Home

မင်္ဂလာရှိပါစေ

`အစည်းအဝေးပြီးရင် ကန်တော်လေး လူအိုရုံကို ၀င်ပြီး အလှူငွေ ထည့်ခဲ့နော်၊ ရော့ .. ဒီမှာ´

သက်ဆိုင်ရာမြို့နယ်မှာ ကြီးမှူးကျင်းပသော ၁၉၈၂ခုနှစ် ကမ္ဘာ့ကျန်းမာရေး အခမ်းအနားသို့ တက်ရောက်ရန် အ၀တ်လဲနေစဉ် ၀င်းက ရာတန် နှစ်ချပ်ကိုင်ပြီး ပြောလာသည်။

`မနက်ဖြန်မှပဲ ရုံးသွားရင်း လှူပေးမယ်ကွာ´

လမ်းက တခြားစီဖြစ်နေ၍ ကွေ့ဝင်ရမှာ ကျွန်တော်ပျင်းသည်။

`ဒီနေ့ တစ်နှစ်ပြည့်တဲ့နေ့၊ ဒီနေ့ပဲ လှူချင်တယ် ကိုရယ်၊ ၀င်းတို့ ဆွမ်းလေးဘာလေးတောင် ကျွေးဖို့ ကောင်းတာ၊ သားသား ၀က်သက်ပေါက်တာနဲ့ ၀င်း သင်တန်းတက်ရတာနဲ့ ဒီလ တစ်လလုံး မအားလွန်းလို့ သာ´

`သြော် .. ဟုတ်သားပဲ၊ ဖေဖေဆုံးတာ တစ်နှစ်တောင် ပြည့်သွားပြီနော်၊ ကိုယ့်စိတ်ထဲမှာတော့ လေးငါးလပဲ ထင်နေတယ်၊ ပေး .. ပေး´

ဝင်း လက်ထဲမှ ရာတန်နှစ်ရွက်ကိုယူ၍ အင်္ကျီအိပ်ထဲ ထည့်လိုက်ပါသည်။

...................................................................

ဖေဖေသည် မနှစ်က ဒီအချိန် (ဧပြီလ ၈-ရက်)တွင် ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ချိန်၌ ဖေဖေ့အသက် ၈၃-နှစ်ရှိပေပြီ။ ဆရာဝန်ပီပီ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ကို နောကြေအောင် သင်ထား၊ သိထားသော်လည်း ကိုယ့်မွေးဖခင် ဝေဒနာခံစားနေရသည်ကို မြင်ရသောအခါ များစွာ စိတ်ထိခိုက်ရသည်။ နောက်ဆုံးအချိန်၌ ကျွန်တော်အနားမှာပင် မနေတော့ဘဲ ၀င်းနှင့်သာ လွှဲထားမိပါသည်။

ဖေဖေဆုံးသောအခါ ကျွန်တော် မျက်ရည်မကျခဲ့ပါ။ ဖအေတစ်ခု သားတစ်ခု နှစ်ပေါင်းများစွာ မခွဲမခွာ နေလာခဲ့သော ဖခင်နှင့် ခွဲခွာရသဖြင့် လွမ်းဆွတ်ကြေကွဲမိသော်လည်း ကြွေချိန်တန်၍ ကြွေခြင်းဖြစ်သဖြင့် ကျွန်တော်တို့ အိနြေ္ဒမပျက်ကြတော့ပါ။ ဖေဖေ့နောက်ဆုံးသည် စည်ကားသိုက်မြိုက်စွာ ပြီးဆုံးခဲ့ပါသည်။

အခမ်းအနားကျင်းပမည့် မြို့နယ်ခမ်းမသို့ သွားစဉ် ကားမောင်းလာရင်း ဖေဖေ့ဘ၀နောက်ကြောင်းကို မှတ်မိသလောက် ပြန်စဉ်းစားမိသည်။

ကိုလိုနီခေတ်မှာ အမျိုးသားကျောင်းဆရာ၊ လွတ်လပ်ရေးရပြီး သည်ဘက်မှာတော့ အလယ်တန်းကျောင်းအုပ်၊ ပညာအုပ်၊ ဖေဖေ ယူနီဗာစီတီသို့ ရောက်ခဲ့သော်လည်း အခြေအနေအရ ဆုံးခန်းတိုင်အောင် မသင်နိုင်ခဲ့၍ ဖေဖေ၌ ဘွဲ့မရှိပါ။ သို့သော် ရှေးခေတ် ပညာတတ်တစ်ဦးပီပီ အင်္ဂလိပ်စာတော်သည်။ (အင်္ဂလန်မှာ နှစ်နှစ်နေခဲ့ဖူးသော ကျွန်တော်က အစီရင်ခံစာများကို အင်္ဂလိပ်လိုရေးရလျှင် ဖေဖေ့ကို ပြင်ခိုင်းပြီးမှ အထက်သို့ တင်ရသည်။)

ဖေဖေသည် ကျောင်းဆရာတစ်ဦးပီပီ မာန်မရှိ၊ ဒေါသမရှိ၊ ဘ၀ကို ရောင့်ရဲသည်။ စေတနာကောင်းပြီး ရက်ရောသည်။ အရက်သောက်တတ်ပြီး ပျော်ပျော်နေတတ်သည်။ ဖေဖေ့၌ အကောင်းဆုံး ဖော်ထုတ်ပြပါ ဆိုလျှင် သူတစ်ပါးအပေါ်၌ မကောင်းတာ၊ မတော်မတရားတာဟူ၍ မြူမှုန်ကလေး တစ်မှုန်စမျှပင် မထား တတ်သော ဖေဖေ့စိတ်ထားကိုပင် ထုတ်ပြရလိမ့်မည် ထင်သည်။ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ၊ တပည့် သားမြေးများကို အလွန်ချစ်ခင်တွယ်တာ၍ တတ်နိုင်သမျှ ကျွေးမွေး ပေးကမ်းနေရမှ ကျေနပ်သူ တစ်ဦးဖြစ်လေသည်။

သည်လို ချစ်ခင်တတ်၍လည်း သူရသော လခသည် သားအမိ သားအဖသုံးယောက်သာ ရှိသော အိမ်ထောင်စုမှာ လောက်ရုံသာ ရှိသည်။ တစ်ခါတစ်ရံ အကြွေးပင် တင်သေးသည်။ မရှိ၍လည်း မပူပါ။ တစ်ဦးတည်းသော သားဖြစ်သူ ကျွန်တော့်ကို ဆုံးခန်းတိုင်အောင် ပညာသင်ပေးနိုင်လျှင် သူ့ဘ၀မှာ ပြီးပြည့်စုံပြီဟု ယူဆထားဟန်ရှိလေသည်။

ကျွန်တော် နောက်ဆုံးနှစ်၏ အပိုင်း(က) ရောက်သောနှစ်တွင် မေမေ ကွယ်လွန်သည်။ ကျွန်တော် လူမှန်း သိတတ်ချိန်လောက်ကပင် ကျန်းမာရေး ကောင်းလှသည်ဟု မရှိသော မေမေ့ကို ဖေဖေသည် အမြဲကြင်ကြင်နာနာ ရှိလှကြောင်း ကျွန်တော် မှတ်မိ၏။ ဈေးမသွား၊ အိမ်မလည်၊ အပြင်မထွက်တတ်သော ဇနီးသည်အတွက် အလုပ်ကိစ္စနှင့် ရန်ကုန်သွားရသည့်အခါတိုင်း လုံချည်၊ အင်္ကျီ၊ ဘော်လီ၊ ဖိနပ် အထိ ဖေဖေ ၀ယ်ခြမ်းလာတတ်သည်။

မေမေကွယ်လွန်ချိန်၌ ဖေဖေ့အသက် ငါးဆယ်ကျော်ရုံသာ ရှိသေး၍ နောက်ထပ် အိမ်ထောင်သစ်တစ်ခု ထူထောင်မည် ဆိုက ထူထောင်နိုင်သော်လည်း သည်ကိစ္စကို ဖေဖေ့ခေါင်းထဲ၌ ထည့်၍ပင် မစဉ်းစားခဲ့။ ကျောင်းစောင့်ချက်ကျွေးသော ထမင်းဟင်းကို စားပြီး ဖြစ်သလိုနေခဲ့သည်။ ဘာသာရေးကို အလွန်ကိုင်းရှိုင်းသူ မဟုတ်သော်လည်း အလျဉ်းသင့်တိုင်း မေမေ့အတွက် ဆွမ်းကျွေးခြင်း၊ သင်္ကန်းလှူခြင်းစသော ကောင်းမှုကုသိုလ်များ လုပ်သည်။ အရက်သောက်၍ ပျော်ပျော်နေတတ်သော်လည်း နှစ်ပေါင်းများစွာ ပေါင်းဖော်ခဲ့သော ဘ၀ခရီးဖော်အား မေ့၍ ရဟန်မတူပါ။ အိမ်ရှင်မ မရှိသော်လည်း ဖေဖေ့စိတ်ရင်း စေတနာ ကြောင့် တပည့်များက ကြည်ညိုချစ်ခင်ကြပြီး တတ်နိုင်သမျှ ၀တ်ကြီးဝတ်ငယ် ပြုပေးကြပါသည်။ ဖေဖေ ရောက်လေရာ အရပ်မှာ အ၀တ်လျှော်ပေးမည့်သူ၊ နေမကောင်းသည့်အခါ နင်းနှိပ်ပေးမည့်သူ၊ ယုတ်စွအဆုံး ညနေတိုင်း ဖေဖေ့ကို အရက်ဝယ်ပေးမည့်သူ တပည့်တပန်းများ အမြဲရှိနေပါသည်။

ကျွန်တော် ဆရာဝန်ဖြစ်၍ လက်ထောက်ဆရာဝန်ဘ၀နှင့် နယ်ပြောင်းရသောအခါ ဖေဖေလည်း ပင်စင်ယူ၍ သားအဖနှစ်ယောက် ဆေးရုံဝင်းထဲက အိမ်ပေါက်စလေးမှာ အေးချမ်းစွာ နေခဲ့ကြပါသည်။ ကွန်ပေါင်ဒါက တောမှ သူ့ညီကိုခေါ်ပေးပြီး ထမင်းချက်ကျွေးစေသည်။ ယောက်ျားချည်းနေသော အိမ်ဖြစ်၍ စနစ်တကျ မရှိသော်လည်း ဖေဖေ အလွန်ကျေနပ်ပျော်ရွှင်နေကြောင်း ကျွန်တော် မှတ်မိသည်။

ထိုသို့နေစဉ် ကျွန်တော် နိုင်ငံခြားသို့ သွား၍ နောက်ထပ်ဘွဲ့တစ်ခုယူရန် အကြောင်းပေါ်လာခဲ့သည်။ နှစ်နှစ်ခန့် ကြာမည်ဖြစ်၍ ကျွန်တော့်စိတ်တွင် ဖေဖေ့နေရေးထိုင်ရေးနှင့် ကျန်းမာရေးအတွက် စနောင့်စနင်းဖြစ်နေကြောင်း ကောင်းစွာသိနေသော ဖေဖေက ဤသို့ပြောခဲ့သည်။

`ဖေဖေနေတတ်ပါတယ်၊ မင်း စိတ်ချလက်ချသာ သွား၊ မောင်ဦးကို ခေါ်ထားမယ်၊ (ခြေတစ်ဘက် သိပ်မသန်သော ဖေဖေ့တပည့်တစ်ဦးဖြစ်ပါသည်။) နေမကောင်းလည်း လာပြုစုမယ့် တပည့်တပန်းတွေ ရှိပါတယ်ကွာ၊ ရောဂါဖြစ်တော့လည်း ဆရာဝန်ခေါ်မှာပေါ့၊ မြန်မာပြည်မှာ မင်းတစ်ယောက်တည်း ဆရာဝန်ရှိတာ မဟုတ်ပါဘူး၊ အရေးကြီးတာက မင်း ဟိုမှာ စာလိုက်နိုင်ဖို့၊ စာမေးပွဲအောင်ဖို့ပဲ၊ ဖေဖေ နေမကောင်း မှာတွေ ဘာတွေ ပူမနေနဲ့၊ နောက်ဆုံးကွာ သေသွားတောင် ပြန်မလာနဲ့၊ မင်းအတွက် စာမေးပွဲက ပိုအရေးကြီးတယ်လို့သာ မှတ်ထား´တဲ့။

ဖေဖေ့ဘ၀မှာ ကျွန်တော်သည် အမြဲတမ်း ရှေ့တန်းက ဖြစ်ခဲ့ပါသည်။ ကျွန်တော် အင်္ဂလန်၌ နှစ်နှစ်ကျော် နေခဲ့ရာ ဖေဖေ တစ်လကို စာနှစ်စောင် မပျက်မကွက်ရေးသည်။ ကျွန်တော် ဖေဖေကို စိတ်မချဘူးဟု တဖွဖွပြောပြီး တကယ်တမ်းကျတော့ တစ်လတစ်စောင်ပင် မှန်မှန်မရေးနိုင်ခဲ့ပေ။ ဖေဖေကသာ စာမလာတာ ကြာသွားလျှင် စိတ်ပူပြီး ငွေဘယ်လောက်ကုန်ကုန် သံကြိုးရိုက်တော့သည်။ နောက်တော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။ ဖေဖေ့အတွက် ကျွန်တော်က မပူရဘဲ၊ ဖေဖေက ကျွန်တော့်အတွက် စိတ်တထင့်ထင့်နှင့်ပင် နှစ်နှစ်ဆိုသောကာလ ကုန်ဆုံးခဲ့လေသည်။

ပြန်ရောက်တော့လည်း ဖေဖေက တတွတ်တွတ် တိုက်တွန်းလျက်နဲ့ပင် ကျွန်တော် အိမ်ထောင်ပြု နောက်ကျ နေခဲ့၍ အသက် ၃၆နှစ်မှ အိမ်ထောင်ပြုဖြစ်သည်။ ကျွန်တော့်ထက် ၁၀နှစ်မျှ ငယ်သော ကျွန်တော့်ထံသို့ ဆေးကျောင်းသူဘ၀က စာမကြာခဏ လာမေးလေ့ရှိသော ဆရာဝန်မလေး ၀င်းနှင့် ဖြစ်သည်။ လက်ထပ်ပြီးသော အခါ ချမ်းသာသော ၀င်း၏မိဘများ အကူအညီဖြင့် ပါရမီမှာ တိုက်တစ်လုံး ၀ယ်ခဲ့သည်။

ဖေဖေ ယခု ကျွန်တော့်အသက်အရွယ် ၄၂နှစ်တုန်းက စက်ဘီးတစ်စီး၊ လုံချည် အင်္ကျီသုံးစုံခန့်နှင့် ရှိရိုးရှိမြဲ အိမ်ထောင်မှု ပစ္စည်းလေးများမှအပ ရွှေတစ်ပဲသား မပိုင်ခဲ့သော်လည်း ယခု သူ့သားလက်ထက်မှာ ရန်ကုန်မြို့ ပါရမီလို ရပ်ကွက်မှာ တိုက်ပိုင်သည်၊ သိန်းကျော်တန် ကားပိုင်သည်၊ လစဉ် ၀င်ငွေ လင်မယားနှစ်ယောက်ပေါင်းလျှင် ပျမ်းမျှ သုံးထောင်ကျော်သည်။ (ကျွန်တော်တို့ နှစ်ဦးစလုံး ဆေးခန်း ထိုင်ပါ သည်။) ထမင်းချက်ရှိသည်။ အိမ်ဖော်ရှိသည်။ သားအတွက် နာနီရှိသည်။ ဘာလိုသေးသနည်း။ အခုလို အိမ်နှင့် အိုးနှင့် ဟန်ကျပန်ကျ ကျွန်တော်တို့ သားအဖ ဘယ်တုန်းကမျှ မရခဲ့ဖူးသည့် ပြည့်စုံမှုမျိုးဖြင့် ဖေဖေ မသေခင် ထားနိုင်သည်ကို ကျွန်တော် ဂုဏ်ယူသည်။ ကျေနပ်သည်။

ဖေဖေကော ဘယ်လို ခံစားရပါလိမ့်။

ကျွန်တော့်ဘ၀ကို သူ့ဘ၀နှင့် ထပ်တူပြုထားသူတစ်ဦးမို့ အထူးပြောဖွယ်ရာ ရှိမည် မထင်ပါ။

သို့သော် ဖေဖေကမူ ဒီစည်းစိမ်မျိုးကို တပ်မက်ခုံမင်၊ အရသာ ခံတတ်သူတစ်ဦးမဟုတ်ဘဲ၊ ကျွန်တော့်အတွက် ၀မ်းသာခြင်းဖြစ်ပါသည်။

တစ်ခါတစ်ရံမှာတော့ `မင်း.. မေမေသာရှိရင်´ဟု ထုတ်ဖော်ပြောတတ်သည်။ အခုလို သားကောင်းစားချိန်မှာ ဆိုးတူကောင်းဖက် မေမေ့ကို သတိရနေဟန် တူသည်။ ထို့ထက်ပို၍ကား ထူးထူးခြားခြား ၀မ်းသာ ပျော်ရွှင် သည်ဟု မတွေ့ခဲ့ရပါ။ တစ်ခါတစ်ရံ နယ်မှ တပည့်ဟောင်းများ လာကန်တော့လျှင် ဤသို့ပင် ပြောတတ်သေး သည်။

`ငယ်တုန်းကလို ပျော်စရာမကောင်းပါဘူးကွာ´

.....................................................................

ကျွန်တော်ရောက်သွားသည့်အချိန်၌ အခမ်းအနားကျင်းပမည့် မြို့နယ်ခန်းမ၌ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးများ၊ ကြက်ခြေနီမောင်မယ်များ၊ အထူးဖိတ်ကြားထားသော သက်ကြီး ရွယ်အို ဘိုးဘွားများ စသူတို့ဖြင့် နံရံ၌ ယခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်ဖြစ်သော `သက်ကြီးရွယ်အို ဘ၀ကို စိုပြည်စေဖို့ ကြိုးပမ်းစို့´ ဆိုသည့် စာတန်းကြီးကို ထင်ရှားစွာ ရေးသားထားသည်။

မကြာမီ အခမ်းအနား စတင်ပါသည်။ ရှေးဦးစွာ သဘာပတိက အမှာစကားပြောသည်။ ထို့နောက် ကျန်းမာ ရေး ၀န်ကြီးဌာန၀န်ကြီး၏ သ၀ဏ်လွှာကိုလည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၏ သ၀ဏ် လွှာကိုလည်းကောင်း မြို့နယ် ဆရာဝန် အသီးသီးတို့က ဖတ်ကြားသည်။

`သက်ကြီးရွယ်အိုတို့ကို ကျန်းမာစွာဖြင့် ပိုမိုအသက်ရှည်ရေး၊ ၄င်းတို့ နေထိုင်ရာ အိုးအိမ်၊ စားစရာ အာဟာရ၊ သွားလာစရာ ယာဉ်များ စီစဉ်ပေးရေး၊ နာမကျန်းဖြစ်သည့်အခါ ကုသစောင့်ရှောက်ရေးတို့ကို အရေးပေး ဆောင်ရွက်ရန် လိုအပ်ပါတယ်´

`အဘိုးအို အဘွားအိုတို့၏ ကိုယ်ခန္ဓာ ကျန်းမာရေးတစ်ခုတည်းကိုသာ မဟုတ်ဘဲ စိတ်ဓါတ်ကျန်းမာခြင်းနှင့် ပြည့်စုံစေခြင်းဟာလည်း သားသမီးလူငယ်ပိုင်းရဲ့ အဓိက တာဝန်တစ်ရပ်ပါပဲ´

`သက်ကြီးရွယ်အိုထံမှ ရနိုင်သေးသည့် လုပ်အားအတွေ့အကြုံ၊ အကြံကောင်း ဥာဏ်ကောင်းနှင့် ဆုံးမမှု သွန်သင်မှုတို့ကို လူငယ်တို့က ဆက်လက်ခံယူအသုံးချသွားပါလျှင် လူအိုတို့အနေဖြင့် စိတ်ဓါတ်မကျဘဲ အမြဲတမ်း တက်ကြွလန်းဆန်းစေပါလိမ့်မယ်´

`အဘိုးအို အဘွားအိုတို့ကို လူအိုရုံနဲ့ သီးခြားထားသည့် စနစ်မှာ မည်သို့ပင် ပြည့်စုံစွာ ထားစေကာမူ ၄င်းတို့အား စိတ်ဓါတ်ကျဆင်းစေသဖြင့် မိမိ မိသားစုအတွင်းမှာသာ နေထိုင်စေခြင်းသည် အကောင်းဆုံး ဖြစ်သည်ဆိုတာ ကမ္ဘာမှာ ခံယူချက်တစ်ရပ်ဖြစ်လာပါပြီ´

သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့၏ အမှာစကားများ၊ သ၀ဏ်လွှာများကို နားထောင်ပြီးနောက် ကျွန်တော့်စိတ်ထဲက ၀မ်း မြောက်စွာ ကျူးရင့်လိုက်မိသည်။

`သြော် .. ဖေဖေသည် ကံကောင်းသူ အဘိုးအို တစ်ဦးပါတကား´

.....................................................................

မြင့်မားသော သစ်သား တံခါးကြီးနှစ်ချပ်ကို စေ့စေ့ပိတ်ထား၏။ ကျွန်တော် ကား ဟွန်း နှစ်ချက်တီးလိုက်သည်။ လေးထောင့် အပေါက်ငယ်ကလေးမှာ မဲ့ရှုံ့နေသော အသား၊ ဖြူဖွေးနေသော မျက်ခုံးမွေးများနှင့် မျက်နှာအိုအိုကြီးတစ်ခု ပေါ်လာပြီး ကျွန်တော့်ကို ကြည့်သည်။ ပြီးတော့ ပျောက်သွားသည်။ ခဏနေတော့ သစ်သားတံခါးကြီးသည် ဖြည်းညင်းလေးအီစွာ ပွင့်သွားလေသည်။

ကျွန်တော် တာဝန်နှင့် နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ သုံးကြိမ်ထက်မနည်း ရောက်ဖူးသော်လည်း သည် ကန်တော်လေး လူအိုရုံကို တစ်ကြိမ်မျှ မရောက်ဖူးပါ။ ဆရာဝန် အသင်းတိုက်သို့ သွားရင်း သည်နေရာသို့ မကြာခဏတော့ ဖြတ်သွားဖူးနေသည်။

ဝင်းထဲသို့ ကားကိုမောင်းဝင်ခဲ့ပြီး ဆင်ဝင်အောက်မှာ ရပ်လိုက်ပါသည်။ အဆောက်အအုံကြီးသည် အိုမင်းလှပါပြီ။ သို့သော် ခိုင်ခိုင်ခံ့ခံ့ပင် ရှိသေးသည်။ နံရံထူပြီး ကျယ်ဝန်းသဖြင့် ၀င်လိုက်သည်နှင့် တစ်ကိုယ်လုံး အေးမြသွားလေသည်။

ဝင်လျှင်ဝင်ခြင်း ညာဘက်မှာ မကျယ်ဝန်းလှသော ဧည့်ခန်းကလေးတစ်ခု ရှိသည်။ ရှေ့တည့်တည့်မှာတော့ ကျယ်ဝန်းပြီး လိုဏ်ဂူနှင့်တူသည့် လှေကားခန်းမကြီးဖြစ်၏။ လူတစ်ဦးတစ်ယောက်မျှ မတွေ့ရ။ အသံဗလံဟူ၍ တစ်ချက်ကလေးမျှ မကြားရ။ အသက်မဲ့သလို တိတ်ဆိတ်ငြိမ်သက်လွန်းလှပါ၏။ အပြင်လောကကြီးနှင့် မပါတ်သက်သလို သီးခြားကမ္ဘာတစ်ခုကို ရောက်နေသလိုပါပဲလား။

ထိုစဉ် လေးတွဲ့သော ခြေသံတစ်ခုကြားရသဖြင့် ကျွန်တော် နောက်သို့ လှည့်ကြည့်လိုက်သော အခါ ..

`ဆလမ်.. ဆပ်။။ စစ္စတာတွေ ဘုရားရှိခိုးနေကြပါတယ်။ ဒီဧည့်ခန်းမှာ ထိုင်ပြီးစောင့်ပါ.. ဆပ်´

အခုနက ကျွန်တော့်ကို ဂိတ်တံခါးကြီး ဖွင့်ပေးသည့် ကုလား အဘိုးကြီးဖြစ်လေသည်။ တံခါးပြန်ပိတ်ပြီး နောက်မှ လိုက်လာခြင်း ဖြစ်သည်။. ကျွန်တော့်ကို နေရာချပေးပြီးသော အခါ အဘိုးကြီးသည် လေးတွဲ့သော ခြေလှမ်းများဖြင့် မူလနေရာ ဂိတ်တဲဆီသို့ ပြန်သွားလေသည်။ လက်ပြင်ကြီးက ကိုင်းနေ၏။ ခေါင်းကို ငုံ့လျှိုး၍ လျှောက်သွားပုံမှာ လောကကြီးကို အစစ အရှုံးပေးပြီးသူတစ်ယောက်လို `ဇရာဆိုတာ ဒါပဲပေါ့´ဟု ကျွန်တော့် စိတ်ထဲက တဒင်္ဂ သံဝေဂယူလိုက်မိ၏။

သပ်ရပ်သန့်ရှင်းသည့် ဧည့်ခန်းကလေးကို လှည့်ပတ်ကြည့်မိပြန်သည်။ ပုံစံရိုးရိုး သစ်သားဆက်တီမှာ ရပ်ကွက် လူမှုရေးအဖွဲ့အစည်းတစ်ခုက လှူဒါန်းထားခြင်းဖြစ်သည်။ အခန်းထောင့်မှာ ရေအိုးစင်မှာ ဗဟိုတရားရုံး ရှေ့နေတစ်ဦးနှင့် သူ့မိသားစုကောင်းမှု။

သြော်.. အစစအရာရာ တစ်ပါးသူတို့၏ သဒ္ဓါတရားအပေါ် မှီခိုပြီး အသက်ရှင်နေရသူများပါလား။

ကျွန်တော် ထိုင်နေသည့်နေရာမှ လှမ်းကြည့်လျှင် အပြင်ဘက် ကော်ရစ်ဒါ၌ ချိတ်ဆွဲထားသော အချက် ၁၀ချက်ပါသည့် စာတန်းတစ်စောင်ကို မြင်နေရသဖြင့် ဖတ်ကြည့်လိုက်မိသည်။

`လူအို-လူနာတို့၏ မိတ်သင်္ဂဟအဖို့ မင်္ဂလာ ဆယ်ဖြာ´

`ကျွန်ုပ်၏ တုံ့နှေးသော ခြေလှမ်းများနှင့် တုန်ယင်သော လက်များကို စာနာထောက်ထားတတ်သူတို့သည် မင်္ဂလာရှိကြ၏´

သည်စာကြောင်းကို ဖတ်ပြီး စောစောက တံခါးဖွင့်ပေးသော ကုလား အဘိုးကြီး၏ လေးကန်သော လှုပ်ရှားမှုတို့ကို သတိရလိုက်သည်။ ပြီးတော့ တဆက်တည်း သတိရလိုက်သည်က ဖေဖေ။

ကျွန်တော် လူမှန်းသိတတ်သည့် အရွယ်ကတည်းကပင် ဖေဖေ နံနက်တိုင်း စောစောထပြီး လမ်းလျှောက်လေ့ရှိသည်။ ကျွန်တော် ဒုတိယတန်းရောက်သောအခါ ကျွန်တော်လည်း လိုက်လျှောက်သည်။ ကလေးခြေလှမ်းမို့ နှေးသော်လည်း ဖေဖေက စိတ်ရှည်လက်ရှည် စောင့်ခေါ်သည်။ သားအဖနှစ်ယောက် လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်၊ နံပြားနဲ့ မလိုင်စားပြီးမှ အိမ်ပြန်ကြရာ ကျွန်တော် အလွန်ပျော်ပါသည်။

ကျွန်တော် ဆေးကျောင်းတက်နေစဉ်ကလည်း ကျောင်းပိတ်၍ အိမ်ပြန်လျှင် သားအဖနှစ်ယောက် စကား တပြောပြောနှင့် နံနက်တိုင်း လမ်းလျှောက်မြဲပင်။

လက်ထောက်ဆရာဝန်ဘ၀နှင့် နယ်မှာ နေရစဉ်ကဆိုလျှင် ဖေဖေက နံနက်တိုင်း ကျွန်တော့်ကို နှိုးပြီးလမ်းလျှောက်ခေါ်သည်။ ညဂျူတီရှိ၍ စောစောမထနိုင်သည့်အခါ ကျွန်တော် နိုးအောင် စောင့်ခေါ် တတ် သည်။ ငယ်ငယ်တုန်းက ဖေဖေနှင့်လမ်းလျှောက်ရသည်ကို ကျွန်တော်က ပျော်သည်။ ကျွန်တော် လူကြီး

ဖြစ်လာသောအခါ ဖေဖေက ကျွန်တော်နှင့်အတူတူ လမ်းလျှောက်ရသည်ကို ပျော်သည်။

သို့သော် ကျွန်တော် အိမ်ထောင်ပြုပြီးသောအခါ ယခင်လို မှန်မှန် မလျှောက်ဖြစ်တော့။ လျှောက်သည့် အခါ၌လည်း ဖေဖေနှင့်အစား ၀င်းနှင့်သာ အတူ လျှောက်မိသည်။ ဒါကလည်း သဘာဝကျသည်မို့ ဖေဖေ နားလည်ခွင့်လွှတ်လိမ့်မည် ထင်ပါသည်။

ဖေဖေနှင့် မလျှောက်ဖြစ်တော့သည့် အကြောင်းတစ်ခုက ဖေဖေ့ခြေလှမ်းတို့ ဟိုတုန်းကလို မသွက်လက်တော့ပါ။ ကျွန်တော်တို့ လျှောက်လိုသည့်နှုန်းနှင့် မကိုက်သဖြင့် သပ်သပ်စီလျှောက်ကြခြင်း ဖြစ်ပါသည်။

.....................................................................

`ကျွန်ုပ်၏ မှုန်ဝေသော မျက်စိအစုံနှင့် တုံ့နှေးသော အသိဥာဏ်တို့ကို စာနာထောက်ထားတတ်သော သူတို့သည် မင်္ဂလာရှိကြ၏´

စာမဖတ်ရ မနေနိုင်၊ ငယ်ငယ်ကတည်းက စွဲစွဲမြဲမြဲ ဖတ်ခဲ့သဖြင့် အသက် ၇၆နှစ်တွင် ဖေဖေ မျက်စိတစ်ကြိမ် ခွဲရ၏။ အသက် ၈၈နှစ်တွင် နောက်တစ်ကြိမ်ခွဲရ၏။ သို့သော် ဤတစ်ကြိမ်ခွဲပြီးသောအခါ သိသိသာသာ ပြန်မကောင်းတော့ပါ။ ဤတွင် သာမန် အဘိုးအိုတစ်ဦးလို ပုတီးစိပ်ရန် တရားထိုင်ရန် ၀ါသနာမပါသော ဖေဖေ့လို စာသမားတစ်ဦးအဖို့ စာမဖတ်နိုင်သောအခါ လုပ်စရာ မရှိတော့သလို မနေတတ် မထိုင်တတ်ဖြစ်ရသည်။ သူဖတ်နေကျ တိုင်းမ်မဂ္ဂဇင်းလာလျှင် အားမလိုအားမရ ကိုင်ကြည့်လိုက် ပြန်ချလိုက် လုပ်နေတတ်သည်။ စာလုံးများကို မြင်လိုမြင်ငြား စာရွက်တွေ ဟိုလှန်သည်လှန်လုပ်ပြီး ဖတ်မရသောအခါ စိတ်ပျက်လက်ပျက် ငြိမ်သက်စွာ ထိုင်နေတော့၏။ ကျွန်တော့်ကိုလည်း ဒီတပတ် ဘာတွေထူးသလဲ၊ ဘာပါ သလဲနှင့် မေးတတ်သည်။ သူ စိတ်ဝင်စားသည့် သတင်းမျိုး ပါသည်ဆိုလျှင် ဖတ်ပြခိုင်းသည်။ တစ်ခါ တစ်ရံတော့လည်း စိတ်လိုလက်ရ ဖတ်ပြမိသည်။ စိတ်မောလူမော ဖြစ်လာသောအခါမျိုး၌ ကျွန်တော် ဖတ်ပြမနေချင်။ သည်တော့ ဖေဖေက မေးလျှင် များသောအားဖြင့် `ဘာမှ မထူးပါဘူး ဖေဖေရာ´ဟု ပိတ်ပြောလိုက်ရ၏။ မဟုတ်လျှင် သံသရာ ရှည်နေမည် မဟုတ်လား။

....................................................................

`ကော်ဖီခွက်ကိုပင် နိုင်အောင် မကိုင်တွယ်နိုင်သဖြင့် အောက်သို့ ဖိတ်ကျအောင် ပြုမိသော ကျွန်ုပ်၏ လက်တို့ကို စာနာထောက်ထားခြင်းများဖြင့် မသိဟန်ဆောင်တတ်သူတို့သည် မင်္ဂလာရှိကြ၏´

မျက်စိကွယ်ခြင်းမဟုတ်သော်လည်း မှုန်လွန်းသော ဖေဖေသည် စာမဖတ်နိုင်ရုံမက ထမင်းစားရာ၌လည်း အခက်အခဲရှိသည်။ ဟင်းခွက်များကို ခပ်ဝါးဝါး ခပ်ပြားပြားသာ မြင်သဖြင့် ဇွန်းကို စမ်းရှာရသည်။ ဇွန်းရှာရင်း လက်က ဟင်းခွက်ထဲ ရောက်သွားတတ်၏။ ဘယ်လက်က အတော်လေးတုန်နေသဖြင့် ညာလက်နှင့်သာ ကိုင်ရသောကြောင့် ဇွန်းမှာ ဟင်းပေးနေပြီး အတူတူစားသော ကျွန်တော်တို့မှာ ကသိကအောက်ဖြစ်ရသည်။ ပြီးတော့ ဒါက ဘာဟင်း၊ ဟိုဟာက ဟင်းချိုစသည်ဖြင့် ပြောနေရသောကြောင့် ရှင်းရှင်း ၀န်ခံရလျှင် ဖေဖေနှင့်အတူတူ စားရခြင်းကို ကျွန်တော် စိတ်မရှည်တော့ပါ။ သည်တော့ ...

သည်တော့ ဖေဖေတစ်ယောက်ထည်း တစ်ပွဲကျွေးစေပြီး ကျွန်တော်နှင့်ဝင်းက နောက်မှ စားကြသည်။

ထိုအစီအစဉ် အကောင်အထည်ဖော်စဉ်က ကျွန်တော်တို့ အခက်အခဲ အနည်းအကျဉ်းတွေ့ရသေးသည်။ စင်စစ်တွေးကြည့်လျှင် ရယ်စရာလည်းကောင်း၊ သနားစရာလည်းကောင်းပါသည်။ ညစာကို အမြဲတမ်း အတူတူ တစ်ပွဲတည်း စားနေကျဖြစ်သဖြင့် ဖေဖေ့ကို တစ်ယောက်တည်း သပ်သပ်ကျွေးရန် အားနာသောကြောင့် ကျွန်တော်တို့ လင်မယားက ညနေဖက် ဆေးခန်းကပြန်လာပြီး ထမင်းစားချိန်ကျသောအခါ မဆာသေးဟု အကြောင်းပြ၍ နောက်ချန်နေလိုက်သည်။ ပထမတစ်ရက်၊ နှစ်ရက်တော့ ဟုတ်လို့ပါပဲ။ နောက်ရက်တွေ ကျတော့ ဖေဖေက သူလည်း မဆာသေး၊ ကျွန်တော်တို့နှင့်မှ အတူတူစားမည်ဟု စောင့်နေသည်။ ကြာတော့ ကျွန်တော်တို့လည်း ဆာလာသဖြင့် အတူတူ စားလိုက်ရတော့သည်။ သို့သော် နေ့စဉ်ရက်ဆက် နောက်ချန်နေသောအခါ ဖေဖေရိပ်မိသွားသည်ထင်ပါရဲ့။ နေ့စဉ် သူတစ်ဦးတည်း တိတ်ဆိတ်စွာ စားသွားသည်မှာ ကွယ်လွန်သည့်အချိန်ထိပင်။

....................................................................

`သူတစ်ပါး ပြောစကားကို အလွယ်မကြားနိုင်သဖြင့် ခက်ခက်ခဲခဲ အာရုံစိုက်ကာ ကြားနာရသော ကျွန်ုပ်တို့၏ နားအစုံတို့ကို စာနာထောက်ထားတတ်သူတို့သည် မင်္ဂလာရှိကြ၏´

ငယ်စဉ်က အလွန်နားပါးသော ဖေဖေသည် အသက်ရှစ်ဆယ်နား နီးလာသောအခါ မျက်စိမှုန်ရုံသာမဟုတ်၊ နားပါ လေးလာသည်။ ပြောလျှင် တော်တော်နှင့် နားမလည်နိုင်။ နှစ်ခါ သုံးခါထပ်ပြောရသည်။ ယခင်အခါ များက သားအဖနှစ်ယောက် သူငယ်ချင်းလို ထမင်းစားရင်း၊ ညပိုင်း အိပ်ရာမ၀င်ခင် ထိုင်ရင်း စကား တပြောပြော နေတတ်သော်လည်း နောက်ပိုင်း၌ လေသံမြှင့်ပြီး နှစ်ခါ သုံးခါ ပြောမှ ကြားသောအခါ ကျွန်တော် ဖေဖေနှင့် စကားပြောရမှာ ၀န်လေးလာသည်။ ပြီးတော့ ကျွန်တော်တို့ ဇနီးမောင်နှံသည် ခေတ်ရေစီးကြောင်းမှ လူငယ်များပီပီ အချိန်အားဟူ၍ သိပ်မရှိလှပါ။ နံနက်လင်းသည်နှင့် သွက်သွက်စား၊ အလုပ်သွား၊ ညနေဘက်မှာ ပြန်လာ၊ ရေမိုးချိုးပြီး ဆေးခန်းသို့ သွားရပြန်သည်။ ပြန်လာတော့လည်း မောမောနှင့် ထမင်းစား၊ တီဗီကြည့်ပြီး အိပ်ကြတော့သည်။ တနင်္ဂနွေ တစ်ရက်မှာတော့ ဂေါက်သီးရိုက်၊ တစ်အိမ်အိမ်မှာ စု၊ အရက်သောက်၊ လေပစ်၊ ဗီဒီယိုကြည့်၊ ညဥ့်နက်မှ လူစုခွဲကြသည်။ ကျွန်တော် ဆရာဝန် ဖြစ်စ နယ်မှာ အမှုထမ်းတုန်းကလို သားအဖချင်း စကားအေးအေးလူလူပြောနိုင်သည့် အခွင့်အလမ်းမျိုး နည်းပါးလှပါသည်။

အထူးသဖြင့် ဖေဖေနားလေးလာ၍ ပိုဆိုးသည်။ တစ်စုံတစ်ရာ ပြောစရာရှိလျှင်ပင် အပြင်ထွက်ခါနီးဖြစ်နေပါက အချိန်ကြာမည်စိုး၍ အိမ်ဖော်မလေးအား `ဖေဖေ့ကို ဒီလို ဒီလိုပြောလိုက်´ဟု မှာခဲ့ရသည်။

....................................................................

`မေ့တတ်၍ အကြောင်းတစ်ခုကို ကျွန်ုပ်အထပ်ထပ်ပြောမိလျှင် ကျွန်ုပ်အား အပ်ကြောင်းထပ်သော အဘိုးကြီးဟု ကဲ့ရဲ့ပြစ်တင်ခြင်းမရှိသော သူတို့သည် မင်္ဂလာရှိကြ၏´

ဖြတ်သန်းခဲ့ရသော ဘ၀ခရီးရှည်လျားသည်နှင့်အမျှ ဖေဖေ့၌ ပြောစရာတို့ များလှစွာ၏။ အထူးသဖြင့် ကျွန်တော်တို့ ကောင်းစွာ မမီလိုက်သည့် ကိုလိုနီခေတ်က သူတို့ အတွေ့အကြုံနှင့် လုပ်ဖော်ကိုင်ဖက် အသိအကျွမ်း ပုဂ္ဂိုလ်တို့အကြောင်း။

၁၉၂၀ပြည့်နှစ်၊ ကျောင်းသား သပိတ်တုန်းက အမျိုးသားကျောင်းဆရာများ၊ သပိတ်မှောက်ကျောင်းသားများကို ရွှေပြည်သာ ဘုရားဝင်းထဲမှ ဇရပ်မှာ ခေါ်ထားပြီး စာသင်ပေးကြပုံများ။

သူနှင့်ခင်မင်သော အမျိုးသားပညာဝန် ဦးဖိုးကျားအကြောင်း။

ကျောက်စာဝန် `တော်စိန်ခို´အကြောင်း။

ဒါတွေက ကျွန်တော် ငယ်စဉ်ကပင် ကြားခဲ့ဖူးသော အကြောင်းအရာများဖြစ်သော်လည်း ဖေဖေသည် ပြောပြီးကြောင်း မေ့နေ၍ပဲလား။ သို့မဟုတ် အတိတ်၏ ချစ်စရာ အောက်မေ့ဖွယ်ကလေးများကို ပြန်ပြော ရသည်မှာ အရသာရှိလွန်း၍ပေလား မပြောတတ်။ မကြာခဏပြောပြတတ်သည်။ လွတ်လပ်ရေးခေတ်မှာ လူလားမြောက်သော ကျွန်တော်တို့ကား အမျိုးသားပညာရေးနှင့် ဦးဖိုးကျားတို့အကြောင်းထက် နိုင်ငံခြား သွားရန်နှင့် နောက်ထပ် ဘွဲ့ယူရန်သာ ပို၍ စိတ်ဝင်စားသည်ကို ဖေဖေမသိလေရော့သလား။

ထိုသို့ မကြာခဏပြောတတ်သဖြင့် `အပ်ကြောင်းထပ် အဘိုးကြီး´ဟု ကျွန်တော် မဆိုသော်လည်း ဖေဖေ့အနားမှာ ကြာကြာမနေ။ ပြောချင်၍ စကားပျိုးလာလျှင် ကျွန်တော်တို့ တစ်ခုခု အကြောင်းပြပြီး ထပြေးကြတော့သည်။ ပြီးလျှင် ကွယ်ရာမှာ ၀င်းနှင့် နှစ်ယောက်သား ပြောပြီး ရယ်ကြသည်။

သြော်.. အခုတော့ ရယ်စရာအဖြစ် မမြင်နိုင်။ ရင်ထဲမှာ နင့်တင့်တင့်ကြီး ခံစားရသည်။

ကျွန်တော်တို့ မှားပါတယ် ဖေဖေ။

ရင်ထဲမှ အသံမထွက်ဘဲ တောင်းပန်နေမိ၏။

....................................................................

`ဂွတ်မောနင်း´

ဖြူစင်သော သီလရင် ၀တ်စုံရှည်ကြီးနှင့် ငြိမ်းချမ်းသော မျက်နှာ အမူအရာနှင့် စစ္စတာလေး၏ နှုတ်ခွန်းဆက်သံ ကြောင့် ကျွန်တော့်အတွေးများ ပြတ်တောက်သွားပါသည်။

`ဂွတ်မောနင်း.. စစ္စတာ ကျွန်တော် အလှူငွေထည့်ချင်လို့ပါ´

ကျွန်တော်က လာသည့်အကြောင်းရင်းကို ပြောပြလိုက်ရသည်။

`ဒါဆိုရင် .. ခဏစောင့်ပါနော်၊ ဖြတ်ပိုင်းစာအုပ်ယူလိုက်ဦးမယ်´

`သြော် .. ဟုတ်ကဲ့၊ ဒါနဲ့ ကျွန်တော် အဆောင်တွေထဲ နည်းနည်းပါးပါး လျှောက်ကြည့်လို့ မရဘူးလား´

`ရပါတယ် .. လိုက်ခဲ့ပါ´

ကျွန်တော် စစ္စတာနောက်မှ လိုက်ခဲ့သည်။ ကျွန်တော်တို့ လှေကားခန်းမကြီးထဲမှ ဖြတ်လာသောအခါ မျက်နှာချင်းဆိုင်မှ တုံ့နှေးစွာ လျှောက်လာသော ကုလားကပြား အဘိုးအိုတစ်ဦးသည် ညွတ်ကိုင်းနေသော ခါးကို အနည်းငယ်မတ်လိုက်ပြီး ဧည့်သည်ကျွန်တော့်ကို သေသေချာချာ လိုက်ကြည့်သည်။ ပြီးတော့ `ဂွတ်မောနင်း´ ဟု အသိတစ်ဦးနှင့် လမ်းမှာတွေ့၍ နှုတ်ဆက်သလို နှုတ်ဆက်သည်။

`သူတို့ စကားသိပ်ပြောချင်ကြတယ်လေ၊ လာတွေ့မယ့် ဆွေမျိုးတို့၊ မိတ်ဆွေတို့လည်း မရှိကြဘူး မဟုတ်လား´

စစ္စတာလေးက အသံဝဲ၀ဲဖြင့် ရှင်းပြသည်။

အလယ်ခန်းမကြီး၏ ညာဘက်၌ ကျယ်ဝန်းသော ကော်ရစ်ဒါကြီးတစ်ခုရှိရာ မည်သည့် ပုဂ္ဂိုလ်က လှူဒါန်းထားသည် မသိသော ဆိုဖာ အဟောင်းကြီး လေးလုံးကို စီတန်းချထားသည်။ တစ်ခုသော ဆိုဖာကြီးပေါ် ၌ အဖိုးအိုတစ်ဦး ထိုင်နေသည်။ အဝေးသို့ ငေးစိုက်ပြီး မတုန်မလှုပ် ထိုင်နေပုံမှာ ...

`အို.. ဖေဖေ့အတိုင်းပါလား၊ .. လောကကြီးမှာ သေခြင်းက လွဲပြီး ဘာကိုမှ မျှော်လင့်စရာ မရှိတော့သလို မျက်လုံးတွေက ငြိမ်သက်နေလိုက်တာ .. လူ့လောကမှာ အသက်ရှင်နေပေမယ့် လူတွေထဲမှာ ပါဝင်ခွင့် မရတော့လို့ ဘ၀က အဓိပ္ပါယ် မရှိတော့ဘူးထင်ပါရဲ့ .. ဟုတ်ပါတယ်၊ ဒီလိုမျက်နှာမျိုးပါပဲ´

ကျွန်တော့် ရင်ထဲမှာ တလှပ်လှပ်ခုန်လာသဖြင့် ဆက်မကြည့်တော့ဘဲ မျက်နှာလွှဲလိုက်မိပါသည်။

....................................................................

`မင်္ဂလာရှိရဲ့လား၊ ကျွန်တော် မင်္ဂလာရှိပါရဲ့လား´

သည်မေးခွန်းသည် လူအိုရုံမှ အပြန်မှာ ကားမောင်းရင်း ကျွန်တော့်ကိုယ် ကျွန်တော် အကြိမ်ကြိမ်မေးမိသော မေးခွန်းဖြစ်ပါ၏။

ဆိုဖာဟောင်းကြီးပေါ်မှာ အထီးကျန်စွာ ထိုင်နေတတ်သော အဘိုးအို၏ မျက်နှာသည် ကျွန်တော့်မျက်စိရှေ့မှာ မရှိတော့သော်လည်း ရင်ထဲ၌ ကပ်ပါလာသည်။

ညနေတိုင်း ကျွန်တော် ရုံးမှ ပြန်လာလျှင် အိမ်ရှေ့အခန်းကလေးထဲက ပက်လက်ကုလားထိုင်မှာ ဒီလိုကြီး ထိုင်နေတတ်သော ဖေဖေ့ကို ကျွန်တော့်အာရုံမှာ ပြန်မြင်လာသည်။

ကံကောင်းလှသည်ဟု ထင်ခဲ့သော ဖေဖေ။

မိမိဖခင်ကို ချမ်းချမ်းသာသာ ခိုင်းစရာ စေစေရာ လူတွေနှင့် ပြည့်စုံစွာ ထားနိုင်သဖြင့် သားသမီး ၀တ္တရား ကျေပွန်လှပြီဟု ကိုယ့်ကိုကိုယ် ကျေနပ်နေတတ်သော ကျွန်တော်။

ဖေဖေသည် သားဖြစ်သူ၏ အိမ်၌ လူအိုရုံမှာ နေသလို အထီးကျန်စွာ နေရလေသလား။

သားလိမ္မာ ကျွန်တော့်အိမ်ကို သူ့စိတ်ထဲ၌ `လူအိုရုံ´ဟုများ သတ်မှတ်သွားလေသလား။

`သြော်... ဖေဖေရယ်´

ဖေဖေကွယ်လွန်စဉ်က မငိုခဲ့သော်လည်း ယခု အပြန်လမ်းမှာတော့ ကျွန်တော့ပါးပြင်ပေါ်၌ မျက်ရည်တို့သည်..။

နန်းနွယ်နွယ်

(ငွေတာရီ၊ ၁၉၈၂ခုနှစ်၊ ဒီဇင်ဘာ)
မှတ်ချက်။ ၀တ္ထုတိုလေးမှာ ကြာပြီဖြစ်၍ အချို့အကြောင်းအရာများမှာ ခေတ်နှင့် သိပ်မလျော်ညီတော့ သော်လည်း အနှစ်သာရများမှာ လန်းဆန်းဆဲဟု ထင်မိသောကြောင့် blog တစ်ခုမှကူးယူကာ ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါသည်။ စာဖတ်သူ အားလုံး မင်္ဂလာရှိနိုင်ကြပါစေ …..။

No comments:

Home