Home

ွဲစွဲလမ်းခဲ့သော မီ...

ဘာလိုလိုနှင့် နောက်ဆုံးနှစ်စာမေးပွဲကြီးကို ချောမောစွာ သူဖြေဆို နိုင်ခဲ့သည်။ ကျောင်းတက်နေစဉ်ကာလက အတန်းတက်လိုက်၊ ကျောင်းကိစ္စဆောင်ရွက်လိုက်နှင့် တစ်နေ့တာအတွက် မသိသာခဲ့သော်လည်း ခုလို ကျောင်းပြီးသွားတော့ သူလတ်တလော ယောင်ချာချာဖြစ်နေသည်။ အစောပိုင်းရက်တွေက စာအုပ်ဖတ်လိုက်၊ အခွေ ကြည့်လိုက်၊ သူငယ်ချင်းတွေဆီ လျှောက်လည်လိုက်နဲ့ အဆင်ပြေနေပေမဲ့ ကြာတော့လည်း ထိုကိစ္စတွေက ပျင်းစရာ ဖြစ်လာသည်။
သည်နေ့လည်း ခပ်ပျင်းပျင်းရှိသည်နှင့် စာကြည့်စားပွဲပေါ်မှ သူ့ကျောင်းဖတ်စာအုပ် ဟောင်းတွေ စိတ်လိုလက်ရ ရှင်းနေဖြစ်သည်။ သူ ဆွဲယူလိုက်သော စာအုပ်ကြားထဲမှ စာရွက်ခေါက်ဖြူလေးတစ်ခု အမှတ်မထင် ထွက်ကျလာသည်။
ဘာပါလိမ့်ဟူသော အတွေးဖြင့် အသာဖွင့် ဖတ်ကြည့်တော့ သူ့လက်ရေးဖြင့် သူကိုယ်တိုင်ရေးပြီး မပေးဖြစ်ခဲ့သော စာတစ်စောင် ဖြစ်သည်။ ရေးပြီး မပေးဖြစ်ခဲ့သောစာ မှတ်မှတ်ရရ နှစ်စောင်ရှိသည်။
ထိုစာနှစ်စောင်ထဲမှ နောက်ဆုံး မပေးဖြစ်ခဲ့သော ယခုစာမှာ သူတက္ကသိုလ် ကတည်းက အစွဲကြီး စွဲလန်းခဲ့ရသော မီ နာမည်တပ် ရည်းစားစာ ဖြစ်သည်။

-၂-
သူမ နာမည်က ... မီ။ အတွန့်အခက်မပါသော ထိုနာမည်နှင့် လိုက်ဖက်ညီစွာ မီ သည် ရိုးရိုးလေးနှင့် ဆန်းသော အလှပိုင်ရှင်ဖြစ်သည်။ အနေအထိုင် အချိုးကျ၏။ ဝတ်စား ဆင်ယင်ပုံက ခေတ်နှင့်အညီ ဆိုပေမဲ့ အစွန်းရောက်ကြီးလည်း မဟုတ်။ မီ့ရဲ့အလှမှာ သူ့လို နစ်မျောနေသူတွေက အပုံအပင်။ သို့ပေမဲ့ မီ့ရဲ့မျက်နှာထားနှင့် ဆက်ဆံပုံကြောင့် သူ အပါအဝင် တိတ်တခိုး ရင်ခုန်ရသူအားလုံး မီ့ နံဘေးနား မကပ်ရဲကြပေ။
မီ့ရဲ့မျက်ဝန်းနက်တစ်စုံအောက်မှာ ကိုယ်ပိုင်ခံစားချက်၊ အိပ်မက်တွေ၊ ရင်ခုန်သံတွေကို ရက်ရက်ရောရော ပေးအပ်လို့ ဒူးထောက်ပေးချင်သူတွေက ဒုနှင့်ဒေးရှိသည်။ သူတို့ကျောင်း (တက္ကသိုလ်နယ်မြေ)မှာ မီ့မျက်ဝန်း ဘာသာဗေဒတွဲကြောင့် သီချင်းရေးဆရာ၊ ဗျာဆရာ၊ မော်ဒယ်လ်ဘွိုင်းအစရှိသည့် ဆရာပေါင်းများစွာ ပေါ်ထွက်ခဲ့ကြသည်။
သူသည်ပင် မီ့မျက်ဝန်းအလှဖွဲ့ကဗျာနှစ်ပုဒ်ဖြင့် ကျောင်းတော်အသိအမှတ်ပြု ကဗျာရေးသူ တစ်ယောက် ဖြစ်ခဲ့သည်။ မီ၏မျက်ဝန်းအပြင် နောက်ထပ် စွဲမက်ရင်ဖိုစရာအချက်မှာ ကြက်သွေး ရင့်ရောင်နှင်းဆီပွင့်ဖတ်လွှာ၏ မှော်ဆန်သောအလှ အတိပြီးသည့် မီ့နှုတ်ခမ်း... နှင်းဆီသခင်မ၏ အနီရောင်ကတ္တီပါနှုတ်ခမ်းလွှာပင် ဖြစ်သည်။
မီရဲ့အလှသည် စိတ်ကူးယဉ်ဝတ္ထုထဲမှ ဇာတ်ဆောင်မင်းသမီးလို စင်းလုံးချော အလှမျိုး မဟုတ်။ မီ၏အနေအထိုင် တည်တံ့သောအချက်က ဆူးတွေ ဝန်းခထားသော နှင်းဆီပွင့်လို။ မီ့ အလှကို စွဲလမ်းသူများအတွက် အပြစ်ဟု မမြင်သည့်အပြင် စွဲမက်စရာတစ်ခုအနေဖြင့် ခံယူ ထားနိုင်ကြသည်။

အသားဖြူဝင်းပြီး ကောင်းခြင်းငါးဖြာ ပေါင်းစုထားသော မီသည် မျက်နှာ အလှအပြင် ကိုယ်ခန္ဓာ အချိုးအဆစ်မှာလည်း ကျွမ်းကျင်သော ပန်းပုဆရာထုဆစ်ထားသကဲ့သို့ ယမင်းသူဇာဟန် ဆွဲဆောင်မှုအပြည့်ရှိလေသည်။
မျက်ဝန်းနက်လေး ထောင့်ကပ်လို့ ဝင့်ကြည့်လိုက်သော မီ့ရဲ့အကြည့်အောက်မှာ အသည်းနှလုံးပစ်မှတ်အဖြစ် ထိမှန်ခွင့်ရသူသည် ကိုယ့်ကိုယ်ကိုယ် ကံအကောင်းဆုံးသူအဖြစ် ထင်မှတ်ခံယူကြသည်။
ကြည်လင် သာယာသော ညနေဆည်းဆာ၏ အဝါရောင်၊ လိမ္မော်ရောင် ဆတူညီရောစပ် ပက်ဖြန်း ခြင်းခံထားရသော တိမ်သား၊ တိမ်မျှင်များ၏ အနီရောင် အနားသတ် ကောက်ကြောင်းကို မီရဲ့နှုတ်ခမ်းလွှာကို တမေ့တမော ငေးကြည့်ရသူတွေလည်း များခဲ့သည်။
ထိုသို့သော မျက်ဝန်းနက်ဒေဝီ... ဆည်းဆာနှင်းဆီလို နှုတ်ခမ်းပိုင်ရှင် အလှသခင်မ မီသည် သူနှင့် အခြား ချစ်တတ်သော နှလုံးသားရှိသူများ၏ ရင်ခုန်မှတ်တမ်းမှာ မင်းသမီး တစ်ပါး ဖြစ်ခဲ့လေသည်။
-၃-
သူနှင့် မီသည် မေဂျာတွဲ၊ ဘာသာရပ်တူ များဖြစ်သည့် ပထမနှစ် ကျောင်းတက်ချိန်မှစ၍ မီ့အလှဂုဏ်သတင်းက အခြားမေဂျာကျောင်း သားများသို့တိုင် ပျံ့နှံ့ခဲ့သည်။
အလှဘုရင်မတွေပေါသည့် တက္ကသိုလ် နယ်မြေ၌ မီသည် ဘုရင်မ မဟုတ်သောတည်ငြိမ် လှပသည့် ပန်းကောင်းတစ်ပွင့် ဖြစ်ခဲ့သည်။ မီ့ရဲ့ အချစ်ကို ဆွတ်ယူဖို့ ကြိုးစားသူတွေလည်း ပေါ်တင်တစ်မျိုး၊ တိတ်တိတ်တစ်မျိုးနှင့် တစ်ပွင့်သောပန်းအား ပျား၊ ပိတုန်းတို့ အလုံး အရင်း ဝိုင်းသကဲ့သို့ ဖြစ်နေသည်။
ထိုသို့သော မီ့အချစ်ဆွတ်ခူးပွဲ၌ သူသည်လည်း တိတ်တခိုး အုံ့ပုန်းဂိုဏ်းဝင် ဖြစ်ခဲ့သည်။ စာသင်ချိန်တွေမှာ မီ့ပုံရိပ်၊ အတန်းအားချိန်မှာ မီ့အရိပ်အဖြစ်နှင့် ညအိပ်ရာဝင်ခါနီးသည့်တိုင် နေ့ခင်းက ဆွတ်ယူခဲ့သော မီ့မျက်ဝန်းနက် အကြည့်တွေကို ပြန်လည်ရင်ခုန်ရသည်အထိ သူခံစားရသည်။
မီနှင့် သူသည် သူငယ်ချင်းလည်း မဟုတ်၊ အခြားသော ယောကျာ်းလေးသူငယ်ချင်းမျိုး လည်း မီ့ထံ ရှိမည်မဟုတ်။ မိန်းကလေး သူငယ်ချင်းလေးယောက်နှင့် အတန်းတက်မှန်သော အနေအေးသည့် မီ၏ပုံစံမှာ တည်ငြိမ်အေးဆေး လွန်းသည်။
ထို့ကြောင့် ချစ်ကြိုက်သူများက ကြိုက်နေသည်ဆိုသော်လည်း စကားဆိုဖို့ အနားကပ်ရန်ကိုပင် ဗို့အားပြင်းလျှပ်စစ်ထရန်စဖာနားကပ်ရ မည်ကဲ့သို့ မဝံ့ရဲကြ။ အရဲစွန့်စကားလိုက်ပြော သူများမှာလည်း မီ၏မလိုလားသော မျက်ဝန်း၊ ဥပေက္ခာတရားတို့ကိုသာ ရင်ဝယ်ပိုက်၍ တပ်ခေါက်ပြန်သူက များသည်။
သူ့အနေနှင့် မပိုင်ဘဲနှင့်တော့ မလှုပ်ရှားချင်သေး။ အကြံကြီးကြီးထားပြီး မီ့အချစ်ကိုရဖို့ သူ ဖန်တီးရမည်။ ထို့ကြောင့် ပထမနှစ်မှာပင် မီ့ထံသို့ သူစာနှစ်စောင် ပေးနိုင်ခဲ့သည်။ သမား ရိုးကျပုံစံနှင့်တော့ ထိုစာများကို မီက လက်ခံမည်မဟုတ်။
သူ့လို ခိုးချစ်နေရသူတစ်ယောက်မှာရှိတဲ့ စွမ်းရည်ကို အပြည့်အဝ ထုတ်သုံးလိုက်သည်။ ကျောင်းမှာ ရည်းစားစာဘုရင်ဟု ဘွဲ့ထူးရ သူသည် အလွန်မှ ခက်ခဲသော ခံစားချက်ဖွင့်ဆိုမှု စာတစ်စောင်ကို သေချာစီမံရေးသားသည်။ စာအိတ်ကိုလည်း ကိုယ်တိုင်လက်ဖြစ်(Hand-made)ပြုလုပ်၍ မီ သူ့စာကို မယူ ယူရအောင် ကြံခဲ့သည်။
သူ၏စာကို ပထမဆုံး တခြားမေဂျာမှ သူငယ်ချင်းမိန်းကလေးမှတစ်ဆင့် သူတို့မေဂျာမှ သူ့အား မသိနိုင်သော မိန်းကလေးတစ်ယောက်ထံ ပေးခိုင်းသည်။ သူတို့မေဂျာမှ ကောင်မလေးကလည်း တစ်ခါမှမသိ၊ မမြင်ဖူးဘဲ မိန်းကလေးချင်း အကူအညီတောင်း ပေးလာသောစာကို မီ့ထံသို့ ရောက်ရန် သူအကွက်ချစီစဉ်ခဲ့သည်။
စီစဉ်ထားသလို အောင်မြင်ခဲ့သည်။ သူ့ နာမည် အတိုကောက်နှင့် သူ့လက်ရေးမှလွဲ၍ မီ သူ့ကို အတိအကျ သိစရာ ဘာမှမရှိ။ ထို ပုံစံအတိုင်း နောက်တစ်စောင် ပို့သည်။ ပိရိ သေသပ်သော သူ့လုပ်ရပ်ကို မီမသိနိုင်ခဲ့။ မသိသည့်အပြင် သူ့စာနှစ်စောင်ကို ငြင်းဆိုလို့မရ၊ မယူလို့မရ အခြေအနေကို သူ ဖန်တီးခဲ့သည်။ စာယူပြီးရင်တော့ ရာခိုင်နှုန်းထက်ဝက်ကျော် က သူ မှန်းထားသလို ဖြစ်နိုင်ပေမည်။
မီသည် သူ့စာနှစ်စောင်ရပြီးချိန်မှစ၍ သူ့ကို သံသယမျက်လုံးများနှင့် ကြည့်တတ်လာသည်။ မီ့သူငယ်ချင်းမတစ်ယောက် သူ့ကို လာမေးဖူးသည်။
“မင်းမော်... နင့်စာအုပ် ခဏပြကြည့်”
“ဟ... ဘာစာအုပ်လဲ”
“အင်္ဂလိပ်... Note (မှတ်စု)၊ ငါရှေ့ရက် က အတန်းလစ်ထားလို့။ အဲဒါ ငါ ပြန်ကူးချင် လို့”
သူ လွယ်အိတ်ထဲမှ မှတ်စုစာအုပ်ထုတ် ပေးလိုက်သည်။ သူတို့ အင်္ဂလိပ်သင်သည့်ဆရာမက အင်္ဂလိပ်လိုရေးပေးသည့်အပြင် သူတို့နားမလည်သော စာလုံးတွေကို မြန်မာလို မှတ်သား ခွင့်ပြုသည်။ ခုလည်း စာကူးမည်ဆိုပြီး သူ့စာအုပ် ငှားကာ သူပေးသောစာမှ လက်ရေးနှင့်တိုက် ကြည့်မည်ဆိုတာ မြေကြီးလက်ခတ်မလွဲ...။
ခဏကြာတော့သူ့စာအုပ်ပြန်လာပေးရင်း..
“မင်းမော်... မီ့ကို စာပေးတာ နင်လား”.
“ဘာစာလဲ။ စာနဲ့ပတ်သက်ရင် ကျောင်းစာကလွဲပြီး ဘာမှ စိတ်မဝင်စားဘူး”
“နင် ရွှတ်နောက်နောက် မလုပ်နဲ့။ ငါ အတည်မေးနေတာ။ နင် ကွယ်ရာကနေ မီ့ကို ရည်းစားစာတွေ ပေးနေတာ မဟုတ်လား။ မငြင်းနဲ့”
“ဟိုက်... ဒုက္ခော.. ဘယ်လို စွပ်စွဲချက် များလဲကွယ်။ နင်တို့ တစ်ဖက်သက်ထင်ကြေးနဲ့ ငါ့ လာမစွပ်စွဲနဲ့”
မီ့သူငယ်ချင်းက သူ့စကားကို မယုံသလို အကဲခတ်၍
“ထင်ကြေးနဲ့ မဟုတ်ဘူးဟေ့။ နင့်စာအုပ်က လက်ရေးနဲ့ ဟိုစာက လက်ရေး တိုက်ကြည့် ပြီးပြီ။ နင်ပဲ။ လုံးဝ သေချာတယ်”
“ကဲ... ငြင်းလို့မရလည်း ဟုတ်တယ်လို့ မှတ်လိုက်။ ဒါပေမဲ့ နင်တို့သူငယ်ချင်း စိတ် ချမ်းသာဖို့ ပြောလိုက်တာနော်။ ငါ ရေးတာတော့ မဟုတ်ဘူး”
“နင် မညစ်နဲ့ မင်းမော်။ နင် ယောကျာ်း ပီပီ ဝန်ခံရဲရမှာပေါ့”
“ရော်... ဝန်ခံပြန်တော့လည်း ဇွတ်... မမှန်တာပြော ချမ်းသာပါစေ၊ ဟုတ်တာပြော ဆင်းရဲပါစေ။ ငါလည်း ဒီအတိုင်းဆို နင့်သူငယ်ချင်းကို ကြိုက်ရမယ့်ပုံပဲ...အဟဲ...ပြောပေးနော်”
“တောက်... သေနာကောင်”
သူ့ရဲ့ရွှတ်နောက်နောက် အမှန်တစ်ဝက် မုသားအရေခြုံစကားကို မီ့ရဲ့သူငယ်ချင်းမက တောက်ခတ်ကျိန်ဆဲပြီး သူ့ရှေ့မှ မကျေမနပ်နှင့် ထွက်သွားသည်။
-၄-
ဒုတိယနှစ်ရောက်တော့ သူရဲတင်းစွာ လှုပ်ရှားတော့သည်။ မီ့ကို ရည်ရွယ်ပြီးရေးသော ကကြီးမှ အအထိ ဗျည်း ၃၃ လုံး ရည်းစားစာက အခြား ခင်မင်သူများပင် အကြိုက်တွေ့လှ သဖြင့် မိတ္တူဆွဲကြရသည်ထိ ဖြစ်သွားသည်။
သို့သော် မီ့နံဘေးနားသွားပြီး ချစ်ရေးဆိုဖို့ထိ သူ မစွန့်စားရဲသေး။ အဝေးကြည့်စနစ်ဖြင့် သာ မီ့ထံသို့ မျက်ဝန်းအကြည့်စကားများ ဆိုခဲ့သည်။ မီ့မျက်ဝန်းများက မပြောင်းမလဲ၊ အေး စက်သော၊ အဓိပ္ပာယ်ရှာရခက်သော အဖြစ်က တိုးပြီး အရောင် မပြောင်းခဲ့ပေ။
သူ့ရဲ့စာတွေမှန်းတော့ မီ သိသွားခဲ့သည်ပေါ့။ တစ်ခါ လက်တွေ့ခန်း အတန်းချိန်မှာ မီနှင့် သူ့သူငယ်ချင်းမတို့ နောက်ကျပြီးမှ ရောက်လာသည်။ နေရာထိုင်ခုံကလည်း သူ့ရှေ့မှာသာ လွတ်နေလေတော့ ထိုနေရာမှာပဲ မီ ဝင်ထိုင်လိုက်သည်။
အတန်းချိန်တစ်ချိန်လုံး မီ့မျက်နှာကို သူ အနီးကပ်ငေးကြည့်နေခဲ့သည်။ နံဘေးက သူ့ သူငယ်ချင်းနှင့် မီ့သူငယ်ချင်းတွေက သူ့ရဲ့ အကြည့်ကို သိနေကြသည်။ မီကတော့ သူ့ကို ဂရုမစိုက်၊ စာထဲမှာသာ အာရုံစိုက်၍ စာလိုက် မှတ်နေသည်။
နောက်တစ်ခါ မီနှင့် သူ မျက်နှာချင်းဆိုင် ရတဲ့အဖြစ်က အခန်းနှစ်ခန်းခွဲပြီး စာဖြေရသည့် အချိန်၊ အဖြေစာအုပ်များက သူတို့အခန်းမှာ လာရွေးယူကြရသည်။ မီ့စာအုပ်က တိုက်ဆိုင်စွာ သူ့လက်ထဲ ရောက်လာခဲ့၏။
မီနှင့် သူ့သူငယ်ချင်းတို့ စာအုပ်တွေ ဒေါင်းတောက်အောင် ရှာကြသည်။ မတွေ့။ တစ်ခေါက် ထပ်ရှာကြပြန်သည်။ မီ့မျက်နှာလေး ညှိုးသွားတာတွေ့တော့ သူမနေနိုင်။
““မီ... ဒီမှာ မီ့စာအုပ်။ ဟိုဘက်ခုံက တွေ့တာ”
မီ သူ့မျက်နှာကို တစ်ချက်ကြည့်ပြီး လက်ထဲမှ စာအုပ်ကို လှမ်းယူ၍ ...
“ကျေးဇူး”
ပြောပြီး ချက်ချင်း သူ့ရှေ့မှ မီ လှည့်ထွက် သွားသည်။ မီနှင့် သူ စကားပြောဖူးတာ ထို တစ်ခေါက်က ပထမဆုံးနှင့် နောက်ဆုံးဖြစ်သည်။ သူငယ်ချင်းများ မြှောက်ပေးမှုကြောင့် ဒုတိယနှစ်စာမေးပွဲကြီး ဖြေပြီးနောက် မီ့ကို စာတစ်စောင် ပေးမည်။ မီ့ကို ချစ်သည့် အကြောင်း ဖွင့်ပြောဖို့ သူ ဆုံးဖြတ်လိုက်သည်။
သို့သော် စာမေးပွဲနောက်ဆုံးနေ့ဖြေပြီးချိန်မှ စ၍ မီ့ကို သူရှာမတွေ့ခဲ့။ သူ့ရင်ထဲက စကားနှင့် မီ့အတွက် စာသည်လည်း မပေးဖြစ်ခဲ့တော့...။
-၅-
ဒုတိယနှစ်စာမေးပွဲ အောင်စာရင်းတွေ ထွက်တော့ မီကော သူပါ စာမေးပွဲအောင်သည်။ ကျောင်းဖွင့်ရက်မှစ၍ မီ အတန်းလာတက်မည့် နေ့ကို သူ နေ့တိုင်း မျှော်နေခဲ့၏။ နှစ်လယ် ရောက်သည်ထိ မီ ကျောင်းလာတာကို မတွေ့။ မီ့သူငယ်ချင်းများကို မေးကြည့်တော့လည်း မသိဘူးဟူသော စကားကလွဲ၍ ထူးမလာခဲ့။ တတိယ နှစ်၊ ပထမနှစ်ဝက်စာမေးပွဲပင် ဖြေတော့မည်။
မီနှင့်ပတ်သက်၍ အတွေးစုံအောင် သူတွေး နေခဲ့ရသည်။ မီ့အတွက် ရည်ရွယ်ထားတဲ့စကားတွေ သူပြောခွင့်မရတော့ဘူးလား။
“မီ အဝေးသင်ပြောင်းသွားပြီ”

ထိုသတင်းကို သူတတိယနှစ်၊ ဒုတိယနှစ်ဝက် ကျောင်းတက်ချိန် မီ့သူငယ်ချင်းတစ် ယောက်ထံမှ သိရခြင်းဖြစ်၏။ မီ အားလုံးကို ရှောင်ခွာသွားခဲ့သည်။ မီနှင့်ပတ်သက်၍ သူအပါ အဝင် မီ့အချစ်ကိုရဖို့ကြိုးစားသူအားလုံးကို မီ သည် ရိုးရှင်းစွာ ဇာတ်သိမ်းခဲ့လေသည်။
သူသည်လည်း ကျောင်းပြီးခဲ့လေပြီ။ ကျောင်းတုန်းက မီ့ကို မပေးဖြစ်ခဲ့သောစာလေး ကို ပြန်ဖတ်ကြည့်ရင်း အရင်က မီ့မျက်ဝန်းနက်လေးကို ပြန်သတိရမိ၏။
တစ်ရက်၊ မမျှော်လင့်ဘဲ မြို့ထဲက စာအုပ်ဆိုင်တစ်ဆိုင်၌ မီ့သူငယ်ချင်း ဓနုမလေးနှင့် သူတွေ့သည်။
“ဟင်၊ မင်းမော်… နင်အခု ဘာလုပ်နေလဲ”
“ဒီလိုပါပဲ၊ အိမ်ရဲ့အသည်းကျော်လေးလုပ်နေတုန်းပဲ… ၊ နင်ရော”
“ ငါကတော့ ကလေးတွေကို စာပြပေးနေတယ်လေ”
“ ဒါဆို ဆရာမပေါ့”
“မဟုတ်ပါဘူး၊ အချိန်ပိုင်းဂိုဏ်(Guide)ပါ။ သြော် ဒါနဲ့ ပြောရဦးမယ်၊ နင် မီ့ကို မှတ်မိသေးလား”
သူရင်ခုန်သံတွေမြန်လာသည်ဟုထင်မိသည်။
“ဟ၊ ဘယ်မေ့မလဲ ... ခု မီ နင်နဲ့အတူ နေတာလား။ ဘယ်မှာလဲ”
“နေစမ်းပါဦး၊ နင်ကလည်း ခုထိဘူးတုန်း၊ ရူးတုန်း ... ဟိုကဖြင့် ယောကျာ်းရလို့ ကလေးတောင် ရနေပြီ။ ခုသူတို့က ရန်ကုန်မှာ၊ တန်ဆောင်တိုင်ပွဲအမီ တောင်ကြီးကို ပြန်လာ မယ်လို့ ငါ့ဆီဖုန်းဆက်တယ်လေ”
“ဪ်”
သူ့ရင်ထဲနင့်နေအောင် ခံစားသွားရသည်။
“မဪ်နဲ့ဦ၊ မီ ဒုတိယနှစ်ဖြေပြီး နောက်တစ်တန်း အဝေးသင်ပြောင်းသွားတာ အဲဒါ ကြောင့်ပဲ။ မီနဲ့ ကိုကျော်စွာ ... ခု၊ သူ့ယောကျာ်းပေါ့။ သိပ်ချစ်ကြတာ၊ မီနဲ့ကိုးတန်းလောက်က တည်းက ချစ်နေခဲ့ကြတာ ...၊ တက္ကသိုလ် တက်တော့ ကိုကျော်စွာက ဆေးကျောင်းရောက်၊ မီက ငါတို့နဲ့အတူ ဒီမှာပဲတက်ဖြစ် တယ်ပေါ့”
“ဟင်၊ နင့်ဥစ္စာကလည်း ... မီဘာဖြစ်လို့ အဝေးသင်ပြောင်းစရာလိုလဲ၊ တစ်နှစ်ပဲတက်ပြီး ကျောင်းပြီးမယ့်ဟာကို”
“အေးလေ၊ မီ ဒုတိယနှစ်ဖြေပြီး အောင်ပန်းက သူ့အိမ်ပြန်တော့ ကိုကျော်စွာရဲ့မိဘ တွေက မီနဲ့ သဘောမတူဘူး။ တခြားမိန်းကလေးတစ်ယောက်နဲ့ သူတို့သားကို ပေးစားမယ် လုပ်ရော၊ ဒီမှာပဲ ကိုကျော်စွာက ကျောင်းကနေမြို့ကို တိတ်တိတ်လေးပြန်လာပြီး တို့ရဲ့သူငယ် ချင်းကို ခိုးပြေးတော့တာပဲ”
သူတော်တော် အံ့ဩသင့်မိသည်။ မီသည် အေးတိအေးစက်ပုံစံနှင့် အပြုံးအရယ်မရှိ သလောက်နည်းပါးသလို အချစ်နှင့်ပတ်သက်လျှင်လည်း တွေဝေကြောက်ရွံ့နေမည့်သူဟု ထင်ခဲ့သည်။
မီ့သူငယ်ချင်းက လက်မှနာရီကို တစ်ချက်ကြည့်ပြီး ...
“သူတို့နှစ်ယောက် ရန်ကုန်ရောက်အောင် ပြေးကြတယ်၊ ကိုကျော်စွာက သူဌေးသားဆို တော့ အရင်က သူမိဘတွေပေးတဲ့မုန့်ဖိုးတွေ ဘဏ်မှာတိတ်တိတ်လေး အပ်ထားတာရှိတယ်။ နောက်... မီက အဝေးသင်ပြောင်းပြီး ဖန်စီ (Fancy)ပစ္စည်းတွေ တရုတ်ပြည်ကိုယ်တိုင် တက်ဝယ်ပြီး၊ နောက် ဒီမှာ ဆိုင်တွေပြန်သွင်းတဲ့ အလုပ်လုပ်တယ်။ ငါတောင် စကြားတုန်းက မယုံဘူးဟ၊ ဒါပေမဲ့ တကယ့်ကို မီကြိုးစားခဲ့တယ်။ သူတို့မိဘတွေက အစပိုင်းတုန်းက ပစ် ထားကြပေမဲ့ ခုတော့လည်း ခွင့်လွှတ်တဲ့အပြင် အရင်းအနှီးတွေ ဘာတွေ ထောက်ပံ့တယ်လေ။ မီလည်း ကလေးရတော့ နှစ်ဖက်မိဘတွေက ပိုချစ်ကြတာပေါ့။ နင်လည်း ရှာတော့လေဟာ။ ငါ့သူငယ်ချင်း မရလို့ တောထွက်မယ် ကြံနေတာလား”
“အေးပါ၊ နောက်မှ ငါ့မိဘတွေခေါ်ပြီး နင့်ဆီလာမှ မငြင်းနဲ့”
“အောင်မယ် ...သေ...နာ...ကဲ၊ ငါလည်း အောင်ပန်းပြန်ရဦးမယ်၊ နောက်မှတွေ့ တာပေါ့”
မီ့သူငယ်ချင်းက အထုပ်အပိုးတွေပိုက်ပြီး သူ့ရှေ့မှထွက်သွားသည်။ ခြေလှမ်းသုံးလှမ်း လောက် လျှောက်ပြီးမှ သူ့ဘက်ပြန်လှည့်လာကာ
“ဪ်.. မေ့လို့၊ ကျောင်းတုန်းက သူ့ကို စာပေးတာ နင်မှန်းသိသွားတော့၊ နောက်ပိုင်း နင်ပေးတဲ့စာတွေ သူလက်ခံတုန်းက ပြောခဲ့တာ ရှိတယ်ဟ၊ နင်က သူ့ဆီပေးတဲ့ စာတွေထဲမှာ အရေးအသား အတော်ဆုံးပဲ။ သူ့ချစ်သူတောင် နင့်လောက် အရေးအသားနဲ့ လက်ရေးလက် သား မမီဘူးတဲ့၊ ဒါပေမဲ့ နင်က ပါးစပ်နဲ့ဖွင့် ပြောဖို့ကြောက်နေတဲ့ လူတဲ့ ...၊ တကယ်လို့ သူ့ဘဝအတွက် ရွေးချယ်မယ်ဆိုရင်တောင် ရဲရဲဝံ့ဝံ့နဲ့ ပြောရဲဆိုရဲတဲ့ ယောကျာ်းမှ သူရွေးမှာ တဲ့”
သူ ဝမ်းနည်းဝမ်းသာဖြစ်မိသည်။ သူ့ရင်ထဲမှာ အသိချင်ဆုံးသော မေးခွန်းတစ်ခု မေးလိုက်သည်။
“မီက အဲဒီလိုပြောတယ်၊ ဒါဆို ငါပေးတဲ့ စာတွေ သူသိမ်းထားခဲ့တာပေါ့”
“အေး၊ မီက ပြောဖူးတယ်၊ နင် ဗျည်း ၃၃ လုံး ရည်းစားစာပေးတုန်းကပေါ့၊ ဒီစာတွေကို နောင်တစ်ချိန်ကျမှ ဝတ္ထုစာအုပ်လိုစာအုပ် ထုတ်စားမလို့တဲ့လေ ... အဟင်း၊ သွားပြီဟာ တော်ကြာ ကားမမီဘဲ ဖြစ်နေဦးမယ်”
မီ့သူငယ်ချင်းက ဒီတစ်ခေါက်တော့ ပြန်လှည့်မလာတော့။ မီသည် သူ့စာကို လက်ခံခဲ့ သည်။ သူနှင့်ပတ်သက်၍ ကွယ်ရာမှာ စကားတွေ ပြောခဲ့ဖူးသည်တဲ့လေ ...။
သို့သော်၊ မီသည် သူချစ်သူအပေါ် သစ္စာမဖောက်ခဲ့။ ထို့အတူ မီ့ကြောင့် သူ့အားနည်း ချက်ကို သိခွင့်ရခဲ့သည်။ သူသည် မီပြောသလို ချစ်တဲ့စကားကိုပြောဖို့ သတ္တိမရှိဘူးလား ...။
-၆-
တန်ဆောင်မုန်းလပြည့်ည ...။
စူဠာမဏိစေတီတော်ကြီးမှာ ဆလိုက်မီးရောင်၊ လမင်းအလင်းရောင်ဖြင့် အလွယ်သပ္ပာယ်၍ ကြည်ညိုဖွယ်ရာဖြစ်သည်။ လူတွေက တိုးမပေါက်အောင် အုံအုံသဲသဲ ပွဲခင်းတစ်ခုလုံး ပြည့်နေ၏။ ဗုံသံ၊ မောင်းသံ၊ လင်းကွင်းသံ တညံညံဖြင့် တန်ဆောင်တိုင် သူတို့မြို့၏ ရိုးရာမီးပုံပျံ ပြိုင်ပွဲက သက်ဝင်နိုးကြားလို့ နေသည်။(သူတို့ ဒေသက အိုးစည်ကို ဗုံဟု ခေါ်ကြသည်။
သူ တစ်ယောက်တည်း ပွဲလည်ရင်း ပွဲခင်းထဲမှ မီကို ကော်ဖီဆိုင်၏ ထောင့်ခုံတစ်ခုံမှာထိုင် ဖြစ်သည်။ ဆိုင်က ပွဲခင်းထဲ လာဖွင့်ရသောကြောင နံဘေးအကာသာပါပြီး အမိုးဖွင့်ဗလာဖြစ်သည်။
အားကောင်းလှသော sound box ထဲက ဂီတသံနှင့် ပွဲခင်းရှိလူတွေရဲ့ အသံများ၊ လှုပ်ရှားမှု... ပြီး မီးပဒေသာလှည့်လည်ပြသမှုကြောင့် သူ့စိတ်တွေက ပွဲအငွေ့အသက်နှင့် လှုပ်ရှားလို့နေသည်။
ခဏကြာတော့ သူထိုင်နေသောခုံသို့ နောက်ထပ် ကောင်မလေးသုံးယောက်နှင့် ကောင်လေးနှစ်ယောက် ထပ်မံရောက်လာကြသည်။ ပွဲတွင်းဆိုတော့ ကိုယ်နဲ့သိသိ၊ မသိသိ နေရာတစ်နေရာရတာနှင့် ဝင်ထိုင်နေရာယူရတာက ထုံးစံဖြစ်နေသည်။
မီးပုံးပျံအတွင်းမှလည်း ညမီးကျည်တစ်လုံး ထောင်(မှိုင်းခံ)လာတာ တွေ့ရသည်။ အမြင့်ပေ ၂၃ ပေခန့်ရှိ ဒေသအခေါ် ရှမ်းစက္ကူ(မှိုင်းခံစက္ကူ)ဖြင့် ပြုလုပ်ထားသော မီးပုံးပျံကြီး၏ ခေါင်ပိုင်းတစ်စိတ်တစ်ဒေသကို သူထိုင်နေရာမှ မြင်ရသည်။
စားပွဲပေါ်မှ ကော်ဖီခွက်ကို တစ်ချက်မော့ သောက်ပြီး ပွဲခင်း၏ထောင့်၊ သူနှင့် ဓားလွယ်ခုတ်လောက် လှမ်းကြည့်မိတော့ သူ အံ့ဩသွားရသည်။ ပန်းရောင်ဆွယ်တာဦးထုပ်၊ အနီရောင် အနွေးထည်နှင့် ဂျင်းဘောင်းဘီအနက်လေး ဝတ်ထားသော အသားဖြူဖြူမျက်ဝန်းနက် ကောင်မလေး...။ သူရင်ခုန်စွာ တိတ်တခိုး ချစ်ခဲ့ရသော ပန်းပွင့်လေး သို့မဟုတ် မီ...။
မီ့နံဘေးနားမှာ ဥပဓိရုပ်ကောင်းကောင်းနှင့် မျက်မှန်တပ်ထားသော အသားဖြူဖြူ ယောကျာ်းတစ်ယောက်၊ မီ့ပခုံးကိုလက်ဖြင့် ဖက်ထားပြီး ကျန်လက်တစ်ဖက်က မိသားစုသုံး ဒီဂျစ်တယ်လ်ကင်မရာလေးနှင့် မီးပုံးပျံကို စိတ်ဝင်စားစွာ ရိုက်ကူးနေသည်။
သူ မီ့အား စူးစိုက်စွာ ငေးနေမိသည်။မီနှင့် ပွဲခင်းထဲမှ လူများက မီးပုံးပျံကြီးကိုသာ ငေးကြည့်နေကြ၏။
မီးပုံးပျံက မှိုင်းပြည့်စပြုပြီး မီးစာကို ရှို့စပြုနေပြီ။ ခုချိန်မှာ မီနှင့်ပတ်သက်၍ သူ့ရင်ထဲမှာ မရိုးသားသော စိတ် မရှိချေ။ မီ့ရဲ့ပုံစံ... မတွေ့တာကြာပြီဖြစ်သော မီ့ပုံစံကို စူးစမ်းလိုသော သဘောသာ သူ့စိတ်ထဲရှိသည်။ မီအရင်ကထက် ပိုလှလာသည်။ သို့သော် ကျောင်းတုန်းကလို ငယ်မူငယ်သွေးအလှမဟုတ်၊ ရင့်ကျက်တည် ငြိမ်သောမိခင်တစ်ယောက်လို အလှမျိုး...။
မီးပုံးပျံတစ်ခုလုံးကို မြင်နေရပြီ။ မီးစာမှ မီးတောက်နှင့် မှိုင်းအားလည်း ကောင်းလာသည်။ သီကြိုး(မီးပုံးပျံနှင့် မီးကျည်ခွေဆက်သောကြိုး) အောက်မှာ မီးကျည်ခွေ(ယမ်းခွေ)ကို ချိတ်ဆွဲကြလေပြီ။
ထိုအချိန် အိမ်ဖော်ဟုယူဆရသော ကောင်မလေးတစ်ယောက်က ကလေးငယ်လေး တစ်ယောက်ကို ပွေ့ချီလျက် မီ့နံဘေးနား ရပ်လိုက်၏။ မီက ထိုအိမ်ဖော်မလေးထံမှ ကလေးငယ်ကို ပွေ့ချီ၍ မီးပုံးပျံကိုပြနေတာ တွေ့သည်။ ကလေးငယ်မှာ ဖြူဖြူဖွေးဖွေး၊ ဝ၀ကစ်ကစ်လေးနှင့် ချစ်စရာကောင်းလှသည်။ ယောကျာ်းလေးလား၊ မိန်းကလေးလားတော့ အတိအကျ သူမသိ။
မီးပုံးပျံက အောက်ဆွဲမီးကျည်ခွေကို ညင်သာစွာ ဆွဲယူ၍ လပြည့်ညကောင်းကင်ယံသို့ တက်စပြုနေချေပြီ။ အောက်မှ ဗုံသံ၊လင်းကွင်းသံ များကလည်း စိတ်လှုပ်ရှားမှုနှင့်အညီ လိုက်၍ မြူးကြွလို့နေ၏။ ဒိုင်စင်မှလည်း သေချာမှ ယမ်းခွေစနက်တံကြိုးကိုရှို့ရန် သတိပေးနေပြီ ဖြစ်သည်။ မြောက်များစွာ လူပရိသတ်ကြီးကလည်း စိတ်လှုပ်ရှားစွာ မီးပုံးပျံကြီးကို ငေးမော ကြည့်ရှုနေကြ၏။
မီးကျည်ခွေ ပင်မစနက်ကြိုးကို မီးရှို့လိုက် ပြီး မီးပုံးပျံကို လွှတ်တင်လိုက်သည်။ ဗုံသံက နဂါးတစ်ကောင်လို မြူးနေ၏။ လူတွေကလည်း ငေးကြည့်နေကြတုန်း... မကြာမီ ပထမ ယမ်း ခွေအဆင့်မှ အပြာရောင်ခိုပျံ(စက္ကူတောင်ပံတပ် ယမ်းပစ္စည်းတစ်မျိုး) တစ်အုပ် လှပစွာ ဖြာဆင်းလာသည်။
ဗုံသံသည် အမြင့်ဆုံးစိတ်တက်ကြွမှုနှင့် လိုက်၍ မြူးသည်ထက် မြူး...မြူးလာ၏။ လူတွေ၏ဝမ်းသာအားရ အော်ဟစ်အားပေးသံ၊ လက်ခုပ်သံများနှင့် ပျော်ရွှင်စွာ ကနေကြတာ တွေ့ရသည်။
သူ မီ့ကို ကြည့်လိုက်၏။
-၇-
မီသည် သူ့ရင်ခွင်တွင်းမှ ကလေးငယ်အား ကောင်းကင်ယံမှ မီးပုံးပျံကြီးကို လက်ညှိုးထိုး ပြနေ၏။ မီ၏ခင်ပွန်းက မီ့ပခုံးကို ယုယစွာ ဖက်ထားလျက်...။
သူ ကောင်းကင်ယံမှ မီးပုံးပျံကို ကြည့်လိုက်၏။ တန်ဆောင်မုန်းလပြည့်ည၏ လမင်း ကြီးနှင့် ပနံရစွာ စူဠာမဏိစေတီတော်၏ မြောက်ယွန်းယွန်း၌ လေအရှိန်နှင့် ငြိမ်နေသော မီးပုံးပျံ ကြီး... အားလုံး၊ အရာအားလုံးသည် လှပနေသည်။ တောင်ပေါ်မြို့လေး၏ ရိုးသားမှု၊ သဒ္ဓါတရားနှင့် ကိုးကွယ်ယုံကြည်မှု၏ လှပသော ပြယုဂ်ဖြစ်၏။”
မီ့ထံသို့ သူ နောက်ဆုံးအနေဖြင့် ကြည့်လိုက်သည်။ နံဘေးမှ ခင်ပွန်းသည်နှင့် သား သို့မဟုတ် သမီးလေးကို ပွေ့လျက် မီသည် ကြည်နူးစွာ ပြုံးနေ၏။
သူစွဲလမ်းခဲ့သော မီ... မျက်ဝန်းနက် ဒေဝီ... သို့မဟုတ် ဆည်းဆာလို နှင်းဆီနှုတ်ခမ်းပိုင်ရှင် အလှ သခင်မ... မီ ပြုံးနေသည်။
ထိုအပြုံးမျိုး ကျောင်းတက်ကတည်းက သူ မမြင်ဖူးခဲ့။ ယခုတွေ့ရသော မီရဲ့အပြုံးသည် သူ စွဲလမ်းခဲ့သော မျက်ဝန်းနက်၊ နှင်းဆီ နှုတ်ခမ်းလွှာတို့ထက် လှပသော လရောင်နှင့် တူသည့်၊ အေးချမ်းတည်ငြိမ်၍ အပူအပင်ကင်းသော ဆေးပေါင်းခသည့်အပြုံးမျိုး ဖြစ်သည်။
လရောင်ဖွေးဥနေသော ကောင်းကင်ယံရှိ မီးပုံးပျံကြီးမှ အဖြူ၊ အနီ၊ အဝါ၊ အစိမ်း စသော မီးရှူး ခိုပျံအုပ်များက တစ်လှည့်စီ လှပစွာ လင်းလဲ့... ဝဲပျံလျက်...။ ထို့အတူ သူ ချစ်ခဲ့ ရသော မီ ပျော်ရွှင်နေ၏။
မီသည် ကြည်နူးစွာ ပြုံးနေလေသည်။

No comments:

Home