ယောကျာ်းတစ်ယောက်ရဲ့ဘဝမှာ အပျော်ရွှင်ရဆုံးနေ့ သုံးနေ့ရှိသည်ဟု သူကြားဖူးသည်။ ရှင်လိင်ပြန်သောနေ့၊ မိန်းမရသောနေ့၊ ထောင်က လွတ်သောနေ့ဟူ၍ ဖြစ်သည်။ ထိုသုံးနေ့အနက် ထောင်ကလွတ်သောနေ့သည် ကျန်သော နှစ်နေ့ထက် အဆပေါင်းများစွာ သာလွန်ပျော်ရွှင်စရာ ကောင်းသည်ကို ယနေ့ ထောင်ကလွတ်သော နေ့မှာ သူ သိခွင့်ရလေသည်။
ထောင်ပိုင်ကြီး၏ ထောင်ကို နောက်တစ်ခေါက် မရောက်ရေး ဆုံးမဩဝါဒများ နာကြား ပြီးနောက် ထောင်ဘူးဝတံခါးကို ကျော်လွန် ခြေတစ်လှမ်းချမိသည်နှင့်ပင် သူ အစဉ်ရှူရှိုက် လိုနေသော ပြင်ပလွတ်လပ်လေများကို သူ အားပါးတရ ရှူရှိုက်ခွင့်ရရှိခဲ့လေသည်။ သူ၏ ခံစားမှုတို့က ဘယ်စာဖွဲ့လို့ မမီ၊ ဘယ်ပန်းချီရေးလို့ မမီနိုင်အောင်ပင် လှပခမ်းနားလွန်းနေပေ သည်။ ထောင်က ထွက်ထွက်ချင်း သူ ပထမဦးဆုံး တွေ့မြင်ချင်သည့်လူသားနှစ်ဦးရှိသည်။
ထိုလူသားနှစ်ဦးကတော့ သူ၏ ချစ်မငြီးသည့် ချစ်ဇနီး မခင်ရီနှင့် သူ ထောင်ထဲဝင်ခါစမှာ အခါလည်ကျော်ကျော်အရွယ် ကျန်ရစ်ခဲ့သည့် ချစ်သမီးလေး မြလေးရီတို့ပဲ ဖြစ်သည်။ သူ ဆယ်စုနှစ်တစ်ခုနီးပါးမျှ ကြာမြင့်စွာ နေထိုင်ခဲ့ရသော သာယာဝတီထောင်အုတ်နံရံ ကြီးများကို နောက်ဆုံးအကြိမ်အဖြစ် တစ်ချက် လှည့်ကြည့်ပြီးနောက် သာယာဝတီကားဂိတ်သို့ စိတ်စောစွာ သွားရသည်။ ကားဂိတ်ရောက်သည် နှင့် သာယာဝတီ-ရန်ကုန်ကားကို စီးပြီး တိုက်ကြီးအထိ လိုက်စီးရသည်။ တိုက်ကြီး ရောက်သည်နှင့် သူ၏ရွာသို့ နှစ်မိုင်ကျော်ကျော်ခန့် ခြေလျင်ခရီးဆက်ရသေးသည်။
ရွာသွားရာလမ်းကလေးသည် နဂိုအတိုင်း သိပ်ပြီး မပြောင်းလဲ။ ရွာနှင့်နီးလေလေ ရွာကို လွမ်းသည့်စိတ်က ပိုလေလေပဲ ဖြစ်ရသည်။ အထူးသဖြင့် ချစ်ဇနီးခင်ရီနှင့် ချစ်သမီးမြလေးရီတို့၏ မျက်နှာကို မြင်တွေ့လိုစိတ်က အတိုင်းမသိ ပိုကဲလာရသည်။ သည်အချိန်ဆို ချစ်သမီး နှင့် ချစ်ဇနီးတို့ ဘာတွေများ လုပ်နေကြပါလိမ့်။ သူ့ကိုများ ထွက်မျှော်နေကြလေမလား။ ခင်ရီ တစ်ယောက် အရင်လို ပိန်ပိန်သွယ်သွယ်လေးပဲ ရှိနေဦးမလား။ ရာဝင်အိုးလို ဝတုတ်မလေးပဲ ဖြစ်နေပြီလား။ သည်အချိန်ဆို ချစ်သမီးလေး မြလေးရီလည်း ဆယ်နှစ်လောက် ရှိရောပေါ့။ ခင်ရီ ကလေးကို ကျောင်းမှ ထားပါ့မလား။ ထားနိုင်မှာပါလေ။ သည်အချိန်ဆို သမီးလေး ငါးတန်း၊ ခြောက်တန်းလောက်တော့ ရောက်ရော ပေါ့။ သေချာတယ်။ အိမ်မရောက်ခင် သမီးလေး ရဲ့ စာအံသံကို အရင်ကြားနေရမယ်ဆိုတာ။ သူ့ကိုတွေ့ရင် ဇနီးနဲ့ သမီးတို့ ဘယ်လောက် အံ့ဩဝမ်းသာ ဖြစ်လိုက်ကြမလဲ။ မိသားစုဘဝ အတွက် လစ်ဟာခဲ့သမျှ သည်နေ့ကစပြီး သူ ရှေ့က မားမားမတ်မတ်ဦးဆောင်တာဝန်ယူမည့် အကြောင်း၊ ဇနီးနှင့် သမီးကို ရဲရဲကြီး ကတိပေး ပြီး ဘဝကို အသစ်တစ်ဖန်ပြန်စရန် သူ ကြိုးစား ရဦးမည်။ သူ့အတွေးနှင့် သူ ကျေနပ်ပျော်ရွှင်လာလျက် တစ်ဦးတည်း လျှောက်လှမ်းလာရင်း မျက်နှာပေါ်မှ အပြုံးက ဖုံးမနိုင် ဖိမရ ဖြစ်လာသည်။ စိတ်က ဆောင်နေသဖြင့် ခြေလှမ်းတို့က သွက်လက်ပေါ့ပါးနေသည်။
သူ
အပြုံးလက်စကို
မသတ်ဘဲ
ခေါင်းငုံ့လျှောက်လာရာမှ
ခေါင်းမော့
ကြည့်လိုက်သည့်အခါမှာတော့
သူ ခင်တွယ်ရသော
သူ့အိမ်ကလေးကို
လှမ်းမြင်လိုက်ရသည်။
သူ အပြုံးလက်စကို မသတ်ဘဲ ခေါင်းငုံ့ လျှောက်လာရာမှ ခေါင်းမော့ကြည့်လိုက်သည့် အခါမှာတော့ သူ ခင်တွယ်ရသော သူ့အိမ်ကလေးကို လှမ်းမြင်လိုက်ရသည်။ အမျိုးအမည် ဖော်မပြ တတ်အောင် ခံစားမိလျက် ကြည်နူးသလိုလို ရှိလာရသည်။ အိမ်ရှေ့ ကွပ်ပျစ်ပေါ်တွင် ခေါင်းငုံ့ပြီး ဆန်ပြာနေသော ခင်ရီကိုတွေ့လိုက် ရသည့်အခါမှာတော့ ရင်ထိတ်ခနဲ ခုန်သွားရ လေသည်။ ခင်ရီ့အလှကို စတင်ခံစားရင်ခုန်မိသော အပျို၊ လူပျိုဘဝကိုပင် ပြန်လည်သတိရ မိချေသေးတော့သည်။
သူ လှမ်းနေသောခြေကို တုံ့ခနဲ ရပ်မိပြီး ခင်ရီနှင့်တကွ အိမ်ကလေးကို တစ်ချက် အကဲ ခတ်ရင်း သူ့မျက်လုံးက သမီးလေး မြလေးရီကို ရှာဖွေမိပြန်သည်။ သမီးလေး သူ့ကိုတွေ့ရင် အဖေမှန်း ဘယ်သိပါ့မလဲ။ ‘အမေရေ... ဧည့်သည်လာတယ်တော့’လို့ပဲ သူ့အမေကို အော် ပြောပြီး ကစားစရာရှိတာ ဆက်ကစားမှာလား၊ အဖေကို ဘယ်လိုဧည့်သည်မျိုးပါလိမ့်ဟူ၍ စူးစမ်းကြည့် ကြည့်မလား၊ ပြီးမှ အဖေမှန်းသိပြီး ရင်ခွင်ထဲ ပြေးဝင်ဖက်တွယ်ကာ ‘အဖေ သမီးတို့ကို ဘာကြောင့် အကြာကြီး ပစ်ထားရတာလဲ’ဆိုပြီး မျက်ရည်စမ်းစမ်းနှင့် ချွဲနွဲ့လေ မလား။ သူ ကြိုတင်မြင်ယောင် ခံစားရင်း မျက်နှာပေါ်မှာ အပြုံးပန်းတို့က ပွင့်ဝေပြီးရင်း ပွင့်ဝေဆာလာရပြန်သည်။ သူအတွေးကို ခေတ္တ ဘရိတ်အုပ်လိုက်ပြီး ခြေဖော့နင်းကာ ခင်ရီအနီးသို့ အသာလျှောက်သွားလိုက်သည်။ အနားရောက်သည်နှင့် ပြုံးတုံ့တုံ့လုပ်ရင်း...
“အဟမ်း”
ဟု ချောင်းဟန့်သံ ပေးလိုက်၏။ ခင်ရီလည်း ချောင်းဟန့်သံကြောင့် မော့ကြည့်ရာ သူ့ကို တွေ့လိုက်ရသဖြင့် အံ့ဩဝမ်းသာသွားဟန် မျက်နှာမှာ အထင်းသားပေါ်လွင်သွားသည်။ သို့သော် ချက်ချင်းဆိုသလို စိုးရိမ်ထိတ်လန့်ဟန် ဖြင့် မျက်စိမျက်နှာပျက်သွားပြီး ဘာပြောလို့ ပြောရမှန်းမသိသလို သူ့အား ကြည့်ပြီးနောက် အကြည့်လွှဲလိုက်ကာ...
“ဟင်... ရှင်... ရှင် လွတ်လာပြီလား”
ဟု အသံတုန်တုန်ရင်ရင်ဖြင့် ဆို၏။ နှစ်ပေါင်းများစွာ ခွဲခွာနေရာမှ ပြန်တွေ့ရသော လင်ယောကျာ်းအား ခင်ရီ၏နားလည်ရခက်သော ကြိုဆိုမှုတွေက သူ ဘာပြန်ပြောရမှန်းသိ ဖြစ်သွားစေသည်။ အပ်ကျသံကြားရလောက် အောင်ပင် ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ် သွားသလို ထင်ရသည်။ အတန်ငယ်ကြာမှ...
“နားဦး... ရှင်သောက်ဖို့ ကျွန်မ ရေသွား ခပ်ပေးမယ်”
ဟူ၍ ဆန်ဗန်းကို ကွပ်ပျစ်ပေါ်ချပြီး ရေသွားခပ်ရန် နေရာမှထလိုက်သော ခင်ရီ့ခန္ဓာ ကိုယ်ကို တွေ့လိုက်ရသည့်အခါမှာတော့ သူ ‘ဟာ’ခနဲဖြစ်သွားရသည်။ ခင်ရီ့ဝမ်းမှာ သူ့သွေး မဟုတ်သော ရင်သွေးကို လွယ်ထားပါပေါ့လား။ သူ အရုပ်ကြိုးပြတ်ကျသွားသလို ကွပ်ပျစ်ပေါ် ပစ်ထိုင်ချလိုက်မိသည်။ မျက်လုံးက ဖောင်းကားနေသော ခင်ရီ့ဝမ်းဗိုက်မှလွဲ၍ အခြား ဘာကိုမျှ မမြင်။ ခင်ရီ သောက်ရေခွက် ကိုင်လာပြီး အနား ပြန်ရောက်လာသည်။
“ရော့... သောက်လိုက်ဦး”
ခင်ရီကမ်းပေးသော ရေခွက်ကို ယူမှန်းမသိ လှမ်းယူမိပြီး တစ်ကျိုက်တည်းနှင့် ကုန်အောင် မော့သောက်လိုက်သည် ထင်သည်။ အိုက်လှောင် နေသော စိတ်ကို ပေါ့ပါးအောင် ကြိုးစားရင်း အိမ်ထဲသို့ လှမ်းကဲကြည့်ကာ...
“ဒါနဲ့... သမီး... သမီးလေးရော”
“သမီး သူ့အဖေနဲ့အတူ ရွာထဲ ခဏ သွားတယ်”
“သူ့အဖေနဲ့အတူ...”
သူ့အဖေနဲ့အတူဟုဆိုသော ခင်ရီ့စကားကြောင့် ကြောင်အမ်းအမ်းဖြစ်သွားလျက် သံယောင်လိုက်မိသည်။ ခင်ရီလည်း ထိုအခါမှ သူ့စကားမှားသွားမှန်းရိပ်မိလျက် မျက်နှာ တစ်ချက် ပျက်သွားရသည်။ ထို့နောက် ပြောမှဖြစ်မည့်အရေးအတွက် ကြိုးစားမာန်တင်းရင်း
“ကိုအောင်ဌေး... ဟိုလေ... ကျွန်မ ကိုသာမောင်နဲ့ တစ်အိုးတစ်အိမ်ထူထောင်ခဲ့တာ သုံးနှစ်လောက်ရှိပြီ... ရှင်ကလည်း ထောင်ထဲ ရောက်နေတာ နှစ်မနည်းတော့ဘူးဆိုတော့... ဟင့်”
ဟူ၍ နောက်အိမ်ထောင်ပြုလိုက်ပြီဖြစ်ကြောင်း အသိပေးစကားဆို၏။ သို့သော် စကားကို ဆုံးအောင် မပြောနိုင်ဘဲ အသံတွေ တုန်ယင်လာလျက် ငိုက်ရှိုက်ချင်လာသဖြင့် စကားဖြတ်ကာ မျက်နှာကို တစ်ဖက်သို့ လွှဲ၏။ သူ ယောကျာ်းတန်မဲ့ ရှိုက်ကြီးတငင် ငိုပစ်လိုက်ချင်သည်။ သို့ပေမဲ့ သူ မငိုနိုင်ခဲ့။ ခေါင်းသာ တဆတ်ဆတ် ညိတ်နေခဲ့သည်။ အခြေအနေကို နားလည်ပါသည်ဆိုသည့် သဘောပဲလား၊ ယူကျုံး မရဖြစ်နေပါသည်ဆိုသည့် သဘောလားဆိုတာကို သူ ကိုယ်တိုင်ပင် မသိနိုင်ခဲ့။ သူအသိမဲ့စွာ ခြံထဲ ရှိ စားပင်သီးပင်များကို ဝေ့ဝဲကြည့်နေမိသည်။
“ရှင် အိမ်ပေါ်တက် နားချင်နားလေ။ ဒီမှာ ကျွန်မ ရှင်စားဖို့ ချက်လိုက်ပြုတ်လိုက်ဦးမယ”
သူ့အား လှည့်မကြည့်ဘဲ ပြောလိုက်သော ခင်ရီ့စကားကို သူ အင်း လိုက်ကာ လိုအပ်သည် ထက် ခေါင်းပိုညိတ်ပြပြီး အိမ်ပေါ်သို့တက် လိုက်မိသည်။ ကိုယ့်အိမ်ကိုယ်ပြန်ရောက်သည့် တိုင် ဧည့်သည်တစ်ယောက်လို ဘယ်မှာ ထိုင်ရ မှန်းမသိဘဲ ထိုင်စရာနေရာကို ခက်ခက်ခဲခဲ ရှာနေမိပြန်သည်။ ပြီးမှ အသင့်တွေ့ရသော ပက်လက် ကုလားထိုင်တစ်လုံးတွင် စိတ်ပျက်လက်ပျက် ဝင်ထိုင်နေလိုက်သည်။ သူ တောင်စဉ်ရေမရ အတွေးများနှင့် လုံးလည်ချာလည်လိုက်နေသလို ခင်ရီသည် လည်း အလုပ်များချင်ယောင်ဆောင်နေလျက် သူနှင့် မျက်နှာချင်းမဆိုင်မိအောင် ကြိုးစားရင်း တဟင့်ဟင့်ကျိတ်ငိုနေသည်မှန်း သူသိနေသည်။ အရာရာသည် သူ မျှော်လင့်တကြီး စိတ်ကူး ရင်ခုန်ထားသည်နှင့် အလွဲကြီး လွဲနေချေတော့သည်။ ထောင်ထဲမှာနေစဉ်တစ်လျှောက်လုံး ခါးသီးသောနေ့ရက်များကို မျှော်လင့်ချက် အနာဂတ်လေးတစ်ခု အားကိုးဖြင့် ဖြတ်သန်းနေထိုင် လာခဲ့သမျှ ထောင်ကလွတ်သောနေ့ ရောက်ခါမှ သူ့မှာ မျှော်လင့်ချက်အနာဂတ်တို့ ရုတ်တရက် ပျောက်ဆုံးခဲ့ရသည်။
သူ ပက်လက်ကုလားထိုင်မှာ ဟိုတွေး ဒီတွေးနဲ့ ထိုင်နေတာ ဘယ်လောက်ကြာလို့ ကြာမှန်းမသိခင်မှာပင်...
“ဟိတ်... မောင်အောင်ဌေး ထောင်က လွတ်လာပြီကြားလို့ လာနှုတ်ဆက်တာကွယ့်”
ဆိုသော အသံကြားသဖြင့် မော့ကြည့်ရာ ဦးသာအောင်ကို တွေ့ရသည်။
ဦးသာအောင်ကား သာမောင်၏ဖခင်၊ ခင်ရီ့လက်ရှိယောက္ခမ ဖြစ်သည်။
“ဪ... ဦးကြီး”
“အေးကွာ... မင်းကို ခုလို ကျန်းကျန်းမာမာ ပြန်တွေ့ရတာ ဝမ်းသာတယ်ကွာ”
“ဟုတ်ကဲ့”
“အိမ်း... ရောက်ရောက်ချင်း ဆောက်နဲ့ ထွင်းတယ်လို့တော့ မထင်စေချင်ဘူးကွာ... မောင်အောင်ဌေးက မဟုတ်မခံ၊ စိတ်က ခပ်ထက်ထက်ရယ် မဟုတ်လား... အဲဒီစိတ် ကြောင့်ပဲ ထောင်ထဲ ရောက်ခဲ့ရတာကလား”
ဦးသာအောင်ဘာကို ဆက်ပြောမည်မှန်း သူ ကြိုတင်သိရှိရိပ်မိနေသော်လည်း အထွေအထူး ပြန်မပြောဘဲ နားသာဆက်စွင့်နေလိုက်သည်။
“အိမ်း..မောင်အောင်ဌေး ထောင်ထဲရောက် နေတာကလည်း နှစ်ရှည်လများရယ်ဆိုတော့ ခင်ရီတို့သားအမိမှာလည်း အားကိုးအားထား မရှိဘဲ အစစအရာရာဒုက္ခများသားလားကွယ်”
သူ မရှိသည့်အချိန်မှာ ခင်ရီ ဘယ်လောက်တောင် ဒုက္ခရောက်နေမည်ဆိုတာ သူ ထောင်ထဲမှာ နေ့စဉ်တွေးပူမိနေသည်ကတော့ အမှန်ပင် ဖြစ်သည်။
“ဒီတော့ကာ သူ့ခမျာလည်း သူ့အပေါ် နားလည်ပြီး ဂရုစိုက်ရှာတဲ့ ကျုပ်သား မောင်သာမောင်နဲ့ တစ်အိုးတစ်အိမ် ထူထောင် လိုက်ရတာပဲ... ဒီတော့ကာ ကျုပ် မေတ္တာရပ်ခံ ချင်တာကတော့ ဖြစ်ပြီးတဲ့ကိစ္စတွေလည်း ဖြစ်ပြီးသွားပြီ။ စိတ်လိုက်မာန်ပါ မဆုံးဖြတ်ဘဲ အခြေအနေကို ခွင့်လွှတ်လက်ခံနိုင်အောင် စိတ်ထားတတ်ဖို့ပါပဲ”
ဦးသာအောင်၏ စကားကို သူခေါင်းညိတ် ပြမိလား၊ မပြမိလား သတိမထားမိ။ ဦးသာ အောင် ဆက်ပြောနေသောစကားတွေကိုလည်း သူ မကြားတော့ဘဲ ငေါင်းစင်းစင်းကြီး ဖြစ်နေရသည်။ သို့သော်...
သူ့မှာ
ပိုင်ဆိုင်တာ
ဘာမျှမရှိတော့ပြီဆိုတာ
သူ သည်ကနေ့
ထောင်ကလွတ်သောနေ့မှာပင်
အသေအချာ
သိခွင့်ရလိုက်လေသည်။
“ဟော... ဟိုမှာ ပြောနေဆိုနေရင်းနဲ့ သာမောင်နဲ့ မင့်သမီးလေး မြလေးရီတို့လာနေကြ ပြီ”
ဆိုသော ဦးသာအောင်၏စကားသံအကြားမှာတော့ သူ ဆတ်ခနဲ ခေါင်းထောင်လာလျက် အိမ်ရှေ့သို့ အလျင်စလို လှမ်းကြည့်မိသည်။ ဆယ်နှစ်အရွယ်သမီးငယ်နှင့်အတူ သမီးငယ်ကို လက်ဆွဲလာသော သာမောင်ကိုပါ တွေ့လိုက် ရသည်။ သမီးလေးကို တွေ့လိုက်ရသဖြင့်’ဪ်... သမီးတောင် ဒီအရွယ်ရောက်ပါပေါ့ လား’ဆိုသောအတွေးဖြင့် ဝမ်းသာအယ်လဲ တွေးမိရင်း ပြေးကြိုပွေ့ဖက်ရန် နေရာမှ ထမလို ပြင်လိုက်သေးသည်။ ပြီးမှ ‘သမီးလေး ငါ့ကိုမှ မမှတ်မိဘဲ.. နောက်ပြီး သမီးက ငါ့ကို အဖေ မမှတ်ဘဲ သာမောင့်ကိုပဲ အဖေမှတ်နေလေတော့’ ဆိုသော အတွေးဖြင့် နေရာမှာ ထိုင်မြဲထိုင်နေ လိုက်သည်။
သူ စိတ်ထိခိုက်ကြေကွဲစွာ ရင်ဗလောင် ဆူလျက် သမီးလေးကို တွေတွေကြီး ကြည့်နေ ဆဲမှာပင် သမီးလေးက သူ့အနီးသို့ရောက်လာသည်။ သူ သမီးလေးကို ပြုံးပြမိသည် ထင် သည်။ သာမောင်က သမီးလေးကို ဆွဲထားသော လက်ကို ဖြုတ်ရင်း...
“ကိုအောင်ဌေး... ခင်ဗျား ထောင်က လွတ်လာပြီကြားလို့ ကြားကြားချင်း ကျွန်တော် လည်း လာခဲ့တာပဲ”
“ဪ်... အေး”
သာမောင့်စကားသံကြားမှ သူလည်း ဝေ့သီချင်လာသော မျက်ရည်စများကို မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဖယ်ရှားပြီး သူ့ကိုယ် သူ ပြန်ဆင်ခြင်လျက် အလိုက်တသင့်ပြန်ဆိုရသည်။
“ကိုအောင်ဌေး... ကျုပ်နဲ့ ခင်ရီကို ခွင့်လွှတ်ဗျာ... ခင်ဗျားကလည်း ဘယ်နေ့ပြန် ရောက်မယ်မှန်းမသိ... ကျုပ်ကလည်း ခင်ရီ တစ်ယောက်တည်း မိန်းမသားတန်မဲ့ သောက တွေ၊ ဒုက္ခတွေများနေရတာ မကြည့်ရက်ဆိုတော့…”
“ဪ်... အေး... အေး... ကျေး... ကျေးဇူပါပဲ”
“အဟင့်”
သည်လို တုံ့ပြန်ပြောဆိုလိုက်မိသည့် အတွက် သူ့ကိုယ်သူပင် အံ့ဩသွားရသည်။ ကျိတ်ငိုနေသည့်ကြားမှ မထိန်းနိုင်ဘဲ အန်ထွက် ခင်ရီ့ငိုသံတစ်ချက်ကို သူ ပီပီသသကြားလိုက်ရတယ်။ ရင်ထဲ နာကျင်သွားရသည်။ သူ ထိုနာကျင်မှုကို သမီလေး မြလေးရီအား ပွေ့ဖက်နမ်းရှိုက်ရင်း ဖြေသိမ့်လိုက်မည်ဟု ကြံဆဲမှာပင် သူ့အား လက်ညှိုးညွှန်ပြရင်း သာမောင့်အား မေးလိုက်သော သမီး၏စကားကြောင့်ရင်မှာ နာကျင်မှုက အတိုင်းအဆမဲ့ ကြီးမားသွားရပြန်သည်။
“ဖေဖေ… သူက ခုနက အဖေပြောပြတဲ့ လေးရီးရဲ့ အဖေဆိုတာလား”
“ဟုတ်တယ်လေ လေးရီးရဲ့… အဖေလို့ ခေါ်လိုက်လေ”
“ဟင့်အင်း… သူ့ကို အဖေလို့ မခေါ်ချင်ပါဘူး။ အဖေ့ကိုပဲ အဖေခေါ်မယ်နော်… နော် အဖေ”
တစ်လောကလုံး မှောင်မိုက်သွားသလို ခံစားသွားရသည်။ သူသည်နေရာတွင်ပင် ထိုင်လျက်က ချက်ချင်း အသက်ထွက်သွားရင် ပိုပြီး ကောင်းပေလိမ့်ဦးမည်။ သမီးလေးက ကလေးပီပီ ခံစားမိသလို ပြောလိုက်သည်ကိုပဲ ကြားက သာမောင်က မျက်နှာပူအားနာသွားဟန်တူသည်။
‘ဪ်... ဟိုလေ... ကလေးက နည်းနည်းစိမ်းနေသေးလို့ပါ”
“ဪ်...အေး”
သူ နားလည်စွာ ခေါင်းညိတ်ပြရင်း သမီးလေးကို ဆွဲယူပွေ့ဖက်မည်ပြုစဉ် သမီးလေးက သူ ပွေ့ဖက်မှာကို မလိုလားဟန်ဖြင့် အိမ်အောက် ပြေးဆင်းသွားပြီး သူငယ်ချင်းများနှင့် သွားကစားလေသည်။ သူ့မှာ ပိုင်ဆိုင်တာ ဘာမျှမရှိတော့ပြီဆိုတာ သူ သည်ကနေ့ ထောင်ကလွတ်သောနေ့မှာပင် အသေအချာ သိခွင့်ရလိုက်လေသည်။ ပြဿနာအထွေအထူး မရှိနိုင်တော့ပြီကို စိတ်ချသွားဟန်ဖြင့် ဦးသာအောင် နှုတ်ဆက် ထပြန်သွားသည်ကို သူ ပြန်နှုတ်ဆက်မိလား၊ မနှုတ်ဆက်မိလား မသိ။ သာမောင်သည်လည်း ပြောစရာစကားကုန်သွားဟန်ဖြင့် ရှေ့မှ ထွက်ခွာသွား၏။
သူဘာမှဆက်မတွေးချင်တော့လောက်အောင် လောကကြီးက အဓိပ္ပာယ်မဲ့သွားရချေပြီ။ သူ ဘာလုပ်ရမှန်းမသိဘဲ နေရာမှ အသိမဲ့ ထရပ်မိစဉ်မှာပင် သာမောင် ပြန်ရောက်လာပြီး... “ကိုအောင်ဌေး... ကျုပ်ရေထည့်ထားပြီးပြီ... ရေချိုးချေဦး။ ဒီမှာ ရေချိုးပြီးရင်လဲဖို့ အင်္ကျီနဲ့ ပုဆိုး”
“ဪ်... အေး”
သူ သာမောင် ပြောဆိုသည့်အတိုင်း နားထောင်ခေါင်းညိတ်ပြီး ရေမိုးချိုး အဝတ်အစား လဲရသည်။ ပြီး...
“ကိုအောင်ဌေး... ဒီမှာ ထမင်းပွဲပြင်ပြီးပြီ ထမင်းစားရအောင်”
“ဪ... အေး”
သူ့အတွက် သာမောင် ညွှန်ပြသောနေရာတွင် ဝင်ထိုင်ရင်း ထမင်းစားဖို့ ပြင်ရသည်။ ထမင်းဝိုင်းမှာ သူ၊ ခင်ရီ၊ သမီးလေး မြလေးရီ နှင့် သာမောင်တို့လေးယောက်အတူ စားနေကြ သော်လည်း ထမင်းဝိုင်းမှ စကားတစ်ခွန်းမျှ ထွက်မလာဘဲ တိတ်ဆိတ်ခြောက်ကပ်နေသည်။ သူ့ထမင်းပန်းကန်ထဲ ဟင်းထည့်ပေးတာ၊ ထမင်းထပ်ဖြည့်ပေးတာကတော့ ယခင်လို ခင်ရီ မဟုတ်ဘဲ သာမောင်ကသာ အိမ်လာလည်သော ဧည့်သည်တစ်ယောက်အပေါ် ဧည့်ဝတ်ကျေ သလိုမျိုး ဂရုတစိုက် ဆောင်ရွက်ပေးနေ၏။
“ကိုအောင်ဌေး... ဒီဟင်းလေး ထပ်ယူပါဦး”
“ဪ်... အေး.. ကျေးဇူးပါပဲ”
“ကိုအောင်ဌေး... ထမင်းထပ်ထည့်လိုက် မယ်နော်။ ဝအောင်စား သိလား”
“ဪ်... အေး... ကျေးဇူးပါပဲ”
သူ ခေါင်းမဖော်တမ်း ‘ဪ... အေး’ လိုက်ရင်းသာ ပန်းကန်ထဲရောက်လာသမျှ အကုန်စားနေမိသည်။ သို့သော် အရသာက ဘယ်နေမှန်းမသိ။ ခင်ရီကလည်း ခေါင်းမဖော် တမ်း ထမင်းစားနေသလို သမီးလေး မြလေးရီကလည်း လူကြီးတွေ မျက်နှာကို ကြည့်လိုက်၊ သူ့ကို အကဲခတ်သလို ကြည့်လိုက်ဖြင့် ထမင်းကို စိတ်မပါဘဲ စားနေဟန်ရှိသည်။ ထမင်း စားသောက်ပြီးသည်နှင့် ခင်ရီက သာမောင့်ထံသို့ ရေနွေးကြမ်းအိုးနှင့် လက်ဖက်ပန်းကန် ကမ်းပေးပြီး သူ့အားပေးလိုက်ပါဆိုသော သဘောဖြင့် မေးထိုးပြ၏။ သာမောင်လည်း ခေါင်းညိတ်ပြပြီး...
“ကိုအောင်ဌေး... ဒီမှာ လက်ဖက်လေးစားပါဦး... ရေနွေးကြမ်းလည်း သောက်”
သမီးလေးနှင့်
သူ့ကြားမှာ
ခြားထားသည့်နံရံက
မျှော်လင့်ထားသည်ထက်
ထူနေပါပေါ့လား။
ဟုတ်သည်။ သူသည်
သည်အိမ်ကလေးနှင့်
မဆိုင်တော့…
“ဪ်... အေး... ကျေးဇူးပါပဲ”
သူ တစ်ထိုင်တည်းမှာပင် လက်ဖက် တစ်ပန်းကန်လုံးနှင့် ရေနွေးကြမ်းတစ်အိုးလုံးကို ကုန်စင်အောင် စားလိုက်သောက်လိုက်မိသည်ကို ကိုယ်တိုင် သတိထားမိဘဲ ရှိလေ၏။ သည်လိုနှင့် အချိန်တွေက ကုန်လို့ ကုန်မှန်း မသိဘဲ ခြောက်ကပ်စွာ ရွေ့လျားပြီး ညအိပ်ချိန်သို့ပင် တိုင်လာလေပြီ။ ညနေစာ စားပြီးချိန် ကတည်းက အိပ်ချိန်ရောက်လုသည့်တိုင် သူ့အနားသို့ ဘယ်သူမှ ထပ်မရောက်လာခဲ့။ သူ ဘာလုပ်ရကောင်းမလဲ။ ဘယ်သွားရကောင်းမလဲ စဉ်းစားနေဆဲမှာပင် တစ်ဖက်အိပ်ခန်းထဲမှ သမီးလေး မြလေးရီအသံက လွင့်ပျံလာ၏။
“အဖေ့... အမေ့... အဲဒီ အဖေဆိုတဲ့ ဧည့်သည်ကြီးက ဘယ်တော့ပြန်မှာလဲ... သူ ရောက်လာမှ လေးရီတို့အိမ်က ပျင်းစရာကြီး... အရင်လို ပျော်စရာလည်း မကောင်းဘူး”
“အို”
အိုးထိန်းစက်လို သွက်သွက်လည်နေသော ကမ္ဘာမြေကြီးတစ်နေရာပေါ် သူ ခြေစုံရပ်နေမိသလို တုန်လှုပ်ချောက်ချားသွားရသည်။ သမီးလေးနှင့် သူ့ကြားမှာ ခြားထားသည့်နံရံက မျှော်လင့်ထားသည်ထက် ထူနေပါပေါ့လား။ ဟုတ်သည်၊ သူသည် သည်အိမ်ကလေးနှင့် မဆိုင်တော့၊ သည်အိမ်ကလေး၏ အပြင်လူ သက်သက်သာ ဖြစ်နေပြီမှန်း သူကောင်းစွာ သဘောပေါက်လိုက်သည်။ သည်အိမ်မှာ သူ့အတွက် တကယ့်ကိုပဲ နေရာမရှိတော့ပြီ။ ထို့ကြောင့် ချောင်းဟန့်သံတစ်ချက်ပေးပြီး။
“သာမောင်ရေ... ခဏ”
“ဗျာ... ကိုအောင်ဌေး... ကျွန်တော်လာပြီ... ဘာလုပ်ချင်လို့လဲ ပြော”
“ဘာမှမဟုတ်ပါဘူးကွာ.. ငါ ရန်ကုန် သွားတော့မယ်ဆိုတဲ့အကြောင်းပြောပြီး မင်းတို့ မိသားစုကို နှုတ်ဆက်မလို့ပါ”
သူ့စကားကြောင့် သာမောင် အံ့ဩသွား ဟန်တူ၏။ တစ်ဖက်မှာလည်း စိတ်သက်သာ ရာ ရသွားသည်ကို မျက်နှာမှာ အထင်းသား မြင်တွေ့ရ၏။ သူ သွားတော့မည်ဆိုသော အသံကြောင့် သမီးလေး ‘ဟေး’ခနဲ ထပျော်သံ ကိုလည်း သူ ကြားလိုက်ရသေးသည်။ ခင်ရီက အားနာဟန်ဖြင့် သမီးလေးပါးစပ်ကို လှမ်းအုပ် လိုက်ဟန်တူသည်။ သာမောင် ဘာပြောရမှန်း မသိ ဖြစ်နေစဉ် ခင်ရီရှေ့ထွက်လာပြီး...
“သွားမယ်ဆိုလည်း မနက်မှ သွားပါလား ကိုအောင်ဌေးရယ်... ခု မိုးလည်း ချုပ်နေပြီ.. ဒီညတော့ ဒီမှာပဲ အိပ်လိုက်ပေါ့”
ဟု ပထမဆုံးနှင့် နောက်ဆုံး အရှည်လျားဆုံးသော စကားလာပြောသလို...
”ဟုတ်ပါတယ် ကိုအောင်ဌေးရာ... ဒီတစ်ညတော့ ဒီမှာပဲ အိပ်လိုက်ပါ။ မနက်ဖြန် ကျရင် ကားဂိတ်ကို ကျွန်တော် ဆိုင်ကယ်နဲ့ လိုက်ပို့ပေးပါ့မယ်”
ဟု ပြောလည်းပြော၊ ဧည့်ခန်းရှိ ဘုရားစင်ရှေ့တွင် သူ အိပ်စက်တည်းခိုရန် အိပ်ရာပြင်ဆင် ပေးလေသည်။ သာမောင်နှင့်အတူ ခြင်ထောင် ဝိုင်းကူထောင်ပေးနေသော သမီးလေး မြလေးရီကိုကြည့်ရင်း သည်တစ်ည သမီးလေး မြလေးရီကို ရင်ခွင်မှာထားပြီး အတူအိပ်စက်ရရင် ကောင်းမှာပဲဟု သူတွေးမိသည်။ ဖခင် တစ်ယောက်အနေနှင့် သည်အခွင့်အရေးလေး တစ်ခုတော့ နောက်ဆုံးအနေနှင့်ရသင့်သည်ဟု သူထင်သည်။
ထို့ကြောင့်...
“သာမောင်နဲ့ ခင်ရီ... ငါ တစ်ခုလောက်တော့ တောင်းဆိုချင်တယ်ကွ”
“ဟုတ်ကဲ့ ပြောပါ ကိုအောင်ဌေး”
“ဒီည ငါ့ကို ငါ့သမီးလေးနဲ့အတူ ပေးအိပ်ပါလား”
“ဪ်... ဘာများလဲလို့... ဟုတ်တာပေါ့။ ကျွန်တော်တို့ နားလည်ပါတယ်။ သမီးလေးရီ .... ဒီည သမီးအဖေနဲ့အတူတူ အိပ်နော် ကြားလား”
သူ့တောင်းဆိုမှုကို သမီးလေးက အလိုမကျဟန်ဖြင့် သာမောင်နှင့်ခင်ရီကို လှမ်း ကြည့်၏။ သာမောင်နှင့် ခင်ရီက တစ်ဖက်က နှစ်သိမ့်ဖျောင်းဖျသလို တစ်ဖက်ကလည်း အမိန့်ပေးဟန်ဖြင့်ဆိုလေမှ သမီးလေးလည်း ခေါင်းမညိတ်ချင်ဘဲ ညိတ်ပြရသည်။ သူ့ရင်ထဲ ကျင်ခနဲ ခံစားလိုက်ရသော်လည်း သမီးလေးကို ထွေးပွေ့အိပ်စက်ရမည့်အရေးအတွက် သူ့ရင်မှာ နေသာဖြေသာသလို ခံစားရသည်။ သို့သော် သူထင်ထားသလို သမီးလေးနှင့် အတူ အိပ်စက်ခွင့်ရသောညသည် နွေးထွေး လှိုက်လှဲမှုမရှိဘဲ အေးစက်မာကျောနေသည်။ သမီးလေးဦးခေါင်းထက်မှ ဆံယဉ်နုလေးများကို သူ ပွတ်သပ်ပေးသည်။ ပါးလေးတစ်ဖက်ကို အသာအယာနမ်းရှိုက်သည်။ သမီးလေးကတော့ ရင်းနှီးနွေးထွေးဟန်မပြဘဲ ခန္ဓာကိုယ် တောင့်တောင့်ကြီး လုပ်ထားလျက် မျက်စိစုံမှိတ်ကာ အိပ်ပျော်ဖို့ အတင်းကြိုးစားနေသည်ကို တွေ့ရသည်။ သူ စကားပြောဖို့ ကြိုးစားသော်လည်း စကားလုံးတို့က လည်ချောင်းမှာပင် တစ်ဆို့ ပျောက်ကွယ်နေသည်။ ထောင်ထဲနေစဉ် တစ်လျှောက်လုံးတောင် မကျခဲ့သည့်မျက်ရည်တွေက သည်တစ်ညမှာတော့ ထူးထူးဆန်းဆန်း ကျလာရသည်။ သူသည် သာမောင်နှင့် ခင်ရီတို့၏ အပြင်လူသာမက သမီးလေးအတွက်ပါ အပြင်လူစိမ်းတစ်ယောက်ဖြစ်နေသည်ဆိုတာ သေချာသည်ထက်ပင် သေချာသွားလေပြီ။ သူ မျက်စိစုံမှိတ်ပြီး အိပ်ပျော်ဖို့ ကြိုးစားကြည့် လိုက်သည်။ သို့သော် အိပ်မပျော်ပါ။ အိပ်ပျော် ချင်ယောင်ဆောင်နေသော သမီးလေးက မျက်လုံး အသာဖွင့်ကြည့်ပြီး သူ့ကို အကဲခတ်သလို ကြည့်သည်ကို သူသိသည်။ ပြီး သူအိပ်ပျော် နေသည်ထင်ပြီး နေရာမှ အသာထပြီး ခြင်ထောင် ကို အသာမလို့ သူ့အပါးမှ ခြေဖော့နင်းကာ ထွက်ပြေးသွားသည်ကို သူ မြင်တွေ့လိုက်ရသည်။ သူ ကိုယ့်ဘဝကိုယ် နားလည်နိုင်စွာ မျက်ရည်တွေတွေကျရင်း အသံတိတ်ငိုကြွေး နေမိပါတော့သည်။
မနက်မိုးလင်းတော့ သူ့အတွက် ကောက်ညှင်းပေါင်းနှင့် အကြော်စီစဉ်ပေးသည်ကို စား သောက်ပြီးနောက် သာမောင်က...
“ကိုအောင်ဌေး... သွားချင်တဲ့အချိန် ပြောနော်... ကျွန်တော် လိုက်ပို့ပေးမယ်”
ဟု ဧည့်နှင်စကားဆိုလေရာ သူလည်း အလိုက်တသိနှင့်...
“ဒါဆိုလည်း အခုပဲ သွားကြတာပေါ့... ကဲ... ခင်ရီ... ငါ သွားတော့မယ်။ သမီး... မြလေးရီ အဖေသွားပြီနော်”
ဟူ၍ ခင်ရီနှင့် သမီး မြလေးရီတို့ကို တစ်ပြိုင်နက်နှုတ်ဆက်ပြီး သာမောင့်ဆိုင်ကယ် ပေါ် တက်ထိုင်ရသည်။ ခင်ရီ ခေါင်းတစ်ချက် ညိတ်ပြပြီး မျက်နှာတစ်ဖက်လွှဲကာ ငိုရှိုက် သည်ကို သူ့အား လက်ပြနေသော သမီးလေး မြလေးရီက အမေ ဘာကြောင့် ငိုသည်ကို နားမလည်နိုင်သလို စူးစမ်းကြည့် ကြည့်၏။ သူ အမျိုးအမည်မဖော်ပြတတ်သော ဝေဒနာကို ခံစားရလျက် မျက်ရည်မကျအောင် ကြိုးစားအားတင်းရင်း အရာရာကို ဥပေက္ခာ ပြုလိုက် ရလေသည်။ သူ့စိတ်တွေက တခြား ရောက်နေလို့ပဲလား မသိ။ တိုက်ကြီးကားဂိတ်ကို သာမောင် မောင်းလာသောဆိုင်ကယ်ရောက်လာသည်က မြန်လွန်းအားကြီးသည်။
“ကိုအောင်ဌေး... ခဏစောင့်နော်... ကျွန်တော် လက်မှတ်သွားဝယ်လိုက်ဦးမယ်”
သာမောင် ဆိုင်ကယ်စက်သတ်ပြီး ကား ဂိတ်မှာ လက်မှတ်သွားဖြတ်၏။ ခဏအကြာ ပြန်ရောက်လာပြီး...
“လာ... ကျွန်တော် ကားပေါ် လိုက်ပို့ပေးမယ်”
ဟု ဆိုပြီး ရှေ့မှ ဦးဆောင်ထွက်ခွာသဖြင့် သူလည်း တိုက်ကြီး-ရန်ကုန်ကားပေါ်သို့ လိုက် တက်ရပြန်သည်။ သာမောင် ခုံနံပါတ်ကို လိုက်ကြည့်ပြီးနောက်...
သူ့ခန္ဓာကိုယ်ပြင်ပကို
ခွဲစိတ်ထုတ်ယူခံလိုက်ရသော
နှလုံးလားလို
တဆတ်ဆတ်
နာကျင်တုန်ခါလျက်
မျက်ရည်ကျမိမတက်
ဖြစ်သွားရသည်။
“ဪ်... ကိုအောင်ဌေး... ဒီမှာ ဒါ ခင်ဗျားနေရာပဲ”
ဟု သူထိုင်ရမည့် ခုံနေရာကို လက်ညှိုး ညွှန်ပြ၏။ သူ့ခန္ဓာကိုယ် ပြင်ပကို ခွဲစိတ် ထုတ်ယူခံလိုက်ရသော နှလုံးသားလို တဆတ်ဆတ် နာကျင်တုန်ခါလျက် မျက်ရည်ကျမိ ဆတ် နာကျင်တုန်ခါလျက် မျက်ရည်ကျမိမတတ် ဖြစ်သွားရသည်။ ဪ... ဒါ ခင်ဗျား နေရာတဲ့လား။ နာကျင်မှုနှင့် မျက်ရည်တွေကိုသာမောင်နှင့် တကွ မည်သူမျှ မမြင်တွေ့ရလေအောင် ကြိုစားဟန်လုပ်ရင်း…
“သြော်… အေး… ကျေးဇူးပဲ”ဟု ဆိုနေကျအတိုင်း တုံ့ပြန်ပြောဆိုကာသာမောင် ညွန်ပြသော ခုံနေရာတွင် ၀င်ထိုင်လိုက်၏။ သူ့နေရာတွင် သူနေသားတကျ ထိုင်မိသည်နှင့် သာမောင်က…
“ကဲ… ကိုအောင်ဌေး… ဒါဆို ကျွန်တော် သွားတော့မယ်နော်”
ဟု ခွင့်တောင်းပြီး ကားပေါ်မှ သွက်လက်ပေါ့ပါးစွာ ဆင်းသွားလေသည်။
သူ ခေါင်းသာ တဆတ်ဆတ် ညိတ်ပြရင်း သူ့နေရာတွင် ကျန်ရစ်ခဲ့လေသည်။
Home
No comments:
Post a Comment