သူတို့ ကျေးရွာ လူကြီး အိမ်ရောက် သွားသည် က မစိန်ဥ အိမ်တွင် လောလောဆယ် တည်းခို နေထိုင်ခြင်း အတွက် ဧည့်စာရင်း တိုင်ကြားရန် ဖြစ်သည်။ နောက်ဆက်တွဲ အကြောင်းက မစိန်ဥ၏ တစ်ဧကခန့် ရှိ မြေအား ငှားရမ်းရန် ဖြစ်သည်။
ကျေးရွာလူကြီး အမည်က ဦးမြစီဟု မစိန်ဥ က ပြောပြ ပါသည်။ ဦးမြစီအိမ် က သည်ရွာလေး မှာ အတောင့် တင်းဆုံး ဖြစ်မည်။ သုံးပင် နှစ်ခန်း။ ခန်းဖွင့်ကျယ် ၊ နှစ်ပေ ပတ်လည် ခန့် တိုင်လုံးကြီးများ။ မုန်တိုင်း ကာလတုန်းက ဦးမြစီအိမ် သွပ် အချို့ ကွာလွင့် သွားခဲ့သည်မှ အပ လှိုင်းလေ၊ မိုးရေများ အိမ်အတွင်း ပက်သွင်း ခံရသည် မှအပ အကြီး
အကျယ် ထိခိုက် ပျက်စီးခြင်း မရှိခဲ့ဟု ဆိုသည်။
ဦးမြစီ မှာ အသက် ၅၀ ခန့် ၊ အသားလတ် ၊ ပိန်ပိန် ပါးပါး ဖြစ်သည်။ သူနှင့် မစိန်ဥ တို့ ဦးမြစီ အိမ်ရှေ့ ရောက်သွားတော့ ဦးမြစီ က အခန့်သင့်ပင် အိမ်ရှေ့ ကွပ်ပျစ်မှာ ထိုင်နေသည်။ ရေနွေးကြမ်း သောက်လိုက်၊ ဆေးပေါ့လိပ် ဖွာလိုက် လုပ်နေသည်။
မစိန်ဥ က ရောက်မဆိုက်ပင် ကွပ်ပျစ် မှာ တင်ပါးလွှဲ ထိုင်လျက် အသံ ကျယ်ကျယ် စူးစူးနှင့် ပြောသည်။
``သူက စိုက်ပျိုးရေး အဖွဲ့ ခေါင်းဆောင် ဦးတင်ညွန့်။ ဆရာ မို့လို့သာ ဦးတပ်ခေါ်ရတာ။ အသက်က ဘာမှ ရှိသေးတာ ဟုတ်ဘူး။ ဖျာပုံက တပည့် နှစ်ယောက်လည်း ပါသည်။ သူတို့ က အခု ကျုပ်အိမ်မှာ တည်း နေတယ်။ ကျုပ်အိမ် မြောက်ဘက်က လယ်ကွက် ကိုလည်း ငှားချင်သတဲ့ ။ အဲဒါ.......``
ဦးမြစီ မစိန်ဥကို တစ်လှည့် ၊ သူ့ကို တစ်လှည့် ကြည့်သည်။ သူ့ မျက်လုံး အကြည့် တွေက လိုက်လိုက် လျောလျော မရှိ။ တစ်ခုခုများ လျှို့ဝှက်ချက် အကာ အရံ တွေ ရှိနေသလား ။ မရယ် မပြုံး မျက်နှာက တင်းမာသည် လည်း မဟုတ်၊ ပျော့ပျောင်းသည် လည်းမမည်။ မျက်နှာ က ခပ်ပျော့ပျော့ ကျောက်ပြား တစ်ချပ်နှင့် တူနေသလား။ သူ့ မျက်နှာတွေကို ဖတ်တတ်သော အင်္ဂ၀ိဇ္ဇာ တစ်ဦး မဟုတ်သဖြင့် သည် မျက်နှာက အခက်တွေ့ နေသည်။ သူ့ စိတ်ထင် မစိန်ဥကို များ တစ်ခုခု ပြောချင်သလား ။ သူ မသိ စေချင်သော တစ်ခုခု။
ဦးမြစီ ထိုင်ပါဟု သူ့ကို နေရာပေးသည်။ သူ ထိုင်မည်ပြုပြီးမှ
``ကျွန်တော် ကမ်းနားဘက် သွားစရာ လေးရှိလို့ ခွင့်ပြုပါဦး။ ဖျာပုံက ပဲ့ထောင်နဲ့ ပို့လိုက်မယ့် မျိုးစေ့တွေ.....´´
သူ စကား မဆုံးမီ ထိုရှေ့မှ ထွက်လာသည်။
အမှန် တကယ်က ကမ်းနားမှာ ဘာကိစ္စမှ မရှိ။ ဘယ် ပဲ့ထောင်မှ လည်း မျိုးစေ့တွေ လာပို့စရာ မရှိ။ မစိန်ဥ နှင့် ဦးမြစီ ပြောစရာ ရှိတာ လွတ်လွတ် လပ်လပ် ပြောပါစေ ဟူသော လူမှုရေး သိစိတ်ကြောင့် ခွာလာခြင်းသာ ဖြစ်သည်။
ဖျာပုံမြစ် ၏ ညိုညစ်ညစ် မြစ်ရေများ က တငြိမ်ငြိမ့်။ ခု တော့လည်း အပျိုမလေးလို သိမ်မွေ့။ သူ ရန်ကုန်မှာ လာခဲ့တုန်း က ကားဖြင့် ဖျာပုံမြို့ ကို ဖျာပုံ မှ ပဲ့ထောင်နှင့် အရှေ့တောင်ဘက် ဖျာပုံမြစ် ကို ဖြတ်လာတာက ဒေါ်ငြိမ်းရွာ၊ ကျုံကဒွန်းရွာ ၊ အမာ ကျေးရွာတွေ။ တောင်ဘက် မှာ ပင်လယ်။
ကမ်းနား မြစ်ဆိပ် ဆိုပေမဲ့ ကြီးကြီး မားမား မဟုတ်။ ယခုမှ
ပြုပြင်ထားသော သစ်သား တံတားလေး ။ အကျယ် လေးပေ ထက် မပို။ စားသောက်ဆိုင် မရှိ၊ လက်ဖက်ရည်ဆိုင် မရှိ ၊ ယုတ်စွ အဆုံး ကွမ်းယာဆိုင် ပင် မရှိ တံငါသည် အချို့၏ ပဲ့ထောင် တစ်စင်း ၊ နှစ်စင်း။ မြို့မှ ပြန်ဆင်း လာသော ပဲ့ထောင် တစ်စင်းက ဆိုက်ကပ် လာ၏။
သူက သစ်တော ကျောင်းဆင်း တစ်ဦး ။ သစ်တောဝန်ကြီး ဌာနမှ တောအုပ်လေး အဖြစ် နှစ် အတန်ကြာ လုပ်ဖူးသည်။ နောက်တော့ ထွက်လိုက်၏။ မုန်တိုင်းလွန် ကာလမှာတော့ အန်ဂျီအို တစ်ခုဖြစ်သော ဖရီဒါ အဖွဲ့မှာ ၀င်ရောက် လုပ်ကိုင် ဒီရေတော ပြုန်းတီးမှု တွေကို ပြန်လည် ဖာထေးဖို့ ဒီရေတော အပင်များ ပြုစု စိုက်ပျိုးရန် သည်ကျေးရွာသို့ ရောက်နေခြင်း ဖြစ်သည်။ ဆိပ်မရွာ၊ ခါချဉ် ၊ ကတက်ကွင်း၊ ကညင်းကုန်း၊ ဘ၀သစ်ရွာတွေ။
``ဆရာလေး......´´
သူလှည့်ကြည့် လိုက်တော့ ဦးမြစီ။ ရွာလူကြီး ဦးမြစီ။
``ဟုတ်ကဲ့။ ကျွန်တော် ဘာများ.....´´
´´ဆရာလေးကို ပြောစရာလေးတွေ ရှိလို့ ကျုပ်လိုက်လာတာ´´
သူ အံ့သြ သွားသည်။ ဦးမြစီ သူနှင့် ပြောစရာ ရှိလိမ့်မည် မထင်ခဲ့။
``ဟုတ်ကဲ့......ပြောပါ´´
သူတို့ မြစ်ကမ်း နဖူး မှာ ရပ်နေ မိကြသည်။ ဓနိပင်များ လတာပြင်များ က နေရောင် မှာ တလက်လက် ။ ခုတော့ ဓနိတို့ လည်း ပြန်လည် စိမ်းလန်း စပြုပြီ။
``ဆရာလေး ကို ကျုပ် သိပ်အားနာပါတယ်။ ကျုပ် မစိန်ဥ ရှေ့မှာ ပြောလို့မဖြစ်တဲ့ အကြောင်းလေးတွေ ရှိတယ်။ မစိန်ဥကလည်း ရှိနေတော့ အတော် ခွ ကျသားဗျာ...´´
သူ ထင်ထားသော အချက် အလက်တွေက ပြောင်းပြန် ။ သူ ထင်တာက သူရှိသောကြောင့် မစိန်ဥနှင့် ပြောစရာကို ပြောရ ခက်နေတယ် ထင်ခဲ့သည်။
``ဆရာလေးတို့ အဖွဲ့ မစိန်ဥ အိမ်မှာ မတည်းစေချင်ဘူး´´
``ဗျာ...´´
သူ အံ့သြ သွားသည်။ နည်းနည်း လည်း စိတ်တို သွားသည် ။သူက ကျေးရွာလူကြီးမို့ အာဏာပါဝါတွေ သုံးနေတာလား။ သူကလည်း တာဝန်နှင့် လာသူ ။ သူ့ မျက်နှာ အရေပြား တင်းသွားတာ ဦးမြစီ ကလည်း ဖတ်တတ်ပုံ ရသည်။
``ကျုပ်ပြောတာ တလွဲ မထင် ပါနဲ့ ။ ဆရာလေး တို့ အတွက် ပါ။ မစိန်ဥ သမီး ........ဘယ်လို ပြောရမလဲ ။ ဆရာလေးတို့ကို မစိန်ဥ တို့ အရှုပ်ထုပ်ထဲ ဘုမသိ ၊ ဘမသိနဲ့ ပါနေမှာ စိုးလို့......ဟိုလေ´´
သူ ဦးမြစီ ၏ မျက်နှာကို စေ့စေ့ကြည့်ရင်း ရှုပ်ထွေး နေမိသည်။ သူတို့ သည်ရွာမှာ အခြေတည်ပြီး အရိပ်ရ အပင်တွေဖြစ်သော စစ်ပင်၊ ကုက္ကိုင်ပင်၊ သြရေရှားပင်(အရပ်အခေါ် မလေးရှား ပိတောက်ပင်)၊ ပုန်းညက်၊ အုန်းနှဲ၊ စိန်ပန်း ၊ မယ်ဇလီ၊ ပင်လယ်ကဗွီးပင်တွေ စိုက်ပျိုးကြဖို့ ဖြစ်သည်။ အပင်ရှိ ကျေးရွာတွေကို ချန်ထားပြီး အပင်လွတ် ကွင်းတွေနှင့် လမ်ဘေး ၀ဲယာတွေကို စိုက်ပျိုး ရမှာ ဖြစ်သည်။ အလုပ်သမား အဖြစ် ကျေးရွာသား အချို့ ငှားရမည်။
သူတို့ ဆာဗေးဆင်းကတည်းက မစိန်ဥ အိမ် အမောဖြေနားခိုရင်း မစိန်ဥနှင့် သိကျွမ်း ခဲ့သည်။ အမှန် တကယ် လုပ်ငန်း စမယ်ဆိုတော့ ခင်မင်ပြီးသော မစိန်ဥ အိမ်မှာပင် စတည်းချဖြစ်သည်။
မစိန်ဥ မှာ အသားညိုညို (အမည်းဘက် နှစ်လက်မလောက် ရောက်သည်) ပိန်ပိန် ကပ်ကပ်၊ မျက်နှာ ချွန်ချွန် ရှိသည်။ အသက်က ၄၅-၅၀ လောက်။ သူ့ မှာ သမီးလေး ရှိသည်။ သားငယ် တစ်ယောက် လည်းရှိသည်။ သားငယ် တစ်ယောက် လည်း ရှိသည်။ သမီးက ၁၇-၁၈ နှစ်လောက် ။ အသားလတ်သည်။ မျက်နှာက ကြည့်ပျော် ရှုပျော် လောက်ပါပဲ။ ထူးထူး ခြားခြား စွဲမက် စရာမရှိ ။ လူကောင်လေး ခပ်သေးသေး ။ မသိလျှင် ကလေးမလေး တစ်ဦးသာ ဖြစ်သည်။
သူနှင့် လိုက်ပါလာသော သူ့တပည့် နှစ်ယောက်မှာ အသက် ၂၀ ၀န်းကျင် လူပျို တွေ။ ကောင်မလေးနှင့် ကင်းကင်း နေကြဖို့ကို တော့ သူ သတိ မပေးမိ။ ဇနီးဖြစ်သူ က ဒီလို သွားလာ နေတာကို မကြိုက်လှပေမဲ့ တောအုပ် ဘ၀ ကတည်းက ရိုးနေပြီ။ သူက အသောက်အစား ရှိပေမဲ့ မိန်းမ ကိစ္စ နာမည်ပျက် မရှိခဲ့။ မိန်းမက စိတ်မချတာမျိုး ၊ သံသယဖြစ်တာမျိုး သူ့အပေါ် မရှိခဲ့။ သူ့မှာ သားနှင့် သမီး ရှိနေပြီ။ သားက ဆယ်တန်းပင် ရောက်နေပြီ ။ သမီးက ခုမှ တတိယတန်း။ သူတို့ ဒီရွာ ရောက်နေတာ နှစ်ရက်ရှိပြီ။ ယနေ့ မစိန်ဥ အိမ် မြောက်ဘက် ကွင်းကို ငှားရမ်းဖို့ ရှိလာတော့ မှ ရွာလူကြီး(မြို့မှာ ရာအိမ်မှူး) ဆီ သွားဖို့ ဖြစ်လာသည်။ ရောက်စရက်က ရွာလူကြီး ဦးမြစီ မြို့ ရောက်နေသည်။ သို့နှင့် သည်နေ့မှ ဧည့်စာရင်းပါစစ်။
သူတို့ ရောက်သည်နှင့် စားရေး သောက်ရေးကို မစိန်ဥတို့ သားအမိ တာဝန်ယူ ခဲ့သည်။ သူတို့ က မြို့က ၀ယ်ချမ်း လာတာ တွေ ပေးလိုက်သည်။ ဆန်က အစ ဆီ၊ ကြက်သွန်၊ ဆီသွပ်ဘူး၊ အာလူး၊ ပဲ။
အိမ်က သိပ် မကြီးပေမဲ့ သုံးပင် နှစ်ခန်း၊ ၀ါးကြမ်းခင်း၊ ၀ါးထရံကာ သူတို့အုပ်စု အိမ်ရှေ့ခန်း၊ ဘုရားစင် ရှေ့မှာ အိပ်ရသည်။ သည်ရက်ပိုင်း မစိန်ဥ ခင်ပွန်းမှာ မြို့ရောက်နေသည်။ မြို့မှာ အလုပ်ရ နေသည်ဟု ဆိုသည်။ သည်မှာ လယ်ယာချိန် ပြီးဆုံးသွားပြီ။ ဘာမှ လုပ်စရာ မရှိတော့။ လယ်ကလည်း သည်နှစ် မုန်တိုင်းနှင့် ကြုံပြီး ခက်ခဲ ခဲ့သည်။ တကယ်က လယ်လေး သုံးဧက လောက်သာ သူတို့ လုပ်နိုင်သည်။ ကျန်တာ အငှားလိုက်။
``ကျုပ် ပြောရမှာ အတော်လေး ခက်တယ်။ ဒီကိစ္စ ခေါင်းခဲ စရာ ကျုပ်တို့ ရွာမှာ ဖြစ်နေတယ်´´
``ဘာများလဲ ဦးမြစီ။ ကျွန်တော်တို့ ကူညီနိုင်ရင် ကူညီပါ့မယ်´´
``ဆရာလေးတို့ ကူညီလို့လည်း မရပါဘူး ဗျာ။ ဒါက အရှက်ရ စရာ ကိစ္စ ဖြစ်နေတယ်။ ဒါကို ဖြေရှင်းဖို့ က ကာယကံရှင် တွေပဲ တတ်နိုင်တယ်´´
``ဘာမို့ လို့လဲ ဦးမြစီရာ´´
``ဒီလိုလေ ဆရာလေး...ဆရာလေး နားလည်အောင် ဆို အစက ပြောမှ ရမယ်´´
သူက ပင့်သက် မှုတ်ထုတ်သည်။ သူ၏ ရိုးသားသော မျက်လုံးတွေ က ရီဝေ နေသည်။ သူက ခေါင်းကို ခါရမ်း လိုက်ပြီး...။
`မုန်တိုင်း ကာလတုန်းက ကျုပ်တို့ ရွာလေးလည်း ရေလွှမ်းခံ ခဲ့ရတယ်။ လှိုင်းလေထဲ ပါခဲ့တယ်။ အိမ် တော်တော် များများ လှိုင်းထဲ ပါသွားတယ်။ ရွာဆို ပျောက်မတက်ပဲ။ ပင်လယ်ပြင် လို ဖြစ်သွားတယ်´´
ဒါတွေက ကျန်ရစ်ခဲ့ပြီ။ ပြီးဆုံး သွားပြီ။ မြစ်ဝကျွန်းပေါ်၊ ရန်ကုန် တော်တော် များများ ဒုက္ခ ပင်လယ်ဝေ ခဲ့သည်။ အားလုံး သိပြီး ဖြစ်သည်။ ယခု ကျေးရွာ မြို့နယ် အတော် များများ ပြန်လည် ထူထောင်ရေး လုပ်တာပင် အထိုင်ကျ သလောက် ရှိပြီ။ ကျောင်းတွေ ပြန်ဖွင့် လှစ်နိုင်ခဲ့ပြီ။ ဆေးရုံ၊ ဆေးခန်းတွေ လည်ပတ် နေပြီ။ လူနေအိမ်တွေ မူလ နီးပါး ရှိနေပြီ။ လုပ်ငန်းတွေ ပင် ပြန်လည် ပျိုးထောင် နိုင်ခဲ့ပြီ။
``ကံကောင်းတာလား၊ ကံဆိုးတာလား မသိဘူး။ အဲသည် အချိန်တုန်းက မစိန်ဥ တို့ လင်မယား ရယ် ၊ သားအငယ်ကောင် ရယ်က မြို့ရောက် နေတယ်။ အိမ်မှာ က သူတို့ သမီးလေး ခွာညို တစ်ယောက်တည်း...´´
xxxxxxxxxxxxxxxxxxxxxxxxx
နေ့လည်ပိုင်း ကတည်းက မိုးသက်လေတွေ စတင် လာခဲ့သည်။ တောင်ပိုင်း ခင်ကြည်တို့ အိမ်က ပြန်လာတော့ လေက အတော် ပါလာသည်။ မိုးပေါက်လေး တွေ တစ်ပေါက် နှစ်ပေါက် လေပြင်း တစ်ချက် ဝေ့လို့ ခမောက်လွင့် သွားရာ နောက် အပြေးလိုက် ကောက်ခဲ့ ရသေးသည်။
အိမ်က ရွာမြောက်ပိုင်းမှာ။ ကွင်းအစပ်မှာ။ အနီးဆုံး ဒေါ်ဆိုင်တို့က အိမ်နှင့်ပင် သူမတို့ အိမ်က အတော် လှမ်းသည်။ အိမ်ရောက်တော့ လေက ပိုကြမ်းလာသည်။ ခြေဆေး၊ အိမ်ပေါ်တက်လာ။ တရွှီးရွှီးမြည်တဲ့ လေတိုးသံတွေက မြွေအကောင် တစ်ရာ တွန်သံနှင့်တူသည်။ သူမ မီးဖိုဝင်၊ ထမင်းခူး၊ ငါးပိရည်ဆမ်ကာ ငရုတ်သီးတောင့် ပုံပြီး အိမ်ရှေ့ ထွက်လာတော့ လေက ပိုကြမ်းလာ သလို။ ထမင်းကို ကမန်း ကတန်း စားသည်။
ထိုစဉ်မှာပဲ ရှာထဲက ဆူညံ အော်သံတွေ ကြားရသည်။ သူ ထမင်းစားလျက် တန်းလန်း အိမ်ရှေ့ ထွက်ကြည့်တော့ လူတွေ၊ ပြေးလွှားနေတာ တွေ့ရသည်။ တချို့က မြောက်ဘက်၊ အရှေ့ဘက်ကွင်း တွေဘက် ပြေးနေသည်။ သူမ အိမ်ပေါ် ပြေးတက်သည်။ သည်နောက်...။
သူမ လွင့်စင် သွားသည်ဟု ထင်သည်။ သတိရတော့ ရေပြင်။ သူမ အိမ်ပေါ် ဒယီးဒယိုင် နှင့် ရုန်းထ လိုက်သည်။ ဘယ်ကြည့်ကြည့် အမှောင်၊ ရေပြင်။ ရေက ဒူးဆစ် သာသာပဲ ရှိတော့ပြီ။သူမ ဘယ်ရောက် နေသလဲ။ သူမ တရွေ့ရွေ့ ဒယီးဒယိုင် ခြေဦးတည့်ရာ ။ နာကျင် ကိုက်ခဲ ခန္ဓာကိုယ်။
အလို မီးရောင် လဲ့လဲ့ ။ သူ့ အရှေ့ဘက်မှာ သူ အားတင်း လျှောက်သွား လိုက်သည်။ ဆာလောင် မွတ်သိပ်မှု ၊ မောပန်းမှု ၊ ချမ်းအေးမှုဖြင့် တဆက်ဆက် တုန်ယင် နေသည်။ ကြောက်စိတ်က တစ်ကိုယ်လုံး ရစ်ပတ်။
တဖြည်းဖြည်း ကုန်းမြင့် လာသည်။ ဗွက်စပ်စပ်။ ဒါ ဘယ်နေရာလဲ ။ သူမ မသိ။ မီးရောင် မြင်ရာ လာခဲ့သည်။ ဘုရားမလို့ တဲလေး တလုံးပါလား ။ သူမ ၀မ်းသာသွားသည်။ ကြောက်စိတ် တွေ ပျောက်သွားသည်။ အိမ်လေးဆီ ပြေးသွားချင်သည်။ အားအင်တွေ ကုန်ခန်း နေ၏။ ခြေထောက်တွေက မရွှေ့ချင်။ သူမ သည်းသည်း ထန်ထန် ငိုကြွေး လိုက်သည်။ တစ်ချက်ဖျစ် အော်လိုက်ရင်း လဲပြို သွားသည်။ သူမ သတိရလာတော့ သူမ ကိုယ်မှာ စောင်တစ်ထည် ပတ်ထားသည်။ သူမ ခိုက်ခိုက်တုန် ချမ်းတာတွေ လျော့ပါး သွားနေသည်။ နေရောင်ခြည် က ၀င်းပ နေသည်။ ငါ ဘယ်ရောက်နေလဲ။ ဒါ ငါ့အိမ်လား။ ဒါမှမဟုတ် အိပ်မက်ထဲက အိမ် တစ်လုံးမှာ ပဲလား။
လူငယ် တစ်ယောက် တဲပေါက်ဝမှာ ကဲလားကို မကာ ၀င်လာသည်။ လက်ထဲမှာ အုန်းသီး နှစ်လုံး ပိုက်လာသည်။
``နင်...နိုးနေပြီလား´´
``အင်း....နင်...နင်...ဘယ်သူလဲ´´
``ငါက အုန်းနှဲကုန်းရွာ ကလေ။ နင်က ဘယ်ရွာ ကလဲ´´
ဘုရား......အုန်းနှဲကုန်းရွာ နှင့် သူမရွာ က နှစ်မိုင်လောက် ဝေးမည်။ သည်ခရီးကို သူမ မျောပါ ခဲ့သလား။ တခြား သူတွေရော။ သူမ ကုန်းရုန်း ထသည်။
``မထနဲ့....မထနဲ့´´
``ဘာဖြစ်လို့လဲ´´
သူမ စောင်ကို ဆွဲခွာမည် အပြု အေးခနဲ။ လေစိမ်းနှင့် အရှက် သူမဆီ ပြေးဝင် လာသည်။ ဟင် သူမ ခန္ဓာကိုယ်မှာ မိမွေးတိုင်း ဆိုတာ သိလိုက် ရသည်။
``ငါပြောသားပဲ။ နေဦး ငါ့အမေ လုံချည်တော့ ရှိမလားပဲ။ ငါတို့က ကုန်းမြင့်တော့....နောက်ပြီး သစ်တောဘက် ရောက်နေတော့ သိပ်မထိ လိုက်ဘူး။ ပြီးတော့ ငါက ကွင်းထဲမှာ တစ်ယောက်တည်း နေတာ။ ငါ ရွာထဲဘက် သွားလိုက် ဦးမယ်။ နင့်အတွက် အမေ့ အ၀တ်တွေ ယူခဲ့ရမယ်။ တို့ရွာက မုန်တိုင်းက လွတ်သွားတယ်´´
ကောင်လေး ပြန်ထွက် သွားသည်။
``အဲဒါပဲဗျာ။ ကောင်မလေးက ရွာနဲ့ နှစ်မိုင်လောက် ဝေးတဲ့ အုန်းနှဲကုန်း ကို ရောက်သွားတယ်။ အဲဒီရွာက မောင်မြင့်တဲမှာ တစ်ပတ်ကြာ ပြီးမှ ဒီကို ပြန်ရောက်တာ။ သူ့မိဘတွေက သူ့သမီးကို သေပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကောင်မလေး ပြန်လာတော့ အဲဒီမောင်မြင့်နဲ့ ကိုယ်ဝန် ပါလာတယ်။ ကောင်မလေး ကလည်း မသိဘူး။ အခု ငါးလ ခြောက်လလောက် ရှိမှ ကောင်မလေး ဟန်ပျက်လာလို့ မစိန်ဥက မေးမြန်းရင်း အဲဒီ ကောင်လေး နဲ့ ဆိုတာ သိရတယ်။ ဒါပေမဲ့ မစိန်ဥက ရွာကို မပြောဘူး။ အဲဒီ ကောင်လေးကို သွားရှာတယ်။ ကျိတ် ရှာတာ။ ကောင်မလေးကို ယူခိုင်း ဖို့ပေါ့။ ခက်တာက ကောင်လေးက ရှောင်နေတယ်´´
ဒါကြောင့် သူတို့ တည်းခိုသော နှစ်ရက် အတွင်း ကောင်မလေး ကို သိပ် မတွေ့ရ။ ခပ်လှမ်းလှမ်း ဖြိုးခနဲ ဖျတ်ခနဲသာ မြင်ခဲ့ရ၏ ။ အပျိုဗိုက် ဆိုတော့ သိပ်သိသာ မယ်လည်း မထင်။ သူ့လို အိမ်ထောင်သည် တောင် မသိဘူး ဆိုလျှင် သူ့ တပည့် လူပျိုကောင် နှစ်ယောက် ဘယ်လို သိနိုင် မလဲ ။သည်တော့ မှ သူ စိတ်ပူ သွားသည်။
``မစိန်ဥ က နည်းနည်း တော့ လည်တယ်။ ဆရာလေး တို့လို မြို့က လာတဲ့သူတွေ ဆိုတော့ နွားမ ရွှံ့ပိတ် လုပ်လိုက် မှာ စိုးတယ်။ကျုပ်တို့ ရွာလူကြီးတွေ အဖို့လည်း မကောင်းဘူးပေါ့။ ဒါကြောင့် ဆရာလေးကို လိုက်သတိပေး ရတာ။ တခြားဟာ တော့ စိန်ဥက ရိုးပါတယ်။ ဒါပေမဲ့ ရေနစ်သူ ဆိုတာ က ကောက်ရိုး တစ်မျှင်လည်း ဆွဲမိ ဆွဲရာ ဆွဲမှာပဲလေ´´
သူ ခေါင်းနပန်း ကြီးသွား ပါသည်။
သူ ဘာလုပ် ရမည်နည်း ။ ဘာလုပ်သင့်သနည်း။ မစိန်ဥ အိမ်မှ ချက်ချင်းကြီး ထွက်ခွာ လို့ကတော့ မကောင်းလှ။ ဦးမြစီ စကားဆုံးသွားတော့ သူတို့နှစ်ဦးကြား တိတ်ဆိတ်သွားသည်။
သည်ရွာက ခွာသွားလျှင် ကောင်းမလား ။ ဒါကလည်း မဖြစ်သေး။ စီမံကိန်း အရ သူတို့ ဒီရွာမှာ အထိုင်ချကာ အရှေ့အနောက် ၁၄ မိုင် သာသာ အလျား ဒီရေတော တွေ စိုက်ပျိုးရမည်။ စီမံကိန်း မန်နေဂျာ သူ့ဆရာက ကိုယ်တိုင် မြေပုံနှင့် ကွင်းဆင်းထားတာ။
``ကျွန်တော်တို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဦးမြစီ။ အကြံဥာဏ်ပေးပါဦးဗျာ။ ဦးမြစီပြောမှ ကျွန်တော် ဦးနှောက်ခြောက်သွားပြီ။ အတော်လည်း လန့်လာတယ်ဗျာ´´
ဦးမြစီက ကြင်နာစွာ ပြုံးသည်။
``ဒါလောက် လည်း မစိုးရိမ်ပါနဲ့ ဆရာလေးရယ်။ ကျုပ် မစိန်ဥကို ခုနကလည်း သတိပေး လိုက်ပါတယ်။ ဧည့်သည် တွေကို ဒုက္ခပေးဖို့ မကြံနဲ့လို့။ ဆရာလေးတို့ သူ့မြေကွက် ငှားရင် လည်း စာချုပ်နဲ့ ငှားစေချင်တယ်။ မတော် သူတို့ က ရောင်းချပြီး တခြား ပြောင်းသွားရင် ဆရာလေးတို့ ဒုက္ခရောက် နေမယ်။ စာချုပ် ပြီး ငွေချေပြီးတော့ အဲဒီ ကွင်းထဲမှာ ဆရာလေး တို့ နေဖို့ တဲတစ်လုံး သပ်သပ် ဆောက်ပေါ့။ သူတို့ ပြဿနာ သူတို့ ရှင်းပါ လိမ့်မယ်။ အင်း.....ကိုလှမောင် မသိသေးဘူး။ မြို့ ကိုလှမောင် ပြန်လာလို့ သိသွားရင် မယ်စိန် ဘယ်လို ဖြေရှင်းမလဲ။ အင်း...လူသတ်မှု တောင် ဖြစ်သွား နိုင်တယ်။ ကျုပ်လည်း ခေါင်းခြောက် ပါတယ်ဗျာ´´
``ကိုလှမောင် ဆိုတာက...´´
``မစိန်ဥ ယောက်ျားလေး ၊ ခွာညို့အဖေပေါ့´´
ဘုရား.......။
ထိုညက သူ ကောင်းကောင်း အိပ်မပျော်။ ကောင်လေးတွေကို ပြော မထားရဲ။ ပြောထားမိလျှင် ကောင်လေးတွေ ကြောက်ပြီး ချက်ချင်း မြို့တက် ပြေးသွား နိုင်သည်။ သို့တိုင် ကောင်လေးတွေကိုလည်း စိတ်မချ။ လူပျိုသိုးလေး တွေလေ။
ချွတ်ချွတ် အသံကြားတိုင်း သူ့မှာ ခေါင်း ထောင်ထောင် ထကြည့်နေရင်း မိုးလင်းခဲ့ရသည်။
မောင်တင်ဆင့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment