“မင်း လူယုတ်မာ မဖြစ်ချင်ဘူးဆိုရင် ဒီကိစ္စကို ရပ်တန်းက ရပ်လိုက်ပါ ချမ်းမြသော်။ ငါ စေတနာနဲ့ ပြောတာပါ။ နော် သူငယ်ချင်း”
ကြည်ပြည့်က ကျွန်တော် ပခုံးထက်တွင် လက်တင်ပြီး ပြော၏။ ကျွန်တော့်မှာ ဦးခေါင်း ထိန်းကြိုး ပြတ်ကျနေသည့် အရုပ် တစ်ရုပ်ကဲ့သို့ ခေါင်းငိုက်လျက်သာ ရှိနေရ၏။
“ငါ ဘယ်လိုလုပ်ရမှာလဲ ကြည်ပြည့်ရာ။ ငါဆုပ်လည်း စူး၊ စားလည်း ရူးဖြစ်နေပြီ”
ရယ်မောသံ၊ ကျွန်တော့် စကားကို ကြည်ပြည့်က ခေါင်းခါ ငြင်းဆန်ပြီ။
“ဒါကတော့ကွာ။ တစ်ခုခု လုပ်ချင်ရင်၊ တစ်ခုခုတော့ နုတ်ရမှာပဲ။ မစူးချင်ရင်၊ အရူးတော့ ခံရမှာပဲ။ မရူးချင်ရင်၊ အစူးတော့ ခံရမှာပဲ။ ရှေ့လျှောက်။ ကောင်းကွက် တစ်ကွက်မှ မရှိနိုင်မယ့် အတူတူ ဆက်မလျှောက်နဲ့ တော့ပေါ့”
“ငါ ဘယ်လို ရပ်ပစ်ရမှန်းမသိဘူး”
“မင်း သိပါတယ်။ အဲဒီ သိတာကို လက်မခံရဲတာပါ”
မှန်သော စကား၏ အရှိန်အ၀ါကြောင့် ထိုစကားသည် ကျွန်တော့် ရင်အုံသို့ မြားကဲ့သို့ စူးဝင်၏။
“မင်းလုပ်ရမှာ တစ်ခုတည်းပါကွာ။ မင်းမှာ အိမ်ထောင် ရှိတယ်ဆိုတာ စုစုထွေးကို ပြောပြလိုက်ပေါ့”
“ငါ မပြောရဲဘူး”
“ဘာလုပ်ရမယ်ဆိုတာ သိတယ်။ သိတာကို မလုပ်ရဲဘူး ဆိုတာ။ အဲဒါကို ပြောတာပေါ့။ ဘာလဲ၊ စုစုထွေး ရွံ့မုန်းသွားမှာကို မင်း ကြောက်နေတာလား”
ကျွန်တော် ခေါင်းညိတ်လိုက်သည်။
“မင်းက အဲဒီ့ တစ်ခုတည်းကိုပဲ ကြောက်စရာလို့ ထင်နေတာကိုး။ အမှန်က ကြောက်စရာတွေ အများကြီး ကွ။ မင်းမသိလို့ မကြောက်တာဖြစ်လိမ့်မယ်။ ဒါမှမဟုတ် မသိချင်ယောင်ဆောင်ထားလို့ မကြောက်ချင်ယောင်ဆောင် နေတာလည်း ဖြစ်လိမ့်မယ်။ ငါတောင် ဒီအကြောင်းကို ကြားကြားချင်း တော်တော် တုန်လှုပ်သွားတယ်။ တုန်လှုပ်တယ် ဆိုကတည်းက ကြောက်စရာတွေကို တွေးသိလိုက်လို့ပေါ့ကွာ။ မင်း စုစုထွေး ရွံ့မုန်းသွားမှာအပြင် တခြား ဖြစ်လာမယ့် ကိစ္စတွေကိုရော မကြောက်တော့ဘူးလား”
ကျွန်တော် မဖြေ။
“ကြောက်စရာတွေ အများကြီးပဲ ချမ်းမြသော်။ ငါတို့ ငယ်ငယ်က ကျောင်းပြေးပြီး ဟိုဟိုဒီဒီ သွားခဲ့ လာခဲ့ကြသလိုပေါ့ကွာ။ သွားတာကတော့ ပျော်ချင်လို့ သွားကြတာ။ ဒါပေမဲ့ စိတ်ဖြောင့်ဖြောင့်နဲ့ မပျော်ခဲ့ကြပါဘူး။ ကျောင်းက ဆရာ၊ ဆရာမနဲ့များ တွေ့မလား ဆိုတာတွေ။ တစ်ယောက်နဲ့ တစ်ယောက် ဖွင့်မပြော တတ်ကြပေမဲ့ စိတ်ထဲမှာ ပျော်နေရင်းနဲ့ ကြောက်နေကြရတာလေ။ အခုလည်း ဒီလိုမျိုးပဲ မင်းနဲ့ စုစုထွေးနဲ့ ဟိုဟိုဒီဒီ သွားကြလာကြတဲ့ အခါ ပျော်သလို လိုနဲ့ မင်း စိတ်ထဲမှာ ဘယ်လုံခြုံပါ့မလဲ။ ဘယ်သူများ တွေ့သွားမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ သွားလာနေရတာပဲ မဟုတ်ဘူးလား”
ကျွန်တော် ခေါင်းညိတ်မိသည်။ ကြည်ပြည့်က စကားဆက်၏။
“ငါကြားဖူးတာက အိမ်ထောင်သည် တစ်ယောက် အဲဒီလို အပျော်ရှာရင်း စိုးရိမ်စိတ်တွေ များလာရင် စိတ်ဖိစီးတတ်တယ်တဲ့။ စိတ်ဖိစီးပါ များလာရင် depression လည်း ၀င်တတ်တယ် တဲ့။ အဲဒီ အခါမှာ လုပ်ငန်းတွေပါ ထိခိုက်လာလိမ့်မယ်”
“ငါ မထိခိုက်ပါဘူး” ဟု ကျွန်တော် ပြောလိုက်သည်။ ကြည်ပြည့်က…
“ဘယ် ထိခိုက်ဦးမလဲ။ ဘယ်သူမှ မသိ ကြသေးတာ။ လူမသိ သူမသိသေးချိန်ဆိုတော့ စိတ်မလုံခြုံတာလေးပဲ ရှိဦးမှာပေါ့။ အဲဒီတော့ ဘယ်သူမှ မသိသေးခင် သိသင့်တဲ့ သူကို အသိပေးပြီး ရပ်တန်းက ရပ်လိုက်ပါလားကွာ”
“စုထွေး စိတ်ထိခိုက် သွားရင် ဘယ်လိုလုပ်မလဲ”
“အေး မင်းမိန်းမ သိသွားပြီး မင်းမိန်းမ စိတ်ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ”
ကျွန်တော် ငြိမ်သက်သွားရပြန်သည်။ ကြည်ပြည့်က…
“မင်းနဲ့ ဘာမှမဆိုင်ဘူး၊ မင်း ဘာမှ ၀င်မပြောပါနဲ့လို့ မင်း ငါ့ကို ဟန့်တားခွင့် ရှိတယ်နော် ချမ်းမြသော်”
“ငါ့မှာ အဲဒီလို စိတ်တော့ မရှိပါဘူး သူငယ်ချင်းရာ။ မင်း ပြောနေတာ စေတနာနဲ့ ပြောနေတယ် ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါ အိမ်မှာ မပျော်ဘူးကွာ။ မိဘ ပေးစားတဲ့ အိမ်ထောင်ဘက် မဟုတ်ပေမဲ့ အိမ်ထောင်သက် ရလာတာနဲ့ အမျှ သဟဇာတ မမျှတာတွေ များလာတယ်။ များလွန်းလာတော့ စိတ်က မိသားစုထဲမှာ မရှိချင်တော့ဘူး။ အာရုံကို အပြင်မှာပဲ ထားချင်တော့တယ်။ ဟိုတုန်းက မိသားစုထဲမှာ မထားချင်တော့တဲ့ အာရုံကို အလုပ်ထဲမှာ နှစ်ထား လိုက်တယ်။ နောက်တော့ သွားရင်းလာရင်း ပြောဆိုခင်မင်ရင်းနဲ့ပဲ စုစုထွေးနဲ့ တွေ့တယ်။ ငါ လူပျို ယောင်ဆောင် ခဲ့ရတာ ပေါ့ကွာ”
ကြည်ပြည့်က…
“လိမ်တယ်၊ ညာတယ်ဆိုတာ အိတ်ပေါက်နဲ့ ဖားကောက်သလိုပဲကွ။ ဖားလည်း ကောက် ရသေး၊ အိတ်ပေါက်လည်း ပိတ်ရသေး၊ အကျိုး မရှိဘူး။ တစ်ချိန်ချိန်မှာ ပေါက်နေတဲ့ အိတ်ရဲ့ အခြေအနေ ဘယ်လိုမှ ထည့် မတွက်လို့ မရဘူး။ စုစုထွေးက နယ်က။ ငါတို့ မိဘတွေ အရပ်က။ ရပ်ဆွေရပ်မျိုးပေါ့ကွာ။ သူ့ချစ်သူ ဘယ်သူ ဘယ်ဝါ ဆိုတာ နားစွန် နားဖျားကြားလို့ မသိမသာ မေးမြန်းကြည့်တော့ မင်းဖြစ်နေတယ် ချမ်းမြသော်။ သိသိချင်း ငါ ဟန်မပျက်အောင် နေခဲ့တယ်။ ငါနဲ့ မင်း မသိမကျွမ်းသလို လုပ်ခဲ့ရတယ်။ အခု ငါ မင်းဆီကို အချိန်မီလာတာ”
ကိုယ့်အရှုပ်ဖြင့် ကိုယ်၊ ကိုယ့်ကြိုးဖြင့် ကိုယ် အတုပ်အနှောင် ဖြစ်နေရသည့် အရုပ်တစ်ရုပ် ပမာ၊ ကျွန်တော့်မှာ တုတ်တုတ်မျှ မလှုပ်နိုင်။ ငြိမ်ကုပ်လျက်…။
“ချမ်းမြသော်၊ ငါလာတာ အချိန်မီပါ့မလား”
“ငါ ဘာလုပ်ရမလဲ ကြည်ပြည့်။ ဆိုက်ကပ်တဲ့ ရထား၊ အချိန်မီပေမဲ့၊ ငါ မလိုက်ချင်သေးဘူး”
ကြည်ပြည့်က ပါးလှပ်စွာ ပြုံးသည်။ ပြီးမှ…
“အလုပ်တစ်ခုလုပ်ရင် limit တစ်ခုတော့ ထားသင့်တယ် မဟုတ်လား။ ကောင်းတာပဲ လုပ်လုပ်၊ မကောင်းတာပဲ လုပ်လုပ် အဲဒါ လိုတယ်လေ။ အရက်ပဲ သောက်သောက်၊ ဖဲပဲ ရိုက်ရိုက်။ limit ကျော်သွားရင် ဆိုးရွားမှုပဲ။ စုစုထွေးကို မင်းက ဘယ်အတိုင်းအတာထိ ပတ်သက် ချင်သေးတာလဲ”
“ငါ သူနဲ့ နေရတာ ပျော်တယ်” …ဟုသာ ကျွန်တော် ပြောဖြစ်သည်။ ကြည်ပြည့်က မျက်လုံးစင်းစင်း မှေးမှိတ်ကာ သက်ပြင်းချ၏။ ပြီးနောက်…
“ပျော်တယ်ပဲ ပြောပြော၊ သာယာတယ်ပဲ ဆိုဆို၊ ကြည်နူးတယ်ပဲ ယူဆ ယူဆ အိမ်ထောင်သည် တစ်ယောက်က နောက်တစ်နေရာကို အာရုံ ပြောင်းတာဟာ ဘာအကြောင်း ကြောင့်ပဲ ပြောင်းပြောင်း အဲဒါ ဖောက်ပြန် တာပဲ။ အပျော်ပါတို့၊ သာယာမှု ရှာတာပါတို့ ဘယ်လိုပဲ စကား နူးနူးညံ့ညံ့ သုံးသုံး ဖောက်ပြန်တာက ဖောက်ပြန်တာပဲ”
ကြည်ပြည့်၏ မှေးစင်းရာမှ ပွင့်လာသော မျက်လုံးအစုံတွင် မီးဝင်းဝင်း တောက်လာသည်ဟု ကျွန်တော် ထင်မြင်မိ၏။
“ဖောက်ပြန်တတ်တဲ့ မိန်းမတွေအကြောင်းတော့ ငါ မသိဘူး။ ငါက ယောက်ျားဆိုတော့ ဖောက်ပြန်တဲ့ ယောက်ျားသား တွေ နေရာကပဲ စဉ်းစားပြီး ပြောကြည့်မယ်။ အဖောက်ပြန်ခံရတဲ့ မိန်းမသားက စက်ရုပ် မဟုတ်ဘူးကွ။ သူ့မှာလည်း အသည်းနှလုံးနဲ့။ သိလျက်နဲ့ပဲ ဖြစ်ဖြစ်၊ မသိလို့ဘဲ ဖြစ်ဖြစ် သူ့မှာလည်း ချစ်ခင် စွဲလန်းမိတတ်တဲ့ အသည်းနှလုံး ရှိတယ်။ ကိုယ်က အပျော် ထား၊ ဟိုက တစ်ဘ၀စာ စွဲလန်းခင်တွယ်သွားရင် ဘယ်လိုရင်ဆိုင်ကြမလဲ။
ဘယ်လို ဖြတ်တောက်ကြမလဲ။ မိန်းကလေးက စက်ရုပ်လိုပဲ၊ အလိုတကျ ဖြည့်ဆည်း နေထိုင်မယ်ပဲ ဆိုပါတော့။ သူ့ မိဘ၊ သူ့ အသိုင်းအ၀ိုင်း၊ သူ့ အစ်ကို၊ မောင်တွေက စက်ရုပ်တွေ မဟုတ်နိုင်ဘူး။ အရှက်စိတ်တွေ မိုးမွှန်အောင် ရှိနေတတ်တဲ့ လူသားတွေ။ မြန်မာ လူသားတွေ။ တုတ်တပြက် ဓားတပြက်ဆိုတဲ့ သတ္တိ စိတ်တွေထဲကို အရှက်စိတ်သာ ထည့်ပေးလိုက်လို့ကတော့ အရှက်နဲ့ အသက်ကိုလည်း လဲနိုင်တယ်။ အရှက်ကြောင့် အသက်ကိုလည်း ယူနိုင်တယ်။ ဒါ ဟိုဘက် အခြမ်းကို ပြောတာနော်။ ကိုယ့်ဘက် အခြမ်းကို ကိုယ်ပြန်ကြည့်။ မိဘ၊ မောင်ဘွား၊ ဇနီးမယား၊ ဆွေမျိုး သားချင်းတွေရဲ့ မျက်လုံးတွေ၊ လက်ညှိုးတွေ။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ မေးငေါ့တာတွေ။ ပြီးတော့ သားသမီး ရှိရင် အဲဒီ သားသမီးတွေရဲ့ ဖခင်ကို ကြည့်မယ့် အကြည့်။ အဲဒီ အကြည့်ကို ဘယ်ဖခင် ရင်ဆိုင်ရဲသလဲ။ သားသမီး ရှေ့တည့်တည့်မှာ ဘယ်မိဘ ဖောက်ပြန်ရဲသလဲ။ မင်းဖောက်ပြန်ရဲ သလား”
ကျွန်တော် ကြက်သီးများစွာ ထသွားသည်။
“တိတ်တိတ်ပုန်းဆိုတဲ့ ဝေါဟာရက လူရှေ့သူရှေ့ မလုပ်အပ်တဲ့ အလုပ်ကို၊ လူမသိ သူမသိ လုပ်နေရတဲ့ လူတွေအတွက် ပေါ်ပေါက်လာတဲ့ စကား ဝေါဟာရပဲ။ မင်းလည်း ကြားဖူးမှာပါ။ လင်မယားတို့၊ ချစ်သူတို့ဆိုတာက လူရှေ့သူရှေ့မှာ ထင်ထင်ပေါ်ပေါ် တွဲသွား တွဲလာခွင့် မရမချင်း အဲဒါ မောင်နှံ အစစ်တွေ မဟုတ်ဘူး။ တိတ်တိတ်ပုန်း မောင်နှံကနေ တိတ်တိတ်ပုန်း သားသမီးတွေ၊ တိတ်တိတ်ပုန်း ပြဿနာတွေ၊ တိတ်တိတ်ပုန်း ရာဇ၀င်တွေ တစ်သီ တစ်တန်းကြီး ဖြစ်သွားတတ်တယ် သူငယ်ချင်း”
“ကြည်ပြည့်၊ ငါ စုထွေးကို အသိပေး တောင်းပန်ရင် မင်းပါ လိုက်ခဲ့ပေးပါလား”
“နှစ်ကိုယ်ကြား ဖြေရှင်းရမယ့် ကိစ္စလေ”
“သူ ခွင့်မလွှတ်နိုင်ရင် မင်းပါဝင်ကူမှ ဖြစ်မှာမို့ပါ။ ပြီးတော့ ငါ့အခြေအနေမှန်ကို ပြောလိုက်ရင် စုထွေးက လက်တော့ခံပါရဲ့၊ နောက်မဆုတ်ဘူး ဘာညာဆိုရင် ငါ ဘာလုပ်ရမှန်း သိမှာ မဟုတ်ဘူး”
ကြည်ပြည့်က တဟားဟား ရယ်မောကာ…
“မင်းကလည်း မိန်းမသားတွေကို အထင်သေးလိုက်ကွာ။ ငုတ်တုတ်ကြီး ရှိပါတယ်ဆို တာ တကယ် သိသွားတဲ့ ဘယ်မိန်းကလေးကမှ သူတစ်ပါး အိမ်ရာကို မပြစ်မှားပါဘူးကွာ။ ဟား ဟား ဟား”
အပြစ်ရှိသူသည် သာမန် ရယ်မောသံမျှကိုပင် အပြစ်သင့်စေသော မိုးခြိမ်းသံကဲ့သို့ ထင်မှတ် တုန်လှုပ် ရချေ၏။
(၂)
“ကိုယ့်ကို ခွင့်လွှတ်ပါ စုထွေး”
အသိမဲ့ မောက်မှားမိသူသည် အပြစ်မဲ့သူဟုပင် ကျွန်တော် ယူဆ၏။ အပြစ်ရှိသူမှာ ကျွန်တော်သာလျှင် ဖြစ်သည်။ လူမသိသေးသည့် ကိစ္စ၊ လူမိသွားသကဲ့သို့ ကျွန်တော် ခံစား တုန်လှုပ် ရလေသည်။ ထို့အပြင် နှစ်သက် စုံမက်မိသူအား စွန့်ခွာရတော့မည့် ရင်တွင်း အစိုင်အခဲသည်လည်း ကြီးမားစွာ စူးနစ် ရပြန်၏။ အပြစ်သင့်သူ၏ အပြစ်ဒဏ်ဟု နှလုံးသွင်းသော်လည်း ခံယူရသည်မှာ ရင်နှင့် မမျှ။
အပြစ်မဲ့သူ၏ အကြည့် မျက်ဝန်းသည် အပြစ်ရှိသူအား စိမ်းပြတ်နာကြည်းစွာ မလွှမ်းခြုံသည့်တိုင် အစိမ်းရောင် ကွန်ယက်ဖြင့် ပစ်လွှတ် အုပ်မိုးလိုက်သကဲ့သို့ ကိုယ့်အပြစ်နှင့်ကိုယ် ကျဉ်းကျပ် ပိတ်လှောင်နေပေသည်။
“ခွင့်လွှတ်တယ်၊ ခွင့်မလွှတ်ဘူး ဆိုတာလောက်ကို စုထွေး မပြောတော့ပါဘူး။ အခုလို ပွင့်ပွင့်လင်းလင်း အသိပေးတာကို အရမ်း ကျေးဇူးတင်ပါတယ်။ ဒီက ကိုကြည်ပြည့်ကိုလည်း ကျေးဇူးတင်ပါတယ်”
မျက်ရည် ဝေ့ဝေ့၀ဲဝဲကို မကြည့်ရဲသော်လည်း မကြည့်ရက်စွာ မြင်နေရသည်။ “ကျွန်တော် လူကြမ်းကြီး ၀င်လုပ်တာ မဟုတ်ပါဘူးဗျာ” ဟု ကြည်ပြည့် ပြောသည်။
“နှစ်ယောက်စလုံးရဲ့ ကောင်းကျိုး၊ အားလုံးရဲ့ ကောင်းကျိုးအတွက်ပါ”
“ကျွန်မ နားလည်ပါတယ်”
“နားလည်ပေးတဲ့အတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကျောင်းဆရာ တစ်ယောက်ပါ။ မစုထွေးအနေနဲ့ အခြေအနေ မှန်ကို သိပြီး အဲဒီ့ အခြေအနေအပေါ် နားလည် ခွင့်လွှတ်ပါတယ် ဆိုတဲ့ စိတ်နဲ့ ဆက်ပြီး ပတ်သက်မိမယ်ဆိုရင်လည်း ကျွန်တော်က တားဆီး စကားကို ပြောမိဦးမှာပါပဲ”
စုစုထွေး၏ တုံ့ပြန်မည့် စကားကို ကျွန်တော် မျှော်လင့်မိလိုက်သည်။ “သူ နောက်မဆုတ်ဘူး ဆိုရင်” ဟူသည့် အတွေးသည် ရင်ထဲ၌ အတိတ်တလန့်မဲ့စွာ နွေးထွေး သွားစေပြန်၏။
“မသိလို့ မှားတာ အပြစ်မဟုတ်ပါဘူး။ သိပြီး မှားမယ်ဆိုရင်တော့ အဲဒီ အမှားက ပိုပြီး အပြစ်ကြီးတယ်။ ပိုပြီး ထုထည်ကြီးတယ်။ ဘယ်သူ တားတား၊ တားဖို့ တော်တော်ခက်တယ် မစုထွေး”
စုစုထွေးသည် မဲ့မဲ့လေး ပြုံး၏။ စုံမက်ရသူ၏ မဲ့ပြုံးသည် ထက်ရှပါးလှပ်သော ဓားသွားငယ်ကို ဆွဲထုတ် လိုက်သည့်ပမာ ထိတ်လန့်စရာ အသွင်တစ်ခု ဖြစ်နေ၏။ ထို ဓားသွားဖြင့် ပိုင်းဖြတ်လေပြီဟု ကျွန်တော် သိလိုက်၏။ မခုတ်မပိုင်းသော်လည်း ခုတ်ပိုင်းလိုက်သည့်ပမာ အသည်းနှလုံးသည်လည်း အပိုင်းပိုင်း အပြတ်ပြတ်၊ ခန္ဓာသည်လည်း အစိတ်စိတ် အမွှာအမွှာ။ စိတ်အာရုံ ဟူသမျှ တို့သည်လည်း ကျဲကျဲပြန့်ပြန့်။
“ရွံ့မုန်းတာပဲဖြစ်ဖြစ်၊ နာကြည်းတာပဲဖြစ်ဖြစ် ကျွန်မ ရင်ထဲမှာ ဖြစ်ခဲ့ရင်တောင် အဲဒီ စိတ်တွေဟာ ကျွန်မရဲ့ အရှက်စိတ်လောက် မကြီးမားနိုင်ဘူး။ နှစ်ကိုယ်ကြား၊ သုံးကိုယ်ကြားမှာတောင် ကျွန်မ ရှက်သွားရပြီပဲ ကိုကြည်ပြည့်ရယ်။ အဲဒီ အရှက်စိတ်ကို အသက်နဲ့ မလဲလှယ်မိ အောင်တောင် မနည်းကြိုးပမ်းရမှာပါ။ တစ်ခါ အရှက် ရတယ်ဆိုတာ တစ်ခါ သေတာနဲ့ အတူတူ ပဲ။ ခဏ ခဏ သေပေးရလောက်အောင် ကျွန်မ အသက်မပြင်းဘူး ကိုကြည်ပြည့်”
ကျွန်တော့်မှာ တင်ပြစရာ ဘာမှ မရှိတော့သော စီရင်ချက် အချခံထားရပြီးသား အကျဉ်းသား တစ်ယောက်ပမာ ဆွံ့အ နေရသည်။ ပြောချင်လွန်း၍ ပြောရမည်ဆိုလျှင်ပင် ပြောမည့် စကားသည် တုန်လှုပ် ချောက်ချားခြင်းများသာ ပြည့်နှက်နေရပေမည်။
“ကိုယ် မှားပါတယ် စုထွေးရယ်။ ကိုယ်…”
မည်သူမျှ ပြောခွင့် မပိတ်ပင်သော်လည်း အပြစ်ကြီးသူ၏ ပြောစကားများသည် တစ်ဖက်သား၏ အရှက်တံခါးကို မည်သို့မျှ ထိုးပေါက် နိုင်လိမ့်မည် မဟုတ်။
“ယောက်ျား တစ်ယောက် တစ်ခါ မှားတယ်ဆိုတာလည်း တစ်ခါ သေတာနဲ့ အတူတူပဲ။ ခဏ ခဏ မသေစေနဲ့ပေါ့”
တွယ်တာမိခဲ့ရသူ၏ နောက်ဆုံး လက်ဆောင် စကား။ စုစုထွေးက ကျွန်တော့်ကို လည်းကောင်း၊ ကြည်ပြည့်ကို လည်းကောင်း မျက်နှာ မမူဘဲ လွန်ခဲ့သော ကာလများဆီသို့ ငေးမော ကြည့်သော မျက်နှာထားဖြင့် …
“ချစ်မိရင် ဘာမှ မကြည့်တတ်ကြတော့ဘူး။ တစ်ခွန်းစ၊ နှစ်ခွန်းစမေး၊ ဖြေတဲ့သူကလည်း တစ်ခွန်း၊ နှစ်ခွန်းလောက်နဲ့ လိမ်ညာပြီး ဖြေ။ အဲဒီ မုသားစကား တစ်ခွန်း၊ နှစ်ခွန်း လောက်ကိုပဲ ရင်ပြင်ကျယ်ကြီးလောက်ကို ယုံကြည်ပစ်လိုက်တာ။ အဲဒီ ယုံကြည်မှု၊ ပွန်းပဲ့သွားရမယ့် ဘယ်လို မေးခွန်းမျိုးကိုမှ အတွေးထဲမှာတောင် မမေးရဲခဲ့ဘူး။ မမေးဖြစ်ခဲ့ဘူး။ ချစ်တာကိုး”
တစ်ကိုယ်တည်း ပြောနေခြင်းဖြစ်သည်။ သို့သော် ပြောနေသည့်လေသံ၊ ဟန်ပန်သည်ကား လောကသို့ ဖြန့်ကျက်စေသည့် လင်းယန်၊ စွန်ရဲတို့၏ တောင်ပံများပမာ။
“ဒါပေမဲ့ အိမ်ထောင်ရှိပြီသား လူကို ပတ်သက်မိတာဟာ ကိုယ်ပိုင်ဆိုင်တဲ့ အရာကို သူတစ်ပါးဆီမှာ ပေါင်နှံ ရသလိုပဲ။ တစ်ချိန်ချိန်မှာ ပြန်ရွေးရမှာပဲလေ။ ရွေးရတာတောင် အတိုး ပေးပြီးမှ ရွေးရတာ။ အခု ကျွန်မ အတိုးပေးပြီး ပြန်ရွေးယူလိုက်တယ်လို့ သဘောထားပါတယ်။ ကျွန်မ ပေါင်နှံထားမိတဲ့ ချစ်ခြင်းမေတ္တာအတွက် ပေးဆပ် လိုက်ရတဲ့ အတိုးနှုန်းကတော့ အရှက်စိတ်ပါပဲ။ အတိုး ဘယ်လောက်ကြီးကြီး ကိုယ်ပေါင်နှံထားပြီးသား အရာကို အမြန်ဆုံး ပြန်ရွေးမှ ဖြစ်မယ်။ ကြာလေ အတိုးတက်လေ။ နောက် ကြာလာတာနဲ့အမျှ အပေါင်ဆုံး ပစ္စည်း ဖြစ်သွားနိုင်တယ်။ ကျွန်မ အဆုံး မခံနိုင်ဘူး။ အဲဒါကြောင့် အပေါင်ဆိုင်မှာ ထားမိတယ်လို့ သိသိချင်း ကျွန်မ အမြန်ဆုံး ပြန်ရွေးလိုက်ပါတယ်။ နောက်ထပ်လည်း အတိုး မတက်ချင်တော့ဘူး။ နောက်ထပ် ဘယ်အပေါင်ဆိုင်မှာမှလည်း ပေါင်နှံတော့မှာ မဟုတ်ဘူး”
ကျလုလု မျက်ရည်စက်ကို စကားအဆုံးတွင် ဖယ်သုတ်လိုက်၏။ ၀ပ်တွား၊ ခယ၊ တောင်းပန်၊ တိုးလျှိုးခြင်း များစွာထက် ကျွန်တော်ပို၍ ၀ပ်တွားမိပေသည်။ ပို၍ ခယမိပေသည်။ ပို၍ တောင်းပန်ခဲ့လေသည်။ ပို၍ တိုးလျှိုး ရလေသည်။ သို့သော် ခွင့်လွှတ်စကား၊ နာကြည်း စကားတို့ကို မဆိုမပြောဘဲ အစိမ်းရောင် တောအုပ်ထဲသို့ စိမ်းပြတ်စွာ တိုးဝင်ကွယ်ပျောက်သွား သည့် အစိမ်းရောင် ဒေ၀ီတစ်ပါးပမာ စိမ်းကားစွာ ထွက်ခွာသွားချေသည်။
အမှန်တရား၏ အင်အား များစွာသော အဟုန်ကို လိမ်ညာ ဖုံးဖိခဲ့မိသော သူ၏ မည်သည့် အရာကမျှ တားဆီးနိုင်စွမ်း မရှိ။ ဟန့်တားနိုင်ချေ မရှိ။ အမှန်တရား၏ မြားချက်တို့ မထိစိုက်မိအောင်၊ နောင်တ၊ အမှောင်တွင်း၌ သာ ပုန်းရှောင်၍ နေမိသည်။ မကာကွယ်နိုင်သူသည် ပုန်းကွယ်ခြင်းသာ ပြုနိုင်၏။
(၃)
“မင်းက လွဲပြီး တခြား လွတ်လပ်တဲ့သူ၊ ဘယ်သူနဲ့ပဲ သူ ပတ်သက် ပတ်သက်။ လူရှေ့ သူရှေ့မှာ ပေါ်ပေါ်ထင်ထင်၊ သိက္ခာရှိရှိ ပတ်သက်လို့ ရပြီကွာ။ အဲဒီလို အခွင့်အရေးမျိုးဖြစ် အောင် မင်း ခွင့်ပြုလိုက်တယ်၊ ဖန်တီးလိုက်တယ်လို့ တွေးပြီး စိတ်ကို ဖြေပေါ့ကွာ။ ယားနာ ဖြစ်ခဲ့ဖူးတဲ့သူလို ကိုယ့်ကိုယ်ကိုယ် သဘောထား လိုက်ပေါ့ကွာ။ ကုတ်နေဖဲ့နေတုန်းက အယား သက်သာခဲ့တယ်လေ။ အကုတ်အဖဲ့ကိုလည်း ရပ်လိုက်ရော သွေးတွေ တော့ စို့နေမှာပေါ့။ အဲဒီ့ သွေးစို့စို့ကို တကယ့် ဆေးထည့်လိုက်ရင် မကြာခင် အနာ ပျောက်သွားမှာပါ။ ယားနာဆိုတာ တကယ့် ဆေးနဲ့ ကုရတယ်။ အယား သက်သာရုံ ကုတ်ဖဲ့နေတာ၊ တကယ့် ဆေးကုသနည်းမှ မဟုတ်တာ။ ကုတ်လို့ ကောင်းကောင်းနဲ့ ဆက်ကုတ်နေလို့ကတော့ တကယ့် ဆေးကို ဘယ်တော့မှ တွေ့မှာမဟုတ်ဘူး။ တကယ့်ဆေးက နည်းနည်းတော့ စပ်တယ်”
ကြည်ပြည့်၏ အကြံပြု စကားများစွာကို ဘယ်သောအခါမျှ ကျွန်တော် မေ့ပစ်လိမ့်မည် မဟုတ်ပါ။ မေ့နိုင်လိမ့်မည် မဟုတ်ပါ။ မှားယွင်းသည်ဟု ကိုယ့်ကိုယ်ကိုယ် ၀န်ခံဖြစ်သည်နှင့် အမျှ အမှန်တရား ရှိရာသို့ ညွှန်ပြ ဖေးကူပေးခဲ့သူသည် ဘ၀၏ တစ်သက်တာ၊ ထာဝရ၊ အစဉ် တည်ရှိနေသော မဟာသူရဲကောင်း။
* * * * * * *
“ဖေဖေ၊ ဘာတွေ တွေးနေတာလဲ”
သမီးဖြစ်သူ ချမ်းမြသော်တာထွေး၏ အေးမြမြ အမေးစကားသံလေးကြောင့် အတွေး ကာလတို့ ပျက်ပြယ်သွားသည်။
“ဖေဖေ၊ ဘာတွေ တွေးနေတာလဲလို့”
“ဒီလိုပါပဲ သမီးရယ်။ ဟိုတွေး ဒီတွေးပေါ့”
အတွေးကာလရှည်တစ်ခု၏ အစအဆုံးကို ပြောပြ၀ံ့သော စိတ်နှလုံးသည် လိပ်ပြာ မသန့်သူအတွက် ခက်ခဲစရာ အနေအထား။ လူတိုင်းတွင် မပြောပြ၀ံ့သော အတိတ်စကားတို့ ရှိ နေတတ်လေသလားဟု ကိုယ့်ကိုယ်ကိုယ် တူးဖော်ရင်း မလုံခြုံစွာ မေးကြည့်ချင်လေသည်။ သို့ သော် မမေးဝံ့တော့ပြီ။
“သမီး”
“ပြောပါ ဖေဖေ”
“ဖေဖေ့ကို ချစ်ရဲ့လား၊ အရမ်း ချစ်ရဲ့လား”
“ချစ်တာပေါ့။ အရမ်း အရမ်း”
တကယ်လို့ ဖေဖေ၊ သမီး ငယ်ငယ်တုန်းက မိန်းမ တစ်ယောက် ရှိနေခဲ့ရင်ရော၊ ဖေဖေ့ ကို သမီး ချစ်ပါ့မလား”
“ဟွန်း ဘာစကားကြီးလဲ”
ဖြူမွတ်ရှင်းသန့်စွာ ပြုံးရယ်နေရာမှ ညိုမှောင် မဲနက်စွာသော ဒေါသအရိပ်တို့ ဖြတ်သန်း သွားလေသည့် ဆယ့်လေးနှစ်အရွယ် သမီးငယ်၏ မျက်နှာ အရှုံ့အမဲ့ကို ကြည့်မြင်ပြီး ကျွန်တော် လန့်သွားရသည်။
“ဘာဖြစ်တာလဲ၊ သမီးရယ်၊ ဖေဖေက နောက်တဲ့ဟာကို”
“ဘာဖြစ်လို့ ဒီလို နောက်ရတာလဲ”
“ဖေဖေ ကောင်းကောင်း၊ မကောင်းကောင်း သမီးချစ်ပါ့မလားလို့ သိချင်လို့ပါ။ ပြောလေ ခုနက ကိစ္စမျိုး ကျူးလွန်ဖူးတဲ့ အဖေမျိုးဆိုရင် သမီး အဖေ့ကို ချစ်ပါမလား”
မှီတွယ်ထားရာမှ ဆတ်ခနဲ ဖယ်ခွာလိုက်သည်ကို သတိပြုမိသည်။ သမီးနှင့် တော်တော် ဝေးသွားသည်ဟု ခံစားလိုက်ရ၏။ မျက်ခုံး နှစ်ဖက် တွန့်လျက်၊ နှုတ်ခမ်း စူလျက်၊ နှာခေါင်းရှုံ့ လျက် သမီးက စကားဆိုသည်။
“သမီးမဖြေတတ်ဘူး။ အခုလို အပြောင်အနောက် အမေးခံရတာတောင် ဖေဖေ့ ပါးစပ် ဖျားမှာ ဒီကိစ္စမျိုး ဘာလို့ ရောက်နေတာလဲလို့ တွေးပြီး လန့်သွားတယ် ဖေဖေ၊ တကယ်သာဆို ကမ္ဘာ ပျက်သွားမှာပေါ့”
ငါတို့ အဖေကလဲကွာ ဆိုတဲ့ အကြည့်၊ အဲဒီ အကြည့်ကို ဘယ်ဖခင် ရင်ဆိုင်ရဲသလဲ၊ သားသမီးရှေ့မှာ ဘယ်မိဘ ဖောက်ပြန်ရဲသလဲဟု မေးမြန်းခဲ့ဖူးသော ကြည်ပြည့်၏ စကားသံတို့ ကျွန်တော့် နားစည်အတွင်းသို့ ကျယ်လောင်စွာ ၀င်ရောက်လာသည်။
“ဖေဖေ တကယ် ရှိခဲ့လို့လား”
မေးခွန်း ထုတ်နေသော သမီး၏ မျက်လုံးကို ရင်မဆိုင်ရဲ ဖြစ်ရသည်။ ဒါ ပထမဆုံးဟု ကိုယ့်ကိုယ်ကိုယ် သတိုပြုမိသည်။
“သမီးကလည်း ဖေဖေက နောက်တာပါဆို၊ အတည်ကြီး လာမေးနေပြန်ပြီ”
“နောက်တာဆိုလည်း ပြီးရော”
ကျွန်တော်အနီးတွင် သမီး ပြန်လာထိုင်သည်။ သမီးနှင့် နီးကပ်သွားမှ ကျွန်တော် ရင်အေးသွားရ၏။ တစ်ကိုယ်လုံး ထူပူသွားသည်ကို သမီး မသိလိုက်။ မည်သူ့ရှေ့တွင် ဖြစ်စေ၊ ကျွန်တော် မိုက်မှားရဲပါသည်။ ကျွန်တော့် သမီးလေး၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ။ အရပ် ရှစ်မျက်နှာအတွင်း ကျွန်တော် မည်သည့် အမှားမျှ မကျူးလွန်ရဲချေ။
* * * * * * *
ပြောမပြ၀ံ့သော အတိတ် စကားတို့ ကျွန်တော့်တွင် ရှိနေခဲ့ဖူးကြောင်း တစ်လောကလုံး ကို ကျွန်တော် ၀န်ခံရဲပါသည်။ သမီး၏ ရှေ့မှောက်တွင် ၀န်မခံရဲသေး။ ၀န်မခံရက်သေး။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment