Home

ကားတစ်စီးထဲက ကျွန်မရဲ့ ညတွေ

ကားတံခါး သော့တွေ အသေအချာ ပိတ်လိုက်ပါပြီ။ အိပ်စက်ခြင်း အရသာကို မှေးခနဲ ရယူ ဖမ်းဆုပ်မိစဉ် ခဏမှာပဲ ကျွန်မကားလေး တည်ရှိရာ လမ်းကြားဆီကို ကားမီးရောင်တွေ ဝေ့၀ဲ ဖြာ ကျလာခဲ့သည်။ ဝေ့ဝေ့၀ဲဝဲ အလင်းတွေဟာ မနီးမဝေးမှာ ရပ်တန့်သွား ကြတယ်။ ကားစက်သံ မရပ်တန့်ခင် ဒရမ်သံ၊ ဘေ့စ်သံ ခပ်ပြင်းပြင်း ဂီတသံစဉ် တွေဟာ အဲဒီကားဆီက တွန်းထိုး လှုပ်ယမ်း အန်ကျ လာပြန်တယ်။ ရယ်မောသံတွေနဲ့ ကားတံခါး ဆောင့်ပိတ်လိုက်တဲ့ အသံတွေကလည်း ဆက်တိုက် ဆိုသလို ကျွန်မနဲ့ အနီးဆုံးကို ချဉ်းကပ်လာနေ ကြပြီ။

ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းအေးခဲ သွားမတတ် လန့်ထိတ်လာတယ်။ ခြေသံတွေဟာ တဖြည်းဖြည်း နီးလို့ နီးလို့ ၊ တဖြည်းဖြည်း ကျယ်လို့ ကျယ်လို့ လာနေပါပကော။ ကျွန်မ အသက်အောင့် ထားလိုက်ရင်းက ကားသော့ကို အလောတကြီး စမ်းတ၀ါးဝါး ရှာဖွေလိုက်တယ်။ ခြေအစုံကိုလည်း မှို့ယာအိတ်ထဲမှာ မထုတ်ရသေးပါဘူး။ အဲဒီနောက် ကားကို အရှိန်ပြင်းပြင်း မောင်းနှင်ထွက်ခွာ ခဲ့လိုက်တယ်။ ရယ်မောသံ၊ ဂီတသံ ၊အလင်း၊ အရိပ်သဏ္ဌာန်တွေ အားလုံး ဟိုးခပ်ဝေးဝေးမှာ ကျန်ရစ်ခဲ့ပြီ။ ဒီလိုပဲ၊ ဒီလိုပဲ ကျွန်မ ကားထဲမှာ အိပ်စက်ခဲ့ရတဲ့ လတွေ အတော်လေး များနေခဲ့ပြီ။ ဒါပေမဲ့ ဒီလို ပြင်းပြင်း ထန်ထန် လန့်ထိတ်ခဲ့ရတဲ့ ခံစားမှုက ဒီနေ့အထိ အရှိန်သေသွားတယ် ရယ်လို့ မရှိသေးပါဘူး။ ကားတစ်စီးထဲမှာ ရှင်သန် နေထိုင်နေရတဲ့ ဟောဒီလို မိန်းမတစ်ယောက် ရှိနေတယ် ဆိုတာ ဘယ်သူမှ မသိနိုင် သေးပါဘူး။

ကျွန်မရဲ့ မေမေဟာ ဇာတိမြေ အိုင်ယာလန်ကို ကျောခိုင်း ထွက်ခွာခဲ့စဉ်က အလွန် ငယ်ရွယ်ပြီး လက်မထပ်ရသေးပါဘူး။ မေမေက ကျွန်မကို ကျွန်မ အဒေါ်ရဲ့ လက်ထဲ လက်လွှဲခဲ့လိုက်ပြီး ပျောက်ကွယ် သွားခဲ့တယ်။ အချိန် နည်းနည်း ကြာလာတော့ ကျွန်မရဲ့ အဒေါ်ဆိုသူဟာ ကျွန်မကို ထောင့်စုံ၊ နေရာစုံက တိုက်ခိုက်ဖို့ အမြဲ ခြောင်းမြောင်းနေတဲ့သူ ဖြစ်လာတယ်။ အဒေါ်ရဲ့ ယောက်ျားဟာလည်း ကျွန်မကို အမြဲတမ်း ငြူစူ အပြစ်တင် နေတတ်သူ ဖြစ်လာတယ်။ အဒေါ်ရဲ့ ယောက်ျား၊ ကျွန်မရဲ့ ဦးလေးဟာ နောက်တော့ ကျွန်မကို လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကားမှု ပြုလုပ်ခဲ့တယ်။ ကျွန်မ အဲဒီအိမ်က စွန့်ခွာမှ ဖြစ်တော့မယ်။ တစ်နေ့မှာတော့ ဆုံးရှုံးမှု၊ နာကျည်းမှုတွေနဲ့ အဲဒီအိမ်က ထွက်ခွာခဲ့ တော့တယ်။ ဥပဒေ ဒီဂရီ တစ်ခုရအောင် ကြိုးစားခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ဘ၀ကို တည်ဆောက်နိုင်ဖို့ ကိုယ်တိုင် ကြိုးစားခဲ့ရင်း အနာရွတ် ဟောင်းတွေ ဖုံးကွယ်ထားဖို့ ကျွန်မ အတန်အသင့် တတ်နိုင်ခဲ့တယ်။ ဟန်ဆောင် ပန်ဆောင် တင်းမာနေတဲ့ မျက်နှာပြင် တစ်ခုရဲ့ အောက်ခြေမှာတော့ အနာရွတ်ဟောင်းတွေ လတ်လတ် ဆတ်ဆတ် ရှိနေဆဲပါ။

ကျွန်မ အသက် ၃၃ နှစ်ရောက်တဲ့ အခါ လန်ဒန်မှာ နေဖြစ်ခဲ့တယ်။ အဲဒီ အချိန်တွေက `ကရေ့ခ်ျ´ နဲ့ ဆုံဖြစ်တဲ့ အချိန်တွေပေါ့။ `ကရေ့ခ်ျ´ ဆိုသူက ကျွန်မ လိုအပ်သမျှ အရာတွေကို ဖြည့်ဆည်းပေး နေတဲ့ မိတ်ဆွေတစ်ယောက်ပါ။`ကရေ့ခ်ျ´ နဲ့ သိကျွမ်းနေတဲ့ အချိန်မှာပဲ အခြား တစ်ဖက်မှာလည်း အမျိုးသား တစ်ဦးနဲ့ ကျွန်မ ချစ်ခင်နှစ်သက် နေတာ ၅ နှစ် လောက်တောင် ရှိပါတော့မယ်။ `ကရေ့ခ်ျ´ ရဲ့ အသက်က ကျွန်မထက် ၂၀ နှစ်တောင် ကြီးနေတော့ အစပိုင်းမှာ ဖခင် တစ်ယောက်နဲ့ တောင် ဆင်တူနေသေးရဲ့။

နောက်ပိုင်းမှာတော့ အတွင်းကျကျ ရင်းနှီးလာခဲ့သလို ကျွန်မရဲ့ အတိတ်ကို `ကရေ့ခ်ျ´ က ပိုမို စပ်စု လိုဟန် ပြလာတဲ့ အတွက် ကျွန်မ သူ့ကို သိပ်မနှစ်မြို့တော့ဘူး။ တစ်စုံတစ်ခု အတွက် ကျွန်မကို ဆွဲဆောင်ဖို့ ကြိုးစားလာနေပြီဆိုတာ မိန်းကလေးဖြစ်တဲ့ ကျွန်မ အလိုလို သိနှင့် နေခဲ့ပါပြီ။ `ကရေ့ခ်ျ´ ရဲ့ ချဉ်းကပ် တုပ်နှောင်မှု တွေကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့ ပါတော့တယ်။ အချိန် ၂ နှစ်လောက်တော့ ယူခဲ့ရပါတယ်။ ပထမ တစ်ကြိမ် ကျွန်မနေတဲ့ အိမ်က ပြောင်းတဲ့အခါ အိမ်အသစ်ကို ကရေ့ခ်ျ က ခြေရာခံ မိသွားလို့ နောက်တစ်အိမ် ထပ်မံ ပြောင်းရွှေ့ရ ပြန်တယ်။ သူ့ ရဲ့အနှောင်အဖွဲ့ တွေက ရုန်းထွက်ရင်းနဲ့ ကျွန်မ စိတ်ဓာတ်တွေ ကျဆင်းလာခဲ့တယ်။ လက်ထောက် ဥပဒေ ၀န်ထမ်း အလုပ်ကိုလည်း ဆုံးရှုံးခဲ့ရပြီပဲ။

၂၀၀၅ ခုနှစ်မှာ ကျွန်မရဲ့ ကားကို မွမ်းမံရင်း အသုံးစရိတ်တွေ ပိုလာခဲ့တယ်။ ကျွန်မရဲ့ ယောက်ျားလေး မိတ်ဆွေ ဟာလည်း ကျွန်မဆီက ပိုက်ဆံတွေ ချေးငှားထားပြီး ပြန်မပေးခဲ့ဘူး။ ကျွန်မ မတတ်နိုင်တာတွေ ပိုမို များလာတဲ့အခါ ငှားထားတဲ့ အိမ်ခန်းကို ပြန်အပ်လိုက်ရတယ်။ အဲဒီ အချိန်ကစပြီး ဟိုဟိုဒီဒီ သွားလိုက်လာလိုက်နဲ့ ကျွန်မဘ၀ စတင် မျောလွင့်ခဲ့ပါပြီ။ ကျွန်မရဲ့ အဖေရင်း `ဘရန်ဒန်´ ဆီက ငွေကြေး အနည်းငယ် ရရှိခဲ့တယ်။ ဒီလိုနဲ့ အချိန်တွေ ကုန်လွန်လာလိုက်တာ အမျိုးသားမိတ်ဆွေ ချေးငှားထားတဲ့ ငွေတွေဟာ လုံးဝကို ပေါ်ထွက် မလာတော့ပါဘူး။ တစ်နေ့ ဘရိုက်တန် ပင်လယ် မျက်နှာပြင်ဆီ မြင်တွေ့နေရတဲ့ နေရာလေးကနေ ဖခင် ဘရန်ဒန် ဆီ ဖုန်းခေါ်ပါတယ်။

`အခု နောက်တစ်ခါ ပေးမယ့် ငွေကြေးဟာ နောက်ဆုံးပဲ´လို့ သူက တိတိပပ ဖွင့်ဟ ပြောဆိုလိုက်တယ်။'

ကျွန်မ ငေးရီနေဆဲ…..။ အနောက်ဘက်ဆီက ပျက်စီးနေတဲ့ ဆိပ်ခံ ဘောတံတား အနီးမှာ မီးခိုးရောင် ပင်လယ်ကြီးဟာ အမှုန်အမွှားတွေ အဖြစ် ဖွာလန်ကျဲ ကြေသွားခဲ့သလို ရုတ်ချည်း အကျည်းတန် ကုန်တော့တယ်။ ဖေဖေ ဘရန်ဒန်က ဆက်ပြီး ကြေငြာ ပါသေးတယ်။

`၀မ်းနည်းပါတယ် ကလေးရယ်၊ ဒီထက် ပိုပြီး ငါ ဘာမှ မတတ်နိုင်တော့ ပါဘူးကွယ်´ တဲ့။

ကျွန်မ ကားထဲမှာ စိတ်ပါ လက်ပါ ငိုကြွေးလိုက်တယ်။ ဘယ်တော့မှ အဆုံးမသတ်မယ့် ငိုခြင်းမျိုးနဲ့ပေါ့။ မိသားစုရဲ့ စိမ်းကား ပြတ်တောက်မှု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်ခင် နှစ်သက်သူ ဒါတွေအားလုံး ကျွန်မမှာ လက်ရှိ ဘာမှ မရှိတော့ဘူး။ အဲဒီအချိန် ကျမှပဲ `ကရေ့ခ်ျ´ ကို ကျေးဇူး တင်ရကောင်းမှန်း သိလာခဲ့တယ်။ ဒါပေမဲ့ ကျွန်မ အခုလို ဖြစ်ပျက်နေတာတွေကို ဘယ်သူ့ကိုမှ အသိမပေးဝံ့ပါဘူး။ ငိုကြွေးရင်း အရမ်းကို မောပန်းလာတဲ့ အခါ အနားယူဖို့ လိုအပ်ပြီဆိုတာ ကျွန်မ သတိရလာတယ်။ ရှိသမျှ သိုးမွေး အစအနတွေ ဆွဲထုတ်၊ စုပုံပြီး ကားထဲက ထိုင်ခုံနေရာမှာ ချပြီး လဲလျောင်းလိုက်တယ်။ အဆင်မပြေ လှပါဘူး။ လက်ကိုင် ဘရိတ်တံက ကျွန်မကို တွန်းထိုး ထောက်ကန်ထားတယ် မဟုတ်လား။ ဘေးတစ်ဖက် ဆင်းအိပ် ပြန်တော့လည်း ကောင်းကင်ကြီးပဲ မြင်နေရတော့ ကျွန်မကိုယ် ကျွန်မ အစရှာ မရလောက်အောင် ပျောက်ကွယ်နေသလို စိတ်အားငယ်ငယ် ဖြစ်ရပြန်တယ်။ မျက်လုံးတွေ အသာမှိတ်ကာ ငြိမ်နေရင်း မျက်လုံးတွေ တစ်ခါ ဖွင့်ကြည့်လိုက်ပြန်တော့ သြဂုတ်လရဲ့ နေအကျ၊ တစ်ချက် တစ်ချက် သုတ်ခနဲ ရိုက်ခတ်လိုက်တဲ့ လေပြင်းနဲ့ အတူ ကြည်လင်ပြာလဲ့တဲ့ ကောင်းကင်ကြီးမှာ စင်ရော်လေးတွေ စူးစူးဝါးဝါး အော်ဟစ်ရင်း ဟိုက သည်က ထွက်ပေါ်နေကြတယ်။ အဲဒီနေ့က ပထမဆုံး အကြိမ်အဖြစ် ကားထဲမှာ တစ်ညလုံး အချိန်ဖြုန်း နေလိုက်ပါတယ်။ ပထမဆုံးည ဖြတ်သန်းခဲ့ပြီးတဲ့အခါ နောက်တစ်နေ့ အတွက်က လွယ်ကူသွားပါပြီ။ ကျွန်မဘယ်သူ့ ကိုမှ မျက်နှာချင်း မဆိုင်ချင်ဘူး။ ဈေးပေါပေါနဲ့ ရတဲ့ သကြားမှုန့် တွေကိုပဲ တချိန်လုံး တကြွပ်ကြွပ် ကိုက်ဝါးနေခဲ့တယ်။ တစ်ယောက်ယောက်က ကျွန်မရဲ့ အဖြစ်မှန်ကို ရိပ်စားမိနိုင်တဲ့ အပြုအမူမျိုးကို ရှောင်တယ်။ ဥပမာ လမ်းတစ်လမ်း တည်းမှာပဲ နှစ်ကြိမ် နှစ်ခါ ည မအိပ်တာ မျိုးပေါ့။

နာမည်ကြီး ဟိုတယ်တွေရဲ့ လော်ဘီ(Lobby) ခန်းမတွေကို အလွတ် ကျက်ထား လိုက်တယ်။ ဒါမှ ယောင်နန မဖြစ်ဘဲ ယုံကြည်မှု အပြည့်နဲ့ အကျွမ်းတ၀င် ၀င်ထွက် သွားလာနိုင်မယ် မဟုတ်လား။ အစားအသောက် နည်းပါးလွန်းတဲ့ရက်တွေ များလာတာနဲ့ အမျှ စိတ်ဓာတ်ကျဆင်းတဲ့ လက္ခဏာတွေ ပြလာတယ်။ ကျွန်မရဲ့ GP(General Physican) နဲ့ သွားတွေ့ပါတယ်။ ဆရာဝန်က စားသောက်မှု ပုံစံကြောင့် အကျိုးဖြစ်ထွန်းမှု မရှိတာ၊ အာဟာရ မဖြစ်တဲ့ လက္ခဏာတွေ တွေ့နေရပြီလို့ ဆိုတယ်။ ကျွန်မ အလုပ် တစ်ခု ရမှ ဖြစ်တော့မယ်။ ဒါပေမဲ့ ကျွန်မတွေ့ခဲ့သမျှ အေဂျင်စီတွေ အားလုံးအတွက် အဆက်အသွယ် ပြုစရာအဖြစ် ကျွန်မရဲ့ လိပ်စာကို မပေးနိုင်တာကြောင့်ပဲ လက်လျှော့ခဲ့ရတယ်။ ဒီလိုနဲ့ အများသုံး ရေချိုးခန်းတွေ အသုံးပြုနေခဲ့တာ တစ်လ လောက်ကြာတဲ့အခါ volunteer အမျိုးသမီး တစ်ဦးကို ကျွန်မဟာ အိုးအိမ်မဲ့ တစ်ဦး ဖြစ်တယ်ဆိုတာ ဖွင့်ပြောလိုက်ပါတယ်။

အဲဒီ အမျိုးသမီးဟာ အံ့အားသင့်သွားဟန်နဲ့ ညစ်စုတ်စုတ် အမူအရာတွေ ပြလာပါတယ်။ ခပ်ကြမ်းကြမ်း စကားတွေ အော်ကြီးဟစ်ကျယ် ပြောဆိုလိုက်တာကြောင့် အနီးအနားက အမျိုးသားတွေကပါ ပြူးတူးပြဲတဲ အကြည့်တွေနဲ့ ၀ိုင်းကြည့် လာကြတယ်။ ဘရိုက်တန် တစ်ဝိုက်မှာ ရှိတဲ့ အိုးအိမ်မဲ့ တွေတိုင်းက အခုဆို ကျွန်မကို မှတ်မိလာကြပါပြီ။ ကျွန်မ လန်ဒန်ကို ပြန်မှဖြစ်မယ်ဆိုတဲ့ အချက် ပေးသံတွေ ဦးနှောက်က လက်ခံ ကြားသိရပြီ။

ဒါနဲ့ပဲ လန်ဒန်ကို ကျွန်မ ပြန်ခဲ့တယ်။ ဒီလို ဆိုတော့လည်း လန်ဒန်မှာ မြို့ရဲ့ အိမ်ရာရှေ့ လမ်းတွေမှာ အခမဲ့ ကားရပ်နားဖို့ အတွက် ခက်ခဲ သွားပြန်ပါလေရော။ တစ်ခါတစ်ရံမှာ ကားရပ်နားခွင့် လက်မှတ်နဲ့ပဲ တစ်ညလုံး အချိန်ဖြုန်း လိုက်ရတာ လည်းရှိခဲ့တယ်။ တစ်နေ့ ကားထဲကနေ အိပ်မှုန်စုံမွှား နိုးထလာတဲ့ ကျွန်မကို မြင်သွားတဲ့ ပေါ်တူဂီလူမျိုး ယာဉ်စောင့်တစ်ဦးက ရေသုတ်တံမှာ ကားရပ်နားခွင့် လက်မှတ်အသစ် တစ်စောင်ကို ဖိညှပ်လိုက်ရင်း……..

``မိန်းကလေးရေ ၊ မင်းဆေးရုံမှာ အမြဲပဲ ကားထိုးလေ့ ရှိသလား။ လုံခြုံရေး အစောင့်တွေကတော့ အမြဲ စစ်ဆေးနေတာပါပဲ။ ဒါပေမဲ့ ငါတို့ ဘာဆိုတာကို သူတို့ အခုထိ သေချာ မသိကြသေးပါဘူး။ ဟုတ်တယ် မဟုတ်လား´´

အဲဒီလို တစ်ဆက်တည်း ပြောချလိုက်ပြီးတော့ မျက်စိတစ်ဖက် မှိတ်ပြသွား လိုက်ပါသေးတယ်။ အဲဒီ အခိုက်အတန့်လေးမှာ ရှက်ရွံ့မှုတွေဟာ ကျွန်မရဲ့ အရိုး၊ အကြောတွေထဲမှာ လူးလားဆန်ခတ် ပြေးလွှားကုန်ကြပါပြီ။ ဒီလိုနဲ့ ကျွန်မ ကားရပ်နားဖို့ အတွက် ဆေးရုံတွေကို ရွေးချယ်လိုက်တယ်။ ဆေးရုံတွေမှာ ကားပတ်ကင် ထိုးရတာဟာ တစ်နေ့လုံးအတွက် ကားကို စိတ်ချလက်ချ ထားနိုင်သလို ရေချိုးဖို့လည်း အခွင့်အရေး ရပါတယ်။ကံကောင်းရင် ၀န်ထမ်းအယောင်ဆောင်ပြီး ဆေးရုံကင်တင်း ကိုတောင်မှ အသုံးပြုခွင့် ရနိုင်သေးတယ်လေ။

ကျွန်မ `အိုးအိမ် အကြံပေး အဖွဲ့အစည်း နဲ့ ကုသိုလ်ဖြစ် အဖွဲ့တွေဆီကို သွားခဲ့တယ်။ ကျွန်မမျှော်လင့်တာက အိမ်ခန်း တစ်ခန်းအတွက် စပေါ်တင်နိုင်မယ့် ငွေကြေးပမာဏ ရရှိရေးအတွက်ပါ။ ဒါပေမဲ့ သူတို့အားလုံးက ကျွန်မရဲ့ နေရပ်လိပ်စာကိုပဲ တွင်တွင် တောင်းနေကြတယ်။ ခက်တာက ကျွန်မဟာ အိုးအိမ်မဲ့ တစ်ယောက် ဖြစ်တယ် ဆိုတာ အခုချိန်ထိ ဘယ်သူ့ ကိုမှ အသိ မပေးဝံ့ သေးပါဘူး။ သစ်တော စပ်စပ်က လမ်းကြားလေးမှာ ကျွန်မရဲ့ ကားလေး နေရာယူ ခိုနားခဲ့ရပြန်တယ်။ မှောင်မည်း တိတ်ဆိတ်မှုက ကြောက်ရွံ့စရာ အခြေအနေနဲ့ ရင်ဆိုင်ရဖွယ် ရှိကောင်း ရှိနိုင်ပေမဲ့ မနက်ခင်းတွေမှာ ရရှိလေ့ရှိတဲ့ လူတွေရဲ့ ပြူးတူးပြဲတဲ စူးစမ်းတဲ့ အကြည့် ရိုင်းရိုင်းတွေကိုတော့ ရှောင်တိမ်းနိုင်မယ်လေ။ ဒါကြောင့် ကျွန်မကတော့ ဟောဒီ သစ်တော စပ်စပ်နေရာလေးကို သဘောကျနေမိတယ်။

ဒီလိုနဲ့ နွေရာသီကနေ ဆောင်းရာသီကို ကူးပြောင်းလာခဲ့ပြီ။ ရာသီဥတုကလည်း ဆိုးဆိုးရွားရွား အေးခဲလာပါပြီ။ ကျွန်မရဲ့ ခန္ဓာကိုယ်မှာ ဦးထုပ်တွေ ၊ခြေအိတ်တွေ ၀တ်နိုင်သမျှ အထပ်လိုက် ၊ အလွှာလိုက် အများကြီး ၀တ်ရပါတယ်။ ဒါတောင်မှ ကျွန်မရဲ့ သွေးထဲမှာ ငွေရောင်ရေခဲတွေ ထိုးဖောက်ဝင်ရောက် သွားခဲ့ပြီလို့ ထင်ရလောက်အောင် အအေးဒဏ်ကို ခံစားနေရဆဲပါ။ ခရစ်စမတ် မနက်ခင်းတစ်ခုမှာ ကားမှန်တံခါးမှာ ကပ်တွယ်နေတဲ့ ရေခဲစတွေကို ခပ်ကြမ်းကြမ်း ပွတ်တိုက် ဖယ်ရှားလိုက်ပြီး အပြင်ဘက်ဆီ ကျွန်မ ငေးမော မိပါတယ်။ အအေးဒဏ်ကို ကာကွယ်ဖို့ Hot Drinks ဆိုင်လေးတွေ စောစောစီးစီး ဖွင့်နေကြပါပြီ။ ဆောင်းအေးအေး နေ့ရက်တွေရဲ့ နေ့ခင်းဘက်တွေမှာ အအေးဒဏ်ကို ကာကွယ်နိုင်တဲ့ နေရာတွေထဲမှာ ကျွန်မ သဘောအကျ ဆုံးကတော့ အများသုံး စာကြည့်တိုက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ငွေကြေးကုန်ကျစရာ မလိုဘဲ အအေးဒဏ် တွေကနေ ရှောင်တိမ်းလို့ရတယ် မဟုတ်လား။

အိုးအိမ်မဲ့ ဆိုတဲ့ အခြေအနေကို ရုပ်ဖျက်ပြီး အလုပ်တွေလည်း လျှောက်နေဆဲပါပဲလေ။ တစ်နေ့ ဆေးရုံကင်တင်းမှာ ချထားတဲ့ ဆောင်းပါးတစ်ခု တွေ့လိုက်ရတယ်။ အဲဒီဆောင်းပါးက ဘလော့ဂ် စာမျက်နှာတွေ အကြောင်း ဖော်ပြထားတဲ့ ဆောင်းပါးပါ။ အင်တာနက် ဒိုင်ယာရီတွေကို ဘယ်သူမဆို ဖန်တီးရေးသားနိုင်ပြီး ဘယ်သူမဆို ၀င်ရောက် ဖတ်ရှုနိုင်တယ်လို့ သိလိုက်ရတယ်။ ဒါနဲ့ပဲ နှင်းတွေဝေနေတဲ့ ၂၀၀၆ ဖေဖော်ဝါရီ ရက်တစ်ရက်မှာ ဘလော့ဂ် ဒေါ့ကွန်းကို ၀င်လိုက်ရင်း `create blog´ ဆိုတဲ့ ခလုတ်လေး ကို နှိပ်လိုက်ပါတယ်။ကျွန်မ ဘလော့ဂ်တစ်ခု လုပ်ဖြစ်ခဲ့တယ်။ ဘလော့ဂ်တစ်ခု ယူတော့မယ်ဆိုရင် စိတ်ကြိုက် နာမည်ကို ရွေးချယ်ဖို့ လိုပါတယ်။ ကျွန်မကတော့ ခရီးသွားကလောင်ရှင် (wanderingscribe)လို့ အမည်ပေး လိုက်တယ်။ ကျွန်မ အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွ နေပါတယ်။ နက်နက် ရှိုင်းရှိုင်း ခပ်ပြင်းပြင်း အသက်ရှူသွင်းလိုက်ရင်း ကျွန်မဟာ အိုးမဲ့အိမ်မဲ့ တစ်ယောက် ဖြစ်တယ် ဆိုတာ ရင်ဖွင့်ရေးချပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

``ပြီးခဲ့တဲ့ညက လေပြင်းတွေ တိုက်လိုက်တာ။ မိုးကလည်း အကြမ်းပတမ်းကြီးကို ရွာချနေ ပါသေးတယ်။ သစ်ကိုင်းတွေဟာ မထိန်းနိုင်၊ မသိမ်းနိုင် လှုပ်ခါယိမ်းထိုးလို့။ ကျွန်မရဲ့ ကားလေး စတည်းချနားခိုရာ လမ်းကြားလေးဟာ လုံခြုံမှု မရှိတော့သလို ခံစားနေရတယ်။ ချမ်းစိမ့်လွန်းတဲ့ ဒဏ်ကို ရှောင်ရှားရင်း အိပ်ရာအိတ်ထဲ နစ်ဝင် စိုက်ထည့်ထားတဲ့ ကျွန်မရဲ့ ဦးခေါင်းဟာ ညာဘက်က ဇစ်နဲ့ ဖိမိနေတာကြောင့် အသက်ရှူရ ခက်ခဲနေခဲ့တယ်။ ကားမှန်တံခါး တွေဟာလည်း ရေငွေ့တွေ ရိုက်ခတ် နေလိုက်တာများ………`` အဲဒ်ီလို အစချီပြီး ကျွန်မစိတ်ထဲမှာ ခံစားရသမျှ ဖွင့်အံရေးချနေမိတယ်။ ကျွန်မ ရေးဖူးသမျှတွေထဲမှာ ဒီစာတွေဟာ ရေးသားရတာ အခက်ခဲဆုံး စာတွေပဲလို့ ပြောရပါမယ်။ ဒါပေမဲ့ ကျွန်မ တတ်စွမ်းသလောက် စိတ်ထဲရှိသမျှ ဒလဟော သွန်ချ ရေးသားနေမိ ခဲ့ပါတယ်။ ဘလော့ဂ်တွေဟာ စာဖတ်သူတွေရဲ့ အမြင်တွေကိုပါ ရေးပေးထားနိုင်တယ် မဟုတ်လား။ ဘလော့ဂ်တွေ သန်းပေါင်းများစွာ ရှိနေတာကြောင့် ကျွန်မရဲ့ ဘလော့ဂ်ကို တစ်ဦးဦးက မြင်တွေ့ဖတ်ရှုမိသွားဖို့ ကျွန်မ အလွန်အမင်း မျှော်လင့်နေမိပါတယ်။ သူတို့ တကယ်ပဲ အလုပ်တွေ လုပ်ခဲ့ကြတယ်။ သူတို့ ဆိုတာက ကျွန်မရဲ့ ဘလော့ဂ်ကို ဖတ်မိတဲ့ သူတွေပေါ့။ ကျွန်မ ပထမဆုံး ရေးခဲ့တဲ့နေ့မှာပဲ မက်ဆေ့ခ်ျ(message) ၁၂ ခုတောင်မှ ထားရစ်ခဲ့ကြတယ်။ အဲဒီနေ့မှာ ၀မ်းသာအားရ ရှိလွန်းလို့ စာကြည့်တိုက် လေးဆီ တစ်နေ့တည်း ငါးကြိမ်၊ ခြောက်ကြိမ်လောက် သွား- သွားကြည့်နေခဲ့ မိတယ်။ ကျွန်မ ဘလော့ဂ်ကို တစ်ခါ ဖတ်မိတိုင်း မက်ဆေ့ခ်ျတွေ ပိုပို များများ လာနေတာတွေ့ရတယ်။ သိပ်ကို အားရစရာ ကောင်းတာပါပဲ။

နောက်တစ်နေ့ မနက်ရောက်တော့ ကျွန်မ ဘာကိုမှ စောင့်ဆိုင်း မနေနိုင်တော့ဘူး၊ စာကြည့်တိုက် ဖွင့်ဖွင့်ချင်း အပြေးအလွှား သွားလိုက်တယ်။ နောက်ရက်တွေမှာ တစ်နေ့ပြီး တစ်နေ့ ကျွန်မရဲ့ ဘ၀၊ကျွန်မရဲ့ နေရက်၊ ကျွန်မရဲ့ အချိန်၊ ကျွန်မရဲ့ အခြေအနေတွေ အကြောင်း ရေးနေခဲ့တယ်။ ကျွန်မရဲ့ ဘလော့ဂ်လေးက ကျွန်မရဲ့ တစ်နေ့တာ အလုပ်တွေကို ပြီးမြောက် နေစေခဲ့တယ်။ ကျွန်မဟာ ကျွန်မရဲ့ အပြင်ဘက်က တကယ့်ကမ္ဘာနဲ့ ဝေးကွာတဲ့ သီးသန့်ကမ္ဘာတစ်ခုမှာ ငြင်းဆန်မှုတွေကို ကြောက်ရွံ့ထိတ်လန့် နေဖို့ မလိုဘူး။ သနားကရုဏာသက်မှု၊ အထင်အမြင်သေး ရှုံ့ချမှု၊အဲဒါတွေ ဘာဆို ဘာတစ်ခုမှ ရှိမနေကြဘူး။ အဲဒီနေရာလေးမှာ အမည်မရှိ တစ်ဦးအဖြစ် ရှင်သန်နေထိုင်နိုင်သလို လုံခြုံမှုကလည်း အပြည့်အ၀ ရှိနေတယ်။ မော်နီတာ တစ်ဖက်မှာရှိနေတဲ့ ကမ္ဘာတစ်ဖက်ခြမ်းက လူတွေ အများကြီးနဲ့ ဒီလိုဆက်သွယ်ဟာ ကျွန်မဘ၀ကို တဖန်ပြန်စဖို့ အားသစ်တွေ ယူဆောင်လာပေး တာပါပဲ။

တစ်ဦးတစ်ယောက်ကမှ အထင်အမြင်သေးတဲ့ မက်ဆေ့ခ်ျမျိုး မပေးကြတဲ့အတွက် ကျွန်မ စိတ်အေးချမ်းသာ ရှိလှတယ်။ ကျွန်မ ဘလော့ဂ်ကို ဖတ်ရှုခဲ့ ကြသူတွေက ကျွန်မကို အားပေး ချီးမြှောက်ကြတယ်။ နေအိမ် မရှိတဲ့ ကိစ္စရပ်တွေဟာ ကျွန်မတစ်ဦးတည်းမှာ ကံတရား ချွတ်ချော်တိမ်းပါးပြီး ဖြစ်ပွားတာ မဟုတ်ဘဲ တခြားသူ တွေမှာပါ ဖြစ်ပျက် နေကြတာတွေကို ကိန်းဂဏန်းတွေနဲ့၊ အချက်အလက် တွေနဲ့ပါ တင်ပြလာခဲ့ကြတယ်။ အိမ်ဈေးနှုန်းတွေဟာ လူတွေကို ရူးလောက်အောင် တိုးမြင့်လာတာတွေ၊ အကြွေး ၀ဲဂယက်ထဲ လူးလူးလိမ့်လိမ့် မွှေနှောက် ခံနေရတာတွေပါ ပြောလာကြတယ်။ ဘ၀ခရီးလမ်းမှာ လျှောက်လှမ်းနေရတဲ့ လူတွေရဲ့ ခြေထောက်တွေ ကို ဘဏ္ဍာရေး ကြိုးမျှင်တွေက ပိုမိုတင်းကျပ်စွာ တုပ်နှောင် လာမှုကြောင့် ခက်ခက်ခဲခဲ ရုန်းကန် နေကြရတယ် ဆိုတာတွေပါ ကျွန်မ သိလာရတယ်။ ထုတ်ကုန်လုပ်ငန်း လုပ်ဆောင်နေသူ ၊ ချီရှိုင်းယားရပ်မှာ အဆင့်မြင့် အိပ်ခန်း ၅ ခန်းပါ အိမ်ကို ပိုင်ဆိုင်သူ စတူးဝပ်ဆိုတဲ့ အမျိုးသားတစ်ဦး ဟာလည်း အကြွေးစာရင်းတွေ ပေးချေနိုင်ဖို့ ရုန်းကန်နေရတယ်၊ သူ့ရဲ့ အဖြစ်အပျက်တွေကို မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကိုပါ မပြောဝံ့တဲ့ အကြောင်းတွေပါ သူ့ရဲ့ ဘလော့ဂ်မှာ ရေးသားလာခဲ့ကြတယ်။ နေ့ရက်တစ်ရက်ဟာ ရက်သတ္တပတ် တစ်ပတ်ကို ဘယ်လို ဦးဆောင် ယူငင်သွားမလဲ၊ အဲဒီ ရက်သတ္တတစ်ပတ်ဟာ နောက်ထပ် ရက်သတ္တတစ်ပတ် ကို ဘယ်လို လက်ဆင့် ကမ်းသွားကြမလဲ………။

ကျွန်မတို့ လူ့အဖွဲ့အစည်းထဲမှာ ချွတ်ချော် တိမ်းပါးမှုတွေ မြန်မြန် ဆန်ဆန်ကြီး ဖြစ်ပွားနေကြပြီ ဆိုတာ ကျွန်မ နားလည် သဘော ပေါက်လာတယ်။ အဲဒါကြောင့် အခုတော့ ကျွန်မ ရှက်ရွံခြင်း ဆိုတဲ့ခံစားမှု တသစိုးတစိမျှ မခံစားရတော့ပါဘူး။ အအေးဓာတ် သိပ်သည်းနေတဲ့ အင်္ဂါနေ့ တစ်နေ့မှာ ကျန်မရဲ့ အီးမေးလ် ဘောက်စ်ကို ဖွင့်ကြည့်လိုက်တော့ နှင်းတွေကြားထဲမှာ ကျွန်မဘယ်လို ရှင်သန် နေရသလဲလို့ စိတ်ပူနေကြတဲ့ ဘလော့ဂ်ဂါ (blogger) တွေရဲ့ မေးလ်တွေ အများကြီး အများကြီးပဲ တွေ့လိုက်ရတယ်။ နယူးယော့ခ် တိုင်းမ် ဂျာနယ်လစ် တစ်ဦးက ကျွန်မကို တွေ့ဆုံမိဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းစကား ပါးထားတဲ့ မေးလ်တစ်စောင်ကိုလည်း ဖတ်လိုက် ရပါသေးတယ်။`အိုင်ရန်အာဘီနာ´ ဟာ အမေရိက တစ်ဝိုက်မှာရှိတဲ့ ၊ ကားထဲမှာ နေထိုင်ရသူတွေ အကြောင်းကို ဆောင်းပါး ရေးသားဖို့ သုတေသန ပြုနေသူတစ်ဦး ဖြစ်တယ်။ ကျွန်မတို့ အီးမေးလ် အပြန်အလှန် ပေးပို့ကြပြီးတဲ့ နောက်တစ်ညမှာ ကျွန်မဆီ ဖုန်းခေါ်လာတယ်။ ကျွန်မ ဖုန်းမပြောဖြစ်တာ လပေါင်းများစွာ ရှိနေခဲ့ပါပြီ။ သူပြောလာတာက ကျွန်မရဲ့ ဘ၀ဖြစ်စဉ်ကို လေ့လာဖို့ ကြိုးစားနေတဲ့ နယူးယော့ခ်တိုင်းမ်၊ လန်ဒန်ရုံးက တစ်စုံတစ်ဦးနဲ့ တွေ့ဆုံလိုက်ဖို့ စဉ်းစား စေချင်တယ် လို့ ပြောလာပါတယ်။

ဒီလိုနဲ့ ကျွန်မရဲ့ တကယ့်ကမ္ဘာထဲက စိန့်ဘယ်ရီ Canden Branch နားက ကားပတ်ခ်(car park)တစ်ခုမှာပဲ အင်မတန် ရည်မွန်လှပြီး အသက် ၅၀ အရွယ် ရှိပြီဖြစ်တဲ့ နယူးယော့ခ်တိုင်းမ်ရုံးက ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးနဲ့ ကျွန်မ လက်ခံ တွေ့ဆုံခဲ့တယ်။ အဲဒီ မွန်မွန်ရည်ရည် အမျိုးသမီးကြီးက ကျွန်မရဲ့ ကားထဲကို စွေ့ခနဲ ၀င်ထိုင်ရင်း ကျွန်မ ရှင်သန်နေခဲ့ရာ ကားထဲကို စူးစမ်းနေပါတယ်။ကျွန်မရဲ့ ညစ်စုတ်စုတ် ကားလေးအတွက် ကျွန်မအတော်ပဲ စိတ်ကသိကအောက်ဖြစ်ပြီး သူ့ကို အားနာနေမိခဲ့တယ်။ တစ်ခါတစ်ခါ စူးစူးရှရှ၊ ဆိုးဆိုးရွားရွား အနံ့တွေက ထောင်းခနဲ ရတတ်သေးတာကိုး။ ဘာလိုလိုနဲ့ ကျွန်မ အဲဒီကားလေးထဲမှာ နေလာခဲ့တာ အခုဆို ကိုးလတောင် ရှိခဲ့ပါပြီ။

ကျွန်မ အင်တာနက် ကဖီးတစ်ခုဝင်ပြီး အီးမေးလ်တွေ ဖွင့်ဖတ်ဖြစ်တဲ့ မနက်ခင်းလွန် အချိန်အထိ ကျွန်မအကြောင်း ဆောင်းပါးဟာ ပထမဆုံး စာမျက်နှာမှာ ခေါင်းကြီးသတင်း ဆောင်းပါးအဖြစ် ပါလာခဲ့တယ် ဆိုတာကို မသိသေးပါဘူး။ အီးမေးလ်တွေ ဖတ်ရင်း ဖတ်ရင်းနဲ့ သိလာရတာနဲ့ သတင်းစာကို အပြေး ကြည့်မိရသေးတယ်။ အီးမေးလ် တွေဟာလည်း နိုင်ငံ အများအပြားက ရေးပို့ လာကြတာပါ။ ယူနိုက်တက်စတိတ် နိုင်ငံ တစ်ဝိုက်က လူတွေ၊ ဘရာဇီး၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ မီလာမီ နိုင်ငံက လူတွေ……….. အားလုံးကပဲ စာနာနားလည်စွာ ရေးပို့ခဲ့ကြတယ်။ ကျွန်မရဲ့ ဖြစ်တည်မှုကို တစ်နှစ်ခန့် ဘယ်သူမှ မသိရှိဘဲ နေလာရာက အခုတော့ ရာပေါင်းများစွာသော တိုင်းပြည် အနှံ့အပြားက လူတွေက ကျွန်မအကြောင်းကို ခရေစေ့တွင်းကျ သိရှိ သွားခဲ့ကြပါပြီ။ အဲဒီလူတွေဆီက အကြံဉာဏ်ပေးစာ၊ အချက်အလက် ဝေမျှတဲ့ စာနဲ့ ဆုမွန်ကောင်း တောင်းပေးတဲ့ စာတွေ အစုံအလင်ပဲ လက်ခံရရှိခဲ့တယ်။ ကျွန်မ နှလုံးသား တည့်တည့်ဆီကို အလောတကြီး ပြေးဝင်လာတဲ့ အမယ်စုံ စိတ် လှုပ်ရှားမှုတွေ ရရှခဲ့ပေမဲ့ ကျွန်မ အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်း ပေးနိုင်တာမျိုးတော့ ဘယ်သူ-ဘယ်သူကမှ အခုထိ တကယ်ကို မကူညီနိုင်ကြပါဘူး။ ကျွန်မမှာ အခုဆို အစားအသောက် ငတ်မွတ်တာ၊ ချမ်းအေးတဲ့ ဒဏ်တွေကို အလူးအလိမ့် ခံရတာ………၊ ဒါတွေကို အပြည့်အ၀ ခံစားနေရဆဲပါ။

ကျွန်မရဲ့ စိတ်မှာ ခိုကိုးရာမဲ့ခြင်းကြီးစွာ ဖြစ်လာတဲ့ အခါတိုင်း အနီးအနားက ဘုရားကျောင်းလေးရဲ့ အရိပ်ဆီကို တိုးဝင်ခိုလှုံလေ့ရှိတယ်။ အဲဒီနေ့ကလည်း ဘုရားကျောင်း လေးဆီ အပြေးသွားခဲ့ရပြန်တယ်။ ဘုရားကျောင်း လေးထဲမှာ နိုင်ငံခြားသား တချို့ဟာ သံချေးတက်နေတဲ့ ဆီမီးခုံမှာ ဖယောင်းတိုင်တွေ ထွန်းညှိရင်း ၀တ်ပြုဆုတောင်း နေကြတယ်။ ကျွန်မမှာသာ ကျွန်မရဲ့ ဦးခေါင်းကို ကျွန်မရဲ့ လက်နှစ်ဖက် ကြားထဲ ထိုးစိုက် နှစ်မြှုပ်လိုက်ရင်း ကျွန်မရဲ့ မျက်လုံးဆီမှာ မျက်ရည်စက်တွေ ပြိုဆင်း ခုန်ထွက် လာကြတော့တယ်။ ဒီ့နောက်မှာတော့ သတင်းဌာန တစ်ခုရဲ့ နာမည်ကြီး သတင်းထောက် တစ်ဦးက ကျွန်မနဲ့ လာရောက်တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ online မဂ္ဂဇင်းမှာ ကျွန်မအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြန်တယ်။

အခုဆိုရင် ကျွန်မရဲ့ မေးလ်ဘောက်စ်က `မေးလ်စစ်ရန်´ ဆိုတဲ့ ခလုတ်လေးကို အကြိမ်များစွာ နှိပ်လို့ နှိပ်လို့နေမိတယ်။ အဲဒီလို နှိပ်လိုက်တိုင်းမှာလည်း အသစ် အသစ် ထပ်ထပ် ၀င်လာတဲ့ မက်ဆေ့ခ်ျ အီးမေးလ်တွေ အများကြီး ရရှိဆဲပါပဲ။ ကျွန်မရဲ့ ဘလော့ဂ် စာမျက်နှာမှာ ၀င်ရောက်ဖတ်ရှုတဲ့ ဧည့်သည် စာဖတ်သူတွေ အရေအတွက်ကို သိရှိနိုင်မယ့် counter ထည့်ထားပါတယ်။ အဲဒီကနေ ကျွန်မရဲ့ ဘလော့ဂ်ကို ဖတ်ရှုသူတွေ ကမ္ဘာတစ်ဝန်း ရာပေါင်းများစွာ ရှိနေပြီဆိုတာ သိနိုင်ခဲ့တယ်။ကျွန်မရဲ့ အံ့သြဖွယ် အဖြစ်ဆိုးကြီးကို စိုးရွံ့စိတ်နဲ့ ၀ှက်သိမ်းထားခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ တစ်ပတ်ကြာတဲ့ အခါ ပြင်သစ်၊ အီတလီ နဲ့ ချီလီ သတင်းစာတွေမှာ ကျွန်မအကြောင်း ဆောင်းပါးတွေ ပါလာကြပြန်တယ်။ အဲဒီနောက် စာပေဆိုင်ရာ အေးဂျင့် အမျိုးသမီး တစ်ဦးက ကျွန်မကို ဆက်သွယ် လာပါတယ်။အဲဒီ အမျိုးသမီးကို ကျွန်မဘ၀ရဲ့ နောက်ခံဖြစ်ရပ်တွေပါ ပြောပြဖြစ်တော့ သူမက မှတ်ချက်ချရင်း ပြောတယ်။ ကျွန်မရဲ့ ကလေးဘ၀ ဖြစ်စဉ်တွေဟာ အင်မတန် အားကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်လာဖို့ အထောက်အပံ့ကောင်းတွေ ပါပဲတဲ့။


ဒါနဲ့ပဲ ကျွန်မ အင်အားတွေ ပြည့်လာတယ်။ နောက်ရက်သတ္တတစ်ပတ် ထပ်မံ ကုန်သွားတဲ့အခါ စာကြည့်တိုက်မှာ၊ သစ်တော ခပ်စပ်စပ်လေးမှာ၊ လမ်းမီးတိုင် ဖျော့ဖျော့အောက်က ကားနားခိုရာ နေရာလေးမှာ အချိန်ရသမျှ ကျွန်မဘ၀ ဖြစ်စဉ်တွေ အားလုံးကို အင်တိုက်အားတိုက် ချချ ရေးနေမိခဲ့တယ်။ ကျွန်မရဲ့ ကားဒက်ရှ်ဘုတ်လေးပေါ်မှာ စာရွက်တွေ ပြန့်ကြဲလို့ပေါ့။အင်မတန် ဆိတ်ငြိမ်တဲ့ လမ်းကြားလေးရဲ့ မနက်ခင်းတွေတိုင်းမှာ ကျွန်မ စာတွေရေးနေဆဲပါ။ကျွန်မဘ၀ ဖြစ်ရပ်မှန်တွေနဲ့ ကျွန်မ အမှန်တကယ် ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ `ကားထဲက ကျွန်မရဲ့ညတွေ´ အကြောင်းကိုပေါ။့

Xxxxxxxxx

- အန်ယာ(Anya)ရေးသားခဲ့တဲ့ ``အစွန့်ပစ်ခံ သို့မဟုတ် ဘာမှ မပိုင်ဆိုင်တဲ့ အမျိုးသမီးငယ်လေးရဲ့ ဖြစ်ရပ်မှန်´´ စာအုပ်ဟာ ၂၀၀၇ မေလ အတွင်းက ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။

- ယူနိုက်တက်စတိတ်မှာ ဆန်းဒေးတိုင်းမ်ရဲ့ ဖြစ်ရပ်မှန်(Non-Fiction)အရောင်းရဆုံး စာရင်း နံပါတ်လေး ချိတ်ခဲ့ပါတယ်။

- စိတ်ဝင်စားသူတွေ အန်ယာရဲ့ ဘလော့ဂ် ကို ၀င်ရောက်ဖတ်ရှုနိုင် ပါတယ်။ ဘလော့ဂ် လိပ်စာက http://wanderingscribe.blogspot.com/ ပါ။

No comments:

Home