Home

ခုံတန်းအိုလေးရဲ့ ဒိုင်ယာရီ

ပန်းခြံထဲမှာ ခုံတန်းတွေ အများကြီးရှိတဲ့ အထဲကမှ ချစ်သူစုံတွဲတွေက ကျွန်တော့်ကိုမှရွေးပြီး မျက်စိကျရတဲ့ အကြောင်းရင်းကလည်း ရှိခဲ့တယ်။ ကျွန်တော့်နေရာလေးဟာ အရမ်းကို သာယာအေးမြပြီး တိတ်ဆိတ်မှိုင်းညို့နေခဲ့တယ်။ ကျွန်တော့်ရှေ့မှာ စိမ်းလဲ့လဲ့ရေပြင်ရှိတယ်။ ကျွန်တော့်နောက်မှာ အမြစ်တွေ ပါးပြင်းထပြီး နွယ်ပင်တွေ ကန့်လန့်ကာချထားသလို ဖြာကျနေတဲ့ အလွန်ကြီးမား မှိုင်းညို့တဲ့ ကုက္ကိုပင်ကြီးရှိတယ်။ ကျွန်တော့်ဘယ်ဘက်မှာ ပန်းချုံတန်းအုပ်အုပ်လေးရှိပြီး ကျွန်တော့် ညာဘက်မှာ
ကိုင်းညွတ်တဲ့ အခက်အလက်တွေ ဖြာဝေကျနေတဲ့ သစ်ပင်လေး တစ်ပင်လည်း ရှိသေးတယ်။ အဲဒီလို သဘာဝက ပြုပြင်ဖန်တီးပေးထားလို့ လုံခြုံအေးမြနေတဲ့ နေရာမျိုးကို ချစ်သူတွေ သဘောကျတယ်ဆိုတာ ဆန်းတော့လည်း မဆန်းပါဘူး။ တကယ်မဆန်းပါဘူး။
ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ သမီးရည်းစားဖြစ်သွားကြပြီးတဲ့နောက်မှာ အလုပ်မှ လုပ်ပါသေးရဲ့လား၊ တခြားသူတွေနဲ့တွေ့ဖို့ အချိန်မှ ရှိပါသေးရဲ့လားလို့တွေးပြီး ဦးနှောက်ခြောက်ရလောက်အောင်ပဲ ကျွန်တော့် ကျောပြင်လေးဟာ ပန်းခြံဖွင့်ချိန်ကနေ ပိတ်ချိန်အထိ တစ်ခါမှ အားရတယ်လို့ကို မရှိခဲ့ပါဘူး။ ကျွန်တော်ထမ်းပိုးဖူးခဲ့တဲ့ သမီးရည်းစားစုံတွဲတွေအကြောင်းကလည်း ပြန်ပြောပြရရင် တစ်ထောင့်တစ်ညပုံပြင်လိုမျိုး ရှည်လျားသွားနိုင်တယ်။
ပြန်ပြောရမှာ နည်းနည်းရှက်ပေမဲ့ ပြောတော့ပြောပြချင်သေးတယ်။ တချို့ အေးအေးဆေးဆေးစုံတွဲလေးတွေ ကျွန်တော့်ကျောပေါ် လာထိုင်ရင်တော့ ပြဿနာမရှိပါဘူး။ သူတို့က တစ်ယောက်အကြောင်းတစ်ယောက် အေးအေးဆေးဆေး ပြောဆိုတိုင်ပင်ကြတယ်။ ရှေ့ရေးကို ဆွေးနွေးကြတယ်။ ဘာမှလည်း ခြေလွန်လက်လွန် မရှိကြပါဘူး။ အလွန်းဆုံးမှ ကျွန်တော်နည်းနည်းစိတ်တိုချင်တယ်။ ကျွန်တော့်ကို အားလပ်ချိန်လေးတောင် မပေးကြတာများ ပြောပါတယ်။ ကျွန်တော့်ကျောပေါ်မှာ ထိုင်ခွင့်ရဖို့အရေး ဘယ်ကတည်းက စောင့်ချောင်းနေတယ် မပြောတတ်ပါဘူး။
တချို့စုံတွဲတွေကတော့ ကျွန်တော့ ကျောကုန်းပေါ်မှာ အေးအေးဆေးဆေး နွေးနွေးထွေးထွေးထိုင်ကြတာ မဟုတ်ဘူး။ သူတို့ချင်းပြဿနာတက်တဲ့ကိစ္စကို လာဖြေရှင်းရင်း ရန်ဖြစ်ကြတယ်လေ။ အဲဒီလိုအတွဲတွေလာရင်တော့ အာရုံနောက်တယ်ဗျာ။
တချို့ရှိသေးတယ်၊ နှစ်ချို့စုံတွဲတွေပေါ့။ သမီးရည်းစားတုန်းကတော့ ကျွန်တော့ကျောပေါ်မှာပဲ ကြင်နာနေကြပြီး သူတို့ချင်းညားသွားလို့ထင်ပါရဲ့ ရောက်မလာတာ အတော်ကြာပေါ့။ နောက်ကျမှ ဟိုဘက်ဒီဘက် ယောက္ခမပြဿနာတွေကို ယူလာပြီး ကျွန်တော့ကျောပေါ်မှာ လာရန်ဖြစ်ကြပြန်တယ်။ ကျွန်တော့်မှာ အပူလည်းသိရ၊ အအေးလည်းသိရ။ တည့်တုန်းကလည်း သူတို့ပဲ၊ မတည့်ကြတော့လည်း သူတို့ပဲ။ သူတို့ပြောတဲ့ အချစ်ဆိုတာ ကျွန်တော့်အတွက်တော့ သံဝေဂရစရာတွေချည်းပါပဲ။
တချို့ကလေးမလေးတွေအတွက်တော့ သူတို့မိဘတွေအစား ရင်လေးမိပါရဲ့ဗျာ။ ကောင်မလေးတွေ ကြည့်လိုက်ရင် နို့နံ့မစင်သလိုလေးတွေ။ ဒါပေမဲ့ ကျွန်တော့်ကျောပေါ်ရောက်ရင်တော့လားဗျာ...ဆယ့်နှစ်ကြိုးကဝေလား မှတ်ရတယ်။ သူတို့ကောင်လေးတွေကလည်း လက်ရဲဇက်ရဲ။ အရှက်ကို ကုန်ရော။ ကျွန်တော့်မှာ အသည်းတယားယားနဲ့ ကျွန်တော့ကျောပေါ်ကနေ ခါချပစ်လိုက်ချင်တာများလေ။
တချို့သက်ကြားအိုတွေကတော့ နည်းနည်းရယ်စရာကောင်းတယ်။ ဘယ်ကဘယ်လို ဘာတွေလဲတော့ မသိဘူး။ သမီးအရွယ် ငယ်ငယ်လေးတွေနဲ့အတူ ရောက်လာပြီး ကလေးရဲ့၊ မီးရယ်၊ အချစ်လေးရယ်နဲ့ ကိုယ့်သွားကျိုးသံကိုမှ ကိုယ်အားမနာ တွတ်ထိုးနေကြသေးတယ်။ လူကြည့်တော့ ထိပ်ပြောင်နေပါပြီ။ အရေခွံ ရော့ရိရော့ရဲနဲ့ ဆံပင်တွေတောင် ဖြူနေမင့်ဟာ။ ဒါပေမဲ့ ကျွန်တော့်ဆီတော့ တစ်လ လေးကြိမ်လောက်ရောက်တယ် ကိုယ့်လူရေ့။ ရောက်ရင်လည်း တော်တော်နဲ့ မပြန်တော့ဘူး။ သူနဲ့ပါလာတဲ့ ဟာလေးတွေကလည်း တစ်ခါလာတစ်ယောက်ပဲ၊ မထပ်စေရဘူး။
တချို့အတွဲတွေကျတော့ မနက် ပန်းခြံဖွင့်ချိန်ကတည်းက ကျွန်တော့်ကျောပေါ် လာဦီးထိုင်ကြတာ။ ခြင်ကိုက်လည်းမသိဘူး၊ ဖြုတ်ကိုက်လည်း မသိဘူး။ ဘာလုပ်နေကြသလဲဆိုတော့...။
ရယ်စရာကောင်းတဲ့ စုံတွဲတွေနဲ့လည်း တစ်ခါတစ်ခါ တွေ့ရသေးတယ်။ ဒီလောက်သာယာတဲ့ နေရာမှာ လာပြီး ဒီနေရာကို အကျိုးရှိရှိ အသုံးချရကောင်းမှန်းမသိတဲ့ လူမျိုးတွေပေါ့။ ယောက်ျားက အပျင်းကြီးတယ် ထင်ပါရဲ့။ ကျွန်တော့်ကျောပေါ် ရောက်တာနဲ့ ဒီနေရာလေးက အေးလိုက်တာကွာဆိုပြီး အိပ်တော့တာပဲ။ ကောင်မလေးခမျာ ဒင်း တခေါခေါ ဟောက်ပြီး အိပ်နေတာကို ငုတ်တုတ်လေး ထိုင်စောင့်နေရတာ သနားပါတယ်။
ကျွန်တော့အထင်ပြောရရင် ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကာလက ကျွန်တော့်ကျောပေါ်မှာ လာထိုင်တတ်တဲ့ စုံတွဲတွေထက် ဒီဘက်ကာလမှာ လာထိုင်ကြတဲ့ သူတွေက ပိုပိုပြီး ပွင့်လင်းလာသလိုပါပဲဗျာ။
ကဲ ဒါတွေ ထားလိုက်ပါတော့။ အဓိကကျတဲ့ အကြောင်းအရာတစ်ခုကိုပဲ ပြောပါတော့မယ်။
ဒီမနက်ခင်းမှာ မိန်းကလေးတစ်ယောက်တည်း ကျွန်တော့ကျောပေါ်မှာ လာထိုင်တယ်။
အဲဒီမိန်းကလေးရဲ့ ငိုရှိုက်သံလေးက တအိအိနဲ့ မစဲဘူး။ သူမျက်ရည်တွေက ကျွန်တော့်ကျော်ပေါ် စိုလာတော့ ကျွန်တော်ပါ ရောငိုချင်စိတ်ပေါက်လာတယ်။ အဲဒီမိန်းကလေးကို ကျွန်တော် သိပ်သိတာပေါ့။ လွန်ခဲ့တဲ့ လေး၊ ငါး၊ ခြောက်လကမှ ချစ်သူနဲ့အတူ ကျွန်တော့်ကျောပေါ် ရောက်လာခဲ့တဲ့ မိန်းကလေး။ အဲဒီတလောကဆို ကျွန်တော့်ကျောပေါ်မှာ သူတို့ချည်းပဲလို့ ပြောရလောက်အောင် နေ့တိုင်းနီးပါး လာကြတယ်။ ကြင်နာယုယ စကားလေးတွေ ဆိုကြတယ်။
ခုတော့ မိန်းကလေးတစ်ယောက်တည်းရောက်လာပြီး ကျွန်တော့ကျောပေါ်ကို မျက်ရည်တွေ သွန်ချနေတယ်။ ပြီးတော့ ပါးစပ်ကလည်း တိုးတိုးလေး ရေရွတ်နေသေးတယ်။
`ရက်စက်လိုက်တာ ကိုကိုရယ်။ ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ။ ကျွန်မ ဘာလုပ်မိလို့ ထားခဲ့ရတာလဲ`
မိန်းကလေးက အဲဒီလိုပြောပြီး ငိုပြန်တယ်။ အငိုတိတ်တော့ သနားစရာမျက်နှာလေးနဲ့ ရေပြင်ဆီငေးမော တိတ်ဆိတ်နေပြန်တယ်။ ခဏကြာတော့ မိန်းကလေးရဲ့သူငယ်ချင်လို့ထင်ရတဲ့ ကောင်မလေးတစ်ယောက် ရောက်လာတယ်။ မိန်းကလေးကို ချော့မော့ဖျောင်းဖျတယ်။ မိန်းကလေးကလည်း သူငယ်ချင်းကို ဖက်ငိုပြီး ရင်ဖွင့်ရှာတယ်။
`ငါသူ့ကို သိပ်ချစ်ခဲ့တာပါဟာ။ ငါ့ဘ၀မှာ သူ့တစ်ယောက်ကိုပဲ ချစ်ခဲ့ဖူးတာပါ။ နောက်လည်း သူ့အပြင် ဘယ်သူ့ကိုမှ ချစ်နိုင်တော့မှာ မဟုတ်ပါဘူး။ သူလည်း ငါ့ကို တကယ်ချစ်ခဲ့တာ ငါသိပါတယ်။ သူကလေ အမြဲပြောတတ်တယ်။ ငါ့ဆံပင်လေးတွေကအစ သူသိပ်ချစ်တာပဲတဲ့။ ငါ့ဆံပင်တွေကို အမြဲဖြီးပေးတယ်။ တယုတယ နမ်းသေးတယ်။ ငါ့ကို ရိုးသားပြီး ချစ်စရာကောင်းလို့၊ ယဉ်စစ ပုံစံလေးမို့လို့ သူအရမ်းသဘောကျပြီး ချစ်သွားခဲ့တာတဲ့။ ငါကမှ သူ့ဘ၀ကြီးကို သာယာစေခဲ့တဲ့ သူတဲ့`
မိန်းကလေးက အဲဒီလို တမ်းတမ်းတတပြောလေ ကျွန်တော့်မှာ စိတ်ဆင်းရဲရလေပဲ။ ကျွန်တော်သိထားတဲ့ အကြောင်းအရာတွေကို ပြောလိုက်ရင် အဲဒီမိန်းကလေး ဘယ်လောက်အံသြ တုန်လှုပ်သွားမလဲ။ ဒါပေမဲ့ ကျွန်တော် ဘယ်လိုပြောနိုင်မှာလဲ။ ကျွန်တော့်ကျောပေါ်မှာ လာထိုင်တဲ့ သူတွေရဲ့ အရှုပ်အထွေးတွေ၊ လှည့်စားမှုတွေ၊ ညစ်ပတ်မှုတွေ၊ အတွင်းရေးတွေ အားလုံးကို ကျွန်တော်သိထားတယ်။ ကျွန်တော်သာ စကားပြောတတ်တဲ့ သက်ရှိလူတစ်ယောက်ဖြစ်ခဲ့ရင် မဖြစ်သင့်တာ မဖြစ်ရအောင် ပြောပြမိမှာပဲ။
မိန်းကလေးရဲ့ အငိုဟာ တော်တော်နဲ့ မတိတ်ဘူး။ အဲဒီနေ့က ပြန်သွားပြီး နောက်နေ့တွေလည်း ကျွန်တော့်ကျောပေါ်မှာ တစ်ယောက်တည်း ငူငူငေါင်ငေါင်ကြီး လာထိုင်နေတတ်တယ်။ မိန်ကလေး အဲဒီလိုလာထိုင်လေ ကျွန်တော့်မှာ အသည်းတယားယားဖြစ်ရလေပဲ။
မိန်းကလေး တမ်းတနေတဲ့ မလွမ်းလောက်တဲ့ လူတစ်ယောက်အကြောင်းကို ကျွန်တော် ပြောပြချင်လိုက်တာ။
အဲဒီလူကို ကျွန်တော်စသိခဲ့တာ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းကပါ။ အဲဒီအချိန်က ကျွန်တော်ကလည်း ငယ်ရွယ်နုပျို သစ်လွင်နေတဲ့အချိန်၊ သူကလည်း တက်ကြွလန်းဆန်းတဲ့ လူပျိုရွယ်လေးပဲ ရှိသေးတဲ့အချိန်ပေါ့။ အချစ်ဦးလို့ ယူဆရတဲ့ သူ့မိန်းကလေးနဲ့အတူ ကျွန်တော့ကျောပေါ်မှာ သူ စထိုင်ခဲ့တယ်။ ပထမဦးဆုံး ထိုင်ခဲ့တဲ့သူမို့လည်း ကျွန်တော်ပိုပြီး မှတ်မိနေခဲ့တာပါ။
သူ့ကောင်မလေးရဲ့ ရှည်လျားပြီး လှပဖြောင့်စင်းတဲ့ ဆံနွယ်တွေဟာ ကျွန်တော့် ကျောပေါ်မှာ ပုံအိကျနေတယ်။ အဲဒီလူဟာ ကောင်မလေးကို အရိပ်တကြည့်ကြည့်၊ ကောင်မလေးဆံပင်တွေကိုလည်း အရိပ်တကြည့်ကြည့်ပဲ။ ကောင်မလေးကို နမ်းရင် ဆံပင်တွေကိုလည်း နမ်းတာပဲ။ ဆံပင်ရှည်ကို တော်တော်သဘောကျပုံရပါတယ်။ ပြီးတော့ အဲဒီလူက ပြောသေးတယ်။
`စုက ဆံပင်ရှည်ရှည်လေးနဲ့ အရမ်းချစ်စရာကောင်းတယ်၊ ပြီးတော့ စုပုံစံလေးက လုံးဝမကလက်ဘူး၊ အရမ်းယဉ်တယ်။ မျက်နှာလေးကလည်း ရိုးသားတဲ့ပုံလေးကို ပေါ်နေတာပဲ` တဲ့။
ပြီးတော့ အဲဒီလူက သာယာလိုက်တာနော်၊ ကိုယ်တို့ ဒီခုံလေးမှာပဲ အမြဲ လာလာထိုင်ကြရအောင်`တဲ့။
အဲဒီလိုနဲ့ အဲဒီလူဟာ သူပြောခဲ့တဲ့အတိုင်း ကျွန်တော့်ဆီ မကြာခဏ ရောက်ရောက်လာခဲ့တာ။ သူ့ကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့နေ့အထိပဲ။ အဲဒီနေ့မှာ သူတောင်းခဲ့တဲ့ လက်ထပ်ခွင့်ကို ကောင်မလေးကလည်း ခေါင်းညိတ်လက်ခံခဲ့ပါတယ်။ အဲဒီနေ့ကစပြီး သူတို့ ကျွန်တော့်ဆီ ရောက်မလာကြတော့ဘူး။
နောက်တော့ ကျွန်တော့် ကျောပေါ် တစ်တွဲတက် တစ်တွဲဆင်းနဲ့မို့ မအားလပ်ရတာနဲ့ အတွဲသစ်တွေကို စိတ်ဝင်စားရင်း၊ စူးစမ်းလေ့လာရင်း သူတို့အတွဲကိုလည်း ကျွန်တော် မေ့နေခဲ့ပါတယ်။
ဒါပေမဲ့ နောက် ၁၅ နှစ်အကြာ လွန်ခဲ့တဲ့ လေး၊ ငါး၊ ခြောက်လကမှ အဲဒီလူဟာ စောစောက ငိုနေတဲ့ မိန်းကလေးနဲ့အတူ ကျွန်တော့်ကျောပေါ် ပြန်ရောက်လာခဲ့တယ်။
`ကလေးက ချစ်စရာလေးကွာ၊ ဆံပင်ရှည်လေးနဲ့မို့လို့ ပိုပြီး ချစ်စရာကောင်းနေတာလား မသိဘူး။ ကလေးပုံစံလေးက ရိုးရိုးယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းလိုက်တာ´
အဲဒီနေ့က အဲဒီစကားသံကြောင့် ကျွန်တော့် အာရုံတွေ နိုးကြားလာခဲ့ရတာပေါ့။ နေဦး၊ ဒီအပြောမျိုး ကြားဖူးပါတယ်လို့ ပြန်စဉ်းစားလိုက်တော့ လွန်ခဲ့တဲ့ ၁၅ နှစ်က ပထမဦးဆုံး တွေ့ဖူးခဲ့တဲ့လူ ဖြစ်နေတယ်။ သူ့မိန်းကလေးရဲ့ ဆံပင်ရှည်တွေဟာ ကျွန်တော့ကျောပေါ် ဖြာဝေကျလို့။ သူ့မိန်းကလေးအရွယ်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကျွန်တော်တွေ့ဖူးတဲ့ သူ့ကောင်မလေးအရွယ်ပဲ။ ဒါပေမဲ့ သူကတော့ အဲဒီအရွယ် မဟုတ်တော့ဘူး။ အသက် ၄၀ လောက်ဖြစ်နေပြီ။ သူ့မိန်းကလေးအသက်က ၂၀ ကျော် အရွယ်လေးပေါ့။
သူ့မိန်းကလေးအသစ်လေးကို ကြည့်ရင်း အရင်မိန်းကလေးရော ခုနေဆို ဘယ်ပုံဖြစ်နေမှာပါလိမ့်လို့ မှန်းဆကြည့်မိတယ်။ ခုလောက်ဆို ၀ပြီး ဆံပင်တွေလည်း အရင်လောက် လှပါတော့မလား။ ကလေးမွေးရတာနဲ့ ဘာနဲ့ဆို ကျွတ်ထွက်တာလည်း ရှိမှာပဲ။ ဆံပင်တိုလေးနဲ့တောင် ဖြစ်နေလောက်ပြီပေါ့။
ဒီလူကတော့ အရင်လို နုပျိုတုန်းပဲဗျို့။ သူ့မိန်းကလေးရဲ့ ဆံပင်တွေကိုလည်း နမ်းလိုက်တာများ ဟိုး လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က နမ်းပုံမျိုးပဲ။
ဂရုစိုက်ယုယပုံကလည်း ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အတိုင်းပါပဲ။ ကျွန်တော့်မှာသာ ကြားထဲက မခံချိမခံသာ ဖြစ်နေရတာ။
မိန်းကလေးခမျာမှာတော့ ရိုးရိုးသားသားပုံမျိုးလေးနဲ့ ဘာကိုမှလည်း သံသယ၀င်ပုံ မပေါ်ခဲ့ပါဘူး။ သူပြုသမျှ နုရတာပဲပေါ့။ ဒီလိုနဲ့ ကျွန်တော့်ဆီ ခဏခဏလာလိုက်ကြတာ တစ်နေ့ အဲဒီလူ ကျွန်တော့်ကျောပေါ် လာထိုင်ပြီး သူ့မိန်းကလေးကို စောင့်နေတုန်းမှာ ဆံပင်တိုနဲ့ မိန်းမ၀၀တစ်ယောက် ရောက်လာပြီး ရန်တွေ ထဖြစ်ကြပါရောဗျာ။
`ရှင်က ဒီမှာ ဘာလာလုပ်နေတာလဲ။ မသင်္ကာလို့ ကျွန်မလိုက်လိုက်ချောင်းနေတာကြာပြီ။ အခုရှင့်ကောင်မလေး ဘယ်မှာလဲ`
နှုတ်အာကြမ်းကြမ်းနဲ့ အဲဒီ မိန်းမကို ကျွန်တော် သေချာကြည့်မိတော့မှ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကျွန်တော့် မိတ်ဆွေဟောင်းကြီးမှန်း သိလိုက်ရတော့တယ်။ အဲဒီမိန်းမမှာ ဆံပင်ရှည်တွေလည်း မရှိတော့ဘူး။ လူကလည်း ၀ဖိုင့်ဖိုင့်နဲ့ ခါးပျောက်နေပြီ။
အဲဒီလူဟာ သူ့မိန်းကလေး ရောက်မလာခင် သူ့မိန်းမကို အမြန်နားချပြီး ပြန်ဆွဲခေါ်သွားနိုင်တယ်။ သီသီလေးပဲဗျို့ မကြာဘူး ဟိုမိန်းကလေး ရောက်လာတယ်။ မိန်းကလေးခမျာ တမျှော်မျှော်နဲ့ ပန်းခြံပိတ်တော့မှ တစ်ယောက်တည်း ခေါင်းငိုက်စိုက်နဲ့ ပြန်သွားရှာတယ်။
သနားစရာကောင်းပေမဲ့ ကျွန်တော်လည်း အကြောင်းစုံ ဖွင့်ဟ မပြောပြနိုင်ခဲ့ဘူး။
ဒီလိုနဲ့ အဲဒီမိန်းကလေးဟာ ခုလို ကျွန်တော့်ဆီမှာ တိတ်တိတ်ဆိတ်ဆိတ် လာထိုင်ရင်း ငိုကြွေးနေခဲ့တော့တာပဲ။
မိန်းကလေးဟာ နောက်တစ်လလောက်ကြာတဲ့အထိ ကျွန်တော့်ဆီ ရောက်ရောက်လာတတ်သေးတယ်။ နောက်တော့ သူလည်း ပျောက်သွားတယ်။ ဟိုလူလည်း ပေါ်မလာတော့ပါဘူး။ ထုံးစံအတိုင်း ကျွန်တော်လည်း တခြားအတွဲတွေနဲ့ စခန်းသွားရင်း သူတို့ကို မေ့သွားပြန်ပါတယ်။
နောက်ခြောက်လလောက်ကြတော့ ဟိုလူပြန်ရောက်လာတယ်။ နောက်ထပ် ဆံပင်ရှည်မလေးတစ်ယောက်နဲ့။ ကျွန်တော် အရင်က ကြားခဲ့ဖူးတဲ့ စကားတွေကိုပဲ ထပ်ပြောတယ်။ ကျွန်တော် အရင်က မြင်ဖူးတဲ့ ယုယပုံမျိုးနဲ့ပဲ ယုယတယ်။
ကျွန်တော်လည်း အဲဒီလူအကြောင်းကို သဘောပေါက်သွားတယ်။ အဲဒီလူဟာ ဒီမိန်းကလေးမို့လို့ ဒီလို၊ ဟိုမိန်းကလေးမို့လို့ ဟိုလို ချစ်မယ့်သူမဟုတ်ဘူး။ ဆံပင်ရှည်ကို သဘောကျတဲ့သူ ဖြစ်တဲ့အတွက်၊ ယဉ်စစပုံစံကို ကြိုက်တဲ့သူဖြစ်တဲ့အတွက် ဘယ်မိန်းမမျိုးမဆို ဆံပင်ရှည်ရင်၊ ယဉ်ရင် ကြိုက်မှာပဲ။ သူ ယုယတတ်တဲ့ ပုံစံအတိုင်း ဘယ်သူ့ကိုမဆို ယုယမှာပဲ။ ဒါကို မသိရှာတဲ့ ဟိုမိန်းကလေး ခမျာသာ တသသနဲ့ ကျွန်တော့်ဆီလာလာ ဆွေးနေခဲ့ရတာ။ ကျွန်တော်သာ စကားပြောတတ်တဲ့ လူတစ်ယောက်ဖြစ်ခဲ့ရင် ကျွန်တော့်ဆီ တစ်လလောက် လာငိုသွားတဲ့ မိန်းကလေးကို ဒီအကြောင်းတွေ ပြောပြချင်လိုက်တာ။
ဒီလိုနဲ့ပဲ နောက်တစ်နှစ်အကြာ၊ ငှက်လေးတွေ စိုးစီညံနေတဲ့ သာယာတဲ့ မနက်ခင်းလေးမှာ ကျွန်တော့်ကျောပေါ်က နှစ်ကိုယ်တူ ရယ်မြူးသံလေးတွေကြားလို့ ကျွန်တော်မော့ကြည့်မိတော့ လား...လား... အလွမ်းမင်းသမီးလေးပါလား။ ကျွန်တော့်ဆီ တစ်လလောက် လာငိုသွားဖူးတဲ့ အဲဒီအလှည့်စားခံ မိန်းကလေးဟာ ခုတော့လည်း သက်တူရွယ်တူ အချစ်သစ်နဲ့ ပျော်မြူးနေလိုက်တာများ လွမ်းခဲ့တာ သူမဟုတ်ခဲ့သလိုပါပဲ။
အေးလေ မေ့သင့်တဲ့သူကို မေ့ပြီး ခုလိုနှလုံးသားအသစ်နဲ့ ချစ်နိုင်ရင် သူ့အတွက်ကောင်းတာပါပဲလို့ ကျွန်တော် စိတ်အေးသွားတဲ့ အချိန်မှာပဲ အဲဒီမိန်းကလေးရဲ့ ချစ်သူသစ်ကို ကျွန်တော်မှတ်မိသွားတယ်။
မြတ်စွာဘုရား... သူလည်း ကျွန်တော့်ရဲ့ ဖောက်သည်ဟောင်းကြီးပါပဲလား။
ကျွန်တော်ဟာ ကျွန်တော့်ဆီရောက်လာကြတဲ့ ချစ်သူစုံတွဲတွေရဲ့ အချစ်ဆိုတာကို သံဝေဂယူရင်း၊ သူတို့ချင်းမသိကြတဲ့ လျှို့ဝှက်ချက်တွေကို သိထားရင်း၊ ကဲလွန်း သဲလွန်းတဲ့ စုံတွဲတွေရောက်လာတိုင်း မျက်စိစုံမှိတ် အသက်ရှူရရင်း တဖြည်းဖြည်း အိုမင်းလာခဲ့ရပါတယ်။
မိုးတွေ ဖြိုင်ဖြိုင်သွန်းစေပြီးစ မှိုင်းညို့စိုစွတ်တဲ့ ညနေခင်းတစ်ခုမှာတော့ ကျွန်တော့်ကျောပေါ်ရောက်လာပြီး တော်တော်နဲ့မပြန်ဘဲ မျက်စိရှက်ဖွယ် ကဲလွန်း သဲလွန်းနေတဲ့ စုံတွဲတစ်တွဲကို အမြင်ကတ်လွန်လွန်းလို့ ထင်ပါရဲ့ ကျွန်တော့်ကျောပြင်လည်း ဗြုန်းခနဲ ကျိုးကျသွားခဲ့တယ်။
`အမလေးဗျ`
ကျွန်တော့်ဆီ ခဏခဏလာနှိပ်စက်တတ်လွန်းတဲ့ ငရှုပ်တစ်ယောက်ရဲ့ အလန့်တကြား အော်ဟစ်သံကို ကြားလိုက်ရတော့ ကျွန်တော့်မှာ ကျွန်တော့်ကျောရိုးတစ်ချောင်း ဒင်းဖင်စူးနေတာတောင် သတိမရတော့ဘဲ နှစ်ထောင်းအားရ ကျေနပ်နေမိပါတော့တယ်။

No comments:

Home