Home

နေရောင်အောက်က . . .အိမ်ထောင်ဖက်

လူတစ်ယောက်နဲ့တစ်ယောက်...အတိ အကျ ပြောရလျှင်တော့ ယောကျာ်း တစ်ယောက် နဲ့ မိန်းမတစ်ယောက် ချစ်မြတ်နိုး ကြရာဝယ် ဘယ်အရာက အရေးပါ ဆုံးဖြစ်မည်ဟု သင်ထင်ပါသနည်း။ကိုယ့်ပုံစံနဲ့ကိုယ်တော့ အရေးပါဆုံး အချက်အ လက်တွေ ရှိကောင်း ရှိကြပါမည်။ ဒါပေမဲ့ သူ့မှာတော့ အဲဒီလိုစံတွေ မရှိခဲ့။ သူ ချစ်မြတ်နိုးရသော ကောင်မလေးကို သူက ဘာစံ တွေမှ မပါဘဲ ရိုးရိုးလေး ချစ်မြတ်နိုးခဲ့တာဖြစ် သည်။ ရိုးရိုးလေး ချစ်ပေမဲ့ ပေါ့ပေါ့လေးတော့ မချစ်ခဲ့ပါ။ နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့တာ ဖြစ်သည်။ ပြီးတော့ သူမကို မပိုင်ဆိုင်ရ တော့ဘူးဆိုတာ သိရတော့မှ ဘယ်လောက်တောင် ချစ်နေခဲ့သလဲ ဆိုတာကိုလည်း ထိတ်လန့်အံ့ဩဖွယ် သိမြင်ခဲ့ ရသည်။ သူ့အတွက်တော့ ဝမ်းနည်းစရာ အကောင်းဆုံး ကိစ္စရပ်တစ်ခုမှာ သူနဲ့ ကောင်မလေးသည် တစ်ယောက်နဲ့တစ်ယောက် အင်မတန်

နားလည်သောသူများ ဖြစ်နေပါလျက် နှင့် နီးစပ်ခွင့်မရခဲ့ ခြင်းကြောင့် ဖြစ်ပါသည်။ မှတ်မှတ်ရရ ထိုကောင်မလေးကို စတင် မြင်ဖူးခဲ့သည်မှာ မဂ္ဂဇင်းတိုက် တစ်တိုက်မှာ ဖြစ် သည်။ သူက လက်ရှိအောင် မြင်နေသော ဘတ်ဆဲလား စာရေးဆရာ တစ်ဦးဆိုပါစို့။ မဂ္ဂဇင်း တိုက်က အယ်ဒီတာ တစ်ယောက်နှင့် လာရောက် တွေ့ဆုံစဉ်မှာ သူမကို ပထမဆုံး စမြင်ဖူးခဲ့တာဖြစ်သည်။ ဗစ်တိုးရီးယားဆံပင်ပုံစံ လေးနှင့် တီရှပ်တစ်ထည်၊ ဂျင်းန်ပန်တစ်ထည် ကို ခပ်ရိုးရိုးသာ ဝတ်ဆင်ထားသော်လည်း စတိုင်လ်တစ်ခုဝင်နေသည့် ကောင်မလေးကို သူက မော်ဒယ်လ်လား ဟုတောင် ထင်ခဲ့သေးသည်။ ဒါပေမဲ့ အယ်ဒီတာက မိတ်ဆက်ပေး တော့မှ စာရေးဆရာမ ပေါက်စလေးမှန်း သိခဲ့ရသည်။

“တုမရ…. ဒါကစာရေးဆရာမလေးလေ။ဘရဏီတဲ့” အယ်ဒီတာရဲ့စကားကို သူမက ရှုံ့မဲ့ကာ... “ဟာ..ဦးဝင်းကိုကလည်း ဘာတွေ လျှောက်ပြောနေတာလဲ။ မဟုတ်တာတွေ...” “အံမယ် ဘာမဟုတ်ရမှာလဲ။ ဒါ ညည်း ကြိုက်တဲ့စာရေးဆရာပဲဟာ။ အောင်မာ သူ့ကို ကံကောင်းလို့ တွေ့ရတာနော်။ ဒီကောင်က တစ်နိုင်ငံလုံးကို ဂန္ဓာရီလှည့်နေတာ။ တွေ့တုန်း မိတ်ဆွေဖွဲ့ထား..” သူမက ရှုံ့ရှုံ့မဲ့မဲ့နှင့် ခေါင်းရမ်းပြသည်။ အဲဒီပုံစံလေးကို သူက သဘောတကျနှင့် ပြုံး စိုက်ကြည့်ရင်းမှ စကားသွားပြောမိသည်။
xxxxxxxxxxxxxxxxx

ဟုတ်လား... စာရေးဆရာမအသစ် လား။ ထွက်တာ ဘယ်နှအုပ်ရှိပြီလဲ။ ဆောရီး... ကိုယ်က မိန်းကလေးစာရေးဆရာတွေ သိပ်မဖတ်တော့ ကလောင်သစ်တွေဆို သိပ်မသိဘူး” အဲဒီစကားကြောင့် သူမက သူ့ကို စူးခနဲ ကြည့်ကာ မျက်နှာကလည်း မဆိုစလောက် တည်သွားတာကို လူကဲခတ်တော်သော သူက ချက်ချင်းပဲ ရိပ်မိလိုက်သည်။ ခက်တာက သူသည် စကားပြော ကောင်းသော သူတစ်ယောက် မဟုတ်ပါ။ သို့သော် စကားပြောမ ကောင်းစွာနဲ့ပဲ ရည်းစားကလည်း များပြန်ပါသေးသည်။ ဒါကြောင့် ကောင်မလေးတွေရဲ့ အထာကိုလည်း ကောင်းကောင်း ကြီးပဲ သိလေသည်။“ကျွန်မက ဘာဝတ္ထုမှ ထွက်သေးတဲ့ စာရေးဆရာ မဟုတ်ပါဘူး။ ဝတ္ထုတိုတွေပဲ ရေးတာ။ ဦးဝင်းကို ဏီ ပြန်တော့မယ်။ နောက်မှ


တွေ့မယ်လေ”သူမက ပြောပြောဆိုဆို မတ်တတ်ထရပ် သည်။ အဲဒီတော့မှပဲ ဖြူစင်မြင့်မား သွယ်လျသော တစ်ကိုယ်လုံးအလှကို ထပ်မံရှုစားခွင့်ရတော့ တာဖြစ်သည်။ “နေဦးလေ။ ဒီမှာ စာရေးဆရာရယ်၊ နင် ရယ်၊ ငါရယ် ကော်ဖီသွားသောက်မလို့ကို...” “တော်ပြီ...ဏီသွားစရာလေးရှိသေးလို့” သူမက သူ့ကိုတော့ နှုတ်ဆက်စကား တောင် မဆိုဘဲ စိမ်းစိမ်းကားကားပဲ လှည့်ထွက် သွားသည်။ သူက ဒါမျိုးမှ သဘောကျလေဟန်ဖြင့် ပခုံးကို တစ်ချက်တွန့်ကာ သူမအကြောင်း ကို သိလိုစွာနှင့် အယ်ဒီတာ့ထံမှာ စပ်စုလိုက်သည်။ သူ့အကြောင်းကို သိသော အယ်ဒီတာ က..“ဟေ့လူ...ဒါတော့ သွားမလုပ်နဲ့နော်။ ကျုပ်သူငယ်ချင်းရဲ့တူမဗျ။ ကောင်မလေးက သူ့ဟာသူ အေးဆေးနေတာ။ စာရေးတာတော့ တော်တော်ဝါသနာပါတယ်။ မဂ္ဂဇင်းတွေထဲမှာ တော့ ဝတ္ထုတိုလေးတွေ တော်တော်များများ ပါပြီးပြီကွ။ အခု စာအုပ်ထုတ်ဖို့ (___)စာပေ တိုက်က ကမ်းလှမ်းထားတယ်...

ကဲပါဗျာ။ သူ့ကိုသွားပြီး စိတ်ဝင်စားမနေပါ နဲ့။ ခင်ဗျားမှာက ပေါပြီးသားပါ။ ကိုယ့်လူရေ... ဝတ္ထုတိုလေး ပေးဖို့လည်း စဉ်းစားဦးဗျ” “အေးပါဗျာ” သူက အေးရာအေး ကြောင်းဆိုရင်း အဲဒီ ကောင်မလေးကို အဲဒီကတည်းက မှတ်မှတ် ထင်ထင် ရှိခဲ့သည်။ နောက်တော့ မဆုံဖြစ်ကြ တော့။ သူကလည်း စာရေးတာရယ်၊ ခရီးသွား တာရယ်၊ စီးပွားရေး လေးဘာလေး လုပ်တာရယ် နှင့် မြို့ထဲဘက် သိပ်မရောက်ဖြစ်။ ဒီလိုနဲ့ပဲ..တစ်နှစ်လောက် ကြာသွားခဲ့သည်။ သူတို့ နှစ်ယောက်ဇာတ်လမ်းမှာ သူရေးနေကျ ဝတ္ထု တွေထဲကလို၊ ဒါမှမဟုတ် သူမ ရေးနေကျ ဝတ္ထုတွေထဲက မင်းသားနဲ့ မင်းသမီးလို စတွေ့ ပြီး နောက်တစ်နေ့မှာ ဖုန်းတွေ အပြန်အလှန် မပြောကြပါ။ ကော်ဖီဆိုင် အတူမထိုင်ဖြစ်ကြပါ။
xxxxxxxxxxxxxxxxxx


သူ့ဟာနှင့်သူ၊ ကိုယ်ဟာနှင့်ကိုယ် အစီအစဉ် အတိုင်း စနစ်တကျ နေထိုင်ခဲ့ပြီးမှ ရင်ခုန်ဖွယ် ကောင်းသောနေ့လေးတစ်နေ့မှာ ပြန်လည်ဆုံ တွေ့ခဲ့ရတာဖြစ်သည်။ အဲဒီနေ့က ဖေဖော်ဝါရီ ၁၄ ရက်ဖြစ်ကာ ရယ်ချင်စရာကောင်းသော အလွဲတစ်ခုကတော့ သူ့ဘေးမှာ လက်ရှိ ရည်းစားတစ်ယောက်က ငုတ်တုတ်ကြီး ပါလာခဲ့ခြင်းပဲ ဖြစ်လေသည်။တကယ်တော့ သူသည် အများသူငါတွေ ရင်ခုန်သလို အဲဒီအမှတ်တရနေ့ကို ရင်မခုန် တတ်ခဲ့ပါ။ သူ့အသက်အရွယ်ဟာ သုံးဆယ်ထဲ မှာမို့ သိပ် feelူ မလာတာလည်း ဖြစ်ချင်ဖြစ် နိုင်သည်။ သိပ်တော့လည်း မဆိုင်ပါ။ သူ့ရဲ့ နဂိုဗီဇကကို အဲဒီလို အထိမ်းအမှတ်တွေကို ဝါသနာမပါတာ ဖြစ်သည်။ အဲဒီလိုနေ့မျိုးမှာ အင်္ကျီတွေ ဆင်တူဝတ်ပြီး လျှောက်သွားရတာ ကိုလည်း ကြောင်သည်ဟု ထင်သူဖြစ်သည်။ ဒါကြောင့် ဘယ်ရည်းစား ကိုမှလည်း ဘယ်လို ချစ်သူ့အမှတ်တရ လက်ဆောင်မျိုး ကိုမှ မပေးဖူး ခဲ့ချေ။ ဒါပေမဲ့ အဲဒီနေ့ကတော့ သူ့ရည်းစားက ဇွတ်ဂျီကျကာ ချိန်းသဖြင့် သူကိုယ်၌ကလည်း အပြင်ကမ္ဘာက အတွဲတွေ ဘယ်လိုလှုပ်ရှားနေ ကြသလဲဆိုတာ သိချင်သဖြင့် ရည်းစားနှင့်

အပြင်ထွက်ဖို့ လက်ခံလိုက်တာဖြစ်သည်။ သူမကိုတော့ ကော်ဖီဆိုင်တစ်ဆိုင်မှာ ဆုံတွေ့တာဖြစ်သည်။ သူ့ရည်းစားက သန့်စင်ခန်း သွားနေတုန်းမှာပဲ စားပွဲဝိုင်းတစ်ဝိုင်းမှ ထလာသော မိန်းကလေးသုံးယောက်ထဲမှာ သူမကို သူက ဂရုပြုမိသွားတာဖြစ်၏။ ပထမတော့ အမှုမဲ့ အမှတ်မဲ့ ငေးနေမိသော သူသည် နောက် တော့မှ သူမကို မှတ်မိသွားသည်။ လွန်ခဲ့တဲ့ တစ်နှစ်နီးပါးလောက်က တွေ့ခဲ့ဖူးသော ဆံပင် တိုတိုလေးက ယခု ပခုံးကျော်ကာ ဖြောင့်စင်း ဝဲဖြာနေကြသည်။ ကန်းထရီးရှပ် အကွက်လေး နှင့် ဂျင်းန်တစ်ထည်ကိုသာ ခပ်ရိုးရိုး ဝတ်ဆင်ထားသော်လည်း စတိုင်လ်မိုက်လှသူလေးကို သူက ငေးမောကြည့်နေပြီး အနားရောက်မှ ရုတ်တရက် ထခေါ်မိသည်။
xxxxxxxxxxxxxxxxx

ဒါကလည်း သူမက သူ တွေ့ဖူးသော တခြားမိန်းကလေးတွေနဲ့ မတူသောကြောင့် ဖြစ်ပါသည်။ သူနဲ့ စကားပြောလျှင် ရင့်သလို၊ ပြတ်သလိုထင်ရသော ကောင်မလေးသည် တခြားသူတွေနဲ့ဆိုလျှင်တော့ အဆင်ချောနေတတ်သည်။ ဒါပေမဲ့ အဲဒီလို ဘုဘောက်ပြော ရင်းမှ ပို၍ ရင်းနှီးသွားစေသလားတော့ မပြော တတ်ပါ။ သူမနှင့်သူသည် အပြင်မှာ တွေ့တာ နည်းပြီး သူကသာ သူမကို ဖုန်းဆက်လေ့ရှိသူ ဖြစ်သည်။ လက်ကိုင်ဖုန်းကို မုန်းတီးသော သူသည်


ခရီးသွားချိန်မှအပ လက်ကိုင်ဖုန်းကိုင် သူမဟုတ်ပါ။ သူမထံ ဖုန်းဆက်လျှင်လည်း ကြိုးဖုန်းနဲ့ပဲ ခေါ်သူဖြစ်သည်။တစ်ခါတုန်းက သူ အပြင်သွားတုန်း ဖုန်းလာသွားသဖြင့် သူက သူမထံ ဖုန်းဆက်မေးသည်။ မင်း ကိုယ့်ကို ဖုန်းဆက်သေး လားဟူသော အမေးစကားကို သူမက ရင်ဝဖနောင့်နဲ့ ကန်သလို ပြန်ဖြေခဲ့တာကို မှတ်မိနေ သေးလေသည်။

“ရှင့်ဆီကို ကျွန်မက ဘာကိစ္စနဲ့ ဆက်ရမှာလဲ။ ဆက်စရာလား။ အားအားယားယား” သူက အဲဒီလို ပြန်ဖြေတာကို တော်တော် တင်းသွားခဲ့သည်။ ဒါပေမဲ့ စိတ်လည်း မဆိုး ရက်နိုင်။ အဲဒီလို ပေစောင်းစောင်း အပြောအဆို တွေကိုပဲ ရင်ခုန်မှန်းမသိ ရင်ခုန်ခဲ့တာဖြစ်နိုင်လေသည်။ ဘယ်မိန်းကလေးကိုမှ ဂရုမစိုက်ဖူးသော ဂရုစိုက်ခြင်းမျိုး တွေဖြင့် သူမအပေါ်ကို အပြည့်အဝ ဂရုစိုက်ခဲ့သည်။ အဓိကကတော့ သူမကို ဒီထက် အဆပေါင်းများစွာ အောင်မြင်စေချင် သော စေတနာဖြင့် သူသိသလောက်၊ တတ်သလောက် လမ်းညွှန်ပေးခဲ့ခြင်းဖြစ်ပါသည်။ သူ့ကိုဆိုလျှင် ပုဂ္ဂိုလ်ရေးအရ ဘယ်တော့မှ အထင်မကြီးသော ကောင်မလေးသည် စာ ကြောင်းပေကြောင်း ပြောရမည်ဆို လျှင်တော့ တက်တက်ကြွကြွကြီးပဲ ရှိနေတတ်သည်။ ပြီး တော့ ဝတ္ထုတွေကိုလည်း ဇွဲနပဲကြီးစွာ အပတ် တကုတ်ရေးတတ် သူတစ်ဦးဖြစ်ပါ သေးသည်။ ဒါကြောင့် သူမရဲ့စာအုပ်တွေက တစ်လကို တစ်အုပ် ပုံမှန်ထွက် လေ့ရှိသည်။ အဲဒါကိုလည်း သူက အမြဲမခံချင်အောင် ပြောတတ်သည်။

“မင်းကွာ...စာအုပ်တွေက တစ်လကို တစ်အုပ်ထွက်နေတာ။ မင်းကိုယ်တိုင်ရေးတာ ရော ဟုတ်ရဲ့လား။ ရှဲဒိုးရှိတယ်နဲ့တူပါတယ်”သူက အဲဒီလို ပြောလိုက်လျှင် သူမက လုံးဝမဖြုံပါ။ နှုတ်ခမ်းကို တမင်ထော်ပြီးပြုံးကာ (သူမမို့ အဲဒီလို ပြုံးပဲ ပြုံးတတ်ပါသည်။ အဲဒီ လို ပြုံးတိုင်း အရမ်းချစ်ဖို့ကောင်းသည်)“ဟုတ်တယ်လေ။ ရှင် ကိုယ်တိုင် ရေးပေးတာပဲဟာ”အဲဒီအခါမျိုးတွင် သူ ဘာမှ ပြန်မပြောနိုင်ပေ။ ဒါပေမဲ့ သူမရဲ့မျက်နှာကို အကြာကြီး ငေးကြည့်နေပြီးတော့မှ...“ဏီဏီရယ်...မင်းက သိပ်ချစ်ဖို့ ကောင်းတာပဲနော်။ မင်းကို အရမ်းချစ်တာပဲ”သူ့စကားကြောင့် သူမရဲ့ မျက်နှာက ရုတ်တရက် နီမြန်းသွားပြီးတော့မှ သူ့ကို အထင် သေးသလို စိုက်ကြည့်ခဲ့တာ မှတ်မိနေသေးသည်။ အဲဒီအကြည့်ကြောင့် သူကလည်း ခံပြင်း သွားကာ နှုတ်မှ ထွက်မိထွက်ရာ ထွက်သွားသေးသည်။“ဟိတ်...အဲဒါ ရည်းစားစကားပြောတာ မဟုတ်ဘူးနော်။ ရည်းစားစကားပြောတယ် ထင် မနေနဲ့”
xxxxxxxxxxxxxxxxxx


အဲဒီစကားကြောင့် သူမမျက်နှာအရောင် ပြောင်းသွားပုံက ပို၍ ကြောက်စရာကောင်း သွားသည်။ သူ့ကိုယ်သူ မှားသွားပြီဟု သိသော်လည်း ကျွံပြီးသွားသော စကားလုံးများကို ဘယ်လိုမှ ပြန်ကောက်၍ မရတော့။ သူမရဲ့ မျက်နှာကတော့ စိတ်ဆိုးနေသည့်ပုံစံမှ တဖြည်း ဖြည်းနှင့် လှောင်ထေ့ထေ့ပုံစံသို့ ပြောင်းသွားသည်။“အေးလေ...ကျွန်မ နည်းနည်း မှားသွားတာ။ ရှင်က ဒါမျိုးစကားကို ထမင်းစား ရေသောက်ပြောနေကျပဲ။ ဒါပေမဲ့ ကျွန်မက ရှင် တွေ့ဖူးတဲ့မိန်းမမျိုး မဟုတ်ဘူး။ လာမပြောနဲ့ စာရေးဆရာ...။ ရှင်အီရမယ့် မိန်းမစားမျိုး မဟုတ်ဘူး”“ဟုတ်လား...ကိုယ့်အတွက်တော့ မင်းက ဘာမှ ထူးခြားမှုမရှိပါဘူး”သူက မခံချင်စွာ ပြန်ပြောမိလျှင် သူမက ခပ်တင်းတင်း တစ်ချက်ကြည့်ကာ ချာခနဲ လှည့် ထွက်သွား တော့သည်။ ဘာမှ မပြောချင်တော့ဘူး စိတ်ကုန်သွား ပြီဆိုသော သဘော။ သူသည် ပထမတော့ သွားလည်း ဘာအရေးလဲ၊ ဂရုစိုက် လို့ဟု ကိုယ့်ကိုယ်ကိုယ် အားတင်းကာ တွေးလိုက်သည်။ ဒါပေမဲ့ သူမ ကြည့်သွားသော အကြည့်များကို တွေးမိသွားလျှင် ဘယ်လိုမှ နေလို့ထိုင်လို့ မရပါ။။ ဒီလိုခံစားချက်မျိုးကို ဘယ်တုန်းကမှ သူ မခံစားခဲ့စဖူး။ သူ့ကိုယ်သူ ရှော့ရှိနေပြီဟု

သိသော်လည်း အဲဒီခံစားချက်ကို လျစ်လျူရှုပစ်လိုက်သည်။ မိန်းမတစ်ယောက် အတွက် ခံစားရတာလောက် အောက်တယ်မရှိ ဟု သတ်မှတ်ထား၍ ဖြစ်ပါသည်။အထက်က ဖြစ်သွားခဲ့သော ကိစ္စနှင့် ပတ်သက်၍ သူက သူမထံ ဖုန်းမဆက်ဖြစ် အောင် တတ်နိုင်သမျှ အောင့်အည်းထားသော် လည်း သုံးရက်ထက် ပိုမနေနိုင်ခဲ့ပါ။ သူမက တော့ သူ့ထံသို့ ဘယ်တော့မှ ဆက်လေ့မရှိသူမို့ သူမထံမှ ဖုန်းကိုတော့ မျှော်လင့်စရာ အကြောင်း မရှိခဲ့။ သူ ဖုန်းဆက်တော့လည်း သူမက ဘာမှ မဖြစ်သလိုပုံစံနဲ့ပဲ ပြန်ပြောသည်။ သူမရဲ့ပုံစံသည် သူ့အပေါ်မှာ လုံးဝကို ဥပေက္ခာ ပြုထားတယ် ဟူသောပုံစံမျိုးဖြစ်သည်။ သူက အဲဒါကို သိသဖြင့် တတ်သည့်ပညာ မနေသာလုပ်ကာ ဟာသတွေ ပေါင်းစုံ လျှောက်ပြောတော့မှ သူမက ရယ်ဖော် ရလာ သည်။ ပြီးတော့ ထူးဆန်းသော မှတ်ချက် တစ်ခုကို ပေးလေသည်။
xxxxxxxxxxxxxxxxx

“ရှင့်ကို တကယ်ချစ်မိတဲ့ မိန်းကလေး ကတော့ တော်တော်သနား စရာကောင်းမှာပဲ”“ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ။ ကိုယ်ဘယ်သူ့ ကိုမှ အသည်း မခွဲခဲ့ဖူးပါဘူး” “သေချာလား။ အသည်း ခွဲတဲ့အဆင့် မရောက်သေး တာပဲနေမှာပါ။ ရှင်နဲ့တွေ့တဲ့ မိန်းကလေး တိုင်းက ရှင့်ဝတ္ထု တွေအတွက် ကုန်ကြမ်း ဖြစ်သွားတာပဲလေ” “ဝတ္ထုဖြစ်သွားတယ် ဆိုတာတော့ လက်ခံ ပါတယ်။ ဒါပေမဲ့ တမင်ကုန်ကြမ်း ရှာခဲ့တာမှ မဟုတ်တာ” “ဟား...ဟား....တောမှာသွားပြော စာရေးဆရာ။ နှင်းဆီပင်စိုက်ရင် နှင်းဆီပင်ပဲ


ပေါက်မှာသိနေတဲ့ကိစ္စကြီးကို မတော်တဆလို့ မပြောစမ်းပါနဲ့” “မင်းက ကိုယ့်ဆို သိပ်ဖဲ့တာပဲ ဘရဏီ။ အေးပါ..ကိုယ်ကလည်း မင်းမို့ သည်းခံနေတာ ပါ” သူက အဲဒီလို မထိခလုတ် ထိခလုတ်ပြောလျှင် သူမက တဟားဟားနှင့် အော်ရယ်သဖြင့် သူတောင် ကြောင်တောင်တောင်ဖြစ်သွားရသည်။ သူက တကယ်ပြောတာဖြစ်သည်။ ဒါပေမဲ့ သူမကတော့ ဘယ်လို မှတ်ယူသွားလဲတော့ မပြော တတ်ပါ။

“စာရေးဆရာ... ရှင်က သိပ်ရယ်ရတာပဲ။ ဟာသတွေချည်း ပြောတယ်။ အိုကေ...အိုကေ ဒါပေမဲ့ ဒီစကားတွေကို ဖုန်းထဲမှာပဲပြော။ ဟုတ် ပြီလား။ ဒီနေ့တော့ စာရေးလို့ ကောင်းတော့မှာ ပဲ”သူမက အဲဒီလို ပြောလျှင် သူက ဘာပြန် ပြောရမှန်း မသိတော့ပါ။ တကယ်တော့ သူမက သူ ပြောသမျှစကားတွေကို ဟာသသဖွယ် လျှော် ထားလိုက်တာ ဖြစ်မှန်း နောက်မှပဲ အတိအကျ သိခွင့်ရခဲ့တာဖြစ်သည်။ သူက သူမကို ဘယ်လို ကြွေကြွေ၊ ဘယ်လိုပဲ ခြွေခြွေ၊ သူမက အားလုံး ကို ရယ်စရာအဖြစ် သဘောထားတော့တာဖြစ် သည်။ တစ်ခါတလေတော့ သူက နုဖပ်ဝင်း ညက်နေသည့် မျက်နှာလေးကို ငေးကြည့်ရင်း အချစ်စိတ်တွေက အတိုင်းအဆမဲ့ ပျံ့နှံ့လာလျှင် သူမကို မချင့်မရဲမေးမိသည်။“ဏီဏီ...မင်းကို ကိုယ့်ရဲ့ ဟိုးနှလုံးသား အတွင်းထောင့်တစ်နေရာက ချစ်နေတယ်ဆိုရင် မင်း ယုံမှာလား”

“ဘာလဲ..အဲဒါ ခုရေးနေတဲ့ ဝတ္ထုထဲက ဒိုင်လား။ အရမ်းရိုးတာပဲ” “အဲလို မရှော်စမ်းပါနဲ့။ မင်း လူကဲခတ် မညံ့ပါဘူး ဏီဏီ။ ကိုယ် မင်းကို တကယ်ြွေကနေတာ မင်းသိပါတယ်။ တမင် ရူးချင် ယောင်ဆောင်နေတာမဟုတ်လား” “ရှင့်ကိုယ်ရှင် သိပ်အထင်ကြီးမနေစမ်းပါ နဲ့။ ရှင့်ကို မိတ်ဆွေတစ်ယောက်အနေနဲ့ နားလည် ပေးထားတာကို အခွင့်ကောင်းမယူနဲ့” “ကျွတ်...ခက်လိုက်တာကွာ။ ကိုယ် ဘယ်လိုနေပြမှ မင်းကို ချစ်တယ်ဆိုတာ မင်း ယုံမှာလဲ” သူမက သူ့ကို စိတ်တိုဟန်ဖြင့် တစ်ချက် မော့ကြည့်သည်။ ပြီးတော့မှ နှုတ်ခမ်းတွေက မထီတရီပြုံးသွားကာ “ကြည့်ရတာ ခုလောလောဆယ် ရှင့်မှာ ရည်းစားတစ်ယောက်လောက်တောင် မရှိဘဲ ပြတ်လပ်နေတယ် ထင်တယ်။ အိုကေ...ရှင့် အတွက် ရည်းစားတစ်ယောက်ရှာပေးမယ်၊ ဟုတ်ပြီလား။ အလန်းဆုံးကို ရစေရမယ်” “ပြဿနာပဲကွာ။ လွဲကုန်ပြန်ပြီ” သူမက ပခုံးတွန့်ကာ ဘာမှ ပြန်မပြော။ ဘယ်လောက်မှ မကြာပါ။ သူ့ကို ကောင်မလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးတော့သည်။ ကောင်မလေးက လှရှာပါသည်။ သူ့ကိုလည်း အရေးတယူရှိလှသည်။ ခင်သွားသောအခါ ဖုန်း တွေ ဘာတွေလည်း ဆက်သည်။ ဒါပေမဲ့ ရည်းစားထားရတာတွေကို စိတ်ကုန်နေပြီဖြစ် သော သူက ကောင်မလေးကို အရိုးရှင်းဆုံးသာ ပြောပစ်လိုက်တော့သည်။ “ကိုယ်က အရင်တုန်းက ရည်းစားများ ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ ဏီဏီ့ကို တကယ်ချစ်နေတာကွ။ သူက ကိုယ့် ကို မယုံဘူးဖြစ်နေတာလေ။ အဲဒါ မင်းပါ ကူ ပြောပေးပါဦး” အဲဒီအချိန်ကစပြီး ထိုကောင်မလေး သူ့ထံ ဖုန်းမဆက်တော့။ သူနဲ့သူမ တွေ့ကြတဲ့အခါမှာ တော့ သူ့ကို ပြုံးထေ့ထေ့ဖြင့် လက်ပိုက်ကြည့် ကာ...“ရှင်က ဘယ်ဆိုးလို့လဲ။ ကိုယ့်ခြံထဲမှာ ထင်းမခွေဘူးဆိုတဲ့ အထာနဲ့ပေါ့လေ။ ဒါမှ မဟုတ် နောက်တစ်ယောက်ဆိုရင်ရော...”“တော်စမ်းပါကွာ..မလုပ်ပါနဲ့တော့ ဏီဏီရာ။ မင်း ကိုယ့်ကို ဘာဖြစ်လို့ နားမလည် နိုင်ရတာလဲ”“ဘာလို့ နားလည်ပေးရမှာလဲ။ ရှင့်ကို နားလည်ပေးလိုက်ရင် ဒီကမ္ဘာမှာ ကျွန်မလောက် ညံ့တဲ့မိန်းမ ဘယ်ရှိတော့မလဲရှင့်”“ဘာဆိုင်လို့လဲ။ မင်းနဲ့ကိုယ်လောက် တစ်ယောက်နဲ့တစ်ယောက် ပါရမီဖြည့်ပေးနိုင် တာရှိဦးမလား”“ဟား...ရယ်စရာတွေ မပြောစမ်းပါနဲ့။ ရှင့်အချစ်ကို လုံးဝမယုံဘူး။ တစ်နေ့နေ့မှာလည်း ကျွန်မဟာ ရှင့်ဝတ္ထုအတွက် ကုန်ကြမ်းဖြစ်သွား ဦးမှာပဲ”သူက မပြောနိုင်သဖြင့် ဘာမှ ဆက်မပြော တော့။ သူမကို အလှကြည့်နေခွင့်နဲ့သာ ကျေနပ် နေခဲ့သည်။ သူမ စာမရေးတတ်တဲ့အချိန်မှာ ဖုန်း ပြောခြင်း၊ တစ်ခါတလေ ကော်ဖီဆိုင် တစ်ဆိုင် ဆိုင်မှာ စကားစမြည်ပြောဆိုခြင်း၊ သူမအတွက် ဇာတ်လမ်းသစ်များ ရှာဖွေပေးခြင်းနဲ့သာ ကုန်လွန်ဖြတ်သန်းခဲ့ရသော သူသည်တစ်နေ့နေ့ မှာတော့ သူမတစ်ယောက် သူ့နှလုံးသားကို နားလည်လာမည်ဟု မျှော်လင့်ခဲ့သည်။ဒါပေမဲ့ သူ မျှော်လင့်ထားခဲ့သလို ဖြစ်မလာ ခဲ့ပါ။ တစ်ရက်မှာတော့ သူမက သူ့ကို လေးနက် သောစကားတစ်ခွန်း ပြောလာခဲ့သည်။ “ကျွန်မ သိပ်မကြာခင် လက်ထပ်တော့မယ် စာရေးဆရာ”“နောက်နေတာလား”“တကယ်ပြောတာပါ။ ရှင့်ကို တမင် ပြောပြတာ။ ကျွန်မကို ရှင် အရင်လိုတွေ ထိကပါး ရိကပါး မနောက်သင့်တော့ဘူးလေ”အဲဒီတော့မှ သူက တကယ်ယုံသွားတော့ သည်။ အမြဲတမ်းအပြောကြီးခဲ့သော ကောင် မလေးတစ်ယောက် ရွေးချယ်မည့် ယောကျာ်းမှာ ဘယ်လိုယောကျာ်းမျိုး ဖြစ်မလဲဆိုတာ ကိုလည်း အထူးတလည် စိတ်ဝင်စားသွားခဲ့ပါသည်။ အချစ်အကြောင်းတွေ ရေးနေသော်လည်း သူ သိသလောက်တော့ ချစ်သူရည်း စားဟူ၍ မည်မည်ရရ မထားဖူးသော၊ အချစ်ကိုလည်း သိပ်စိတ်မဝင်စားသော၊ လက်ရှိမှာလည်း အပျိုကြီး စာရင်းမဝင်သေးသော ဒီကောင်မလေး ဟာ ဘယ်လိုလူမျိုးကိုမှ လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်သလဲ။ သူသည် အသည်းကွဲတာ တွေ၊ ဘာတွေ နောက်ထား၊ သူမ ဘာကြောင့် အိမ်ထောင် ပြုတော့မှာလဲဆိုတာ အကြီးအကျယ် သိချင်သွားသည်။ “မင်းလက်ထပ် မယ့်ယောကျာ်းက ဘယ်လိုယောကျာ်းမျိုးလဲ ဏီဏီ။ ပြီးတော့ မင်းက သူ့ကို ချစ်လို့လား” “သူက အရာရှိတစ်ယောက်ပေါ့။ ချစ် သလားဆိုတာကတော့ အိမ်ထောင်တစ်ခု ထူထောင်ရာမှာ အချစ်က အဓိကမကျပါဘူး။ သူကတော့ ကျွန်မကို ချစ်ပါတယ်။ ကျွန်မက တော့ သူ့ကို အားကိုးလေးစားတယ်”“ဒါဖြင့်ရင် မင်း သူ့ကို မချစ်ဘဲနဲ့ လက်ထပ်မှာပေါ့။ မိုက်လိုက်တာ မိန်းကလေး ရယ်”သူမက သူ့ကို အသာအယာ ပြုံးကြည့် သည်။ အဲဒီအပြုံးနဲ့ အကြည့်တွေထဲတွင် သူ့ အတွက် သမုဒယအရိပ်အငွေ့တွေ ပါဝင်နေတာ ကို တွေ့ရလျှင် သူ တော်တော်ကျောချမ်းသွား သည်။ ဘုရားရေ...သူမရော သူ့ကို နည်းနည်း လေးလောက်တောင် မချစ်နေနိုင်ဘူးတဲ့လား...။ သူ ဖွင့်မေးချင်လှသော်လည်း သူမက ဝန်ခံလိမ့် မည်မဟုတ်ပါ။“အံ့ဩစရာကြီးနော်။ အချစ်ဝတ္ထုတွေ ရေးနေတဲ့ စာရေးဆရာမ တစ်ယောက်က အချစ် ဆိုတာ ဘာမှမသိဘဲ လက်ထပ်တော့မယ်တဲ့။ ဟား...ဟား...သိပ်ရယ်ရတဲ့ ဟာသပဲကွာ”သူက နာနာကျည်းကျည်းပြောလျှင် သူမက ကျေကျေနပ်နပ်ကြီး ပြုံးကာ... “အဲဒီအကြောင်းကို ရှင်က ဝတ္ထုရေးလိုက် ပေါ့ စာရေးဆရာရယ်”အဲဒီနောက် သူတို့နှစ်ယောက်သည် တစ်ယောက်နဲ့တစ်ယောက် အတန်ကြာစိုက် ကြည့်မိကြသည်။ နောက်တော့ သူမက စတင် ပြီး ထွက်ခွာသွားခဲ့ပါသည်။ သိပ်မကြာခင်မှာပဲ သူမရဲ့ လက်ထပ်မင်္ဂလာပွဲကို ကျင်းပခဲ့သည်။ သူ မသွားခဲ့ပါ။ အဲဒီနေ့မှာ သူမအကြောင်း ဝတ္ထုတစ်ပုဒ် ရေးသားခဲ့တာဖြစ်သည်။ နားထဲ မှာလည်း သူ့ကို ဖိတ်စာလာပေးစဉ်က သူမ ပြောသွားခဲ့သော စကားတို့ကို အကြိမ်ကြိမ် အခါခါပဲ ပြန်လည်ကြား ယောင်လာမိသည်။“စာရေးဆရာမကြီး ခင်နှင်းယုရေးထားတဲ့ စာသားတစ်ခုကို ကျွန်မက သိပ်ကြိုက်တာ။ မိန်းကလေးတွေ ချစ်သူရွေးရင် လရောင်အောက်မှာ ရွေးပါ။အိမ်ထောင်ဖက်ကိုတော့ နေရောင်ထဲမှာ ရွေးပါတဲ့လေ။ ဒါကတော့ နေရောင် အောက်က အိမ်ထောင်ဖက်ပေါ့ရှင်” ဒါဆို လရောက်အောက်က ချစ်သူက ဘယ်သူလဲဟု မမေးတော့ပါ။ တချို့အကြောင်း အရာများသည် ဘာမှမပြောလည်း သိနိုင်ပါသည်။ သူကတော့ ထူးဆန်းသောဖြစ်ရပ်မှန် ဝတ္ထုတစ်ပုဒ်ကို ရေးသားဆဲပင်။

No comments:

Home