“မိုးကို အရင်ကတည်းက ကိုယ်ရင်မခုန်ခဲ့ဘူး။ မိုးက ကိုယ့်အပေါ် အရမ်းကောင်းတော့ ကိုယ်အားနာပြီး တွဲခဲ့တာ။ ခု ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ မိုး ကိုယ့်ကိုမေ့လိုက်ပါ။ မိုးရဲ့ အလုပ်တွေကိုပဲ အာရုံစိုက်ပြီး ကိုယ့်ကိုယ် မေ့လိုက်ပါ”
မြန်မာပြည်မှာမွေးသော မြန်မာအမျိုးသားတစ်ဦးရဲ့ ဘိုဆန်ဆန်စကားတွေကို သူမနားနှင့် တိုက်ရိုက်ကြားနေရ၍သာ ယုံရမည် ဖြစ်သည်။ တစ်ခါက သူ့ထံမှလက်ခံရရှိခဲ့သော စိုးရိမ်မှုတွေ၊ ဂရုစိုက်မှုတွေ၊ ယုယမှုတွေအစား ပြတ်သားမှုတွေ၊ ရက်စက်မှုတွေက အစားထိုး နေရာယူလေပြီ။ သူမထံမှ မလိုလားသော တုံ့ပြန်မှုမျိုးရမှာ စိုးသည်ထင်ပါရဲ့။ သူ့စကားလုံးများက ပိုင်နိုင်လှသည်။ ဒီလိုပြောနိုင်ဖို့ အာရုံတွေ ဘယ်လောက်စုစည်းခဲ့ရပါသလဲ`ထွဋ်ခေါင်စိုး´။
သူမနဖူးပေါ်တွင် ဝေ့ဝဲကျနေသော ဆံနွယ် ဖြောင့်ဖြောင့်စင်းစင်းများကို နားရွက်နောက်သို့ ထိုးထည့်ရင်း၊ ဘယ်သွားသွား ပါနေကျ ခပ်ကြီးကြီး သားရေလက်ကိုင်အိတ်ကို ပခုံးရင်းနားထိ ရောက်သွားအောင် ဆွဲတင်လျက် သူမ၏နှုတ်ခမ်း သားများ တင်းတင်းစေ့ကာ
“မိုးအတွက် မပူပါနဲ့ ထွဋ်ခေါင်၊ You ရင်ထဲကအမှန်တရားကို ရှင်းရှင်းလင်းလင်းသိရ တဲ့အတွက် ကျေးဇူးတင်ပါတယ်။I သွားပြီ” ဟု သူ့စကားကြောင့် မခံမရပ်နိုင်ဖြစ်သွားခဲ့ရပေမဲ့ တည်ငြိမ်စွာပင် ပြန်ပြောနိုင်ခဲ့သည်။
x x x
လပြည့်ညပီသစွာပဲ လက ဝိုင်းစက်လှပ နေးခဲ့သည်။ ပြတင်းပေါက် ဖွင့်ထားသဖြင့် အေးစိမ့်သောလေ၏ အထိအတွေ့ကို ရသည်။ဖယောင်းတိုင် မီးအလင်းရောင်ကတော့ လူးကာ လွန့်ကာ အားယူထွန်းလင်းနေပြီး လေရဲ့ တိုက်ခိုက်မှုကို နည်းနည်းမှ မမှုသည့်ဟန်။ သူမကရော...။
ထွဋ်ခေါင်နှင့် သူမ အိပ်မက်တွေအတူ မက်ခဲ့ကြသည်။ စိတ်လှုပ်ရှားဖွယ်ကောင်းသော ကတိစကားတွေ အပြန်အလှန်ပေးခဲ့ကြသည်။ သွားစရာ နေရာမရှိတော့လောက်အောင် သူမတို့ ခြေရာချင်းထပ် ပျော်ရွှင်ခဲ့ကြသည်လေ။
သူမ မျက်ရည်တွေ... ငိုရှိုက်မိသည်။
စိတ်ပါလက်ပါ ငိုမိသည်။ နိဂုံးမချုပ်နိုင်တဲ့ ငိုကြွေးခြင်းမျိုးနှင့် သူမနှလုံးသားတွေ တစ်စစီ လွင့်စင်ထွက်ကုန်သည်။ တစ်ညပါပဲ။ ဒီတစ်ညဟာ သူမ ငိုကြွေးခြင်းအတွက် နောက်ဆုံးည ဖြစ်ရပါမည်။
မျက်ရည်များ ခြောက်ခမ်းသွားခဲ့ပြီ...
ဖယောင်းတိုင်မီးလည်း ငြိမ်းခဲ့လေပြီ။
“ခုတစ်လော script တွေချည်း ထိုင်ရေး နေပါလား ဒေါ်မိုးကဗျာ၊ စာရေးဆရာလိုင်း ပြောင်းတော့မလို့လား”
သုံးပေခန့်ရှိသော စားပွဲတစ်ခုလုံး စာရွက်ပေါင်းစုံ၊ စာအုပ်မျိုးစုံနှင့် ရှုပ်ထွေး နပမ်းလုံးနေသော သူမကို အေမီတစ်ယောက် editing လုပ်နေရာက မနေနိုင်မထိုင်နိုင် မေးခွန်းလှမ်း ထုတ်နေသည်။ အေမီနှင့်သူမက ရုပ်မြင်သံကြားဌာနကို အလုပ်စဝင်တော့လည်း အတူတူ၊ section တွေခွဲတော့လည်း အတူတူ၊ စိတ်ဓာတ်ချင်းလည်း အနီးစပ်ဆုံးတူသူ ဖြစ်သည်။ ထွဋ်ခေါင်စိုးနှင့် သူမလမ်းခွဲခဲ့ပြီး ဖြစ်သည်ကို အေမီ့ကို မပြောဖြစ်ခဲ့။ သူမစိတ်ကိုက သိပ်ထိခိုက်ခံစားနေချိန်တွင် မည်သူ့ကိုမျှ ရင်ဖွင့်ပြောကြားလိုစိတ် မရှိ။ သူမကို စိတ်လှုပ်ရှားလွယ်၊ ထိခိုက်လွယ်သူဟု မယူဆစေချင်ပါ။ အချစ်ဆုံး သူငယ်ချင်းအေမီ စိတ်မကောင်းဖြစ်မည်ကိုလည်း မလိုလား။ အေမီသည် ရည်းစားလုံးဝ ထားဖူးသူမဟုတ်၊ အချစ်အကြောင်း အေမီမသိ။ လွမ်းခြင်း၊ ဆွေးခြင်း အေမီ့ထံ၌ မရှိ။ အေမီသည် ဝါသနာပါရာကို စူးစိုက်နက်ရှိုင်းစွာ လုပ်ကိုင် ဆောင်ရွက်ရင်း ဘဝကို အလုပ်နဲ့ တံဆိပ်ကပ် ထားသူ ဖြစ်သည်။ သူမကတော့ အလုပ်ရဲ့ ရုန်းကန်မှုကိုကြိုက်ပေမဲ့ ကင်မရာကွယ်ရာက လွမ်းမောဖွယ် ကိုယ်ရေးကိုယ်တာများကို စိတ်ဝင်စားသည်။ သူမဟာ ခဏခဏ စိတ်ညစ် ခဲ့ဖူးပြီး ပုံမှန်ပြန်ဖြစ်ဖို့လည်း သိပ်အချိန်ယူစရာ မလို။ ရှေ့ဆက်ပြီး သူမဘဝမှာ လုပ်ချင်တာတွေ၊ လုပ်သင့်တာတွေ၊ လုပ်ရမှာတွေ နေသေးသည်။ ဘာအလုပ်ကိုပဲလုပ်လုပ် ကောင်းအောင် လုပ်ချင်သည့် ဆန္ဒ၏စေ့ဆော်မှုကြောင့် သူမ၏ဇာတ်လမ်းများ၊ မိုက်မဲသောကစားနည်းများကို တည်ငြိမ်စွာကျော်ဖြတ်နိုင်ခဲ့သည်ချည်း။ အေမီရဲ့ရွှတ်နောက်နောက်စကားကို အတည်တကျ ပြန်ဖြေစရာစကားက ရှာမရပါပေ။ တကယ်တမ်း`သံယောဇဉ်´ဆိုတဲ့နှောင်ကြိုးလေးကို မျက်ကွယ်ပြုနိုင်ဖို့က အတော့်ကို ခဲယဉ်းလှသည့် အလုပ်တစ်ခုပါပဲ။ သို့သော်လည်း သူမဟာ အတိတ်ကို လွမ်းဆွတ်ပြီး မွန်းကျပ်နေတဲ့ မိန်းမတစ်ယောက်မဟုတ်ပါပေ။
x x x
ရိုက်ကူးရေးအစီအစဉ်တစ်ခုမှာ သူနှင့် ဆုံတွေ့ခဲ့သည်။ ပွဲတစ်ပွဲလုံး အလုပ်လုပ်နိုင်သူ အဖြစ် သူ့ကို မြင်တွေ့ရလေသည်။ သူမကို ပွဲအစီအစဉ် အသေးစိတ်ရှင်းပြနေသော၊ သူမ သိလိုသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးနေသော အသက် ၃၀ ခန့် ယောကျာ်းတစ်ဦးရဲ့ ဖျတ်လတ်တက်ကြွမှုတွေကို အသိအမှတ်ပြုရင်း နားထောင်နေမိသည်။
“ပွဲပြီးလို့ သိချင်တာ ရှိသေးရင်လည်း မေးနိုင်ပါတယ်။ ဒါ ကျွန်တော့်ကဒ်”လို့ဆိုရင်း လိပ်စာကဒ်လှမ်းပေးပါသည်။ ဒီတော့မှ သူမ သတိရလိုက်ပြီး အင်္ဂလိပ်လိုရိုက်ထားသော သူမ၏ name card ကို ထုတ်ပေးဖြစ်သည်။ သူက
“မမိုးကဗျာနော်”တဲ့။
သူမအနည်းငယ်စိတ်လှုပ်ရှားမိစွာ ခေါင်းညိတ်ပြလိုက်သည်။ အဲဒီကစလို့ပါပဲ၊ သူနှင့် သူမတို့ အတွင်းကျကျ ရင်းနှီးလာခဲ့သည်။ တယ်လီဖုန်းတွေလည်း အကြောင်းမရှိ အကြောင်း ရှာ ဆက်ကြသည်။ နှစ်ဦးစလုံး မအားလပ်သည့် သူတွေဖြစ်သည့်တိုင် မကြာခဏတွေ့ပြီး အချိန်တွေ ဖြုန်းပစ်ကြသည်။ မေးခွန်းတွေ မေးပြီး အပြန်အလှန် နားထောင်ပေးကြသည်။ အရေးတကြီးမဟုတ်သော အကြောင်းအရာများကို အလုအယက်ပြောကြသည်။ လုပ်ငန်းခွင်မှ ဟာသများကို ရယ်မောကြသည်။ စိတ်ပျက်ဖွယ် ကောင်းသော လူ့စရိုက်များအကြောင်းကို ဝေဖန်ကြသည်။ အဆုံးမှာတော့ ယောကျာ်းလေးနဲ့ မိန်းကလေးပတ်သက်မှုတွေက သဘာဝကျကျ ပြုမူစေခဲ့ပြီ။ အတူရှိနေခဲ့တဲ့ နေ့ရက်တွေက လတ်ဆတ်ချိုမြိန်နေခဲ့ပြီး ခံစားမှုတွေ အရှိန်ကောင်းနေဆဲ...။
နွေးထွေးတဲ့အချစ်တွေဟာ ထာဝရမြဲချင်မှ မြဲမယ်ဆိုတာသိပေမဲ့ ရယ်မောသံတွေ၊ ဂီတသံတွေ၊ ပြင်းပြင်းထန်ထန်ခံစားမှုတွေက သူမ ကိုယ်သူမ အစရှာမရလောက်အောင် ပျောက်ဆုံး နေခဲ့သည်လေ။
“နင် အသံသွင်းနေတုန်း ကိုထွဋ်ခေါင် ဖုန်းဆက်တယ်။ သူတို့ boss အရေးတကြီး အစည်းအဝေးခေါ်လို့ ချိန်းထားတာ မလာနိုင် တော့ဘူးတဲ့။ စိတ်မကောက်ပါနဲ့နော်တဲ့”
ပညာရေးအစီအစဉ်တစ်ခုအတွက် အသံသွင်းပြီး အခန်းတွင်းမှ ထွက်လာသော မိုးကို အေမီက ပြုံးစစနှင့် သတင်းပေးသည်။ ‘စိတ်မကောက်ပါနဲ့နော်’ဆိုတာက အေမီ့စကား ဖြစ် သည်ဆိုတာ သူမကောင်းကောင်းသိပါတယ်။ ပေကပ်ခေါင်းမာပြီး ဇွတ်တရွတ်လုပ်တတ်တာ ထက်မြက်အကင်းပါးတဲ့ ထွဋ်ခေါင်က စိတ်ကောက်ခြင်းကို အသိအမှတ် မပြုတတ်ပါ။
“အေမီ နင်ပြီးတော့မလားဟင်၊ နင်ပြီးရင် ငါ အချောသပ်စရာလေးရှိလို့”သူမက ဘာမှ မဖြစ်သလို အမူအရာနှင့်ပြောတော့ အေမီက
“အလုပ်ပဲ ကြိုးစားတော့မယ်ပေါ့လေ” ဟု အကဲခတ်ကြည့်ရင်း ပြောသည်။ မိုးနှုတ်ခမ်း တို့ ပြုံးမဲ့ရုံသာ...။
x x x
သူနှင့်သူမတို့ ချိန်းဆိုမှုတွေ တုံ့ဆိုင်းသွားကြသည်။ ပျော်ရွှင်ခဲ့တဲ့နေ့ရက်တွေ၊ အချိန်တွေ၊ အခြေအနေကနေတစ်စတစ်စ ဝေးကွာခဲ့ပြီ။ ယဉ်ကျေးသိမ်မွေ့သော လူ့အဖွဲ့အစည်းထဲမှာ နေထိုင်သူ၊ အကောင်းမြင်တတ်တဲ့ အရည်အသွေးကို သဘောကျသူ သူမအနေနှင့် ဖြေရှင်းချက်တောင်းမှ ပေးတတ်သည့်သူမျိုး ထွဋ်ခေါင်ကို မဖြစ်စေချင်ပါ။
တစ်ရက် မြေနီကုန်းမှတ်တိုင်မှာ ထင်ထင်ရှားရှား သွားဆုံသည်။ သူမ ကြိုက်နှစ်သက် သောပုံစံနှင့်။ ရှပ်အင်္ကျီအစင်းလေးကို ၃ ခေါက် လောက် ခေါက်တင်ထားပြီး ဂျင်းဘောင်းဘီ ပြာလွင်လွင်နှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော အမျိုးသားတစ်ဦးပါပေ။ သူ့ကို သူမချစ် သည်ဟုဆိုခြင်းထက် အထင်ကြီးမြတ်နိုးခြင်းဟု ဆိုက ပိုမှန်နိုင်ပါသည်။ တစ်နေ့မှာ သူ့ကို ပိုင်ဆိုင်ရလိမ့်မည်ဟူသော ယုံကြည်မှုကတော့ နည်းမှန်း သူမရိပ်မိသိရှိနိုင်ပါသည်။
“မိုး အတော်ပဲ၊ ဒီနားကဆိုင်မှာ စကားပြောရင်း အအေးသောက်ရအောင်”ဟု မျက်နှာ ပေါ်တွင် ဖြတ်ပြေးသွားသော အရောင်တစ်မျိုးကို နဂို အနေအထားအတိုင်း ပြန်ဖြစ်သွားအောင် ထိန်းချုပ်ရင်း စကားဆိုလေသည်။ သူ့ရဲ့ ယောကျာ်း ဆန်စွာဖိတ်ခေါ်မှုက တုံ့ပြန်ချင်စရာ
မကောင်း လှတာတော့ အမှန်။ ဒါပေမဲ့ သူမလည်း မိန်းမပီသစွာနှင့်ပဲ သူ့စကားလုံးတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ကြိုးစားမနေတော့ပါ။
ရန်ကုန်နွေက ပူပြင်းလောင်ရှလေသည်။ စူးရဲသောနေရောင်အောက်တွင် ရုန်းကန်လှုပ်ရှား သွားလာနေကြသည့် လူတို့၏မျက်နှာများက မှုန်မှိုင်းနေသည်။ ပူပြင်းလွန်းတဲ့ ရာသီကြောင့်ပဲ လူတွေရဲ့စိတ်တွေ နောက်ကျိနေသလား။ တစ်နေ့တခြား ပိုင်ဆိုင်လိုမှုတွေ များပြားလာတဲ့ လူတွေရဲ့လောဘ၊ ဒေါသ၊ မောဟတွေကြောင့်ပဲ ရာသီဥတုတွေ ဖောက်ပြန်လာတာလားတော့ မသိပါ။ သူမရှေ့မှာတော့ သူမ မမေ့နိုင်တဲ့၊ ဘယ်တော့မှလည်း မေ့ချင်စရာ မကောင်းတဲ့ ချစ်သူက ဖန်ခွက်ထဲထည့်လိုက်သဖြင့် ဆူတက်လာသော ကိုကာကိုလာဖျော်ရည်ကို စိတ်လို လက်ရသောက်ရင်း စကားစသည်။
“မိုး ထုတ်လုပ်တဲ့ အစီအစဉ်တွေတောင် မကြည့်ဖြစ်တာ အတော်ကြာပြီ၊ ကိုယ်အားကို မအားလို့လေ။ ခုရော မိုးဘာတွေ လုပ်နေလဲ”
“ဆီးချိုသွေးချိုနဲ့ အရိုးအဆစ်ရောဂါတွေ အကြောင်း၊ ဆရာဝန်ကြီးတွေနဲ့ Interview ပေါ့လေ”
“မိုးတို့အလုပ်က ဗဟုသုတ အစုံရတယ်နော်။ မိတ်ဆွေတွေလည်း တိုးတာပေါ့။ မိုးကို စိတ်ဝင်စားတဲ့သူတွေ များမှာပဲ။ ကိုယ်နဲ့လည်း ရိုက်ကွင်းမှာပဲ ဆုံဖြစ်ခဲ့တာပဲနော်”
အလုပ်နှင့်ပတ်သက်ပြီး သူ့ထံမှ ပထမဦး ဆုံးကြားရသည့် စကားများပါပေ။ ဝန်တို၍ ပြောခြင်းလား၊ ဂုဏ်ယူစွာဖြင့် ပြောခြင်းလား၊ နှစ်သိမ့်ခြင်းလား သူမ မဝေခွဲတတ်ခဲ့။
အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုနိုင်သော စကားလုံးများနှင့် လေယူလေသိမ်းတို့ကို ကျွမ်းကျင်စွာ တတ်မြောက်ထားသည့် ချစ်သူကို သူမ သဘောကျ ကျေနပ်စွာပဲ ငေးကြည့်နေမိသည်။
“ဟုတ်တယ်၊ မိုး ဒီအလုပ်ကို ရွေးချယ်ခဲ့တာ မိုးကိုယ်မိုး မှန်တယ်လို့။ ကိုယ်တိုင် ဝါသနာပါတော့ အလုပ်မှာ ပင်ပန်းတယ်ဆိုတာ မရှိဘူး။ ပင်ပန်းလည်း ခဏပဲ၊ ကိုယ့်လက်ရာ လေးတစ်ခု On air တက်သွားပြီဆိုရင် သိပ်ကြည်နူးတာ။ ဒါကြောင့် မိုးက ကိုယ့်အလုပ်ကို တန်ဖိုးလည်း ထားတယ်။ ဂုဏ်လည်းယူတယ်။ မိုးကို အလုပ်စဝင်ကတည်းက သင်ကြားပေး ခဲ့တဲ့ ဆရာတွေကိုလည်း ကျေးဇူးတင်တယ်။ ကို့ကို ချစ်ခဲ့ရတဲ့အတွက်လည်း ပျော်တယ်”
နောက်ဆုံးစကားကိုတော့ သူမတိုးတိတ်စွာပဲ ပြောခဲ့သည်။ ထွဋ်ခေါင်စိုးက အမည် မဖော်နိုင်သော ခံစားချက်တို့ဖြင့် သူမအား လှမ်းကြည့်ခဲ့လေသည်။ အဲဒီကတည်းက သူ့အကြည့်တွေကို သိပ်သဘောကျစရာမကောင်းတာ သူမ ဘာကြောင့် မသိခဲ့ရပါလိမ့်။
x x x
-၅-
မနက်ဖြန်ပေးရမည့် အစီအစဉ်တစ်ခုကို အပြီးသတ်ရင်း နာရီ လှမ်းကြည့်လိုက်တော့ ၆း၀၀ နာရီ။ အညောင်းပြေ အညာပြေ လမ်းလျှောက်ချင်တာကြောင့် အင်းလျားဘက်သို့ ထွက်လာခဲ့သည်။ နာရီဝတ်ခန့် လျှောက်လိုက်ရသည် ထင်ပါရဲ့။ ဗိုက်လည်း အနည်းငယ် ဆာနေပြီးမို့ ‘moon & bakery’ ဆိုင်ရဲ့ အပေါ်ထပ်သို့ တက်လာခဲ့သည်။ အပေါ်ထပ်မှာ စုံတွဲတစ်တွဲကလွဲပြီး ရှင်းနေသည်။အစွန်ကျကျ စားပွဲကို ရွေးချယ်ရင်း လမ်းမဘက် ငေးနေမိသည်။ တစ်နှစ်ဆိုသော
အတိုင်းအတာကသူမ နှလုံးသားတွေ သိမ်မွေ့စေခဲ့ပြီး။ သူမရှိရင် မဖြစ်ဘူးဟုထင်ခဲ့မိသော ဆုံးဖြတ်ချက်များက မယုံနိုင်စရာ ကောင်လောက်အောင် ပြောင်းလဲစေခဲ့ပြီ။ နှလုံးသားနဲ့ ရင်းပြီးရလိုက်တဲ့ အချစ်ဆိုတဲ့ စကားလုံးလေး နှစ်လုံးအပေါ်လည်း အမြင်ရှင်းခဲ့ပြီ။ ထွဋ်ခေါင်ရဲ့ သူမအပေါ် လူသား ဆန်ဆန်ပြောင်းလဲမှုကိုလည်း အပြစ်လို့ မမြင်တော့။ ထွဋ်ခေါင်ကိုတော့ တစ်ခါတစ်ရံ သတိရ မိပါသည်။
“ခမ်းမှာ သိပ်ချစ်ရတဲ့သူ တွေ့သွားပြီ ကိုကြီး။ ခမ်းနဲ့ ရွယ်တူဆိုတော့ ခမ်းအပေါ် နားလည်မှု ရှိတယ်။ကိုကြီးက ရှေးရိုးစွဲဝါဒီ သမား၊ ခမ်းနဲ့ အဆင်ပြေမှာ
မဟုတ်ဘူး။အဆင်ပြေမှာမဟုတ်ဘူး။ ကိုကြီး နဲ့ တော်မယ့် size ကိုသာ ရွေးဝတ်ပါတော့”
သွက်လက်ရဲတင်းသော လမ်းခွဲစကားသံလေးတစ်ခုကို သူမနောက်ကျောဆီမှ ကြားနေရသည်။ စပ်စုလိုစိတ်ကြောင့် မဟုတ်ပေမဲ့ တစ်ခါက သူမကိုယ်တိုင် ဒီလိုစကားမျိုး အပြောခံခဲ့ ရဖူးသူမို့ ကိုယ်ချင်းစာစွာ လှမ်းကြည့်လိုက်ခြင်း ဖြစ်သည်။ ‘ထွဋ်ခေါင်’...။ သူမ မအံ့ဩဘဲ မနေနိုင်တော့...။
“ဘယ်လိုဖြစ်တာလဲဟင်... ပြောပါဦး”
တိတ်ဆိတ်ခြင်းကို ဦးဆုံးဖြိုခွင်းလိုက်သည်က သူမ။ ထွဋ်ခေါင်မှာ ထင်ထားတာထက် ပိုပြီး မျက်နှာပျက်နေသည်။ သူ့ထက် ဆယ်နှစ်ခန့် ငယ်သော ကလေးမလေးတစ်ဦးရဲ့ ထိုးနှက် ချက်ကို ခံလိုက်ရ၍လား၊ သို့မဟုတ်ပါက အတိတ်ကို ပြန်ရောက်သွားခြင်းလည်း ဖြစ်နိုင် ပါသည်။
“ဝဋ်လည်တယ်ဆိုတာ ဒါမျိုးပေါ့နော် မိုး၊ ခုလို မိုးနဲ့ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ရတာလည်း ကောင်းပါတယ်။ တစ်ခါတည်း တောင်းပန်ပါရစေမိုးရယ်”ဟု သူမကို ရှက်ရွံ့စွာ ကြည့်ရင်း ဖျော့တော့စွာ ဆိုလေသည်။
“တောင်းပန်စရာမလိုပါဘူး၊ you ကို ကျေးဇူးတင်စကားတောင် ဆိုရဦးမှာ”ဟု မိုးက ပြောတော့..
‘ဘာဖြစ်လို့’ဟူသော အမူအရာမျိုးနှင့် သူမကို ဖျတ်ခနဲ ကြည့်သည်။
“ you ပြောခဲ့တယ်လေ၊ တို့ကို အလုပ်လုပ်ဖို့။ ဒီစကားကြောင့် အလုပ်တွေကို စိတ်နှစ်ပြီး လုပ်ခဲ့တယ်။ ဒါကြောင့် တစ်နှစ်အတွင်း program အများဆုံး ထုတ်လုပ်သူဆု ရခဲ့တယ်။ ၁/၂၀ဝ၅ Journalism coyres မှာလည်းfirst ရခဲ့တယ်။ ဒါကြောင့် you ကို ကျေးဇူးတင်တယ်လို့ ပြောရတာပါ”
အမှန်တကယ်ပါပဲ။ သူမရဲ့အသည်းကွဲခြင်း အတွေ့အကြုံက ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရှိခဲ့လို့ ကျေနပ်မိခဲ့သည်။ စွမ်းအားရှိသမျှ ပေးအပ်ခဲ့တဲ့ သူမရဲ့ဖရိုဖရဲစိတ်လက္ခဏာတွေဟာ သူမရဲ့ အလုပ်တွေအောက် ပြားပြားဝပ်စေခဲ့သည်။ အလုပ်ထဲမှာ သူမကိုယ်သူမ အမီလိုက်နိုင်အောင် ကြိုးစားရင်း သူမ ဘာဆိုတာသိစေခဲ့သည်။
ထွဋ်ခေါင်စိုးရဲ့အချစ်တွေဟာ ထာဝရမြဲချင် မှ မြဲမယ်ဆိုတာသိပေမဲ့ ရယ်မောသံတွေ၊ နွေးထွေးမှုတွေက သူမရဲ့နှလုံးသားကို တွေဝေ မိန်းမူးစေခဲ့သည်။
နောက်တစ်ခုက ပန်းချီဖြစ်သည်။ သူ့ကို ချစ်တဲ့စိတ်အစား ပန်းချီအပေါ် ချစ်တဲ့စိတ်အဖြစ် ပြောင်းလဲရယူခဲ့သည်။ ပန်းချီပြပွဲမှန်သမျှ မလွတ်တမ်းကြည့်ရင်း အချိန်တွေ ကုန်လွန်စေခဲ့သည်။ တစ်ခါတစ်ရံမှာတော့ သတိရလွမ်းဆွတ်စိတ်ကြောင့် ဆက်သွယ်ဖို့ကြိုးစားချင်ပေမဲ့ သူမကိုယ်သူမ ထိန်းချုပ်ရင်း တည်ငြိမ်စေခဲ့သည်။ ဘဝမှာ စိတ်ညစ်စရာကြုံရတာဟာ သူမတစ်ယောက် တည်းမှ မဟုတ်ပဲလေ...။
“အင်းလျားဘက် လမ်းလျှောက်ရအောင် မိုး”
ဒုတိယအကြိမ် တိတ်ဆိတ်ခြင်းကို ဖြိုခွင်း လိုက်သူက ထွဋ်ခေါင်။ မိုးတို့ရဲ့ ပြန်လည် တွေ့ဆုံခြင်းအစမှာ အခြေတကျမဖြစ်သေးသလို ပါပဲ။ သူ့ရဲ့ဖိတ်ခေါ်မှုအတွက်တော့ သူမ ဝန်လေးမနေတော့ပါ။
“မိုး”
“ပြောလေ”
“အချစ်ဆိုတာကို မိုးဘယ်လို အဓိပ္ပာယ် ဖွင့်မလဲ”
“အချစ်ဆိုတာ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ ပေးဆပ်ခြင်း၊ နားလည်ခြင်း စသဖြင့် ကိုယ်သန် ရာ အနက် ဖွင့်ကြတာပဲလေ။ ဘယ်သူတွေ ဘယ်လိုအနက်ဖွင့်ဖွင့် သူ့အဖြစ်အပျက်နဲ့သူ မှန် နေကြမှာပဲ။ မိုးကတော့လေ...”
“ရပ်မသွားနဲ့လေ”
““အင်း...။ မိုးကတော့ အချစ်ဆိုတာ ‘အကျိုးရှိအောင် ကိုယ်တူပြုခြင်း’လို့ ပြောချင် တယ်’
“ကိုယ်မရှင်းဘူး မိုး”
“ဪ လူတစ်ဦးက အခြားလူတစ်ဦးကို တကယ်ချစ်တယ်ဆိုရင် အဲဒီလူအတွက် ကောင်းရာကောင်းကျိုးကို အမြဲဆောင်ရွက်ပေးနိုင်သူ ဖြစ်ရမယ်။ ဒါမှလည်း ချစ်ရာရောက်မယ်၊ ဒီလိုချစ်ခြင်းမျိုးမှ ခိုင်မြဲတည်တံ့စေမှာလေ”
ပထမဆုံးအကြိမ်အဖြစ် အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ခြင်းရယ်ပါ။ စကားအဆုံးမှာတော့ ထွဋ်ခေါင်က မိုးရဲ့လက်ဖမိုးလေးကို ဆုပ်ကိုင်ရင်း
“ကျေးဇူးတင်ပါတယ် မိုးရယ်”ဆိုပြီး လင်းလက်တောက်ပသော အပြုံးပွင့်တို့ဖြင့် မိုးကို ရွှန်းရွှန်းစားစားပင် ကြည့်နေသည်။ သူမသည် သူမ နှစ်သက်ခဲ့သော ထက်မြက်စူးရှသည့် မျက်ဝန်းများထဲမှ ယုံကြည်မှုကို ရှာဖွေရင်း... အကြည့်ချင်းတို့ ဆုံသွားသည်။ ရင်ခုန်သံချင်း နီးကပ်သွားသည်။ အပြုံးနှစ်ခု ထိတွေ့သွားသည်။ အရာရာသည် ကြည်စင်လှပစွာ...။
ဆုပန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment