"အချစ်ဆိုတာ လှပစွာလွဲမှားခြင်း" လို့ မျက်လုံးကိုမှိတ်၊နားကိုပိတ်ပြီး ဆယ်ကျော်သက်လေးတယောက်လို မဆိုလိုက်ပါနဲ့လား သူငယ်ချင်းရယ်...။ အဲဒီစကားလုံးလှလှတွေရဲ့နောက်မှာ သန့်ရှင်းဖြူစင်တဲ့အချစ်တခု တည်ရှိနေတယ်လို့ ငါဘယ်လိုမှ ယုံကြည်ပေးလို့မရဘူး...။ ငါလဲနင့်လို အနုပညာသမားပေမယ့် ကိုယ်ကျင့်တရားကို ရူးသွပ်စွာအလေးထားတယ်...။ ပိုင်ဆိုင်သူကိုယ်စီရှိလျက်နဲ့ စိတ်သာယာမှူနောက်ကိုလိုက်တဲ့ အဲဒီလို ညစ်ထေးထေးခံစားမှူတွေ နင့်ဆီမှာရောဂါပိုးတခုလို ဘယ်အချိန်ကများ ဝင်ရောက်နှောက်ယှက်လိုက်ပါလိမ့်...။ ကိုယ်ကိုတိုင် ကြည်ကြည်ဖြူဖြူနဲ့ ချစ်ခင်သက်ဝင်လို့ ရွေးချယ်ထားခဲ့သူတယောက်က အခုတော့ နင်နဲ့languageချင်း မတူတော့ဘူးတဲ့လား...။ နင့်ကဗျာတွေ၊နင့်စာတွေက ခံစားနားလည်ပေးတတ်လွန်းသူတယောက်လက်ထဲကျမှ အသက်ဝင်လှူပ်ရှားသတဲ့လား...။ ရင်ခုန်သံတွေ ကာရန်ညီမှ အိပ်မက်တွေချိုမြတယ်ဟာလို့ အိပ်မက်ထဲက နိုးထသူတယောက်လို ယောင်ယမ်းနေတဲ့နင့်ကိုကြည့်ပြီး ငါယူကျုံးမရ ဖြစ်မိတယ်...။ သူငယ်ချင်း...အရာအားလုံးက အစီအစဉ်တကျ နေသားကျနေခဲ့ပြီးမှ ဘာကြောင့်ဖြိုခွဲဖျက်ဆီးပစ်ချင်ရတာလဲ...။
စိတ်ခံစားမှူနောက်ကိုလိုက်တယ်ဆိုရာမှာ စည်း၊ဘောင်တွေရှိသင့်တယ်...။ ဘာသာတရား၊ယဉ်ကျေးမှူ၊ပတ်ဝန်းကျင်ဆိုတာတွေကို မေ့ပစ်ရလောက်အောင် မမိုက်မဲသင့်ဘူး...။ နင့်အတ္တကြောင့်ကျတဲ့ မျက်ရည်တွေကို ငါမုန်းတယ်...။ နင့်ရဲ့အဆိပ်ပြင်းတဲ့ ငြီးငြူသံတွေက ခါးသက်တယ်...။တဆိတ်သူငယ်ချင်းရယ်...ငါက 3rd Party ကိုမုန်းတတ်တယ်...။ ချားလ်မင်းသားနဲ့ကယ်မီလာရဲ့ ကမ္ဘာကျော်ဖောက်ပြန်မှူကို ငါနဲနဲလေးမှ နားလည်ပေးလို့မရသလို၊ ဘရက်ပစ်နဲ့ဂျိုလီရဲ့ ပတ်သက်မှူကိုလဲ ဘယ်လိုမှ လက်ခံပေးလို့မရဘူး...။
"အနုပညာကို မခံစားတတ်တဲ့ မိန်းမတယောက်ရဲ့လက်ထဲက သူ့ဘဝက ငါ့ဘဝလိုပဲ ခြောက်ခြောက်သွေ့သွေ့နိုင်လှတယ်" ဆိုတဲ့နင့်စကားက ချမ်းမြေ့နေတဲ့ မိသားစုနှစ်ခုကို ဓားချွှန်ချွှန်နဲ့ ရက်ရက်စက်စက် မွှေနှောက်စေတဲ့စကား၊ လူမသိသူမသိ ဖောက်ပြန်တတ်သူတို့ရဲ့ဆင်ခြေလို့ ငါပြောရင်နင်စိတ်ဆိုးမှာလား...။ ဒါရုပ်ရှင်မင်းသမီးစာရေးဆရာမတယောက်ရဲ့ ပေါ့ပျက်ပျက်ဝတ္ထုတပုဒ် မဟုတ်ဘူး...။ ဘဝစစ်စစ်တွေ...။ ငါကတော့ အမျိုးကောင်းသားသမီးလေးတွေ အဆိပ်အတောက်ဖြစ်စေမယ့် အဲဒီလိုဖောက်ပြန်မှူမျိုး ဝတ္ထုထဲမှာတောင် အားမပေးဘူး...။ အနုပညာကို ခုတုံးလုပ်ပြီး ခံစားလွယ်တဲ့နှလုံးသားကို လွဲမှားစွာ အသုံးမချသင့်ဘူးနော်...။ စေတနာမျိုးစေ့မှန်မှ အပင်သန်မယ်...။ ကိုယ်ကိုတိုင်က မသန့်ရှင်းမစင်ကြယ်ရင် ကိုယ်ဖန်တီးတဲ့အနုပညာက ဘယ်လိုများမွန်မြတ်နိုင်မလဲ...။ ချစ်တဲ့သူငယ်ချင်း...အနှစ်နှစ်အလလက ပြုစုပျိုးထောင်ပေးခဲ့ရတဲ့ မိသားစုဘဝလေးဟာ ဘာမဟုတ်တဲ့ အမှိုက်ကလေးတစကြောင့် ပြာမကျသင့်ဘူးနော်...။ လျော့ရဲရဲတွဲထားတဲ့လက်တွေ ပြန်ပြင်ပြီး ခိုင်ခိုင်မြဲမြဲ တွဲလိုက်ပါ သူငယ်ချင်း...။ နင့်နံဘေးက ဘဝလက်တွဲဖော်စစ်စစ်က ကဗျာတွေ၊စာတွေမဖွဲ့တတ်ရင်သာနေမယ်၊ သစ္စာမေတ္တာနဲ့ နင့်ဘဝကို တသက်လုံး လုံခြုံမှုပေးမယ့်သူဆိုတာ သံသယကင်းကင်းနဲ့ ယုံလိုက်ပါနော်...။
Home
No comments:
Post a Comment