက်ရတော့ အတော် စိတ်ချမ်းသာသွားသည်။ ကြားရတဲ့သူက ကိုယ်ဘယ်လိုမှ အောင်မယ်မထင်ထားတဲ့ တာတေဆီက။ ဥာဏ်ရည် သိပ်မထက်မြက်သည့်အပြင် မကြိုးစားတာကြောင့် သူ့ ကို ကျူရှင်ပြရတာ သူများထက် ပိုပင်ပန်းသည်။ သူ့ စာမေးပွဲ တလျှောက်လုံး ကိုယ်ပါအိပ်ရေးတွေပျက်။ တခါတခါ ကိုယ်က ရှေ့ က အားကြိုးမာန်တက် သင်နေသည်။ သူက အိပ်တွေငိုက်လို့ ။ ခုတော့ သူအောင်သွားပြီတဲ့။ အဲဒီကြည်နူးမှုက ဘာနဲ့ မှမတူ။ ထုံးစံအတိုင်း မျက်ရည်တွေက ဝေ့၀ဲလာပြန်သည်။

“ဟဲ့ တာတေ… စာမေးပွဲအောင်တာ နင်က ဘာလို့  ငိုနေတာလဲ”

မေမေ့အသံကြားမှ သူငိုနေတာ သတိထားမိသွားသည်။

“ဆရာမ ငိုတော့ ကျွန်တော်လဲ ၀မ်းနည်းလို့ ပါ”

ဒီတခါတော့ ကျွန်မ မျက်ရည်တွေ ကြားထဲက ရယ်မိသည်။

*****************
ဟိုတခေါက် မြန်မာပြည်ပြန်တော့ အမေက ကျွန်မ မမျှော်လင့်တဲ့ သတင်းတခုပြောပြခဲ့သည်။

“တာတေ ဆုံးသွားပြီအေ”

“အမေရယ်… ဘယ်လို ဖြစ်တာလဲ…”

“ရင်ကျပ်ရောဂါလို့ ပြောတာပဲ”

အတော်ကို စိတ်မကောင်းဖြစ်သွားမိသည်။ အရင်အခေါက်တွေ ပြန်တုန်းက မော်တော်ပီကယ်လုပ်နေသည့် တာတေကို ကားနဲ့ ဖြတ်သွားတိုင်း နှုတ်ဆက်မိသည်။ အလုပ်အကိုင် အတည်တကျနဲ့  မိဘလုပ်ကျွေးနေတာတွေ့ ရတော့ စိတ်ချမ်းသာမိသည်။ ခုတော့… အသက်ငယ်ငယ်လေးနဲ့  ဆုံးပါးသွားရှာပြီ။ မျက်ရည်တို့  ဝေ့၀ဲလာသည်။

အမေက ကျွန်မကို ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နှင့် ဆိုသည်။

“ခုတော့… ဆရာမ ငိုလို့  လိုက်ငိုမယ့်သူမရှိတော့ဘူးပေါ့အေ” တဲ့။

No comments:

Home