Home

အသိဥာဏ်ပညာ၊ စည်းစိမ် ဥစ္စာ၊ ကိုးကွယ်ဆည်းကပ်ရာနှင့် အောင်မြင်မှုဆိုတာ

သိန်းထောင် ကျော်တန် ကားကြီး တစ်စီးပေါ်မှာ ဟန်းဖုန်းကို တရစပ် ပြောရင်း အရှိန် ပြင်းပြင်း မောင်း သွားတဲ့ လုပ်ငန်းရှင် သူဋ္ဌေး တစ်ယောက်ရဲ့ အောင်မြင်မှု နဲ့ အရောင် အဆင်း မရှိတဲ့ အ၀တ်အစားတွေ ကို ၀တ်ထားတဲ့ ၊ ပုတီး တစ်ကုံးကို လွယ်ထားတဲ့ ၊ ကြည်လင်တဲ့ မျက်နှာ၊ အသား အရေ၊ စူးရှ တဲ့မျက်လုံးများ ပိုင်ရှင် ဘာသာရေး သမားတစ်ယောက် ရဲ့အောင်မြင်မှု က လှိုင်းတစ်ခု ရဲ့ ဟိုဘက် ဒီဘက် ထိပ်မှာ ရှိနေလို့ နှိုင်းယှဉ် စရာ မကောင်းတန် ရာ ပါဘူး။

ကျွန်တော် တို့ တစ်ဦးချင်းစီ ရဲ့ ဘ၀ အပေါ် ခံယူချက် တွေကို မှီတည်ပြီး တော့သာ ကွဲပြား ကြပါလိမ့်မယ်။ သွားရင်း လာရင်း လူအချို့က လူ တချို့ကို အမိန့်ပေးစေခိုင်းနေတာ။ လူ တချို့က လူ တချို့ကို ၀ပ်တွား ခစား နေတာ တွေကို တွေ့ရ မြင်ရ တော့ လောက ရဲ့ အုပ်စိုး ဆည်းကပ်ရာ ဟာ ဥစ္စာ ဓန လား၊ အသိဥာဏ် ပညာ လား၊
ရာထူး ဌာနန္တရ ဂုဏ်ထူး အာဏာ လားလို့ စဉ်းစား တွေးခေါ် စရာ ဖြစ်လာ ပြန်ပါတယ်။ ကျွန်တော့် အတွေး နဲ့ အတူ လိုက်ခဲ့ ကြပါဦး။

xxxxxxxxxxxxxxxxxxxxxxxxxx

ရုပ်ရှင်ကားကြီး တည်းဖြတ်ပြီးသွားတော့ အယ်ဒီတာ ကိုကျော်မင်းက အကောင်းဆုံး တော့ လုပ်ပြီး သွားပြီ။ အောင်မြင်ဖို့ မအောင်မြင်ဖို့ ကတော့ စောင့်ကြည့် ရမှာ ပဲလို့ ကောက်ချက် ချတယ်။ ဒီတော့ ကျွန်တော် ပြုံးလိုက် မိပါတယ်။ အောင်မြင်တယ် ဆိုတာ သူ ခံယူပုံ နဲ့ ကျွန်တော့် ခံယူပုံ နည်းနည်းလေး တော့ လွဲနေ တယ် ။ သူ နဲ့ နည်းနည်းလေး ပဲ လွဲနေပေမဲ့ လူ တော်တော် များများ အထူး သဖြင့် စီးပွားရေး သမားတွေ ရဲ့ ခံယူပုံ နဲ့ က များများကြီး လွဲနေမှာ သေချာ ပါတယ်။ ဒါပေမဲ့ ဒီ အသက်အရွယ် မှာ ဒီလို ရပ်တည် နေရတာကို ကျေနပ်ပြီး ဒီ အတိုင်းပဲ သက်တမ်းစေ့ နေသွားဖို့ ဆုံးဖြတ်ထား တဲ့ ကျွန်တော့် အတွက်တော့ လွဲလွဲလေးပဲ ကောင်းပါတယ်။

အနုပညာ ပစ္စည်းတစ်ခု ဆိုပါတော့ ရုပ်ရှင် ဇာတ်ကား တစ်ကား ရဲ့ အောင်မြင်မှုဟာ ရုံလူဝင်ခြင်း မ၀င်ခြင်း ပေါ်မှာ မူတည် ပါသလား။ ဒါဆို မေးခွန်း တစ်ခု အရင် ဖြေပါ။ လူတွေ ကြိတ်ကြိတ်တိုး ၀င်တဲ့ ဇာတ်ကားတိုင်း ကို ခင်ဗျား ကြိုက်ပါ သလား။ အဲဒီမေးခွန်း ရဲ့ အဖြေ နဲ့ အတူ ပထမ မေးခွန်းရဲ့ အဖြေကို ရပါလိမ့်မယ်။ ခင်ဗျား ရဲ့ အဖြေဟာ ခင်ဗျား ပေါ်မှာပဲ မူတည်ပါတယ်။

အနုပညာ ပစ္စည်း ရဲ့ အောင်မြင်မှု ကို ပညာရှင်တွေ ရဲ့ သတ်မှတ် တဲ့ ပေတံ နဲ့ တိုင်းတာဖို့ ပညာရှင်တွေ သွားခေါ်ဖို့ လိုပါ လိမ့်မယ်။ ဒါပေမဲ့ လောလောဆယ် တော့ ပညာရှင်တွေ အချင်းချင်း ရန်ဖြစ် နေကြ ပါတယ်။ ဒါကြောင့် အဲဒီ ဆုံးဖြတ်ချက်ကို ခဏ လက်လျှော့ ထားလိုက် ကြလည်း အမြင် မတူနိုင် ကြပါဘူး။ ထားလိုက်ပါတော့။ သူတို့တွေ အချင်းချင်း ဆက်ရန် ဖြစ်ကြပါစေ။

ဒီတော့ ခင်ဗျားအနေ နဲ့ ကျွန်တော့် ကို ပြန်လှန် မေးခွန်း ထုတ်နိုင် ပါတယ်။ ကျွန်တော့် သဘော ပေါ့။ ဟုတ်ကဲ့။ အဲဒီ နေ့ ကတည်း က ကျွန်တော့် အယ်ဒီတာ ကိုကျော်မင်း ကို ချက်ချင်းပဲ ကျွန်တော် ပြောပြ ခဲ့ပါတယ်။ ကျွန်တော့် အတွက် တော့ ကျွန်တော့် အနုပညာ ပစ္စည်း ရဲ့ အောင်မြင်မှု ဟာ ကျွန်တော့် အကြိုက် ပေါ်မှာပဲ မူတည် ပါတယ်။ ကျွန်တော် ကိုယ်တိုင် ကြိုက်ဖို့ က နံပါတ်တစ် အရေးကြီးဆုံး ပါ။ အဲဒီ ဇာတ်ကား ကို ရိုက်ကူး ခဲ့မိတဲ့ အတွက် ကျွန်တော့် ဘာသာ ကျွန်တော် ကျေနပ်မှု ရနေ၊ ကျွန်တော့် ဖန်တီးမှုကို ကျွန်တော့် ဘာသာ ကျေနပ်မှု ရှိခြင်း ၊ မရှိခြင်း ဆိုတဲ့ ပေတံ နဲ့ပဲ ဇာတ်ကားရဲ့ အောင်မြင်မှု ကို တိုင်းပါတယ်။ ကိုကျော်မင်းရေ....အစ်ကို တို့ အောင်မြင် ပါတယ် ကွာ။

xxxxxxxxxxxxxxxxxxxxxxxxxx

အောင်မြင်မှု ကို ရဖို့ ကျွန်တော် တို့ ဘာတွေ ပေးဆပ် ရမှာ လဲလို့ မေးခွန်း ထုတ်မိ ပြန်ပါ ရော။ ဒီတော့ အနုပညာ သမား တစ်ယောက် အဖို့ ရိုးစင်း ရှင်းလင်း တဲ့ အဖြေ က အလုပ်ပါ။ အလုပ် မလုပ်ဘဲ ဘာ အောင်မြင် မှုမှ မရ နိုင်ပါဘူး။ အလုပ် မလုပ်ဘဲ တစ်စုံ တစ်ယောက် ၊ တစ်စုံ တစ်ခုကို ချဉ်းကပ် ခစား ၀ပ်တွားလို့ ရမယ့် စည်းစိမ် လာဘ်လာဘ နဲ့ အောင်မြင် ကျော်ကြားမှု တွေကို ကျွန်တော် တို့ ရွံ့ရှာ စက်ဆုပ် တတ်ကြပါတယ်။ အဲဒီလို နည်းနဲ့ တည်ဆောက် ထားတဲ့ အောင်မြင်မှုတွေ ကို ကျွန်တော် တို့ အထင်ကြီးဖို့ ငြင်းဆန်လေ့ ရှိပါတယ်။ ဒါကိုပဲ ငတုံးတွေလို့ ကျွန်တော်တို့ နဲ့ လွဲသူတွေ က သတ်မှတ် ကြပြီး သူတို့ရဲ့ နီတိတွေ တစ်လှေကြီး ကို ရွတ်ပြ တတ်ကြ ပါတယ်။

`လူ့အောက်ကျို့လို့ မသေဘူး´ တို့ `ပဲပြားပင်လိုကျင့် ကျွန်းပင်လို့ မကျင့်နဲ့ ´ တို့ `ရေလိုက်ငါးလိုက် အလိုက်သင့် ကျင့်ကြံပါ´ တို့ ။

ကျွန်တော် ဟာ ဘုဂလန့် ဂွစာ လူမိုက်ရိုင်းကြီးတွေ ကိုလည်း

မကြိုက် ပါဘူး။ အသားလွတ် လူတွေ ကို ရိုင်းပျ တင်စီး ဆက်ဆံ နေတဲ့ လူတွေ နဲ့လည်း မဆက်ဆံ ချင် သလို သူ တို့ကို မှန်တယ်လို့လည်း မထောက်ခံ၊ အားမပေး ချင်ပြန်ပါဘူး။ ဘယ့်နှယ် ဗျာ၊ ကြီးသည် ငယ်သည် မဟူ ကျီးဘုတ် ရိုသေ၊ ဘုတ်ကျီး ရိုသေတော့ ရှိရ မပေါ့။ ဒီလောက် စာတွေ ဖတ်ထား တဲ့ ဟာ ယဉ်ယဉ် ကျေးကျေးတော့ ရှိသင့် သပေါ့။ ကိုယ်ချင်း ကိုယ်ချင်းတော့ ဒါမျိုးကို အကြောင်း သိလာလေ သည်းခံ နိုင်လာလေ ဆိုပေမဲ့ သူစိမ်းတွေ အတွက် ခါးတယ် မဟုတ်ပါလား။ ထားပါတော့။ ကျွန်တော် အဓိက ပြောချင်တဲ့ ဦးတည်ချက်က လောကမှာ ဘယ်လို အောင်မြင်မှု မျိုး ကိုမှ စစ်မှန်တဲ့ အောင်မြင်မှု လို့ ခေါ်မှာလဲဆိုတာ နဲ့ ဘယ်လို လူမျိုး ကိုသာ ကျွန်တော် တို့ ကိုးကွယ် ဆည်းကပ်ရာ ဖြစ်သင့်လဲ ဆိုတဲ့ အတွေးလေး တစ်ခုကို ပါ။ ဆက်ရအောင်......။

xxxxxxxxxxxxxxxxxxxxxxxxxx

ပိုက်ဆံက လွဲပြီး ဘာမှ မရှိတဲ့ ကျွန်တော့် သူငယ်ချင်း တစ်ဦး က အမြဲတမ်း ဒီလို မောက်မာလေ့ ရှိပါတယ်။ မင်းတို့ အနုပညာ သမား ဆိုတဲ့ ကောင်တွေ၊ အတတ် ပညာရှင်၊ အသိ ပညာရှင် ဆိုတဲ့ ကောင်တွေ ဟာ အချိန်တန် တော့ ပိုက်ဆံ မရှိလို့ မဖြစ်ဘူး ဆိုရင် ပိုက်ဆံ မလိုတဲ့ အနုပညာ ပစ္စည်းကို ကျွန်တော် တို့ လုပ်ပါမယ်။ ပိုက်ဆံ မရှိလို့ အနုပညာဖန်တီး လို့ မရရင် ကျွန်တော်တို့ ဆင်းရဲတယ် လို့ ခေါ်ပါတယ်။ ဒါကြောင့် အင်တာဗျူးတစ်ခုမှာ `ဒါရိုက်တာ ဆိုတာ အနုပညာ အဆင်းရဲဆုံး အနုပညာ သမားပါ´ လို့ ကျွန်တော် ပြောခဲ့ပါတယ်။ စာရေးတဲ့အခါ မင်းသား ကို ရက်ချိတ်ဖို့ လည်း မလို၊ ပရိုဂျူဆာ နဲ့ ကုန်ကျ စရိတ် ညှိစရာ လည်း မလို၊ တစ်ချက် လောက်တော့ ထိုးပါလို့ ပြောတဲ့ နယ်ကိုယ်စားလှယ် ရဲ့ စကားကို အားနာ ပါနား နားထောင် စရာ လည်း မလို တော့ဘူး။ ပိုက်ဆံ လိုချင် ရင် တခြား အလုပ် လုပ်ပေါ့၊ အနု ပညာ မလုပ် နဲ့လို့ ဆုံးမ ခဲ့တဲ့ ကျွန်တော့် ဆရာ တစ်ယောက် ကို ညတိုင်း ရှိခိုး တုန်းပါ။

xxxxxxxxxxxxxxxxxxxxxxxxxx

ဒါပေမဲ့ ပိုက်ဆံ မရှိ လို့မှ မဖြစ် တာလို့ ညည်းကြ တဲ့ ကျွန်တော့် ရဲဘော် တွေ ပိုက်ဆံ ထုတ်ပေးနိုင် တဲ့ သူရှေ့ အတုံး အရုံးကျဆုံး ကုန် ကြတာ မြင်တော့ လောကကြီး မှာ အုပ်စိုးရာ ငွေလား၊ အာဏာလား ၊ အသိဥာဏ် ပညာလား ဆိုတဲ့ မေးခွန်းဟာ တစစ်စစ် လှိုက်စားလို့ လာပြန် ပါတော့ တယ်။ အဖြေ၊ အဖြေ။ အဖြေဟာ တစ်နေရာရာ မှာ ရှိရမယ်။ ရှိကို ရှိရမယ်။

ဒီလိုနဲ့ စဉ်းစားရင်း ဗုဒ္ဓရဲ့ ပါရမီ ဆယ်ပါးကို ထင်ပေါ်ထင်ရှား ရင့်မှာ တစ်ကျိတ် ဇာတ်ကြီး ဆယ်ဘွဲ့ထဲ က ပညာ ပါရမီ အဓိက ပေါ်လွင်တဲ့ မဟောသဓာ ကို သတိရ လာပါ တော့တယ်။ ဒါနဲ့ ဆရာတော် ဦးသြဘာသရဲ့ ဇာတ်တော်ကြီး ဆယ်ဘွဲ့ စာအုပ်ကို ချပြီး ဖတ်မိ ပါတော့ တယ်။ ဖတ်ရင်း ဖတ်ရင်း ကြက်သီး မွေးညင်း တွေ ဖျိုးဖျိုး ဖျင်းဖျင်း ထ၊ ပီတိ သောမနဿ တွေ ပွားလို့ မိတ်ဆွေ တွေ အတွက် လက်ဆင့် ကမ်းလိုက် ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxx

သေနက၊ ပက္ကုသ၊ ဒေ၀ိန္ဒ၊ ကာမိန္ဒအမတ်ကြီး လေးယောက်နဲ့ မဟောသဓာသုခမိန်တို့ အကြိမ်ကြိမ် အလီလီ စကားတွေ စစ်ထိုးကြ၊ ဥာဏ်ပညာ ပြိုင်ကြတာ တွေ ထဲက သိရီမန္တ ပြဿနာ အဖြေ ရှာခန်း က ကျွန်တော် တို့ အတွက် အဖြေကောင်း ပေးခဲ့ ပါတယ်။ ၀ိဒေစရာဇ်မင်းကြီး က လောက မှာ စည်းစိမ် ဥစ္စာ ကြွယ်ဝသူ နဲ့ ဥာဏ်ပညာ ကြီးမားသူ ဘယ်သူက မြင့်မြတ် သလဲ ဆိုတော့ အမေး ပုစ္ဆာကို မေးခဲ့ ပါတယ်။

ဒီ အခါ မှာ သေနက အမတ်ကြီး က

``အရှင် မင်းကြီး မည်သူ မဆို မည်မျှ ပညာ တတ်သည် ဖြစ်စေ၊ မည်မျှ အမျိုး မြတ်သည် ဖြစ်စေ၊ စည်းစိမ် ဥစ္စာ ရှိသော သူ၏ အခ ကြေးငွေ ပေး၍ ခိုင်းစေခြင်း ကိုသာ ခံရ ပါသည်။ ထို့ကြောင့် စည်းစိမ် ဥစ္စာ ရှိခြင်း မရှိခြင်း နဲ့ မဆိုင်ပါ။ ကောင်းမှု မကောင်းမှု ၊ ကုသိုလ် အကုသိုလ် တရား တို့ကို ခွဲခြား သိနိုင်သော အသိဥာဏ် ပညာမရှိသော သူတို့သည် စည်းစိမ် ဥစ္စာ ရမ္မက်ကြောင့် သူတစ်ပါး ဥစ္စာ၊ သူတစ်ပါး အိမ်ရာ ကို ရှောင်ကြဉ် ရကောင်းမှန်း မသိဘဲ ကျူးလွန်လေ့ ရှိကြ ပါသည်။ ထိုသို့ ကျူးလွန်၍ ရထားသော ဥစ္စာသည် ချီးမွမ်း ဖွယ်ရာ မရ ဖြစ်သည့် အပြင် သေလွန် ပြီးသော အခါ ထို ကုသိုလ် ဒုစရိုက် တို့ အတွက် ငရဲ အစ ရှိသော အပယ် လေးဘုံ မှာ ခံရ ပါလိမ့် ဦးမည်။ လူ့ ဘ၀သို့ ပြန်ရောက် လာခဲ့ လျှင်လည်း ယုတ်ညံ့သော လူ အဖြစ် သို့ ကျရောက် ရပါဦးမည်။ ထိုသို့ အကျိုးအပြစ် ကို မသိခြင်း မှာ ဥစ္စာ ရှိခြင်း မရှိခြင်း ထက် အသိဥာဏ် ပညာ ရှိသော သူ ဆင်းရဲ က သာလွန် မြင့်မြတ် ပါသည်´´လို့ ဖြေလိုက် ပါတယ်။
ဒီ အခါ မှာ သေနကအမတ်က......

`အရှင် မင်းကြီး မဟောသဓာ ဟာ ဥာဏ်ပညာ မည်မျှပင် ရှိစေကာ မူ လောက အရေး ကို သိဖို့ အတွေ့ အကြုံ နည်းသေး တဲ့ နို့နံ့ တောင် မစင် သေးတဲ့ ကလေး သူငယ်ပါ။ ဒီ ကိစ္စကို ဆုံးဖြတ်ဖို့ ရာ လောကကြီး ရဲ့ အတွေ့အကြုံ လိုပါတယ်´ လို့ ပြောပါ သတဲ့။

`အရှင် မင်းကြီး နေပြည်တော် မှာ ဂေါဝိန္ဒသူဌေးကြီး ဟာ လူစဉ် မမီ တဲ့ ရောဂါသည်ကြီး ပါ။ သူ့ ပါးစောင် က ပုပ်ဟောင် နေတဲ့ အရိ အရွဲ အရည်တွေ ဟာ အဆက် မပြတ် စီးကျ လို့ နေပါတယ်။ အဲဒီ အရည်တွေ ကို နတ်သမီး တမျှ လှပတဲ့ အပျိုမလေး နှစ်ယောက် က ကြာညိုပွင့် တို့နဲ့ ခံပေး ရပါတယ်။ ဒါကို အရက်သမားတွေ က အဲဒီ ကြာညိုပန်း ကို လိုချင်တဲ့ အခါ အရှင်သူဌေးကြီး လို့ အသံပေး ကြပါတယ်။ အဲဒီ အခါ မှာ ခုနက မိန်းမပျိုလေးတွေ က အဲဒီ အာပုပ်ရည်ခံ ကြာညိုပန်း တွေကို ပြတင်းပေါက် ကနေ ပစ်ချ လိုက်တဲ့ အခါ အရက်သမားတွေ ဟာ ၀မ်းသာ အားရ ဖမ်းယူ ကြပြီး သူတို့ နားမှာ ပန်ဆင်ကြ လို့ အရက်ဆိုင် ကို ပျော်ရွှင် စွာ သွားကုန် ကြပါတယ်။ ဒီ အဖြစ်အပျက်ကို ကြည့်လိုက်တာ နဲ့ စည်းစိမ် ဥစ္စာရှင် ယုတ်စွ အဆုံး နူနေ သည့်တိုင် ဘယ်လောက် တန်ခိုးသြဇာ ကြီးမားတယ် ဆိုတာ တွေ့ရ ပါလိမ့်မယ်´

မဟောသဓာ ဟာ သေနကရဲ့ အဆို ကို မတုန်လှုပ် ပါဘူး။

`အရှင် မင်းကြီး သူယုတ်မာ တို့ မည်သည် အတိတ် ဘ၀ဟောင်း မှ ကံကြောင့် ယခု ဘ၀တွင် မည်မျှပင် စည်းစိမ်ဥစ္စာ ခံစား နေရ စေကာ မူ အကုသိုလ်၊ ဒုစရိုက် တို့တွင် သာ ပျော်မွေ့လေ့ ရှိပြီး ကုသိုလ် ကောင်းမှုကို သတိရခြင်း ပြုမူ ဆောင်ရွက်ခြင်း မရှိပါ။ အမှန် စင်စစ် အားဖြင့် စည်းစိမ် ဥစ္စာ ဆိုသည်မှာ ကံဟူသော အရိပ်ကောင်း အောက်တွင် ခေတ္တ ခဏ ခိုနား လာသည့် ဧည့်သည် သဖွယ်သာ ဖြစ်ပါသည်။ ထာဝရ တည်တံ့သည့် သဘောကို မဆောင်ပါ။ အသိဥာဏ် ပညာ မရှိသောသူသည် ထိုသဘော ကို နားမလည်ဘဲ သူ၏ စည်းစိမ်ကို ထာဝရဟု အောက်မေ့ ယုံမှား တတ်ပါသည်။ ယုံမှားသည့် အလျောက်လည်း တည်ဆောက် တတ်ပါသည်။ တစ်စုံ တစ်ခုသော ပင်ပန်း ဆင်းရဲခြင်း ကို ကြုံသော အခါ တွင်လည်း ထိုမက တည်မြဲသည့် သဘောကို မဆင်ခြင်မိဘဲ ပင်ပန်းဆင်းရဲခြင်းမှာ ပူပင်ပြင်းပြစွာ ဒုက္ခကို ခံစားပြီး ယခင် ချမ်းသာခဲ့ဖူးသော စည်းစိမ်ကိုသာ တတမ်းတမ်းတတတ နေတတ်ကြပါသည်။ ထိုအကျိုးအပြစ်ကို မသိသော စည်းစိမ်ဥစ္စာရှင် သူမိုက်တို့ထက် အသိဥာဏ် ပညာရှိသော သူဆင်းရဲတို့က မြတ်ပါသည်´ လို့ ပြန်ချေပပါတယ်။ ဒီအခါမှာ သေနက အမတ်က...

`အရှင်မင်းကြီး တောအုပ်ထဲ မှာ ချိုသော ဆိမ့်သော အသီးများ ပင်လုံး ကျွတ်မျှ သီးနေသော အပင်တို့ဝယ် ကျေးငှက် သာရကာ တိရစ္ဆာန် အပေါင်းတို့သည် အမှီပြုရ သကဲ့သို့ စည်းစိမ်ဥစ္စာ ရှိသော သူတစ်ဦး ရှိလျှင် ပတ်ဝန်းကျင် မှ လူအပေါင်းတို့သည် အရိပ် အာဝါသ ခိုလှုံခွင့် ရကြပါသည်။ ထို့ကြောင့် စည်းစိမ် ဥစ္စာ ကသာ လျှင် မြတ်ပါသည်´

ဒီတော့ မဟောသဓာက

`အရှင်မင်းကြီး မည်မျှသော စည်းစိမ် ဥစ္စာ၏ ကူညီထောက်ပံ့ခြင်းကို ပေးနိုင် စေကာမူ အသိဥာဏ် ပညာ မရှိသောသူ တို့သည် ကုသိုလ် အကုသိုလ် တရားကို ခွဲခြား မသိသောကြောင့် သံသရာ၏ ဆင်းရဲ ဒုက္ခကို ကျရောက် စေနိုင် ပါသည်။ ထို ဆင်းရဲ ဒုက္ခ မှ ကင်းလွတ်ရာ လမ်းကို ပညာရှိသူက သာလျှင် ညွှန်ပြနိုင်ပါသည်။ ထို့ကြောင့် ပညာရှိ သူက သာလျှင် မြတ်ပါသည်´

သေနက အမတ်ကြီးဟာ တစ်မျိုး တစ်ဖုံ ဥပမာ ပေးပြန် ပါတယ်။

`အရှင်မင်းကြီး လောကတွင် မည်သည့် မြစ်ချောင်းတို့ မဆို သူတို့ ကြီးမားသော ဂင်္ဂါမြစ် အတွင်းသို့ ၀င်သော အခါ မိမိတို့ ၏ အမည် နာမများ ကို စွန့်ထားခဲ့ ရကာ ဂင်္ဂါမြစ်၏ အမည်ကို သာ ခံယူ ရပါသည်။ ဂင်္ဂါ သည်လည်း မဟာ သမုဒ္ဒရာ သို့ ၀င်သော အခါ ဂင်္ဂါ အမည် ကို ဆက်လက် ထိန်းသိမ်းခြင်း ငှာ မစွမ်းသာ ပါ။ မဟာသမုဒ္ဒရာ ၏ နာမ အောက်တွင် ပျောက်ကွယ်ရ ပြန်သည်။ ထို ဥပမာ ကို ကြည့်ပါ။ မည်မျှ ပင် အမျိုး အနွယ် ပညာ အားဖြင့် မြင့်မြတ် သည် ဖြစ်စေ၊ စည်းစိမ် ဥစ္စာ ရှိသော သူထံ အခစားဝင် လုပ်ကိုင် ရသောအခါ သူတို့၏ အမျိုးအနွယ်၊ ပညာ မှန်သမျှ ကို စွန့်ကာ အခစား ဘ၀ ဖြင့် နေရ ပါသည်။ ထို့ကြောင့် ပညာ ထက် ဥစ္စာက မြတ်ပါသည်´

မဟောသဓာ က သေနက ရဲ့ ဥပမာကို ဒီလိုပြန်ချေပ ပါတယ်။

`အရှင် မင်းကြီး သေနက ၏ ဥပမာ မဟာသမုဒ္ဒရာ သည် မည်မျှ ပင် ကြီးမားသည့် လှိုင်းတံပိုးများ ဖြင့် ပုတ်ခတ် စေကာမူ မဟာ ပထ၀ီ မြေကမ်းပါး သို့ ရောက်သော အခါ ကြေပျောက် ၀ပ်တွား ရသကဲ့သို့ ပင် မည်မျှ စည်းစိမ် ဥစ္စာ ချမ်းသာသည် ဖြစ်စေ၊ မသိ နားမလည်သော သူတို့သည် သိနား တတ်ကျွမ်းသော ပညာရှင် နှင့်တွေ့သော အခါ ၀ပ်တွား နာယူရ စမြဲ ဖြစ်ပါသည်။ ထို့ကြောင့် ပညာ အရာ ကသာ မြတ်ပါသည်´

ဒီအခါမှာ သေနက အမတ်ကြီးက အရှင်မင်းကြီး နာယူတော်မူပါဦးလို့ လျှောက်ပြန်တယ်။

`အရှင်မင်းကြီး လောက မှာ ပေးကမ်းခြင်းသည် အောင်မြင်ရာ၊ ငွေများ တရားနိုင် ဆိုတဲ့ စကားတွေ ဟာ အလကား ပေါ်လာတာ မဟုတ်ပါဘူး။ စည်းစိမ် ဥစ္စာ ရှိတဲ့ သူဟာ ဘယ်လောက်ပဲ တရားပျက်ပျက်၊ ဘယ်လောက်ပဲ အကျင့် ပျက်ပျက် မင်းပရိသတ် အလယ် မှာ သူတို့ရဲ့ အလိုဆန္ဒကို လိုက်လျောမယ့်သူ၊ ထောက်ပံ့မယ့်သူတွေသာ ပြည့်နေပါတယ်။ ဒါဟာ စည်းစိမ်ဥစ္စာက အသိပညာထက် မြင့်မြတ်တယ်လို့ သက်သေ တစ်ခု ပြနေတာပါပဲ´

မဟောသဓာကလည်း သေနကရဲ့ စကားကို ပြန်ချေပါတယ်။

`အရှင် မင်းကြီး မဟုတ်သော မမှန်သော အခြင်း အရာ အကြောင်း တရား တို့ မည်သည်မှာ ပစ္စုပန်တွင် လည်း မမှန် သလို နောင်သံသရာ တမလွန်တွင် လည်း မမှန်သော အကျိုးဆက်ကို သာ ပေးပါ လိမ့်မည်။ သူမိုက်တို့ သည် လတ်တလော အနိုင် ရရှိမှု ကိုသာ တွက်ကာ တရားမှု မှ မတရားမှု၊ ဓမ္မမှ အဓမ္မ သို့ စည်းစိမ် ဥစ္စာ ရာထူး အာဏာကို သုံး၍ ပြောင်းလဲ ပစ်ကြသည်။ ထိုသို့ ပြောင်းလဲ ပစ်ခြင်းကို လောက တွင် လူအပေါင်း တို့ မကျေနပ် ကဲ့ရဲ့ ခြင်းကို ခံရသည်။ ပညာရှိတို့ ၏ စက်ဆုပ်ခြင်း ကို ခံရသည်။ နောင်တမလွန် တွင်လည်း ထို မကောင်းမှု မတရားမှု ၏ အကျိုးဆက် အဖြစ် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် ဘုံများ တွင် ကျင်လည် ကျခံ ရပါဦး မည်။ ထိုသို့ ပစ္စုပ္ပန် အကျိုး ၊ အနာဂတ် အကျိုးကို ရှေးရှု တွေးမြင် တတ်သော ပညာရှိတို့ သည် မည်မျှပင် ဆင်းရဲ နေစေကာ မူ ၊ အသိဥာဏ် ပညာ ကင်းမဲ့သော ဥစ္စာဓန ကြွယ်ဝသူ တို့ထက် မြင့်မြတ် ပါ၏´

ဒီအခါ မှာ သေနက အမတ်က မဟောသဓာ ရဲ့ စကား ကို ဒီလို ပြက်ရယ် ပြုပါတယ်။

`အရှင် မင်းကြီး လူဘုံ အလယ် မှာ ကိုယ်ရောင် ကိုယ်ဝါ မွဲတေ ဆင်းရဲ နေတဲ့ လူတစ်ယောက် ဟာ ဘယ်လောက် ပဲ အသိဥာဏ် ပညာတွေ ရှိနေပါစေ၊ သူပြောတဲ့ စကားတွေ ဘယ်လောက် ပဲ မှန်ကန် ပါစေ၊ ဘယ်သူ တွေက အဖက် လုပ်ပြီး နားထောင်ကြမှာ လဲ။ လူအများ အုန်းအုန်း ကျွတ်ကျွတ် ၀န်းရံ ခစား နေတဲ့ သူဌေး သူကြွယ် တွေနဲ့ အံတု အံပြိုင် ပြောရေး ဆိုရေး ပြိုင်ဆိုင် လာမယ် ဆိုရင် ပိုးစုန်းကြူး က နေထွက် ရင် ကွယ်ရသလို ရှုံးရ စမြဲ ပါပဲ။ ဒါကြောင့် စည်းစိမ် ဥစ္စာကသာ မြတ်ပါတယ်´

မဟောသဓာ သုခမိန် ဟာ သေနက အမတ် ကို ဒီလို ပြန်ချေပ ပါတယ်။

`အရှင် မင်းကြီး ဥစ္စာ ဓန ရှိသော သူဟာ မိမိအတွက် ၊ မိမိ မိသားစု အတွက် ကိုသာ ရှေးရှုပြီး လူအများ ရဲ့ ပစ္စုပ္ပန် အကျိုး၊ အနာဂတ် အကျိုး တို့ကို လျစ်လျူရှု တတ်ပါတယ်။ ပညာရှိ တို့ မည်သည် မိမိ အတွက် ၊ တစ်စုံ တစ်ခုသော လာဘ်လာဘ အတွက် ၊ မဟုတ် မမှန်သော လူအများ အတွက် အကျိုး မရှိသော စကားကို မဆိုပါ။ ဒါကြောင့်လည်း လူအများတို့က ဥစ္စာ ဓန မရှိသည့် တိုင် ပညာရှိ တို့ကို မှီဝဲ ဆည်းကပ် ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ပညာရှိခြင်း ကသာ မြတ်ပါတယ်´ လို့ဖြေပါတယ်။ သေနက အမတ်ဟာ...

`အရှင် မင်းကြီး လက်တွေ့ အားဖြင့် ကြည့်လိုက်ပါ။ ဆင်၊ မြင်း ၊ ကျွဲ၊ နွား ၊ ရွှေငွေ၊ ကျောက်သံပတ္တမြား ၊ သတို့သမီး ရတနာ အစေ အပါး အခြံအရံ တွေဟာ ဥစ္စာဓန ရဲ့ ပြယုဂ်တွေ ပါ။ ဒါတွေ ကို လူအပေါင်း က ဘုန်းကျက် သရေ စည်းစိမ်ကြောင့် ဖြစ်ရတယ် လို့ သတ်မှတ် ကြပါတယ်။ ဒါတွေ ကို မကောင်းဘူး၊ ဒါတွေရှိတာ မကောင်းဘူး လို့ ဘယ်လိုသော သူမျိုး ကမှ မပြောနိုင် သလို ဘယ်သူက ပြောပြော ဘယ်သူက မှ လည်း လက်ခံနိုင် မှာ မဟုတ်ပါဘူး။ ဒါကြောင့် မည်မျှပင် စကားအား ဖြင့် အချေ အတင် ပြောရ စေကာမူ ပညာဥာဏ် ထက် ဥစ္စာဓနက သာ မြင့်မြတ် ပါတယ်´ လို့ ပြောလိုက် ပါတော့တယ်။

ဝိဒေဟရာဇ် မင်းကြီးဟာ ဘယ်နှယ့် ရှိစ ဆိုတဲ့ သဘော နဲ့ မဟောသဓာ ကို ကြည့်လိုက် တယ်။ မဟောသဓာ သုခမိန် ဟာ တည်ငြိမ် တဲ့ အသွင်အပြင် နဲ့ ပဲ ဒီလို လျှောက်တင် လိုက်ပါတယ်။

`အရှင် မင်းကြီး မည်မျှ ပင် ရှေးအတိတ် ဘုန်းကံကြောင့် မည်မျှ ပင် ဥစ္စာ ဓန စည်းစိမ် ကြွယ်ဝ နေစေ ကာမူ ဥာဏ်ပညာ မဲ့သော သူတို့ဟာ ကောင်းသော အကြံအစည် ၊ ကောင်းသော အတွေးအခေါ် ၊ ကောင်းသော အလုပ်ကိုင်တို့ကို တွေးခေါ် ကြံစည် လုပ်ကိုင်နိုင်စွမ်း မရှိကြဘဲ သူမိုက် သူမိုက်ချင်းသာ မွေ့လျော် ပေါင်းသင်းပြီး ဒုစရိုက် အမှုများ ကို ရှောင်ကြဉ်ပြီး ကုသိုလ် ကောင်းမှု များကိုသာ ဆောက်တည်နိုင်ဖို့ရာ ဥာဏ်ပညာ ရှိသောသူများ ကသာ လမ်းညွှန် တည့်မတ် ပေးနိုင်ပါတယ်။ ဒါကြောင့် အသိဥာဏ် ပညာ ကသာ မြင့်မြတ် ပါတယ်´

ဝိဒေဟရာဇ် မင်းကြီး ရဲ့ အကြည့်က သေနက အမတ်ကြီး ဆီ ရောက်သွား ပြန်တယ်။ သေနက အမတ်ကြီးဟာ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်သဘောနဲ့...........

`အရှင်မင်းကြီး ရှည်ရှည် ဝေးဝေး တွေးမနေ ပါနဲ့တော့။ ကျွန်တော် တို့ သုခမိန်ငါးယောက် ဟာ ပညာရှိ အမတ်ကြီး တွေလို အသိဥာဏ် ပညာ ကို ရှာဖွေ သိုမှီးထားတဲ့ သူတွေပါ။ ဒါပေမဲ့ ရေမြေ့သခင် ရွှေနန်းရှင် အရှင်မင်းကြီး ဆီမှာ အခစား ၀င်နေကြ ပါတယ်။ ဒါကိုက အသိပညာ ထက် စည်းစိမ် ဥစ္စာ က ပိုမြတ်ပါတယ် ဆိုတာ အထင်ရှားဆုံး သက်သေ ပါပဲ။ တကယ်လို့ ပညာကသာ ဥစ္စာထက် ပိုမြတ်တယ် ဆိုရင် အရှင်မင်းကြီး အပါအ၀င် ထီးဆောင်းမင်း အပေါင်းတို့ ဟာ ပညာရှိ အမတ်တွေ ကို ပြန် အခစား ၀င်ရ မလို ဖြစ်နေ ပါပြီ´

ဒီ စကား ဟာ မဟောသဓာ ကို ချည်ပြီး တုပ်ပြီး ပြောလိုက်တာ ပါပဲ။ ဒါပေမဲ့ မဟောသဓာ သုခမိန် ဟာ အေးဆေး တည်ငြိမ်စွာ နဲ့ ခုလို လျှောက်တင် လိုက်ပါတယ်။

`အရှင်မင်းကြီး လောက မှာ အဆူဆူ ပွင့်ခဲ့သော ဗုဒ္ဓဘုရားရှင် အပေါင်းတို့ ဟာ လေးအသေင်္ချ နဲ့ ကမ္ဘာ တစ်သိန်း ၊ ရှစ်အသင်္ချေ နဲ့ ကမ္ဘာ တစ်သိန်း ကျင့်ကြံ အားထုတ် စုဆောင်း ခဲ့သမျှဟာ ဆယ်ပါးသော ပါရမီသာ ဖြစ်ပါတယ်။ စည်းစိမ် ဥစ္စာတွေ မဟုတ်ပါဘူး။ နောက်ဆုံး သစ္စာလေးပါး ကို ထိုးထွင်း သိမြင်သော အခါမှာလည်း မည်သည့် စည်းစိမ် ဥစ္စာကို မှ ပိုင်ဆိုင်ခြင်း မပြုတော်မူ ပါဘူး။ သဗ္ဗေညုတ ရွှေဥာဏ်တော်ကြီး နဲ့ပဲ သတ္တ၀ါ တို့ကို သံသရာ ၀ဋ်ဆင်းရဲ ဒုက္ခမှ ကယ်တင်နိုင် ပါတယ်။ သူဌေးသူကြွယ် ၊ ရေမြေ့ရှင် ထီးဆောင်း မင်း အပေါင်းသာမက နတ်မင်း ၊ သိကြားမင်း ၊ ဗြဟ္မာမင်း အပေါင်းတို့ရဲ့ ရှိခိုး ပူဇော် သက္ကရပြုရာ အဖြစ်လည်း ရောက်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓကို ကိုးကွယ် ဆည်းကပ်ရာ မှာ စည်းစိမ် ဥစ္စာတွေ ချမ်းသာ ကြွယ်ဝ လို့ ၊ ရာထူး ဌာနန္တရ တန်ခိုးအာဏာ တွေ ကြီးမားလို့ မဟုတ်ပါဘူး။ သဗ္ဗေညုတဥာဏ် သစ္စာ လေးပါး တရားကို ထိုးထွင်း သိသော ဥာဏ်ပညာ အနန္တကိုသာ ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အသိဥာဏ် ပညာကသာ စည်းစိမ်ဥစ္စာ ထက်မြတ်ခြင်း မက မြတ်ပါတယ်´

ပြုံးပြုံးကြီး ဖြစ်နေတဲ့ ၀ိဒေဟရာဇ် မင်းကြီး ဟာ သေနက အမတ်ကြီး ကို မျက်ထောင့်နီကြီးနဲ့ ကြည့်တယ်။ သေနက အမတ်ကြီး ကတော့ တုတ်တုတ်မျှ မလှုပ်တော့ ပါဘူး။

xxxxxxxxxxxxxxxxxxxxxxxxx

မဟောသဓာ ဇာတ်တော်ကြီး ကို ပြန်ဖတ်ပြီးတော့ အရမ်းကို ဘ၀င်ကျစေတဲ့ ဇာတ်ဝင်ခန်း နှစ်ခန်း ရှိပါ သေးတယ်။ တစ်ခန်းက တော့ တစ်ရာ့ တစ်ပါးသော မင်းအပေါင်း တို့ကို ဥမင်လိုဏ်ခေါင်း ထဲ ပိတ်ထားပြီး ဂင်္ဂါမြစ်ကမ်း မှာ အာဏာရူး စူလနီဗြဟ္မဒတ်မင်း ရဲ့ လက်တစ်ဖက် ကို ဆွဲပြီး သန်လျက်နဲ့ ချိန်ရွယ်ကာ မေးတဲ့ အခန်း ပါပဲ။

`ဟယ်.....မင်းယုတ်၊ ဤ ဇမ္မူဒိပ် ကျွန်းလုံး နိုင်ငံ အပေါင်း တို့သည် မည်သူ ၏ ဥစ္စာ ဖြစ်သနည်း´

`အသက် အသက်ကို ချမ်းသာပေးပါ။ သုခမိန်ကြီး ၊ ကျွန်ုပ်၏ နန်းစည်းစိမ် မှန်သမျှ ပိုင်ဆိုင် သမျှ အသင် သုခမိန် ၏ ပိုင်ဆိုင်မှု ဖြစ်စေ ရပါမည်´

သူ့ အသက်ကို သတ်ဖို့ ၀န်မလေး ခဲ့တဲ့ သူတွေဟာ သူတို့ အသက် သေမှာကို အရမ်းကြောက်ရွံ့တတ်ပါတယ်။ ဒီတော့မှ မဟောသဓာဟာ.......

`အို....အရှင်မင်းကြီး ကျွန်ုပ်အနေဖြင့် အလို ရှိပါက သင်၏ နိုင်ငံ မပြောနှင့် ၊ နိုင်ငံ အပေါင်းတို့၏ ထီးနန်း စည်းစိမ်ကို ကျွန်ုပ်၏ အသိဥာဏ်ပညာ ဖြင့် ရယူ နိုင်စွမ်း ရှိပါ၏။ အင်း အဖြစ် ကို ရဖို့ အတွက် သူတစ်ထူး ၏ ရှေးဘုန်း ရှေးကံကြောင့် ဖြစ်သော စည်းစိမ်ဥစ္စာ မတရား လုယူ သိမ်းပိုက်ခြင်း သည် အာဒိန္နဒါနကံ မြောက်ပါ၏။ မင်း အဖြစ် ကို ရဖို့ အတွက် တစ်ပါးသူ တို့ ၏ အသက် အိုးအိမ် စည်း စိမ် ဥစ္စများ ကို ဖျက်ဆီး ရခြင်းသည် ပါဏာတိ ပါတာကံ မြောက် ပါ၏ ။ ထို အပြစ်တို့သည် အပါယ်ကို လားစေ၏ ။ ထို့ကြောင့် မလိုချင်ပါ။ ထိုသို့ မတရားရယူထားသော စည်းစိမ်ဥစ္စာတို့သည်လည်း ပညာရှိတို့၏ ပြစ်တင်ကဲ့ရဲ့ ဖွယ်ရာသာ ဖြစ်ပါတော့ သည် ။ ပညာရှိတို့ မည်သည် ပညာရှိတို့ ၏ ကဲ့ရဲ့ခြင်းကို မလိုလား တတ်ကြပါ´

လို့ ပြန်ပြောတဲ့ အခန်းပါပဲ။ အဲဒီနောက် စူလနီ ဗြဟ္မဒတ်မင်းက မဟောသဓာရဲ့ တရားကိုနာပြီး သူ့တိုင်းပြည်မှာ လာနေဖို့ ပင့်ဖိတ်တဲ့ အခန်းကလည်း ဘ၀င်ငြိစရာပါ။

`အို မဟောသဓာ သုခမိန် အကျွန်ုပ် ၏ တိုင်းပြည် မှာ လာနေပါ။ ယခု သင့်ကို ၀ိဒေဟရာဇ် ပေးသော စည်းစိမ်ထက် နှစ်ဆ သူကောင်း ပြုပါမည်´

`အသင် မင်းကြီး ပညာရှိတို့ မည်သည် စည်းစိမ် ဥစ္စာ အတွက် မိမိ တိုင်းပြည် မိမိ လူမျိုး မိမိ အရှင်သခင် ကို စွန့်ရိုး မရှိပါ´

xxxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော်တို့ လျှောက်ခဲ့ရာ လမ်းတလျှောက် စီးပွားရေး အကျပ် အတည်း ရဲ့ သင်္ကေတ စတိုးဆိုင် တွေရဲ့ အပြိုင် အဆိုင် ဈေးလျှော့ ဆိုင်းဘုတ် တွေ တွေ့ နေရတယ်။

25% Discount , 50 % Discount တဲ့ ။ ဒါပေါ့ ။ အကျပ် အတည်း ဖြစ်လာရင် စီးပွားရေး လောကမှာ လျှော့ဈေးနဲ့ ချရောင်းတာ ထွက်ပေါက် တစ်ခု ဖြစ်မှာပေါ့ ။ ဒါပေမဲ့ ခံယူချက် နဲ့ ယုံကြည်ချက် နဲ့ တည်ဆောက် နေတဲ့ ဘ၀တွေ အနေနဲ့ ကတော့ ဘာတစ်ခု မှ လျှော့ဈေး နဲ့ ရောင်းစရာ ရှိမယ် မထင် ပါဘူး။ ကျွန်တော်တို့ မှာ ၂၅ ရာခိုင်နှုန်း လျှော့ရောင်း စရာ မရှိပါ။
ချိုတူးဇော်

No comments:

Home