Home

ရလဒ်

ကျောက်သင်ပုန်းပေါ်ရေးမှတ်လိုက်သော ကျူပ်နာမည်ကိုတွေ့ တော့ ဒေါသထောင်းကနဲထသွားသည်။ ဆရာမက အလုပ်ရှပ်နေ၍ အတန်းမဆူအောင် အတန်းခေါင်းဆောင် ၀င်းမြင့်ကို နာမည်မှတ်ခိုင်းခဲ့သည်။

“ဟေ့ကောင်…ငါစကားမပြောပဲ ငါ့နာမည်ဘာလို့ မှတ်တာလဲကွ”

“မင်း အောင်အောင်ကို စကားပြောလိုက်တာ ငါမြင်တယ်”

“ဘာကွ…အောင်အောင်က ငါ့ကို စကားပြောလာပြောတာ..ငါဘာတခွန်းမှပြန်မပြောဘူး…
မင်းမျက်လုံးကန်းနေလဲ နာမည်မှတ်မနေနဲ့ ”

“ငါမြင်တာ ငါမှတ်တာပဲ”

မခိုးမခန့် ပြုံးလိုက်တဲ့ ၀င်းမြင့်မျက်နှာကို စုတ်ပြတ်သွားအောင် ဆွဲထိုးပစ်ချင်သည်။ တတန်းလုံးက ငြိမ်သက်စွာ အကဲခတ်နေသည်။ ပိုက်ဆံချမ်းသာ၍ သုံးနိုင်ဖြုန်းနိုင်သော အောင်အောင်ကို မျက်နှာလုပ်ချင်လဲ မမြင်ချင်ယောင်ဆောင်နေပေါ့။ ဘာလို့ အပြစ်မရှိတဲ့ ကျူပ်ကို ဆွဲထည့်လဲ။

“ ၀င်းမြင့်…ခုချက်ချင်း ငါ့နာမည်ကို ဖျက်ပေး”

“ဘာလို့ ဖျက်ပေးရမှာလဲ…ကိုယ်လုပ်ကိုယ်ခံပေါ့”

လက်သီးတွေယားလာသည်။ ဒီကောင် သိသိကြီးနဲ့  ကျူပ်ကိုလုပ်ပြီ။ ၀င်းမြင့်ကို မကြောက်သူဆိုလို့  တတန်းလုံးမှာ ကျူပ်တယောက်ထဲရှိသည်။ တရားခံအစစ် အောင်အောင်က အမှန်ဝန်ခံဖို့ ဝေးစွ အပြစ်မရှိသလိုဟန်ဆောင်နေသည်။

“အေး…ငါဆိုတဲ့ကောင်က ကိုယ်လုပ်ရင် ကိုယ်ခံရဲတယ်ကွ… ကိုယ်မလုပ်ပဲနဲ့ တော့ငြိမ်မခံဘူး”

တတန်းလုံးမှာ စာအတော်ဆုံး၊ စည်းကမ်းလိုက်နာဆုံး ကျူပ်မှာ နာမည်ဆိုးဆိုလို့  မဟုတ်မခံသွေးဆူတာပဲရှိသည်။ ၀င်းမြင့်အမေ ပိုက်ဆံအိတ်တလုံးနဲ့  ဘယ်လောက်လိုက်လိုက် အချိန်တန်ရင် ကျူပ်က ပထမ။ အဖေ့က ဆိုက်ကားနင်း၊ အမေက ပဲပြုတ်ရောင်းသည့် ကျူပ်လိုမျက်နှာမွဲက ကျောင်းအုပ်ဆရာကြီးကတောင် အသိအမှတ်ပြုရအောင် စာတော်သူဆိုတော့ ၀င်းမြင့်က မနာလို။ အခါပေါင်းများစွာ ပြဿနာရှာခဲ့ဘူးသည်။

“မင်းမဖျက်လဲ ငါဖျက်တယ်ကွာ”

ကျူပ်က ပြောပြောဆိုဆို ကျောက်သင်ပုန်းပေါ်ရေးမှတ်လိုက်သော ကျူပ်နာမည်ကို သွားဖျက်သည်။ ၀င်းမြင့်က ပြန်ရေးသည်။ ကျူပ်ကဖျက်၊ ၀င်းမြင့်ကရေးနှင့် အကြိတ်အနယ်ဖြစ်နေချိန် မောင်မောင် အသံကြောင့် နှစ်ယောက်လုံး နောက်လှည့်ကြည့်မိကြသည်။

“ဟေ့ကောင်တွေ..တော်ကြပါတော့ကွာ…ဒီလိုဆိုရင်ပြဿနာက ဘယ်ဆုံးမလဲ”

မောင်မောင်က ကျူပ်တို့ နောက်လိုင်းမှာ ထိုင်သူ။ ကျူပ်စကားမပြောဘူးဆိုတာ သူသေသေချာချာသိသည်။ ဒါကြောင့် မောင်မောင်စကားကို ကျူပ်စိတ်ဝင်တစား နားထောင်မိသည်။

“၀င်းမြင့်လဲမမှားဘူး…ထွန်းထွန်းလဲမမှားဘူး…၀င်းမြင့်ကလဲ ဆရာမ နာမည်မှတ်ခိုင်းလို့  မှတ်တယ်…သူ့ အလုပ်သူလုပ်တယ်…ထွန်းထွန်းစကားပြောတာသူမြင်တယ် ထင်လို့ သူမှတ်တယ်…ထွန်းထွန်းကလဲ သူစကားမပြောတော့ ၀င်းမြင့်ကိုပြန်ပြောတယ်…အဲဒီလို မဆုံးနိုင်အောင်ငြင်းနေရင် ပြဿနာက မဖြေရှင်းနိုင်ပဲ ဒီမှာပဲရပ်တန့် နေတော့မှာပေါ့…ဒီတော့ ထွန်းထွန်းက ၀င်းမြင့်နာမည်မှတ်တာကို ခဏစောင့်ကြည့်ပြီး ဆရာမလာရင် ဘာဖြစ်မလဲဆိုတဲ့ အဖြေစောင့်လိုက်တာ မကောင်းဘူးလား”

မောင်မောင်စကားဆုံးတော့ ကျောက်သင်ပုန်းပေါ်က ကျူပ်နာမည်ကိုဖျက်၊ ၀င်းမြင့်ထပ်မရေးနိုင်အောင် လက်သီးတလုံးကျွေး၊ ကြားလူလိုလိုနဲ့  သေတွင်းပို့ ပေးသည့် ဥာဏ်ကြီးရှင်မောင်မောင်ကိုပါ လက်သီးတလုံးချီးမြင့်လိုက်သည်။

ဆရာမကြိမ်လုံးဒဏ်ကို ၀င်းမြင့်နှင့် မောင်မောင်ပါးပေါ်က လက်သီးရာလေးတွေကြည့်ရင်း ပြူံးပြုံးကြီး ခံခဲ့ပါသည်။ ရလဒ်ကတော့ ထိုနေ့ မှစ၍ ၀င်းမြင့် ကျူပ်အပေါ်မတရား လူပါးမ၀ရဲတော့သလို မောင်မောင်ကတော့ ကျူပ်ကိုမျက်နှာချင်းမဆိုင်ဝံ့တော့ပါ။

တန်ခူး

No comments:

Home