Home

လောကဖတ်စာ

ဟေး... မောင်လှမျိုး။ အကြောင်းမရှိ အကြောင်းရှာ ရှာပြီး ငါ့ကို ခဏခဏ အော် အော်ခေါ် နေတဲ့ ကောင်။ မင်း ဘာကောင်လဲ။
အသင်လောက၊ အသင်လောကနဲ့ ငါ့ကို မင်း ဘာဖြစ်လို့ လှမ်း လှမ်းခေါ်နေရတာလဲ။ မင်းတင် မဟုတ်ဘူး။ တချို့ လူတွေလည်း ငါ့ကို လှမ်းလှမ်းခေါ်တယ်။ ဘာဖြစ်လို့ ခေါ်နေကြရတာလဲ။ တချို့များ ပြောကြသေးတယ်။ လောကကြီး က မာယာများ သလေး၊ ဘာလေးနဲ့။ မင်းတို့ တစ်တွေ မှားနေကြပြီ မောင်လှမျိုး။
xxxxxxx
(၂)
မင်း... သေသေချာချာ စဉ်းစားကြည့် စမ်းပါဦးကွာ။ လောကကြီး လို့ မင်း ခေါ်ခေါ် နေတဲ့ ငါက လောက ဆိုတဲ့ ဝေါဟာရပဲ ရှိတာ ပါကွ။ တစ်ခုခု ကို စီစဉ် ဖန်တီး နေတဲ့ အကောင် ပလောင်ကြီး အဖြစ် ရှိနေတာ မဟုတ်ပါဘူး။ ခေါ်ဝေါ်ဖို့ အတွက် အမည်အတပ် ခံရတဲ့ သညာ တစ်ခု ပါပဲကွာ။ ဒါကို မင်းသိလျက်နဲ့ အို... အသင် လောကလို့ အော်အော်ပြီး ငါ့ကို တိုင်တည် သလိုလို၊ မကျေနပ် သလိုလိုနဲ့ ငါ့အပေါ် မင်း အပြစ်တွေ ပုံချလွန်း တယ်ကွာ။ နောက်နောင် အပြော အဆို ဆင်ခြင်စမ်း ပါကွာ။ လောကကြီး ဆိုတာ တကယ်မရှိပါဘူး။ အဝန်းအဝိုင်း အကန့်အသတ်တစ်ခုခုကို ခေါ်ဝေါ် တဲ့ အမည် နာမ ပါကွာ။ ဥပမာ ဗြမ္မာတွေရှိတဲ့ နေရာ အခြေအနေ၊ အဝန်းအဝိုင်း၊ အကန့်အသတ် ကို ဗြဟ္မာ လောကလို့ ခေါ်ပြီး နတ်တွေရှိတဲ့ နေရာ အခြေ အနေ၊ အဝန်းအဝိုင်း၊ အကန့်အသတ် ကို နတ် လောကလို့ ခေါ်ကြ သလို မင်းတို့ လူတွေ ရှိတဲ့ နေရာ၊ အခြေအနေ၊ အဝန်းအဝိုင်း၊ အကန့် အသတ်ကို လူ့လောက လို့ ခေါ်ကြတာ လေကွာ။
ဘယ်မှာလဲ...ငါ့ခန္ဓာကိုယ်။ ဘယ်မှာလဲ ငါ့အဝန်း အဝိုင်း။ ဘယ်မှာလဲ ငါ့လုပ်ပိုင်ခွင့်။ လောကကြီးလို့ အခေါ်ခံရတဲ့ ငါ့မှာ ငါ့ရဲ့ကိုယ်ပိုင်လောက မရှိပါဘူး။ မင်းတို့ လူတွေသာ ပညတ် အားဖြင့် တကယ် ရှိနေ ကြတာ ပါ။ လူတွေ ရှိတဲ့ နေရာ ဒေသ မို့လို့ လူ့လောကလို့ ခေါ်ကြ တာပေါ့။ မဟုတ်ဘူးလား။ မင်းတို့...လူအချင်းချင်း၊ လူ့အဝန်း အဝိုင်းထဲမှာ ဖြစ်တဲ့ ပြဿနာတွေ ကို မင်းတို့ ဘာသာ နည်းပေါင်းစုံ နဲ့ ရှင်းကြ၊ လင်းကြ ရင်ဆိုင် ကြစမ်း ပါကွာ။
အို...အသင်လောက လို့ အော်အော် ခေါ်ပြီး ငါ့ကို တရားခံ မရှာချင်စမ်း ပါနဲ့။ မင်း ရော၊ တချို့လူတွေ ရော၊ ငါ့ကို ခဏခဏ နာမည် ဖျက်တယ်။ ဘာတဲ့...လောကကြီး က မတရားဘူး ဆိုလား၊ မမျှတဘူး ဆိုလား။ ပြီး တော့ လောကကြီးက မမြင်ချင် ယောင်ဆောင် နေတယ်...ဆိုတာ ပါသေးတယ်။ မင်း တော်တော် ဆိုးတာပဲ မောင်လှမျိုး။ ငါ မင်းကို ဘာလုပ်လို့ လဲကွာ။ နောက်ပြီး လူတွေကို ငါ ဘာလုပ် လို့လဲ။
xxxxxxx
(၃)
တချို့များ သီချင်းထဲတောင် ထည့်ဆိုလိုက် သေးတယ်။ လောကကြီးကို ခါးစောင်း တင်မယ့် လူစားတဲ့။ မင်းတို့လူတွေ ငါ့ကို ထိလို့ တို့လို့များ ရရင် ကိုင်များ ပေါက်ကြဦး မလား မသိဘူး။
မင်းရဲ့မိတ်ဆွေတချို့ မင်းအပေါ် အခွင့် အရေးယူ သွားကြတာ၊ နောက်ကျော ကို ဓားနဲ့ထိုး သွားကြတာ၊ မင်းဘာသာ ညံ့လို့ ခံလိုက် ရတဲ့ ကိစ္စ။ ငါနဲ့ ဘာဆိုင်လဲ။ အဲဒါကို ဘာမဆိုင် ညာမဆိုင်။ မိတ်ဆွေနဲ့ ရန်သူ၊ ခွဲခြားတတ်အောင် သင်ကြားပေးပါ အသင် လောကဆိုပြီး မင်း...ငါ့ကို ပြဿနာ ရှာတယ်လေ။ တချို့လူတွေလည်း ငါ့ကို ပက်ပက် စက်စက် ပြောကြ ပါသေးတယ်။ လောကကြီး ကို စိတ်နာ တယ်တဲ့။
အမှန်က သူ ရင်ဆိုင် ကြုံတွေ့ ခဲ့ရတဲ့ လူတွေ ကို စိတ်နာ တယ်လို့ ပြောရမှာ ဘယ့်နှယ်ကြောင့် ငါ့နာမည်က ကန့်လန့် ကန့်လန့် နဲ့ ပါသွား ရတယ် မသိဘူး။ ငါ့အထင်တော့ မင်းရော၊ အဲဒီ လူတွေရော၊ ကိုယ် ရင်ဆိုင် ကြုံတွေ့ နေရတဲ့ လူအချင်းချင်း ရဲ့ အဖိအစီး ကို ဒါမှမဟုတ် ကိုယ် ရင်ဆိုင် ယှဉ်ပြိုင် နေရတဲ့ ပြဿနာ၊ အခက်အခဲတွေ ကို တွန်းလှန် ဖြေရှင်းဖို့ မတတ်နိုင်ကြတော့ တာ နဲ့ အနားတွေ့ တဲ့ ခွေးပိန် တစ်ကောင်ကို ခြေထောက် နဲ့ ဆောင့်ကန် သလိုမျိုး ငါ့ကို ဝိုင်းပြီး ဆောင့်ကန် ချင်ကြတာ များလားဟင်။
ငါနဲ့ မဆိုင်ရေးချ မဆိုင်ပေါင်ကွာ။ လူတွေ နေတဲ့ ကမ္ဘာ့နိုင်ငံအချင်းချင်း နိုင်လိုမင်းထက် လုပ်နေခဲ့ကြတာ။ ထစ်ခနဲဆို အကြောင်းပြမယ် တကဲကဲ လုပ်နေကြတာ။ ငါနဲ့ဆိုင်လို့လား။ မင်းတို့ လူအချင်းချင်းထိန်းရမှာကွ။
အဓမ္မပြုသူကို ဓမ္မနဲ့ အညီ၊ မောက်မှားသူ တွေကို တရားဥပဒေနဲ့ အညီ၊ ဆိုးသွမ်းတဲ့ လူတွေ ကို စည်းကမ်းတွေနဲ့ အညီ၊ မင်းတို့ မင်းတို့ မင်းတို့ လူအချင်းချင်း ထိန်းသိမ်း ဆောင်ရွက်ကြ ရမှာလေ။ တိရစ္ဆာန်ထဲမှာ ခွေးသူခိုး ရှိသလို လူတွေထဲ မှာလည်း (လူ)သူခိုး ရှိတတ် တာပဲ မဟုတ်လား။ အို...အသင်လောက။ ထိုသူများ ကို သင် လက်မခံပါ နဲ့လို့ မင်း အော်ဦး မလို့လား မောင်လှမျိုး။ မင်း အဲဒီလို ကြောင်တောင်တောင် တွေ မလုပ်စမ်းပါ နဲ့တော့။
ခွေးရူး တစ်ကောင်ကို တောင် ခွေးတွေဝိုင်း ကိုက်ရဲ သေးတာပဲ။ လူထဲမှာ ရှိတဲ့ လူ့တိရစ္ဆာန် တွေကို လူတွေရဲ့ ဥပဒေတွေ၊ စည်းမျဉ်း စည်းကမ်းတွေ နဲ့ ဝိုင်းဝန်း အရေးယူ နိုင်ကြရမှာ ပေါ့။ အဲဒါ လူ့ကိစ္စ လူ့ပြဿနာ။
လောကကြီးနဲ့ ဘာဆိုင်လို့ လဲကွာ။ ကိုယ် လုပ်ရမယ့် အလုပ်ကို ကိုယ့်ဘာသာ သေသေ ချာချာ မလုပ်နိုင်တဲ့ အခါတိုင်း လောကကြီးက မျက်စိကန်း နေတယ် လို့တော့ မင်း မစွပ်စွဲပါနဲ့။ လောကကြီး ဆိုတာ မရှိပါဘူး။ မင်းတို့ လူတွေကိုယ်တိုင် သာလျှင် လူ့ လောက ဖြစ်တယ်။ အဲဒီ လူ့လောကကို ဘယ်သူတွေ ဖျက်နေတယ် လို့ မင်းထင်သလဲ။ ဟေး... မောင်လှမျိုး။ မင်း သေသေ ချာချာ မှတ်ထား စမ်းပါ။ လူ့လောက ကို ဘယ်တိရစ္ဆာန် မှ လာ မဖျက်ဘူး။
xxxxxxx
(၄)
သံကို သံဖျက် သံချေးတက်ဆိုတာ ကြားဖူးတယ်။
ကမ္ဘာကြီး ပူနွေးလာအောင် ဘယ်မျောက် တွေ ကမှ လာလုပ်တာ မဟုတ်ဘူး။ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ လေထု ထဲမှာ ပေါများ လွန်းပြီး အိုဇုန်းလွှာ ပျက်စီးအောင် ဘယ်ဂြိုဟ်သားတွေ ကမှ လာလုပ်တာ မဟုတ်ဘူး။
ကမ္ဘာလောက ကို မီးလောင် တိုက်သွင်း နေတာ မင်းတို့ လူသားတွေ ပဲကွ မောင်လှမျိုးရ။ လူနေအိမ်တွေ မှာ သော့ခတ် ရတယ်။ အဆောက် အဦတွေ မှာ သော့ခတ်ရတယ်။ မြို့ရွာ နယ်နိမိတ် သတ်မှတ်ပြီး စည်းရိုး ခြားရတယ်။ တချို့ ဒေသ နယ်နိမိတ် ထဲကို သားရဲ တိရစ္ဆာန်တွေ ဝင်မှာ စိုးလို့ စည်းရိုးခြား၊ တံခါး ပိတ်ရတာ က ထားပါတော့။
လူ့ရပ်၊ လူ့ရွာ၊ မြို့လယ်ကောင်၊ လူတွေ ချည်းပဲ နေထိုင်ကြတဲ့ ဒေသမှာ သော့တွေခတ် ထားကြရတာ။ ကျွဲတွေ၊ နွားတွေ၊ ကျားတွေ၊ ခြင်္သေ့တွေ၊ အိမ်ထဲ ဝင်ပြီး ခိုးဆိုး စားသောက်မှာ စိုးလို့တော့ မဟုတ်တန် ပါဘူး။ သူခိုးတက်မှာ စိုးလို့၊ အနုကြမ်း စီးမှာ စိုးလို့ မဟုတ်လား။ လူတွေ နေတဲ့ လူ့အဝန်းအဝိုင်း မှာ လူက လူကို ပြန်ကြောက် နေရတဲ့ အဖြစ်ဆိုး ကြီးကို ဘယ် တိရစ္ဆာန် ကမှ ဖန်တီးတာ မဟုတ်ပါဘူး။
ကမ္ဘာတစ်ဝန်းလုံးမှာ သော့မခတ်ရတဲ့နိုင်ငံ ရှိရင် ငါ့ကို ပြောပြစမ်းပါကွာ။ သော့တွေ ရှိနေ သေးသမျှ မင်းတို့ လူ့ကမ္ဘာကြီး မငြိမ်းချမ်းနိုင် ဘူး မောင်လှမျိုး...။ သူခိုးတွေ၊ ဓားပြတွေ၊ လူ့အန္ဓတွေကို ငါ (လုံးဝ) မဖန်တီးခဲ့ပါဘူးကွာ။ သံချေး ဆိုတာ သံထဲက ထွက်လာသလို လူဆိုး ဆိုတာလည်း မင်းတို့ လူတွေထဲ ကပဲ ထွက်လာ ကြတာ မဟုတ်လား။ အဲဒါ ငါနဲ့ ဘာဆိုင် သလဲ။
xxxxxxx
(၅)
နောက်နောင် မင်း ငါ့ကို အပြစ်ဖို့တဲ့ လေသံကြီးနဲ့ အော်မခေါ်ပါနဲ့ ကွာ။ ကမ္ဘာ့ နိုင်ငံ အကြီးကြီး က ဘယ်လောက် ကြီးတဲ့ သမ္မတကြီးပဲ ဖြစ်ပါစေ (ကမ္ဘာ တစ်ခွင် လုံး ငြိမ်းချမ်းဖို့ မပြောနဲ့) သူ့တစ်နိုင်ငံတည်း ကို တောင် အလုံးစုံ ပြီးပြည့်စုံအောင် ဆောင်ရွက် နိုင်စွမ်း မရှိပါ ဘူးကွာ။
ရှိတယ်ပဲ ထား။ သူ့နိုင်ငံသူ နိုင်ငံသား အားလုံးကို အပါယ် မကျအောင်၊ သံသရာ မလည်အောင်၊ အရိယာ မဖြစ်အောင်၊ တကယ့် ချမ်းသာခြင်း အစစ်ကို ရှာတွေ့အောင် စွမ်းဆောင် ပေးနိုင်မှာ မဟုတ်ပါဘူး။
ပုထုဇဉ်က ပုထုဇဉ် ကို အုပ်စိုး နေကြတဲ့ မင်းတို့ ကမ္ဘာ။
မင်းတို့ပြဿနာ နဲ့ မင်းတို့။
ဦးထောင်ပဲ့နင်း။ အိမ်ရှေ့ပူ၊ အိမ်နောက် မချမ်းသာ။ ပစ်လိုက် ခတ်လိုက်။ သေလိုက် ငိုလိုက်။ နိုင်လိုက် ရှုံးလိုက်။ အေးလိုက် ပူလိုက်။ တက်လိုက် ကျလိုက်။ အော်လိုက် ဟစ်လိုက်နဲ့။ လက်ပံပင် ဆက်ရက် ကျနေတဲ့ ကမ္ဘာ။
ဘာလို နေမှန်း မသိဘဲ လိုမယ် ထင်တာတွေ လျှောက်လုပ် နေကြတဲ့ ကမ္ဘာ။
အဲဒီ ကမ္ဘာကြီး ထဲမှာ မင်း စိတ်တိုင်း ကျကျ မကျကျ မင်းဘာသာ အေးအေး ဆေးဆေး နေစမ်းပါ။ ဒါမှ မဟုတ် အသင်လောက လို့ မအော်ဘဲ ဟေ့...လူ့လောက လို့ မင်း ပြတ်ပြတ်သားသား အော်လိုက် စမ်းပါ။ ငါကတော့ ဝေါဟာရ အဖြစ်သာ ရှိနေရ သူမို့ လောက...လောကလို့ ပြောသံ ကြားတိုင်း ငါ ဘာမှ မဖြစ်ပါ။ မင်းလည်း ဘာမှ မဖြစ်အောင် နေကြည့်စမ်း ပါကွာ...။

No comments:

Home