ညတုန်းကလည်း သန်းခေါင်သန်းလွဲမှာ အိပ်ရာဝင်၊ နံနက်ကျပြန်တော့လည်း လေးနာရီ မထိုးခင်ကတည်းက အိပ်ရာမှ နိုးထခဲ့သည်မို့ ကားစထွက်ပြီဆိုကတည်းက ဆိုဖာခုံပေါ်တွင် ကိုယ်ကို ပြေလျော့လျော့ထိုင်ကာ လက်ပိုက် လျက်သားနှင့် မျက်စိကိုမှိတ်ထားလိုက်ပါသည်။
ကားပေါ်တွင် အတူတူလိုက်ပါလာကြသည့် သူငယ်ချင်းများ၏ ဆူဆူညံညံစကားပြော သံများ၊ ကျီစယ်နောက်ပြောင်ရယ်မောသံများ၊ အော်ဟစ်ငြင်းခုန်ပေါက်ကွဲသံများကြားတွင် ငြိမ်းမောင်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်ပျော်သွားခဲ့ပါသည်။
‘ဟေ့ကောင်...ထ...ထ ရောက်ပြီကွ’
လှိုင်မြင့်က သူ့ပခုံးကို ခပ်ကြမ်းကြမ်း လှုပ်နိုးလိုက်သည်ကြောင့် ငြိမ်းမောင်က အိပ်ရာမှ အလန့်တကြားထကာ ဟိုကြည့် ဒီကြည့် ကြည့်လိုက်ပါသည်။
ကြွေပြားအောက်ခံပေါ်တွင် ဖန်ရောင်မှန်ရောင်တောက်နေသော စာလုံး
များဖြင့် ပုံဖော်ထားသည့် ‘ဧရာဝတီတိုင်းမှ ကြိုဆို ပါ၏’ ဆိုသည့် ကျောက်စာတိုင်အမှတ် အသားကြီးကို သူတို့စီးလာသည့် ဟီးနိုးကားကြီးက ဝေါခနဲဖြတ်ကျော်၍ သွားပါသည်။
ဪ... ဟုတ်သားပေပဲ။ သူတို့ စုရပ် ဖြစ်သည့် ၄၅ လမ်းရှိ ဟင်္သာတအသင်း တိုက်ရှေ့မှ ကားမထွက်ခင်ကပင် ရန်ကုန်တိုင်းကိုကျော်သည်နှင့် သူ့ကို အိပ်ရာမှ နှိုးပါရန် လှိုင်မြင့်ကို မှာထားခဲ့သည် မဟုတ်ပါလား။
ဧရာဝတီတိုင်းထဲကို ဝင်ခဲ့ပြီဆိုသည့် အသိကြောင့် ရင်ထဲတွင် နွေးခနဲဖြစ်၍သွား ရပါသည်။ သည်လိုအမြန်နှုန်းနှင့်သာ ကားကို မောင်းခဲ့ပါလျှင် အလွန်ဆုံး နေ့လယ် ၁၂ နာရီလောက်ဆိုပါက ဟင်္သာတကို ရောက်လိမ့်မည်ပေါ့။
ဘာလိုလိုနှင့် ဇာတိမြေနှင့် ဝေးခဲ့သည်မှာ နှစ်ကာလတွေ ကြာညောင်းခဲ့လေပြီ။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ကိုရောက်၊ ကျောင်းပြီးပြန်တော့ အလုပ်ထဲကိုဝင်၊ ဝန်ထမ်းဘဝနှင့် မြန်မာပြည်တစ်နံတစ်လျား ဟိုကိုသွား၊ ဒီကိုလာ ဟိုမှာနား ဒီမှာနေဖြင့် ဇာတိမြေနှင့် ဝေးသည်ထက် ဝေးခဲ့ရပါသည်။
လာလိုလျှင် အနီးလေး၊ မလာလိုလျှင် ခရီးဝေး၊ မပေးလိုလျှင် မရှိ၊ မသွားလိုလျှင် မသိ၊ စိတ်ရှိက ကန့်ပလူ၊ စိတ်မရှိက ကြက်သွန်ဖြူ၊ စိတ်တူလျှင် အခေါက်ခေါက်၊ စိတ်မတူလျှင် မရောက်မပေါက်ဆိုသည့် ကျည်းကန်ရှင်ကြီး၏ စကားပုံတွေအတိုင်း လိုပင်။ စိတ်မတူသည့် အတွက်လည်း ဒီရေ ဒီမြေကို မရောက်မပေါက်ရှိခဲ့ပါသည်။ ခုတော့ ဟင်္သာတသား ဒေါက်တာအောင်ဝင်းမောင်ကြောင့် သူဒီခရီးကို လိုက်ခဲ့ခြင်း လိုက်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။
ကိုယ်က မြစ်ကြီးနားမှာနေ၍ ရန်ကုန် Sedona Hotel တွင် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို တက်ရောက်ရန် ရန်ကုန်သို့ဆင်းအလာ ဒေါက်တာအောင်ဝင်းမောင်ကလည်း ယင်းဆွေးနွေးပွဲ သို့လေ့လာသူအဖြစ် တက်ရောက်လာသည်နှင့် လူချင်းတွေ့ဆုံခဲ့ကြခြင်း ဖြစ်ပါသည်။
‘ဒီနှစ် ကျွန်တော်တို့ အ.ထ.က(၁)ရဲ့ ရွှေရတုနှစ်ပဲ အစ်ကို ဆရာကန်တော့ပွဲနဲ့ ရွှေရတုပွဲကိုပေါင်းပြီး ခမ်းခမ်းနားနား စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပဖို့ စီစဉ်နေကြတယ် အစ်ကိုရဲ့။ ဟိုက အစ်ကို့သူငယ်ချင်းတွေကလည်း အစ်ကို့ကို တွေ့ချင်လို့ တစ်မေးတည်း မေးနေကြတယ်။ အဲ... ဒီနှစ်မှာ မန္တလေးတိုင်း ပညာရေးမှူးကနေ အငြိမ်းစားယူသွားတဲ့ ကျွန်တော်တို့ ဆရာကြီး ဦးခင်ဆွေကလည်း မန္တလေးကနေ လိုက်လာပြီး ကန်တော့ခံလိမ့်မယ်သိလား.. အဲဒါ တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်တုန်း အစ်ကိုလည်းလိုက်ခဲ့ပါလားဗျာ ...နော်... အစ်ကိုနော်...’
ဆိုသည့် ဒေါက်တာဝင်းမောင်၏ ရွှန်းရွှန်းဝေနေသည့် စေတနာစကားများကြောင့် ‘လိုက်ခဲ့မယ်ကွာ..’ဟု အတိအကျ ကတိပေးလိုက်ပါသည်။
ငြိမ်းမောင်က သူ့နံဘေးပြတင်းပေါက်မှနေပြီး ကားအပြင်ဘက်ကို ငေးမောကြည့်ရင်း လိုက်ပါလာခဲ့ပါသည်။ သူတို့စီးလာသည့် ဟီးနိုးကားကြီးက ဓနုဖြူကို ကျော်လာခဲ့ပါသည်။ လမ်းဘေးတစ်လျှောက်မှာတော့ ဝါဝါထိန်နေသည့် နေကြာခင်းကြီးများက တစ်မျှော်တစ်ခေါ်နှင့်...
ဓနုဖြူပြီးလျှင် ဇလွန်.. ဇလွန်ပြီးလျှင် ဟင်္သာတကို ရောက်ပေတော့မည်။ ငြိမ်းမောင် ဟင်္သာတကိုရောက်လျှင် သူလုပ်ကိုင်ရမည့် အစီအစဉ်များကို စိတ်ကူးဖြင့် ရေးဆွဲလိုက် ပါသည်။
ပထမဦးစွာ ရှုခင်းဧရာ တည်းခိုခန်းမှာ သူပစ္စည်းတွေကို ချထားမယ်၊ ရေးမိုးချိုးပြီးလျှင် အထက်တန်းကျောင်းသားဘဝက သူတို့ လူစုစခန်းချရာ ကျောင်းထိပ်က ထွန်းရင်ကဖီးတွင် သူငယ်ချင်းတွေနှင့် တွေ့ဆုံမည်၊ ညနေစောင်းလျှင် အလွင်တို့ဆိုင်မှာဖြစ်ဖြစ် ရွှေသွားတို့ဆိုင်မှာဖြစ်ဖြစ် ညစာစားကြ သောက်ကြမည်၊ ရေချိန်လေးကိုက် လာလျှင် ဟိုးငယ်ငယ်တုန်းကလို ပုဆိုးတွေ ခြုံပြီး ရွာရိုးကိုးပေါက်လျှောက်လည်ကာ အမှောင်ရိပ်ကိုခိုရင်း သီချင်းတွေဆိုကြမည်၊ ယင်းအချိန်ဆိုပါလျှင် ဧရာဝတီမြစ်ကမ်းနဖူး တွင်တည်ထားသည့် ဦးပါရဲဘုရားတွင် တရားထိုင်သူ၊ ပုတီးစိပ်သူ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများ ကင်းရှင်းသွားပြီမို့ သူတို့လို အကုသိုလ်တုံးတစ်တွေ ဦးပါရဲဘုရားကြီးသို့ ချီတက်ကြပါလိမ့်မည်။
ဤအချိန်ဆိုလျှင် ဧရာဝတီမြစ်ဘက်ဆီမှ ညဥ့်လေညင်းက တသုန်သုန်တိုက်ခိုက် နေပါလိမ့်မည်။ နက်ပြာပြာကောင်းကင်ကြီး ထက်တွင် ငွေကြယ်ပွင့်လေးများကလည်း တလက်လက်နှင့် တောက်ပလင်းလက်၍ နေပါလိမ့်မည်။ ဧရာဝတီမြစ်ပြင်ကျယ်ကြီး ထက်တွင် မီးရောင်လေး တလက်လက်နှင့် ဝမ်းစာရှာထွက်နေကြသည့် တံငါလှေလေးများကိုလည်း ဟိုမှသည်မှ မြင်တွေ့ရပါလိမ့်မည်။
ထိုရောအခါ... မြင်တွေ့ခံစားနေရသော ဤသဘာဝအလှတရားများက နှလုံးသား၏ ဟိုးအနက်ရှိုင်းဆုံးနေရာထိအောင် ဒုတ်ဒုတ်ထိ တူးဆွ ဆွဲလှန်ကိုင်ညှစ်လှုပ်ရမ်းပစ်လိုက်သည့်အတွက် ရင်တွင်းခံစားချက် များ ပေါက်ကွဲထွက်ရှိလာကာ ‘အိပ်၍မပျော်သောညများ’၊ ‘ကြယ်ပွင့်လေးများ မချစ်ဝံ့ပြီ’၊ ‘သံသရာတစ်ကွေ့ဝယ်’၊ ‘တန်ပါ့မဖုရား’၊ ‘ချစ်အားငယ်ရသူမယ်’၊ ‘ယောကျာ်းမှာလည်း အသည်းနဲ့ပါ’၊ ‘အလွမ်းနွေကိုစမ်းရေထဲမှာမျှောလိုက်မည်’ စသည့်စသည့် ကိုယ့်ခေတ် ကိုယ့်အခါက စွဲနစ်အောင် ကြိုက်နှစ်သက်ခဲ့သည့် ဂန္ထဝင်အလွမ်း သီချင်းများကို အော်ဟစ်သီဆိုကြရင်း အသည်းပြင်တွင် အက်ကြောင်း ထင်နေသူများက ရင်နင့် လှိုက်ဖိုပေါ်ပေါ်ကြီး ငိုချင်လည်း ငိုကြပါလိမ့်မည်။
အရှက်နည်းနည်းပါးပါးရှိသူများကလည်း ဘေးလူမသိအောင် တိတ်တိတ်လေး ကျိတ်၍ရှိုက်ငိုလျှင်လည်း ရှိုက်ငိုကြပါလိမ့်မည်။ အဲ... ဘာကိုမှ ခံစားချက်မရှိသူ အဖြူထည် သက်သက်များကတော့ မှီဝဲထားသည့် ယမကာအရှိန်လေးဖြင့် ဘုရားရင်ပြင်ပေါ်တွင် ပိုးလိုးပက်လက် အိပ်စက်ကောင်း အိပ်စက်ကြ ပါလိမ့်မည်။
ဪ.... ဒါတွေသည်ပင် ပြန်လည်၍ ရင်းစားမရနိုင်တော့သော ငယ်ဘဝ၏ လွမ်းမောစရာ ပုံရိပ်များပင် မဟုတ်ပါလား။
သူတို့စီးလာသည့်ကားနှင့် ရန်ကုန်မှ လိုက်ပါလာခဲ့ကြသည့် ဆရာ၊ ဆရာမကြီးများ စီးလာသည့်ကာနှစ်စီးက မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ရပ်နားလိုက်ပါသည်။
ငြိမ်းမောင်က ဆိုက်ကားတစ်စီးငှားကာ ရှုခင်းဧရာတည်းခိုခန်းသို့ အရင်ဆုံး သွားရောက် လိုက်ပါသည်။ ရေမိုးချိုးပြီးသည်နှင့် သူ့မူလ အစီအစဉ်အတိုင်း ကျောင်းထိပ်က ‘ထွန်းရင် ကဖီး’ သို့ ထွက်လာခဲ့ပါသည်။ သူ တည်းခိုသည့်နေရာနှင့် သိပ်ပြီးမဝေးလှသည်မို့လည်း ခြေဆန့်လက်ဆန့်ဆိုသလို လမ်းလျှောက်၍ပင် သွားရောက်ခဲ့ပါသည်။
လမ်းမတော်လမ်းမပေါ်က လှတင်ဆံသ ဆိုင်ရှေ့ကိုရောက်တော့ ကိုလှတင်ကို ဝင်၍ နှုတ်ဆက်မည်ဟု ကည့်လိုက်ပါသည်။ကိုလှတင်ကိုမတွေ့၊ အရင်တုန်းက ဆံပင်ညှပ်သည့် ဆုံလည်ကုလားထိုင် ချထားသောနေရာတွင် ဖိနပ်များ ထည့်ထားသည့် ရှိုးကေ့စ်ကြီးက နေရာယူထားပါသည်။ ကိုလှတင်၏ ဆံသဆိုင်က ဖိနပ်ဆိုင်ဖြစ်၍ နေပေပြီ။
သူတို့ငယ်ငယ်တုန်းကတော့ ကိုလှတင်၏ ဆံပင်ညှပ်ဆိုင်က သူတို့လိုကျောင်းပြေးတစ်စု၏ ခိုလှုံရာအေးရိပ်သာလေးပင်။ ကိုလှတင်ဆိုင်မှာက မယ်ဒလင်ရှိသည်၊ တယောရှိသည်။ ဒီဆိုင်လေးက ဟင်္သာတမြင့်ငွေတို့ သူတို့တစ်တွေ ဆိုကြမယ်၊ ငိုကြမယ်၊ ပျော်ကြမယ်၊ အော်ကြမယ် လုပ်ခဲ့သည့် ဘူမိနက်သန် နေရာမှန်လေး။
‘ဟင်’
ကျောင်းထိပ်ကိုရောက်တော့ ထွန်းရင် ကဖီးဆိုသည်မှာ မရှိပါတော့။ မယုံကြည်နိုင် လွန်း၍ သူမျက်လုံးကို ပွတ်သပ်ကြည့်လိုက်ပါသည်။ တကယ်ပဲ ထွန်းရင်ကဖီးဆိုသည်မှာ မရှိပါလေ။ ယင်းနေရာတွင် ကျောင်းခြံစည်းရိုး အုတ်တံတိုင်းနှင့် ငှက်ပျောပင်များပြီးတော့ ဆောက်လက်စ နှစ်ထပ်ကျောင်းဆောင်သစ်။
ငြိမ်းမောင် စိတ်ညစ်၍သွားပါသည်၊ ဟင်္သာတကို အလာလမ်းမှာတုန်းက သူ့စိတ်ကူး နှင့် စီစဉ်ခဲ့သည့်အစီအစဉ်များ ပျက်ပြားရမလို ဖြစ်နေပါသည်။ သူကစိတ်ပျက်လက်နှင့်ဆက်၍ လျှောက်လာခဲ့ပါသည် ကျောင်းရှေ့ကို မျှော်ကြည့် လိုက်ပြန်တော့ ကျောင်းဆင်ဝင်အောက်နှင့် မလှမ်းမကမ်းက စိန်ပန်းပင်ကြီးနေရာတွင် အဆောက်အအုံသစ်တွေက အပြိုင်းအယိုင်း နေရာယူထားကြပါသည်။ အမှတ်(၁)ကျောင်း ကြီးနှင့်အတူ မွေးဖွားခဲ့သည့် စိန်ပန်းပင်ကြီးလည်း ဘယ်ဆီရောက်သွားလေပြီမသိ။ သူ့နေရာတွင် အပွင့်ဖြူဖြူတွေ တဖွေးဖွေးနှင့် အကြော်ပင်ကြီးက နေရာယူလို့...သင်္ခါရ သဘောဟု စောကြောလိုက်ရပါသည်။
ကိုယ့်စိတ်ကတော့ သည်ရပ်သည်ရွာနှင့် ဝေးကွာခဲ့သည့်ကာလမှာ မကြာတောင်း ကြာတောင်း မနေ့တစ်နေ့ကလောက်သာ ထင်ခဲ့ပါသော်လည်း အရာရာက အပြောင်းလဲကြီးပြောင်း လဲသွားခဲ့ပါပြီကော၊ စာရေးဆရာကြီး အိပ်ဂျီဝဲလ်၏ ကာလယန္တရားစက်ကြီးထဲကိုပင် ရောက်သွား၍လား သို့တည်းမဟုတ် သူဖတ်ဖူးခဲ့သည့် ဇာတ်လမ်းတစ်ပုဒ်ထဲက Ripvam Wrinkle ဆိုသည့် မိန်းမကဆူလွန်းပူလွန်း ဂျီတိုက်လွန်းသဖြင့် တစ်ယောက်တည်း စိတ်ပျက်လက်ပျက် နှင့် တောထဲသို့ထွက်အလာ လူပုကလေးများနှင့် တွေ့ဆုံပြီး ၄င်းတို့တိုက်သည့် အရက်ကို သောက်ကာ တောထဲမှာပင် အိပ်ပျော်သွားခဲ့ပါသည်။
သူအိပ်ရာကနိုးတော့ ရွာကို ပြန်လာသည့် အခါအိုးအိမ်တိုက်တာလမ်းကြီးလမ်းငယ်မှအစ ပြောင်းလဲနေရုံမက လူတွေလည်းမမှတ်မိနိုင်တော့ လောက်အောင် ပြောင်းလဲ၍နေပါသည်။အသိ မိတ်ဆွေဆိုသည်ကိုပင် မတွေ့ရ၊ သည်လိုနှင့် သူ အိမ်ကိုပြန်ရောက်သွားသည့် အခါမှာတော့ အိမ်ရှေ့တွင် တံမြတ်စည်းလှည်းနေသည့် ဆံပင်တွေ ဖွေးဖွေးဆွတ်နေသော အဘွားအို တစ်ဦးကို တွေ့လိုက်ရပါသည်။ ဤအဘွားအိုမှာ အလွန်ပစိပစပ်များ လှသည့်သူ့ဇနီးပင်။
အမှန်တော့ လူပုကလေးတွေ တိုက်လိုက်သည်အရက်ကို သောက်ပြီး သူအိပ်ပျော်၍ သွားသည်မှာ သူထင်သလို နေ့ဝက်သာသာ ကာလ မဟုတ်ဘဲ အနှစ်နှစ်ဆယ်လုံးလုံး ကြာညောင်း၍ သွားခဲ့ခြင်းသာ ဖြစ်ပါသည်။ သူအိမ်ကထွက် လာစဉ်က အသက် ၅၀ အရွယ် ယခုသော်မူ အသက် ၇၀ဆယ်အရွယ် အဘိုးကြီးဖြစ်နေပြီကော။
ဝတ္ထုဇာတ်လမ်းထဲက Ripvam Wrinkle က နှစ်ပေါင်း၂၀..ယခုသူက နှစ်ပေါင်း ၃၀ ကျော်ဘယ်ဆီမှာ သွား၍ အိပ်ပျော်နေပါလိမ့်။
ငြိမ်းမောင်က ရုတ်တရက် မူးနောက်ရီဝေလာသော ဦးခေါင်းကြောင့် သူ့နားထင်နှစ်ဖက်ကို လက်မ၊ လက်ခလယ်ဖြင့် ဖျစ်ညှစ်လိုက်မိပါသည်။ လူကလည်း ခြေမခိုင်ချင်တော့သလို ယိုင်တိယိုင်တိုင်ဖြစ်၍ သွားပါသည်။
“ကျွတ်...ကျွတ်...ကျွတ်”
“ဘကြီး .... ဘကြီး ဘာဖြစ်သွားလို့လဲ ဟင်”
သူ့နောက်မှနေ၍ စိုးရိမ်တကြီးနှင့် မေးလိုက်သော မိန်းကလေးတစ်ယောက်၏ အသံ ကြောင့် ငြိမ်းမောင် လှည့်ကြည့်လိုက်ပါသည်။ ဆယ့်ခြောက် ဆယ့်ခုနစ်အရွယ်ခန့် သန့်သန့် စင်စင် ကြည်ကြည်လင်လင် ချစ်စဖွယ်မျက်နှာ လှလှလေးနှင့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရပါသည်။ အဲ... တစ်ယောက်တည်းတော့မဟုတ်။ သူမနှင့်ရွယ်တူ မိန်းကလေး အဖော်တစ်ယောက်ပါ ပါသေးသည်။
“ဘကြီးတဲ့လား”
အောင့်သက်သက်ကြီးနှင့် စိတ်ထဲကနေ မကြည်မလင် ရွတ်ဆိုလိုက်မိပါသည်။ သို့သော် ချက်ချင်းပင် စိတ်အစဉ်ကို သတိသမ္ပဇဉ်ကပ်၍ ကြည့်လိုက်တော့...
“ဟုတ်ပေသားပဲ။ ငါက အခု အသက် ငါးဆယ်ကျော်။ သင်းကလေးတွေက ငါ့သမီး၊ ငါ့တူမအရွယ်ပဲလေ။ ခု ငါ့ကို ဘကြီးလို့ခေါ်တာ လျော်ကန်သင့်မြတ်ပေသားပဲ”ဟု စိတ်ကို ဖြေလျှော့ချလိုက်ရပါသည်။
“သမီးတို့ ဘာလုပ်ပေးရမလဲဟင်... ဪ သမီးဆီမှာ ရှူဆေးဘူးပါတယ်။ ရော့ ဘကြီး ဒါလေးကို ရှူလိုက်နော်”
ကောင်မလေးက သူလွယ်လာသည့် ကျောပိုးအိတ်အပြင်ကပ်အိတ်ထဲမှ ပန်းရောင် ရှူဆေးဘူးလေးကို ထုတ်ကာ သူ့ကို ပေးလိုက်ပါသည်။
“ဘုရား... ဘုရား”
ဟိုးလွန်ခဲ့သည့် နှစ် ၃၀ ကျော်လောက်တုန်းက သည်ကျောင်းကြီး၏ ပြေးခုန်ပစ် အားကစားပြိုင်ပွဲကို ကျောင်းနှင့်မလှမ်းမကမ်း၌ မိုင်ဒါကွင်းတွင် ကျင်းပစဉ်က သူ မီတာ ၄၀ဝ ပြေးပွဲတွင် ပထမပန်းဝင်လာပြီး ပြေးလမ်းဘေးရှိ ကွင်းစပ်မြက်ခင်းတွင် ခြေပစ်လက်ပစ်ထိုင်ကာ အမောဖြေနေစဉ်...
“ရော့... ကိုမောင် ဒါလေးကို ရှူလိုက် နော်”
ထားထားဦးဆိုသည့် ကောင်မလေးက ရှူဆေးဘူးလေးတစ်ဘူးကို အဖုံးဖွင့်လျက် တယုတယနှင့် သူ့ကိုလာ၍ ပေးခဲ့ဖူးပါသည်။ တစ်ခုပဲ ကွာပါသည်။ ဟိုတုန်းက ထားထားဦး သူ့ကို ပေးခဲ့သည့်ရှူဆေးဘူးက B.P inhalant ဖြစ်ပြီး ခု ချာတိတ်မလေး သူ့ကိုပေးသည့် ရှူဆေးဘူးက Poysiam ...(တကယ်တော့ သူ့အတွက် ခုအချိန်မှာ B.P inhalant လည်း မတိုး၊ Poysiam လည်း မတိုး၊ အဘထနှင့်မှ ဟန်ကျနေသည်ကို သူတို့တစ်တွေ ဘယ်မှာ သိပါလိမ့်မလဲနော်)။
သူ့အခြေအနေကို ကြင်ကြင်နာနာနှင့် စောင့်ကြည့်နေသော ကောင်မလေး၏မျက်နှာကို ငြိမ်းမောင်က ခုမှပင် သေသေချာချာ ကြည့်လိုက်မိပါသည်။
“ဘုရား...ဘုရား”
ဒုတိယအကြိမ်မြောက် ဘုရားတလိုက်မိ ပြန်ပါသည်။ ကောင်မလေး၏မျက်နှာက ထားထားဦးနှင့် တစ်ထေရာတည်း။
အရင်းတုတ်၍ အဖျားသွယ်သွားသည့် နက်မှောင်မှောင် မျက်ခုံးများအောက်မှ ရွှန်းလဲ့ နေသည့် မျက်လုံးရွဲရွဲ၊ မျက်တောင်ကော့ကော့ကြီးများ၊ ဖူးဖူးရွရွ နီနီထွေးထွေး နှုတ်ခမ်းလှလှ လေးတစ်စုံ၊ ဖြူဝင်းမွတ်စင်နေသည့် ပုလဲနှစ်ရောင် ပါးပြင်ပေါ်တွင် ယှက်ဖြာနေသော သွေး ကြောစိမ်းစိမ်းလေးများ၊ ပြီးတော့ မနိမ့်မမြင့် သူ့အရပ်လေးနှင့် လိုက်ဖက်အောင် ကြော့ရှင်း လှပလွန်းသည့် ကိုယ်နေဟန်ထားလေးက ထားထားဦးတစ်ယောက် သူ့ရှေ့မှာ လာ၍ ရပ်နေသည်ဟု ထင်မှတ်မှားခဲ့သလို ရင်ထဲတွင်လည်း ဆို့ဆို့နင့်နင့် လွမ်းလွမ်းတတ ကြေကြေကွဲကွဲ ဝေဒနာကြီးတစ်ခုကို ခံစားလိုက်ရပါသည်။
“ဘကြီး သက်သာရဲ့လားဟင်”
သူ့မျက်နှာပေါ်က ဆွေးဆွေးမြည့်မြည့် ပုံရိပ်ကို ကောင်မလေးက အဖတ်မှားကာ စိုးရိမ် တကြီးနှင့် မေးလိုက်ပါသည်။
သက်သာပါတယ် သမီးရယ်။ ကျေးဇူး ပါပဲကွယ်။ ရော့... ဒီမှာ သမီးရဲ့ရှူဆေးဘူး”
ဟင့်အင်း... ဘကြီး ယူထားလိုက်ပါ။ ဒါ သမီး ကုသိုလ်လုပ်တာပါ”
“ဟဲ့ ... ပြည့်ပြည့်... ဟိုမှာ နင့်အမေ ကြီးလာနေပြီ”
သူ့ကို ရှူဆေးဘူးပေးသည့် ကောင်မလေးကို သူ့ဘေးမှ ဗစ်တိုးရီးယားဘက်ခမ်း ဆံပင် ပုံစံလေးနှင့် ကောင်မလေးက လက်တို့၍ ပြောလိုက်သည့်အတွက် ငြိမ်းမောင်က လှမ်းကြည့် လိုက်ပါသည်။
ဆိုက်ကားတစ်စီး၏ ထိုင်ခုံပေါ်တွင် ဖင်ထိုင်အုံးနှစ်လုံးကိုဆင့်ကာ ကျပ်ကျပ်သပ်သပ် စီးလာသည့် ဝ၀ဖိုင့်ဖိုင့် အမျိုးသမီးကြီးတစ်ဦးက ပါးစုံ့ကြီးများ ထွက်အောင်ရယ်ရင်းက သူမ စီးလာသည့်ဆိုက်ကားကို ငြိမ်းမောင်တို့အနားတွင် ရပ်ခိုင်းလိုက်ပါသည်။ ဆိုက်ကားသမားခမျာ မဆန့်ရင်ကာ ကိုယ်လုံးကြီးကို တင်နင်းလာရသဖြင့် ဟောဟဲဆိုက်၍ နေပါသည်။
“ဟဲ့...သမီး ပြည့်ပြည့် ခုထိတောင် ကျောင်းထဲကို မရောက်သေးဘူးလား။ အမေတောင် ဈေးက ပြန်လာပြီ”
“ဟုတ်တယ် မေ... သမီးတို့ ကျောင်းကိုလာရင်း ဟောဒီက ဘကြီးရယ် ဒီနေရာမှာ မူးယိုင်သွားတာတွေ့လို့ တတ်သမျှ မှတ်သမျှနဲ့ ပြုစုပေးနေရလို့ပါ မေ...”
ဒီတော့မှ ဆိုက်ကားပေါ်မှ ဆင်းလာသည့် အမျိုးသမီးကြီးက ငြိမ်းမောင်၏မျက်နှာကို သေသေချာချာ ကြည့်လိုက်ပါသည်။
“ဟင်... ရှင်.. ရှင် ကိုငြိမ်းမောင် မဟုတ်လားဟင်”
“ဟုတ်ပါတယ် ကျွန်တော် ငြိမ်းမောင်ပါ။ ဒီက ဘယ်သူများ”
“ဝမ်းသာလိုက်တာ ကိုငြိမ်းမောင်ရယ်။ ရှင် ကျွန်မကို မမှတ်မိဘူးမဟုတ်လားဟင်”
ငြိမ်းမောင်က မျက်နှာပြည့်ပြည့်ဝိုင်းဝိုင်း ပါးစုံ့ကြီးတွေက ဖောင်းဖောင်းမို့မို့၊ ကိုယ်လုံးက အိအိဖိုင့်ဖိုင့်နှင့် မိန်းမဝ၀ကြီးကို သေသေချာချာ ကြည့်လိုက်ပါသည်။
တူတာကတော့ တော်တော်လေးကို တူပါသည်။ သည်အပြုံး၊ သည်မျက်လုံး၊ သည်နှာခေါင်း၊ သည်နှုတ်ခမ်းတွေက...
“ထား...ထားထားဦးလားဟင်”
“အဟင်း...ဟင်း...ဟင်း ကိုငြိမ်းမောင် က ကျွန်မကို လွယ်လွယ်ကူကူနဲ့ မှတ်မိသားပဲ။ လေးငါးဆယ်နှစ်လောက် ကွဲကွာသွားကြတဲ့ သူငယ်ချင်းတွေတောင် ကျွန်မနဲ့ အခုလိုမျိုး ပြန်တွေ့ကြရင် လုံးလုံးကို မမှတ်မိကြတော့ဘူးလေ။ အင်း အသက်တွေကလည်း ကြီးလာပြီ ဆိုတော့ ဘယ်မှာသာ ငယ်ရုပ်ရှိပါတော့မလဲလေ”
ထားထားဦးက စကားပြောရင်း ငယ်ငယ်တုန်းက အကျင့်အတိုင်း နားသယ်မှကျနေသော ဆံနွယ်များကို နားနောက်ဘက်သို့ အသာသပ်၍ တင်လိုက်ပါသည်။ ဟိုတုန်းက ထားထားဦး ခုလိုမျိုး သပ်တင်လိုက်သည့် ဆံနွယ်များက မည်းနက်တောက်ပြောင်နေသည့် ပိတုံးရောင် ကေသာများ... ခုတော့ အဖြူတစ်ဝက်မက ရောနှောနေသော ဖြူနီကြောင် ဆံနွယ်စများ ဖြစ်နေပါသည်။
“မေ... သမီးတို့ သွားတော့မယ်နော်”
“ဘကြီး..သမီးတို့ကို ခွင့်ပြုပါဦး”
“အေးကွယ်... အေး အေး ကျေးဇူးပဲ နော် သမီး”
ပြည့်ပြည့်ဆိုသည့် ကောင်မလေးက သူတို့ကို လက်ပြနှုတ်ဆက်ကာ ကျောင်းဝင်းထဲသို့ ဝင်သွားပါသည်။
“အဲဒါ ထားရဲ့ သမီးအငယ်ဆုံးလေ ကိုမောင်”
အနားတွင် သမီးမရှိတော့သည်နှင့် ထားထားဦးဆိုသည့် အမျိုးသမီးကြီး၏ အခေါ်အဝေါ် အပြောအဆိုတွေက ချက်ချင်းဆိုသလိုပင် ပြောင်းလဲ၍ သွားပါသည်။
“မနက်ဖြန် ရွှေရတုပွဲမှာ ဧည့်ခံပေးဖို့အတွက် ကျောင်းက ခေါ်လို့သွားရတာလေ ကိုမောင်ရဲ့။ ဒါနဲ့ ကိုမောင် ဘယ်တုန်းက ရောက်တာလဲဟင်”
“နေ့လယ်တုန်းကပဲ ထား”
သူကလည်း ရောင်းသူ ဝယ်သူ အသံတူ လိုက်ပါသည်။
“ဒါဆိုရင် ဒီနေ့ညစာကို ထားတို့အိမ်မှာ လာစားပါလားဟင် ကိုမောင်”
“မစားတော့ပါဘူးထားရယ်၊ သူငယ်ချင်းတွေနဲ့ ချိန်းထားတာ ရှိလို့ပါ”
“ဒါဖြင့်ရင် မနက်ဖြန်ဆိုရင်ကော”
“အင်း...တို့လည်း ဆရာကန်တော့ပွဲကို လာတာဆိုတော့ ဒီက အစီအစဉ်တွေနဲ့ အချိန် အားတော့ သိပ်မရှိဘူးထား။ ဒီကြားထဲက အဆင်ပြေရင်တော့ လာခဲ့ပါ့မယ်”
“အဆင်ပြေမှတဲ့လား ကိုမောင်ရယ်။ တမင်အချိန်ယူပြီးလာမယ်ဆိုတဲ့ သံယောဇဉ် လက်ကျန်လေးတောင်မှ မရှိတော့ဘူးတဲ့လားကွယ်။ စိမ်းကားလိုက်တာနော်”
ထားထားဦးက ဆို့နင့်စွာ ပြောလိုက်ပါသည်။ ဟိုအရင်တုန်းကလိုသာဆိုပါလျှင် ဒီလို အပြောအဆို လေးတွေကြားတွင် ငြိမ်းမောင်တစ်ယောက် အရည် ပျော်ဝင်စီးမျောသွားနိုင်ပါသည်။ ခုတော့ သူ့နှလုံးသား တစ်ခုလုံး ထုံဆေးအထိုးခံထားရသည့်နှယ် ဘာ
ခံစားချက်မှ မရှိ တော့သလို ထုံပေပေကြီး ဖြစ်၍ နေပါသည်။
“မဟုတ်ပါဘူး ထားရယ်။ တကယ့်ကို မအားလို့ပါ။ နောက်တစ်ခါ တမင်သက်သက် ကြီးကို လာလည်ပါ့မယ်။ ခုတစ်ခါတော့ ကိုယ့်ကို နားလည်ခွင့်လွှတ်ပေးပါနော်”
ထားထားဦးက ငြိမ်းမောင်၏မျက်နှာကို ခပ်ငေးငေးလေး ကြည့်နေပါသည်။
“ကိုမောင့်ကို ကြည့်ရတာ ငယ်ငယ်က အတိုင်းပဲနော် သိပ်ပြီး မပြောင်းလဲဘူး”
“အဟင်း..ဟင်း တို့ အဘိုးကြီးဖြစ်နေ ပြီလေထားရဲ့”
“ငါးဆယ်ကျော်ဆိုတာ အဘိုးကြီး မဟုတ်သေးပါဘူး ကိုမောင်ရယ်။ အဲ ထားသာ အဘွား ကြီးဖြစ်သွားတာ ကြည့်ပါလား။ ဒီမှာ တစ်ခေါင်းလုံး ဆွတ်ဆွတ်ကိုဖြူလို့ ကိုမောင် ကတော့ အရင်အတိုင်းပဲသိလား။ ဆံပင်တောင် မှ မဖြူသေးဘူး”
“ထား မသိလို့ပါ။ တို့လည်း ခေါင်းမွေးတွေ ဖွေးဖွေးဖြူနေပါပြီ Lolaneန ဆံပင်ဆိုး ဆေးအားကိုးနဲ့ အဖြူကို အနက်ဆိုးပြီး ဇရာကို ဖုံးကွယ်ထားတာပါ ထားရယ်”ဟု စိတ်ထဲက ကျိတ်၍ ပြောလိုက်မိပါသည်။ အပြင်မှာတော့ စောစောတုန်းက ထားထားဦးပြောသလို ကိုယ့် ကိုယ်ကိုယ် ဘာမှ မပြောင်းလဲသေးသည့် ဟိုးနှစ်ပေါင်း သုံးဆယ်ကျော်ကာလက ငြိမ်းမောင် ဆိုသည့် ကောင်လေးလိုလို ဘာလိုလိုအချိုးမျိုး ခပ်တည်တည် ချိုးထားလိုက်ပါသည်။
“ဒါဆိုရင် ထားသွားတော့မယ်နော်။ ဘာပဲဖြစ်ဖြစ် အချိန်ရအောင်ယူပြီးတော့ လာခဲ့ ပါဦး ကိုမောင်ရယ်။ ထားမျှော်နေမယ် သိလား။ ဪ် ကိုမောင့်ကို ပြောဖို့ကျန်သေးတယ်။ ဟိုလေ စောစောတုန်းက ထားရဲ့သမီးပြည့်ပြည့် ရဲ့ နာမည်အပြည့်အစုံက “ငြိမ်းပြည့်စုံ”တဲ့ ကိုမောင်ရဲ့။ ကိုမောင့်ကို အမှတ်တရအနေနဲ့ “ငြိမ်း”ဆိုတဲ့ နာမည်လေးကို ရှေ့ဆုံးကနေထည့် ပြီး မှည့်ထားတာ သိလား”
ပြောပြောဆိုဆို ထားထားဦးက သူ့ခန္ဓာ ကိုယ်ကြီးကို အိပက်အိပက်နှင့် သယ်ဆောင်ကာ ဆိုက်ကားပေါ်သို့ တက်လိုက်ရင်း ငြိမ်းမောင်ကို လက်ပြနှုတ်ဆက်၍ ထွက်ခွာသွားပါသည်။
တဖြည်းဖြည်းနှင့် ဝေး၍ ဝေး၍ သွားသော ထားထားဦး၏ပုံရိပ်ကို ကြည့်ကာ ငြိမ်းမောင်က ခေါင်းကို လေးတွဲစွာ ခါရမ်းလိုက်ပါသည်။ ပြီးတော့ ပြုံးလိုက်ပါသည်။ ပြုံးရင်း ပြုံးရင်း ကနေ အသံထွက်သည်အထိ အားရပါးရအော် ဟစ် ရယ်မောလိုက်ပါတော့သည်။
“အဟတ်... ဟား...ဟား...ဟား... ဟား”
လမ်းလည်ခေါင်ကြီးတွင် စိတ်လွတ်ကိုယ်လွတ် ရယ်မောနေသော ငြိမ်းမောင်ကို လမ်းသွား လမ်းလာတွေက ခပ်ပေါက်ပေါက် လူကြီးတစ်ယောက်ဟု ထင်မြင်ယူဆ သွားကြလေသည်လားမသိ၊ လှည့်ကြည့် လှည့်ကြည့် လုပ်သွားကြပါသည်။
တစ်ရံရောအခါက ထားထားဦးဆိုသည့် ကောင်မလေးတစ်ယောက်နှင့် ငြိမ်းမောင်ဆိုသော ကောင်လေးတစ်ယောက်တို့မှာ ကျောင်းရှေ့က စိန်ပန်းပင်ကြီးကို တိုင်တည်ရင်း ဧရာဝတီမြစ်ကြီးကို သက်သေထားကာ ဦးပါရဲဘုရားကြီးကို သစ္စာပြုရင်း အချစ်ကြီး ချစ်ဖူးကြပါသည်။
သို့ပါသော်လည်း မကြာတောင်းကြာတောင်း အချိန်ကာလလေးအတွင်းမှာပင် အဖြစ်အပျက်တို့က မယုံကြည်နိုင်လောက်အောင် အပြောင်းလဲ ပြောင်းလဲ၍ သွားခဲ့ပါသည်။ ‘ကိုမောင်နဲ့သာ ခွဲရမယ်ဆိုရင် ထား ရင်ကွဲနာကျလို့ သေရပါလိမ့်မယ်’ ဆိုသော၊ ‘ကိုမောင်နဲ့သာ ဝေးရမယ်ဆိုရင် ထားကိုယ် ထဲမှာ စီးဆင်းနေတဲ့သွေးတွေဟာ အဆိပ်ရည် အဖြစ် ပြောင်းလဲသွားရပါလိမ့်မယ်’ဆိုသော၊ ‘ကိုမောင် မျက်နှာညှိုးရင် ထားအရိုးတွေ ကြေမွ သွားသလို နာကျင်ခံခက်လှပါတယ်’ဆိုသော၊ ‘ကြမ္မာကြွေလည်း သေမင်းခွဲမှ ကွဲကြမယ်နော် ကိုမောင်’ဟု ဆိုသော၊ သူ့ဆီကို စာရေးလေတိုင်း တက္ကသိုလ် ဘုန်းနိုင်၏ ဝတ္ထုတစ်ပုဒ် ထဲက စကားလုံးကို အငှားသုံးကာ ‘ကိုမောင့် အပေါ် သစ္စာထားမယ့်ထားမို့ ထားလို့ ခေါ်ရမယ့်ထားပါ ကိုမောင်’ ဟု စာပိုဒ်အဆုံးတွင် လက်မှတ်ရေးထိုး ရေးသားလေ့ရှိသော ထားထားဦးတစ်ယောက် သူ့အိမ်က သဘောတူ ကြည်ဖြူရသူ ခင်မောင်လတ်ဆိုသူနှင့် လက်ထပ်၍ သွားပါတော့သည်။
ထုံးစံအတိုင်းပေါ့...
ငြိမ်းမောင်တစ်ယောက် ကမ္ဘာဦးကာလမှသည် သူ့ရှေ့မှ ရည်းစားဦးနှင့် ကွဲခဲ့ကြဖူးသည့် ဘိုးဘေးတွေ၊ ဦးကြီး၊ ဦးလေးတွေ၊ နောင်တော်၊ ညီတော်တွေကို နှစ်ရှည်လများ အလူးလူးအလိမ့်လိမ့် ခံစားလိုက်ရပါသည်။
လွန်ခဲ့သော ငါးနှစ်ခန့်က သူမူဆယ်ဘက်သို့ တာဝန်နှင့်အသွား ထားထားဦး၏ ခင်ပွန်းဖြစ်သူ ခင်မောင်လတ်တစ်ယောက် အသည်းကင်ဆာဖြင့် အနိစ္စရောက်ရှိသွားပြီဆိုသည့် သတင်းကို ကုန်အရောင်းအဝယ်ကိစ္စဖြင့် ရောက်ရှိလာသည့် ဟင်္သာတသား မိတ်ဆွေတစ်ယောက် ထံမှ ကြားသိလိုက်ရပါသည်။
သည်တုန်းက သူ့ရင်ထဲတွင် ထားအတွက် စိတ်မကောင်းခြင်းကြီးစွာ ခံစားလိုက်ရပါသေးသည်။ ဘာပဲဖြစ်ဖြစ် အကြောင်းကြုံကြိုက်၍များ ဇာတိမြေသို့ ပြန်ရောက်ခဲ့ပါလျှင် ဇော်ဝင်း၊ စိုးတင်၊ သိန်းဖေ၊ ယုရှိန်၊ ထွန်းအောင်၊ ကြည်သိန်း၊ ရဲလှမြင့်၊ မျိုးလွင်၊ သိန်းအောင်စသည့် ငယ်သူငယ်ချင်းများနှင့် တွေ့ဆုံကာ ငယ်ငယ်တုန်းကလို ညဥ့်နက် သန်းကောင် ဦးပါရဲဘုရားသို့ သွားရောက်ကာ အားရပါးရ ရင်ပွင့်အောင် လွမ်းပစ်လိုက်မည်ဟု ရည်ရွယ်ကြံစည်ထားခဲ့ပါသည်။
ခုတော့ ဘာအကြောင်းကို အစဖော်ကာ ဘယ်လိုလွယ်ရမည်မသိ၊ ရင်ထဲတွင် လွမ်းစရာဆို၍ ဘာမှမရှိတော့ဘဲ ဟာလာဟင်းလင်းကြီး ဖြစ်နေပါသည်။ ရုတ်တရက်ကြီး သည်လိုမျိုး ဘာကြောင့် ပြောင်းလဲသွားရသည် ဆိုသည်ကို စဉ်းစားလိုက်သည့်အခါမှာတော့...
သူ့စိတ်ဓာတ်၊ အတွေးအခေါ်၊ ဒဿန အမြင်တွေကို လမ်းမှန် ကမ်းမှန်ရောက်အောင် တည့်မတ်လမ်းညွှန်ပေးလိုက်သည့် ဘဝအတွေ့ အကြုံများနှင့် အသက်အရွယ်ကြောင့်ပေပဲလား။
သို့တည်းမဟုတ် ပြီးခဲ့သည့် ဆယ့်လေးငါး နှစ်လောက်အတွင်းက လူ့ဘဝကြီးထဲမှ တစ်ယောက်ပြီးတစ်ယောက် အပြီးအပိုင် နှုတ်ဆက် ထွက်ခွာသွားခဲ့ကြသည့် စိုးတင်၊ ထွန်းအောင်၊ ရဲလှမြင့်၊ မျိုးလွင်၊ သိန်းအောင် စသည့်သူငယ်ချင်းများကို သတိရမိပြီး မရဏနုဿတိ တရားကို ပွားများမိ၍ ပေပဲလား။
သို့တည်းမဟုတ် သူသည်ခရီးကို ထွက်လာစဉ်က မြစ်ကြီးနားတွင် ကျန်ရစ်ခဲ့ကြသည့် ချစ်ဇနီးမိသက်နှင့် သားသမီးငါးယောက်တို့၏ သံယောဇဉ် အနှောင်အဖွဲ့ကြောင့်ပေပဲလား။
သို့တည်းမဟုတ် ဟိုးလွန်ခဲ့သော အနှစ် ၃၀ ကျော်က ပါရမီရှင် ပန်းပုဆရာ တစ်ဦးက လက်ရာမြောက်စွာ ထုဆစ်ထားသည့် ဆင်စွယ် ယမင်းရုပ်လေးနှယ် ၃၄-၂၂-၃၅ ကိုယ်ခန္ဓာအချိုးအစားဖြင့် နုထွတ်ဖူးရွ လှချင်တိုင်းလှခဲ့သော သူ့ငယ်ချစ် ထားထားဦးတစ်ယောက် အခုတော့ ဝမ့်ဝမ့်ပေါက်စီသုံးလုံးကို အထက်အောက်ဆင့်ထားသလိုမျိုး ၄၈-၅၂-၅၅ လောက် အတိုင်းအတာကြီးနှင့် ဘုတ်အီးကြီးဘဝကို ရောက်သွား၍ ပဲလား။ ဘာကြောင့်မှန်း အဖြေရှာမရပါ။
သေချာသည်ကတော့ သည်ည ဦးပါရဲဘုရားတွင် သူငယ်ချင်းတွေ နှင့်အတူ အပီအပြင် အကျအနလွမ်းဖြစ်အောင် လွမ်းပြလိုက်မည်ဟု ကြံစည်ထားခဲ့သည့် သူ့မဟာအစီအစဉ်ကြီးကို အချိန်ကာလအတိုင်း အတာတစ်ခုအထိ ရွှေ့ဆိုင်းထားလိုက်ရပါကြောင်း...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment