Home

ရထားစီးကြသူများ

ရထားလာရန် ၂ မိနစ်သာလိုတော့သည် ဆိုတော့ စက်လှေကားပေါ် အပြေးတက်မိသည်။ ဒီရထားမှီမှ။ နောက်ရထားက ကြိတ်ကြိတ်တိုး။ စက်လှေကားပေါ်မှာ တချို့ ကနိုင်ငံကြီးသား ပီသစွာ ဘယ်ကပ်ရပ်သည်။ တချို့ ကတော့မရပ်။ ဒီတော့ အလျှင်လိုသူ ကိုယ့်လိုလူအတွက် လမ်းမရှင်း။ ရထားတော့ လွတ်တော့မည်။ ကျွန်ုပ်ကို ခွင့်ပြုပါဆိုတာကို အကြိမ်ကြိမ်သုံးပြီး ကျော်ခွသွားရသည်။

တော်သေးရဲ့။ ရထားအရောက် ကိုယ်အရောက်။ ဆင်းသူတွေ ဦးစားပေးရန် တက်သူတွေက အ၀ါရောင်အစောင်းလိုင်း နောက်မှာရပ်ရသည်။ သားသားနားနားဝတ်ထားသည့် အရာရှိပုံပေါက်သည့် နိုင်ငံကြီးသား အန်တီကြီးကတော့ ဆင်းရမယ့်သူတွေ အပေါက်ဝတည့်တည့် ကန့် လန့် ကြီး။ သူ့ ကြောင့်ပဲ အားလုံးရှုပ်ကုန်သည်။ တီတီတီ လို့ အပေါက်ပိတ်ရန် အချက်ပေးနေပေမယ့် တချို့ က ခုထိမ၀င်ရသေး။ ပြီးတော့ သူက နဲနဲချောင်သည့် အထဲဘက်ကို မ၀င်။ အပေါက်ဝမှာ ကျောက်ချထားသည်။ မတတ်နိုင်။ ကိုယ်က အဝေးကြီးစီးရမယ့်သူ။ သူရဲလေးကောင်ထဲက ပိုးဖြူပြောသလို "အလယ်ခေါင်မှာ ဆင်နှစ်ကောင် xxထောင်ကလို့  ရတယ်ရတယ်" သာ အော်လိုက်ချင်သည်။ ဒီလိုအခါတွေမှာမြန်မာပြည်က စပယ်ယာလေးများတောင် လွမ်းမိသေး။ ထုံးစံအတိုင်း ကျွန်ုပ်ကို ခွင့်ပြုပါရသည်။ အလယ်ရောက်မှ သက်ပြင်းချရသည်။

ရထားက နဲနဲလှုပ်တော့ ရှေ့ က ညနေပိုင်းသတင်းစာဖတ်နေသည့်မိန်းမရဲ့ သတင်းစာကို ထိမိသွားသည်။ ၀မ်းနည်းပါတယ်လို့ အပြောမဆုံးသေး နိုင်ငံကြီးသားမိန်းမရဲ့ မျက်စောင်းမှန်သွားသည်။ ၀ါသနာအတိုင်း အနားကလူတွေကို အပျင်းပြေ ဟိုကြည့်ဒီကြည့် မျက်လုံးကစား။ ထောင့်စွန်းခုံက အတွဲကတော့ ရထားစင်းလုံးငှားထားသလို။ ပတ်ဝန်းကျင်ကို မေ့နေသည်။ ကောင်လေးက ချမ်းတတ်ပုံရသည်။ ဂျင်းဘောင်းဘီအရှည်နှင့်။ ကောင်မလေးက အိုက်တတ်ပုံရသည်။ တထွာလောက်သာရှိမည့်ဘောင်းဘီတိုနှင့်။ ဘာကြောင့်များ ကောင်မလေးတွေ ပိုပို အိုက်တတ်လာလဲလို့  စဉ်းစားနေမိသည်။

နောက်တဘူတာ ရောက်တော့ မိသားတစု တိုးကြိတ်ပြီး အလယ်ရောက်လာသည်။ အိုး…မွေးနိုင်လိုက်တာ။ လမ်းလျှောက်နိုင်သည့် အရွယ်က နှစ်ယောက်။ အဖေပေါ်မှာ တယောက်။ အမေပေါ်မှာတယောက်။ ဟင်… အမေ့ဗိုက်ထဲမှာလဲ တယောက်။ မလေးရှားလူမျိုးတွေ။ ရှေ့ မှာထိုင်နေသောသူတွေ အားလုံး နောက်ဘက်က ထိုင်ခုံနေရာဦးစားပေးရမည့် ဆိုင်းဘုတ်ကို လျစ်လျုရှုထားပုံရသည်။ ခုနသတင်းစာမမတောင် ဘယ်အချိန်က ကောက်ကာငင်ကာ အိပ်လိုက်သည်မသိ။ ကိုယ်က နဘေးကနေပြီး မဗိုက်ကို အားနာလာသည်။ သူ့ ခမျာ ကလေးကလဲ ချီထားရသေး။ တကယ်အိပ်ပျော်နေပုံရသည့် အန်တီကြီးတယောက် နိုးလာပြီး ပျာပျာသလဲနေရာပေးမှ ကိုယ်ပါသက်ပြင်းချနိုင်သည်။

စပီကာ စပယ်ယာက ဘယ်လောက်အော်အော် လူတွေက အပေါက်နားကို ကြိုက်ကြသည်။ အေးလေ…စပီကာက စပီကာ။ လူစပယ်ယာမှမဟုတ်တာ။ စုံတွဲဆင်းသွားပြီး အဲဒီနေရာကို ဦးထုပ်ခပ်ငိုက်ငိုက်စောင်းထားသော လူတယောက်ဝင်ထိုင်သည်။ မြတ်စွာဘုရား…မြင်နေရသည့် မျက်နှာတစိတ်တပိုင်းက ဟိုတလောက ပျောက်သွားသည့် အစိုးရအလိုရှိနေသည့် အကြမ်းဖက်သမား ဆာလမတ်နဲ့ တူသလိုလို။ ဟိုတနေ့ ကပဲ သူ့ ကိုရှာနိုင်သူအတွက် ဆုငွေတိုးပေးထားသည်။ ဒါပေမယ့် ဒီလူက နဲနဲ ပိုဝသလားလို့ ။ ဦးထုပ်ကို ရှေ့ ပိုဆွဲချလိုက်တော့ သံသယပိုဖြစ်သွားသည်။ သူ့ ရှေ့ တည့်တည့်ရပ်နေသည့် အန်တီကြီးကလဲ ကိုယ့်လို သံသယမျက်လုံးတွေနဲ့ ။ ဖုန်းကို ကစားနေတာကို မျက်ခြေမပြတ်ကြည့်မိသည်။ သူ့ ဖုန်းက ဗုံးတလုံးမဖြစ်နိုင်ဘူးလို့ မပြောနိုင်။ ကံတရားဆိုတာ ပြောလို့ မရ။ သူများကို စပ်စုမနေနဲ့ ။ ဘုရားစာရွတ်ဖို့  ကိုယ့်ကိုယ်ကို ပြန်သတိပေးရသည်။ စပီကာက သံသယရှိသူတွေ့ ရင် အကြောင်းကြားဖို့ အော်နေသည်။ ဒီလူဦးထုတ်ချွတ်လျှင် ကိစ္စက ပြတ်ပြီ။ သူ့ ကျောပိုးအိတ်ဇစ်ကို ဆွဲဖွင့်လိုက်တော့ ကိုယ်ရော အန်တီကြီးပါ နဲနဲပျာသွားသည်။ ဒီအချိန်မှာပဲ နဘေးက မဗိုက်ချီထားသည့် ကလေးက ကိုယ်တို့ ဆန္ဒအတိုင်း ဒီလူ့ ဦးထုတ်ကို ဆွဲချွတ်ပစ်လိုက်သည်။ အိုး…တော်ပါသေးရဲ့ ဆာလမတ်မဟုတ်။ မဗိုက်က ဒီလူကို တောင်းပန်နေပေမယ့် ကိုယ်ကတော့ စိတ်ထဲက ကလေးကို ကြိတ်ကျေးဇူးတင်နေမိသည်။ အန်တီကြီးက ကိုယ့်ကို အထာနှင့် လှမ်းပြုံးပြသည်။

ဒီလူ့ စိတ်ဝင်စားနေရတာနှင့် ဘူတာတွေ တော်တော်များများ ကျော်သွားသည်။ ခုထိလဲ ထိုင်စရာ နေရာမရသေး။ ခုမှ သတိထားမိသည်။ အပြာရောင်တီရှပ်နှင့် အမျိုးသမီးက တယောက်ထဲပြူံးလိုက်၊ စကားတိုးတိုးလေး ပြောလိုက်နှင့်။ သူ့ လက်ထဲမှာဖုန်းလဲမရှိ။ သူ့ နားထဲမှာလဲ ဘလူးတုလဲမရှိ။ သေချာပြီ။ ယဉ်ယဉ်လေး…။ ရုပ်ကလေးက ချောချောလေး။ အသက်ကလဲ ကိုယ့်ထက်ငယ်မယ့်ပုံ။ အလုပ်လဲ လုပ်ပုံရသည်။ ဒီလိုပါပဲ။ ဒီနိုင်ငံမှာ ဒါမျိုးတွေ မကြာမကြာတွေ့ ရတတ်သည်။ အလုပ်ဖိစီးမှုကြောင့်လား… မိသားစုပြဿနာကြောင့်လား… ရှယ်ယာရှုံးလို့ လား…။

"အမေလား… ကြားရလား..အမေ…ကြားရလား"။ မြန်မာသံ ခပ်ကျယ်ကျယ်ကြောင့် အသံလာရာဘက် ကြည့်မိသည်။ နိုင်ငံကြီးသားတို့ ကလဲ မျက်မှောင်တွေ
ကျူံ့ ပြီးကြည့်ကြသည်။ သူ့ ဖုန်းကဒ်ကတော့ ကြားရလားနှင့် ကုန်တော့မည်။ "အမေ..နေကောင်းလား..နေကောင်းလား…ကြားရလားအမေ…"။ ကြည့်ရတာ ရောက်တာကြာသေးပုံမပေါ်။ ဘာမှတောင်မပြောရသေး။ ဖုန်းက ပြတ်သွားသည်။ အင်္ကျီတောင့်တောင့်၊ ဘောင်းဘီတောင့်တောင့်၊ လက်ထဲမလဲ ဖိုင်တထပ်နှင့်။ အင်တာဗျုးက ပြန်လာပုံရသည်။ ခုတလော မြန်မာတွေ ပိုပိုများလာသည်။ ပနင်းဆိုးလားက မြန်မာစားသောက်ဆိုင်တွေ ပိုပိုစည်ကားလာသည်။

သတင်းစာမမ ပစ္စည်းတွေ သိမ်းပြီး ကိုယ်ကို ခပ်မတ်မတ်ထိုင်နေပြီ။ ဆင်းတော့မည်ထင်သည်။ ခုမှပဲ နေရာရတော့သည်။ မျက်နှာချင်းဆိုင်က လူတွေကို စပ်စုမိပြန်သည်။ တွေ့ နေကျမျက်နှာတချို့ ။ အံမယ်… ဟိုအမျိုးသမီးက ပိုလှလာတယ်ထင်တာ … ဆံပင်တွေဖြောင့်လိုက်တာကိုး။ သူ့ နဘေးက ကောင်မလေးဝတ်ထားတဲ့ စကပ်လေးက ဟိုတနေ့ ဈေးချလို့ ဝယ်ထားတဲ့စကပ်လေးနဲ့ ပုံစံတူ၊ အရောက်ပဲကွဲသည်။ ဟိုတယောက်က ချိန်းထားပုံရသည်။ မှန်ကြည့်ပြီး မိတ်ကပ်ဖို့ လို့ ။ မျက်တောင်အတုက အကြီးကြီးနဲ့ ပြုတ်ကျသွား အခက်။ ဒီဘက်ကအန်တီကြီးက မေမေနဲ့ ရွယ်တူလောက်ရှိမှာ။ မေမေ့များ အဲဒီလို ဆံပင်နီနီရဲဆိုးခိုင်းရင် အဆူခံရမှာ သေချာတယ်။

လက်ချင်းချိတ်ပြီး တက်လာကြသည့် ကျောင်းဝတ်စုံလေးတွေနှင့် အလယ်တန်းကျောင်းသား စုံတွဲကို တွေ့ တော့ သက်ပြင်းချမိသည်။ ကိုယ့်သားသမီးသာဆိုတဲ့ အတွေးက အလိုအလျှောက်ဝင်လာသည်။ ချစ်သူရီးစားထားဖို့ သိပ်ငယ်လွန်းသည့်အရွယ်။ အမှားအမှန် ဆုံးဖြတ်နိုင်ဖို့  သိပ်ငယ်လွန်းသည့်အရွယ်။ ကိုယ်အဲဒီအရွယ်တုန်းက ထုတ်ဆီးတိုးလို့ ကောင်းတုန်း။ အိုးပုတ်တမ်းဆော့တုန်း။ သားကို ဒီလို မဖြစ်အောင် ဘယ်လိုဆုံးမရပါ့။

အရမ်းပင်ပန်းနွမ်းနယ် နေပုံရသည့် ဖေဖေတို့ အရွယ် ဦးလေးကြီးကို နေရာထပေးလိုက်သည်။ သူ့ ခမျာ အလုပ်ကြမ်းလုပ်ရပုံ ရသည်။ ရာဘာလည်ရှည် ဖိနပ်မှာ ရွံ့ တွေနဲ့ ။ တနေ့ လုံးနေပူထဲမှာ နေရလို့ ထင်သည်။ အသားတွေ နေလောင်နေသည်။ ခုနက ကိုယ့်နဘေးမှာ ထိုင်ပြီး ဖုန်းတလုံးနဲ့ အလုပ်ရှုပ်နေသည့် ဆံပင်တွေမိုးပေါ်ထောင်သည့် ပုံစံနှင့်လူက နိုင်ငံကြီးသား ပီသစွာ အဖိုးကြီးကို နှာခေါင်းရှုံ့ ကြည့်ပြီး နေရာမှထသွားပြီး အပေါက်ဝနားမှာ သွားရပ်သည်။ ကိုယ်က ကြားထဲမှ အားနာသွားမိပြန်သည်။

ဆင်းကာနီး တဘူတာ အလိုမှာ သားစံချိန်တင်သည့် မျောက်လို ဆော့သည့် ကလေးနှင့် သူ့ အဖေတက်လာသည်။ ကလေးဆိုတော့ ကလေးသဘာဝဆော့ရှာမည်ပေါ့။ လက်ကိုင်သည့် ကွင်းတွေကို ဘားတန်းလို ခို၊ စတီးတိုင်ကို လျှောတိုင်လိုတက်။ သူဘာသာသူဆော့နေတာ ဘယ်သူကိုမှ မနှောင့်ယှက်။ ဒါပေမယ့် နိုင်ငံကြီးသား တချို့ က ကလေးကို နိုင်ငံကြီးသား မပီသရကောင်းလားဆို မျက်စောင်းထိုးသူထိုး၊ ကျွတ်သတ်သူသတ်နဲ့ ။

ရောက်ပါပြီ။ လိုရာကို။ ရထားကြီးက တက်တုန်းကနဲ့ မတူ။ ဂိတ်ဆုံးခါနီးတော့ လူကျိုးတိုးကျဲတဲ။ ၄၅ မိနစ်ဆိုတဲ့ ခရီးတခုမှာ ခရီးသွားဖော် လူအမျိုးမျိုး။ ဒီလိုဆို သူတို့ ကရော ကိုယ့်ကို ဘယ်လိုမြင်မှာပါလိမ့်။ စပ်စပ်စုစုနဲ့  နိုင်ငံကြီးသားမပီသတဲ့မိန်းမ ဆိုတာက လွဲပြီး တခြားမြင်စရာ မရှိ။

No comments:

Home