Home

နှင်းနတ်သား

အကြိမ် ၄၀ မြောက် International Writing Program ကို တက်ရောက်ခွင့်ရသဖြင့် အမေရိကန်နိုင်ငံ အိုင်အိုဝါစီးတီးသို့ ဩဂုတ်လတည်းက ရောက်နေကြသော ကျွန်မတို့ စာရေး ဆရာတစ်သိုက်၏ခရီးစဉ်က မကြာခင် ပြီးဆုံး တော့မည်။
နိုဝင်ဘာ ၁၀ ရက် နောက်ပိုင်းကာလကို Travel Period ဟု သတ်မှတ်ပြီး ကျွန်မတို့ တစ်တွေကို အမေရိက၏ ထင်ရှားသောမြို့ကြီး တချို့ဆီသို့ ပို့ဆောင်သည်ပတ်စေသည်။ ကျွန်မတို့၏ နောက်ဆုံးခရီးစဉ်က နယူးယောက်ဖြစ်သည်။ ကမ္ဘာအရပ်ရပ်မှ စာရေးဆရာအားလုံး နယူးယောက်တွင် လမ်းခွဲ၍ ပြန်လည်ထွက်ခွာ ရမည်ဖြစ်သည်။ နှစ်ပေါင်းများစွာ ကွဲကွာနေပြီး ပြန်မဆုံဖြစ်သေးသော ကျွန်မ သူငယ်ချင်းတွေက နယူးယောက်မှာရော ဝါရှင်တန်ဒီစီမှာပါ ရှိကြသည်။ သူတို့က ရောက်တုန်းရောက်ခိုက် သူတို့နှင့် တွေ့ဆုံလည်ပတ်ဖို့ စီစဉ်လေတော့ ကျွန်မမှာ ဒီစီတွင် တစ်ပတ်၊ နယူးယောက်တွင် ၁၃ ရက် သောင်တင်သွားသည်။
မြန်မာပြည်တွင်းမှ မထွက်ခွာခင်ကတည်းက program မှ ပို့ထားသည့် လေယာဉ် လက်မှတ်အရ ကျွန်မက နယူးယောက်မှ အိုင်အိုဝါ ပြန်သွားရဦးမည်။ အိုင်အိုဝါမှတစ်ဆင့် လော့စ်အိန်ဂျလိစ်။ လော့စ်အိန်ဂျလိစ်မှ မြန်မာပြည်သို့ ပြန်လည်ထွက်ခွာရမည်။
နှင်းတွေ ဖွေးဖွေးလှုပ်နေသော ဒီဇင်ဘာလလယ်ကြီးတွင် ကျွန်မ နယူးယောက်မှ အိုင်အိုဝါသို့ ပြန်ခဲ့ရသည်။ အိုင်အိုဝါမှာ သုံးလနီးပါးနေခဲ့ရတာဆိုတော့ ကိုယ့်အိမ်ပြန်ရသလို ခံစားမှုမျိုးရှိနေသလို သူငယ်ချင်းအယောက် ၃၀ လောက်နှင့် အတူနေခဲ့ဖူးသောနေရာကို တစ်ယောက်တည်း ပြန်သွားရမှာကိုလည်း ဝမ်းနည်းသလို ခံစားနေမိသည်။ ဒါပေမဲ့ အဲဒီလို ဆန့်ကျင်ဘက် ခံစားမှုတွေက ကျွန်မရင်ထဲမှာ ပေါင်းဆုံနေကျမို့ သိပ်တော့လည်း မဆန်းပါ။
ကျွန်မ အိုင်အိုဝါကို စရောက်တော့ ၂၀ဝ၇ ဩဂုတ်လ နောက်ဆုံးပတ်မှာဖြစ်သည်။ ရောက်စမှာ ကိုယ့်လို ပရိုဂရမ်တွင် ပူးပေါင်းပါဝင်မည့် စာရေးဆရာအချင်းချင်း မကျွမ်းဝင်သေးတာရော၊ နေရာသစ်အခန်းသစ်မှာ အခြေကျအောင် ကြိုးစားနေရတာရောကြောင့် အူကြောင်ကြောင်နှင့် ဘာမှ ထွေထွေထူးထူး မစဉ်းစားအားခဲ့ပါ။ စက်တင်ဘာထဲရောက်တော့ မြန်မာနိုင်ငံမှ သတင်းတွေကလည်း ထူးလာပြီ။ အတူနေ သူငယ်ချင်းများနှင့်လည်း ရင်းနှီးကျွမ်းဝင်နေပြီ။
ကမ္ဘာ အနှံ့အပြားမှ စာရေးဆရာ မိတ်ဆွေ နှင့် အတွေ့အကြုံ ယဉ်ကျေးမှု၊ ခံစားမှုတွေ ဖလှယ်နိုင်သဖြင့် ကျေနပ်ပျော်ရွှင်သောစိတ်နှင့် စိုးရိမ်ဖွယ်နိုင်ငံရေး အခြေအနေကြောင့် မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ လူထုအတွက် ပူပင်ရသော ဆန့်ကျင်ဘက်ခံစားမှုတွေ ရင်ထဲမှာ ပေါင်းဆုံခဲ့ဖူးသည်။
အခုလည်း ကျွန်မစီးလာသော လေယာဉ်ပျံကြီးက ချီကာဂိုမြို့ဆီ ဦးတည်ပျံသန်းနေသည့် တစ်လျှောက် ကျွန်မရင်ထဲမှာ အပျော်နှင့် အလွမ်း ဒွန်တွဲနေသည်။ ရွက်ကြွေရာသီတုန်းက ကျွန်မတို့တစ်တွေ၏ ရယ်သံများနှင့် ဝေစည်လှပခဲ့မည့် အိုင်အိုဝါ၊ အခုရော ဘယ်လိုနေမလဲ၊ ကျွန်မတို့ အသံတွေနှင့် ဆူညံစည်ကားခဲ့သည့်Lowa House Hotel ဒုတိယထပ်ကိုရော ကျွန်မသွား ကြည့်ရဲပါ့မလား။ ကြည့်ရဲဦးတော့ မျက်ရည်မဝဲဘဲ နေနိုင်ပါ့မလား။ နှင်းတွေနှင့် ဖြူဖွေးမှိုင်းမှုန်နေမည့် အိုင်အိုဝါမှာ ကျွန်မတစ်ယောက်တည်း နေရမှာတော်တော် လွမ်းစရာကောင်းမှာပဲနော်။
ဒါပေမဲ့ ကံကောင်းစွာ အိုင်အိုဝါမှာနေသည့် သူငယ်ချင်း တချို့ကို ကျွန်မ ပြန်လာရမည့် အကြောင်း ပြောထားသည်။ ဂျပန်လူမျိုး၊ မြန်မာစာ ပါမောက္ခတစ်ဦး၊ ဂျပန်လိုဘာသာပြန်ထား သည့် ကျွန်မဝတ္ထုတစ်ပုဒ်ကို ကျွန်မအတူတွဲ၍ အင်္ဂလိပ်လို ဘာသာပြန်ခဲ့ ကြသည့် သူငယ်ချင်းမလေး ခရစ်စတင်း (Kristin Olson) က လေယာဉ်ကွင်းမှာ လာကြိုလိမ့်မည်။ IWP မှ ဝန်ထမ်း သူငယ်ချင်းတွေထံကိုလည်း သွားလည်နိုင်သည်။ နယူးယောက်မှ နံနက် ကိုးနာရီ ထွက်ခဲ့သည့်လေယာဉ်က ချီကာဂိုကို အချိန်မှန်စွာ မနက်ဆယ့် တစ်နာရီခွဲတွင် ရောက်၏။
လေယာဉ်ပေါ် မှာကတည်းက ချီကာဂိုတွင် ရာသီဥတု ဆိုးရွားနေကြောင်း
ကြေညာခဲ့သည်။ လေယာဉ်ပြတင်းမှမြင်နေရသော ပိန်းပိတ်သည့် အဖြူရောင်တွေကို ကျွန်မက နှင်းတွေဟု ထင်ခဲ့သည်။ လေယာဉ်ပေါ်မှာ ကြေညာတာကတော့ အပြင်မှာ ရေခဲမိုး (Ice Strom ရွာနေသတဲ့။ ချီကာဂို လေယာဉ်ကွင်းထဲမှနေ၍ တစ်ခါမှ မမြင်မကြားဖူးသော ရေခဲမိုးတွေကို ငေးကြည့်ရင်း ကျွန်မကို လာကြိုမည့် သူငယ်ချင်းကို ဖုန်းဆက်ရသည်။
“ခရစ်စတင်းရေ ... လေယာဉ်ပျံက ရေခဲမိုးတွေ ရွာနေလို့ နောက်ကျလိမ့်မယ်တဲ့။ လေယာဉ်ကွင်းကို ထွက်မလာနဲ့ဦးနော်”
ချီကာဂိုနှင့် အိုင်အိုဝါက တစ်နာရီသာ သွားရမည်မို့ ခရစ်စတင်းကို သည်လိုမှာရခြင်း ဖြစ်သည်။ အိုင်အိုဝါစီးတီးမှ လေယာဉ်ကွင်း ရောက်အောင် နာရီဝက်ခန့်ကားမောင်းရမည် ဖြစ်သဖြင့် ခရစ်စတင်းက စောစောစီးစီး ထွက်လာပြီး လေယာဉ်က အချိန်မှန်မရောက်လျှင် အကြာကြီးစောင့်နေရလိမ့်မည်။
“ဟုတ်တယ်။ ကျွန်မ အခုပဲ အင်တာနက်မှာ မိုးလေဝသသတင်းကြည့်နေတာ။ ရာသီဥတု ဆိုးနေတယ်။ ချီကာဂိုက လေယာဉ်စထွက်တော့မယ်ဆိုတာနဲ့ ကျွန်မဆီ ဖုန်းဆက်နော်”
ပုံမှန်ဆို လေယာဉ်က နေ့လယ်တစ်နာရီခွဲမှာ စထွက်ရမှာဖြစ်သည်။ ဒါပေမဲ့ ညနေ လေး နာရီမှာထွက်မည်ဟု ကြေညာတော့ ခရစ်စတင်းနှင့် IWP မှ သူငယ်ချင်း ဂျိုးဆီ ဖုန်းဆက် အသိပေးရပြန်သည်။ သူတို့က ထူးသမျှ သတင်းပို့နေရန် မှာကြ၏။ ညနေလေးနာရီမှာ တစ်ခါ ထပ်ကြေညာပြန်သည်။ ချီကာဂိုမှ အိုင်အိုဝါသွားမည့် လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီတဲ့။ သူတို့ဆီ ဖုန်းဆက်ရပြန်သည်။ သူတို့လည်း ဆောရီးသာ တွင်တွင်ပြောနိုင်၏။ ကျွန်မကတော့ ဘာဆက်လုပ်ရမှန်းမသိသဖြင့် မျက်နှာက ဆီးရွက်လောက်သာ ရှိတော့သည်။ တစ်ခုခုတော့ မေးဦးမှဖြစ်မှာပါဟု တွေးတောကာ Information Center ဆီ သွားမေးတော့ နှုတ်ခမ်းနီရဲရဲ၊ မျက်တောင်မှာ မက်စ်ကာရာ နက်နက်ထူထူသုတ်ထားသော ဝန်ထမ်း အမျိုးသမီးက ရှည်လျားစွာ ရှင်းပြသည်။ ဒါပေမဲ့ သူမ စကားပြောတာ မြန်လွန်းတော့ ‘ I’m so sorry နှင့် 9 o’clock, tonight’ ဆိုတာကလွဲပြီး ကျွန်မ ဘာမှနားမလည်လိုက်ပါ။
ဗိုက်ကလည်း ဆာ၊ စိတ်ကလည်း ညစ်၊ သူ ဘာပြောလိုက်တာလည်း နားမလည်သဖြင့် ရှုံ့တွညှိုးငယ်သွားသည့် ကျွန်မကို ကျွန်မလိုပဲ ကောင်တာမှာ လေယာဉ်ခရီးစဉ်အကြောင်း စုံစမ်းနေသည့် လူငယ်တစ်ဦးက သူနှင့်အတူ လာထိုင်ဖို့ခေါ်ရင်း ရှင်းပြ၏။
“အိုင်အိုဝါကိုထွက်မယ့် လေယာဉ်တစ်စီး ညကိုးနာရီမှာ ရှိတယ်။ ဒါပေမဲ့ လူပြည့်နေ ပြီတဲ့။ မင်း ဆန္ဒရှိရင်တော့ နာမည်ပေးထားပါတဲ့။ တစ်စုံတစ်ယောက် အကြောင်းအမျိုးမျိုးနဲ့ ပျက်ကွက်ခဲ့ရင် အဲဒီခုံနေရာမှာ ထည့်ပေးမယ်တဲ့။ လိုလိုပိုပို နာမည်ပေးထားလိုက်ပေါ့။ ကျွန်တော်လည်း ပေးထားတယ်။
“အင်္ဂလိပ်လို အတော်ရေလည်သော်လည်း ကျွန်မ နားလည်ရန် တမင်နှေးနှေးပြောပေးနေသော လူရွယ်လေးကို Thank You အကြိမ်ကြိမ် ပြောပြီး ကျွန်မနာမည်ပေးဖို့ ကောင်တာဆီ ပြေးရပြန်သည်။ ပြီးတော့ သူနှင့်အတူထိုင်ခဲ့သော ခုံတန်းဆီ ပြန်ထိုင်ရင်း အလ္လာပသလ္လာပ ပြောရ၏။
“ရှင်လည်း အိုင်အိုဝါသွားမှာလား”
“ဟုတ်တယ်”
“ဟုတ်လား၊ အိုင်အိုဝါမှာ နေတာလား”
“မဟုတ်ဘူး။ အိုင်အိုဝါ တက္ကသိုလ်မှာ Lecture တစ်ခု ပေးဖို့သွားမှာ နှစ်ပတ်ပဲ ကြာမယ်”
ဪ်... သူက တက္ကသိုလ် ဆရာထင်တယ်။ သူ့ရုပ်က အာရှ နည်းနည်းနွယ်ဟု ထင်သဖြင့် ကျွန်မက စပ်စုလိုက်ပြန်သည်။
“အာရှကလာတာ ထင်တယ”
“ဟုတ်တယ်။ ကျွန်တော် အိန္ဒိယက လာတာ”
““ဟုတ်လား။ ကျွန်မက မြန်မာပြည်က လာတာပါ”
“ဩော်… ကျွန်တော်တို့က အိမ်နီးချင်း တွေပဲ”
ကျွန်မ စိတ်ညစ်နေသဖြင့် စကား ဝေဝေဖြာဖြာ ဆက်မပြောဖြစ်တော့ပါ။ ရာသီဥတုက တဖြည်းဖြည်း မှောင်လာပြီး ည ကိုးနာရီနီးတော့ အိုင်အိုဝါသွားမည့်လူတွေ လှုပ်ရွလှုပ်ရွ ဖြစ်လာ၏။ ကျွန်မတို့ နှစ်ယောက်လည်း ကောင်တာနားမှာ ယောင်လည်လည်ပေါ့။ အကျဉ်းချုပ်ပြောရရင် ကျွန်မတို့နှစ်ယောက်လုံး ည ကိုးနာရီလေယာဉ်နှင့် လိုက်ခွင့်မရပါ။
ည ဆယ်နာရီ ကျော်မှာတော့ အပြင်မှာ ရာသီဥတု တော်တော် ကောင်းလာသည် ထင်၏။ စောစောက ဖျက်သိမ်းခဲ့သော လေယာဉ်ပျံခရီးစဉ်ကို ည

ဆယ့်တစ်နာရီခွဲမှာ ပျံသန်းပေးမည်ဟု ကြေညာပြန်သည်။ ကျွန်မနည်းနည်း ဝမ်းသာ သွားသလို ည သန်းကောင်ကျော်ကြီး အိုင်အိုဝါ ရောက်သွားလျှင် ဟိုတယ်ဆီဘယ်လို သွားရပါ့ဟု တွေးပြီး စိတ်လည်းညစ်သွားပြန်သည်။ အို... အိုင်အိုဝါရောက်ဖို့က အဓိကပဲ။ ဟိုရောက်မှ မီးစင်ကြည့်ကမည်ပေါ့။ ဒီတစ်ကြိမ်မှာတော့ ခရစ်စတင်းနှင့် ဂျိုးကို ဖုန်းဆက်ရမှာ အားနာသဖြင့် လေယာဉ် ညဆယ့်တစ်နာရီခွဲ ထွက်မည့်အကြောင်း၊ လာမကြိုရန်နှင့် Taxi နှင့် ဟိုတယ်ကိုသွားတော့မည့်အကြောင်း မက်ဆေ့ခ်ျပဲ ပို့လိုက်သည်။
ည ဆယ့်တစ်နာရီကျော်ကျော်လောက်မှာ ကျွန်မတို့ လေယာဉ်ပျံပေါ် ပြန်တက်ရပြန်သည်။ ဒီတစ်ညမှာကို လေယာဉ်ပေါ် ဆင်းလိုက် တက်လိုက်နှင့် ဘယ်နှခေါက်ရှိနေပြီလဲ မသိတော့ပါ။ လေယာဉ်ပေါ်ရောက်တော့ လေယာဉ်ပြတင်းမှ တစ်ဆင့် အပြင်ကို ကြည့်မိသည်။ အပြင်မှာ အဖြူရောင်တို့ဖြင့် ပိန်းပိတ်နေဆဲဖြစ်သည်။ ဒါပေမဲ့ ရေခဲမိုးတွေ မဟုတ်တော့ဘူး ထင်ပါရဲ့၊ ရိုးရိုးနှင်းပဲ ထင်တယ်။ ဒါကြောင့် သူတို့ လေယာဉ်ပြန်ထွက်ဖို့ လူ ပင်ပန်းတာရော၊ စိတ် ပင်ပန်းတာရောကြောင့် အိပ်ချင်နေပြီ။ လေယာဉ်ပျံပေါ်မှာ အိပ်သွားလိုက်မည်။
ခဏကြာလို့ ကြေညာသံထွက်လာတော့ ထုံးစံအတိုင်း လေယာဉ်ထွက်ခါနီး နှုတ်ခွန်း ဆက်စကား၊ သတိပေးစကားတွေ ပြောတာပဲထင်ပြီး အာရုံမစိုက်မိပါ။ လူတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားသလိုထင်ရပေမဲ့ ကျွန်မကတော့ မျက်စိကို ဆက်မှိတ်ထားကာ လူကလည်း အိပ်ချင် မူးတူး ဖြစ်နေတုန်းပင်။ အိပ်ချင်မူးတူးကြားမှာပဲ ကျွန်မပခုံးကို လက်တစ်ဖက်လာထိတော့ မျက်လုံး ဖွင့်ကြည့်မိသည်။ ဟိုအိန္ဒိယသား လူရွယ်။
“လေယာဉ်ခရီးစဉ်ကို ထပ်ဖျက်သိမ်း လိုက်ပြန်ပြီ။ ဆင်းကြဦးစို့”
“ဒီတစ်ခါတော့ အင်္ဂလိပ်လို ‘Oh my God’ ဟု ကျွန်မ အကျယ်ကြီး ရေရွတ်မိတော့သည်။ စိတ်ဓာတ်က အကြီးအကျယ်ကျသွားသလို ချက်ချင်းကိုယ့်ကိုယ်ကိုယ် အားပေးလိုက်မိသည်။ အိုကေ... ဘယ်လောက်အခက်အခဲတွေ ကြုံနိုင်မလဲ။ အတွေ့အကြုံသစ် ရတာပေါ့။ အိန္ဒိယသားလေးက ကျွန်မပခုံးကို ဖွဖွပုတ်ရင်း အားပေးတော့ ကျွန်မ အားတင်းပြုံးကာ တုံ့ပြန်လိုက်မိသည်။ ကျွန်မတို့နှစ်ယောက် ခုံတန်း တစ်ခုတည်းမှာ အတူထိုင်စောင့်ကြပြန်သည်။ ကျွန်မ မအိပ်ချင်တော့ပေမဲ့ မျက်စိကို မှိတ်ထားပြီး မှတ်မိသမျှ ဘုရားစာတွေ ရွတ်နေမိသည်။ သေချာတာကတော့ မနက်ဖြန် မနက်မှာ အိုင်အိုဝါကို ရောက်မှာပဲ။ သတိရသွားသဖြင့် သူငယ်ချင်းများထံ ဆယ့်တစ်နာရီခွဲလေယာဉ် ဖျက်သိမ်းပြန်ကြောင်း မက်ဆေ့ခ်ျပို့ရပြန်သည်။ စိတ်ဓာတ်ကျကျနှင့် အချိန်ကို မှတ်မနေတော့ဘဲ မျက်စိမှိတ်ငြိမ်သက်နေစဉ် ကြေညာသံ တစ်ခု ကြားရသည်။ အိုင်အိုဝါ လေယာဉ်ခရီးစဉ် အတွက် လေယာဉ်တစ်စီး ပျံသန်းပေးမည် ဖြစ်ကြောင်း၊ သို့သော် ပျက်ကွက်သွားသော ခရီးစဉ်များမှ ခရီးသည်များကို လေယာဉ်တစ်စင်းထဲတွင် တင်ဆောင်သွားရန် မဖြစ်နိုင်သဖြင့် မဲစနစ်ဖြင့် တင်ဆောင်မည့် လူစာရင်းကို ရွေးချယ်မည်ဖြစ်ကြောင်း ကြေညာခြင်း ဖြစ်သည်။ ကျွန်မနှင့် အိန္ဒိယသား တစ်ယောက် မျက်နှာတစ်ယောက် အားကိုးတကြီး ကြည့်မိကြသည်။”
ခရီးသည်နာမည်တွေ ခေါ်နေစဉ်တစ်လျှောက် ကျွန်မရင်တွေ ဒိန်းဒိန်းခုန်နေသည်။ အချိန်က ညတစ်နာရီကျော်နေပြီ။ လူ ၂၀ ကျော်သည်အထိ ကျွန်မတို့နာမည်မပါသေးပါ။ အို မပါလည်း ဘာဖြစ်လဲ၊ ခရီးစဉ်ကပဲ ခက်ခဲမလား၊ ငါကပဲ ရင်ဆိုင်နိုင်မလား ကြည့်ကြသေးတာပေါ့။
ကိုယ့်ကိုယ်ကိုယ် ဘယ်နှ ကြိမ်မြောက်မှန်းမသိ မာန်တင်းအားပေးနေစဉ်မှာ ကျွန်မနာမည်ခေါ်သံကြားရသည်။ ကျွန်မ ရင်ထဲက ဒိတ်ခနဲခုန်သွားပြီး သူ့ကို ဖျတ်ခနဲ ကြည့်မိသည်။ သူက နှုတ်ခမ်းစေ့ပြုံး၍ လက်မထောင် ပြသည်။ ကျွန်မ သူ့နံဘေးမှ ဖြတ်ကာ လေယာဉ်ရှိရာသွားတော့ ဆောရီးပဲ ပြောရမည်လား၊ Thank You ပဲ ပြောရမည်လားမသိသဖြင့် ပြုံးပြရုံသာ ပြုံးပြခဲ့သည်။ လေယာဉ်ပေါ်မှာ
ခရီး သည်ပြည့်အောင် စောင့်နေသည့်ကာလအတွင်း သူငယ်ချင်းတွေဆီ မက်ဆေ့ခ်ျပို့ပြန်သည်။ သူတို့ ကျွန်မ မက်ဆေ့ခ်ျကို မိုးလင်းမှ တွေ့မည်ဖြစ်ပေမဲ့ စိတ်ချရအောင်လို့ပေါ့။
“ဟိုင်း”
ကျွန်မ မက်ဆေ့ခ်ျပို့နေတုန်း နှုတ်ဆက်သံကြား၏။ အို... အိန္ဒိယသား။ ကျွန်မနှင့် ခုံ တစ်တန်းတည်း ဟိုဘက်စွန်းမှာ။ သူ့အတွက် ကျွန်မ ဝမ်းသာသွားသည်။
“အိုး... ရှင် လိုက်ပါခွင့်ရတာ ကျွန်မ ဝမ်းသာလိုက်တာ”
သူက လက်မထောင်ပြပြန်သည်။
ဒီတစ်ခါတော့ လေယာဉ်ပျံက ညတစ်နာရီခွဲမှာ တကယ်ပဲ အိုင်အိုဝါစီးတီးဆီ ပျံသန်း တော့၏။ ကဲ... အခက်အခဲဆိုတာ နောက်ဆုံးတော့လည်း ဖြတ်ကျော်ပြီးသား ဖြစ်သွားတာပဲ မဟုတ်လားဟု တွေးကာ ကျွန်မ ကျေနပ်နေသည်။ ဒါပေမဲ့ ကျွန်မ ကျေနပ်မှုက ကြာရှည် မခံပါ။ ကံကြမ္မာက ကျွန်မ၏ ခံနိုင်ရည်ကို ထပ်မံစမ်းသပ်ပြန်သည်။
မနက် သုံးနာရီထိုးခါနီးမှာ အိုင်အိုဝါ လေယာဉ်ကွင်းကိုရောက်တော့ ကျွန်မ၏ ခရီး ဆောင် အိတ်နှစ်လုံးအနက် တစ်လုံးကို ရှာမတွေ့ပါ။ ဆယ်ကျော်သက်အရွယ်သာ ရှိမည် ဖြစ်သော်လည်း တရားလွန်ဝသည့် လေဆိပ်ဝန်ထမ်း ကလေးမက ကျွန်မကို ခရီးဆောင် သေတ္တာပုံစံ အမျိုးမျိုးပါသည့် ကတ်တလောက်ကြီး ထုတ်ပြပြီး ကျွန်မအိတ်က ဘယ်လိုပုံ၊ ဘယ်လောက်ဆိုဒ် မှတ်သားသည်။ ပြီးတော့ ကျွန်မကို ခရီးဆောင်အိတ်မျိုးစုံရှိနေသော အခန်းကြီးထဲ ခေါ်သွားကာ အိတ်ကို ရှာစေသည်။ သူလည်း ဝိုင်းရှာပေးသည်။ အပြင်မှာ ခြေမျက်စိမြုပ်အောင် နှင်းကျနေသော ဒီဇင်ဘာ လလယ်၏ (-၁၆°) အအေးအောက်မှာ ကျွန်မ ချွေးစို့ချင်လာပြီ။ နာရီကို ကြည့်လိုက်တော့ မနက် လေးနာရီကျော်နေပြီ။ လေဆိပ်မှာတင် ကျွန်မ တစ်နာရီကျော် သွားခဲ့ပြီ။ နောက်ဆုံးတော့ ကောင်မလေးက ဟိုတယ်လိပ်စာ တောင်းကာ ကျွန်မအိတ်ကို သူတို့ ရှာတွေ့တွေ့ချင်း ဟိုတယ်ဆီ ပို့ပေးမည့်အကြောင်း ပြော၏။ ကျွန်မလည်း စိတ်လျှော့လိုက်ပြီး အိတ်များထားရာ အခန်းတွင်းမှ ထွက်ခဲ့သည်။
အခန်းအပြင်ဘက်ခုံတန်းလျားမှာ သူ့ကိုတွေ့လိုက်ရတော့ ကျွန်မ ဟင်ခနဲ အသံထွက် ရေရွက်မိအောင် အံ့သြသွားသည်။
“ကျွန်တော် ခင်ဗျားကို စောင့်နေတာ။ လေယာဉ်ကွင်းထဲမှာလည်း ဘယ်သူမှ မရှိတော့ဘူး။ ရာသီဥတုကလည်း အရမ်းအေးနေတယ်။ (-၁၆° ဖာရင်ဟိုက်)တဲ့။ ခင်ဗျား တစ်ယောက်တည်း ဒုက္ခရောက်နေမှာစိုးလို့”
ကျွန်မ ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားသည်။ ထုံးစံအတိုင်း ဝမ်းသာဝမ်းနည်းတာ၊ ကျေးဇူးတင်တာ၊ အံ့ဩတာတွေ အားလုံးက ရင်ထဲမှာ ပေါင်းဆုံနေသည်။ Thank you so much ဟု ကြိုးစားပြောလိုက်သည့် ကျွန်မ အသံတွေ တုန်နေခဲ့သည်ထင်သည်။
အပြင်မှာ ရေခဲမိုးက အသေးစား နှင်းမုန်တိုင်းလေးအဖြစ် အသွင်ပြောင်းခဲ့ပြီ။ နှင်းဖတ် တွေကို သယ်ဆောင်လာသော လေကလူကို သယ်မ သွားမတတ် ပြင်းထန်သည်။ သူ အဆင်သင့် ပြောထားပုံ ရသောAirport Shuttle တစ်စီးထဲ ကျွန်မတို့ အမြန် ပြေးဝင်ခဲ့သည်။ ကားပြတင်းမှတစ်ဆင့် လှမ်းမြင်ရသော အိုင်အိုဝါသည် ကျွန်မ ရောက်စက အိုင်အိုဝါနှင့် လုံးဝ ခြားနားခဲ့ပြီ။ အရိုးပြိုင်းပြိုင်း သစ်ပင် သစ်ကိုင်းများသည် နှင်းဖတ်တွေအောက်မှာ ခေါင်းငုံ့ လည်စင်းခံလျက်။ ကားလမ်းဘေးက နှင်းပုံတွေက ကားလောက်မြင့်နေသည်။ နှင်းမုန်တိုင်းထဲမှာမို့ ခပ်ဖြည်းဖြည်းပဲ မောင်းနေသည်။
“ခင်ဗျား အိုင်အိုဝါဟောက်စ်ဟိုတယ်ကို သွားမှာ မဟုတ်လား”
“ဟုတ်ကဲ့”
“အိုင်အိုဝါဟောက်စ်ကို အရင်မောင်းဗျာ”
နာရီဝက်နီးပါးခရီးစဉ်ထဲမှာ ကားတစ်စီးတည်း၊ တစ်ခုံတည်း အတူထိုင်ရင်း ထိုစကား သုံးခွန်းသာ ကျွန်မတို့ ပြောဖြစ်ခဲ့ကြသည်။ ဟိုတယ်ရှေ့ကို ကားလေးထိုးရပ်တော့မှ ကျွန်မတို့ ပြောဖြစ်ခဲ့ကြသည်။ ဟိုတယ်ရှေ့ကို ကားလေးထိုးရပ်တော့မှ ကျွန်မက သူ့ကို မေးလိုက်သည်။
“ကျွန်မ ကားခ ဘယ်လောက် ပေးရမလဲ”
သူက ပြုံးရင်းလက်ကာပြသည်။
“ပေးစရာ မလိုပါဘူး။ ကျွန်တော်က ခင်ဗျားကို ကူညီချင်လို့ပါ”
ကျွန်မ ဘာပြန်ပြောရမှန်းမသိပါ။ ကျွန်မ၏ တစ်လုံးတည်းသော ခရီးဆောင်အိတ် ခပ်သေးသေးကို ကိုင်ရင်း သူတို့ကားလေး အိုင်အိုဝါ မြစ်နံဘေးမှာ ကွေ့ဖို့ မောင်းထွက်သွားတာကို ငေးကြည့်နေမိသည်။ ကားလေးက မြစ်နံဘေးမှာ ကွေ့ပြီး ကျွန်မရှိရာဘက် ပြန်မောင်းလာသည်။ ပြီးတော့ ကျွန်မရှေ့မှာ တုံ့ခနဲရပ်၏။ ကားမှန် တံခါးလေး လျှောခနဲပွင့်လာပြီး သူက လှမ်းပြောသည်။
“အထဲမြန်မြန်ဝင်တော့လေ။ အပြင်မှာ သိပ်အေးပါတယ်”
ကားလေး ဝေါခနဲထွက်ခွာသွားပြန်ပြီ။ ကျွန်မ အသံထွက်အောင်ရယ်ရင်း ဟိုတယ်ထဲ ဝင်ခဲ့၏။ ဪ်... လူ့ဘဝဆိုတာ ညစ်ပတ်ခက်ခဲတဲ့ ရွံ့ညွန်တောထဲကို ဖြတ်ရင်းနဲ့လည်း အင်မတန် သန့်စင် လှပပြီး မွှေးပျံ့တဲ့ ကြာပန်းတစ်ပွင့်ကို တွေ့နိုင်တာပါပဲလား။
နောက်တစ်နေ့ ညနေ သူငယ်ချင်း ဂျိုးနှင့် မြို့ထဲမှာ ညနေစာ ထွက်စားတော့ ကျွန်မပုံစံက သိပ်လေးနက် နေသည်ထင်၏။ ဂျိုးက မေး လာသည်။
“ခက်... မင်းမှာ တစ်ခုခု ပြောစရာ ရှိသလား”
“သိပ်ရှိတာပေါ့”
ကျွန်မက အားတက်သရောပြောတော့ ဂျိုးက ဝါးလက်စပါစတာကို ရပ်ကာ မျက်ခုံး ပင့်၍ အာရုံစိုက်သည်။
“ကျွန်မလေ မနေ့ညနေက နှင်းမုန်တိုင်းထဲမှာ နတ်သားလေးတစ်ပါး တွေ့ခဲ့တယ်”
ဂျိုးက`ဟား´ခနဲ ရယ်သည်။
“ကျွန်မ နောက်တာ မဟုတ်ဘူး။ တကယ်ပြောနေတာ”
“တကယ်”
ဂျိုးက သံယောင်လိုက်သည်။
ကျွန်မက သူနှင့် စဆုံတွေ့သည်မှစကာ နှင်းတောထဲမှာ သူစီးလာသည့်ကားလေး ဝေါခနဲ ထွက်သွားသည်အထိ ဖွဲ့ကာနွဲ့ကာ ပြောပြလိုက်သည်။
“ခက်... တကယ်ပဲ သူဟာ နတ်သားပဲ။ ရေခဲမိုးတွေ၊ နှင်းမုန်တိုင်းတွေကြားမှာ မင်းဒုက္ခ ရောက်မှာကိုသိလို့ အဲဒီနတ်သားလေးက ကောင်းကင်ဘုံကဆင်းလာပြီး မင်းကို လာကူ ညီတာ”
ဒီတစ်ခါတော့ ဂျိုးက လေးလေးနက်နက် ပြောနေသလောက် ကျွန်မက အားရပါးရ ရယ်မိသည်။
“ဒါနဲ့ သူ့နာမည်က ဘယ်သူတဲ့လဲ”
“ဟင်”
ကျွန်မ သူ့နာမည်မမေးခဲ့မိသလို သူလည်း ကျွန်မ နာမည်ကို မမေးခဲ့ပါ။
“ကျွန်မ မမေးခဲ့မိဘူး”
“သူက တကယ့်နတ်သားမို့လို့ သူ့နာမည်ကို မပြောတာပေါ့။ မင်းနာမည်မမေးတာက တော့ သူက နတ်သားဆိုတော့ မင်းနာမည်ကို သိပြီးသားဖြစ်လို့ နေလိမ့်မယ်”
ပြောရင်းနှင့် ကျွန်မက ရယ်ရမှာ မေ့သွားလောက်အောင် လေးနက်လာသည်။ ဟုတ် တယ်။ ဘာပဲပြောပြော သူဟာ နတ်သားပဲ။ တောင်ပံမပါတဲ့နတ်သားလေးပေါ့။
ကျွန်မတို့ လမ်းခွဲကြတော့ ညကိုးနာရီ ထိုးပြီ။ မနက်စောစောက ဆိုးရွားခဲ့တာ သူ မဟုတ်သလို အိုင်အိုဝါရာသီဥတုက ကျွန်မကို လှည့်စားနေပြန်သည်။ လေတစ်ချက်မဝှေ့၊ နှင်း တစ်ဖတ်မမြင်ရပေ။ စက်နှင့် ကော်ထုတ်ထားသဖြင့် ကားလမ်းမတွေပေါ်မှာ နှင်းတွေ မရှိတော့ ပေမဲ့ လမ်းဘေးမှာ နှင်းပုံကြီးတွေက ရေခဲတုံးကြီးတွေအဖြစ် ရှိနေဆဲ။ မြင်လေရာရာကလည်း အဖြူရောင်ဖြင့် ပိန်းပိတ်ဆဲ။
ကျွန်မတစ်ယောက်တည်း ဟိုတယ်ဆီ ဖြည်းဖြည်းလျှောက်လာရင်း ကောင်းကင်ကို မော့ကြည့်လိုက်၊ နှင်းလွင်ပြင်ထဲ ငေးမောလိုက် ရှိနေသည်။ မနက်စောစောက နှင်းမုန်တိုင်းထဲမှာ ကျွန်မနှင့်အတူရှိနေသော နတ်သားလေးကိုများ တွေ့လေမလားပေါ့။ ဟင့်အင်း... ရှာမတွေ့ပါ။ ဒါပေမဲ့ ဟိုတယ်တံခါးကို မှီရင်း နှုတ်ခမ်းစေ့ထားသော အပြုံးနှင့် သူ ကျွန်မကို စောင့်နေနိုင်သည်။ ကျွန်မခြေလှမ်းတွေ သွက်လာသည်။ ကုန်းအဆင်းမို့ ပြေးသလိုဖြစ်လာတာကို အခွင့်ကောင်းယူကာ အပြေးတစ်ပိုင်းနှင့် ကားလမ်းကို ဖြတ်ကူးလိုက်သည်။ ကားလမ်းတစ်ဖက် ရောက်တာနှင့် ဟိုတယ်တံခါးဝကို လှမ်းမြင်ရပြီး ဟိုတယ်တံခါးဝမှာ လူတစ်ယောက် ဂျာကင်အိတ်ထဲ လက်နှိုက်၍ မတ်တတ်ရပ်နေသည်။ ထုံးစံအတိုင်း ကျွန်မရင်မှာ ဆန့်ကျင်ဘက်အတွေးတွေ ပေါင်းစုံလာပြန်သည်။ အဲဒါ သူ ဖြစ်နိုင်သည်။ ကျွန်မ အိုင်အိုဝါဟောက်စ် ဟိုတယ်မှာတည်းတာ သူ... သိသည်လေ။ အဲဒါ သူ မဖြစ်နိုင်ပါ။ ဘာကြောင့်လဲဆိုတော့ သူက နတ်သားလေ။
ခက်မာ

No comments:

Home