Home

ကန်ရေပြင်ထဲကအရိပ်

စောဟန်ထွန်း အရက် မဖြတ် ရတဲ့ အဓိက တရားခံတွေ မှာ သူ့ရဲ့ ချစ်ဇနီးချောလေး ဥဩဟာ ရှေ့ဆုံးက ပါနေတယ်လို့ ပြောရင် ရတယ်။ စောဟန်ထွန်း ရဲ့ သည်းဦး ချစ်ဇနီးချောလေး ဥဩ ခမျာ ကံကြမ္မာ စေစားမှု အရ အကြား အမြင် ဗဟုသုတ နည်းပါး ရှာသူလေး တစ်ယောက် ဘ၀နှင့် ဟိုးမြစ်ဝကျွန်းပေါ်ဘက်က ပျဉ်စလူရွာကလေးမှာ သန္ဓေတည် မွေးဖွား လာရ ရှာပြီး ကျောင်းစာကို သေစာ ရှင်စာသာ တတ်မြောက်ခွင့် ရရှိသူလေး လည်း ဖြစ်ပါသည်။
စာပေ ဗဟုသုတ နည်းပါး ရတဲ့ အပြင် ဥဩလေးရဲ့ မူလ ဗီဇ စရိုက် ကတော့ နေရာ တကာမှာ သူများ တကာရဲ့ နောက်၊ ဓားမ နောက်ပိတ် ခွေး အဆင့် နဲ့ လောကဓံ လှိုင်းကယက်တွေ ကြားမှာ စီးမျော ဖြတ်သန်း လိုက်ပါရင်း အစွမ်းမဲ့ ဖြတ်သန်း ရပ်တည် နေလာ ခဲ့တဲ့သူလေး ဖြစ်ပါတယ်။ ဘယ်ကိစ္စ ဘယ်နေရာ မှာပဲ ဖြစ်ဖြစ် အဆိုးတွေ ရှိနေကြ သလို ကောင်းကွက်လေးတွေ ကိုလည်း ရှိနေ တတ်ပြန် သေးတယ်။ ဥဩလေး ရဲ့ ဘ၀က ခက်ထန် ကြမ်းတမ်း အကျည်းတန် နေပေမယ့် ဥဩလေး ရဲ့
ရုပ်လက္ခ ဏာ၊ ဥပဓိရုပ် မှာ ချစ်မွေး ပါတယ်လို့ ပြောရ လောက်အောင်ထိ ရိုးသား အေးမြတဲ့ ရုပ်ရည်လေး ကို သူလေးပိုင် ဆိုင်ထားတယ်။ အဲဒါလေးတွေ ကို ကောင်းကွက်လေး တွေလို့ မြင်ရင် ရတယ်။
ဥဩလေး ပျဉ်စလူ ရွာသိမ် ရွာငယ်လေးကို စွန့်ခွာ ရဖို့ ဖန်တီး လာခဲ့တဲ့ ကံကြမ္မာရိုင်းတွေ ကိုလည်း စိုင်ကော် လို့ ခြုံပေါ် ရောက်တယ် ဆိုတဲ့စကားနဲ့ ကိုးကားပြီး အနက် အဓိပ္ပာယ် ဖွင့်ဆိုမယ် ဆိုရင် အဲဒီ ကြမ္မာရိုင်း တွေကိုပဲ ကျေးဇူး တင်ရ ပြန်ဦးမယ် ထင်ပါရဲ့။ ဥဩလေး ဟာ သူ့မိဘနှစ်ပါး နဲ့ ပျဉ်စလူ ရွာလေးမှာ အငတ်ငတ် အပြတ်ပြတ် မပြည့် မစုံ ဆင်းဆင်း ရဲရဲ နေထိုင် နေရာက သူ့မိခင် ခမျာ ဥဩရဲ့ နောက်က ကလေး မီးဖွားရာမှာ ဆိုးဝါးတဲ့ ဘ၀ပေး အခြေအနေကြောင့် တိမ်ပါး ဆုံးရှုံးသွား ခဲ့ရတယ်။
အဖေ မုဆိုးဖိုနဲ့ လူမမည် ဘ၀လမ်းမှာ ခက်ခက် ခဲခဲ ရုန်းကန် လာခဲ့ ပြန်တော့ ဖခင်က သူများလယ် မှာ အငှားလိုက် နေရင်းနဲ့ နေထိုင် လှုပ်ရှား နေရာက ဥဩ အသက် ၁၂ နှစ် သမီး မှာ ပိုးထိလို့ ဥဩလေးကို စွန့်ခွာ သွားရ ပြန်ရော၊ ဒါတွေက ဆိုးဝါးတဲ့ ရက်စက် လွန်းတဲ့ လောကဓံ ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ပါလို့ ပြစ်တင် ရုတ်ချထိုက်တဲ့ ဥဩလေး အတွက် သောကမီးတွေ လို့ ဆိုနိုင် ပေမယ့်လည်း ဒီဒုက္ခတွေကြောင့် ဥဩလေး ရဲ့အဒေါ်က ခိုကိုးရာမဲ့ ဖြစ်နေ ရှာတဲ့ ဥဩလေး ကို ရန်ကုန်က “ကြည်နူးရိပ်” ထမင်းဆိုင် ကို ခေါ်သွား ဖြစ်ခဲ့ ရတာ။ အသက် ၁၂ အရွယ် ဆိုတော့လည်း ထမင်းဆိုင် မှာ လက်တို လက်တောင်း ခိုင်းလို့ ရတာရယ် သူ့ဘ၀လေး က သနားစရာ ဖြစ်နေတာတယ်၊ အဓိက စောစောက ဖော်ပြ ခဲ့တဲ့ ဥဩလေးမှာ ချစ်မွေးပါ ရှိတယ် ဆိုတာပေါ့။
မျက်နှာမြင် ချစ်ပါစေ၊ အသံကြား သနားပါစေ ဆိုတဲ့ ဆုတောင်းပြည့် နေတဲ့ ဥဩလေး ဟာ အခုတော့ သူ့ ဘ၀ သူကြောင်း နိုင်တဲ့ ဘ၀၊ သူ့တစ်ဝမ်း တစ်ခါး သူရှာစားနိုင်တဲ့ ဘ၀ကို အလိုလို ရောက်ရှိသွားရပြီ၊ ဒီအခွင့်အ လမ်းဟာ ဥဩအိမ်မက်တောင် မမက်ဘူးခဲ့တဲ့ အခွင့်အလမ်းမျိုးပါ။ ရွာမှာနေခဲ့တုန်းက ငပိရည် ကျဲကျဲမှာ ငရုတ်သီး အလှော်မုန့် ကိုပဲ မှန်မှန်ထည့် မစားနိုင်ရှာတဲ့ ဥဩ၊ ခုတော့ ရန်ကုန်မြို့ကြီးထဲက ထမင်းဆိုင် ကို မမျှော်လင့် ဘဲ ရောက်ရှိ ခဲ့ရပြီ။ ပျဉ်စလးရွာမှနေခဲ့ ရတဲ့ ဘ၀နဲ့ `ကြည်နူးရိပ်´ထမင်းဆိုင် မှာ နေနေရတဲ့ ဘ၀ အနေအထား ပုံသဏ္ဏာန် က (န) နဲ့ (ဏ) ကြီး ပုံသဏ္ဏာန် လို နှိုင်းယှဉ်လို့ မရလောက်အောင် အကွာကြီး ကွာသွားပြီး ဒါကြောင် ကံကြမ္မာရိုင်း ဆိုတာ စိုင် သတ္တ၀ါပဲ။ စိုင်ကော် လို့ ခြုံပေါ် ရောက်သွား ရတာ။
ဥဩမှာ ချစ်စရာ လေးစား စရာ အကျင့်က အသက် ငယ်ပေမယ့် ဘ၀ မမေ့ သလို ဟိုးပျဉ်စလူရွာ က ဒုက္ခ တွေကိုလည်း ပြန်ပြီး ညည်းညူ တာမျိုး လုံးဝ မရှိဘူး၊ သူ့အလုပ် သူ့တာဝန် ကို စရောက် ခါစ ကနေ ခုရောက်တဲ့ ကာလ အထိ တာဝန် ကျေတယ်။ ခိုတာ ကပ်တာ လုံးဝ မရှိ သလို ဆိုင်ထမင်းဟင်း ကို လစ်ရင် လစ်သလို နှိုက်စားတဲ့ အကျင့်မျိုးလည်း ကင်းတယ်။ ခြေဆော့ လက်ဆော့ လည်း လုံးဝ မရှိဘူး။
သူ့အတွက် ဝေစု လူကြီး ပေးသမျှ နဲ့ တင်းတိမ် တတ်သူလေး ဖြစ်လို့ ဆိုင်ရှင်တွေ က အချိန် ကြာလာ တာနဲ့ အမျှ ဥဩလေး အပေါ် သွေးသား အရင်းလို သတ်မှတ် လာကြတယ်။ ၀တ်ကောင်း စားလှလေးတွေ ဆင်ပေး ခဲ့ကြတယ်။ ခုဆို ဥဩလေး ဘ၀က ဥဩငှက် အဆင်းနဲ့ အတူ အမွေး အတောင် စုံလင် လာတဲ့ ဒေါင်းမျိုးလေး နဲ့ တူနေ ပါပြီ။ ဒါက (ကန်ရေပြင် ထဲက အရိပ်) မှာ အဓိက ဇာတ်ကောင် မင်းသမီး နေရာမှာ ပါတဲ့ ဥဩ ကဏ္ဍ ဘ၀ ဖြစ်စဉ် အပိုင်း နဲ့ ဥဩလေး ရဲ့ အကျင့်စရိုက်လေးတွေ။
မင်းသား နေရာမှာ ပါဝင်လာမယ့် စောဟန်ထွန်းရဲ့ ဘ၀ ဖြစ်စဉ် ကလည်း ဥဩလေး လိုပဲ နယ်က ရန်ကုန်ကို ရောက်လာ ကြရတာချင်း တူကြပေမယ့် အခြေခံ အကြောင်းတရားတွေ ကတော့ ကွဲပြား ခြားနား ကျပါ တယ်။ ဥဩက ခိုကိုးရာမယ့်မှုကို အခြေခံပြီး ရန်ကုန် ထမင်းဆိုင်ကို အဒေါ်နဲ့ လိုက်ခဲ့ ရရှာတာ။
စောဟန်ထွန်း ဆိုတာ က သူ့ဝါသနာ ကို အကောင် အထည်ဖော် ဖို့ ခုလို ရန်ကုန်ကို စွန့်စားရောက်ရှိလာခဲ့ တာ အခြေခံမတူကြဘူး။ စောဟန်ထွန်းက ပန်းတိုင်ဆီ အရောက်ပြေးမယ့် အမြန်ဆုံးရောက်ရှိစေရမယ့် အ ပြေးသမားမျိုး၊ ဥဩလေးက လေယူရာ လွင့်ပါးခဲ့ရတဲ့ ရော်ရွက်ဝါလေးတစ်ရွက်၊ ရေစီး မျောရာ မျောပါ နေတဲ့ ဗေဒါပင်လေး တစ်ပင်။ ပန်းတိုင် ဆိုတာ မရှိရှာ သေးတဲ့သူ။ ပြေးလမ်းကြောင်းပေါ်က အပြေးသမားရဲ့ ရင်ခွင်မှာ ရော်ရွက်ဝါလေးတစ်ရွက် ဖတ်ခနဲလာကပ်ပြီး အပြေးသမားနဲ့အတူတူ အပြေးသမားရဲ့ ရင်ဘတ်မှာ ကပ်ပါလာ တဲ့ အပြေးသမားနဲ့ သစ်ရွက်ကလေးတစ်ရွက်တို့အဖြစ်မျိုး၊ စောဟန်ထွန်းနဲ့ ဥဩလေးတို့ ဆုံတွေခဲ့ရာမှာ ရင်း နှီး ကျွမ်းဝင်လာတဲ့ အခါမှာ အသက်ချင်းလည်း ၉ နှစ်၊ ၁၀ နှစ် ကွာတယ်။ ဥဩလေးက ၁၂ နှစ်သမီး။
စောဟန်ထွန်း က သူ့ရွာက ညီမလေး နေရာအစားထိုးပြီး ဥဩလေး အပေါ် ညီမလေး တစ်ယောက်လို အဖြူရောင် သက်သက် နဲ့ ချစ်ပေးလို့ ဥဩလေး ကလည်း မေတ္တာငတ် နေရှာတဲ့ တစ်ကောင်ကြွက် ဘ၀မျိုးမှာ သူ့အပေါ် အလိုလိုက် ကြင်နာ တတ်တဲ့ ဦးလေး တစ်ယောက်၊ အကိုကြီး တစ်ယောက်လို ရှင်းသန့်တဲ့ အချစ်နဲ့ ချစ်ခင် တွယ်တာ ခဲ့ကြ ပါတယ်။
စောဟန်ထွန်းက ရန်ကုန်ကို စွန့်စားပြီး ထွက်လာ ခဲ့တဲ့ ဦးတည်ချက် ပန်းတိုင်ကို ဒီကနေ့ အထိ ဆုပ်ကိုင် ထားတဲ့ လူစား၊ သူ့ပန်းချီ အနုပညာ က လွဲရင် ဘာမှစိတ်မ၀င်စားခဲ့တာ ဒီနေ့ အထိပါ။ ခြွင်းချက် အနေနဲ့ ကတော့ သူစိတ်ဝင်စား တဲ့ အထဲမှာ အရက်လည်း ပါတယ်။ ရုပ်ပြ ရွှေခေတ် စီက နာမည် ဇာတ်ကောင်ကိုပိုင်ထားတဲ့ ပန်းချီဆရာတွေဆီမှာ ရှဲဒိုး(ခဲသမား၊ ဘက်ဂရောင်းသမား) တွေတောင် မှ လက်ဖျား ငွေသီး နေတာ၊ ကွယ်လွန် သွားရှာပြီ ဖြစ်တဲ့ ခဲသမား ကိုသန်းထွန်း ဆိုရင် ရုပ်ပြ လောကမှာ နာမည်ကြီး။
ရုပ်ပြ စူပါ ရုပ်ရှင် ဒါရိုက်တာ အဆိုတော် နဲ့ တေးသီချင်း ထုတ်လုပ်တဲ့ ပန်းချီ ဆရာမ ဆိုရင် ကိုသန်ထွန်း ပညာကို သိပ်တန်ဖိုး ထားတာ သူလေးလည်း မရှိတော့ ပါဘူး။ လူတော်ကလေး ရာမ။ ရုပ်ပြ ရွှေခေတ်ဆီ တုန်းက ဆိုရင် ရွှေဈေး ကလည်း ခုလိုမှ မဟုတ်သေးတာ၊ ရုပ်ရှင် ဗီဒီယိုတွေ ကလည်း ရုပ်ပြ ဇာတ်လမ်းတွေကို အလု အယက် ၀ယ်ရိုက် နေချိန်၊ ရုပ်ပြ ဇာတ်လမ်တွေ နာမည်ကြီး ကို ပိုစတာတွေ မှာ အသားပေး ဖော်ပြ နေကြ၊ တန်ဖိုးထား နေကြတဲ့ အချိန်လေ။
xxxxxxxxxxxxxxxx
စောဟန်ထွန်း ရဲ့ လည်ပင်းပေါ် က ဘတ်ကြိုးကြီး က အိကျ နေတာပဲ။ လက်ပတ် နာရီ မပတ်တဲ့ ညာလက်မှာ ဧရာမ ဟန်းချိန်းကြီး၊ လက်စွပ်တွေ ဆိုတာ ဂိုဏ်းဆရာ ဘိုးတော်တွေ လက်မှာ ဓာတ်လုံး လက်စွပ်တွေ ၀တ်ဆင် ထားတဲ့ အတိုင်း ပါပဲ ဆို၊ စိတ်ကူးယဉ်ပုံ က သူက တစ်ယောက်တည်း အိမ်ငှား နေပြီး ထမင်းကို ဆိုင်မှာ စားတယ်။ စားတော့ ထမင်းဆိုင်၊ သောက်တော့ ရေအိုးစင် ဆိုတာ လို ကလေ က၀ ပုံစံ မဟုတ်ဘူးနော်။ သူစားတဲ့ ကြည်နူးရိပ်၊ ဥဩလေး ရှိတဲ့ ဆိုင်က ရန်ကုန်မှာ နာမည်ကြီး၊ ဟင်းကလည်း ဈေးကြီး ပါဘိ။
သူအဲဒီဆိုင် မှာ စွဲစား လာတာ ဥဩ ကလေး မရောက်လာခင် ကတည်းက။ ဥဩလေး ရောက်လာတော့ ၁၂ သမီးလေး ရွာမှာ ကျန်ခဲ့တဲ့ စောဟန်ထွန်းရဲ့ ညီမ ပူတူးမ အရွယ်ပေါ့။ ဒီတော့ သူ့ညီမလေး အစား ရသလို စောဟန်ထွန်း က ချစ်တယ် သနားတယ်၊ ဥဩလေး ဘ၀က ခိုးကိုးရာမယ့် ဘ၀။
ပိုက်ဆံ ကို ထင်သလို သုံးစွဲခွင့် ရှိနေတဲ့ စောဟန်ထွန်း က အသနား အကြင်နာ ပိုပြီး ဥဩလေး ကို မုန့်ဖိုး မပေးတဲ့ လ၊ ပစ္စည်း မ၀ယ်ပေးတဲ့ လဆိုတာ မှ ရှိမှ မရှိတာ။ မိမဲ့ ဖမဲ့ ခိုကိုး ရာမဲ့ ၁၂ အရွယ်လေး ဆိုတော့ ခုလိုပေးတာ ကို လူသာဓု၊ နတ်သာဓု ခေါ် မဟုတ်လား။
စောဟန်ထွန်းက ဥဩလေးကိုမှ မဟုတ်ဘူး သူ့ရဲ့ ရဲဘော် ရဲဘက် လုပ်ဖော် ကိုင်ဖက်တွေကို လည်း သူ့လို နေရာမရ (လက်ရာ ညံ့လို့) ရှာလို့ မပြေလည်သူတွေ အခက် အခဲ ရှိရင် ကူညီ တတ်သလို အိမ်ထောင်သည်တွေ ရဲ့ သားသမီးတွေ ကျောင်းစရိတ် နဲ့ ကျန်းမာရေး အတွက် ဆိုလည်း စောဟန်ထွန်း က ဘယ့်တော့မှ လက်မနှေး ခဲ့ဘူး။
သူက တစ်ယောက်တည်း နေပြီး အရက် သောက်တာက လွဲရင် အသုံးနဲ့ အဖြုန်း ကို ခွဲခြား သုံးတယ်။ အဲဒီ စောဟန်ထွန်း က လက်ဖျား ငွေသီး၊ ကိုယ်ပေါ်မှာ ရွှေတ၀င်းဝင်း တထိန်ထိန် ရှိနေစဉ် က ကြည်နူးရိပ် ကို ထမင်း လာစားရင် တစ်ယောက်တည်း ဘယ်တော့မှ မလာတတ်ဘူး။ မပါဘူး ဆိုတဲ့ နေ့မှာ တစ်ယောက်တော့ အဖော် ပါလာ စမြဲပဲ။
ဘယ်နှစ်ယောက်ပါပါ ပိုက်ဆံရှင်းရင် စောဟန်ထွန်းဘဲ ရှင်းစမြဲ။ ဟင်းဆိုလည်း စားပွဲပေါ်မှာ ချစရာ နေရာမှ ရှိမှ အမှာ ရပ်တဲ့ လူစား။ ပါလာတဲ့သူက အားနာတတ် လို့ ပိုက်ဆံလု ရှင်းရင် သူက ထမင်း စားပွဲမှာ သွားကြား ထိုးရင်းက ထိုင်ရာက မထ ကောင်တာကို လှမ်းကာ ပြပြီး
`ဟေ့ … မယူနဲ့´
စောဟန်ထွန်း လက်ပြလိုက်လို့ကတော့ ဘယ်လိုပေးပေး ဆိုင်ကမယူလို့ လက်လျှော့ လိုက်ရတဲ့ သူ တွေချည်းပဲ။ ကြည်နူးရိပ် ထမင်းဆိုင် နဲ့ သူနဲ့က အဲလောက် အထိ ရင်းနှီး လာခဲ့ ကြတော့ နောက်မှ ရောက်လာတဲ့ ဥဩလေး ကလည်း သူ့ကို ဦးလေးလို အစ်ကိုလို ချစ်တာ၊ သူကလည်း ညီမလေး တူမလေးလို ချစ်တာဟာ သဘာဝ ကျတဲ့ အမြင် ကြည်လင်တဲ့ ဆက်ဆံရေးလေး အဖြစ် နဲ့ပဲ အများ အမြင် တင့်တယ် နေခဲ့ ပါတယ်။
လူတွေ အသက်ရှင်နေထိုင်ကြဖို့ စားရေး၊ သောက်ရေး ကိစ္စနဲ့ ရုန်းကန် လှုပ်ရှား နေရသလို ကာလ ယန္တရားကြီး ဆိုတာ ကလည်း လောကကြီး တစ်ခုလုံး ရဲ့ သက်ရှိ သက်မဲ့ အရာ ၀တ္ထုတွေ အားလုံးရဲ့ ပြုပြင် ပြောင်းလဲမှု တွေကို အဆက်မပြတ် ဖန်တီးပေး နေတာ ဟာ စက္ကန့် မလပ်ပါ။ စာပေ လောက တစ်ခုတည်း ကိုပဲ ကြည့်ပါ။ ရေး ဟန် အရေး အသား စကားလုံး တီထွင် ဆန်းသစ်မှုတွေ အပြင် မဂ္ဂဇင်းပုံစံ အရွယ်အစား စက္ကူ အရည်အသွေး က အစပေါ့၊ ဒီကနေ့ မဂ္ဂဇင်း လောက မှာ လွှမ်းမိုးလာ နေတဲ့ ကွာလတီ မဂ္ဂဇင်းတွေ ပထမဦးဆုံး ပေါ်လာစဉ် က ကဲ့ရဲ့ သရော် ခဲ့ကြ တာတွေ မြင်ရ တွေ့ရ ဖတ်ခဲ့ကြရမှာပါ။ ဒီကနေ့ မဂ္ဂဇင်း နာမည်တွေ ဆိုရင်ကော။ ဟိုတုန်းက ဆို မဂ္ဂ ဇင်း နာမည်တွေ ကို ရှုမ၀၊ သွေးသောက်၊ မြ၀တီ၊ ငွေတာရီ၊ ပေဖူးလွှာ၊ န၀ဒေး။ (ကျန်ပါသေးတယ်။ ထားလိုက် ပါတော့။) ရှေးစာဆိုကြီးတွေကို ဂုဏ်ပြုကြ (ဒါမှမဟုတ်) ပန်းတွေကို ကိုယ်စား ပြုပြီးတော့ စံပယ်ဖြူ တို့ ချယ်ရီ တို့လို နာမည်ပေး ခဲ့ကြတာ။
ဟော … ဒီကနေ့ မဂ္ဂဇင်း နာမည် စာလုံးတွေ ကို တောင် မှပဲ မြန်မာလို က သေးသေးလေး ရေးကြပြီး အင်္ဂလိပ် စာလုံးတွေ ကို ပြူးပြဲ အသားပေး ရေးထား ကြတာ၊ ပြောတဲ့ သူက ပြောနေ၊ လုပ်တဲ့ သူက လုပ်နေ ကြမှာပဲ။ ဒါ နိယာမ ပဲလေ။ ဘယ်သူမှ တားလို့ မရဘူး။ ဘယ်ဟာ မှ မြဲမနေဘူး။ ပြောင်းလဲမှု ဆိုတဲ့ မတည် မမြဲ သဘောတွေ ကသာ အနိုင်ယူသွားတယ်ပဲပြော ပြော တရားသဘောအရ ဘယ်ဟာမှ မတည်မမြဲ ဖောက်လဲ ဖောက်ပြန် အကြောင်းကံတွေ ဟာ ခုလည်း ရှိနေ မယ်။ နောင်လည်း အစဉ်မပြတ် ရှိနေကြဦးမှာပါ။
စောဟန်ထွန်း တို့ ရုပ်ပြ လောက ရွှေခေတ် ဟာလည်း မတည်မြဲ မခိုင်မာ တဲ့ တရား သဘောတွေ ထဲက ဘယ်လိုလုပ် လွတ်ကင်း နိုင်မှာလဲလေ။ တီဗွီတွေပေါ်ရာကနေ ဗွီဒီယိုဇာတ်လမ်းတွေ၊ နိုင်ငံခြားဇာတ်လမ်း အခွေတွေ၊ ဒရီးဒီလို အင်နီမေးရှင်းလို အခွေကာတွန်းကားလိုပေါင်းစုံ ၀င်လာကြတယ်။
မြန်မာပရိသတ် တစ်ရက်တစ်ပိုင်းကိုမှ အလွတ် မခံနိုင် ကြအောင် သည်းသည်း လှုပ် စွဲမက် ခဲ့ကြတဲ့ ကိုရီး ယား ဇာတ်လမ်းတွဲ တွေ ဒလဟော ပေါ်ပေါက် လာခဲ့ ကြတဲ့ အခါမှ ရွှေခေတ် ရုပ်ပြ လောက ဟာလည်း တအိအိ ပြိုဆင်း လာရတော့ တာပေါ့။ ရုပ်ပြ ရွှေခေတ် ဆီက ရုပ်ပြ သမား (နာမည်ကြီး) အိမ်မှာ ခြေချင်းလိမ် ချောင်းပေါက် မတတ်ရောက်၊ အောက်ကျခံ၊ ငွေပုံပေး၊ အခန်း၊ တီဗီတွေ ၀ယ်ပေး နဲ့ မျက်နှာချိုသွေး ခဲ့ကြတဲ့ ထုတ်ဝေသူတွေ အခုတော့ တူတူ တန်တန်တောင် မှ မဆက်ဆံချင် ကျဘူး။ စိမ်းကား သွားပြီ။
ရုပ်ပြသမားတွေအပေါ် အဲလို ဆက်ဆံပေမယ့် ဒီကနေ့ ဘက်ဆဲလ်လာဖြစ်နေတဲ့ စာရေးဆရာတွေ အိမ်ကိုတော့ ငွေထုပ်ကြီးပိုက်ပြီး အခစားဝန်ရောက်နေကြပြန်ပါပြီဆို။ ဒါကို မှားတယ်လို့ အပြစ် မတင် လိုပါဘူး။ မုဆိုး အလုပ်ဟာ သားကောင် ရှာဖို့ မဟုတ်လား။ ဒီကနေ့မှာ ထုတ်ဝေသူ အမျိုးအစား ကို ခွဲခြား မြင်ကြဖို့ လိုပါ လိမ့်မယ်။ ထုတ်ဝေသူ ဖြစ်လာ ရပုံ သုံးမျိုး သုံးစား ရှိပါတယ်။
(၁) စာအုပ် ထုတ်တာ ကို ငွေ ရလိုမှု၊ အမြတ် ရလိုမှုနဲ့ ထုတ်ဝေသူ ဖြစ်လာတာ၊ ဒါ သူ့အသက် မွေးဝမ်းကြောင်း လုပ်ငန်း။
(၂) စာဖတ် ၀ါသနာ ပါလို့ စာကောင်း ပေကောင်းတွေ ဖတ်မိရာ က သူဖတ် ရတဲ့ စာကောင်း ပေကောင်း အဖိုး မဖြတ် နိုင်တဲ့ စာပေတွေ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေ ဖတ်စေချင်တဲ့ စေတနာ နဲ့ သူဖတ် ရတဲ့ စာကောင်း ပေကောင်း တွေကို ဖြန့်ဝေလို တဲ့ စိတ်နဲ့ ထုတ်ဝေသူ ဖြစ်လာ ရရှာတာ၊ ဒီလိုပုဂ္ဂိုလ်တွေ တကယ် ရှိခဲ့တယ်။
(၃) ကိုယ့်အနုပညာ ကိုယ့်ကြိုးပမ်း အားထုတ်မှုတွေ ကို မတန်မရာ အထက်စီး နဲ့ အောက်ကြေးပေး အပိုင်စည်း (စာချုပ်နဲ့) လိုကြတဲ့ ထုတ်ဝေသူတွေ ကို နာကြည်းစိတ် နဲ့ (ကိုယ်တိုင် တတ်နိုင်သူ) ကိုယ်တိုင် ထုတ်ဝေရင်း က ထုတ်ဝေသူ ဖြစ်လာတဲ့ ထုတ်ဝေသူ ဆိုပြီး သုံးမျိုး ရှိတယ်။
ရုပ်ပြ သမားတွေ နဲ့ ပညာသည် တွေ အရည်အသွေး ကို သိပေမယ့် တန်ရာ တန်ကြေး သိပ်မပေးဘဲ အခွင့် အရေး အစီအနှစ် ကို မှိန်းစုပ် ၀ါးမျိုနေတဲ့ ထုတ်ဝေသူ တစ်ထုတ်ဝေ သူမျိုး။ အဲဒီ ထုတ်ဝေသူတွေ ကို (ငွေလိုက်မုဆိုး) လို့ ခေါ်ထိုက်တယ်။ အဲဒီ ထုတ်ဝေ သူမျိုး ကြည့်တာ ငွေ၊ ရှာ ဖွေ နေတာ ငွေတွေ အဖွေးသား ရှားဖွေ ပေးနိုင်မယ့် (ပညာသည်) သားကောင်၊ တစ်ဦး တစ်ယောက် က ပညာသည် ကို အနစ်နာခံ အချိန်ပေး မွေးမြူ လာလို့ အဲဒီ ပညာသည် စင်ပေါ် ရောက်ရင် စောစောက ထုတ်ဝေသူမျိုး က ငွေ ပုံအော ပေးပြီး ဇွတ်လိုက် လုတတ် သေးတာ ပါဆို။
မုဆိုး ဆိုတာ သားကောင်ရရေးပဲ ကြည့်တယ်။ ကြက်မရ ၀က်၊ ၀က်မရ ငါး၊ ဒါက မွေးမြူရေး သမား နဲ့ နှိုင်းဦး မလို့။ မွေးမြူရေး သမားက ကျွေးနေတဲ့ အစာ ဆေးဝါးတွေ ဟာ အဲဒီ သတ္တ၀ါတွေ ကို မေတ္တာ၊ ကရုဏာရှိ လို့ ကျွေးနေတာ မဟုတ်ဘူး။ အသား တိုးဖို့၊ အချိန်စီးဖို့ ဆေးဝါးတွေ ကျွေးနေတာ။ ထုတ်ဝေသူ နံပါတ် (၂) နဲ့ (၃) ကို ဘယ်တုန်း ကမှ မပြစ်မှား ခဲ့ပါဘူး ခင်ဗျာ။ လေးစား ပါတယ်။ ရှိသင့် ရှိအပ်တဲ့ သူတွေပါ။
ထုတ်ဝေသူ နံပါတ် (၁) ကိုလည်း အပြစ် မဆို လိုပါ။ ငွေ ရရှိဖို့၊ ပွားများ လာဖို့ စီးပွား ရှာကြ တာမို့ အပြစ် မမြင်ချင်ပါ။ သို့သော် ဒီဇိုင်းနာ နဲ့ ထုတ်ဝေသူ၊ စာရေးဆရာ နဲ့ ထုတ်ဝေသူ အကျိုးတူ စီးပွားဖက် လူသားချင်း ဆိုတာ ဘယ်တော့မှ မေ့သင့်တဲ့ အရာပါ။ ဥနှုန်းကြလာလို့ ဒံပေါက်ဆိုင်ကို အပို့ခံကြရရှာတဲ့ ဥစား ကျက်မလို ပညာသည် ကို သဘော မထားဖို့ လောက်သာ သတိပေး လိုက်ခြင်း ဖြစ်ပါတယ်။ ပညာသည်တွေ ဟာ လူတွေပါ။ လူတွေ ဟာ သွေးနဲ့ကိုယ် သားနဲ့ ကိုယ်၊ ခန္ဓာတွေ ပြောင်းလဲ နေသလို အတွေးအရေးတွေ ဟာ လည်း ပြောင်းလဲ နေစမြဲပါ။ ဈေးကွက် ၀င်ပြီး ရောင်းကောင်း နေလို့ ရနေတဲ့ ငွေကြေး ဟာ ပညာသည် ရဲ့ ဖန်တီးမှု အနုပညာ တန်ဖိုး လုံးဝ မဟုတ်ပါဘူး။ ဒဿန သာတန်ဖိုးပါ။
စာပေတန်ဖိုး၊ အနုပညာတန်ဖိုးဆိုတာ ဖတ်ရှု ခံစား သူရဲ့ အတွေး အခေါ် ရှုမြင် တတ်မှု မှာပဲ မူတည်တယ်။ ငွေကြေး နဲ့ အနုပညာ အတွေးအခေါ် အပေါ်မှာ တန်ဖိုးကို ဘယ်လိုမှ ဖြတ်လို့ မရ နိုင်ပါဘူး။ စောထွန်းဟန် တို့ ရုပ်ပြ လောက ကျဆုံး သွားတဲ့ အကြောင်း အရင်းက စောဟန်ထွန်း နဲ့ ဥဩလေး တို့ နှစ်ဦးသား ဆက်ဆံရေးကို ပြောင်းလဲ စေရုံ သာမက ဘ၀ ခရီးဖော် အဖြစ် ဖူးစား ဆုံကြ စေဖို့ ဖန်တီး ပေးလိုက်ခြင်း တစ်ရပ် ကိုလည်း အံ့သြ စရာဖြစ် ပေါ်ပေါက် လာပါတယ်။
xxxxxxxxxxxxxxxx
ရှင်ပြုတုန်း က ရွှေထီးဆောင်း ရတဲ့ အဖြစ်ကို တသ နေတာမျိုး မဟုတ် ပေမယ့် ရုပ်ပြ ရွှေခေတ် မှာ စောဟန်ထွန်း ပေးကမ်း စွန့်ကြဲ လာခဲ့တဲ့ ဖြစ်စဉ် အားလုံးတွေ က လချီပြီး တီဗွီ မှာ ညစဉ် အချိန်မှန် ဆက်တိုက်ကြည့် လာတဲ့ ကိုရီးယား ဇာတ်လမ်းရှည် အတွဲကြီးကို နောက်ဆုံး ဇာတ်သိမ်းပိုင်း ကြည့်ပြီး အဆုံးသတ် သွားတဲ့ညလို ခံစား ကျန်ခဲ့ ရတဲ့ ညနဲ့ နှိုင်းယှဉ်ရင် ရတယ်။
ကာလရှည်ကြာလာတာနဲ့အမျှ ဇာတ်သိမ်း ထဲမှာ ပါနေကြတဲ့ ဇာတ်ကောင်မင်းသမီး၊ မင်းသားတွေ နဲ့ ကြည့်နေရတဲ့ လူဆိုတာ က မျက်စိ ထဲမှာ စွဲပြီး အရင်းနှီးကြီး ရင်းနှီး နေခဲ့ ဆိုတော့ နောက်ဆုံး ခွဲခွာခြင်း ရဲ့ ခံစားမှု မျိုးတော့ ခံစား ကြရ စမြဲ ပါဘဲ။
ဒီတော့ အတွေးအိမ် မှာ သူတို့ ရဲ့ခြေရာ လက်ရာ လေးတွေ ကျန်ခဲ့ပြီး၊ အင်း … သူသာ ဒီလိုမျိုး မလုပ် လိုက်ရင် ကောင်းမှာ၊ ဟိုကလည်း ဒီလောက် ကလေးကို ခွင့်လွှတ် သည်းခံ လိုက်မယ် ဆိုရင် ခုလို တမြည့်မြည့် ဘယ်ခံစား ရမလဲ … စတဲ့ … စတဲ့ အတွေမျိုးတွေ ကို တွေးဖူးကြမှာပါ။ လူတွေ ပြီးဆုံး လွန်မြောက်လာ ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေ မှာ တစ်ခန်းရပ် ပြဇာတ်တွေလို ပါပဲလေ။ သရုပ် ဆောင်တွေ ပါဝင် သရုပ်ဆောင်၊ ပြီးသွား ကြပြန်တော့လည်း နောက်ဇာတ်လမ်း မှာ ဟိုပုံစံ၊ ဟိုဘ၀မျိုး နဲ့ ဆက် သရုပ်ဆောင် ကြရတာ ပါပဲ။ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် လမ်းကြောင်း အပေးမှာ ရွေ့လျားကြ မျှော်လင့်ကြတာ ပဲ မဟုတ်ပါလား။
စောဟန်ထွန်း တစ်ယောက် ရုပ်ပြ ရွှေခေတ်ထဲ ကနေ လွင့်စင် ထွက်သွားရ ပေမယ့် သူ့ခံယူချက်၊ သူ့ဇွဲ၊ သူ့ ပညာကြောင့် နင်းပြား ဘ၀မျိုးကိုတော့ မရောက်ခဲ့ပါဘူး။ ဒါပေမယ့် အနေအထားခြင်း ကတော့ ကွာချင်း တိုင်းကွာ၊ မတူရေးချ မတူတော့တာ ငြင်းမရ နိုင်ပါဘူး။ သူ့ကို ပေါ်မှာ အဆင်တန်ဆာ အဖြစ် ဆင်ယင် ခဲ့တဲ့ လည်ပင်း ပေါ်က ဘတ်ကြိုးကြီး၊ လက်ကောက်ဝတ်ဆီ က ဟန်းချိန်းကြီး၊ လက်ချောင်းတွေ အပေါ်က လက်စွပ်ကြီးတွေ ဆိုတာဟာ။ နွေနှောင်း ကာလ အပူဒဏ် ပြင်းပြလို့ ပင်ယံမြင့် ကနေ တစ်ရွက်ပြီး တစ်ရွက် ကြွေသက် ကြရ သလို စောဟန်ထွန်းရဲ့ ကိုယ်ပေါ် ကနေ တစ်ခုပြီး တစ်ခု ပျောက်ကွယ် ခဲ့ရ ပြီပဲလေ။
သူ့စားအိုး အိမ်လို ဖြစ်နေတဲ့ ကြည်နူးရိပ် ထမင်းဆိုင်ကို လာတာပဲ ကြည့်၊ ဟိုတုန်း ကလို အဖော် မပါတော့ ဘူး။ တရုန်းရုန်း တအုန်းအုန်း လာ စားသောက် နေတဲ့ စောဟန်ထွန်း ကို ဖော်မပါ တစ်ကိုယ်တည်း မို့ အမြင်ဆန်း နေရှာတဲ့ ဥဩလေးက `ဦး … ဦးသူငယ်ချင်းတွေ ပါမလာတာ ကြာပြီနော် …´
`အေး … သတ္တ၀ါ ဆိုတာ ရေကြည်ရာ မြက်နုရာ ရှာစား ကြတယ်ကွ´
စောဟန်ထွန်း မှာသာ အဖော်နည်း ခဲ့ရတာ မဟုတ်ပါ၊ သူစားတဲ့ ထမင်းစားပွဲ မှာလည်း ရုပ်ပြ ရွှေခေတ်က လို ဟင်းပွဲတွေ ကလည်း မမြိုင်၊ တစ်ပင်တိုင် ဟင်းကောင်း တစ်ခွက် တစ်မည် နဲ့ အရန်လိုက် ဟင်းလောက် နဲ့ ကျေကျေ နပ်နပ် စားခဲ့ ရတာ ကြာပြီပဲ။
ခက်လက် ဝေဖြာ ရွက်နု ဝေဆာ တဲ့ သစ်ပင်ပျို ရဲ့ လှပ တင့်တယ်ခြင်း ကို မြတ်နိုးခုံမင်ကြလို့ အရိပ်ခိုဝင် အပန်းဖြေ ခိုဝင် ချင်ကြ သူတွေ ရှိသလို ပါပဲ၊ ရိုးတန် ကျဲကျဲ နဲ့ အကျည်းတန် ဘ၀ ရောက်နေရတဲ့ ရွက်လဲပင် ရဲ့ ၀တ် စလစ် သွင်ပြင်ကြီးကို လည်း ကရုဏာရှင်တွေ က အနုပညာသည်တွေ က ဓာတ်ပုံရိုက်၊ ပန်းချီဆွဲ၊ တေးကဗျာ တွေ ရေးသီကြ နဲ့ မှတ်တမ်းတင် အလေးထားမှု တွေ ပြုလုပ်တတ် သေးတယ် လေ။
စောဟန်ထွန်း ရဲ့ နှလုံးအိမ်မှာ သော့ခတ် အကျဉ်းချ ခံထား ရတဲ့ အချစ်စိတ် ကို ရုန်းထလာတဲ့ ထိတိုင် စွမ်းဆောင်နိုင် ခဲ့တဲ့ ဥဩလေးကို ရော …။ ဥဩလေး က ဓာတ်ပုံ မရိုက်တတ်၊ ပန်းချီ မဆွဲတတ်၊ ကဗျာ မသီ မစီတတ်သူလေး ဖြစ်နေရှာတော့ အချစ် နတ်သမီးလို့ပဲ ခေါ်ရင် ထိုက်တန် ပါလိမ့်မယ်။ စောဟန်ထွန်း ရဲ့ ရောင်းရင်းတွေ ကတော့ ဥဩလေး ကို အဲလိုပဲ သတ်မှတ် လက်ခံထား ကြပါတယ်။
ကိုယ်ရောင် ကိုယ်ဝါ မှေးမိန်စွာ နဲ့ ကြည်နူးရိပ် ကို ၀င်လာ တဲ့ စောဟန်ထွန်း က ထမင်းဆိုင် ချောင်အကျဆုံး နေရာကို ရွေးထိုင် လိုက်ပြီး
` ဥဩ ဦးကို ဘဲဥဟင်း တစ်ပွဲ ချပေးကွာ´
ဟင်းအရန်နဲ့ တို့စရာ ငါးပိရည်က မှာစားစရာ မလိုဘူးလေ။ အဓိက ဟင်းကိုသာ အမည်တပ် မှာ ရတာ။ ရုပ်ပြ ရွှေခေတ် ဆီက ဆိုရင် စောဟန်ထွန်းက ၀မ်းတွင်းသား ကြိုက်တာ၊ ၀က်အူမကြီး၊ ဆိတ်ကလီစာ နဲ့ ကြက်မြစ် ကြက်သည်း ဆိုတာ တွေက သူရေလဲ ထားပြီး မှာနေကျ ဟင်းတွေ။ ငါးရံ့အူ ဆိုတာ ကတော့ ရတဲ့ နေ့ကို ချသာ ချ။
ခုတော့ ကြည့်နေ ဘဲဥ တစ်ပွဲ မှာပြီး ဟင်းရန်တွေ ပြောင်အောင်ကြိတ်၊ တို့စရာ ပန်းကန်ထဲ က အသီးအ ရွက်တွေ အားလုံး ကို တဂျွမ်းဂျွမ်း၊ တဂျွတ်ဂျွတ် မြည်အောင် ၀ါးစား လိမ့်မယ်။ ဥဩလေး စောဟန်ထွန်း ရဲ့စားပွဲ ဆီကို ဟင်းပန်းကန်လေး လာချ ပေးတယ်။
`ဟာ … ငါ့ညီမ ဒီနေ့ သိပ်လှ နေပါလား။ ဘယ်သွား မလို့လဲ´
`ဘယ်မှ မသွား ပါဘူး။ ဒါ … ၀ယ်ပေး ထားတာလေ။ ဦးကလည်း မမှတ်မိတော့ ဘူးလား။ သေချာ ကြည့်ပါဦး´
ဥဩက မှတ်မိ သွားအောင် ကိုယ်ကလေးကို ကော့ပြီး အင်္ကျီအောက် နားလေး ကို လက်ကလေး နဲ့ ဆွဲပြ လိုက်တော့ မော်ဒယ်မလေး ကိုယ်ဟန် ပြနေသလိုမျိုး ဖြစ်သွားတယ်လို့ ပြောရင် ရတယ်။ သူအမြတ်တနိုး ၀ယ်ပေး ခဲ့တဲ့ ပစ္စည်းလေးတွေ နဲ့ လိုက်ဖက် နေတာ မို့ ကိုယ်တိုင် ရေးဆွဲ နေတဲ့ ပန်းချီကား တစ်ချပ်၊ ကိုယ်တိုင် ထုဆစ် နေတဲ့ ပန်းပုရုပ်လေး တစ်ရုပ်၊ အသွေး အရောင် လိုက်ဖက်မှု၊ ချိုးစား ကျန ပြေပြစ်မှု ရှိ မရှိကို ရှုကြည့် နေတဲ့ အနေအထား ကို နောက်ကို ယိမ်း အမြင် အာရုံ စူးရှ လာအောင် စုစည်းတဲ့ အနေနဲ့ မျက်မှောင်ကျုတ် လိုက်ရင်း ဥဩလေး ကို စူးစူး စိုက်စိုက် ထက်အောင် ရွှေ့လျား ကြည့်မိ သွားတယ်။
မသန့်စိတ် ကို လုံးဝ အခြေမခံ ခဲ့တာ အမှန်ပါ။ ဒါပေမယ့် သူဘယ်လို မှ မရည်ရွယ်မှန်း ထားတဲ့ ခံစားချက် မျက်နှာစိမ်းတွေ သူ့နှလုံးသား ထဲကို ဇွတ် ကျူးကျော် ရောက်ရှိ လာကြတယ်။ သူအံ့ဩ ထိတ်လန့်စွာ ပဲ မောင်းနှင် ထုတ်နေမိ ရှာပါတယ်။
`ခုမှ ၀တ်တာ က ဒီဝတ်စုံလေး ကို ဥဩ သိပ်မြတ်နိုးလွန်းလို့။ ပြီးတော့ ဟောင်းသွားမှာ စိုးလို့ မ၀တ်ရက် ဘဲ သိမ်းထားတာ´
ဇွတ်နှင်ထား လို့ မှိန်ပျပျ သာ ကျန်နေတော့ တဲ့ ခံစားမှု အရေးအကြောင်း ပေါ်မှာ နောက်တစ်ကြော့ ပြန်ပြီး အရေးအခြစ် ခံလိုက် ရသလို မှိန်ပျပျ အရေးအကြောင်း က ထင်ရှား ပြီပြင် လာတယ်။ ဥဩလေး ရဲ့ပြောဆိုဟန် နဲ့ ရွှန်းလက် တောက်ပလွန်း နေတဲ့ မျက်လုံး အစုံ ဆီက အနက် အဓိပ္ပာယ်တွေ ကလည်း ဖတ်ရှု ဖွင့်ဆိုလို့ မရအောင် သိမ်မွေ့ နက်နဲတဲ့ ပဟေဠိတွေ ပေးနေကြ ပြန်ပြီ။ စောဟန်ထွန်း ရင်ထဲ မှာလည်း မခုန်ဘူး တဲ့ ရင်ခုန်နှုန်း တွေ အခုန် မြန်နေ လိုက်တာ။
ဥသြ မျက်နှာ လှလှလေး က စောဟန်ထွန်း အကြည့် ကို လုံးဝ ခွာမသွားဘဲ ကျောက်ချ ထားတယ်။ ဥဩကလေး ဒီကနေ့ ဘာဖြစ်လို့ ဒီအကြည့်မျိုး၊ ဒီအပြော အဆိုမျိုးတွေ ကို ပြောနေ ပါလိမ့်။ ဘယ်လိုကြောင့် ဖြစ်ဖြစ် ငါက လူကြီး ငါ ဆင်ခြင် ရမယ်´ ဆိုတဲ့ အနေနဲ့ ထမင်းစားဖို့အာရုံသွင်းရင်း ဘဲဥ ဟင်းပန်းကန်ကို ကြည့်လိုက်တဲ့ အခါမှာတော့
`ဟဲ့ … ဥဩ၊ ဦးမှာတာဘဲဥဟင်းလေ … ကြက်သည်း ကြက်မြစ် နဲ့ မှားယူ လာခဲ့ ပြန်ပါပြီ။ ကဲ … ကဲ ပြန် လဲ ပေးဦးနော်´
`ဟင်း … ဟင်းမှား ယူတာ မဟုတ်ပေါင်။ ဦးကို စားစေချင် လို့။ ဟို … ဒါ … ဒါ ဥဩ ဦးကို စားစေချင်လို့။ ၀ယ်ကျွေးတာ နော် … သိလား´
ဥဩနဲ့ ဒီကနေ့တွေ့ရချိန်မှာ စောဟန်ထွန်းတစ်ယောက် စကားတွေ စွံအ နေတဲ့ အထိ ပြောစရာ စကား တွေ ရှာမရအောင် စိတ်အကြီး အကျယ်လှုပ်ရှား နေပါတယ်။ ကြောင် နေပေမယ့် လည်း စောဟန်ထွန်း ရဲ့ အကြည့်တွေ ကို ဥဩလေး က လိုလို ချင်ချင် တရှိုက် မက်မက် တုံ့ပြန် ကြည့်ငေး နေပြန်တော့
`ဟင်း … ´
`ဟဲ့ … ဥဩ နံပါတ်ငါး က ခေါ်နေတယ်´
`ဦး … စားနော် … စားလို့ ´
ဥဩလေး သူ့ကို မှာပြီး ထွက်သွားတဲ့ အထိ စောဟန်ထွန်း က ကြက်မြစ် ကြက်သည်း ပန်းကန် ကို မတို့ မထိဘဲ ငုံ့ကြည့် နေဆဲပါ။ ပျားရည်ရောင် အဆီကြည်လေးကြား တွေ ပတ်လည် ၀ိုင်းနေတဲ့ အသည်းသောင်ခုံး လေးမှာ ဥဩ ကလေး ထိုင်နေ သယောင် မြင်နေပြန် လို့ သက်ပြင်း ရှည်ကြီး မှုတ်ထုတ် မိတယ်။ ဒီနေ့မှာ ဥဩ ရဲ့ အလွန့် အလွန်ကို ထူခြားမှုတွေက တစ်ဆင့် သူ့ရင်ထဲ ကို ခံစားမှု အသစ်သစ် တွေ ထပ်ကာ ထပ်ကာ စီးဝင်လာနေ ခဲ့ရတဲ့ အကြောင်းတရားတွေကို အခြေခံပြီး၊ ဥဩရင်ထဲက သိမ်မွေ့နက်နဲလွန်းလှတဲ့ အဖြေကိုခက်ခက်ခဲခဲ ရှာ ဖွေနေမိပါတယ်။ ဆိုင်ထဲကို အမြန်ဝင်လာခဲ့စဉ်က ဆာလောင်မှုတွေကို စောဟန်ထွန်း သတိမရနိုင်အောင် မေ့ သွားရပါပြီ။ သူ့အနားအရောက် သနပ်ခါးနံ့သင်းသင်းလေးနဲ့ ပြိုင်တူ ပန်းဝင် လာတဲ့ စကားသံ ချိုချိုလေးကို ကြားလိုက် ရပါတယ်။
`ဟယ် ဦး … ဦး ခုထိ မစားသေးဘူး …´
ဟော … ခံစားမှု အသစ်စက်စက်လေး တစ်ခု က သူ့ရင်ထဲ ကို တိုးဝင် ရောက်ရှိ လာပြန် ပြီလေ။ ဥဩရဲ့ အမေး စကားက ဟိုယခင်က နဲ့ လုံးဝ မတူ။ အိမ်သူ သက်ထားက စိုရိမ် ကြောင့်ကြမှု နဲ့ လင်သား အပေါ် မေးနည်း မေးဟန်မျိုး နဲ့ ထပ်တူညီ နေပြီး ဥဩလေး ရဲ့ မျက်နှာ အမူအရာ ကပါ အဲဒီ ခံစားမှုမျိုး ကို ခံစားရ လေအောင် ဖန်တီး ပံ့ပိုး ကူညီ ပေးလိုက် သလို ဖြစ်နေ ပြန်ပါတယ်။
`ဘာလည်း … ဦးက ဥဩလို ကလေးဝယ် ကျွေးတာမို့ မစားရက် ပါဘူးလို့ ပြောမလို့လား၊ ဦး ဥဩ အပေါ်မှာ စေတနာ ထားခဲ့ သလို ဥဩ ကရော ဦးအပေါ်မှာ စေတနာတွေ ပြန်ထား လို့ မရတော့ ဘူးလား ကဲ´ `ထားရပါတယ် ဥဩရယ် … ထားရပါတယ်´
`ဦး အခု တလော စားသောက် နေတာတွေ ကြည့်ပြီး ဦးရယ် ဥဩလေ ဦးကို … ဟိုတကယ့် အကိုကြီး အရင်း တစ်ယောက်လို ချစ်တယ်´
ထူးဆန်းပေစွ။ ဥဩ ပြောသွား လိုက်တဲ့ စကားလုံးတွေ အားလုံးကို စောဟန်ထွန်း ဘယ်စကားလုံးတွေ ကိုမှ သဲသဲ ကွဲကွဲ မကြား တော့ပါ။ `ချစ်တယ်´ဆိုတဲ့ စကားသံလေး ကို ဥဩ ပါးစပ် က ကြားလိုက် ရချိန်မှာ ဓာတ်လှေကားကြီး ရုတ်တရက် နိမ့်ဆင်း သွားသလိုမျိုး သိမ့်ခနဲ ငြိမ့်ခနဲ ဖြစ်သွားတာ ပါဆို။
`ချစ်တယ်´ဆိုတဲ့ စကားလေး နှစ်ခွန်းဟာ ငါးလေးတွေ ကို အလှမွေး ထားတဲ့ ကန်ထဲက ခုန်ထွက်ကျ လာတဲ့ ရွှေငါး လှလှလေး နှစ်ကောင် ကြမ်းပြင်ထက် မှာ တဖျတ်ဖျတ် ခုန်နေ ကြတယ်။ သူ့စိတ်ကို အနိုင်နိုင် ထိန်းချုပ် နေတဲ့ ကြားကပဲ ဥဩလေးကို ပြောဖြစ် သွားတဲ့ စကားက `ဥဩက ဦး အမြတ်တနိုး ၀ယ်ပေး ခဲ့တဲ့ ဟောဒီ ၀တ်စုံလေး ကို နှမြောပြီး ချက်ချင်း ထုတ်မ၀တ်ရက် ခဲ့သလိုဘဲ၊ ဦးလည်း ဥဩ ကျွေးတဲ့ အသည်းလေးကို မစားရက် သေးဘူး´
`ဟင် ဦးကလည်း သိုးကုန် မှာပေါ့၊ စားပါ ဦးရယ်´
`စားမယ်လေ၊ ဒါပေမယ့် ဦး ဒီညနေ အရက် သောက်ရင် ဥဩ ပေးတဲ့ အသည်းလေး ကို တစိမ့်စိမ့် မြည်းမယ်၊ အမြည်း ကောင်းကောင်း နဲ့ အရက်သောက် ရတာကို ဦး သိပ်ပျော်တယ်၊ အရသာ သိပ်ရှိတာပဲ ဥဩ ရဲ့၊ ဦးက အဲဒီ အရသာကို နှစ်သက်တာ´
`ဥဩက ဦး ပျော်ရင် ဦး နှစ်သက်ရင် ကျေနပ်ပြီးသားပါ ဦးရယ်´
ကြက်သည်းဟင်း ကို ပါဆယ်(လ်) ထုတ်ပေး ဖို့ ယူငင် သွားပြီး ပြန်ထွက်လာတဲ့ အခါမှာတော့ ဥဩ လက်ထဲမှာ တစ်ထုတ်တည်း မဟုတ်တော့ဘဲ သုံးလေးထုတ်။
`ဥဩ ဘာတွေ ထပ်ယူလာ ပြန်တာလဲ … များတယ်ကွာ´
`ဦး အိမ်မှာ ထမင်း မှ မရှိတာ၊ ဒါတွေကလည်း အရန်ဟင်း နဲ့ တို့စရာ ငပိရည်ပါ ဦးရဲ့၊ ရော့ ဘာမှ မဟုတ် ပါဘူး´
စောဟန်ထွန်း ဥဩ လက်ကလေး ထဲမှ စွပ်ကိုင်ထားတဲ့ ပါဆယ်ထုတ်လေးတွေ ကို လက်ပြောင်း လက်လွဲ အလုပ်မှာ လက်ညိုးချင်း ထိခိုက် မိကြတော့ `အဲ အဲ ဖြေးဖြေး လုပ်ပါ ပြုတ်ကျ ကုန်ပါ့မယ်´
`ဦး ဦးကအိမ်မှာတစ်ယောက်တည်းရှိတာ၊ သိပ်မူးအောင်မသောက်နဲ့နော် … သိလားဦး´
`ဟုတ်ကဲ့ပါ … အစ်မကြီးရယ်´
`ဖိုးစောရေ … ဥဩလေး မင်းအပေါ်မှာ သံယောဇဉ်ကြီးပုံ ကတော့ တကယ့်ကို ပါပဲကွယ်´
သွေးသား ပမာ ရင်းနှီးခဲ့တာ ကြာပြီ ဖြစ်လို့ ဥဩ အဒေါ်က စောဟန်ထွန်း နားကို ကပ်ပြီး ဘေးက လူတွေ မကြားအောင် အသံ တိုးတိုးလေး နဲ့ ကပ် ပြောပြ ရှာတယ်။ သူတို့ နှစ်ယောက်ကို မောင်နှမ အရင်း လိုပဲ မြင်လို့ပါ။
`မင်းညီမ က မင်းရဲ့လုပ်ငန်း မကောင်းတော့ တာကို စိတ်ဆင်းရဲ သတဲ့လေ၊ ပြီးတော့ မင်းကိုယ်ပေါ် က ပစ္စည်းတွေ ကို မမြင် ရလို့ သူငိုချင် သတဲ့တော် …´
`ကျွန်တော် ယုံပါတယ် ဒေါ်ဒေါ်ရယ်၊ ကျွန်တော် ကလည်း သူလေးကို ဒါကြောင့် ချစ် … ဟို … ညီမအ ရင်းလေးလို ချစ် နေရတာပေါ့ ဒေါ်ဒေါ်ရယ် … ´
သူတို့ကို နှုတ်ဆက် နေတဲ့ ဥဩကို စောဟန်ထွန်း က နှုတ်ဆက် အကြည့် နဲ့လှမ်းကြည့်လိုက် တော့ ဥဩလေး က အဓိပ္ပာယ် ထွေပြားတဲ့ အပြုံးကလေး နဲ့ လှမ်းကြည့် လိုက်တယ် လေ။
x x x

တက္ကစီ မစီးနိုင်တော့။ ဟင်းထုတ်တွေ နဲ့ ဘတ်စ်ကား ပဲ တိုးစီး ပြန်ခဲ့တယ်။ အပြန် ခရီး တစ်လျှောက်လုံး နဲ့ အခု အိမ်တံခါး သော့ဖွင့် နေချိန် အထိ သူ့ရင်ထဲ မှာ ဘယ်အတွေး မှ မ၀င်ရောက် နိုင်အောင် ကပ်ငြိ ပါလာတဲ့ အတွေးမှာ ဥဩ ရဲ့ ပြောဆိုဟန် အသံလေးနဲ့ ကင်းတာရယ်လို့ မရှိအောင် လွှမ်းမိုး ခံနေရ ရှာပါပြီ။

မီးတောင် ပေါက်ကွဲ သလို ပြိုအန် ထွက်ကျလာတဲ့ ချော်ရည် တွေလို။ ဒီကနေ့ ဥဩလေး ရဲ့ အတွင်းစိတ် သဏ္ဏာန် ကနေ မြင့်တတ်လျှံ ဖိတ်ကျ လာတဲ့ အချစ် သင်္ကေတတွေ ကြည့်ပြီး သက်ရောက်တဲ့ အဓိပ္ပာယ်တွေ ကို သူ အမှန် အကန် ဖတ်ရှု နိုင်ခဲ့ ပါတယ်လို့ စောဟန်ထွန်း ယုံပစ် လိုက်ချင် ပါတယ်။ အချစ် သင်္ကေတ ဟာ အချစ် ရဲ့ အရိပ် ပါပဲ လို့ သူ သတ်မှတ် လိုက်ချင် ရှာပါတယ်။

အခက်ကြီး ခက်နေ တာက အချစ် သင်္ကေတ မျိုးက ဂီတ သင်္ကေတ တွေလို မဟုတ်ဘူးလေ။ အချစ် သင်္ကေတကို ကြည့်ပြီး လုံလောက် တဲ့ အထောက် အထား တိကျတဲ့ အဓိပ္ပာယ် လို့ ဖွင့်ဆိုလို့ မရဘူး။ အချစ် သင်္ကေတ ရဲ့ အာနိသင် က အင်္ဂါ မစုံသေးတဲ့ သန္ဓေသားပဲ ရှိသေးတယ်။
သန္ဓေသား ဆိုတာ အင်္ဂါမစုံ သေးသမျှ မိန်းကလေး၊ ယောက်ျားလေး ဆိုတာ တပ်အပ် ပြောလို့ မရဘူး။ ချစ်တယ် ဆိုတာကို ကာယကံရှင် က နှုတ်နဲ့ ဖြစ်စေ၊ စာနဲ့ ဖြစ်စေ ကာယကံရှင် ကိုယ်တိုင် ဖွင့်မ၀န်ခံ သေးသ၍ အ တည်ယူလို့ မရသေးဘူး။ အကယ်၍များ ကိုယ်က ချစ်နေတာ ပါလို့ ယူဆပြီး ချစ်သူလို ဆက်ဆံ မိရင်၊ ကြေညာမိ ရင် …
`အို မဟုတ်သေး ပါဘူး၊ သူ့ အစ်ကိုကြီး တစ်ယောက် လိုသာ ချစ်ခဲ့တာ ပါလို့´ ရှောင်လွှဲ သွားလို့ ကတော့ ရှက်ရပြီ၊ ရူးရပြီ မဟုတ်လား။
စောဟန်ထွန်း က ဥဩ ထည့်ပေး လိုက်တဲ့ ထမင်း နဲ့ တို့စရာ ငါးပိရည်တွေ ကို စတီးချိုင့် အံတွေ နဲ့ နေရာချ ထားလိုက် ပေမယ့် ကြက်သည်း ကြက်မြစ် ကိုတော့ ထမင်းစား ပန်းကန် ထဲမှာ သီးခြား ထည့်လိုက် တယ်။ ပြီးတာ နဲ့ ရုပ်ပြ ရွှေခေတ် ရဲ့ လက်ကျန် ပစ္စည်း တယ်လီဖုန်း နဲ့ ကိုတိတ် တို့ စားသောက်ဆိုင် က ဂျော်နီဝေါ(ခ်)ကား နဲ့ ဆော်ဒါရေခဲ ပါ အပြည့်အစုံ ကို လှမ်းမှာ လိုက်တယ်။
`ဟား ဟား နောက်မှ ဘာပဲ ဖြစ်ဖြစ် … ဥဩလေး ပေးလိုက်တဲ့ ဟောဒီ အသည်းလေးကို တော့ အကောင်းစား အရက် နဲ့ ဂုဏ်ပြု ပေးရမယ်၊ ဥဩ … ဥဩ´
မှာထားတဲ့ အရက် ရောက်မလာ သေးခင် စားမှာ မဟုတ်ပေမဲ့ ပန်းကန်ပြားကြီး ထဲက အသည်းဖတ်ကြီး ကို အထူးအဆန်း မမြင်ဘူး သေးတဲ့ ပစ္စည်း တစ်ခုကို ကြည့်ပုံမျိုး နဲ့ ငုံ့ကြည့် နေတယ်။
`ဟင်း … ဟင်း … ငါတော့ရူးပြီထင်ပါရဲ့ဥဩလေးရယ်´
မရိုးမရွဖြစ်လာတဲ့ စိတ်ကြောင့် ကိုတိတ်တို့ဆိုင်ကို ဖုန်းပြန်ဆက်မိတယ်။
`ဟဲလို … ကိုတိတ် … ဗျာ၊ ပို့ခိုင်းလိုက်ပြီ၊ လာနေပြီ၊ ဆောရီး … ကိုတိတ်ရေ … ဆောရီး … ဟီး … ဟီး… ´
အသည်း ပန်းကန်ကြီး ကို ထပ်ပြန် ကြည့်ပြန်တော့ ဥဩ မျက်နှာလေး ကို မြင်လာ ပြန်တာ နဲ့ တစ်ယောက်တည်း တဟဲဟဲ ရယ်ရင်း ကနေ ပန်းကန်ပြားကြီး ထဲကနေ အသည်းဖတ် ကို လက်မ နဲ့၊ လက်ခလယ် နှစ်ချောင်း နဲ့ ညှပ်မ ယူပြီး အသေ အချာ ကြည့်ပြန် တယ်။
`ဥဩ ရွေးထည့် ပေးလိုက်တာ ဖြစ်ရမယ်၊ အရွယ် အစားက ကြီးပြီး အရောင် အသွေးက လတ်ဆတ် တယ်။ အဟတ်ဟတ် … ခက်ပြီ၊ ဥဩရေ၊ ဦး မသောက်ဘဲ မူးသလား၊ အချစ်ရူးပဲ ရူးသလား မသိနိုင်တော့ ပါဘူး ကွာ … ´
အသည်းဖတ် ကို ကြည့်လို့ ၀တော့ ပန်းကန်ပြား ထဲ ပြန်ချ သိပ်ပြီး လက်မှာ ပေကျံ နေတဲ့ ဟင်းအနှစ် ကို ပါးစပ် နဲ့ စုပ်သက် သန့်စင် လိုက်တယ်။ ဥဩပေးတဲ့ လက်ဆောင် ပစ္စည်းမို့ အလေ အလွင့် တစ်စက် ကလေးမှ မရှိစေ ရပါ။ ဥဩနဲ့ ငါ့ကြား မှာ ထာဝရ ရှင်းသန့် ဖြူစင် ချင်တဲ့ မောင်ချစ်၊ နှမချစ် သည်သာ အမြဲ တည်တံ့ စေရမယ်။ ဘယ် အရောင် အသွေး ကိုမှ အကူးလူး စေရဘူးလို့ ငါအမြဲ ယုံကြည် ခဲ့တာပါ။ အရောင် တွေ ရောယှက် မလာရအောင် လည်း ငါနေထိုင် လာခဲ့ သားပဲ။
ငါ ဥဩကို ရက်ရက် ရောရော ပေးကမ်း ခဲ့တဲ့ သဒ္ဓါစိတ်တွေ က တရားခံလား၊ ပစ္စည်း ပစ္စယတွေ က တရားခံလား။ ဒီကနေ့ မတိုင်ခင် အထိ ငါ့စိတ်တွေ ထဲမှာ ရှင်းသန့် နေခဲ့ တာ ငါအသိဆုံး။ ထားလိုက် ဒီပစ္စည်း သဒ္ဓါတွေ ကြောင့် သူ မဖြူဘူးဘဲ ထားလိုက် စမ်းပါ။ သူ့ အသက် ထက် ကိုးနှစ်၊ ဆယ်နှစ်ကြီး နေပြီး အချစ် ဆိုတာ ဘာမှန်း မသိ၊ ဘယ်တုန်း ကမှ စိတ်မ၀င်စား ဘူးတဲ့ ငါလို အကောင်ကြီး က ရေခဲမှတ် သုညအောက် ဒီဂရီအောက် မှာ ရောက်နေရာ ကနေ ဒီနေ့ အချိန်ပိုင်း ကလေး မှာ ဘာကိစ္စ ရေဆူမှတ် ကို ဒိုင်းခနဲ ခုန်တတ် သွားရ တာလဲ။
စောဟန်ထွန်း တစ်ယောက် မျက်မှန် ထူထူ တပ်ထားတဲ့ အဘွားအိုကြီး တစ်ယောက် မမြင်မကန်း နဲ့ စကော ထဲက ဆန်တွေ ထဲမှာ စပါးလုံး ရှာနေတဲ့ အဖြစ်မျိုး နဲ့ ဒီကနေ့ ပေါ်ပေါက် အုံကြွ လာရတဲ့ ပြဿနာ အပေါ်မှာ သူနဲ့ ဥဩလေး တို့ရဲ့ ဆက်ဆံရေးတွေ ထဲမှာ အဖြေရှာ မိနေ ပါပြီ။
ဥဩရဲ့ အဒေါ် သူ့ကို ပြောလိုက် တဲ့ စကားစု က သူ့အာရုံတွေ ထဲကို အလုအယက် ပြေးဝင် ရောက်ရှိ လာကြ ပြန်ပါပြီ။
`ဖိုးစောရေ … ဥဩလေး မင်းအပေါ် မှာ သံယောဇဉ်ကြီး ပုံ ကတော့ တကယ့်ကို ပါပဲကွယ်´
`မင်းညီမ က မင်းရဲ့ လုပ်ငန်း မကောင်းတော့ တာကို စိတ်ဆင်းရဲ သတဲ့လေ၊ ပြီးတော့ မင်းကိုယ်ပေါ် က ပစ္စည်းတွေကို မမြင် ရလို့ သူငိုချင် သတဲ့တော် …´ တစ်ဆက်တည်း မှာပဲ `ဟင်း … ဟင်း … မှားယူ လာတာ မဟုတ်ပေါင်၊ ဦးကို စားစေချင်လို့၊ ဟို … ဟို ဒါ … ဒါ ဦးကို သတ်သတ် ၀ယ်ကျွေး တာနော် … သိလား´ `ဘာလည်း ဦးက ဥဩလို ကလေး ၀ယ်ကျွေး တာမို့ မစားရက်ဘူး ပြောမလို့လား၊ ဦး ဥဩ အပေါ်မှာ စေတနာ ရှိသလို ဥဩ ကရော ဦး အပေါ်မှာ စေတနာ မရှိလို့ မရတော့ဘူးတဲ့လား … ကဲ´
`ဦးကို အစ်ကိုကြီး အရင်း တစ်ယောက်လို … ချစ်တယ်´
ရုပ်ပြ ရွှေခေတ်တုန်း ဆီက သူတို့ နှစ်ဦးရဲ့ ကြားမှာ ဘာအရောင် မှ မစွက်၊ တကယ့် အဖြူမှ ဆွတ်ဆွတ်ဖြူ နေတဲ့ အဖြူ။ အသက် အရွယ်တွေ၊ အသိတရား တွေ ပြောင်းလဲ စကားပြော လာကြတာ လည်း ဖြစ်နိုင် ကြတာပါ ပဲ။ ဥဩ ပုံစံက အရင် ဥဩ မဟုတ်တော့ဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ရုပ်ပြ ရွှေခေတ် ဆီက စောဟန်ထွန်း ဘ၀က ၀င့်ထယ် တင့်တယ် နေတဲ့ အောင်နိုင်သူ၊ အောင်နိုင်သူ နဲ့ ကျရှုံးသူ ဆိုတာက (သူ) ဆိုတဲ့ နာမ်စား ကလွဲလို့ အဆောင် အယောင် အနေ အထား ပြယုဂ် တွေ က လုံးဝ ကွဲပြား သွားတယ်။ ၀မ်းတွင်း ကလီစာ မပါရင် စားမ၀င် သလို နေလာတဲ့ စောဟန်ထွန်း က ဘဲဥ ကို မှာနေရပြီ၊ ဥဩလေးက ဒါတွေကို မြင်တွေ့ နေရတယ်။
ရေဆိုတာ မြင့်ရာက နိမ့်ရာကို စီးတဲ့ သဘော ရှိတယ်။ မေတ္တာ၊ ကရုဏာ၊ သံယောဇဉ်၊ နှောင်ဖွဲ့မှု ဆိုတာ မျိုးကလည်း ရစ်ပတ် နှောင်ဖွဲ့ မိခဲ့ပြီ ဆိုမှဖြင့် နှောင်ဖွဲ့ ခံရသူများ အပေါ် တသွင်သွင် စီးဆင်းပြီး အဲဒီသူ ရဲ့ မကောင်း သတင်း နဲ့ မမြင်ရက်၊ မကြားရက် စရာမျိုးကို ဘာဆို ဘာမှ မကြားလို မမြင်လို တော့ဘူး။
အရှိန်အဟုန် နဲ့ စီးဆင်း နေတဲ့ ရေစီးကြောင်း မှာ မူလက သိုဝှက်ထားတဲ့၊ တိမ်မြုပ် ပျောက်ကွယ် နေရတဲ့ ပစ္စည်းမှန် သမျှ ရေအဟုန်ရဲ့တိုက်စားမှုကြောင့် တဖွားဖွား ပေါ်လာ တတ်စမြဲပါ။
ဩော် ဥဩလေးခမျာ ငါ့ဘ၀ အလှည့် အပြောင်းတွေ ကို ကည့်ပြီး ငါ့အပေါ်သနား လာတာ ဖြစ်မှာပါ။ ဒါပေမယ့် ဥဩလေး က အစ်ကိုကြီး တစ်ယောက်လို ချစ်တယ်တဲ့ … နော်။
`ဦး အတွေးရ ခက်အောင်၊ အဖြေ မဖော်ထုတ် နိုင်အောင် ဘာဖြစ်လို့ အကိုအရင်းကြီး တစ်ယောက်လို ချစ်တယ် ဆိုပြီး ရှေ့က အတား အဆီးကြီး တစ်ခုလို ပိတ်ဆို့ ကာဆီး ထားရ တာလဲ … ဥဩရယ်´
မှာထားတဲ့ ၀ီစကီက ပုလင်း ရောက်လာတာ နဲ့ ပုလင်း အဖုံးကို လှည့်ဖွင့် လိုက်ရင်း တမ်းတမ်းတတ တောင့်တစိတ်ဝင်လာတာက‘ခုနေ ဥသြလေးနဲ့ အတူသောက်ရင်း…’ စောဟန်ထွန်း သူအတွေးကို သူ လိပ်ပြာ မသန့်ဖြစ်သွား မိရလို့ အလျင်အမြန် ဖြတ်တောက် ပစ်လိုက်ပြီး ပထမ တစ်ခွက်သောက် လိုက်တယ်။ဝီစကီ နဲ့ဝေးပြီး ရမ် နဲ့ပဲ နှစ်ပါး သွားနေခဲ့ ရတာ ကြာပြီ ဆိုတော့ ဝီစကီ ရဲ့ လှုပ်နိုးမှု က နှေးကွေး နေပြီးပေါ့။ ဒါကြောင့် နောက်တစ်ခွက်။
ဒီတော့မှ စောဟန်ထွန်း ဥသြ ပေးလိုက် တဲ့ အသည်းဖတ် ကလေးကို ခပ်လိုက်ရင်း နဲ့ ဖဲ့ချွေ စားရက်နိုင် ရှာပါ တော့တယ်။
‘ဦး စားဖူး သမျှ အသည်းတွေ ရဲ့ အရသာတွေ ထဲမှာ ဥသြ ပေးလိုက်တဲ့ ဟောဒီ အသည်းလေး ရဲ့ အရသာ က အထူးဆုံး ပါပဲ ဥသြရယ်…’ အသည်းလေး တစ်ဖဲ့၊ ဝီစကီ တစ်ခွက်။ ပတ်ဝန်းကျင် မှာ ရှိနေတဲ့ ဝတ္ထု ပစ္စည်းမှန် သမျှ မှုန်ရီ ဝိုးတဝါး တွေ ဖြစ်ကုန် ကြပေမဲ့ ဥသြလေး ရုပ်သဏ္ဌန် က ကြည်လင် ပြတ်သား ရုံသာ မက၊ အရယ် မပြုံးလေးတွေနဲ့ သူဆီ ကို မလာစဖူး လာပြီး အဖော်လုပ် ပေးနေတယ်။ ‘ဥသြ…ဥသြ…ဦးကို ချစ်တယ်..နော်’ ‘ ဦးကို အစ်ကို တစ်ယောက်လို ချစ်ပါတယ်…ဆို’
‘မရဘူးကွာ…မရဘူး၊ အစ်ကိုကြီး ဆိုတာကို ဖယ်ပစ်လိုက် ဖယ်ပစ်’
ဒါပါပဲ…အဲဒါ ပါပဲ။ ကမ္ဘာတစ်ဝန်း မှာ သစ်ခွမျိုးတွေ ရှာဖွေကြ၊ စုဆောင်ကြ၊ သုတေသနတွေ လုပ်၊ မျိုးပွား စိုက်ပျိုးကြ၊ မျိုးမြေသြဇာတွေ နဲ့ ဓာတ်ခွဲကြ၊ စမ်းသပ် စိုက်ပျိုးကြ၊ အပင် ဖွံ့ထွား ရအောင် အရောင်တွေ စုံ အပွင့်တွေ လှပအောင် စမ်းသပ်မှု တွေ လုပ်နေကြတာ အလုပ် ကို ရှုပ်လို့ မဟုတ်ပါလား။
ဒါပေမဲ့ ပန်ုး ဆိုတာ မျိုးက မူလ ကတည်း က ဖူးပွင့် ရမယ့် ဓမ္မတာ ရှိခဲ့ ကြပြီး ဘယ်သူ မှ ဘာမှ လုပ်မပေးဘဲ သူ့ အချိန်တန် ရင် သူ့အလို လိုပဲ မွှေးပျံ့ ကြိုင်လှိုင် တဲ့ ရနံတွေ လှပ တင့်မော ဖွယ် ပွင့်ဖတ်တွေ နဲ့ ဖူးပွင့် လာကြရ စမြဲ ပါပဲ။


လူဘဝ ခရီးမှာ သေအတူ ရှင်မကွာ အကြင် လင်မယား အဖြစ် လက်တွဲ လျှောက်လှမ်း ရမယ့် ချစ်သူ အဆင့် ကနေ အိမ်ထောင်ရှင် ဖြစ်လာ ကြမယ့် မောင်မယ် တို့ရဲ့ အိမ်ထောင်ရှင် အခန်းကဏ္ဍ ကိုလည်း ဘယ်ဟိုတယ်ကြီး မှာ၊ ဘယ်လို ဂုဏ်သရေ ရှိ လူကြီး လူကောင်းတွေ က စေ့စပ်၊ လက်ထပ် ပေးခဲ့ ကြတယ် ဆိုတာမျိုးတွေ မပါဝင်ခဲ့ ပေမယ့်လည်း…။

စောဟန်ထွန်း ဆိုတဲ့ ကောင်က အချစ် နဲ့ ပတ်သက်ပြီး နကန်း တစ်လုံးမှ မသိတဲ့ ဂျစ်ကပ်ကပ် အူကြောင်ကြောင်။ ဥသြ ဆိုတာ ကလည်း စာကို သေစာ ရှင်စာ ဖတ်တက်ရုံ အဆင့်။ ဒါပေမဲ့ လို့လည်း စောဟန်ထွန်း ရဲ့ဇနီးချော ဥသြလေး ကို သူတို့ အပေါင်း အသင်း ရောင်းရင်းတွေ ကဖြင့် တော်လေးဝ ဝင်တဲ့ အိမ်ထောင်ရှင်မ ကောင်းလေး တစ်ယောက် ပါတဲ့။ သားကို သခင်၊ လင်ကို ဘုရား သဘောထား နိုင်တဲ့ မိန်းမကောင်း၊ မိန်မမြတ်လေး ပါပဲ တဲ့။
စောဟန်ထွန်း ရဲ့ဘက်တော်သား ယောက်ျားသားများ ကသာ ပြောတဲ့ စကား မဟုတ်ပါဘူး။ သူတို့ ဇနီးတွေ ကပါ ကန့်ကွက်သူ မရှိ ထောက်ခံ မဲနဲ့ စိတ်တူ သဘောတူ သတ်မှတ် ခဲ့ကြ တာပါ။ အိမ်သာတော့ ဧည့်လာ ဆိုစကား နဲ့ ညီရှာ ပါရဲ့။ စောဟန်ထွန်း နဲ့ ဥသြလေး တို့ အိမ်မှာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အမြဲလိုစည်ကားနေတက်တယ်။ ရုပ်ပြလောက အခြေမလှပေမဲ့ စောဟန်ထွန်းက သူ့လူပျိုဘဝကလို၊ ငွေရှာရ၊ အလုပ်လုပ်ရာမှာ ညစာမနက်စာ မှန်အောင်ရနေရင် လုံလောက်ပြီဆိုတဲ့ ငွေရှာပုံစနစ်ကို ပုံစံလုံးဝပြောင်းပစ်လိုက်ပြီး အတိုက်အခိုက်ကင်းမယ့် အလုအယက်ကင်းမယ့် အလုပ်မှန်သမျှ ဝတ္ထု သရုတ်ဖော်ပုံလည်း ဆွဲတယ်။ ရုပ်ပြလိုင်းမှ ရပ်တည် ကျန်နေသူတွေ ဆီက အလုပ်တွေ ကိုလည်း သူက ရရင် လက်ခံ လုပ်တယ်။ ရ လာသမျှငွေ သူ့ လက်ထဲမှာ ပူအောင် မကိုင်ဘူး။ အိမ်ရောက်ရင် ဥသြ က ပိုက်ဆံအိတ်ကြီး လိုလို၊ အမှိုက်ပုံးကြီး လိုလို ဖြစ်လို့။ ရလာသမျှ ဥသြ လက်ထဲကို ထည့်တာ ပါဆို။ အိမ်ထောင်ရှင် မိန်းမ ကိုးဆယ် ရာခိုင်နှုန်း မကြည်ဖြူ တဲ့ လက်မခံနိုင် ကြတဲ့ ညနေ ညနေ ယမကာ မှီဝဲ တဲ့ ကိစ္စကို ဥသြလေးက အမြည်း ကောင်းကောင်း နဲ့ ကြည်ကြည် ဖြူဖြူ ပြင်ဆင် ပေးတက်တယ်။
လင်သား အပေါ်မှာ တင်မက စောဟန်ထွန်း နဲ့ ပတ်သက်သူတွေ အပေါ် မှာပါ သည်းခံ ခွင့်လွှတ် သေးတာ မို့ အပေါင်းအသင်းတွေ ကလည်း သူတို့ အုပ်စု ထဲမှာ အငယ်ဆုံး၊ စလို့ နောက်လို့ အကောင်းဆုံးဖြစ်နေတဲ့ ဥသြလေးကို တကယ့်ညီမလေးတစ်ယောက်လိုပဲ ချစ်ကြ ခင်ကြတယ်၊ တရင်း တနှီး ရှိကြတယ်။
စောဟန်ထွန်း ဆိုတဲ့ ကောင်ကလည်းနော် ဥသြလေး အပေါ်များ သရိုးသရီ နောက်ချင် ပြောင်ချင် တဲ့ လူစားမျိုး ဆိုရင် အားနာတယ် ဆိုတာ ဘာလဲလို့ ပြန်မေးမယ့် လူစား။
ပြိုင်ဆိုင် တုပမှု ကင်းပြီး ပွင့်လင်း ရိုးသားသူလေး ဖြစ်လို့ မိန်းမသားတွေ ကလည်း ဥသြလေး ကို ချစ်ခင် ကြတယ်။ သူတို့ အုပ်စု သူတို့ အသိုင်းအဝိုင်း လောက ထဲမှာတော့ စောဟန်ထွန်း နဲ့ ဥသြလေးတို့ရဲ့ အိမ်ထောင်ရေးဟာ တကယ့်ကို စံပြ အိမ်ထောင် ပါပဲလို့ အားလုံးက သတ်မှတ် ထားကြတယ်။
ဥသြလေးမှာ ပထမ ကိုယ်ဝန် စရှိ ကတည်းက အရေး တယူ ဝိုင်းဝန်း ကူညီ ခဲ့ကြတာ ဆေးရုံမှာ မွေးပြန်တော့ သတင်း မေးသူ ကူညီသူတွေ ဆိုတာ တစ်ယောက်ဝင် တစ်ယောက်ထွက် ပါပဲ။ လူနာမေးသူ များလွန်းလို့ လက်ဆောင် ပစ္စည်းတွေ များလွန်းလို့ သူနာပြုတွေ နဲ့ ဘေးလူနာ တွေကတောင် အထင်ကြီး ရပါတယ် ဆို။
ဥသြ အပေါ် စောဟန်ထွန်းကြီး မျိုချ မတက် ချစ်ပြီး ပါးစပ် ထဲက မချနိုင်တာ ကို အားလုံးက အပြစ်မမြင် နိုင်ကြတာ ကလည်း ဥသြ ခမျာ သူ့ ကျန်းမာရေး ထက် စောဟန်ထွန်း ဆေးရုံ ရောက်လာတာ နဲ့ ‘ ဦးစော…ဟိုကိစ္စ အဆင်ပြေရဲ့လား၊ ဥသြ ဆေးရုံက ဆင်းတော့မှ အမြည်း ကောင်းကောင်းတွေ လုပ်ပေးမယ် သိလား။
‘ဥသြ ကလည်း လူကြား မကောင်း၊ ဘာတွေ လျှောက်မေး နေတာ လဲကွာ…ဟင်း…ဟင်း…အရူးမလေး။ သမီးက ဥသြနဲ့ မတူ သလိုပဲ’
‘ဟုတ်တယ် လေ၊ အာလုံးက ဖအေတူလေး ဆိုလို့ ဥသြမှာ ပျော်နေရတာ…သမီးလေးဟုတ်တယ်နော်…သမီးလေး’
ဥသြ ဆိုတဲ့ ဥသြက သူ့ ဦး အတွက်ဆို ပြောသလို တကယ်လုပ်တာ၊ ဆေးရုံက ဆင်းတဲ့ ရက်ပဲ သွေးနု သားနုကြီး နဲ့ စောဟန်ထွန်း အတွက် အရက် အမြည်း စီစဉ်ပေး နေလို့ စောဟန်ထွန်း ကိုယ်တိုင် နောက် မလုပ်တော့ ပါဘူး ဆိုတဲ့ ကတိစကား တောင်းရ ပါတယ် ဆို။
သူတို့ တွေက အဲလိုမျိုး ချစ်ကြသူတွေ၊ ဥသြလေး ခမျာ အသက်အရွယ်က ငယ်၊ စာပေ ဗဟုသုတ ကလည်း မပြည့်စုံရှာလို့ ပဲ ထင်ပါရဲ့။ အဲဒီ သားဦး အစ်ကြီးမ စန္ဒာထွန်းလေး မွေးပြီး ဘာကြာ လိုက်လဲ နောက် တစ်ဗိုက်။
အပေါင်းအသင်း အမကြီးတွေ လို ရင်နှီးနေသူတွေ က’ ဥသြရယ်…လွန်တာပေါ့ ‘ လို့ရယ်ပွဲဖွဲ့ နောက်ကြ၊ ပြောင်ကြ တော့ ပွင့်လင်း တဲ့ ဥသြလေး ပြောတာ က ‘ဦး ရဲ့အသွေးအသား နဲ့ပေါင်းစပ်ပြီး ရလာတဲ့ ရတနာလေးတွေ အာလုံးကို ဥသြ ကတော့ မဖျက် မဆီး မဟန့် မတားဘဲ ရလာ သမျှကို မွေးမှာပဲ’
ဒါပေမဲ့ ချက်ချင်း လက်ငင်း စောဟန်ထွန်း တို့ ရင်ဆိုင်လာရတာက ပါးစပ်ပေါက်တွေ တိုးလာတာ နဲ့ အမျှ တိုးမလာ တဲ့ ဝင်ငွေ အခက်အခဲ ပဲပေါ့။
လူဦးရေး တိုးလာပြီး ပါးစပ်ပေါက် လေးတွေ ထပ်တိုး လာရပြီ ဆိုတော့ ကုန်ပေါက်တွေ ကလည်း ထပ်တိုး လာပြီပေါ့။ တိုးမလာတာ ဆိုလို့ ဝင်ငွေ တစ်ခုတည်း ရှိတာမို့ လျှော့လို့ ရမယ့် ထွက်ပေါက် ကို လိုက်ရှာတော့ သူသောက်တဲ့ အရက်က လွဲလို့ ဘာတစ်ခု စောဟန်ထွန်း ရှာမရ။ ပထမဆုံး ဥသြလေး နဲ့ တိုင်ပင်တော့
‘ဦးရယ်…ဦး ဘဝမှာ ဒါလေးပဲ ဖြေဖျော်မှုဆိုတာ ရှိပါတယ်၊ တခြားစရိတ်တွေ ဥသြ လျှော့ကြည့် ပါဦးမယ်’
‘ပြောရက် လိုက်တာ ဥသြလေးရယ်၊ ဦး ဘဝ မှာ ဥသြလေး နဲ့ သမီးလေးတွေ ဟာ ဖြေဖျော်မှု ပါကွာ၊ အာဟာရ ဖြစ်စေတဲ့ အားဆေးတွေ ပါ ဥသြရယ်’
‘ဦးလို ကပ်ကပ် သပ်သပ် စကားကြီးတွေ ဥသြ မပြောတက်ဘူး၊ ဥသြ ချွေတာ သုံးပါ့မယ်၊ ဦး ရဲ့ ကျေနပ်တဲ့ အပျော်တွေ ဟာလည်း ဥသြ ကိုယ်တိုင် ပျော်ရ သလို ပျော်ရတာ ပါပဲ’
ကပ်ကပ် သပ်သပ် စကားကြီးတွေ မပြောတက်လို့ပဲ ဟေ့…ဟား…ဟား…ဟား…ကဲပြောဦး ပြောဦး’
‘အို…ဟိုမှာ သမီး ကြည့်နေ တယ်လေ…’
ဥသြလေး က ချွေတာ ရှာပါတယ်။ ချွေတာလို့ ပိုလာမယ် မထင်လိုက် ပါနဲ့။ အရာရာချို့တဲ့ လာတဲ့ ရလဒ်ပဲ ထွက်လာတယ်။ ဒီတော့ လည်း စောဟန်ထွန်း က ဥသြလေး ဆန္ဒကို ယူမနေ ရှာတော့ဘဲ နှစ်ရှည်လများ စွဲသောက်လာတဲ့ အရက်ကို တိခနဲ ဖြတ်ပစ် လိုက်တယ်။
ငွေပမာဏကိုငဲ့ပြီး ဆေးဝါးမကူ အစိမ်းသက်သက် တိခနဲဖြတ်တဲ့နည်းကို ရွေးရရှာတော့ ခံရတဲ့ဒုက္ခက ဘယ်သက်သာမှာလဲ။ ဒါလည်း မသိလို့မှမဟုတ်တာ မရှိလို့ မရှိလို့။ စောဟန်ထွန်းကို အမြဲမှန်လိုကြည့်နေတဲ့ ဥသြလေးက သိနေတာပေါ့။
ငွေပမာဏကို ငဲ့ပြီး ဆေးဝါး မကူ အစိမ်း သက်သက် တိခနဲ ဖြတ်တဲ့ နည်းကို ရွေးရရှာတော့ ခံရတဲ့ ဒုက္ခက ဘယ် သက်သာ မှာလဲ။ ဒါလည်း မသိလို့မှ မဟုတ်တာ မရှိလို့ မရှိလို့ ။ စောဟန်ထွန်း ကို အမြဲ မှန်လို ကြည့်နေတဲ့ ဥသြလေး က သိနေ တာပေါ့။
‘ဦး…ဘယ်လို ဖြစ်နေလဲ ဟင်၊ သိပ်ပြီး နေရ ခက်နေပြီ ထင်ပါတယ်၊ ဒုက္ခပါပဲ…နေရ သိပ်ခက် နေလား၊ ဟုတ်လား…ဦး’
‘ရပါတယ် ဥသြရယ်၊ ဖြတ်စ မို့ပါ၊ အင်း..ဟင်း…ရတယ် အိပ်အိပ်’
စာပေဗဟုသုတနည်းပေမဲ့ အရက်သမားမယား၊ အရက်သမား အပေါင်း အသင်းတွေ ဆီက ကြားဖူး နားဝ ရှိထား တာမို့ ဒီဒုက္ခကို ဥသြလေး က ကောင်းကောင်းကြီး သိနေတယ်။
‘သိပ်ခံရ ခက်နေရင်လည်း နည်းနည်းလောက် သောက် အိပ်လိုက် ပါလား…ဦးရယ်’
‘ဥသြလေး ကလည်းကွာ ဟင်း…အင်း…နေရ ခက်တဲ့ အထဲမှာ ဒါလောက် မိုးကြီးချုပ် နေမှ ဘယ်အရက် ကို နည်းနည်း သောက်ရ မှာလဲ၊ ဆိုင်တွေ ပိတ်ကုန် ပြီကွ…အင်း ဟင်းဟင်း’
‘ဦး အဲဒီလို အခံရ သိပ်ခက် လာရင် တိုက်ဖို့ ကြိုဝယ် ထားတဲ့ ပုလင်းပြားလေး ဝှက်ထားတာ ရှိတယ်၊ ဦး သောက်မလား ဟင်…’
‘အာ..ဒါဒါဆို ပေးကွာ၊ နောက်မှပဲ ဦးလျှော့ လျှော့သွားမယ်၊ ပေးပေး…အသံကြားရုံ နဲ့ လန်းရွှင် သွားတာ ကို မြင်မှ ဥသြ ရင်ပူ သက်သာ သွားပြီး၊’
‘ခဏ..ခဏ ဥသြသွားယူပေးမယ်နော်’
မီးဖိုဆောင် ကြောင်အိမ် ထဲမှာ သိမ်းထားတဲ့ ပုလင်းပြားလေး နဲ့ ရေပုလင်းပါ တစ်ပါတည်း ယူလာပေး ရှာပါတယ်။
‘ဦး ရော့…ရော့..’
စောဟန်ထွန်းက ဥသြလက်ထဲက ပုလင်းပြားလေးကို ဆတ်ခနဲကောက်ယူလိုက်ပြီးတာနဲ့ အဖုံးကို ကပျာကယာဖွင့်မော့ချလို့
‘အို ဦး ကလည်း ရေရောဦးလေ…ဒုက္ခပါပဲ…’
‘ပထမဆုံး ရင်ထဲမှာ ပူသွား အောင်လို့ပါကွာ..အား..ဟား’
‘နောက်ခွက်တွေ ရေရော သောက်နော်၊ နေဦး ညက ချန်ထားတဲ့ ကြက်ဥကြော်လေး ယူပေးမယ်၊ အမြည်းလေး နဲ့ သောက်’
လူသား နဲ့ စီးပွားရေး ဆိုတာ ရေနဲ့ ကြာ လိုပဲ၊ ပြီးတော့ လူနဲ့ အရိပ် လိုပဲလို့ ပြောလို့ ရတယ်၊ နေမြင့် နေရင် လူ အရိပ်မည်း အမှောင်အား နည်းမယ်၊ တိုနေ လိမ့်မယ်၊ အနောက်ဘက်ကို နေကျ သွားတဲ့ အခါမှာ အရိပ်မည်းက ရှည်လာ တော့တာ ပါပဲ၊စီးပွားရေး ကျရင်လည်း အရိပ်နဲ့ တူတဲ့ ဒုက္ခ သံသရာ က ရှည်လာပြီး၊ အဲဒီ အခါ ကျမှ မိသားစုကို ချစ်ရှာတဲ့ စောဟန်ထွန်း က သူခုံမင် တွယ်တာတဲ့ အရက်ကို ဖြတ်ပြန်တော့တာ ပါပဲ၊ ခက်ခဲပြီး မအောင်မြင် ဘဲ ရှိနေတာက စာပေ ဗဟုသုတ နည်းပြီး စောဟန်ထွန်း ကို ဘယ်လို ဒုက္ခ ဝေဒနာမျိုးကို မှ မခံစား စေချင်တဲ့ မမြင်ရက် နိုင်အောင် ချစ်နေ မိတဲ့ ဥသြလေး ရဲ့ အကြင်နာ ပိုမှု မေတ္တာထု ကို မကျော်လွန် နိုင်လေတော့ ဒုံရင်း ဒုံရင်းသာ ဖြစ်နေ ရတယ်။
စောဟန်ထွန်း က ဘာမဆို ဖြစ်အောင် လုပ်တက်တဲ့ လူစားပါ၊ သူအရက်ဖြတ်ခိုက် ရင်ဆိုင်ရတဲ့ ဝေသနာဆိုး အခံရဆိုးချင်တိုင်း ဆိုးစမ်းပါစေ၊ ကြိတ်မှိတ်ခံမယ့် လူစားပါ၊ သူ မခံသာအောင် ရှိနေတာကလည်း သူ့ကို အရိပ် တကြည့်ကြည့် ပြုစုရင်း က ဆောက်တည်ရာ မရ ယောက်ယက်ခတ် နေပြီး ‘ဦးသိပ် ခံစား နေရပြီ ထင်တယ်…ဟုတ်လား၊ အခု ဦး ရင်ထဲမှာ ဘယ်လိုတွေ ဖြစ်နေလဲ ဟင်’ ဆိုတဲ့ ဥသြလေး ပူပင် သောက ဖြစ်နေတာ ကို မြင်ရတာနဲ့သူ့ ရဲ့တင်းထားတဲ့ စိတ်တွေ အပတ် ပြေကုန် ကြရ ပြန်တယ်။
ဥသြလေး နဲ့ စောဟန်ထွန်း တစ်ဦး အပေါ် တစ်ဦး ငဲ့ညှာ နေကြတဲ့ အကြင်နာ တရားတွေ ဟာ တကယ်တော့ စောဟန်ထွန်း ကို အရက်နွံ မှာ နှစ်သတ် နေသလို ဖြစ်နေတာ ကိုတော့  သူတို့ မသိရှာ ကြဘူးပေါ့။ ရေတို အရေးကိုသာ ဦးစားပေး မြင်နိုင်စွမ်း ရှိတဲ့ ဥသြက ရေရှည် ကာလကို မမြင်နိုင် သလို ဥသြလေး နဲ့ ပတ်သက် လာရင် အရာရာကို ဥသြ ပေါ်မှာ ချစ်တာ တစ်ခုတည်းကို ပေါ်မှာသာ အရင်းခံထား ဆုံးဖြတ်လေ့ ရှိတဲ့ စောဟန်ထွန်း ကလည်း သူရဲ့ ကျန်းမာရေး ကဏ္ဍ ကို အမှောင် ချထား လေတယ်။
ဥသြလေးမှာ လောကရေးရာ၊ စာပေ၊ ဗဟုသုတ ခေါင်းပါးနေရရှာပေမဲ့ ပင်ကို သဘာဝ စရိုက်က ရိုးသားတယ်၊ မာန်မာန မရှိဘူး၊ ဂုဏ်ပကာသန တွေ မက်မော ရမှန်း မသိရှာ သလေး ဖြစ်သလို အရှိ တရားကို အရှိ အတိုင်း ပကတိ သာ ကြည့်တက်သူလေး လည်း ဖြစ်တယ်။ ဒုတိယ သမီးလေး မွေးအပြီး မှာ သူတို့ မိသားစု စီးပွားရေး တာဝန်ဟာ စောဟန်ထွန်း တစ်ယောက်တည်း နဲ့ ရုန်းကန်နေလို့ မပြေလည် နိုင်ဘူး ဆိုတဲ့ အမြင်ကို စာတွေ့ မဟုတ် ငါတွေ့ ပုံစံ အတွေ့အကြုံ အရ သူမြင်တွေ့ နေရပြီ။
စောဟန်ထွန်း အတွက် အရက်ဖြူ (ဟိုတုန်း ကလို ရမ် မဟုတ်တော့ပါ)ဖိုးလေးကို ကုပ်ကပ်ချန် နေရတဲ့ ရက်တွေများ လာတော့ အကြွေးယူတဲ့ စနစ်နဲ့ စောဟန်ထွန်း မသိအောင် လှည့်ပတ် လှုပ်ရှားကြည့်တယ်။ ကြွေးဆိုတာ မျိုးက ကျေအောင်လို့ ဆက်ဖြစ်အောင် ဆပ်ပြန်တော့ ဝင်ငွေ ထပ်တိုး မလာသ၍ ယူဖြစ်အောင် ကြွေးထပ်ယူ ရတော့ တာပဲ မဟုတ်လား။ ကြွေးဝင်္ကပါ ထဲ ရောက်တော့တာ ပါပဲ။
အိမ်ရှင်မ ဘဝ ရောက်မှ ဥဩလေး စောဟန်ထွန်း မသိရအောင် ဒုတိယ အကြိမ် စွန့်စား ရပါပြီ။ အရပ်ထဲမှာ အဝတ်လိုက် လျှော်တဲ့ အလုပ်ကို လင်မသိအောင် ကျိပ်လုပ်တယ်။ သူအဝတ်လျှော် စဉ်မှာ စောဟန်ထွန်း မြို့ထဲ သွားနေမယ်၊ သမီးလေး နှစ်ယောက် ကို အိမ်ဘေးက သည်းဝေ နဲ့မနှင်းတို့ က အချင်းချင်း ရိုင်းပင်းစိတ် နဲ့ ကူညီ ထိန်းကျောင်း ပေးထား ကြတယ်။
သူအလုပ် ကို အမြဲ တာဝန် ကျေကျေ၊ သေသေ သပ်သပ် လုပ်လေ့ ရှိတဲ့ ဥဩကို အိမ်ရှင်မတွေ က သဘောကျ ကြတာ မို့ သိပ်အဆင်ပြေ နေတယ်။ စောဟန်ထွန်း မသိအောင် လုပ်ရတာ က လွဲရင်ပေါ့။
ညနေ ညနေ စောဟန်ထွန်း ရဲ့အပန်းဖြေ အရက်ဝိုင်း ကလေး မှာ အမြည်းတွေ နဲ့ ဝေဆာ နေသလို သမီးကလေးတွေ ကို မြှူလိုက်၊ ဇနီးကလေး ကို ကလူလိုက် နဲ့ သူတို့ အိမ်ကလေး ရဲ့ အသာယာဆုံး အလှပဆုံးချိန်ဟာ အဲဒီ ညနေချိန် လေးဖြစ်နေပါတယ်ဆို။
အတွန်းအတိုက် ကိစ္စတွေဟာ နေရာတိုင်း မှာ ရှိနေကြတယ် ဆိုတယ်လို့ ပြောရင် ရတယ်။ ခုပဲကြည့် ဥဩ အရပ်ထဲမှာ အဝတ်လျှော်တော့ ပထမ ဒီရပ်ကွက် ထဲမှာအဝတ်လျှော်တဲ့ သူက မိငယ် နဲ့ မိထွေး တို့ပဲ ရှိတာ သူတို့စားကျက်ဖြစ်နေတဲ့ နယ်(အိမ်)တွေက ခုတော့ ဥဩဆီမှာ ချည်း အဝတ်တွေ အပ်ချင် ကြတယ်၊ သူက အလုပ်ကို လေးစားပြီး ခြေလက် မဆော့ဘူး။ သိကြတဲ့ အတိုင်းပဲ ဥဩက လင်သား မသိအောင် အလုပ်ကို ခိုးလုပ် ရရှာတာ။ အားနည်းချက်၊ ပျော့ကွက်က ဒီအချက်ပဲ ဆိုတာကို မိငယ် နဲ့မိထွေး တို့နား ပေါက်ကြား သွားပြီ ဆိုတာ နဲ့ ကိစ္စ ပြတ်ပြီ။
‘ဥဩ…ဥဩ…’ သူတစ်ချိန် တစ်ခါ မှ မကြားဖူး ခဲ့တဲ့ ခြေနင်းသံ နဲ့ အော်ခေါ် လိုက်တဲ့ အသံကြီး ကို စောဟန်ထွန်း ဆီက မယုံနိုင် စရာ ကြားလိုက် ရလို့ အလန့် တကြား ပြေးထွက် လာခဲ့ ပေမယ့် အသံထွက် ပြီးတော့ မထူးမိဘူး။ မျက်လုံး အ၀ိုင်းသား နဲ့ သာ ငေးကြည့် နေမိတယ်။ ဒေါသ မျက်နှာကြီး နဲ့ စိမ်းစိမ်းကြီး ကြည့်နေရာ က စောဟန်ထွန်း ရဲ့ မျက်လုံး အစုံ ကနေ မျက်ရည်တွေ လှိမ့်ကျ လာကြတယ်။ ငေးကြည့် နေတဲ့ ဥဩလေးက ကျောက်ရုပ်ကြီးလို လက်သီးဆုပ် ရပ်နေတဲ့ စောဟန်ထွန်း ရဲ့ ခြေရင်းစီ ကို ပြေးဝပ် ထိုင်ချ လိုက်ပြီး ခြေအစုံ ကို သိမ်းကျုံး ဖက်ရင်း အမော တကော မေးနေ တော့တယ်။
`ဦး ဥဩမှာ ဘာအပြစ် ရှိလို့လဲ၊ ဥဩ ဘာအမှားတွေ လုပ်မိ လို့လဲ၊ ဦး ဥဩကို အဲလို အကြည့်မျိုး နဲ့ … မ ကြည့်ပါနဲ့ ဦးရယ်´
နှုတ်ခမ်း ကိုက် လက်သီး ဆုပ် တောင့်တောင့်ကြီး ရပ်နေရာ က ဒူးညွှတ် ထိုင်ချ လိုက်ပြီး စောဟန်ထွန်း ဥဩကို ပါးချင်း ကပ်ကာ တင်းတင်း ကြပ်ကြပ် ကြီး ကျုံးဖက် ထားလိုက် တယ်။ နှစ်ဦး စလုံး ဆီက ဘာ အသံမှ မထွက် လာဘဲ ရှိုက်သံတွေ အဆက် မပြတ် ကြားက တိုးတိုးပြီး သာ ဖက်နေမိ ရှာကြတယ်၊ ပြဿနာ ကို ဖွင့်မပြော ကြ ပေမယ့် သိနေကြ ပါပြီ။
`ဥဩရဲ့ စေတနာတွေ ကို ဦး အသိအမှတ် မပြုဘဲ မနေနိုင် ပါဘူး။ ဥဩလေးရယ်၊ ဒါပေမယ့် … ဒါပေမယ့် နောက် ဒီလို အလုပ်ကို ထပ်မလုပ်တော့ ပါနဲ့ တော့ကွယ် … နော် … နော် … ဥဩ´
မျက်ရည်တွေ လူးနေတဲ့ ဥဩလေး ရဲ့ ပါးပြင်လေး ဟာ ရေစင် ဖျန်းပျက်ပြီး သနပ်ခါး သွေးနေ ခံရ ရှာတဲ့ ကျောက်ပြင် မျက်နှာပြင်လေး ဖြစ်နေရှာ ပါတော့တယ်။
`ဥဩ အ၀တ်လျှော်တာ ကို ဦး ရှက်လို့လား ဟင်´
`ဦး ရှက်လို့ မဟုတ်ပါဘူး ဥဩ၊ ပန်းချီ အနုပညာ ကို ဦး ဖက်တွယ် နေတာ မြတ်နိုးမှု သတ်သတ်ပါ ဥဩ ရယ်၊ ဥဩ တို့ မိသားစု အတွက် လုံလောက်တဲ့ ၀င်ငွေသာ ရမယ် ဆိုရင် သမာ အာဇီဝသာ ဖြစ်ပါစေ၊ ဘယ်အလုပ် မှ ဦး မရှက်ဘူး၊ လုပ်ရဲတယ်၊ ဥဩလေး အလုပ်ထွက် လုပ်ရတယ် ဆိုတာမျိုး ဦးနား နဲ့ တောင် မကြားရက်ဘူး။ အို … ဦး အရက် ဖြတ်မယ်၊ ဒီ အရက်ကို ဖြတ်မယ်´
`မှန်တာ ပြောရရင် ချမ်းသာ ပါစေ ဦးရယ်၊ ဦးက သူများ တွေလို လျှောက်သောက်၊ လျှောက် ရမ်းကား နေတာမှ မဟုတ်တာ၊ ညနေ ညနေမှာ ဦး အဲလို ဦးကြိုက် တဲ့ အရက်လေး သောက်ရင်း ပျော်ရွှင် ကြည်နူး နေတဲ့ မြင် ကွင်းကို မြင်ရတိုင်း ဥဩ ဘ၀ကို ဥဩ သိပ်ကျေနပ် မိတယ်။ သမီးလေးတွေ နဲ့ ဦးနဲ့ အဲလို ပျော်နေ ကြတဲ့ ပျော်ရွှင် ချမ်းမြေ့မှု ကို တစ်ခါမှ မကြုံဖူး မခံစား ပါဘူး … ဦးရယ် …´
“ဒါပေမယ့် ဥဩ အရပ်ထဲမှာ အ၀တ် မလျှော်ပါနဲ့ တော့ကွယ်”
xxxxxxxxxxxxxxx
အသက် ခန္ဓာ တည်မြဲ နေသရွေ့ ပတ်သတ် စပ်ယှက် လာနေကြတဲ့ အကြောင်း တရား အင်္သေချေကို ဘယ်သူတွေ မှ မပစ်ပယ် မဖယ်ရှား နိုင်ကြပါဘူး။ အဆင်ပြေမှု၊ အဆင် မပြေမှုတွေ ဆိုတာလည်း သူ့ပုံစံ၊ သူ့အနေ အထားနဲ့ ကွဲပြား ခြားနားမှုတွေနဲ့ အတူ ဆိုက်ရောက် လာကြမှာက အသက်ခန္ဓာ တည်မြဲ နေသရွေ့ ပါပဲ။
ဘယ်လိုပဲ ကွာခြား ကွားခြားပါ၊ ဘ၀ ခရီးလမ်း ဆိုတဲ့ ခရီးကြမ်း ကိုတော့ အစ အဆုံး လမ်းမလျှောက် လို့ မရ ကြပါဘူး။ ခြေလျှင် ရှိရင် ရှိမယ်၊ အနှေးယာဉ်စီး ရတဲ့ အခါရှိမယ်။ သက်သက် သာသာ အမြန်ယာဉ်တွေ နဲ့ ကျော် ဖြတ်ခွင့် ရချင် ရကြမယ်။ ငြိမ့်ငြိမ့် ညောင်းညောင်း နောက်ဆုံးပေါ် ကားကြီးတွေ စီးပြီး ဖြတ်သန်း နေရ သလို အခါ အခွင့်လည်း ကြုံချင်ကြုံနိုင် ပါတယ်။
ဒါပေမယ့် အလှည့် ကျရာ ယာဉ်စီး လို့ ဘ၀ ခရီး အစ အဆုံးကို ဖြတ်သန်း နေရတယ် ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်မှု တွေက ထပ်တူပါ။
ဥဩလေး ခမျာ ကျောင်းစာကို သေစာ ရှင်စာ လောက်သာ ဖတ်တတ်ပြီး အရပ် ထဲမှာ အ၀တ်လျှောက် လျှော်တာ မျိုးလောက် နဲ့ ထမင်းဆိုင် မှာ လုပ်ခဲ့တဲ့ အသက် မွေးဝမ်းကြောင်းမှု လောက်သာ လုပ်ဖူး ခဲ့ရှာတာ၊ အဲဒီ ဥဩဆိုတဲ့ မိန်းကလေးမျိုးက (M.B.B.S) ဘွဲ့ရ့ဆရာဝန်မ တစ်ယောက်လိုမျိုး အိမ်ရှေ့မှာ (အကြောပြင်ဆရာမ ဒေါ်ဥဩ) ဆိုတဲ့ ဆိုင်းဘုတ် လှလှလေး ချိတ်ဆွဲပြီး ၀င်ငွေ ကောင်းနေပါတယ် ဆိုရ ခဲ့ရင် ပုံပြင်လို့ ထင်ချင် ထင်ကြ လိမ့်မယ်။
(ဥဩလေး ဖြစ်ရပ်ကို ယုံကြည်ဖို့ သာဓကတွေ ပြနေရင် သူများကို သရော်သလို ဖြစ်မှာမို့ ထားလိုက် ပါ တော့)
ဥဩလေး ဖြစ်ရပ်ကို မွေးလာစဉ် အခါက ခြေကဖွား (ဆုံပိုင်းမွေး) လို့ ပြောကြတယ်။ အဲဒီလို ခြေကဖွား ဆုံပိုင်းမွေးတွေ ဟာ သူတို့ နှိပ်နယ် ပြုစုရင် ရောဂါ ပျောက်တယ်လို့ ကြားဖူး ကြမှာပါ။ ဒါတွေကို သိလို့ မဟုတ်ရှာ ပါဘူး။
ဟန်ကြီး ပန်ကြီး မလုပ် အသာ အနာ မတွက် တတ်ဘဲ အမြင် မတော်ရင် စေတနာနဲ့ ကူတတ်တဲ့ ဥဩက သူ့ရဲ့ အပေါင်းအသင်း အသိုင်းအ၀ိုင်း မှာ နင်းနှိပ်မှ ပျောက်ကင်းမယ့် ရောဂါနဲ့ ကြုံနေ ကြတဲ့ မိတ်ဆွေတွေကို နှိပ်နယ် ပြုစုကူညီ ပေးတတ်တယ်။
တိုတို ပြောရရင် အိမ်ရှေ့ မှာ ဆိုင်းဘုတ် ချိတ်ဆွဲ ထားရတဲ့ အထိ အောင်မြင်လာခဲ့ ရတာ မိတ်ဆွေ အပေါင်း အသင်းတွေ ကို ကူညီရာ ကနေ စတင် လာတာ ပါလို့ ပြောရင် ရတယ်။
ပုံပြင်တွေထဲမှာ မိဖုရားကြီး ခေါင်းကိုက်တာ၊ ဘုရင်ကြီး ခေါင်းကိုက်တာ ကို မောင်းကြေး နင်းခတ် ခေါ်လို့။ ဆင်းရဲသား ဘ၀က ဘယ်လို ကောင်းစားသွားတယ် ဆိုတာမျိုးပေါ့။ ခုလည်းမိတ်ဆွေအပေါင်းအသင်း၊ အဲဒီကမှ အပေါင်းအသင်း ရဲ့ဆွေမျိုး မိဘတွေ၊ အဲဒီက တစ်ဆင့် ပိုက်ဆံ ရှိတဲ့ အသိုင်းအ၀ိုင်း နဲ့ ဆက်စပ်မှု ရှိတဲ့ သူက ထပ်ပြီး သတင်းပြန့် သွားတာမျိုး တွေပေါ့။
ဆိုင်းဘုတ် ကိုတော့ စောဟန်ထွန်း က တင်ခိုင်းတာ မဟုတ်ပါဘူး။ စောဟန်ထွန်း ရဲ့ဆရာကို ဥဩလေး က နှိပ်နှယ် ကုသ ပေးလိုက်လို့ လက်ကပ်တဲ့ ရောဂါ ပျောက်သွားတော့ အဲဒီဆရာကြီးကိုယ်က မေတ္တာ လက်ဆောင် ဆိုင်းဘုတ်ကို ရေးပြီး သူကိုယ်တိုင် ကိုယ်ကျ ဥဩလေး ရဲ့ အိမ်ရှေ့မှာ လာချိတ် ပေးခဲ့တာ၊ ရိုးရိုးတောင် မဟုတ်ဘဲ နေ့ကောင်း ရက်သာ ရွေးပြီးမှ ကို ဆရာ လုပ်သူက လုပ်ပေးတာ၊ စောဟန်ထွန်း က ဘာပြောရဲ တော့မှာ လဲ။
လူ့ဘ၀ဆိုတာ ဖြစ်ချင်လာပြီဆိုရင် အဲဒီလိုမျိုးတွေပါဆို။ ပြီးတော့ ဥဩလေးအလုပ်ကိုကြည့် ကုသိုလ် လည်းရ ၀မ်းလည်းဝအလုပ် သူတစ်ပါးခံစားနေရတဲ့ ဝေဒနာကို ကိုယ်ကကုသပေးရတာ ကယ်တင်ပေးရတာ ဆရာမလေး၊ ဆရာမလေးနဲ့ ဂုဏ်သိက္ခာတောင် ရှိသေးတယ်။
စောဟန်ထွန်းရဲ့ ဆရာ တိုက်တွန်း တာကြောင့် ဥဩလေးက ခုဆိုရင် ဘုရားစင်မှာ ပန်း၊ ရေချမ်း မပြတ် ကပ်လှူတတ် နေပြီ။ ပုတီးစိပ် တတ်နေပြီ၊ မရှိနွမ်းပါးသူတွေ ဆိုရင် သူတို့ လင်မယားက အခကြေးငွေ မရှိတဲ့ အပြင် ပြန်ထောက်ပံ့ လိုက်သေးတယ် ဆိုတဲ့ သတင်းကောင်းတွေ ကလည်း ဥဩလေးရဲ့ လုပ်ငန်းကို တီဗီ၊ ဂျာနယ်၊ မဂ္ဂဇင်းကတွေ ကနေ ကြော်ငြာခတွေ သိန်းချီ ကုန်ကျခံပြီး ကြော်ငြာတာ ထက်ကို ပိုထိရောက် နေလိုက် တာ ဟိုးရပ်နီး ရပ်ဝေးတွေ က ကားကြီး ကားကောင်းတွေ နဲ့ကို လာကြတာ ပါဆို။
စာရေးဆရာ၊ အနုပညာရှင်တွေ က ၀တ္ထုဇာတ်လမ်းတွေ ကို ဆန်းဆန်း ပြားပြားတွေ ရှာကြံ ရေးဖွဲ့ ကြသ လိုပါပဲ ဘ၀ ဇာတ်ဆရာ ကလည်း တကယ့် လူတွေကို ဇာတ်လမ်း၊ ဇာတ်ကွက်တွေ အမျိုးမျိုး တအံ့တဩ ရှိကြ ရအောင် ဖန်တီးပြ နေတယ်လို့ ဆိုရင် ရတယ်။
စောဟန်ထွန်း နဲ့ ဥဩလေး တို့ မိသားစု လေးယောက် နေထိုင် ကြတဲ့ အိမ်ဂေဟာလေး ကို ဟိုးငယ်ငယ် ရေဒီယို ထုတ်လွှင့်တဲ့ `သိရိဂေဟာ´ အိမ်ကလေး လို့ အများက မြင်နေ ကြတယ်။ တစ်ယောက် အပ်ါတစ်ယောက် ဒီလောက် အထိ အပေး အယူ မျှပြီး နားလည်မှု အပြည့်အ၀ ရှိနေတဲ့ စောဟန်ထွန်း နဲ့ ဥဩလေး တို့ရဲ့ အိမ်ထောင် သက်တမ်း ဟာ အနှစ်တစ်ရာ နှစ်ဆယ် တည် စေသော် လို့ ဘယ်သူမှ ဆု မပေးပါဘဲ သူတို့ အလိုလို ရှည်ကြာ တည်တံ့ ခိုင်မြဲကြမှာ လို့လည်း လူအများ က တစ်သံတည်း ဟောကိန်း ထုတ်ခံ ကြရ ရှာပါတယ်။
ဒါက ပတ်ဝန်းကျင် နဲ့ အများ အမြင်၊ ကိုယ့်ရှေ့မှာ ရှိနေတဲ့ မျဉ်းတစ်ပြေးတည်း ကနေ ကြည့်ရတဲ့ အမြင်။
တကယ်တမ်းမှာ ကျတော့ သူတို့ရဲ့ သာယာတဲ့ အိမ်ထောင်ရေး ကလေး ဥဩရဲ့ ဘ၀ ထက်ဝက် မကျိုးခင် မှာ စောဟန်ထွန်း က မမျှော်လင့် ပါဘဲ ရုတ်တရက်ကြီး လမ်းခွဲ ထွက်ခွာ သွားရှာတော့ အပေါင်းအသင်းတွေအကုန်လုံး အံ့အားသင့် ကုန်ကျတော့ တာပေါ့။
စောဟန်ထွန်း ကို ဥဩလေး ရဲ့ ငြိမ်းချမ်း အေးမြ တဲ့ ရင်ခွင်ထဲ ကနေ မညာမတာ ဆွဲထုတ် သတ်ဖြတ် လိုက်တဲ့ လူသတ် သမား ကတော့ လူအများ ကို ဒီအစာ ကျွေး ဒီလက်နက် နဲ့ သတ်ပေး ခဲ့တာ ကမ္ဘာအနှံ့ ကျယ်ပြန် ခဲ့ပြီး ဖြစ်နေသော လက်ရင် ပြီးသား သားကောင်ပဲ ရှာနေတဲ့ စောဟန်ထွန်း ကို သွေးအေးအေး နဲ့ သတ်သွားတဲ့ လူ သတ် တရားခံ က အသည်း ကင်ဆာ။ စောဟန်ထွန်း အလူးအလဲ ခံစားလာ ရတဲ့ ရက်တွေ ကတည်းက ထမင်းမေ့ ဟင်းမေ့ အနားက မခွာတမ်း ပြုစု နေခဲ့ ရှာတဲ့ ဥဩလေး ကို စောဟန်ထွန်း က အသက်ရှု ရပ်သွားတဲ့ အခါကျမှ သူ မလွှတ်တမ်း ဆုပ်ကိုင် ထားတဲ့ လက်ချောင်းလေးတွေကို ၀ိုင်းဖြန့်ပြီး စောဟန်ထွန်း ရဲ့ ဒွါယ အပေါက်တွေ က စီးထွက် လာတဲ့ သွေးအိုင် ထဲမှာ မေ့မြော လဲနေကျ နေတဲ့ ဥဩလေး ရဲ့ ခန္ဓာကိုယ် ကို သယ်မ ဖယ်ထုတ် ခဲ့ယူ ခဲ့ရ တယ်။
ကန်ရေပြင် ဟာ ဘယ်လောက်ပဲ ကြည်လင် သန့်ပြန့် နေပါစေ၊ ကန်ရေပြင်ထဲမှာ ထင်ဟပ်နေကြတဲ့ အ ရိပ်တိုင်းဟာ ပီပီ ပြင်ပြင် ပြတ်ပြတ် သားသား ရှိမနေ တတ်ပါဘူး။ ပုံသေ တပ်အပ် ပြောနိုင် တာက မှန်ရှေ့မှာ မျက်နှာ အပ်ကြည့် လို့ တည့်တည့် ပုံမှန် အမြင် အမြင်မျိုး ဘယ်တော့မှ မမြင်ဘဲ ပြောင်းပြန် ဇောက်ထိုး အနေအထား ဆန့်ကျင်ပြီး မြင်ကျ ရမှာ သေချာ ပါတယ်။
ဩော် … စောဟန်ထွန်း နဲ့ ဥဩလေး တဲ့ အိမ်ထောင်ရေး နိဂုံးချုပ် သွားရ ပုံကလည်း အားလုံး အမြင်နဲ့ ကတော့ ကန်ရေပြင်ထဲ အရိပ်လို ပြောင်းပြန် ဇောက်ထိုး ပါပဲလား။
`အောက် အီး အီး အွတ် …´
`အောက် အီး အီး အွတ် …´
`အောက် အီး အီး အွတ် …´
လောကကြီး က ရေခဲရိုက် ခံထား ရသလို အေးစက် နေတယ်။ အရုဏ်ဆီ ကို ဦးတည် ချဉ်းကပ် လာပေမယ့် အလင်းအား က အမှောင်ထု ကို မလွှမ်း နိုင်သေး၊ လောကရဲ့ အလှတရားတွေကို သဲသဲ ကွဲကွဲ မမြင်ရ သေးပါ။ အမှောင်ထု ပါးလျ လာခဲ့ ပေမယ့် တစ်လောကလုံး ကို လွှမ်းခြုံ ထားဆဲ။
ချမ်းချမ်း စီးစီး တွန်နေကြဟန် ရှိတဲ့ ကြက်တွန်သံလေးတွေက နီးလိုက် ဝေးလိုက်၊ သဲ့သဲ့ ကလေးကြား လိုက် အနီး အရပ်က တွန်ပြန်တော့ ကျယ်ကျယ် စူးစူး ကြားလိုက် နဲ့ ကြိုးကြား ကြိုကြား တစ်လှည့်စီ ကြားနေရ တယ်။ ဒီအချိန်မျိုး မှာ နိုးနေသူ အတွက် တင်ဆက် နေတဲ့ ဖျော်ဖြေမှုလေး တစ်ရပ်လို ဖြစ်နေ ပါတယ်။
ဥဩ ပျဉ်စလူ ရွာလေး ကို အမှတ်ရ လာရှာတယ်။ ဒီတုန်းက သူ အခုလို သူ့ရဲ့ ဦး၊ စောဟန်ထွန်း ကို ဘယ် သတိရမိ မလဲ၊ တွေ့လာရ လိမ့်မယ် လို့လည်း ဘယ်ထင်ပါ့ မလဲ။ သူအခု စောဟန်ထွန်း ရဲ့ မွေးရပ်မြေ ကျိုက်ထို ကို ရောက်နေ တာရော … ဦး သိမယ်လို့ ဥဩ မထင်ပါ။
ဥဩ ကို စောဟန်ထွန်း ရဲ့ မိဘတွေ မောင်နှမတွေက သူတို့နဲ့ လိုက်နေဖို့ အမျိုးမျိုး ခေါ်တာက တစ် ကြောင်း၊ ခုလက်တလော စောဟန်ထွန်းနဲ့ အတူ နေခဲ့ ကြတဲ့ နေရာမှာ တစ်ယောက်တည်း မနေချင်တာကြောင့် သူ့ဦး ရဲ့ ဇာတိမြေလေးကို လည်း ရောက်ဖူး ရအောင် ဆိုတဲ့ ရည်ရွယ်ချက်လေး နဲ့ ကျိုက်ထို ကို ခုလို လိုက်လာ ခဲ့တာပါ။
တခူးခူး နဲ့ အိပ်ပျော် မောကျ နေတဲ့ သမီးလေး နှစ်ယောက်ကို စောင်ခြုံပေး အပြီးမှာ လက်ကျန် မျက်ရည် တွေက စီးကျ လာရ ပြန်ပါတယ်။
ဆက်အိပ်လို့ မရတော့မှာ သိနေလို့ ခေါင်းဦး အောက်ထဲမှာ ထည့်ထားတဲ့ စောဟန်ထွန်း ရဲ့ သွေးတွေ စွန်းပေနေတဲ့ စာအိတ်ကလေး ကို လက်နဲ့ စမ်း ထုတ်ယူ လိုက်ရ ပြန်ပါပြီ။
ညစဉ် ညတိုင်း အခေါက်ပေါင်း မရေတွက်နိုင် အောင် ဖတ်ပြီးလို့ အလွတ်ရ နေပေမယ့်လည်း စောဟန် ထွန်း လက်ရေးလေးကို မြင်ရတော့ မျက်နှာပါ မြင်ရသလို အသံပါ ကြားယောင် လာတာမို့ သွေးစွန်း ပေနေတဲ့ စာအိတ် ကလေးကို အသာအယာ ထုတ်ယူ လိုက်ပါတယ်။
ခုတင်ပေါ်မှာ တွဲလွဲ ချထိုင်နေတဲ့ ဘက်ဒ်ဆွစ်လေးကို နှိပ်လိုက်တော့ စာကြောင်းလေးတွေနဲ့ အတူ စော ဟန်ထွန်းရဲ့ အသံတွေကို ပါ ဥဩ ကြားလာရ သယောင်ပါ။
ကြည့်ပြီးသား ရုပ်ရှင်ခွေတွေ ကို ပြန်ဖွင့် လိုက်သလို ပါပဲ။ မြင်နေကျ စောဟန်ထွန်း ရဲ့ ခယ တောင်းပန် တဲ့ အသွင်နဲ့ ကြေကွဲ နေရှာတဲ့ စကားသံတွေ ကို ထပ်ကာ ထပ်ကာ ကြားလာ နေတယ်။
ကျွန်တော် တောင်းပန်ပါရစေ။
ခင်ဗျားနဲ့ ကျွန်တော်ဟာ မျက်နှာသိတွေလည်း ဖြစ်ချင် ဖြစ်မယ်၊ တစ်ချိန် တစ်ခါမှ မတွေ့ဘူး မမြင်ဘူးကြ သူတွေလည်း ဖြစ်ကောင်း ဖြစ်နေကြ လိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါဗျာ …
အခု ဆိုရင် ခင်ဗျားဟာ ဥဩလေး ကို လက်ထပ်ယူတော့မယ့် လူတစ်ယောက် ရဲ့ ဆက်ဆံမမျိုး၊ အခွင့် အရေးအမျိုး တွေအထိ ရရှိပြီးသူတစ်ယောက်ဖြစ်နေပြီဆိုပါတော့။ ခင်ဗျားတကယ်ပဲ ဥဩကို လက်ထပ်ယူဖို့ အခိုင်အမာ ဆုံးဖြတ်ပြီးပြီလား။
အပြန်ပြန် ပြန်စဉ်းစားပါလို့ ကျွန်တော်အလေးအနက်တောင်းပန်ပါတယ်ဗျာ။ အသနားခံပါတယ်နော်။
ဥဩလေးကို မြတ်မြတ်နိုးနိုး သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းနိုင် ပါ့မလား။ သမီးလေး နှစ်ယောက် ပါသေး တယ်နော်။ ဒါတွေ အားလုံး ထည့်စဉ်းစား ပြီးမှ ဥဩလေး ကို လက်ထပ်ဖို့ ဆုံးဖြတ် ပါလားဗျာ။ အဲဒါတွေ စဉ်းစား ပေးပါ လားဗျာ။
ဥဩ ကလေးဟာ တကယ့်ကို စိတ်ထား ဖြူစင်သန့်ရှင်း ရှာပြီး သားကို သခင်၊ လင်ကို ဘုရား ဆိုတဲ့ အစား ထဲကမိန်းကလေးမျိုးပါ။ ဥဩလေးကို ရေရှည်ချစ်နိုင်မှ လက်ထပ်ယူဖို့ စဉ်းစား ပါလို့ အသနားခံခြင်း နဲ့ အတူ အထပ်ထပ် အခါခါ တောင်းပန် ပါရ စေလားဗျာ။
စောဟန်ထွန်း
ဥဩကလေး ဒီစာကို ဒီလို ဖတ်ပြီး သွားတိုင်း မျက်ရည် ကင်းမဲ့တဲ့ ငိုချင်း ရှည်ကြီးကို အသံတိတ် ရင်ထဲ မှာ ကျိတ်ငို ခဲ့ရတာ စောဟန်ထွန်း သေဆုံး သွားတဲ့ အချိန်က စလို့ပဲလို့ ပြောရ မှာပါ။ ပြီးတော့ … သူဖတ်ပြီးသွား တိုင်း သူပြောနေကြစကားက
`ဦးရယ် … ဦးက ဥဩ အသက်အရွယ် နဲ့ နောက် အိမ်ထောင်ပြုမယ် ဆိုရင် ဦးရေးပေးခဲ့ ဟောဒီ စာကို ဥဩ လက်ထပ် ယူမယ့် အဲဒီ လူကို ပေးဖတ်နှင့် ပါလို့ ဦးမှာ ခဲ့တယ်နော်´
ဦးစိတ်ထဲမှာ ဥဩ အိမ်ထောင်ပြု လိမ့်ဦး မယ်လို့ စွဲသွား သလားဦးရယ်၊ ဦး ရေးထားတဲ့ ဒီစာကို ဘယ်သူမှ ဖတ်ခွင့် မရစေရဘူး၊ ဖတ်ရမှာ မဟုတ်ဘူးဆိုတာ ဦးကြားအောင် ဘယ်လို ပြောရ မှာလဲ။ ဟောဒီ စာလေး ဥဩ အသက် နဲ့ ခန္ဓာမြဲ နေသ၍ ဥဩရဲ့ ရင်ခွင်မှာပဲ ရှိနေစေရ ဦးမယ် ဦး၊ ဦးကောင်းရာ ဘုံဘ၀က ကျေနပ်အောင် ဒီစာကလေး ဟာ ဥဩ နဲ့ အမြဲ မကွာ ရှိနေမှာ ပါနော်။

No comments:

Home